← Chapters

တီဗီပွင့်လာခြင်း

Vol. 1 Ch. 5

တီဗီပွင့်လာခြင်း

Vol. 1 Ch. 5

ရဲချန် တိတ်ဆိတ်သွားသည်။ ရဲချန်သည် တစ်ချိန်က ခြေသလုံးအိမ်တိုင်သမားတစ်ယောက်ဖြစ်ခဲ့သော်လည်း မိသားစုတစ်ခုရှိလာပြီးနောက်တွင် သူသည် အလွန်တည်ငြိမ်အခြေကျလာခဲ့ပြီး ဘလက်ဝါးတားကုမ္ပဏီ၏ ကိစ္စများကိုပင် မေးမြန်းစုံစမ်းခြင်း မရှိသလောက် ရှားပါးသွားခဲ့သည်။ သို့မဟုတ်လျှင် ဤသို့သောကိစ္စမျိုး ဖြစ်ပျက်လာမည်မဟုတ်ပေ။

"ဟူးးးး..."

ရဲချန် သက်ပြင်းချလိုက်ပြီး "ကောင်းပြီလေ။ မင်းကို ငါခေါ်သွားမယ်။ စုမိသားစုက တရုတ်ပြည်မှာဆို အဆင်ပြေပေမဲ့ နိုင်ငံခြားသွားရင်တော့… အရာအားလုံး ငါ့စကားအတိုင်းပဲဖြစ်ရမယ်...နားမလည်ဘဲ ပေမတေတေလုပ်လို့မရဘူး။"

"အင်း....ရှင့်မှာအစီအစဉ်ရှိလား" စုချင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အစီအစဉ် ဟုတ်လား… အရင်ဆုံး မြွေကွင်းစွပ် ကို ဘယ်သူငှားလဲဆိုတာ ရှာရမယ်။ ပြီးရင် အလုပ်အပ်တဲ့သူကို ဒီမစ်ရှင်ကိုဖျက်သိမ်းခိုင်းရမယ်။"

"အလုပ်အပ်တဲ့သူက ရှင့်စကားနားထောင်ပါ့မလား။" စုချင်းက အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ထိုစကားကိုကြားသော် ရဲချန်၏မျက်လုံးများက ချက်ချင်းဆိုသလို အေးစက်သွားပြီး "ငါသူ့ကိုရှာတွေ့သွားရင် သူ နားထောင်တာ မထောင်တာက သူ့ဆုံးဖြတ်ချက်မဟုတ်တော့ဘူး။"

"ကလေးတွေကကော။"

"စိတ်မပူနဲ့....သူတို့ကိုကာကွယ်ဖို့ ငါလူရှာထားမယ်။ ပြီးတော့ တရုတ်ပြည်ထက် ပိုလုံခြုံတဲ့နေရာ တစ်ကမ္ဘာလုံးမှာမရှိဘူး။"

...

မီးဖိုချောင်ထဲတွင် ရဲချန်နှင့် စုချင်းတို့သည် ရဲရှင်းဟွေ့၏အသက်အန္တရယ်ကို မည်သို့ကယ်တင်ရမည်ကို ဆွေးနွေးနေကြစဉ် ရဲရှင်းဟွေ့ကတော့ တယောတည်းအလုပ်ရှုပ်လို့နေ၏။ သူသည် နေရာအမျိုးမျိုးပြောင်းကာ လိုင်းရှာနေခဲ့သည်။

ရဲရှင်းဟွေ့သည် သူ၏လက်တစ်ဖက်ကို ပြတင်းပေါက်အပြင်ဘက်သို့ ဆန့်တန်းထားပြီး သူ၏လက်ဖဝါးပေါ်တွင် အဖြူအမည်းလှိုင်းများသာ ပြနေသော တီဗီလေးတစ်ခုက ပျံဝဲနေသည်။

"ချီးးးး... ဒီ တီဗီစုတ် China Mobile ကများထုတ်ထားတာလားမသိဘူး"ကျိန်ဆဲသံတစ်ချက်ပြုရင်း ရဲရှင်းဟွေ့သည် အခန်းထဲတွင် ခုန်ပေါက်လှုပ်ရှားကာ လိုင်းအားကောင်းအောင် ကြိုးစားတော့သည်။

များစွာကြိုးစားပြီးသည့်တိုင် တီဗီတွင် လိုင်းမမိသေးပေ။ လိုင်းမမိသော်လည်း ရဲရှင်းဟွေ့သည် တီဗီလေး၏ လုပ်ဆောင်ချက်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ ၎င်းမှာ အခြားမည်သူမျှ ဤတီဗီလေးကို မမြင်နိုင်ခြင်းပင်ဖြစ်သည်။

