← Chapters

ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ခြင်း

Vol. 1 Ch. 10

ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ခြင်း

Vol. 1 Ch. 10

ညစာစားပွဲတွင်။

ကျိုးလင်းက စားပွဲ၏ခေါင်းရင်းတွင် ထိုင်နေပြီး သူမ၏ဘယ်ဘက်တွင် ရဲညီအစ်ကိုနှစ်ယောက်၊ ညာဘက်တွင် ဝမ်ကျားယန်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့ ရှိနေသည်။

ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီး အန်တီမန်သည် ဇိုးလင်း၏ အိမ်တော်ထိန်းဖြစ်ပြီး ဤညစာကို အန်တီမန်က ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

“ရှင်းဟွေ့၊ ရဲချန်၊ ဒီနေရာကို ကိုယ့်အိမ်လို သဘောထားလိုက်နော်။ အန်တီက အပေါ်ထပ်မှာ မင်းတို့အတွက် အခန်းတွေ အန်တီမန်ကို ပြင်ဆင်ခိုင်းထားပြီးပြီ။ ဘာပဲလိုလို၊ ဘာပဲလိုအပ်လိုအပ် အန်တီ့ကိုပြော၊ အန်တီ အကုန်ရှာပေးမယ်။”

“ကျေးဇူးတင်ပါတယ် အန်တီကျိုးလင်း။” ကျိုးလင်း စကားဆုံးသည်နှင့် ရဲရှင်းဟွေ့က ပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် တိတ်တဆိတ် ထမင်းစားနေသော ဝမ်ကျားယန်ကို တစ်ချက်လှမ်းကြည့်ကာ ဆက်ပြောလိုက်သည်။ “ကျွန်တော့်အစ်ကိုက အန်တီ့သမီးနဲ့ ငယ်စဉ်ကတည်းက သဘောတူထားတဲ့ စေ့စပ်ကြောင်းလမ်းမှု ရှိတယ်ဆို ဟုတ်လား။”

ရဲရှင်းဟွေ့၏ မေးခွန်းကိုကြားတော့ ကျိုးလင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်၊ အဲ့လိုကိစ္စတစ်ခု ရှိတယ်။”

“အိုး! ဒါဆို အခန်းတစ်ခန်းပဲ လိုတော့မှာပေါ့။ ကျွန်တော့်အစ်ကိုက ဝမ်ကျားယန်နဲ့ အတူတူနေလိုက်ရုံပဲလေ”

“ဖွီး...” ဟင်းချိုရည်တစ်ငုံ မော့သောက်လိုက်မိသော ဝမ်ကျားယန်သည် ချက်ချင်းပင် သီးပြီး ထွေးထုတ်လိုက်မိသည်။

ကံကောင်းစွာပင် သူမ ဟင်းချိုရည်ကို ထွေးထုတ်လိုက်ချိန်တွင် ခေါင်းငုံ့ထားသောကြောင့်သာ၊ မဟုတ်လျှင် စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံး ပျက်စီးသွားလောက်သည်။

ရဲရှင်းဟွေ့၏ဘေးတွင် ထိုင်နေသော ရဲရှင်းချန်မှာမူ ပြဿနာရှာတတ်သော သူ့ညီလေးကို အေးဆေးတည်ငြိမ်စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။

ဝမ်ကျားယန်သည် ပါးစပ်ကိုသုတ်ကာ ရဲရှင်းဟွေ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏အမေကို လှမ်းကြည့်လိုက်သည်။ သူမအမေက ထိုအကြံကို အလေးအနက် စဉ်းစားနေသည်ကို မြင်လိုက်ရသောအခါ သူမ လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ကျိုးလင်းက ပြောလိုက်သည်။

“ဒါတော့ သိပ်မကောင်းသေးဘူးထင်တယ်။ သူတို့တွေက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ”

သူတို့သာ ဆယ့်ရှစ်နှစ်သာရှိသေး၍သာ တော်တော့သည်။ မဟုတ်လျှင် သူမအမေသည် သူတို့ကို အတူတူထားရန် တကယ်ပင် စီစဉ်လိမ့်မည်ဟု ဝမ်ကျားယန် နားလည်လိုက်သည်။

ထိုသို့တွေးမိသောအခါ ဝမ်ကျားယန်သည် စားပွဲပေါ်သို့ လက်နှစ်ဖက်ဖြင့် ဆောင့်ချကာ မတ်တပ်ထရပ်လိုက်သည်။

“မေမေ... မေမေ ဘာတွေစဉ်းစားနေတာလဲ။ သမီးက သူနဲ့ ဘယ်လိုလုပ်ပြီး အတူတူနေလို့ ဖြစ်မှာလဲ။"

