← Chapters

မသေမျိုးဧကရာဇ်၏ ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 8

မသေမျိုးဧကရာဇ်၏ ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 8

ပွေ့ဖက်ခြင်းခံထားရသော ရဲရှင်းဟွေ့မှာ လုံးဝကို ကြောင်တောင်တောင် ဖြစ်နေလေသည်။ ညီအစ်ကိုနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်ပေမဲ့လည်း၊ ဤသို့ အကြောင်းပြချက်မရှိဘဲ ပွေ့ဖက်ခြင်းက ရဲရှင်းဟွေ့ကို အနည်းငယ် အနေရခက်စေခဲ့သည်။

"ကျွန်တော်... အစ်ကို... အစ်ကို ဘာဖြစ်နေတာလဲ"

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ရဲရှင်းချန်သည်လည်း ပြန်လည်မွေးဖွားခြင်း၏ ပျော်ရွှင်မှုမှ တည်ငြိမ်သွားတော့သည်။

ပြန်လည်မွေးဖွားလာခြင်းက ပျော်စရာကောင်းတာတော့ သေချာပါသည်... သို့သော်... လက်ရှိကမ္ဘာကြီးက သူသိခဲ့သည့်ကမ္ဘာနှင့် မတူတော့ချေ။

သူ့ညီလေးက မသေသေးဘူးဆိုသည့်အချက်က သူ့ကို အလွန်အမင်း ရှုပ်ထွေးသွားစေသည်။ သူမှတ်မိသလောက်ဆိုလျှင် သူ ကျိုးလင်၏အိမ်သို့သွားသည့်အချိန်က သူ့ညီလေးမှာ သေဆုံးသွားခဲ့ပြီးဖြစ်သည်။

ဒီလိုတွေးမိပြီးနောက် ရဲရှင်းချန်သည် ရဲရှင်းဟွေ့ကို သေချာစူးစိုက်ကြည့်လိုက်သည်။ ရဲရှင်းဟွေ့မှာတော့ ရဲရှင်းချန်၏ အကြည့်ကို အာရုံမစိုက်နိုင်ခဲ့ပေ။ အကြောင်းမှာ... သူ၏ တီဗီလေး ရွှေလက်ချောင်း လိုင်းပြန်မိလာသောကြောင့်ဖြစ်သည်။

မူလက တီဗီလေး သည် ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသော်လည်း ခုနကပင် တီဗီသည် သူ့အလိုလို ပျံထွက်လာပြီး ရုပ်ရှင်တစ်ကားကို စတင်ပြသနေခဲ့သည်။

ရဲရှင်းဟွေ့သည် ဤရုပ်ရှင်နှင့် အတော်လေး ရင်းနှီးပါ၏။ ၎င်းမှာ စတီဖင်ချောင်၏ 'လောင်းကစားဘုရင်' ရုပ်ရှင်ဖြစ်သည်။

'လောင်းကစားဘုရင်' ဟု တွေးမိလိုက်သည်နှင့် အံ့ဖွယ်လောင်းကစားစွမ်းရည်များအပြင်၊ သဘာဝလွန်စွမ်းအားများ သို့မဟုတ် အထူးစွမ်းရည်များကိုပါ သတိရမိသည်။

ဒီသို့တွေးမိသောအခါ ရဲရှင်းဟွေ့သည် ရဲရှင်းချန် အစောက ဘာတွေဖြစ်ပျက်နေသည်ကို ဂရုမစိုက်တော့ဘဲ လောင်းကစားဘုရင် ရုပ်ရှင်ကိုသာ အာရုံစိုက်ပြီး ကြည့်ရှုနေတော့သည်။

ရဲရှင်းဟွေ့က သူ့ကို လျစ်လျူရှုနေသည်ကိုမြင်သောအခါ ရဲရှင်းချန်မှာ မျက်မှောင်ကြုတ်သွားသည်။ ယခု ရဲရှင်းချန်သည် သူ့ညီလေး အသက်ရှင်နေရခြင်းအတွက် ဖြစ်နိုင်ခြေအချို့ကို စဉ်းစားနေသည်။ ပထမတစ်ချက် သူပြန်လည်မွေးဖွားလာသည့်ကမ္ဘာသည် မူလကမ္ဘာမဟုတ်ဘဲ စင်ပြိုင်ကမ္ဘာတစ်ခု ဖြစ်နေနိုင်သည်။

