Chapter 87
Vol. 7 Ch. 87
ချင်းကွေ့ဟွားက သူ့ကိုအဝေးသို့ တွန်းဖယ်လိုက်ပြီး တွန့်သွားသော အဝတ်အစားအသစ်များကို ခါကာ စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
"ကောင်းကောင်းပြောစမ်းပါ၊ ဘာလို့ငိုနေတာလဲ။"
ချင်းရှန်းက သူမငိုနေသည်ကို အကြိမ်များစွာမြင်ဖူးပြီး ထိုအကြိမ်များမှာလည်း မျက်ရည်မကျသလို အစားအသောက် ကောင်းကောင်းစားရရန် ငိုကြွေးခဲ့ခြင်းသာဖြစ်သည်။ ဒီနေ့ငိုကြွေးသည်ကတော့ မျက်ရည်များ အဆက်မပြတ်ကျနေသဖြင့် အစစ်အမှန်ငိုကြွေးခြင်းဖြစ်သည်။
"ဒုတိယအစ်မ၊ ဒုတိယခဲအို၊ ရှန်းယုံ။"
လျိုတာ့ကန်းကိုကြည့်ရသည်မှာ အသိစိတ်မကပ်သလို ဖြစ်နေပြီး ရှန်းယုံကတော့ အခုမှငိုထားသည့်အတွက် သူ၏မျက်နှာက ကြောင်လေးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။
"ဒုတိယခဲအို၊ ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ ဒီကိုရောက်နေတာလဲ။"
"မပြောပါနဲ့တော့။ ဒီမြို့က လူတွေအားလုံးက ဆိုးလွန်းတယ်။"
ဒီလက်ထပ်ပွဲကြောင့် တစ်ရွာတည်းသားဖြစ်သလို သူမ၏ အလုပ်ကြောင့် ပါးမေ့က လောင်နျိုတို့မိသားစုတစ်ခုလုံးကို ဖိတ်ခေါ်ခဲ့ပြီး လာမှဖြစ်မည်ဟု ချင်းယွီတိကို ကိုယ်တိုင်ပြောခဲ့သေးသည်။ ယွီတိက အလွန်ပျော်ရွှင်သွားသည်။ ခရိုင်မြို့တွင် စားသောက်ပွဲသွားတက်ရမည်က ဘယ်လို ကံကောင်းမှုမျိုးလဲ။ သူမက အသက်၃၀ ကျော်နေပြီဖြစ်ပြီး အစ်မကြီး မင်္ဂလာပွဲတွင်သာ တစ်ခါရောက်ဖူးခဲ့သည်။ သို့သော် ဒါကလည်း ဖြတ်သွားခြင်းသာဖြစ်ပြီး လည်ပတ်ခဲ့ခြင်းဟု ထည့်တွက်၍မရပေ။
ယခုအချိန်မှာတော့ သူတို့က ဒီလိုမြို့ကြီးမျ်ိုးကို လည်ပတ်ခွင့်ရမည့် အခွင့်ကောင်းဖြစ်ပြီး သူတို့မိသားစုသုံးယောက်က နှစ်သစ်အတွက် ရက်အနည်းငယ်လောက်ကပဲ အဝတ်အစားသစ်များ ကြိုပြင်ထားခဲ့သည်။
သ်ို့သော် သူမက လန်ဟဲမြို့မှ အဖွားလုပ်ပေးခဲ့သော အဝတ်အစားများကို သတ်ိမရပေ။ သူမက အမြဲတမ်း ဂွမ်းသားများကိုသာ အဖွားထံမှရခဲ့သည့်အတွက် ချည်သားဖြင့်အထူဆုံး အဝတ်ချုပ်ထားခဲ့သည်။ သူမက ဆောင်းရာသီတွင် ထိုအထည်ကိုဝတ်လျှင် ချွေးထွက်လိမ့်မည်။ သို့သော် ယခုက အောက်တိုဘာ ၁ရက်ဖြစ်သည့်အတွက် လမ်းပေါ်တွင်လူများက လက်ပြတ်အဝတ်အထည်များဖြင့်သွားလာနေကြသည့် ရာသီဖြစ်သည်။
