← Chapters

တီဗီ၏ စစ်မှန်စွမ်းအား

Vol. 1 Ch. 6

တီဗီ၏ စစ်မှန်စွမ်းအား

Vol. 1 Ch. 6

ထိုအချိန်မှာပင် စုချင်းက နံရိုးတစ်ချောင်းကို ညှပ်ယူပြီး ရဲရှင်းဟွေ့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ရှင်းဟွေ့....မေတို့က လဝက်လောက်ပဲ သွားမှာလေ... ပြီးတာနဲ့ ပြန်လာခဲ့မှာ...သားတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအတွက်တော့ အမေ အကုန်စီစဉ်ပြီးသွားပြီ။"

"မနက်ဖြန်ကျရင် သားရဲ့အန်တီ ကျိုးလင်က လာခေါ်လိမ့်မယ်။ နောက် လဝက်လောက်တော့ သားတို့ ကျိုးလင်ရဲ့အိမ်မှာ သွားနေလိုက်ပေါ့။"

ကျိုးလင်ဆိုသော နာမည်သည် ရဲရှင်းဟွေ့အတွက် အလွန်ရင်းနှီးနေသည်။ မူလခန္ဓာပိုင်ရှင် သိထားသည်မှာ ကျိုးလင်သည် စုချင်း၏ အခင်ဆုံးသူငယ်ချင်းတစ်ယောက်သာ ဖြစ်သည်။

သို့သော် ရဲရှင်းဟွေ့သည် အလုံးစုံသိမြင်ခြင်းမျက်လုံး မှတစ်ဆင့် ပိုမိုများပြားသော အချက်အလက်များကို သိထားသည်။ ကျိုးလင်သည် အမှန်တကယ်တွင် စုချင်း၏ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး သူ၏အဖေ ရဲချန်နှင့် မပြတ်မသား ဆက်ဆံရေးမျိုး ရှိခဲ့ဖူးသည်။

သူ့မိဘများ ထွက်သွားရသည့် အကြောင်းရင်းကို ခန့်မှန်းမိပြီးဖြစ်သောကြောင့် ရဲရှင်းဟွေ့သည် ဆက်လက်၍ မကန့်ကွက်တော့ပေ။

...

ရဲရှင်းဟွေ့ ပန်းကန်ကို ပြန်ကောက်ကိုင်လိုက်သည့်အချိန်မှာပင် သူ၏ရှေ့မှ တီဗီပေါ်တွင် ပြသနေသော စားပွဲတင်တင်းနစ်ပွဲသည်လည်း ပြီးဆုံးသွားခဲ့သည်။

ပွဲသည် ဟွာရှားအသင်းက ၃-၀ ဆိုသော ရလဒ်ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။

ဟွာရှား စားပွဲတင်တင်းနစ်ကစားသမားများမှာ အမှန်တကယ်ပင် အံ့မခန်းကောင်းမွန်လှသည်ဟုသာ ဆိုနိုင်ပေသည်။ ပွဲပြီးသွားလျှင် တီဗီသည် လိုင်းမမိသကဲ့သို့ ပြန်ဖြစ်သွားမည်ဟု သူထင်ထားခဲ့သော်လည်း… ရဲရှင်းဟွေ့ မမျှော်လင့်ထားသည်မှာ သူ၏စိတ်ထဲသို့ အသိပညာများ ရုတ်တရက် အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ ဓာတ်လိုက်ခံရသကဲ့သို့ အနည်းငယ် တုန်ခါလာခြင်းပင် ဖြစ်သည်။

သူ၏ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိလိုက်သောအခါ ရဲရှင်းဟွေ့သည် ပန်းကန်နှင့် တူကို ချလိုက်ပြီး "ကျွန်တော် ဗိုက်ပြည့်သွားပြီ" ဟု ပြောကာ သူ၏အခန်းဆီသို့ ထွက်သွားလေသည်။

ရဲချန်နှင့် စုချင်းတို့သည် ထိုမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့သည် စိတ်ကောက်နေဆဲဟု ထင်မှတ်ကာ သူတို့မရှိသည့်အချိန်တွင် ညီဖြစ်သူကို ကောင်းစွာစောင့်ရှောက်ရန် ရဲရှင်းချန်အား ချက်ချင်းပင် မှာကြားကြတော့သည်။

ရဲရှင်းဟွေ့ အခန်းထဲသို့ ပြန်ရောက်သွားပြီးနောက် သူ၏ အနည်းငယ်သာ တုန်ခါနေခဲ့သော ကြွက်သားများသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။