စကားပြောရင်း ဝမ်ကျားယန်က ရဲရှင်းချန်ကို လက်ညှိုးထိုးကာ ဆက်ပြောလိုက်သည်။ “သူ့အမေက မေမေ့သူငယ်ချင်းဆိုပေမဲ့ ကိုယ့်သမီးကို မီးတွင်းထဲ တွန်းချလို့တော့ မရဘူးလေ....ဟုတ်တယ်မလား”

သူမသမီး၏ စကားကိုကြားသောအခါ ကျိုးလင်း၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင်လာသည်။ ကျိုးလင်းက ဝမ်ကျားယန်ကို မဆူပူမီမှာပင် ရဲရှင်းချန်က ဦးစွာ စကားပြောလိုက်သည်။

“အန်တီကျိုး ဒီညစာစားပြီးရင် ကျွန်တော်နဲ့ ကျွန်တော် ညီလေး တက္ကစီငှားပြီး အိမ်ပြန်ပါ့မယ်”

ထိုစကားကို ကြားသောအခါ ကျိုးလင်းသည် သူမသမီးကို ဆူပူဖို့ပင် စိတ်မဝင်စားတော့ပေ။ ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့တို့၏ နောက်ကြောင်းကို သူမ သိသည်။ အခြားသူများ မသိနိုင်သော်လည်း သူတို့သည် မြို့တော်တွင်ပင် ထိပ်တန်းအဆင့် မျိုးဆက်သစ်သူဌေးလေးများ ဖြစ်သည်ကို သူမ ကောင်းကောင်းသိသည်။

ထိုသို့တွေးမိသောအခါ သူမက အလျင်အမြန် တားဆီးလိုက်သည်။ “ရဲရှင်းချန်! မင်းတို့ညီအစ်ကိုနှစ်ယောက်ကို မင်းတို့အမေက အန်တီ့ဆီမှာ အပ်သွားတာလေ.... အန်တီကတော့ မင်းတို့ကို အိမ်ပြန်ခွင့် လုံးဝမပေးနိုင်ဘူး။ ပြီးတော့ မင်းတို့အိမ်နဲ့ စူပါမားကတ်ကို မင်းတို့အမေရဲ့ ညွှန်ကြားချက်အတိုင်း အကျိုးဆောင်ဆီ အပ်ထားပြီးပြီ။ ဒီနေ့ညနေလောက်ဆို အိမ်လာကြည့်တဲ့သူတွေ ရှိလောက်ပြီ။ ရောင်းလို့ရတဲ့ငွေတွေကို အဲ့ဒီအချိန်ကျရင် မင်းတို့ဘဏ်အကောင့်ထဲကို လွှဲပေးလိမ့်မယ်။”

သူတို့အိမ်ကို အကျိုးဆောင်နှင့် အပ်ထားပြီးပြီဟု ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့နှင့် ရဲချန်နှစ်ယောက်လုံး၏ မျက်နှာများမှာ အနည်းငယ် တင်းမာသွားသည်။

အိမ်ရောင်းရခြင်းမှာ သူတို့မိသားစု ပစ်မှတ်ထားခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရဲရှင်းဟွေ့ သိသည်။ သူတို့မိဘများ ပြန်လာပြီးနောက်တွင် ကူယန်မြို့မှပင် ထွက်ခွာပြီး အခြားမြို့သို့ ပြောင်းရွှေ့နေထိုင်ဖွယ်ရှိသည်။

သူ့အိမ်ကို ရောင်းလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ရဲရှင်းချန်က မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားလိုက်ပြီး ကျိုးလင်း၏အိမ်တွင် မနေရန် ဆက်လက် ဆုံးဖြတ်လိုက်သည်။

ဒီမှာမနေခြင်းသည် ဝမ်ကျားယန်ကြောင့်သာမက ကျိုးလင်းက သူ့အပေါ် တကယ်ကောင်းသောကြောင့်လည်း ပါသည်။ ရဲချန်သည် ကျိုးလင်း၏မိသားစုကို မလိုအပ်သော ပြဿနာများ မယူဆောင်လာပေးချင်ပေ။ အရေးကြီးဆုံးအချက်မှာ သူ နေ့တိုင်း ကျင့်ကြံဖို့ လိုအပ်ပြီး ဒီမှာနေလျှင် အဆင်မပြေနိုင်ခြင်း ဖြစ်သည်။

“အိမ်က ရောင်းပြီးသွားမှတော့ ကျွန်တော် ရှင်းဟွေ့ကိုခေါ်ပြီး ကျောင်းနဲ့နီးတဲ့ တိုက်ခန်းတစ်ခန်းလောက် ငှားနေလိုက်ပါ့မယ်။”