လူမှုပတ်ဝန်းကျင် လုံခြုံမှုက ယခင်နှစ်နှစ်အတွင်း သိသိသာသာလျော့ကျလာသည်။ ခါးပိုက်နှိုက်နှင့် သူခိုးများစွာ လမ်းပေါ်တွင်ရှိနေသည်။
သူတို့က ဘာမှမသိသည့်လူများပုံစံဖြင့် အထုပ်အပိုးများသယ်ကာ သွားရန်လာရန် တုံ့ဆိုင်းနေကြသည်။ ရထားပေါ်မှဆင်းသည်နှင့် သူတို့က သူခိုးများနှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ သူတို့ကို အခွင့်ကောင်းနှင့်ကြုံပြီဟု ယူဆ၍ အရင်ဆုံးသူတို့၏ ထောက်ခံစာနှင့် ပါလာသောငွေများအားလုံးကို ခိုးခဲ့သည်။ သို့သော်လည်း သူတို့တွင် သုံးယွမ်သာရှိသည်ကို မြင်ရသည့်အခါ သူခိုးများက ဒေါသထွက်ပြီး သူတို့ကို လမ်းကြားထဲသို့ခေါ်သွား၍ အဝတ်အစားကောင်းများကိုသာ ယူသွားခဲ့ခြင်းဖြစ်သည်။
ပစ္စည်းကောင်းများသုံးထားသည့်အတွက် မှောင်ခိုစျေးကွက်တွင် ပြန်ရောင်းလျှင် ခုနစ်ယွမ် ရှစ်ယွမ်လောက်ရနိုင်သည်။ ဝတ်စုံသုံးစုံမှရငွေက အနည်းဆုံး ၁၅ ယွမ်ဖြစ်သည့်အတွက် စိတ်သက်သာစရာဖြစ်သည် မဟုတ်လား။
သူတို့မိသားစုသုံးယောက်က ငွေလည်းမရှိတော့သလို ဆွယ်တာအနွမ်းလေးများကို ဝတ်ထားပြီး အိမ်ခြေရာမဲ့များအဖြစ် နှစ်ရက်လောက် သွားလာနေရသည်။ နောက်ဆုံးမှာတော့ သူတို့က စိတ်ထားကောင်းသူတစ်ဦးကိုမေးမြန်းခဲ့ပြီး စားသောက်ပွဲလုပ်မည့် ဟိုတယ်ရှိရာသို့ ရောက်လာခဲ့ခြင်းပင်။
"အဖွား၊ သူတို့က ဘာလို့သမီးတို့ကို အထဲပေးမဝင်တာလဲ။ သူတို့ကို ကျွန်မတို့က သတ်ို့သမီးမိသားစုပါလို့ ပြောပေမဲ့ သတို့သမီးမိသားစုက အစောကြီးရောက်နေပြီး ကျွန်မတ်ို့လို စုတ်ပြတ်နေတဲ့သူမျိုး တစ်ခါမှမမြင်ဖူးဘူးလို့ပြောကြတယ်။ သူတို့က ကျွန်မတို့ကို အထင်သေးတယ်။"
"ပါးစပ်နဲ့ပဲပြော လာမထိနဲ့။"
ချင်းကွေ့ဟွားက အလွန်စိတ်ပျက်မိသည်။ "မင်းက ငယ်ငယ်ကတည်းက အကြွားသန်တဲ့အတွက် အခုလိုဖြစ်တာ ထိုက်တန်တယ်။"
ချင်းကွေ့ဟွားက ကျောက်သုံးမှ ရှီးလန်သို့ အသက်ဆယ်နှစ်အရွယ်က ပြောင်းလာခဲ့သည်။ သူမက ခရီးသွားလာချိန်တွင် ကြွားဝါ၍ သွားလာတတ်သူမျိုး တစ်ခါမှ မတွေ့ဖူးပေ။ သူမက ယွီိတိ၏နဖူးကို လက်ဖြင့်ခေါက်လိုက်ပြီး ပြောလိုက်သည်။
"မင်းမှာ အင်္ကျီတစ်ထည်ပဲ ပါလာတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အခြားတစ်ခုခု ဝတ်လို့မရဘူးလား။ ဘာလို့ အအေးဆုံးနေ့တွေမှာတောင် ချွေးထွက်စေမဲ့ဟာမျိုးကို ဝတ်ရတာလဲ။ မင်းက ချင်းမိသားစုဝင် ဟုတ်ရဲ့လားလို့တောင် သံသယဝင်လာပြီ။ ဘာလို့ အရမ်းတုံးအရတာလဲ။"
