ရွှေလက်ချောင်းကို စမ်းသပ်ခြင်းနှင့် မီးဖိုချောင်ထဲက စကားဝိုင်း
Vol. 1 Ch. 4
ထိုသို့ဖြင့် ဆရာဝန်များ၏ သက်ပြင်းချသံများကြားတွင် ရဲရှင်းဟွေ့နှင့် သူ၏မိသားစုဝင်သုံးယောက် ဆေးရုံမှ ထွက်ခွာလာခဲ့ကြသည်။
လူနာဆောင်မှ ထွက်လာစဉ် ရဲရှင်းဟွေ့သည် သူ၏မျက်လုံးထဲရှိ ရွှေလက်ချောင်း ကို အခြားသူများပေါ်တွင် တမင်တကာ စမ်းသပ်ကြည့်လိုက်သည်။
ရဲရှင်းဟွေ့ တွေးထင်နေသည်မှာ သူ၏ညာဘက်မျက်လုံးက မိဘနှစ်ပါး၏ အချက်အလက်နှင့် ဘဝဇာတ်ကြောင်းကို မြင်နိုင်ရခြင်းမှာ ထိုမျက်မှန်တစ်ဖက်တည်းကြောင့် ဖြစ်နိုင်သည်ဟုပင်။
ရဲရှင်းဟွေ့ကို စိတ်ပျက်စေသည့် တစ်ခုတည်းသောအချက်မှာ သူသည် အတိတ်ကိုသာမြင်နိုင်ပြီး အနာဂတ်ကို မမြင်နိုင်ခြင်းဖြစ်သည်။
ထိုမျက်မှန်၏ စွမ်းဆောင်ရည်နှင့် ၎င်း၏မူလပိုင်ရှင်မှာ အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားသခင်ဖြစ်သောကြောင့် ရဲရှင်းဟွေ့က ဒီ ရွှေမျက်လုံး ကို "အလုံးစုံသိမြင်ခြင်းမျက်လုံး" ဟု အမည်ပေးလိုက်သည်။
ယခုအခါ "အလုံးစုံသိမြင်ခြင်းမျက်လုံး" သည် ရဲရှင်းဟွေ့၏ မျက်လုံးနှင့် ပေါင်းစပ်တစ်သားတည်းကျသွားပြီဖြစ်ရာ အကယ်၍ သူက ထုတ်ယူလိုလျှင် သူ့မျက်လုံးကို ဖောက်ထုတ်ရပေလိမ့်မည်။
"အလုံးစုံသိမြင်ခြင်းမျက်လုံး" ဟူသော နာမည်က ခမ်းနားကြီးကျယ်သော်လည်း ရဲရှင်းဟွေ့က ၎င်းကိုသုံး၍ အခြားသူများကို ကြည့်လိုက်သောအခါ ရလဒ်မှာ အားမရစရာကောင်းလှသည်။
သူ့မိဘများ၏ ခေါင်းပေါ်တွင် ပေါ်လာခဲ့သော ချက်လက်ပြဇယား က ပေါ်လာသော်လည်း သုံးပုံတစ်ပုံပင် မပြည့်မီ ရပ်တန့်သွားသည်။
အချို့ဆိုလျှင် ဆယ်ပုံတစ်ပုံပင် မပြည့်ဘဲ အရောင်များလည်း ကွဲပြားနေသည်။ သူ့မိဘများထံတွင် အပြာရောင်ကိုသာ မြင်နိုင်သော်လည်း အခြားသူများထံတွင်မူ အပြာရောင်အပြင် အစိမ်းရောင်ကိုပါ မြင်နေရသည်။
ထို့အပြင် တိုးတက်မှုနှုန်းက အလွန်နည်းသောကြောင့် ထိုသူများ၏ အချက်အလက်များကို လုံးဝမမြင်နိုင်ပေ။
အရင်က ဆရာဝန်များကဲ့သို့ပင် အချက်အလက် သုံးပုံတစ်ပုံအထိ ရောက်သူ တစ်ယောက်နှစ်ယောက်ထံမှ သူတို့၏အမည်များကိုသာ မြင်နိုင်ခဲ့သည်။
.....
