အထူးစွမ်းရည်များ
Vol. 1 Ch. 11
တီဗီလေးတွင် လိုင်းမိသည့်ပုံစံမှာ ပတ်ဝန်းကျင်ရှိလူများ၏ စိတ်ခံစားချက်နှင့် သက်ဆိုင်နေဖွယ်ရှိသည်။
ပထမတစ်ကြိမ်က ညစာစားပွဲတွင်ဖြစ်သည်။ ရဲရှင်းဟွေ့က သူ၏လည်ပင်းမှ မြွေကွင်းစွပ်တံဆိပ်ကို ထိလိုက်သည့်အချိန်တွင် ရဲရှင်းချန်၏ မျက်လုံးများမှာ သိသိသာသာ လှုပ်ရှားသွားခဲ့သည်။ သို့သော် တီဗီတွင် လိုင်းမိနေသောကြောင့် ရဲရှင်းဟွေ့၏ အာရုံအများစုမှာ တီဗီဆီသို့သာ ရောက်နေခဲ့သည်။
ဒုတိယအကြိမ်က ပို၍ပင် သိသာထင်ရှားခဲ့သည်။ ဒုတိယအကြိမ် လိုင်းမိခဲ့သည်မှာ ရဲရှင်းချန် ပြန်လည်မွေးဖွားလာသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူဘယ်လောက်တောင် စိတ်လှုပ်ရှားနေမည်မှာ သေချာလှသည်။
တီဗီလေးက ပတ်ဝန်းကျင်ရှိလူများ၏ စိတ်ခံစားချက်ကို လိုင်းဖမ်းယူသည့်စနစ် ဟုတ်မဟုတ်ကို ၁၀၀% မသေချာသော်လည်း၊ ရဲရှင်းဟွေ့က သူ၏ခန့်မှန်းချက်မှာ ၇၀% မှ ၈၀% အထိ မှန်ကန်ကြောင်း ယုံကြည်နေသည်။
"ကြည့်ရတာ ငါ့ရဲ့ခန့်မှန်းချက်ကို စမ်းသပ်ဖို့ မနက်ဖြန်တစ်ယောက်ယောက်ကို ရှာရတော့မယ်ထင်တယ်။"
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် လောင်းကစားဘုရင် ရုပ်ရှင်ကို ဆက်လက်ကြည့်ရှုနေခဲ့သည်။ ဤသည် စတီဖင်ချောင်၏ ဂန္ထဝင်ရုပ်ရှင်တစ်ကားဖြစ်သည်။ ထိုရုပ်ရှင်ထဲတွင် ထိပ်တန်းလောင်းကစားကျွမ်းကျင်မှု၊ အထူးစွမ်းရည်များနှင့် အားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်များ ပါဝင်သည်။
အကယ်၍ ရဲရှင်းဟွေ့သာ စွမ်းရည်တစ်ခုခုကို အလိုချင်ဆုံးဆိုလျှင်၊ ထိုအရာမှာ အာရှင်း၏ အထူးစွမ်းရည်ပင် ဖြစ်ပေလိမ့်မည်။
အထူးစွမ်းရည်များကို လောင်းကစားလုပ်ရန် အသုံးမပြုလျှင်တောင်မှ ၎င်းတို့သည် အလွန်အသုံးဝင်နေဆဲပင်။ အကယ်၍ သူ့တွင် အထူးစွမ်းရည်များသာရှိပြီး ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ဦး၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် စစ်ဘုရင်တစ်ဦးဖြစ်သော သူ့အဖေနှင့် မသေမျိုးဧကရာဇ်ဖြစ်သော သူ့အစ်ကိုတို့လောက် မိုက်နေမည်မဟုတ်သော်လည်း သာမန်အခြေအနေများအောက်တွင် မိမိကိုယ်ကို ကာကွယ်ရန်တော့ ပြဿနာမရှိနိုင်ပေ။
.....
ရုပ်ရှင်ကို အလွန်လျင်မြန်စွာ ကြည့်ရှုပြီးစီးသွားသည်။ ၎င်းသည် အလွန်ဟောင်းသော ရုပ်ရှင်တစ်ကားဖြစ်သော်လည်း စတီဖင်ချောင်၏ ရုပ်ရှင်များကို ဘယ်တော့မှ ကြည့်၍မရိုးနိုင်ပေ။ ရုပ်ရှင်ပြီးသွားပြီဖြစ်၍ အဓိကအပိုင်းသို့ ရောက်ရှိလာခဲ့သည်။
"လာစမ်း...လာစမ်း... ငါ့ရဲ့ အထူးစွမ်းရည်လေး!"
