← Chapters

သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

"ဆိုင်ရှင်... Red Bull နှစ်ဘူးလောက်ပေးစမ်းပါ!"

"ဒီတစ်ခါတော့ ငါနိုင်ကိုနိုင်ရမယ်ကွ" အင်တာနက်ဆိုင်ထဲက ကောင်တာမှာ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်က အော်ပြောလိုက်သည်။

လူငယ်လေးပြောတာကို ကြားတော့ ဆိုင်စောင့်က Red Bull နှစ်ဘူးယူလာပေးသည်။

"ရှင်းဟွေ့၊ မင်း Silver rank တက်ပွဲကို အခုထိ မနိုင်သေးဘူးလား။"

ဆိုင်ရှင်ရဲ့ စကားကိုကြားတော့ ရှင်းဟွေ့လို့ခေါ်တဲ့ လူငယ်လေးက Red Bull တစ်ဘူးကိုယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ပြီးမှ သူက "ဒီတစ်ခါတော့ ကျွန်တော် Silver rank ကို သေချာပေါက်ရောက်မယ်လို့ ယုံကြည်တယ်" ဟု ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဆိုင်ရှင်က ကျန်တဲ့ Red Bull တစ်ဘူးကို စားပွဲပေါ်တင်လိုက်ပြီး ခေါင်းခါကာ "မင်းက အရင်တခေါက်ကလဲ ဒီလိုပဲပြောတာပဲ....နောက်ဆုံးတော့ အမြဲရှုံးတာပဲမလား!"

ရှင်းဟွေ့သည် ဆိုင်ရှင်ကို ဆက်ပြီးဂရုမစိုက်တော့ဘဲ နားကြပ်ကိုပြန်တပ်ပြီး ပွဲစဉ်ကိုနှိပ်ကာ rank တက်ပွဲစတင်လိုက်သည်။

ထိုလူငယ်၏ မျိုးရိုးနာမည်မှာ ရဲ ဖြစ်ပြီး နာမည်က 'ရှင်းဟွေ့' ဖြစ်သည်။ သူက အသက် ၂၅ နှစ်အရွယ် လူလွတ်တစ်ယောက်ဖြစ်သည်။ သူ့ဝါသနာက ဂိမ်းကစားခြင်းသာ။ ဂိမ်းကစားတာ သိပ်မတော်ပေမဲ့ ဘယ်တော့မှ အရှုံးမပေးတတ်တဲ့သူမျိုးပင်။

ထိုဂိမ်းပွဲမှာ ရဲရှင်းဟွေ့အတွက် အကြိမ်ရေမရေတွက်နိုင်သော rank တက်ပွဲများထဲမှတကြိမ်ဖြစ်သည်။ ဤတစ်ကြိမ်တော့ သူနိုင်မှာသေချာသည်ဟု ခံစားနေရ၏။ rank တက်ပွဲကစားတိုင်း ဒီလိုခံစားရလေ့ရှိပေမဲ့ ဒီတစ်ခါတော့ ခံစားချက်က မတူပေ။ ဒါက... သူကိုယ်တိုင် လေထဲကို ပျံတက်သွားသလိုမျိုး ခံစားချက်မျိုးပင်။

ဂိမ်းစပြီး နာရီဝက်ကျော်အကြာမှာတော့ ပွဲက ပြီးဆုံးခါနီးနေပြီဖြစ်သည်။ ဒီတစ်ခါတော့ ရဲရှင်းဟွေ့ရဲ့ ခံစားချက်က မှန်ကန်ခဲ့ပြီး သူ နိုင်တော့မည်ဖြစ်သည်။

လက်ရှိ kill ratio က ၄၀ -၂၂ ဖြစ်နေသည်။ မျက်စိမှိတ်ပြီး ဆော့တောင် ရှုံးစရာအကြောင်းမရှိပေ။ kill အများစုကို ရဲရှင်းဟွေ့က ရထားခြင်းဖြစ်သည်။ သူ့ဘက်က မမျှော်လင့်တာတစ်ခုခု မဖြစ်သရွေ့တော့ ဒီပွဲက အေးဆေးသာဖြစ်သည်။ တကယ်လို့ မမျှော်လင့်တာဖြစ်ပြီး သူသေသွားရင်တောင် နောက်ထပ် အသင်းလိုက်တိုက်ပွဲတွေ အများကြီး ဆင်နွှဲလို့ရသေးသည်။ တိုတိုပြောရရင် "အေးဆေး" ပေါ့။

ရဲရှင်းဟွေ့က သူ Silver rank ဖြစ်တော့မည်ဆိုပြီး ကျိတ်ပျော်နေတုန်းမှာပဲ အနီနှင့်အစိမ်းရောင် ဆံပင်တုနှင့် မျက်လုံးမှာ smoky makeup ခြယ်သထားတဲ့ လူငယ်တစ်ယောက်က Sure Win အင်တာနက်ဆိုင်ထဲသို့ ဝင်လာသည်။