ချင်းယွီတိက ထပ်၍ငိုတော့မလို လုပ်နေသည်။ "မြို့ကြီးတစ်ခုက လူတွေက ဒီလောက်ဆိုးမယ်လို့ မထင်ခဲ့မိလို့ပါ။"
နျိုရှန်းယုံကလည်း မျက်ရည်များသုတ်ကာ တတ်ိယအဒေါ်၏ ပေါင်ကို တင်းတင်းဖက်ထားသည်။
နျိူတာ့ကန်း၏ ခေါင်းကလည်း ရင်ဘတ်အထိ နိမ့်ကျတော့မလိုဖြစ်နေသည်။ "အဝတ်အစား အရင်ဝတ်ရင်ကောင်းမယ်။ အရမ်းအေးနေပြီ။"
ဘယ်လိုလုပ် သူ မအေးဘဲနေမှာလဲ။ သူတို့သုံးယောက်၏ ဝတ်စုံထဲတွင် သူ၏အဝတ်အစားများက အစုတ်ဆုံးဖြစ်နေသည်။
ဟဲလျန်ရှန်းက သူ၏အပေါ်ဝတ်အင်္ကျီကိုချွတ်ကာ သူ့ကိုပေးလိုက်ပြီး သို့သို့အိပ်ရန်ပြင်ဆင်လာသော ပုဝါလေးကို ယွီတိကိုပေးပြီး လိုသလောက်သုံးရန် ပြောခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် အားလုံးက စားသောက်ပွဲတွင် ပျော်ရွှင်ကြရန် ခံစားချက်က ပျောက်သွားကြသည်။
လိုက်ကြည့်နေသော လူအချို့၏အကြည့်အောက်မှ သူတို့ကိုခေါ်သွားလိုက်ပြီး ချင်းရှန်းက အရင်ဆုံးသူတို့အတွက် အဝတ်အစားများဝယ်ပေးကာ ခေါင်းလျှော်ရေချိုးရန် ဆပ်ပြာဝယ်လိုက်သည်။ သူတို့ ရေချိုးသန့်စင်ပြီး အပြင်ထွက်လာချိန်မှာတော့ ငါးနာရီခွဲနေလေပြီ။
စားသေက်ပွဲက ၆နာရီဖြစ်သည့်အတွက် အချိန်မီလုပ်နိုင်ခဲ့သည်။
ယခုလေးတင် ငိုယိုနေခဲ့ပြီး မြို့ပြမှလူများ မကောင်းကြောင်း ဟိုတယ်မှလူများက အထင်သေးဆက်ဆံသည့်အကြောင်း ပြောနေခဲ့သည့် ချင်းယွီတိက အချိန်မီသေးသည်ကို သိလိုက်ရသည့်အတွက် ချက်ချင်းထ၍ပြောလိုက်သည်။
"သွားကြစို့၊ အားလုံးရောင်းချရမယ််ဆိုရင်တောင် အစားတော့စားရမယ်။"
သူတို့သုံးဦး အဝတ်အစားကောင်းများ ဝတ်ထားသည်ကို မြင်သောအခါ ရင်ထဲနာကျင်လာပြန်သည်။
ချင်းရှန်းက သက်ပြင်းသာချနိုင်သည်။ သူမ၏ ဒုတိယအစ်မ မိသားစုက ဝမ်ရှောင်အာ နှစ်သစ်ကူးကျင်းပရသည်ကို တကယ်သဘောကျပုံရပြီး နှစ်တိုင်းပို၍ပို၍ဆိုးလာသည်။
သူမက ရှန်းယုံကို မေးကြည့်ခဲ့ပြီး ခွဲခွာပြီးတည်းက သူတို့မိသားစုက ပိုဆိုးလာခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ သူတို့က အမြဲလိုလို ကြက်ဥကြော်စားနိုင်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ သူတို့က ကြက်သားကို လုံးဝမထိနိုင်တော့ပေ။ အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ သူတို့ပျင်းရိသည့်အတွက်ဖြစ်သည်။