ဒုတိယတစ်ချက် သူ့ညီလေးသည် ပူးကပ်ခြင်းခံနေရခြင်းပင်။

တတိယတစ်ချက် ရဲရှင်းချန် အဖြစ်ချင်ဆုံးသော ဖြစ်နိုင်ခြေမှာ... သူသည် အတုအယောင်မြင်ကွင်းတစ်ခုထဲတွင် ရှိနေသေးခြင်းပင်။

မသေမျိုးဧကရာဇ်တစ်ပါးအနေဖြင့် သာမန်အတုအယောင်မြင်ကွင်းများက သူ့ကို မထိခိုက်နိုင်သည်မှာ သေချာသော်လည်း... မသေမျိုးဧကရာဇ်အများအပြားက တစ်ချိန်တည်းတွင် တိုက်ခိုက်လာမည်ဆိုလျှင်တော့... ဒါကတစ်မျိုးဖြစ်သွားနိုင်သည်။

.....

ရဲရှင်းချန်သည် သူ့ဘေးမှ ညီလေးကို ကြည့်ကာ မေးလိုက်သည်။ "ရှင်းဟွေ့၊ မင်းကိုငါမေးမယ်...အိမ်မှာ အမေ့ရဲ့အကြိုက်ဆုံးပန်းအိုးကို ခွဲမိရင် မင်းဘာလုပ်မလဲ"

တီဗီကြည့်နေသော ရဲရှင်းဟွေ့သည် ထိုမေးခွန်းကိုကြားသော် ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်သည်။ "ဒါပေါ့...အစ်ကို့အပေါ်ပုံချလိုက်မှာပေါ့"

ရဲရှင်းဟွေ့၏ စိတ်ထဲရှိသည့်အတိုင်း အလိုအလျောက်ထွက်ကျလာသောအဖြေကြောင့် ရဲရှင်းချန်မှာ ခေါင်းညိတ်မိသွားသည်။ ရဲရှင်းချန်သည် ခဏစဉ်းစားပြီးနောက် မေးခွန်းမေးရုံဖြင့် စိတ်မချရသေးဟု ခံစားလိုက်ရသည်။ ချက်ချင်းပင် သူသည် ရဲရှင်းဟွေ့၏နဖူးကို လက်ညှိုးဖြင့်ထောက်လိုက်ပြီး နတ်ဘုရားဝိညာဉ်စွမ်းအားကို စိမ့်ဝင်စေကာ သူ့ညီလေး၏ ဝိညာဉ်ကို စတင်စစ်ဆေးတော့သည်။

တီဗီကြည့်နေသော ရဲရှင်းဟွေ့သည် ရုတ်တရက် နဖူးထောက်ခံလိုက်ရသဖြင့် အနည်းငယ်ကြောင်သွားပြီး ရုတ်တရက် ခေါင်းထဲတွင် တခုခုဝင်ရှိနေသလို မူးဝေလာသလို ခံစားလိုက်ရသည်။

သူမူးဝေသွားသည်နှင့် သူ၏မျက်လုံးများသည်လည်း အလိုအလျောက်ပင် အလုံးစုံသိမြင်ခြင်းမျက်လုံးကို ဖွင့်လိုက်မိသည်။ ခေါင်းက လေးလံနေသော်လည်း ရဲရှင်းဟွေ့သည် ရဲရှင်းချန်၏ အချက်အလက်များကို ရှင်းလင်းစွာ မြင်နေရသည်။

အမည်: ရဲရှင်းချန်။

အသက်: ၁၈

အလုပ်အကိုင်: အထက်တန်းကျောင်းသား။

စွမ်းရည်များ: ကြယ်တာရာဧကရာဇ်သိုင်းကျမ်း၊ ကြယ်တာရာကိုယ်ခန္ဓာကျင့်စဉ်၊ ဆေးဖော်ပညာ၊ လက်နက်သန့်စင်ခြင်းပညာ၊ ထိုက်ကျီစိတ်စွမ်းအားကျင့်စဉ်.........