လူငယ်လေးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ရဲရှင်းဟွေ့ရဲ့ နေရာကို ချက်ချင်း သတိထားမိသွားသည်။

"ဟေး... ဒီနေ့အတွက် ငါ့ရဲ့ ပထမဆုံး သားကောင်ကို တွေ့ပြီ။"

လူငယ်လေးက selfie stick ကို မြှောက်ကိုင်ပြီး ကင်မရာကို ရဲရှင်းဟွေ့ရဲ့ နေရာဘက်သို့ ချိန်ထားသည်။ သူက တိုက်ရိုက်ထုတ်လွှင့် (live) နေပုံရသည်။

"သူငယ်ချင်းတို့၊ ဒီနေ့ ကျွန်တော် အသတ်မခံရဘူးဆိုရင် anchor ကို follow လေးလုပ်ပေးကြပါဦး။"

သူက မိုဘိုင်းဖုန်းကင်မရာရှေ့မှာ တိုးတိုးလေးရေရွတ်ပြီး ရဲရှင်းဟွေ့ရဲ့ နောက်ကျောကနေ ပခုံးကို ပုတ်လိုက်သည်။

"အစ်ကို...qualifying ပွဲ ဆော့နေတာလား။"

နောက်က လူငယ်ရဲ့အမေးကိုကြားတော့ ရဲရှင်းဟွေ့က လှည့်မကြည့်ဘဲ အလိုလို ပြန်ဖြေလိုက်သည်၊ "rank တက်ပွဲ က နိုင်တော့မှာ....ပြီးရင် မင်းကို Rank တင်ပေးမယ် ခဏလေး!"

ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် သူ့ရှေ့သို့ လက်တစ်ဖက်ရောက်လာပြီး ကွန်ပျူတာခလုတ်ကို ချက်ချင်းဖိနှိပ်လိုက်သည်။ ကွန်ပျူတာမျက်နှာပြင်က ချက်ချင်းမဲမှောင်သွားပြီး ရဲရှင်းဟွေ့လည်း ကြောင်တောင်တောင်ဖြစ်သွားသည်။

"ညီကို.... မင်းရဲ့ rank တက်ပွဲ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ...ဟားးဟားးး!"

နောက်က live လွှင့်နေတဲ့ လူငယ်လေးက ကွန်ပျူတာခလုတ်ကို နှိပ်ပြီးနောက် သူ့လက်ကိုပြန်ရုတ် လှည့်ပြေးသွား၏။ လူငယ်ပြောတာကို ကြားမှ ရဲရှင်းဟွေ့က ရုတ်တရက် သတိပြန်ဝင်လာသည်။

ငါ့ရဲ့ Silver rank တက်ပွဲ... နောက်တစ်ခါ ထပ်ပြီးတော့ ပျက်စီးသွားပြန်ပြီ။

ဒီအချိန်မှာတော့ ရဲရှင်းဟွေ့က သူ့ကွန်ပျူတာကို ပိတ်လိုက်တဲ့ အသုံးမကျတဲ့ကောင်က ဘယ်သူလဲဆိုတာ သတိထားမိသွားသည်။

ထူးဆန်းတဲ့ ဆံပင်တုကြီးနဲ့ လက်ထဲမှာ selfie stick ကိုင်ထားတာ၊ ဒါက လမ်းပေါ်မှာ နောက်ပြောင်တဲ့ ဗီဒီယိုတွေ live လွှင့်နေတဲ့ကောင်ပဲ မဟုတ်လား။

အင်တာနက်ပေါ်မှာ လူတွေ အင်တာနက်ဆိုင်ထဲက ကွန်ပျူတာတွေကို ပိတ်ပြီး နောက်ပြောင်တဲ့ ဗီဒီယိုတွေကို သူ မကြာခဏတွေ့ဖူးသည်။

အရင်က ကြည့်တုန်းကတော့ ရဲရှင်းဟွေ့က ဒါကို တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခု ကိုယ့်အလှည့်ကျတော့ ရဲရှင်းဟွေ့က ဒေါသထွက်လွန်းလို့ ဘာမှမပြောဘဲ သူ့နောက်ကို လိုက်သွားတော့သည်။

"ဒီတုံးကောင်...အဲ့မှာရပ်စမ်း" ရဲရှင်းဟွေ့က သူ့နောက်ကိုလိုက်ရင်း အော်ပြောလိုက်သည်။

ရှေ့က ပြေးနေတဲ့ နောက်ပြောင်သူက selfie stick နဲ့ live လွှင့်ရင်း နောက်လှည့်ကြည့်ကာ အော်ပြောသည်။ "မင်းငါ့ကိုမလိုက်ရင် ငါလည်းမပြေးဘူးလေ!"