အိမ်အပြန်လမ်း ကားပေါ်တွင် ရဲရှင်းဟွေ့ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
"သုံးစားမရတဲ့ နတ်ဘုရားစုတ် ...ဒီမျက်မှန်ရဲ့ စွမ်းဆောင်ရည်က လုံးဝအမှိုက်ပဲ! ငါက ဒါကို တန်ဖိုးကြီးရတနာတစ်ခုလို့ ထင်နေခဲ့တာ!"
သို့သော် ကံကောင်းထောက်မစွာပင် သူ၏ညာဘက်မျက်လုံးနှင့် ပေါင်းစပ်သွားသည့် ဤမျက်မှန်အပြင် သူ့ထံတွင် နောက်ထပ် ရွှေလက်ချောင်း တစ်ခု ရှိနေသေးသည်။ ၎င်းမှာ နတ်ဘုရားသခင်က သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သော တီဗီငယ်လေးပင် ဖြစ်သည်။
ဟုတ်ပါသည်။... ဤအရာကို ကားပေါ်တွင် ထုတ်ယူ၍မဖြစ်ပေ။ အကယ်၍ သူ့ဘေးတွင် ထိုင်နေသော မိခင်ဖြစ်သူ မြင်သွားလျှင် ရှင်းပြရခက်ပေလိမ့်မည်။
.....
"အလုံးစုံသိမြင်ခြင်းမျက်လုံး" ၏ စွမ်းဆောင်ရည်က အသုံးမဝင်မှန်း သိသော်လည်း ရဲရှင်းဟွေ့သည် စိတ်မကျေမနပ်ဖြင့် ကားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး လမ်းသွားလမ်းလာများကို အဆက်မပြတ် ကြည့်ရှုနေမိသည်။
သို့သော် ရဲရှင်းဟွေ့ ဘယ်လောက်ပင် ကြည့်နေပါစေ၊ ထိုလမ်းသွားလမ်းလာများ၏ ခေါင်းပေါ်မှ တိုးတက်မှုပြဘားများသည် ဆယ်ရာခိုင်နှုန်းပင် မပြည့်ဘဲ အချို့ဆိုလျှင် တစ်ရာခိုင်နှုန်းအောက်ပင် ရောက်နေသည်။
ဆေးရုံတွင်ရှိစဉ်က ထိုဆရာဝန်များ၏ အချက်အလက်များက အနည်းဆုံး သုံးပုံတစ်ပုံအထိ တက်နိုင်ခဲ့သော်လည်း အပြင်ဘက်တွင်မူ ဆယ်ပုံတစ်ပုံကျော်သောသူ တစ်ယောက်မျှမရှိပေ။
ထိုအချိန်တွင် ရဲရှင်းဟွေ့သည် "အလုံးစုံသိမြင်ခြင်းမျက်လုံး" ၏ အသုံးပြုပုံကို စဉ်းစားနေမိသည်။
"ဒါက... အချက်အလက်ပြဇယား က ငါနဲ့ အဲဒီလူရဲ့ ရင်းနှီးမှုကို ဆိုလိုတာလား....ဒါမှမဟုတ် နှစ်သက်မှုတန်ဖိုးတို့ ဘာတို့လား"
"တကယ်လို့သာ ဒီအတိုင်းဆိုရင် တစ်စုံတစ်ယောက်ရဲ့ အချက်အလက်ကို ကြည့်ချင်တိုင်း သူတို့ရဲ့ နှစ်သက်မှုကို ရအောင်လုပ်နေရမှာလား"
အကြိမ်ကြိမ်စဉ်းစားပြီးနောက် ရဲရှင်းဟွေ့သည် လူအချို့ကို ရှာဖွေစမ်းသပ်ကြည့်ခြင်းက ပို၍စိတ်ချရမည်ဟု ခံစားလိုက်ရသည်။
......
