ငါအဖေက မြို့ပြစစ်ဘုရင်ကြီးလား
Vol. 1 Ch. 3
“အဟွတ် အဟွတ် အဟွတ်… ဘာနံ့ကြီးလဲ”
ခုလေးတင် နိုးလာသည့် ရဲရှင်းဟွေ့က ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ပါးစပ်ထဲတွင် မပျော်ဝင်သေးသည့် ဆေးများကို အကုန်ထွေးထုတ်လိုက်သည်။
ရဲရှင်းဟွေ့၏ ပါးစပ်ထဲသို့ ဆေးတိုက်ကျွေးပြီးခါစ စုချင်းက ရဲချန်ကို လှည့်ကြည့်လိုက်ရာ သူမ၏အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းနေသည်။
“ဒီဆေးက ဒီလောက်တောင် အစွမ်းထက်တာလား”
ရဲချန်လည်း အနည်းငယ် ရှုပ်ထွေးသွားသည်။ ဒီဆေးက သူ့အမြင်တွင် အကောင်းဆုံးဆေးတစ်မျိုး ဖြစ်နေသော်လည်း… သေလုနီးပါးဖြစ်နေပြီး သေဆုံးဖို့သေချာနေပြီဖြစ်သော လူတစ်ယောက်ကိုတော့ ကယ်တင်နိုင်စွမ်းမရှိလောက်ဘူး မဟုတ်လား။
ထိုသို့တွေးရင်း ရဲချန်က နှလုံးခုန်နှုန်းပြစက်ကို ကြည့်လိုက်သောအခါ မနည်းခုန်နေသည့် နှလုံးခုန်နှုန်းက ပုံမှန်အတိုင်း ပြန်လည်ခုန်နေသည်ကို တွေ့လိုက်ရပြီး ခုန်နှုန်းအတက်အကျမှာလည်း သာမန်လူတစ်ယောက်နှင့် ဘာမှမခြားတော့ပေ။
များစွာစဉ်းစားပြီးနောက် ရဲချန်က ရဲရှင်းဟွေ့ ပြန်လည်ကောင်းမွန်လာရခြင်းကို ထိုဆေးကြောင့်ဟုသာ မှတ်ယူလိုက်သည်။ ဆေး၏ အစွမ်းအာနိသင်က အကန့်အသတ်ရှိသည်မှာမှန်သော်လည်း သူ့သား၏ ဒဏ်ရာများက ထင်သလောက် မပြင်းထန်လို့ ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်လား။
.....
စုချင်းကလည်း နှလုံးခုန်နှုန်းပြစက်ပေါ်က ပြသမှုကို တွေ့လိုက်ရပြီး သူမ၏သား အသက်ပြန်ရှင်လာသည်ကို မြင်သောအခါ ချက်ချင်းရှေ့သို့ပြေးသွားကာ ခုတင်ပေါ်တွင် အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေသေးသည့် ရဲရှင်းဟွေ့ကို ပွေ့ဖက်လိုက်သည်။
သူမ၏သား မည်သို့ပြန်ကောင်းလာသည်ကို သူမဂရုမစိုက်။ သားလေး အသက်ရှင်နေသရွေ့ သူမ အလွန်ပျော်ရွှင်နေသည်။
ခုလေးတင် နိုးလာသည့် ရဲရှင်းဟွေ့မှာ ယခင် ရဲရှင်းဟွေ့မဟုတ်ဘဲ တခြားကမ္ဘာတစ်ခုတွင် နတ်ဘုရားတစ်ပါး၏ လှည့်စားခြင်းကိုခံရပြီး သေဆုံးသွားခဲ့သည့် ရဲရှင်းဟွေ့သာ ဖြစ်သည်။