ရဲရှင်းဟွေ့က သူ့စိတ်ထဲမှနေ၍ ဆုတောင်းနေခဲ့ပြီး၊ ဒီတစ်ကြိမ်တွင် သူ့အား အထူးစွမ်းရည်တစ်ခု ပေးသနားပါရန် မျှော်လင့်နေမိသည်။ ရဲရှင်းဟွေ့ ဆုတောင်းနေစဉ်မှာပင် သူ၏ဦးခေါင်းထဲတွင် ဖောင်းကားလာသလို ခံစားလိုက်ရ၏။ ထို့နောက်တွင်တော့ အထူးစွမ်းရည်များ၏ ခွဲခြမ်းစိတ်ဖြာမှု အသုံးပြုပုံနှင့် ကျင့်ကြံနည်းများအားလုံးသည် သူ၏စိတ်ထဲသို့ တံဆိပ်ခတ်နှိပ်လိုက်သကဲ့သို့ ရောက်ရှိလာခဲ့သည်။
ဤသို့ မိတ္တူကူးသကဲ့သို့ အမွေဆက်ခံသည့်နည်းလမ်းသည် ဆယ်မိနစ်ကျော်ကြာမှသာ အဆုံးသတ်သွားခဲ့သည်။ ပြီးဆုံးသွားပြီးနောက်တွင်တော့ ရဲရှင်းဟွေ့တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေလေပြီ။
ဒီတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်၌ ဘာမှမခံစားရသော်လည်း သူ၏ဦးခေါင်းမှာမူ အဆက်မပြတ် ပေါက်ကွဲနေသကဲ့သို့ ခံစားနေရသည်။ အရေးကြီးဆုံးမှာ သူ၏ဦးခေါင်းသည် ထိုမျှ ဖောင်းကားနေသော်လည်း သတိလစ်သွား၍မရခြင်းပင်။
သို့သော် နာကျင်မှုအားလုံးက တန်ဖိုးရှိလှပါသည်။ ယခုအခါ ရဲရှင်းဟွေ့သည် သူ၏အထူးစွမ်းရည်များကို အသုံးပြုပုံအမျိုးမျိုးအား အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်။
အထူးစွမ်းရည်များကို အသုံးပြုလိုပါက အရေးကြီးဆုံးအရာမှာ ဝိညာဉ်စွမ်းအားပင်ဖြစ်သည်။ ရဲရှင်းဟွေ့၏ ဝိညာဉ်သည် သာမန်လူတစ်ယောက်ထက် နှစ်ဆကျော်ပို၍ အားကောင်းသောကြောင့် အထူးစွမ်းရည်များသည် သူ့အတွက် အလွန်သင့်တော်သည်။
သူ၏ဝိညာဉ်စွမ်းအားကြောင့် ရဲရှင်းဟွေ့၏ အထူးစွမ်းရည်များသည် အာရှင်းအသုံးပြုသော စွမ်းရည်များထက် များစွာပို၍ အားကောင်းသည်။
လက်ရှိတွင် ရဲရှင်းဟွေ့သည် အထူးစွမ်းရည်သုံးမျိုးကို ပိုင်ဆိုင်ထားသည်။ ယင်းမှာ စိတ်ဖြင့်အရာဝတ္ထုရွှေ့နိုင်ခြင်း၊ ထွင်းဖောက်မြင်နိုင်ခြင်းနှင့် စိတ်အထင်အမြင်မှားယွင်းစေခြင်းတို့ ဖြစ်သည်။
စိတ်ဖြင့်အရာဝတ္ထုရွှေ့နိုင်ခြင်းစွမ်းရည်သည် သုံးမီတာပတ်လည်အတွင်းရှိ တစ်ကီလိုဂရမ်ထက်မပိုသော အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည်။
ထွင်းဖောက်မြင်နိုင်ခြင်းကတော့ ပြောနေစရာမလိုအောင်ပင် အနည်းငယ်ညစ်ညမ်းသော်လည်း အလွန်အသုံးဝင်သော စွမ်းအားတစ်ခုဖြစ်သည်။စိတ်အထင်အမြင်မှားယွင်းစေခြင်းစွမ်းရည်မှာမူ သင့်ထက် ဝိညာဉ်စွမ်းအားနိမ့်သော မည်သူမဆိုအပေါ် အသုံးချနိုင်သည်။
.....