ဆယ်မိနစ်ခန့် တုန်ခါပြီးနောက်တွင် ရဲရှင်းဟွေ့သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး တစ်ကိုယ်လုံး ချွေးများရွှဲကာ လုံးဝ အားအင်ကုန်ခမ်းသွားတော့သည်။

ထိုခံစားချက်မှာ ဘတ်စကတ်ဘောတစ်ပွဲ ထို့နောက် ဘောလုံးတစ်ပွဲကစားပြီး အဆုံးတွင် မာရသွန်အပြည့်တစ်ပွဲ ပြေးလိုက်ရသကဲ့သို့ပင်။သူ၏ခန္ဓာကိုယ်ထဲမှ အားအင်နှင့် စွမ်းအင်အားလုံးကို ညှစ်ထုတ်ခံလိုက်ရပြီး ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဟူး... ရုတ်တရက်ကြီးပါလား။ ဒါဆိုတော့ ဒါက ငါ့ရဲ့ တီဗီ 'ရွှေလက်ချောင်း' ရဲ့ စွမ်းဆောင်ရည်ပေါ့!"ယခုအခါတွင် ရဲရှင်းဟွေ့သည် ဤတီဗီ၏ စွမ်းဆောင်ရည်မှာ အဘယ်အရာဖြစ်သည်ကို သိရှိသွားပြီဖြစ်သည်။

ထိုအချိန်တွင် ရဲရှင်းဟွေ့၏ စိတ်ထဲ၌ စားပွဲတင်တင်းနစ် နည်းစနစ်အမျိုးမျိုးနှင့် ထူးခြားသော ရိုက်ချက်များဖြင့် ပြည့်နှက်နေသည်။ ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ ရဲရှင်းဟွေ့သည် ထိုပွဲကို ကြည့်ရှုခဲ့ပြီးနောက် ပွဲအတွင်းမှ ဟွာရှားကစားသမားများ၏ စွမ်းရည်များကို သူက ကူးယူရရှိလိုက်သောကြောင့် ဖြစ်သည်။

နည်းစနစ်များသာမက ကာယကြံ့ခိုင်မှုကိုပါ ရရှိခဲ့သည်။

ရဲရှင်းဟွေ့ ယခုကဲ့သို့ ခွေးသေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရခြင်းမှာလည်း တီဗီက သူ၏ခန္ဓာကိုယ်ကို ပြောင်းလဲပေးနေသောကြောင့် ဖြစ်သည်။

...

ရဲရှင်းဟွေ့သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားရင်း စိတ်ထဲမှ စားပွဲတင်တင်းနစ် အသိပညာအမျိုးမျိုးကို ပြန်လည်စဉ်းစားနေမိသည်။

နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင် ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူသည် ကြမ်းပြင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး နာကျင်ကိုက်ခဲနေဆဲဖြစ်သော သူ၏ခန္ဓာကိုယ်ကို အသာအယာ လှုပ်ရှားလိုက်သည်။ ရဲရှင်းဟွေ့သည် စားပွဲဆီသို့ လျှောက်သွားကာ မှန်ကို ကောက်ကိုင်ပြီး မိမိကိုယ်ကို ကြည့်လိုက်သည်၊ ထို့နောက် အလုံးစုံသိမြင်ခြင်းမျက်လုံး ကို ဖွင့်လိုက်သည်။

အမည်: ရဲရှင်းဟွေ့

အသက်: တစ်ဆယ့်ခုနစ်နှစ်

အလုပ်အကိုင်: အထက်တန်း ဒုတိယနှစ်ကျောင်းသား

စွမ်းရည်: စားပွဲတင်တင်းနစ် ကျွမ်းကျင်မှု

ကိုယ်ရေးရာဇဝင်: ထူးခြားမှုမရှိ

...

သူ၏စွမ်းရည်ကဏ္ဍတွင် "စားပွဲတင်တင်းနစ် ကျွမ်းကျင်မှု" ဟူသော စာသားတစ်ခု ထပ်တိုးလာသည်ကို မြင်သောအခါ ရဲရှင်းဟွေ့ အလွန်ပင် ပျော်ရွှင်သွားသည်။

"ငါ့ရဲ့ တီဗီ 'ရွှေလက်ချောင်း' က အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ!"