ရဲရှင်းဟွေ့က ဒီတစ်ခေါက် ပြန်လည်ဝင်စားခြင်းသည် ကမ္ဘာသစ်တစ်ခုတွင် ကလေးငယ်တစ်ယောက်အဖြစ် မွေးဖွားလာမည်ဟု ထင်ထားခဲ့သော်လည်း ဒီမယုံကြည်ရသည့် နတ်ဘုရားက သူ့ကို အလောင်းငှားပြီး ဝိညာဉ်ပြန်ဝင်ခြင်း ဇာတ်လမ်းမျိုး ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် ရဲရှင်းဟွေ့၏ ဝိညာဉ်သည် သေလုနီးပါးဖြစ်နေသည့် ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ချက်ချင်း ပြန်လည်ပြုပြင်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့က တခြားရဲရှင်းဟွေ့၏ အနည်းငယ်အားနည်းနေသော ဝိညာဉ်သည် သူ၏ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်ကိုလည်း ခံစားလိုက်ရသည်။
မူလ ရဲရှင်းဟွေ့၏ မှတ်ဉာဏ်များကလည်း လက်ရှိ ရဲရှင်းဟွေ့၏ အသိစိတ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်ဝင်ရောက်လာသည်။ ရဲရှင်းဟွေ့၏ မိသားစုမှာ ပြည့်စုံသည်။ သူ့မှာ မိဘများ၊ အစ်ကိုတစ်ယောက်နှင့် အစ်မတစ်ယောက် ရှိသည်။
သူ၏အဖေ ရဲချန်တွင် ဇာတ်လိုက်ဆန်သော နာမည်တစ်ခုရှိသော်လည်း ရဲရှင်းဟွေ့၏ စိတ်ထဲတွင်တော့ သူက သာမန်စူပါမားကတ်ပိုင်ရှင်တစ်ယောက်သာ ဖြစ်သည်။ သူ၏အမေ စုချင်းမှာ နူးညံ့သိမ်မွေ့သော်လည်း ပြတ်သားသည့် မိန်းမလှတစ်ဦး ဖြစ်သည်။ သူ၏အစ်ကို ရဲရှင်းချန်မှာ သူ့ထက်တစ်နှစ်ကြီးပြီး လက်ရှိတွင် အထက်တန်းကျောင်း နောက်ဆုံးနှစ်ဖြစ်သည်။ သူက အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နေတတ်သော်လည်း ရဲရှင်းဟွေ့က သူ့အစ်ကိုမှာ အလွန်ရှက်တတ်သူဖြစ်ကြောင်း သိသည်။ သူက ကျောင်း၏ အလှဆုံးမိန်းကလေးကိုပင် ကြိုက်နေပြီး ရည်းစားစာများ ခိုးရေးတတ်သည်။
သူ၏အစ်မ ရဲလန့်ယွဲ့မှာ နာမည်က အေးစက်နေသလိုထင်ရသော်လည်း သူမက အလွန်ဖော်ရွေပြီး သူမ၏ မောင်နှစ်ယောက်လုံးကို ကောင်းကောင်းဆက်ဆံသည်။ သူမက လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦး ဖြစ်သည်။
သူ၏မှတ်ဉာဏ်များထဲတွင် သူ့မှာ ရဲဖန်ဟုခေါ်သော ဦးလေးတစ်ယောက်လည်း ရှိပြီး၊ အကြောင်းရင်းကို မသိသော်လည်း သူက မိန်းမဘက်သို့ လိုက်နေရသည့် သားမက်တစ်ယောက် ဖြစ်ပုံရသည်…...
......