ဒီလိုပုံစံသာဆိုလျှင် သူတို့က နောက်နှစ်များတွင် အတွင်းခံပင် ဝတ်နိုင်တော့မည်မဟုတ်ပေ။ ဒါက သူတို့၏ အပြစ်သာဖြစ်သည့်အတွက် လူကြီးနှစ်ယောက်ကို ချင်းရှန်းမသနားပေ။ သူမက ကျူရှင်လခ မပေးနိုင်တော့သဖြင့် ကျောင်းထွက်လိုက်ရသော ရှန်းယုံကိုသာ သနားမိသည်။
နျိုတာ့ကန်းနှင့် ချင်းယွီတိ၏ အပြောကတော့ ကျောင်းထွက်ခြင်းမဟုတ်ဘဲ ခဏစောင့်နေခြင်းသာဖြစ်ပြီး ဘဝအခြေအနေ အဆင်ပြေသွားလျှင် ကျောင်းပြန်တက်မည်ဟုဖြစ်သည်။ ချင်းဖန်ဆိုလျှင်လည်း အစဉ်လိုက်အတိုင်း ကျောင်းတက်စရာမလိုဘဲ အကောင်းဆုံးတက္ကသိုလ် တက်နေသည်မဟုတ်လား။
ချင်းရှန်းက သူတို့ကိုရှင်းပြနေရန် အလွန်ပျင်းရိမိသည်။ ချင်းဖန်လို ထက်မြက်သည့်ကလေးမျိုး ကမ္ဘာပေါ်တွင် ဘယ်နှယောက် ရှိနိုင်မှာမို့လို့လဲ။
"ဒါက မတူသလို မှန်မနေဘူး။" သို့ပေါင်က ပြောလိုက်ခြင်းပင်။ သူမက အစ်ကိုရှန်းယုံအတွက် စိတ်မကောင်းဖြစ်မိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အခုလည်း သင်ခန်းစာ မရနိုင်ဘူးဆိုတော့ စောင့်နေလည်း ပြဿနာမရှိပါဘူး။"
ရှန်းယုံက သူ့အမေကိုကြည့်လိုက်ပြီး တတိယအဒေါ်နှင့် အကြီးဆုံးအဒေါ်ကိုကြည့်ကာ ညီမဖြစ်သူဘက်မှ ရပ်တည်လိုက်သည်။
သူတို့မိသားစု ရွာထဲတွင် နေမရတော့သောကိစ္စမှာ သူ့အဖေက လိုအပ်သမျှအားလုံးကို အခြားသူများထံမှ ခိုးသောကြောင့်ဖြစ်သည်ကို သူအသိပေးရမည်။ သူ့အမေကလည်း ဘေးအိမ်ရှိအဒေါ်ထံမှ ကြက်ဥများခိုးလေ့ရှိသည်ကိုလည်း အသိပေးရန်လိုသည်။ သူမ အခြားသူများ၏ ကြက်များကို ကိုင်နေသည်ကိုလည်း သူမြင်ဖူးသလို ထိုထက်ပို၍ရှိသေးသည်။
ချင်းရှန်းက တကယ်ကို ပြောစရာစကား ပျောက်သွားသည်။
ချင်းကွေ့ဟွားက ဒေါသထွက်သွားပြီး ချင်းယွီတိ၏ မျက်နှာကို ရိုက်လိုက်သည်။ "ငါတို့ ချင်းမိသားစုက ဘယ်လောက်ပဲဆင်းရဲပါစေ သူများပစ္စည်းကို မခိုးဘူး။ ဒီက ထွက်သွားစမ်း။"
"နင် ဒီက ထွက်မသွားဘူးဆိုရင် ငါသေအောင်ရိုက်ပစ်မယ်။" သူမက ဖိနပ်ကိုချွတ်လိုက်သည့်အတွက် အားလုံးက သူမကို အလျင်အမြန် တားလိုက်ကြသည်။