ဆယ်မိနစ်ကျော်ကြာပြီးနောက် ရဲချန်သည် ကားကို "ဆယ်လီဘရစ်တီဂါးဒင်း" ဟုအမည်ရသော လူနေရပ်ကွက်တစ်ခုအတွင်းသို့ မောင်းဝင်လာခဲ့သည်။
ထိုရပ်ကွက်သည် ခမ်းနားထည်ဝါသော ဗီလာရပ်ကွက်မဟုတ်ဘဲ အလွန်သာမန်သော တိုက်ခန်းအဆောက်အအုံများရှိသည့် ရပ်ကွက်တစ်ခုသာဖြစ်သည်။
အရင် ရဲရှင်းဟွေ့၏ မှတ်ဉာဏ်အချို့ကို အမွေဆက်ခံထားသောကြောင့် ရဲရှင်းဟွေ့သည် သူ၏မိသားစု၏ ငွေကြေးအခြေအနေကို ကောင်းစွာသိရှိသည်။
ရဲချန်သည် ရပ်ကွက်ထဲတွင် စူပါမားကတ်တစ်ခု ဖွင့်ထားပြီး ယေဘုယျအားဖြင့် စီးပွားရေးကောင်းမွန်သည်။ စုချင်းမှာမူ ရဲချန်နှင့်အတူ စူပါမားကတ်ကို စီမံခန့်ခွဲသည်။ သူတို့မိသားစုလေးယောက်သည် စူပါမားကတ်ဆိုင်ခန်း၏ အပေါ်ထပ်တွင် နေထိုင်ကြသည်။
မိသားစုလေးယောက်တွင် ရဲရှင်းဟွေ့၊ သူ၏အစ်ကို ရဲရှင်းချန်နှင့် သူ၏မိဘများ ပါဝင်သည်။ သူ၏အစ်မဖြစ်သူ ရဲလန်ယွဲ့မှာမူ အလုပ်ကြောင့် အပြင်တွင် နေထိုင်သည်။
ကားရပ်ပြီးနောက် ရဲချန် ကားပေါ်မှဆင်းသည်နှင့် တစ်စုံတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်။
"ရဲချန်...မင်းရဲ့စူပါမားကတ် ဘာလို့ပိတ်ထားတာလဲ"
"သြော် ဒါလား.... ငါ့သား ရှင်းဟွေ့ ဆေးရုံတက်နေရလို့လေ!" ရဲချန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"အဲဒီလိုလား" ထိုသို့ပြောရင်း အသက်လတ်ပိုင်းအရွယ် အမျိုးသားက ရဲရှင်းဟွေ့ကို ကြည့်ကာ ရယ်မောလိုက်ပြီး "ငါကြည့်ရတာတော့ ရှင်းဟွေ့က ဘာမှဖြစ်ပုံမပေါ်ပါဘူး...ကျောင်းမသွားချင်လို့ နေမကောင်းချင်ယောင်ဆောင်နေတာဖြစ်မယ်။ အင်း... အခုခေတ်ကလေးတွေက ဒီလိုပဲ စာမသင်ချင်ရင် ဘယ်လိုနည်းလမ်းနဲ့ရှောင်ထွက်ရမလဲ စဥ်းစားနေကြတာ!"
အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားသော်လည်း ရဲချန်သည် ပြုံး၍ ဘာမှပြန်မပြောခဲ့ပေ။
အိမ်အပြန်လမ်းတွင် ရပ်ကွက်ထဲမှ လူအများအပြားကလည်း ရဲချန်နှင့် စုချင်းကို နှုတ်ဆက်ကြသည်။
အကယ်၍ ရဲရှင်းဟွေ့ထံတွင် သူ့မိဘများ၏ စစ်မှန်သော နောက်ကြောင်းရာဇဝင်ကို မြင်နိုင်သည့် အလုံးစုံသိမြင်ခြင်းမျက်လုံး သာမရှိခဲ့ပါက ဤထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ဦးက ဤနေရာတွင် ကလေးများနှင့် စူပါမားကတ်ဖွင့်ရင်း ဤမျှ ရိုးရှင်းစွာနေထိုင်နေသည်ကို မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ။
......
အိမ်ပြန်ရောက်ပြီးနောက်...