ဒီကောင်ပြောတာကိုကြားတော့ ရဲရှင်းဟွေ့က ပိုပြီး ဒေါသထွက်လာသည်။

"ခွေးမသား... မပြေး!"

ကျိန်ဆဲရင်း ရဲရှင်းဟွေ့က သူ့နောက်ကို ထပ်လိုက်သွားသည်။ထိုလူကလည်း အော်ဟစ်ပြီး လှည့်ပြေး၏။ ခြေလှမ်းအနည်းငယ်လိုက်ပြီးနောက် ရဲရှင်းဟွေ့က ကားဟွန်းသံရှည်ကြီးကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ထရပ်ကားတစ်စီးက လမ်းကြောင်းလွှဲပြီး သူ့ဆီကို တည့်တည့်ဝင်တိုက်လာနေတာကို တွေ့လိုက်ရသည်။

"ငါ...ငါ့လောက် ကံဆိုးတဲ့ကောင် ရှိဦးမလား!"

ရဲရှင်းဟွေ့က တိုးတိုးလေး ရေရွတ်လိုက်ပြီး ကားတိုက်ခံလိုက်ရကာ တကယ်ပဲ လေထဲကို လွင့်ထွက်သွားခဲ့သည်။

ဒီအချိန်မှာတော့ ရဲရှင်းဟွေ့က rank တက်ပွဲမတိုင်ခင် သူလေထဲပျံတက်သွားမယ်ဆိုတဲ့ သူ့ရဲ့ ကြိုတင်နမိတ်ကို သတိရသွားသည်... နောက်ဆုံးတော့... သူ တကယ်ပဲ လေထဲကို ပျံတက်သွားခဲ့ရပြီ။

သိပ်မဝေးတဲ့နေရာက ဆံပင်ဖားလားနဲ့လူကလည်း ဒီမြင်ကွင်းကိုတွေ့တော့ လန့်သွားသည်။

"သေစမ်းကွာ! ကိစ္စက လက်လွန်သွားပြီ..."

"သူငယ်ချင်းတို့...ဒီနေ့ဖို့ live က ဒီမှာပဲ ပြီးပါပြီ!" ဖုန်းကို ဒီလိုပြောပြီးနောက်မှာတော့ ဆံပင်ဖားလားနဲ့ လူငယ်က live ကို ပိတ်လိုက်သည်။

live ပိတ်လိုက်ပြီးနောက်မှာတော့ ထိုလူငယ်ရဲ့ပုံရိပ်က ထိုနေရာမှာပင် ပျောက်ကွယ်သွားသည်။

…

"ဘယ်... ဘယ်နေရာလဲဟ"

ရဲရှင်းဟွေ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူက မည်းမှောင်နေတဲ့ နေရာလပ်ကြီးတစ်ခုထဲမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ ရဲရှင်းဟွေ့ ကြောင်နေတုန်းမှာပဲ သူ့နားထဲမှာ လက်ဖျောက်တီးသံ ကျယ်ကျယ်လေးတစ်ချက်နဲ့အတူ အလင်းတန်းတစ်ခု ပေါ်လာသည်။

အလင်းရောင်ပေါ်လာတာကြောင့် ရဲရှင်းဟွေ့က သူ့ရဲ့လက်ရှိအခြေအနေကို သတိပြုမိသွားသည်။ ဒါက အခန်းအလွတ်ကြီးတစ်ခုဖြစ်ပြီး အထဲမှာ ကြီးမားတဲ့ စားပွဲတစ်လုံးရှိကာ စားပွဲနောက်မှာ လူတစ်ယောက် ထိုင်နေသည်။

ရဲရှင်းဟွေ့က ဒီလူကိုမြင်လိုက်တော့ စိတ်ထဲမှာ မခံချိမခံသာဖြစ်သွားသည်။

ဘာလို့လဲဆိုတော့ ဒီကောင်က သူကို နောက်ပြောင်ပြီး ကားတိုက်သေအောင် လုပ်ခဲ့တဲ့ အကောင်ပဲမလား။

"ဟမ်..ခဏလေး...ငါ ကားတိုက်ခံရပြီး သေသွားပြီမလား"

အဲ့ဒီအခါမှ ရဲရှင်းဟွေ့က သူတကယ်သေသွားပြီဆိုတာ သိလိုက်ရသည်။ သေသွားပြီဆိုရင် အခုသူ့အခြေအနေက ဘယ်လိုဖြစ်နေတာလဲ။

"တကယ်တောင်းပန်ပါတယ်...ငါ live လွှင့်ရင်းနဲ့ မင်းကို သေအောင်လုပ်မိသွားတယ်။"ဒီအချိန်မှာတော့ မိတ်ကပ်ဖျက်ရင်း လူငယ်က စကားပြောလာသည်။