ချင်းရှန်းကလည်း လူရိုက်ချင်နေပေမဲ့ အခုက အချိန်ကောင်းမဟုတ်ပေ။ သူမက စောင့်ကြည့်နိုင်သေးသည်။ အခုအချိန်ကစပြီး သူမ၏ နေ့စဉ်တာဝန်က သူမ၏ ဒုတိယအစ်မကို အကျင့်မပြောင်းမချင်း စားနေရင်း အိပ်နေရင်း ရိုက်နေရန်ဖြစ်သည်။
အခြားကိစ္စမရှိလျှင် ရှန်းယုံအတွက် တစ်ခုခုလုပ်ပေးရန် အစီအစဉ်ချရမည်။
တစ်နာရီခွဲဲလောက်ကြာတော့ မိသားစုတစ်ခုလုံး ဟိုတယ်သို့ရောက်လာကြသည်။ ဝင်ပေါက်တွင် လူများရှုပ်ထွေးနေသည်။ ကြည့်လိုက်သမျှနေရာတိုင်းတွင် သူတို့အားလုံးက သပ်သပ်ရပ်ရပ် ဝန်ထမ်းဝတ်စုံများဝတ်ထားကြသည်။ သူတို့တွင် သားရေဖိနပ်များ မရှိသော်လည်း အဝတ်ဖိနပ်များက အလွန်သန့်ရှင်းနေသည်။ ယွီတိနှင့် နျိုတာ့ကန်းက ခြေထောက်ဘယ်နေရာတွင်ထားရမည်ကို မသိဖြစ်နေသည်။
ကျူးပါးမေ့တို့စုံတွဲက ဦးလေးဝမ်နှင့် အဒေါ်ကျောက်ဆိုသော လူကြီးနှစ်ယောက်ဘေးတွင်ရပ်နေကာ သူတို့ညွှန်ကြားသည့်အတိုင်း လိုက်လုပ်နေကြသည်။ သူတို့က ပွဲလာသူများကို စီးကရက်၊ ဖရဲစေ့နှင့် အနီရောင်ချိုချဉ်နှစ်လုံးစီပေးနေကြသည်။
"ဂုဏ်ပြုပါတယ် ပါးမေ့။" ချင်းရှန်းက တစ်မိသားစုလုံးကို ဦးဆောင်ကာ ရှေ့မှလျှောက်လာခဲ့သည်။
ကျုးပါးမေ့က လှပသည့်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီး ယနေ့ပို၍လှပစွာ ဝတ်စားထားသည့်အတွက် အလွန်လှပနေ၏။ သတို့သားက အရပ်ရှည်ရှည် ပိန်ပိန်နှင့်ဖြစ်ကာ မျက်မှန်တပ်ထားသည်။ သူက ယဉ်ကျေးစွာပဲ သကြားလုံးများကို ကလေးသုံးယောက်လက်ထဲ ထည့်ပေးလိုက်သည်။
ကလေးများက ထိုထဲတွင် မြေပဲ၊ ဖရဲစေ့နှင့် ချိုချဉ်များရှိမည်ကို သိသည့်အတွက် အားလုံးက အိပ်ကပ်ပါသော အဝတ်အစားများ ဝတ်လာကြသည်။
သတို့သား၏ မိသားစုမှာ ကြင်နာတတ်သူများဖြစ်သည်ကို ပါးမေ့၏ ဦးဆောင်မှုအတိုင်း အားလုံးလိုက်လုပ်ကြသည်ကို မြင်ရာမှသိနိုင်သည်။ ချင်းရှန်းက သူတို့က်ိုမြင်တော့ ရယ်ချင်မိသည်။ ကျုးပါးမေ့က အမြင်ရှိသည်။ သူမ၏အလုပ်အကိုင်က အဆင်ပြေသည်သာမက ရှာထားသည့်ခင်ပွန်းကလည်း သူမနှင့်အသင့်တော်ဆုံးဖြစ်သည်။
စားသောက်ပွဲတွင်းသို့ ရောက်သွားသောအခါ စားပွဲပေါ်တွင် ဖရဲစေ့နှင့် ချိုချဉ်များကို ပန်းကန်လေးများဖြင့်ချထားသည်။ ဒါက ထိုခေတ်တွင်အကောင်းဆုံး ဧည့်ခံမှုပုံစံဖြစ်၏။
ရှန်းယုံက စည်းကမ်းရှိသူဖြစ်သည်။ အခြားသော သူမမြင်ဖူးသည့် လူကြီးများလည်း ရှိနေသည့်အတွက် သူက ချိုချဉ်များကို မထိဘဲ ကြည့်၍သာနေခဲ့သည်။ သတို့သားက သူ့ကိုပေးသောချိုချဉ်မှာလည်း မိဘများက အိမ်ပြန်ရောက်မှစားဟုပြောကာ ယူသွားပြီဖြစ်သည်။