သူ၏မိသားစုဝင်များအကြောင်း မှတ်ဉာဏ်များကို ခေတ္တမျှ စုစည်းပြီးနောက်၊ ရဲရှင်းဟွေ့က သတိပြန်ဝင်လာပြီး သူ့အမေကို ပြန်လည်ပွေ့ဖက်လိုက်သည်။
“ဒါက… မိသားစုရှိတယ်ဆိုတဲ့ ခံစားချက်လား”
အမျိုးသမီးများက ယေဘုယျအားဖြင့် စိတ်ခံစားမှုပိုမိုလွယ်ကူပြီး အမျိုးသားများက ပို၍ ဆင်ခြင်တုံတရားရှိကြသည်။ သူ့သား အံ့ဖွယ်နည်းဖြင့် ပြန်လည်ကောင်းမွန်လာသည်ကို မြင်သောအခါ ရဲချန်က ချက်ချင်းပင် လူနာခန်းထဲမှ ပြေးထွက်သွားပြီး ဆရာဝန်ကို ခေါ်လိုက်သည်။ ဆရာဝန်ကလည်း ရဲရှင်းဟွေ့ကို လန်းလန်းဆန်းဆန်းနှင့် ခုန်ပေါက်နေသည်ကိုမြင်တော့ မှင်သက်သွားသည်။စေ့စေ့စပ်စပ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဆရာဝန်များအားလုံးက “ဆေးပညာလောကရဲ့ အံ့ဖွယ်ရာတစ်ခုပဲ!” ဟု ကြွေးကြော်ကြသည်။
ယခုအခါ ထိုဆရာဝန်များက ရဲရှင်းဟွေ့ကို ကြီးမားသော ရတနာသိုက်ကြီးတစ်ခုသဖွယ် ကြည့်နေကြပြီး ရဲရှင်းဟွေ့ မည်သို့ အသက်ရှင်လွတ်မြောက်ခဲ့သည်ကို သိရှိလိုကြသည်။ စစ်ဆေးမှုအစုံအလင် ခံယူခဲ့ရသည့် ရဲရှင်းဟွေ့ကတော့ သူ့ကို ခွဲစိတ်လေ့လာချင်နေသလို ကြည့်နေသော ဆရာဝန်များ၏ အကြည့်များကို ဂရုမစိုက်နိုင်ခဲ့ပေ။ အကြောင်းမှာ သူက သူ့မိဘများကိုသာ အဆက်မပြတ် စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။ သူ့မိဘများကို စိုက်ကြည့်နေရသည့် အကြောင်းရင်းမှာ… သူက… သူတို့၏ ခေါင်းပေါ်တွင် အပြာရောင်အချက်အလက်ပြဇယား တစ်ခုကို မြင်နေရသောကြောင့်ပင်။
ထိုအချက်အလက်ပြဇယားမှာ အလွန်လျင်မြန်စွာ ရွေ့လျားပြီး ဆယ်မိနစ်ကျော်အတွင်းမှာပင် အဆုံးသို့ ရောက်ရှိသွားသည်။
ဇယားအဆုံးသို့ရောက်သွားသောအခါ ရဲရှင်းဟွေ့၏ မျက်စိရှေ့တွင် စာကြောင်းများ ပေါ်လာသည်။
ရဲချန်
အသက် - လေးဆယ့်ရှစ်။
အလုပ်အကိုင် - အဆင့်မြင့် ကြေးစားစစ်သား၊ ရေနက် ကုမ္ပဏီ၏ နောက်ကွယ်မှ ထိန်းချုပ်သူ၊ ကျားလဲ့စူပါမားကတ်ပိုင်ရှင်၊ လုံခြုံရေးဝန်ထမ်း၊ ကိုယ်ရံတော်။
စွမ်းရည်များ - သေနတ်ပစ်ခတ်မှု ကျွမ်းကျင်ခြင်း၊ တိုက်ခိုက်ရေး ကျွမ်းကျင်ခြင်း၊ လက်ဖြောင့်သေနတ်ပစ်ခတ်မှု ကျွမ်းကျင်ခြင်း၊ နှလုံးသားအင်ဂျင်၊ ကြွက်သားထိန်းချုပ်မှု၊ အသွင်ယူ စိမ့်ဝင်မှု ကျွမ်းကျင်ခြင်း..........
ဘဝရာဇဝင် - တစ်ချိန်က ကြေးစားစစ်ဘုရင်တစ်ပါးဖြစ်ခဲ့ပြီး၊ သူ၏အဖွဲ့ငယ်လေးကို ဦးဆောင်ကာ အကြီးဆုံးကြေးစားစစ်သားအဖွဲ့အစည်းဖြစ်သော ရေနက်ကုမ္ပဏီကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် ရေနက်ကုမ္ပဏီ၏ ခေါင်းဆောင်ကို ရှင်းလင်းပြီး ရေနက်ကုမ္ပဏီကို သူ၏ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းခဲ့သည်။ နောက်ပိုင်းတွင် အေးချမ်းသောဘဝကို လိုလားသောကြောင့် ရေနက်ကုမ္ပဏီကို သူ၏လက်အောက်ငယ်သားများထံ လွှဲအပ်ပြီး တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ တရုတ်ပြည်သို့ ပြန်ရောက်ပြီးနောက် လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌ စုချင်းနှင့် တွေ့ဆုံခဲ့သည်.........