ကိုယ်ရေးရာဇဝင်: ယခင်ဘဝတွင် ချောက်ကမ်းပါးပေါ်မှ ခုန်ချခိုင်းခံခဲ့ရသော်လည်း မသေဘဲ ကျင့်ကြံခြင်းလောကသို့ ရောက်ရှိသွားခဲ့သည်။ မသေမျိုးအခွင့်အရေးအမျိုးမျိုးဖြင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် မသေမျိုးဧကရာဇ်အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ကြွင်းကျန်ဝိညာဉ်တစ်စသည် အချိန်နှင့်နေရာကိုဖြတ်ကျော်ကာ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်.........

.....

ရဲရှင်းဟွေ့သည် ရဲရှင်းချန်၏ ကိုယ်ရေးရာဇဝင်ကို ကြောင်ကြည့်နေစဉ် သူ့ခေါင်းထဲမှ မူးဝေမှုပင် အရေးမပါတော့ချေ။

"သောက်ကျိုးနည်းပဲ...ဒါဘာတွေဖြစ်ကုန်တာလဲ.... ငါ့အစ်ကိုက ပြန်လည်မွေးဖွားလာတဲ့ မသေမျိုဧကရာဇ် ဖြစ်သွားတယ်ဟုတ်လား"

"အဖေက မြို့ပြစစ်ဘုရင် ဇာတ်လိုက်၊ အမေက မြို့ပြရဲ့ တော်ဝင်မိန်းမပျို ဇာတ်လိုက်မ၊ အခု ငါ့အစ်ကိုကပါ မြို့ပြမသေမျိုးဧကရာဇ် ပြန်လည်မွေးဖွားခြင်း ဇာတ်လိုက် ဖြစ်လာပြန်ပြီလား"

ယခုအခါ ရဲရှင်းဟွေ့သည် သူ၏အန္တရာယ်အဆင့်မှာ သိသိသာသာ မြင့်တက်လာပြီဟု ခံစားလိုက်ရသည်။

မြို့ပြစစ်ဘုရင်ဖြစ်စေ၊ မသေမျိုးဧကရာဇ် ပြန်လည်မွေးဖွားလာခြင်းဖြစ်စေ၊ ထိုဇာတ်လိုက်များအနားတွင် နေနေသရွေ့ သူသည် ဗီလိန်များ၏ ပြန်ပေးဆွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လက်စားချေခြင်းတို့ကို အချိန်မရွေးခံရရန် ပြင်ဆင်ထားရပေတော့မည်။ ယခင် လူသတ်သမား၏ လုပ်ကြံမှုသည် အကောင်းဆုံးသက်သေပင်။

ရဲရှင်းဟွေ့ အတွေးလွန်နေစဉ်မှာပင် ရဲရှင်းချန်သည် သူ၏လက်ညှိုးကို နဖူးပေါ်မှ ဖယ်လိုက်သည်။ နတ်ဘုရားဝိညာဉ်ဖြင့် စစ်ဆေးမှုအရ ရဲရှင်းချန်သည် သူ့ညီလေး၏ ဝိညာဉ်ထဲတွင် မည်သည့်ထူးခြားမှုကိုမှ မတွေ့ရှိခဲ့ပေ။

ဤရဲရှင်းဟွေ့သည် မူလရဲရှင်းဟွေ့မဟုတ်ကြောင်း သူ မတွေ့ရှိခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ရဲရှင်းဟွေ့နှစ်ဦး၏ ဝိညာဉ်များ ပေါင်းစပ်သွားခဲ့ပြီး လက်ရှိတွင် ကူးပြောင်းလာသော ရဲရှင်းဟွေ့ကသာ ဝိညာဉ်ကို ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ တီဗီလေး ၏ တည်ရှိမှုကိုတော့ ရဲရှင်းချန် မတွေ့ရှိခဲ့ပေ။

ရဲရှင်းဟွေ့၏ ဝိညာဉ်ကို စစ်ဆေးပြီးနောက် ရဲရှင်းချန်သည် သူ့ညီလေး ပူးကပ်ခံထားရခြင်းမရှိကြောင်း သိလိုက်ရသဖြင့် ဖြစ်နိုင်ခြေနှစ်ခုသာ ကျန်တော့သည်။ တစ်ခုမှာ ပြိုင်ကမ္ဘာဖြစ်ပြီး နောက်တစ်ခုမှာ... သူသည် အတုယောမြင်ကွင်းထဲတွင် ရှိနေသေးခြင်းပင်။