ပုံမှန်အခြေအနေဆိုလျှင် ယွီတိတို့စုံတွဲက အရင်ဆုံးတစ်ခုခုစလုပ်မည့်သူများ ဆိုသော်လည်း မြို့ကြီးတွင် အရိုက်ခံရမည်နှင့် အိမ်မှထွက်မလာမီ အဖွားကြီး၏ သတ်ိပေးချက်ကြောင့် သူတို့က ချိုချဉ်များကို မမြင်သလိုသာ ဟန်ဆောင်နေခဲ့ကြသည်။ မမြင်လျှင် လောဘတက်မိမည် မဟုတ်ပေ။
"ဒုတိယအစ်မ အမှန်ပြောစမ်းပါ။ ရွာမှာ ကျူးမိသားစုနဲ့ ရန်ဖြစ်ခဲ့တာလား။"
ယွီတိက ဖရဲစေ့များနှင့် အလုပ်ရှုပ်နေသည်။ "ရန်မဖြစ်ချင်ပါဘူး။ သူတို့က ငါ့ကိုအရမ်း အနိုင်ကျင့်ကြတာ။ ပါးမေ့က အခုအလုပ်ကိုရတာ ငါတို့အစ်မကြီးရဲ့အလုပ်နေရာကို ရောင်းပေးခဲ့တဲ့အတွက်လို့ နင်ပြောတယ်မလား။ အဲ့ဒီတော့မှ သူက ပညာတက်၊ ချစ်သူနဲ့တွေ့ပြီး ကိုယ်ပိုင် စားသောက်ဆိုင်ဖွင့်နိုင်ခဲ့တာမလား။ ဒါပေမဲ့ ငါ ယောက်မနဲ့ရန်ဖြစ်တော့ ကျူးမိသားစုက ငါ့ကိုမကူညီဘူး။ ကွယ်ရာမှာ ငါက ဒီလိုမလုပ်သင့်ဘူးဆိုပြီး ငါ့မကောင်းကြောင်း ပြောသေးတယ်။ ငါ့ကို ဘယ်လိုနေပါလို့ သူတို့သင်ပေးစရာ လိုလို့လား။"
ချင်းရှန်း၏ ခေါင်းထဲတွင် အတွေးမျိုးစုံပြည့်သွားခဲ့သည်။
ကျူးမိသားစုက သူမကို တကယ်ကူညီခဲ့ပေမဲ့ သူမက...
အဖွားက သူမကိုစိတ်ဆိုးနေသည့်အတွက် ဒုတိယအစ်မအကြောင်း ထပ်မပြောလိုတော့ပေ။ သူမ ဒုတိယအစ်မ၏ အကျင့်အရဆိုလျှင် သူမအတွက် ကောင်းစေရန်ပြောလျှင်တောင် သူမက ပြောသူကို ရူးနေသူဟူထင်မည့်သူဖြစ်သည်။ ဒါပေမဲ့ သူမအပေါ် ကြမ်းတမ်းစွာဆက်ဆံလိုက်လျှင် သူမက ယုန်လေးတစ်ကောင်ကဲ့သ်ို့ စကားနားထောင်လိမ့်မည်။
အနာဂတ်တွင် သူမ၏ အစ်မနှင့်ပတ်သက်၍ ဆက်ဆံရမည့်နည်းစနစ်ကို ပြောင်းရမည်ထင်သည်။
ခဏအကြာမှာတော့ ဟင်းပွဲများလာချပေးတော့သည်။ အသားဟင်းသုံးမျိုး၊ အသီးအရွက်ဟင်း သုံးမျိုး၊ အအေးစာဟင်းနှစ်မျိုးနှင့် ရှီးလန်ဒေသထွက်ဝိုင်တစ်ပုလင်းဖြစ်သည်။ အရသာရှိပြီး ပမာဏကလည်း လုံလောက်သည်ထက်ပိုသည်။
အထူးသဖြင့် နှပ်ထားသောဝက်ပေါင်ဖြစ်ပြီး အနီရောင်ဖြစ်သည်အထိ နှပ်ထားခြင်းဖြစ်သလို နူးညံ့သည့်အသားဖြင့် ပါးစပ်ထဲတွင် အရည်ပျော်သွားလျှင် အလွန်အရသာရှိသည်။