စုချင်းသည် ရဲရှင်းဟွေ့ကို နောက်တစ်ကြိမ် ဂရုတစိုက်နှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြုစုလေသည်။
အမေးအမြန်းများစွာမေးပြီး သားဖြစ်သူ ဘာမှမဖြစ်တော့ကြောင်း သေချာသွားမှ စုချင်းသည် ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
စုချင်း ချက်ပြုတ်ရန် သွားသောအခါ ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် သူ့အတွက် ကိုယ်ပိုင်အချိန်အနည်းငယ် ရရှိသွားသည်။ သူ့အမေကို နှုတ်ဆက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အခန်းသို့ ပြန်လာခဲ့သည်။
ရဲရှင်းဟွေ့၏ အခန်းသည် မကျယ်ဝန်းသော်လည်း နံရံများတွင် စားပွဲတင်တင်းနစ်ကစားသမားများ၏ ပိုစတာများဖြင့် ပြည့်နှက်နေသည်။
ရဲရှင်းဟွေ့၏ မှတ်ဉာဏ်ထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင်သည်စားပွဲတင်တင်းနစ်ကို အလွန်နှစ်သက်ပြီး သူ၏အိပ်မက်မှာ ပရော်ဖက်ရှင်နယ် စားပွဲတင်တင်းနစ်ကစားသမားတစ်ဦး ဖြစ်လာရန်ဖြစ်သည်။ ထို့ကြောင့် သူသည် စားပွဲတင်တင်းနစ်ကို ပုံမှန်ကစားလေ့ရှိပြီး ကျောင်းအသင်းတွင်ပင် ပါဝင်ခဲ့သည်။
သူ၏အခန်းကို ခဏတာ သေချာစူးစမ်းကြည့်ပြီးနောက် ရဲရှင်းဟွေ့သည် ခုတင်ပေါ်တွင် လှဲချလိုက်ပြီး သူ၏နောက်ထပ် ရွှေလက်ချောင်း ဖြစ်သော တီဗီငယ်လေးကို စတင်လေ့လာတော့သည်။
နိုးလာကတည်းက ရဲရှင်းဟွေ့သည် ဤတီဗီငယ်လေးက သူ၏ဝိညာဉ်နှင့် ချိတ်ဆက်နေသည်ကို ခံစားမိပြီး သူစိတ်ကူးလိုက်ရုံဖြင့် ၎င်းကို ခေါ်ထုတ်နိုင်သည်ကို သိနေသည်။
"ငါ့ရဲ့ ရွှေလက်ချောင်း… ထွက်ခဲ့စမ်း!"
စိတ်ကူးလိုက်သည်နှင့် လက်ဖဝါးထက် အနည်းငယ်ကြီးသော တီဗီငယ်လေးတစ်ခု ရဲရှင်းဟွေ့ရှေ့တွင် ပေါ်လာသည်။ သူ့ရှေ့တွင် တီဗီငယ်လေးကို ကြည့်ရင်း ရဲရှင်းဟွေ့ ရေရွတ်လိုက်သည်။
"တကယ်ထွက်လာတာပဲ!"
ထို့နောက် ရဲရှင်းဟွေ့သည် တီဗီ၏ ပါဝါခလုတ်ကို ဖွင့်လိုက်သည်။
တီဗီပွင့်လာပြီး ဖန်သားပြင်ပေါ်တွင် အဖြူအမည်း လှိုင်းများသာ ပေါ်လာသည်။
"ဒါပဲလား...လှိုင်းတွေချည်းပဲလားဟ... လိုင်းကောင်းကောင်းမမိတာလား...ဒီတီဗီမှာ အခြေခံအကျဆုံးဖြစ်တဲ့ တီဗီကြည့်တဲ့ လုပ်ဆောင်ချက်တောင် မပါဘူးလားဟ"
အဖြူအမည်းလှိုင်းများဖြင့် ပြည့်နေသော တီဗီဖန်သားပြင်ကို မြင်သောအခါ ရဲရှင်းဟွေ့ ခဏတာ စကား မပြောနိုင်ဖြစ်သွားသည်။
......
တစ်ဖက်တွင်...
မီးဖိုချောင်ထဲ၌...