ရဲရှင်းဟွေ့သည် ပထမဆုံးအနေဖြင့် သူ၏ စိတ်စွမ်းအင်ကိုသုံး၍ သူ့ရှေ့မှခွက်ကို မတင်လိုက်ပြီး ထို့နောက် ထိုခွက်ကို သူ့ပတ်လည်တွင် တစ်ပတ်လှည့်ပတ်စေလိုက်သည်။ တစ်ပတ်ပြည့်သွားသောအခါ ရဲရှင်းဟွေ့သည် သူ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ခွက်က နောက်တစ်ပတ် ထပ်ပတ်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ရဲရှင်းဟွေ့သည် အနည်းငယ်မူးဝေလာသည်။ တတိယအပတ်အပြီးတွင်တော့ ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရသည်။
"ဟူး... ကြည့်ရတာ ငါလေ့ကျင့်မှုတွေ အများကြီးလိုသေးတယ်!"
ရဲရှင်းဟွေ့သည် ခဏအနားယူပြီးနောက် သူ၏ ထွင်းဖောက်မြင်နိုင်စွမ်းကို စမ်းသပ်လိုက်သည်။ ရဲရှင်းဟွေ့သည် သူ၏လက်နှစ်ဖက်ဖြင့် မျက်လုံးရှေ့တွင် ကွယ်လိုက်သည်။ မကြာမီမှာပင် နံရံတစ်ဖက်ခြမ်းရှိမြင်ကွင်းသည် သူ၏အမြင်အာရုံထဲသို့ ရောက်ရှိလာခဲ့သည်။
ဘေးခန်းတွင်နေထိုင်သူမှာ ဝမ်ကျားယန်ဖြစ်ပြီး၊ သူမသည် ယခုအချိန်တွင် ဒိုင်ယာရီရေးနေသည်။ ရဲရှင်းဟွေ့သည် ဝမ်ကျားယန်ကို မြင်သောအခါ၊ သူ၏ထွင်းဖောက်မြင်နိုင်စွမ်းက မမြင်သင့်သည်များကို မြင်နိုင်ခြင်းရှိမရှိ စမ်းသပ်ကြည့်ချင်စိတ် ပေါက်သွားသည်။
သူ၏မျက်လုံးများသည် ဝမ်ကျားယန်အပေါ်တွင် စူးစိုက်နေခဲ့သည်။ ရဲရှင်းဟွေ့က 18+ မြင်ကွင်းအချို့ကို မြင်နိုင်တော့မည်ဟု ထင်လိုက်စဉ်မှာပင် သူ၏မျက်ခွံများတွင် နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ ထိုနာကျင်မှုကြောင့် သူသည် အလိုအလျောက်ပင် လက်များကိုချကာ မျက်လုံးများကို ပွတ်သပ်မိလိုက်သည်။
မျက်ခွံကို မပွတ်လျှင် ဘာမှမဖြစ်သော်လည်း၊ ပွတ်လိုက်သည်နှင့် ပို၍ပြင်းထန်သော စူးစိုက်နာကျင်မှုက မျက်ခွံမှ ထွက်ပေါ်လာတော့သည်။
"ဘာကြီးလဲကွာ...မဟုတ်သေးပါဘူး။ ချောင်းကြည့်တာက စည်းကမ်းဖောက်ဖျက်မှုလို့ သတ်မှတ်ခံရတာလား"
အထူးစွမ်းရည်များက အားကောင်းသော်လည်း... အားနည်းချက်တစ်ခုရှိသည် ၎င်းမှာ အထူးစွမ်းရည်များကို မကောင်းမှုပြုလုပ်ရန် အသုံးမပြုရခြင်းပင်။ ထိုမကောင်းမှုဆိုသည်မှာလည်း တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပေ။ ရဲရှင်းဟွေ့အမြင်အရတော့ စိတ်ထဲတွင် မကောင်းသောအတွေးများ ပေါ်ပေါက်လာသည်နှင့် ထိုအရာသည် မကောင်းမှုပင်ဖြစ်သည်။