ဤဖြစ်နိုင်ခြေနှစ်ခုကြားတွင် ရဲရှင်းချန်သည် ဤကမ္ဘာမြေသည် ပြိုင်ကမ္ဘာတစ်ခုဖြစ်သည်ဟူသော အချက်ကို ပို၍ယုံကြည်မိသည်။

အကြောင်းမှာ အကယ်၍ ၎င်းသာ အတုအယောင်မြင်ကွင်းတစ်ခုဖြစ်ပါက သူ့မှတ်ဉာဏ်များကို အခြေခံ၍ ဖန်တီးထားမည်မှာ သေချာသည်။

သူ၏မှတ်ဉာဏ်ထဲတွင် သူ့ညီလေးသည် သေဆုံးသွားခဲ့ပြီးဖြစ်သည်။ အကယ်၍ ၎င်းသာ အတုအယောင်မြင်ကွင်းဖြစ်ပါက သူ့ညီလေး အသက်ရှင်နေနိုင်စရာ အကြောင်းလုံးဝမရှိပေ။

.....

တိတ်ဆိတ်နေသော ရဲရှင်းချန်ကို ကြည့်ရင်း ရဲရှင်းဟွေ့၏ ရင်ထဲတွင် ဗြောင်းဆန်နေသည်။ သူသည် ရဲရှင်းချန်၏ ကိုယ်ရေးရာဇဝင်အချက်အလက်များကို အမြန်ကြည့်လိုက်သည်။

ကမ္ဘာမြေပေါ်က အချိန်သည် များများစားစားမပါသော်လည်း၊ ဘာကြောင့် ချောက်ကမ်းပါးပေါ်မှ ခုန်ချခိုင်းခံခဲ့ရသည်ကိုပင် မရှင်းပြထားသော်လည်း၊ ကျင့်ကြံခြင်းလောကတွင် သူလုပ်ခဲ့သည်များကိုမူ ဇာတ်လိုက်တစ်ယောက်ဟု ဖော်ပြနိုင်ပေသည်။

ကျင့်ကြံခြင်းလောက၏ အစောပိုင်းကာလများတွင် ရဲရှင်းချန်သည် အရှက်တရားကို သည်းခံကာ အနိမ့်ဆုံးအဆင့် တပည့်ဘဝမှ ကျင့်ကြံခဲ့ပြီးနောက် မသေမျိုးအခွင့်အရေးများရကာ ဂိုဏ်းပြင်ပအကြီးအကဲတစ်ဦး၏ မျက်နှာသာပေးမှုဖြင့် ဂိုဏ်းပြင်ပတပည့်တစ်ဦး ဖြစ်လာခဲ့သည်။

နှစ်ပေါင်းရာနှင့်ချီ ကျင့်ကြံပြီးနောက် ရဲရှင်းချန်သည် သူ့ဆရာအသတ်ခံရခြင်း၊ သူ့ဂိုဏ်းပျက်စီးခြင်း၊ အင်အားကြီးအဖွဲ့များက အတင်းအဓမ္မလက်ထပ်ခိုင်းခြင်းနှင့် အင်အားကြီးအဖွဲ့များ၏ အမဲလိုက်သတ်ခံရခြင်းတို့ကို တွေ့ကြုံခဲ့ရသည်။

သူသည်လည်း သူ၏ကိုယ်ပိုင်အစွမ်းဖြင့် ဂိုဏ်းတစ်ခု သို့မဟုတ် အင်အားစုတစ်ခုကို သတ်ဖြတ်ရှင်းလင်းခဲ့ဖူးသည်။ ဇာတ်လိုက်တစ်ယောက် တွေ့ကြုံရမည့်အရာအားလုံးကို သူတွေ့ကြုံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ နောက်ဆုံးတွင် သူသည် နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်သော မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။