သူသိရှိသွားရသည့်အကြောင်းမှာ အစောပိုင်းက လိုင်းရှာနေစဉ် မှန်ထဲတွင် သူ၏ပုံရိပ်ကို မြင်တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။ မှန်ထဲတွင် တီဗီလေးကို မထင်ဟပ်နေခဲ့ပေ....မှန်ကပင် မထင်ဟပ်နိုင်မှတော့ လူ့မျက်စိများဖြင့်လည်း မြင်နိုင်မည်မဟုတ်သည်မှာ သေချာသည်။

သို့သော် ဤလုပ်ဆောင်ချက်က သိပ်အသုံးမဝင်လှပေ။ အများဆုံးလုပ်နိုင်သည်မှာ လူရှေ့သူရှေ့တွင် လိုင်းမမိသော ဤတီဗီစုတ်လေးကို ထုတ်ပြခြင်းလောက်သာ ဖြစ်သည်။ ရဲရှင်းဟွေ့ အရူးထမတတ်ဖြစ်နေစဉ်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံထွက်ပေါ်လာသည်။

"ရှင်းဟွေ့ ထမင်းစားရအောင်..."

စုချင်း၏ အသံပင်ဖြစ်သည်။

"လာပြီ" ရဲရှင်းဟွေ့က ပြန်ဖြေပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ တီဗီလေးမှာမူ သူ၏နောက်တွင် ဆက်လက်ပျံဝဲနေဆဲပင်။ မည်သူမှမမြင်နိုင်သည့်အတွက် သူလည်း ထိုအတိုင်းပင် လွှတ်ထားလိုက်သည်။

...

ထမင်းစားပွဲတွင် ရဲရှင်းဟွေ့သည် သူ၏အစ်ကိုကြီးကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ သူ၏အစ်ကိုကြီး ရဲရှင်းချန်၏ ရုပ်ရည်မှာ ရဲရှင်းဟွေ့နှင့် တစ်ပုံစံတည်းနီးပါးပင်... သို့သော် သူ၏ဟန်ပန်မှာ အနည်းငယ် ညိုးငယ်ပြီး ချောမောသည့်အမျိုးအစားဖြစ်သည်။ ရဲရှင်းဟွေ့မှာမူ နေရောင်ခြည်ကဲ့သို့ တောက်ပပြီး ချောမောသည့်အမျိုးအစားဖြစ်သည်။

သူ၏အစ်ကိုကြီးကို မြင်လိုက်သည်နှင့် ရဲရှင်းဟွေ့သည် အလိုအလျောက်ပင် သူ၏ အလုံးစုံသိမြင်ခြင်းမျက်လုံး ကို ဖွင့်လိုက်သည်။ ရဲရှင်းချန်၏ ခေါင်းပေါ်ရှိ တိုးတက်မှုဘားတန်းမှာ ပြည့်နေသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့က စိတ်ထဲမှတွေးလိုက်သည်။

"ထင်တဲ့အတိုင်းပဲ။ မိသားစုဝင်တွေအတွက် အချက်အလက်ပြဇယားတွေက အလိုလိုပြည့်နေတာပဲ။"

ရဲရှင်းချန်၏ အချက်အလက်များမှာ သူ၏မိဘများနှင့်နှိုင်းယှဉ်လျှင် အလွန်ပင်သာမန်ကျလှသည်။

အမည်: ရဲရှင်းချန်။

အသက်: ၁၈ နှစ်။

အလုပ်အကိုင်: အထက်တန်း တတိယနှစ်ကျောင်းသား။

စွမ်းရည်: ထိပ်တန်းအဆင့် သင်ယူနိုင်စွမ်းစွမ်းရည်။

ကိုယ်ရေးရာဇဝင်: ငယ်စဉ်ကတည်းက မိဘများ၏အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့ပြီး အခက်အခဲဒုက္ခများ မကြုံဖူးသေးသော အတောင်မစုံသေးသည့် လူငယ်တစ်ဦး။

ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့သည် 'ဘဝအတွေ့အကြုံ' ကဏ္ဍကို ရဲရှင်းချန်၏ ဘဝအလှည့်အပြောင်းများ သို့မဟုတ် အရေးကြီးသော ဘဝဖြစ်ရပ်များအကြောင်း အချက်အလက်ပေးရန် အလိုအလျောက် တိုက်တွန်းကြည့်လိုက်သည်။

သို့သော် ရလာသောအဖြေမှာ... ငယ်စဉ်ကတည်းက မိဘများ၏အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့ပြီး အခက်အခဲဒုက္ခများ မကြုံဖူးသေးသော အတောင်မစုံသေးသည့် လူငယ်တစ်ဦး... ဟူ၍ပင်။

...