သူ့အဖေ၏ အထင်ကြီးလောက်ဖွယ်ရာဇဝင်ကို ကြည့်ပြီး… ရဲရှင်းဟွေ့မှာ လျှာပင်ကိုက်မိမတတ် ဖြစ်သွားသည်။
“ဒါက ဘာကြီးလဲ? ကြေးစားစစ်ဘုရင်တစ်ယောက် မြို့ပြကို ပြန်လာတာလား... ပြီးတော့ သူက ဇာတ်လိုက်ကျော်ကြီးပဲ”
အရေးကြီးဆုံးမှာ ရဲရှင်းဟွေ့က သူ့အမေ၏ နာမည်ကိုလည်း တွေ့လိုက်ရခြင်း ဖြစ်သည်။ ထိုသို့တွေးရင်း ရဲရှင်းဟွေ့က စုချင်းကို ထပ်ကြည့်လိုက်သည်။
စုချင်း
အသက် - လေးဆယ့်ငါး။
အလုပ်အကိုင် - စုမိသားစုလုပ်ငန်းစု၏ ရှယ်ယာရှင်၊ အိမ်ရှင်မ၊ ကျားလဲ့စူပါမားကတ် ပိုင်ရှင်။
စွမ်းရည်များ - ဖြန့်ချိရေး ကျွမ်းကျင်ခြင်း၊ စီမံခန့်ခွဲမှု ကျွမ်းကျင်ခြင်း၊ ဘာသာစကားစွမ်းရည် MAX.......
ဘဝရာဇဝင်: သူမသည် တရုတ်ပြည်၏ နံပါတ်တစ် မိသားစုဖြစ်သော စုမိသားစု၏ တရားဝင်သမီးဖြစ်သည်။ မိသားစုတွင်း ပြဿနာများကို မမြင်လိုသောကြောင့် စုမိသားစုမှ ထွက်ခွာခဲ့သည်။ နောက်ပိုင်းတွင် စုမိသားစု၏ ဘိုးကြီးက မိသားစုပိုင်ဆိုင်မှုအများစုကို သူမအတွက် ချန်ထားခဲ့သောကြောင့် သူမ မိသားစုဝင်များ၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းကို ခံခဲ့ရသည်။ ပထမဆုံးအကြိမ် လုပ်ကြံခံရစဉ်က သူမ၏ကုမ္ပဏီတွင် အလုပ်လျှောက်ထားခါစ လုံခြုံရေးဝန်ထမ်း ရဲချန်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်.........
.......
ဒီဘဝအတွေ့အကြုံနှစ်ခုကို ဖတ်ပြီးနောက် ရဲရှင်းဟွေ့မှာ တိတ်ဆိတ်သွားသည်။
“ချီး… ငါ့မိဘတွေက ဘာတွေဖြစ်နေကြတာလဲ..
ဒီလို ရင်းနှီးနေတဲ့ ဇာတ်လမ်း၊ ဒီလို ရင်းနှီးနေတဲ့ ဇာတ်ကွက်၊ ဒီလို ရင်းနှီးနေတဲ့ ဇာတ်ကောင်တွေက မြို့ပြကြေးစားစစ်ဘုရင် ဇာတ်လမ်းတွေထဲက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြီးတွေ အတိုင်းပဲ။”
“ငါ့အတွက် ရွှေလက်ချောင်း က ဘာလိုတော့မှာလဲ? ဒီလို အဖေနဲ့အမေကောင်းတွေ ရှိနေတာနဲ့တင် လုံလောက်နေပြီ!”