ရဲရှင်းချန်က သူမအိမ်တွင် တကယ်နေရန် အစီအစဉ်မရှိမှန်း မြင်သောအခါ ကျိုးလင်းသည် ဝမ်ကျားယန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါဆိုလဲ ကောင်းပြီလေ...ဒါပေမဲ့ ဒီညတော့ မင်းတို့နှစ်ယောက် ဒီမှာပဲ အိပ်လိုက်ပါဦး။ မနက်ဖြန်ကျရင် အန်တီက မင်းတို့အတွက် အိမ်တစ်လုံးရှာပေးပြီး အိမ်အကူတစ်ယောက်လည်း ရှာပေးမယ်။”

“အိမ်အကူ မလိုပါဘူး။ ကျွန်တော်တို့ ကျောင်းစားသောက်ဆိုင်မှာပဲ စားလိုက်လို့ ရပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ရှင်းဟွေ့ နှစ်ယောက်လုံး ချက်တတ်ပြုတ်တတ်ပါတယ်။” စကားဆုံးသောအခါ ရဲရှင်းချန်က ရဲရှင်းဟွေ့ကို ကြည့်လိုက်သည်။

ရဲရှင်းဟွေ့က ပခုံးတွန့်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် အရေးမကြီးကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ သူတို့မှာ ပိုက်ဆံရှိတာပဲ နေ့တိုင်း အပြင်စာ မှာစားရင်တောင် ဖြစ်သည်။

…

ဆွေးနွေးပြီးနောက် ရဲရှင်းဟွေ့နှင့် ရဲချန်တို့သည် ထိုည သူတို့တည်းခိုမည့် အခန်းသို့ သွားကြသည်။ အခန်းထဲတွင် ရဲရှင်းဟွေ့သည် တံခါးမှာ နားကပ်ပြီး အပြင်ကအသံကို နားစွင့်နေသည်။ မကြာမီပင် အောက်ထပ်မှ ကျိုးလင်း၏ ဆူပူသံနှင့် ဝမ်ကျားယန်၏ ငိုသံကို ကြားလိုက်ရသည်။

ခဏမျှ နားထောင်ပြီးသည့်တိုင် ကျိုးလင်းက သူ၏မိဘများအကြောင်း တစ်ခွန်းတစ်ပါဒမျှ ထည့်ပြောသည်ကို ရဲရှင်းဟွေ့ မကြားမိပေ။ အကယ်၍ ကျိုးလင်းက စုချင်းနှင့် ရဲချန်တို့၏ နောက်ခံအကြောင်းကို အပြည့်အစုံမဟုတ်တောင် အနည်းငယ်မျှ ဖွင့်ဟပြောပြခဲ့လျှင် ဝမ်ကျားယန်သည် ရဲရှင်းချန်ကို သူ၏မိသားစုနောက်ခံကြောင့် အထင်သေးတော့မည် မဟုတ်ပေ။

သို့သော် အကြောင်းတစ်ခုခုကြောင့် ကျိုးလင်းသည် သူမ၏သမီးကို ရဲချန်နှင့် အတူရှိစေချင်သော်လည်း... သူတို့မိဘများ၏ နောက်ကြောင်းကို ဘယ်တော့မှ ထုတ်မပြောခဲ့ပေ။

…

အောက်ထပ်တွင်။

ဝမ်ကျားယန်သည် ဝမ်းနည်းပက်လက် မျက်ရည်များသုတ်ကာ သူမအခန်းသို့ ပြန်လာခဲ့သည်။ သူမ အလွန်ပင် မတရားခံရသည်ဟု ခံစားနေရသည်။ သူမအမေက ဘာကြောင့် ထိုရဲရှင်းချန်နှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံခိုင်းနေမှန်း သူမ နားမလည်နိုင် ဖြစ်နေသည်။

သူမက ဘယ်သူလဲ။ သူမက ကျောင်းရဲ့အလှဘုရင်မ၊ သူမအမေက စာရင်းဝင်ကုမ္ပဏီတစ်ခု၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး သူမအဖေက ဒုတိယမြို့တော်ဝန်ဖြစ်သည်။ သူမက ရဲရှင်းချန်မှာ သူမနှင့်အတူရှိနိုင်လောက်သည့် အရှိန်အဝါမျိုး လုံးဝမရှိဟု ခံစားနေရသည်။

…

တစ်ချိန်တည်းမှာပင် ကျိုးလင်းလည်း စိတ်ရှုပ်ထွေးနေသည်။

သူမသမီးက ရဲရှင်းချန်ကို မကြိုက်သောကြောင့် သူမ အတင်းအကျပ် ဖိအားမပေးနိုင်ပေ။ သို့သော် အဓိကပြဿနာမှာ ဝမ်ကျားယန်က ရဲရှင်းချန်ကို သူ၏မိသားစုနောက်ခံကြောင့် အတိအကျ မကြိုက်ခြင်းပင်ဖြစ်သည်။