ဤအချက်အလက်မှာ ရဲရှင်းဟွေ့က အစောပိုင်းတွင် သူ့ကိုယ်သူကြည့်ခဲ့စဉ်က မြင်ခဲ့ရသော အချက်အလက်နှင့် ဆင်တူသည်။ ထပ်တိုးလာသည်မှာ ထိုသင်ယူနိုင်စွမ်းစွမ်းရည်တစ်ခုသာ ဖြစ်သည်။

သို့သော်... ဤစွမ်းရည်တစ်ခုတည်းကပင် ရဲရှင်းဟွေ့ကို မနာလိုဖြစ်စေရန် လုံလောက်နေပြီဖြစ်သည်။

ရဲရှင်းဟွေ့၏ စွမ်းရည်နေရာတွင် 'မရှိ' ဟု ပြထားရာ သူ၌ မွေးရာပါစွမ်းရည်များ မရှိဟု အဓိပ္ပာယ်ရသည်။ သူ့မှာ ရွှေလက်ချောင်းတစ်ခုတော့ ရှိသည်။ သို့သော် ဤစွမ်းရည်နှင့် ကျွမ်းကျင်မှုတွင် ရွှေလက်ချောင်းကို ထည့်သွင်းမထားသည့်ပုံပင်။ ထို့ကြောင့်... ရဲရှင်းဟွေ့သည် သာမန်လူစစ်စစ်တစ်ယောက်သာဖြစ်သည်။

ထိုမျှသာမက သူ၏ဘဝအတွေ့အကြုံမှာလည်း သာမန်လူတစ်ဦးကဲ့သို့ပင် ထူးခြားမှုမရှိပေ။

သို့သော် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က သူ့ကို ပစ်မှတ်ထား လာသည်ဟု ရဲရှင်းဟွေ့ တွေးမိသောအခါ... သူ၏ဘဝသည် ပြောင်းလဲတော့မည်ဟု ခံစားလိုက်ရသည်။

ဤသို့တွေးမိသော် ရဲရှင်းဟွေ့၏ ညာလက်သည် သူ၏လည်ပင်းဘေးရှိ မြွေကွင်းစွပ် အမှတ်အသားကို အလိုအလျောက် သွားရောက်ထိတွေ့မိသည်။

ရဲရှင်းဟွေ့သည် မြွေကွင်းစွပ် အမှတ်အသားက ဘာလဲဆိုတာ မသိသော်လည်း... ၎င်းသည် ကောင်းသောအရာမဟုတ်သည်မှာ သေချာသည်။

ရဲရှင်းဟွေ့၏ တစ်ဖက်တွင်ထိုင်နေသော ရဲချန်သည် သူ၏သားငယ်၏ အပြုအမူကိုမြင်ပြီး စိတ်ထဲမှ "စိတ်မပူပါနဲ့...မင်းကို ဘယ်သူ့ကိုမှ ထပ်ပြီးအန္တရာယ်ပေးခွင့်ပြုမှာမဟုတ်ဘူး။" ဟု တွေးလိုက်သည်။

ထိုအချိန်တွင်ပင် ရဲချန်သည် သူ၏မိသားစုကို အန္တရာယ်ပြုလိုသော လူယုတ်မာကို သတ်ပစ်ရန်လည်း ဆုံးဖြတ်ချက်ချလိုက်သည်။

...

ရဲချန် စိတ်ဆုံးဖြတ်နေစဉ် ရဲရှင်းဟွေ့၏ဘေးရှိ တီဗီလေးတွင် ရုတ်တရက် လိုင်းဝင်လာသည်။ မူလက အဖြူအမည်းလှိုင်းများသည် တဂျစ်ဂျစ်မြည်သံအနည်းငယ်ထွက်ပေါ်လာပြီးနောက် ရုပ်ပုံတစ်ခု ပေါ်လာခဲ့သည်။

ရဲရှင်းဟွေ့သည် အဘယ်ကြောင့်ဤသို့ဖြစ်သွားသည်ကို မသိသော်လည်း တီဗီလေးတွင် ရုပ်ပုံပေါ်လာသည်ကို မြင်ရသောအခါ အလွန်ပျော်ရွှင်သွားသည်။

"ကောင်းပြီ။ ရုပ်လည်းပေါ်လာပြီဆိုတော့ ငါ့ရဲ့ ရွှေလက်ချောင်းက ဘာလိုစွမ်းဆောင်ရည်လဲ"

ရဲရှင်းဟွေ့သည် ထမင်းစားရင်း တီဗီလေးကို ကြည့်နေလိုက်သည်။

တီဗီလေးသည် ထမင်းစားပွဲ၏ အလယ်တည့်တည့်တွင် ရှိနေသောကြောင့် ရဲရှင်းဟွေ့သည် ထမင်းစားရင်း တီဗီကြည့်နေသော်လည်း အခြားသူများအမြင်တွင်မူ သူသည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်နေသကဲ့သို့ ထင်ရသည်။

အနီးတွင် ထမင်းစားနေသော စုချင်းက ထိုမြင်ကွင်းကိုတွေ့သောအခါ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့၏ ပန်းကန်များထဲသို့ ဟင်းများ အဆက်မပြတ်ထည့်ပေးနေတော့သည်။

...