စုချင်းက သူမ၏သား သူမကို အရူးတစ်ယောက်လို ကြောင်တောင်တောင် စိုက်ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် စိတ်ပူသွားသည်။
“ဆရာဝန်၊ မြန်မြန်လုပ်ပါဦး ရဲရှင်းဟွေ့ ဘာဖြစ်နေလဲ ကြည့်ပေးပါ”
သူ့အမေ၏ အသံကိုကြားတော့ ရဲရှင်းဟွေ့က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး လျင်မြန်စွာ ပြောလိုက်သည်။
“မေမေ! သား ဘာမှမဖြစ်ပါဘူး။”
ရဲရှင်းဟွေ့ ဘာမှမဖြစ်ဘူးဟု ပြောသည်ကိုကြားမှ စုချင်းမှာ သက်ပြင်းချနိုင်တော့သည်။ သူမက တရုတ်ပြည်၏ နံပါတ်တစ် မိသားစု၏ မင်းသမီး ဖြစ်သော်လည်း၊ သူမ၏သားရှေ့တွင်တော့ သူမက မိခင်တစ်ယောက်သာ ဖြစ်သည်။
“အမ်… ဖေဖေ… မေမေ! သား ဘာမှမဖြစ်တော့မှတော့ အိမ်ပြန်ကြရအောင်။”
“ကောင်းပြီ၊ အိမ်ပြန်ကြမယ်။”
သူမက ပြောရင်း ခုတင်ဘေးက ဖိနပ်ကို ကောက်ယူပြီး ရဲရှင်းဟွေ့ကို စီးပေးရန် ရည်ရွယ်လိုက်သည်။ ထိုနေရာတွင်ရှိနေသော ဆရာဝန်များက ဤသည်ကိုမြင်သောအခါ ချက်ချင်းပင် ရှေ့တိုးလာပြီး တားမြစ်ကြသည်။
“မစ္စစ်စု၊ ခင်ဗျားရဲ့သား ပြန်ကောင်းလာပြီဆိုပေမဲ့ ဆေးရုံမှာ အချိန်အတိုင်းအတာတစ်ခုလောက် စောင့်ကြည့်လေ့လာဖို့ နေစေချင်ပါတယ်။”
“ဟုတ်ပါတယ် မစ္စစ်စု၊ ပြီးတော့ ရဲရှင်းဟွေ့က ဒီလို ဆေးပညာဆိုင်ရာ အံ့ဖွယ်ရာကို ဘယ်လို ဖန်တီးခဲ့လဲဆိုတာကိုလည်း ကျွန်တော်တို့ သိချင်ပါတယ်။”
“စိတ်မပူပါနဲ့၊ ရဲရှင်းဟွေ့ကို ကျွန်တော်တို့ဆေးရုံမှာ ထားခဲ့သရွေ့ ဆေးရုံက ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပါ့မယ်!”
ထိုနေရာတွင် ရှိနေသော ဆရာဝန်များအားလုံး၊ ရဲရှင်းဟွေ့၏ တက်ရောက်ကုသပေးနေသော ဆရာဝန်ဖြစ်စေ၊ ရဲရှင်းဟွေ့အကြောင်း သိရှိသွားသော ဌာနမှူးများနှင့် ဒုဥက္ကဋ္ဌများဖြစ်စေ၊ အားလုံးက ရဲချန်နှင့် စုချင်းကို ရဲရှင်းဟွေ့အား ဆေးရုံတွင် စောင့်ကြည့်လေ့လာမှုအတွက် ထားခဲ့ရန် တိုက်တွန်းကြသည်။
စောင့်ကြည့်လေ့လာရန်ဟု ပြောနေသော်လည်း အမှန်တကယ်မှာတော့ သူတို့က ရဲရှင်းဟွေ့ သေလုနီးပါးအခြေအနေမှ ဤမျှလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပုံကို လေ့လာချင်နေကြခြင်းသာ....
ရဲချန်က ဆရာဝန်များ၏ ရည်ရွယ်ချက်ကို မြင်နေသည်မှာ သေချာပြီး၊ သိနေသောကြောင့်ပင် သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ဘယ်မိဘက သူတို့၏ကလေးကို သုတေသနလုပ်ခံရမည့် ကြွက်ဖြူလေးတစ်ကောင်လို လေ့လာခံနေရတာကို ကြည့်နေမည်နည်း။
ရဲချန်လို မျက်မှောက်ခေတ် ကြေးစားစစ်ဘုရင်တစ်ယောက် မပြောနှင့် သာမန်မိဘများပင်လျှင် သူတို့၏ ကလေးများကို သုတေသနပစ္စည်းအဖြစ် သဘောထားခံရခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။