ရဲချန်သည် နံရိုးများကို ဓားဖြင့် ခုတ်ထစ်နေပြီး စုချင်းကမူ ပဲသီးများကို ခြွေနေသည်။
"ရှင်းဟွေ့ကို ဘယ်သူတွေလုပ်တယ်ဆိုတာ ရှင်သိတယ်မလား"
စုချင်းက ဟင်းသီးဟင်းရွက်များပြင်ဆင်ရင်း မေးလိုက်သည်။
"မြွေကွင်းစွပ်လူသတ်သမားအဖွဲ့အစည်းတစ်ခုပဲ! သူတို့က ပစ်မှတ်ကို ကိုင်တွယ်တဲ့အခါ ခြေရာလက်ရာမကျန်အောင် လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့… ရှင်းဟွေ့ရဲ့လည်ပင်းမှာ မြွေကွင်းစွပ် ရဲ့ အမှတ်တံဆိပ်ကို ထားခဲ့တယ်။ ဒါက ငါ့ကိုမြင်စေချင်တဲ့သဘောပဲ!"
"မြွေကွင်းစွပ်ကို ငှားရမ်းတဲ့သူကတော့… ရေနက်ကုမ္ပဏီ မှာ ရှိနေလောက်တယ်" ဤသို့ပြောရင်း ရဲချန်က စုချင်းကို ကြည့်လိုက်သည်။
ထိုအကြည့်ကိုမြင်သောအခါ စုချင်းက ခါးသီးစွာပြုံးလိုက်ပြီး "ပြီးတော့ စုမိသားစုလည်း ဖြစ်နိုင်တယ်!"
"ဟူး…" ရဲချန် သက်ပြင်းချလိုက်ပြီး "စုမိသားစု..." ဟု ရေရွတ်လိုက်သည်။
ရဲချန် အလွန်စိတ်ရှုပ်ထွေးသွားသည်။ အမှန်တကယ်တွင် သူသည် စုမိသားစုကို လွန်ခဲ့သောဆယ်နှစ်ကတည်းက ရှင်းလင်းဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း စုချင်း၏ မျက်နှာကို ထောက်ထား၍ သေသည်အထိ မလုပ်ခဲ့ပေ။
သို့သော် ဤကိစ္စကို အမှန်တကယ် စုမိသားစုက လုပ်ခဲ့သည်ဆိုလျှင် ရဲချန်သည် လုံးဝလက်မလျှော့တော့ပေ။
"ဒီတစ်ခါ ရှင်စုံစမ်းစစ်ဆေးဖို့ သွားမယ်ဆိုရင် ကျွန်မကိုပါခေါ်သွား ရေနက်ကုမ္ပဏီကို မသွားခင် စုမိသားစုဆီ အရင်သွားရအောင်။ ရှင်းဟွေ့တို့အပေါ် စုမိသားစုကပေးမယ့် အန္တရာယ်ကို ကျွန်မ အနည်းဆုံးဖြစ်အောင် လုပ်ချင်တယ်။"
သူမ၏ ကလေးများ၏ လုံခြုံရေးကို ပြောသောအခါ စုချင်း၏ အသံသည် အလွန်တည်ကြည်နေသည်။
"မင်း ဘာကိုဆိုလိုတာလဲ" ရဲချန် အနည်းငယ် ရှုပ်ထွေးသွားသည်။ စုချင်း ဘာကိုဆိုလိုသည်ကို သူနားမလည်ပေ။
"ကျွန်မ စုမိသားစုဆီ စာချုပ်တစ်ခုချုပ်ဖို့ သွားမလို့။ အကယ်၍ ကျွန်မသေသွားခဲ့ရင်… ကျွန်မရဲ့ရှယ်ယာတွေက ကျွန်မအဖေ လက်ရှိ စုမိသားစုရဲ့ အကြီးအကဲ စုလဲ့ ဆီကို လွှဲပြောင်းပေးမယ်လို့!"
ထိုစကားကိုကြားသောအခါ ရဲချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး "မဖြစ်ဘူး...ဒါ မင်းအတွက် အရမ်းအန္တရာယ်များတယ်" ဟု အော်လိုက်သည်။
"ကျွန်မတို့ကလေးတွေရှေ့မှာ ကျွန်မအန္တရာယ်က ဘာများအရေးပါလို့လဲ... ရှင်လည်း ဒီလိုပဲထင်တယ်မလား"