မသေမျိုးဧကရာဇ်ဖြစ်လာပြီးနောက် ရဲရှင်းချန်သည် သူ၏ ဇာတ်လိုက်ဘဝကို စတင်ခဲ့သည်။

ကမ္ဘာမြေသို့ ပြန်လာနိုင်ရန်အတွက် ရဲရှင်းချန်သည် အင်အားစုအသီးသီး၏ ချိပ်ပိတ်ထားသော နယ်မြေဖြတ်ကျော်တံခါးများကို စတင်လေ့လာခဲ့သည်။ မည်သည့်တံခါးက ကမ္ဘာမြေသို့ သွားနိုင်မည်ကို သူကြိုးစားချင်ခဲ့သည်။

ဤလုပ်ရပ်ကြောင့်ပင် ဧကရာဇ်ရှင်းချန်၊ ရဲရှင်းချန်ကို နတ်ဆိုးအဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။

ရဲရှင်းချန် ဆက်လက်ဒုက္ခမပေးနိုင်ရန် မသေမျိုးဧကရာဇ်အများအပြားက ပူးပေါင်း၍ သူ့ကို သတ်ဖြတ်ခဲ့ကြသည်။ ရဲရှင်းချန်သည် မသေမျိုးဧကရာဇ်အများအပြား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း၊ မသေဆုံးမီတွင် ရဲရှင်းချန်သည် မသေမျိုးဧကရာဇ်သုံးပါး၏ အသက်ကိုပါ နှုတ်ယူသွားနိုင်ခဲ့သည်။

ရဲရှင်းချန်၏ ကြွင်းကျန်ဝိညာဉ်တစ်စသည် အချိန်နှင့်နေရာ နယ်နိမိတ်များကိုဖြတ်ကျော်ကာ သူကျင့်ကြံခြင်းလောကသို့ မဝင်ရောက်မီ ကမ္ဘာမြေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

......

ရဲရှင်းဟွေ့သည် သူ၏ဤအစ်ကိုမှာ သူ့အဖေထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်သည်ဟု ခံစားလိုက်ရသည်။ ရက်စက်ရုံသာမက အရေးကြီးဆုံးမှာ သူ၏စွမ်းရည်များသည်လည်း သူ့အဖေထက် များစွာသာလွန်နေခြင်းပင်။

ရဲချန်သည် အလွန်အစွမ်းထက်ပြီး သူ့နောက်ကွယ်မှ အင်အားစုများကလည်း ကြီးမားသော်လည်း၊ နောက်ဆုံးတွင် သူသည် တစ်ယောက်တည်းဖြင့် လူတစ်ရာကို ရင်ဆိုင်နိုင်သည့် အစွမ်းထက်လူသားတစ်ဦးသာ ဖြစ်သည်။

သို့သော် ရဲရှင်းချန်ကကော။ သူ၏ အထွတ်အထိပ်အဆင့်မှာ လူသားမဟုတ်တော့ဘဲ... မသေမျိုးဧကရာဇ်တစ်ပါးဖြစ်နေပါပြီ။

ထိုအချိန်တွင် ရဲရှင်းဟွေ့သည် အစောက ရဲရှင်းချန်က သူ့နဖူးကို လက်ညှိုးဖြင့်ထောက်ခဲ့သည်ကို သတိရမိပြီး ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက်တွေးမိလိုက်သည်။ သူသည် မူလရဲရှင်းဟွေ့မဟုတ်ဘူးဆိုသည့်အချက်ကို ဒီမသေမျိုးဧကရာဇ်အစ်ကိုက သိသွားပြီလား။

အကယ်၍ သိသွားခဲ့လျှင်...

ဒီသို့တွေးမိသောအခါ ရဲရှင်းဟွေ့သည် တုန်ရီနေသောအသံဖြင့် မေးလိုက်သည်။ "အစ်ကို... အစ်ကို... ဘာဖြစ်နေတာလဲ။ စာတွေအရမ်းလုပ်လို့ ဦးနှောက်များ ပျက်သွားတာလား။ ကျွန်တော်အစ်ကို့ကို အန်တိန့်ဆေးရုံခေါ်သွားပြီး ဆရာဝန်ပြပေးရမလား"

( အန်တိန့်ဆေးရုံ -စိတ်ကျန်းမာရေးဆေးရုံ )

All Chapters