ထိုအချိန်မှာပင် ရဲရှင်းဟွေ့၏ အခန်းတံခါးကို အပြင်မှတစ်ဖန် လာခေါက်ပြန်သည်။

"ရှင်းဟွေ့၊ အမေ ဝင်ခဲ့လို့ရမလား"

သူ့အမေ၏ အသံကို ကြားသောအခါ ရဲရှင်းဟွေ့သည် တစ်ရှူးဘူးထဲမှ တစ်ရှူးနှစ်ရွက်ကို ဆွဲထုတ်ကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး "ဝင်ခဲ့ပါ!" ဟု ပြောလိုက်သည်။

တံခါးဖွင့်သံနှင့်အတူ စုချင်းသည် ပြုံးရွှင်စွာ ဝင်လာခဲ့သည်။ ချွေးများရွှဲနေသော ရဲရှင်းဟွေ့ကို မြင်သောအခါ စုချင်းသည် အနည်းငယ် ရှုပ်ထွေးစွာဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။ "ရှင်းဟွေ့.... သား နေမကောင်းဘူးလား"

"ဘာမှမဖြစ်ပါဘူး! ကျွန်တော် ဒုတ်ရိုက်လေ့ကျင့်နေလို့ပါ!"

သူပြောလိုက်ရင်း စားပွဲပေါ်မှ စားပွဲတင်တင်းနစ်ရက်ကက်ကို ညွှန်ပြလိုက်သည်။

စုချင်းသည် သူမ၏အငယ်ဆုံးသား၏ အိပ်မက်မှာ ပရော်ဖက်ရှင်နယ် စားပွဲတင်တင်းနစ်ကစားသမားတစ်ယောက် ဖြစ်လိုခြင်းဖြစ်ကြောင်းကို သိပြီးဖြစ်၍ သူ့ကို အလွန်ပင် အားပေးထောက်ခံခဲ့သည်။

"ရှင်းဟွေ့...အမေ သားနဲ့ စကားပြောဖို့ လာတာက ညစာစားပွဲမှာ ပြောခဲ့တဲ့ ကိစ္စ..."

သို့သော် စုချင်း စကားမဆုံးမီမှာပင် ရဲရှင်းဟွေ့က ပြုံးလျက် ဖြတ်ပြောလိုက်သည်။ "ပြောဖို့မလိုတော့ပါဘူး အမေရယ်။ ကျွန်တော် အမေတို့နဲ့ လိုက်မသွားဘူးလို့ အရင်ကတည်းက ပြောပြီးပြီပဲလေ။ အမေတို့နှစ်ယောက်တည်း အတူတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးလိုက်ပါ!"

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ စုချင်းသည် ပြုံးလိုက်ပြီး သူမ၏အိတ်ကပ်ထဲမှ ငွေသား ယွမ် ၂၀၀၀ ကို ထုတ်ယူကာ ရဲရှင်းဟွေ့အား ပေးလိုက်ပြီး ပြောသည်။

"ရှင်းဟွေ့...ဒါက ယွမ် ၂၀၀၀ ။ သုံးလို့ကုန်သွားရင် မင်းအစ်ကိုဆီက ထပ်တောင်းလိုက်....ဘဏ်ကတ်ကိုတော့ မင်းအစ်ကိုဆီမှာ အမေ ထားခဲ့တယ်"

"ဟုတ်! သိပါပြီ။"

ရဲရှင်းဟွေ့က တုံ့ပြန်လိုက်ပြီး စုချင်း၏လက်ထဲမှ ငွေသားကို လှမ်းယူလိုက်သည်။ စုချင်းက ရဲရှင်းဟွေ့အား အနည်းငယ် ထပ်မံမှာကြားပြီးနောက် သူ၏အခန်းထဲမှ ထွက်သွားခဲ့သည်။

...

စုချင်း ထွက်သွားပြီးနောက် ရဲရှင်းဟွေ့သည် ချွေးများဖြင့် စိုရွှဲနေသော သူ၏ တီရှပ်လက်တိုကို ချွတ်လိုက်သည်။ မှန်ကို အသုံးပြု၍ ရဲရှင်းဟွေ့သည် သူ၏ လက်ရှိခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

ယခင်က ဆေးရုံတွင် တစ်ကိုယ်လုံး စစ်ဆေးမှုပြုလုပ်ခဲ့သောကြောင့် သူသည် ပိန်လှီသော ခန္ဓာကိုယ်ရှိသည်ကို သိထားခဲ့သည်။

သို့သော် ယခုတစ်ဖန် ကြည့်လိုက်သောအခါ ပိန်နေဆဲဖြစ်သော်လည်း သူ၏ဝမ်းဗိုက်တွင် ကြွက်သားဖုများ ထွက်ပေါ်နေပြီဖြစ်သည်။

သူသည် စားပွဲတင်တင်းနစ်ရက်ကက်ကို ဘယ်လက်ဖြင့် ကောက်ကိုင်ကာ ရိုက်ခတ်သည့်ဟန် ပြုလုပ်လိုက်ရာ ဖော်ပြ၍မရနိုင်သော ခန့်ညားမှုတစ်မျိုးကို မြင်တွေ့ရသည်။