“ဟူးးး! ငါ ဘယ်လိုလုပ်ပြီး ဒီလောက် မျက်နှာကြည့်တဲ့ သမီးမျိုးကို မွေးမိလိုက်ပါလိမ့်”ကျိုးလင်းသည် အားမလိုအားမရ သက်ပြင်းချလိုက်သည်။ သူတို့မိသားစု ဤမျှ ချမ်းသာပြီး သြဇာအာဏာရှိနေခြင်းမှာ ရဲရှင်းချန်၏အမေ ကျေးဇူးကြောင့်ဖြစ်ကြောင်း သူမသမီးကို ပြောပြချင်လှသည်၊ သို့သော်... သူမ မပြောနိုင်ပေ။ ဤသည်မှာ သဘောတူညီချက်တစ်ခု.... ရဲချန်နှင့် စုချင်းတို့နှင့် ထားရှိသော သဘောတူညီချက်တစ်ခု ဖြစ်သည်။

“ကျားယန်မှာ အဲ့ဒီကံကောင်းခြင်းမျိုး မပါလာတာပဲဖြစ်မယ်။ သူ တကယ်ပဲ ရဲရှင်းချန်ကို မကြိုက်ဘူးဆိုရင်တော့ သဘောတူ စေ့စပ်မှုကို ဖျက်သိမ်းလိုက်လို့ ရတာပဲ။”ကိုယ့်ဘာသာ ရေရွတ်ပြီးနောက် ကျိုးလင်းသည် စာကြည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

…

အခန်းထဲတွင်။

ရဲရှင်းဟွေ့သည် ကုတင်ပေါ်တွင် လှဲနေပြီး သူ၏ရှေ့တွင် တီဗီလေးတစ်ခုက ပျံဝဲနေသည်။ ထိုအချိန်တွင် တီဗီမှာ လိုင်းမရှိသော်လည်း လောင်းကစားဘုရင် ရုပ်ရှင်ကိုတော့ ဆက်ကြည့်၍ ရနေသေးသည်။

ထိုရုပ်ရှင်သည် လိုင်းရှိစဉ်ကတည်းက ဒေါင်းလုဒ်လုပ်ပြီးသားဖြစ်နေပုံရသည်။ ခဏရပ်ထားသရွေ့ အားသည့်အချိန်တိုင်း ဆက်ကြည့်နိုင်ပေသည်။

ရဲရှင်းဟွေ့သည် ရုပ်ရှင်ကို ချက်ချင်းမကြည့်သေးဘဲ တီဗီလိုင်း ပေါ်လာခြင်း၏ ယန္တရားကို တွေးတောနေလိုက်သည်။

ရဲရှင်းဟွေ့သည် ယခုအခါ အလုံးစုံသိမြင်ခြင်းမျက်လုံး ၏ အသုံးပြုပုံယန္တရားကို အခြေခံအားဖြင့် ကျွမ်းကျင်နေပြီဖြစ်သည်။ အလုံးစုံသိမြင်ခြင်းမျက်လုံး က သူ့အပေါ်ထားရှိသည့် အခြားသူများ၏ နှစ်သက်မှုနှင့် မုန်းတီးမှု တန်ဖိုးများကို မြင်နိုင်သည်။

နှစ်သက်မှုဖြစ်စေ၊ မုန်းတီးမှုဖြစ်စေ၊ တန်ဖိုးတစ်ခုခုက သတ်မှတ်ထားသော အတိုင်းအတာတစ်ခုသို့ ရောက်သွားလျှင် ထိုသူ၏ အချက်အလက်များကို သူ မြင်နိုင်သည်။

တီဗီလေးကကော...ယခုအချိန်အထိ လိုင်းနှစ်ကြိမ်သာ ပေါ်လာခဲ့သည်။

တစ်ကြိမ်က ညစာစားပွဲတွင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်က ကျိုးလင်း၏ ကားထဲတွင် ဖြစ်သည်။

ရဲရှင်းဟွေ့သည် မျက်လုံးများကိုမှိတ်ကာ ထိုလိုင်းပေါ်လာမှု နှစ်ခု၏ တူညီသောအချက်များကို ပြန်လည်စဉ်းစားနေလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ရဲရှင်းဟွေ့သည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ လိုင်းပေါ်လာခြင်း၏ ယန္တရားကို သူသိသွားပြီဟု ခံစားလိုက်ရသည်။

All Chapters