ရဲရှင်းဟွေ့သည် တီဗီလေးပေါ်ရှိ မြင်ကွင်းနှင့် အလွန်ရင်းနှီးနေသည်။အကြောင်းမှာ ၎င်းသည် စားပွဲတင်တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်နေသောကြောင့်ပင်။ စားပွဲတင်တင်းနစ်ပြိုင်ပွဲဖြစ်နေသည်ကိုမြင်တော့ ရဲရှင်းဟွေ့ အနည်းငယ် ရှုပ်ထွေးသွားသည်။

သို့သော် ၎င်းသည် တီဗီတစ်လုံးဖြစ်သည်ဟု တွေးမိသောအခါ... စားပွဲတင်တင်းနစ်ပြိုင်ပွဲပြခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ပြိုင်ပွဲပေါ်လာခြင်းက ရဲရှင်းဟွေ့ကို သူ၏ရွှေလက်ချောင်းအပေါ် မျှော်လင့်ချက်များ လုံးဝစွန့်လွှတ်သွားစေခဲ့သည်။

နတ်ဘုရားထံမှ ရရှိသောတီဗီတွင် ထူးခြားသောလုပ်ဆောင်ချက်များ ပါဝင်နိုင်သည်ဟု သူထင်ခဲ့သော်လည်း... ဤတီဗီစုတ်လေးမှာ တကယ့်ကို တီဗီတစ်လုံးသာ ဖြစ်နေခဲ့သည်။

သူသည် စိတ်ထဲမှ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဤသည်မှာ သူ၏ကံကြမ္မာပင် ဖြစ်မည်ဟု တွေးလိုက်သည်။ သို့သော် ကံကောင်းစွာဖြင့် သူ၌ စစ်ဘုရင်ဖခင်နှင့် မမြင်ရသော သူဌေးမိခင်တစ်ဦး ရှိနေသေးသည်။

ရဲရှင်းဟွေ့ ဤသို့တွေးနေစဉ်မှာပင် ရဲချန်က စကားစပြောလာသည်။

"ရှင်းဟွေ့၊ ရှင်းချန်၊ ဖေနဲ့မေ ဒီနှစ်ရက်အတွင်း မင်းတို့အမေ့ဘက်ကအဘိုးအိမ်ကို သွားစရာရှိတယ်။ ဆယ်ရက်၊ ဆယ့်ငါးရက်လောက်တော့ ကြာလိမ့်မယ်။ အိမ်မှာကောင်းကောင်းနေနော်"သူ၏ဖခင်စကားကိုကြားသော် ရဲရှင်းဟွေ့ ချက်ချင်း တောင့်တင်းသွားသည်။

"ခဏလေး....ဖေဖေ မေမေ အဘိုးအိမ်ကိုသွားမယ်ဆိုရင် သားလည်းလိုက်ချင်တယ်။" ရဲရှင်းဟွေ့သည် သူ၏ပန်းကန်နှင့် တူကိုချကာ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ရဲချန်နှင့် စုချင်းတို့နှစ်ဦးစလုံးက သူတို့၏သားသည် မိဘများနှင့် မခွဲလိုဟု ထင်လိုက်ကြသည်။

သူတို့မသိသောအချက်မှာ ရဲရှင်းဟွေ့က သူ၏မိဘများနှင့် အတူနေလိုရသည့် အဓိကအကြောင်းရင်းမှာ လုပ်ကြံသတ်ဖြတ်သူက သူ့ထံ ထပ်မံရောက်လာမည်ကို ကြောက်သောကြောင့်ဖြစ်သည်။

ရဲရှင်းဟွေ့ နောက်ထပ်စကားတစ်ခွန်းပြောမည်အပြုတွင် ရုတ်တရက် အကြောင်းအရာတစ်ခုကို စဉ်းစားမိသွားသည်။ စစ်ဘုရင်တစ်ယောက်ဖြစ်တဲ့ ဖခင်တစ်ယောက်က သူ့သား လုပ်ကြံခံရပြီးမကြာခင်မှာပဲ ဒီလောက်အလျင်စလို ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ။

သူ ဒီလို အလျင်စလိုထွက်သွားရတဲ့ အကြောင်းရင်းက တစ်ခုပဲရှိနိုင်တယ်၊ အဲဒါကတော့ သူ့နောက်က လုပ်ကြံသတ်ဖြတ်သူ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ရှာဖွေပြီး သူ့ရဲ့နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းဖို့ပါပဲ။

All Chapters