"ဟားဟား! ဒီလိုခန္ဓာကိုယ်မျိုးက မိန်းကလေးတော်တော်များများကို ဆွဲဆောင်နိုင်မှာပဲ"ရဲရှင်းဟွေ့သည် စိတ်ထဲမှ ဂုဏ်ယူစွာ တွေးနေမိသည်။

သို့သော် သူ၏လည်ပင်းဘေးရှိ အနီရောင် မြွေကွင်းစွပ် သင်္ကေတကို မြင်လိုက်သောအခါ သူ၏အပြုံးများ ရပ်တန့်သွားသည်။

အမှန်အတိုင်းပြောရလျှင် ဤအနီရောင် မြွေကွင်းစွပ် သင်္ကေတသည် တက်တူးတစ်ခုနှင့် တူပြီး လည်ပင်းဘေးတွင် ရေးထိုးထားသည်မှာ အတော်ပင် ကြည့်ကောင်းလှသည်။

သို့သော်… ဤအနီရောင် မြွေကွင်းစွပ် သည် လူသတ်သမားအဖွဲ့အစည်းတစ်ခု၏ အမှတ်အသားကို ကိုယ်စားပြုသည်ဟု တွေးမိသောအခါ ရဲရှင်းဟွေ့၏ နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

"ချီးး... ဒီနေ့ တီဗီအစီအစဉ်ကသာ အနောက်ရပ်သို့ခရီးသွားခြင်း(Journey to the West) သာဆိုရင် အရမ်းကောင်းမှာပဲ! စွန်းဝူခုန်း ရဲ့ စွမ်းရည်တွေကို တိုက်ရိုက်ကူးယူလိုက်နိုင်ရင် ငါက ပြိုင်ဘက်ကင်း ဖြစ်သွားမှာ!"

ထိုအရာသည် စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သော်လည်း မဖြစ်နိုင်ဟုတော့ မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤတီဗီသည် နတ်ဘုရားတစ်ပါးက ပေးအပ်ထားသောကြောင့် ဖြစ်သည်။

သူ၏လည်ပင်းပေါ်မှ မြွေကွင်းစွပ် အမှတ်အသားကို တို့ထိရင်း ရဲရှင်းဟွေ့သည် ၎င်းကို ဖျက်ပစ်ရန် တက်တူးဆိုင်သို့ သွားသင့်သလား သို့မဟုတ် အပေါ်မှ တက်တူးတစ်ခု ထပ်ထိုးပြီး ဖုံးကွယ်ထားသင့်သလားဟု စဉ်းစားနေမိသည်။

"အချိန်ရတဲ့အခါ တက်တူးဆိုင်ကို သွားမေးကြည့်ရမယ်!"

ထိုသို့ ရေရွတ်ပြီးနောက် ရဲရှင်းဟွေ့သည် ရေမိုးချိုးပြီး အိပ်စက်လိုက်တော့သည်။

...

နောက်တစ်နေ့။

ရဲရှင်းဟွေ့သည် နံနက် ငါးနာရီခွဲတွင် စောစောနိုးလာခဲ့သည်။ ဤသည်မှာ ရဲရှင်းဟွေ့၏ ဆန္ဒမဟုတ်ဘဲ မူလခန္ဓာပိုင်ရှင်၏ ဇီဝနာရီကြောင့် ဖြစ်သည်။

မူလခန္ဓာပိုင်ရှင်သည် နေ့စဉ် နံနက် ငါးနာရီခွဲတွင် အပြင်ထွက်၍ လေ့ကျင့်ခန်းလုပ်လေ့ရှိပြီး ခြောက်နာရီခွဲတွင် ပြန်လာကာ သူ၏အမေ ပြင်ဆင်ထားသော နံနက်စာကို အချိန်မီ စားသုံးလေ့ရှိသည်။

နံနက်တိုင်း လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းမွန်သော အကျင့်တစ်ခုဟု ခံစားမိသောကြောင့် ရဲရှင်းဟွေ့သည်လည်း ၎င်းကို ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်သည်။

သူသည် ငါးနာရီခွဲတွင် ထွက်လာပြီး သူတို့နေထိုင်ရာ ရပ်ကွက်တစ်ခုလုံးကို အကြိမ်အနည်းငယ် ပတ်ပြေးခဲ့သည်။ အကြိမ်အနည်းငယ် ပတ်ပြေးပြီးနောက်တွင် ရဲရှင်းဟွေ့သည် လုံးဝမမောပန်းသည့်အပြင် ပြေးလေလေ ပို၍ စိတ်လှုပ်ရှားတက်ကြွလာလေဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။

All Chapters