ကလေးသုံးယောက်က ဘေးချင်းယှဉ်ထိုင်နေကြသည်။ သ်ို့သို့က သူမကိုယ်တိုင် အစားအသောက်စားနိုင်ပြီဖြစ်သည်။ သူမက ပန်းကန်လုံးလေးနှင့် တူကို ကျွမ်းကျင်စွာကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးနေကာ ပါးစပ်ထဲတွင်ရှိသည့်အစားအစာ ကျေညက်ပြီး မမျိုချရသေးသ၍ အသစ်ထပ်မစားပေ။ သူမက ပွင့်လင်းသူဖြစ်ပြီး ရှက်နေသော သူမ၏ အစ်ကိုကြီးကို ဂရုစိုက်ပေးကာ လက်လှမ်းမမီသည့်မောင်လေးကိုလည်း ကူညီ၍ သူတို့အတွက် အချို့ယူပေးလိုက်သည်။
ဝက်ပေါင်အကြီးကြီးအပြင် ကြက်ကင်၊ အားလူးကြော်၊ သိုးသားနှပ်တို့လည်းရှိပြီး အားလုံးက ခက်သောအစားအစာများဖြစ်သည်။ အိုက်လန်နှင့် ချင်းရှန်းတို့က ဖြည်းဖြည်းချင်း စားခဲ့သည်။ အဆုံးမှာတော့ လန်ဟဲမြို့မှ အစားအသောက်များမှာ သိပ်မဆိုးပေ။ ကြက်သားနှင့် သ်ိုးသားကို စားလေ့မရှိသော ရှောင်ပါးကျင်းတောင်မှ တစ်ချိန်တည်းတွင် ကစားရင်း စားရင်းနှင့် ပျော်ရွှင်နေသည်။
နျိုတာ့ကန်းက ယွီတ်ိထက်ပို၍ လိုက်လျောညီထွေရှိသည်။ အနည်းဆုံးတော့ သူက သူ့အတွက် အစားအသောက်ယူရင်း သားဖြစ်သူအတွက်ပါ ထည့်ပေးရန်မမေ့ပေ။ ယွီတိကတော့ သူမတစ်ကိုယ်တည်းကိုသာ ဂရုစိုက်သည်။ သူမက လက်နှင့်အပြည့် လိုသလိုယူနေပြီး မကြာခင်မှာ သူမပါးစပ်တွင် အဆီများဝေ့လာတော့သည်။
သူတို့က ၈နာရီအထိ စားသောက်နေခဲ့ကြသည်။ ကြင်စဦးဇနီးမောင်နှံတွင် နှုတ်ဆက်ရန် ဧည့်သည်များစွာရှိနေပြီး ကားလာကြိုရန် ဘယ်လောက်ထိ စောင့်ရမည်ကို မသိသည့်အတွက် ချင်းရှန်းက မိသားစုတစ်ခုလုံးကို တည်းခိုခန်းသို့ ပြန်ခေါ်သွားခဲ့သည်။
"မနက်ဖြန် ဒုတိယအစ်မနဲ့ ဒုတိယခဲအိုက ကျွန်မတို့နဲ့အတူ လန်ဟဲမြို့ကိုလိုက်ခဲ့။"
"အဲ့ဒီမှာနေတာက ရွာမှာနေတာနဲ့ ဘာမှမထူးပါဘူး။ မသွားလို့မရဘူးလား။"
နောက်ဆုံးတစ်ခေါက် သူတို့သွားခဲ့စဉ်က သူတို့က ကောင်းကောင်းနေရတော့မည်ဟု တွေးခဲ့မိသော်လည်း သူတို့ရောက်သွားချိန်မှာတော့ ထိုနေရာက အဆုံးမရှိသော အဝါရောင်နယ်မြေဖြစ်ကြောင်း သူတို့သဘောပေါက်သွားခဲ့ကြသည်။ ဆောင်းရာသီမှာပင် မြက်ပင်မရှိပေ။ စားမည့်အရာအားလုံးကိုလည်း ဝယ်ရသည်။ သူတို့ရွာနှင့် လုံးဝမတူပေ။
အစားအသောက်ရရှိနိုင်သော နေရာနှင့် သာယာသည့်ရာသီဥတုကြောင့် သူတို့က ချီလိထန်တွင် နေထိုင်နိုင်သည်။ လန်ဟဲမြို့ကိုသွားခြင်းက သူတို့အတွက် သေကြောင်းကြံသလိုဖြစ်မည်။
"မရဘူး။ မနက်ဖြန် မိသားစုအစည်းအဝေးလုပ်မယ်။"