"မင်း ဘယ်သူလဲ...ငါတကယ်သေသွားပြီလား"

မိတ်ကပ်ဖျက်ပြီးသွားပြီဖြစ်တဲ့ လူငယ်က သူ့ရဲ့ချောမောတဲ့မျက်နှာကို ဖော်ပြလိုက်သည်။ ရဲရှင်းဟွေ့ရဲ့ အမေးကိုကြားတော့ သူက ပြုံးပြီး "မင်းငါ့ကို အရာအားလုံးကိုသိမြင်နိုင်တဲ့နတ်ဘုရားသခင် လို့ ခေါ်နိုင်တယ်"

ရဲရှင်းဟွေ့ရဲ့ မယုံကြည်တဲ့အကြည့်ကို မြင်တော့ အရာအားလုံးကိုသိမြင်နိုင်တဲ့နတ်ဘုရားသခင်လို့ ကိုယ့်ကိုယ်ကိုပြောတဲ့ လူငယ်လေးက လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ထိုအခါ ရဲရှင်းဟွေ့ရဲ့ နောက်မှာ ကုလားထိုင်တစ်လုံးပေါ်လာပြီး သူ့စားပွဲပေါ်မှာလည်း လက်ဖက်ရည်နှစ်ခွက် ပေါ်လာသည်။

ဒါကိုမြင်တော့ ရဲရှင်းဟွေ့က မတွေဝေတော့ဘဲ ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ သူ အရမ်းစိတ်လှုပ်ရှားနေ၏။ သူက တကယ်ပဲ ရေဆာနေသည်။ လက်ဖက်ရည်ခွက်က သောက်လို့ဖြစ်လား မဖြစ်လားဆိုတာကို သူဂရုမစိုက်တော့ဘဲ ကောက်ယူပြီး သောက်ချလိုက်သည်။

လက်ဖက်ရည်သောက်ပြီးတော့ ရဲရှင်းဟွေ့က အရာအားလုံးကိုသိမြင်နိုင်တဲ့ နတ်ဘုရားသခင်ကို ကြည့်ပြီး "ငါ့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိသေးတယ်ကွ။ မင်းက ငါ့ကို ဒီလိုသေအောင်လုပ်လိုက်တော့ လျော်ကြေးလေး ဘာလေး ပေးသင့်တယ် မထင်ဘူးလား"

ရဲရှင်းဟွေ့ရဲ့ စကားကိုကြားတော့ နတ်ဘုရားသခင်က ပြုံးလိုက်ပြီး သူ့အိတ်ကပ်ထဲက မျက်မှန်တစ်ဖက်ကို ထုတ်ယူကာ မျက်လုံးရှေ့မှာ တပ်လိုက်သည်။

"မင်းမှာ ဘယ်လိုတောက်ပတဲ့ အနာဂတ်ရှိလဲဆိုတာ ငါကြည့်လိုက်ဦးမယ်..."

"ဟမ်...မိဘနှစ်ပါးက ငယ်ငယ်ကတည်းက ဆုံးပါးသွားတယ်။ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တယ်။ အသက် ၂၅ နှစ်ရောက်တဲ့အထိ လူပျိုပဲ.... ကောလိပ်ဘွဲ့ရပေမဲ့ လစာက တစ်လကို ယွမ် ၂၅၀၀ ပဲရတယ်"

"League of Legends ကစားရတာ ကြိုက်ပေမဲ့ မင်းသေတဲ့အထိ Bronze rank မှာပဲ ရှိနေခဲ့တယ်!"

အရာအားလုံးကိုသိမြင်နိုင်တဲ့နတ်ဘုရားသခင်က ဒီလိုပြောလိုက်တော့ ရဲရှင်းဟွေ့ရဲ့ မျက်နှာက ပြောင်းသွားပြီး သူက "Silver ကွ Silver! မင်းသာ ငါ့ကွန်ပျူတာကို ပိတ်မချခဲ့ရင် ငါ Silver rank ကိုရောက်နှင်နေပြီ!"

"အေးပါ အေးပါ....Silver ပဲထားလိုက်ပါ!"

"မင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်ကို ငါကြည့်လိုက်ဦးမယ်!"

"အကောင်းဆုံးဖြစ်နိုင်ခြေကတော့... မိန်းမယူ ကလေးထိန်းဖြစ်မှာပဲ။ အဆိုးဆုံးဖြစ်နိုင်ခြေကတော့... Gold 5 rank ရောက်ဖို့ကြိုးစားရင်း ကွန်ပျူတာရှေ့မှာ အသက်ထွက်သွားတာပဲ!"

"ကဲ... ပြောစမ်းပါဦး...မင်းမှာ ဘယ်လိုတောက်ပတဲ့ အနာဂတ်တွေ ရှိလဲဆိုတာ"

All Chapters