အာရှင်းကဲ့သို့ပင် သူ၏အထူးစွမ်းရည်များဖြင့် နိုင်လာသောငွေအားလုံးကို လှူဒါန်းရမည်ဖြစ်ပြီး မဟုတ်ပါက မကောင်းသောကိစ္စများ ဖြစ်ပွားလိမ့်မည်။
ရဲရှင်းဟွေ့သည် သူ၏အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ရှေ့ကင်မရာကိုဖွင့်၍ ကြည့်လိုက်သည်။ သူသည် ထွင်းဖောက်မြင်ရန်အသုံးပြုခဲ့သော မျက်ခွံမှာ ရောင်ကိုင်းနေပြီး ထိလိုက်လျှင် အနည်းငယ်နာကျင်နေသည်ကို တွေ့လိုက်ရသည်။
"ဘာကြီးလဲကွာ... ငါတကယ် မျက်စိစွံသွားတာပဲ"
လူကြီးများက မကြည့်သင့်တာကြည့်လျှင် မျက်စိစွံတတ်သည်ဟု ပြောကြသည်။ ရဲရှင်းဟွေ့သည် ယခင်ကမယုံကြည်ခဲ့သော်လည်း ယခုတော့ ယုံသွားပြီဖြစ်သည်။ မျက်စိစွံခြင်းကို လျစ်လျူရှုထားလျှင် ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားလိမ့်မည်။
"ကြည့်ရတာ ထွင်းဖောက်မြင်စွမ်းအင်ကို ချောင်းကြည့်ဖို့ သုံးလို့မရတော့ဘူးပဲ!"
ထိုညစ်ညမ်းသောအတွေးကို စွန့်လွှတ်လိုက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏လက်များကို နောက်တစ်ကြိမ် အခေါင်းပုံစံပြုလုပ်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူသည် သူ၏လက်ကို အခြားမျက်လုံးတစ်ဖက်ပေါ်တင်ကာ အခြားနံရံတစ်ခုကို ကြည့်လိုက်သည်။
ထိုနံရံ၏နောက်ကွယ်တွင် နေထိုင်သူမှာ သူ၏အစ်ကို ရဲရှင်းချန်ဖြစ်သည်။
ရဲရှင်းချန်၏ အခန်းထဲတွင် သူသည် ကြမ်းပြင်ပေါ်၌ ခြေထောက်ချိတ်ထိုင်ကာ အခြေခံထိုက်ကျီသိုင်းကွက်ကို လေ့ကျင့်နေခဲ့သည်။
ကမ္ဘာပေါ်တွင် ဝိညာဉ်စွမ်းအင် ရှားပါးသောကြောင့်၊ ရဲရှင်းချန်သည် တစ်ချိန်က မသေမျိုးဧကရာဇ်ဖြစ်ခဲ့သော်လည်း သူ၏ကျင့်ကြံမှုအရှိန်မှာ နှေးကွေးနေဆဲဖြစ်သည်။
ရဲရှင်းချန်သည် ကျင့်ကြံမှုအရှိန်ကို ဂရုမစိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အဓိကကျင့်ကြံနည်းဖြစ်သော နက္ခတ်သိုင်းကျမ်းသည် ကြယ်များ၏စွမ်းအားကို စုပ်ယူခြင်းအပေါ် မှီခိုနေသောကြောင့်ဖြစ်သည်။ ညဘက်တွင် ကြယ်များကို မြင်နိုင်သ၍ သူသည် ကျင့်ကြံနိုင်ပေသည်။
ထိုက်ကျီသိုင်းကွက်မှာကမူ ၎င်းမှာ သူ၏ခန္ဓာကိုယ်ကို တိုးတက်စေရန် အသုံးပြုသည့်အရာတစ်ခုမျှသာဖြစ်သည်။
ရဲရှင်းချန် အလေးအနက်ကျင့်ကြံနေစဉ်မှာပင်၊ တစ်စုံတစ်ယောက်က သူ့အား ချောင်းမြောင်းကြည့်ရှုနေသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
သူ၏ခံစားချက်အတိုင်း ရဲရှင်းချန်သည် ခေါင်းလှည့်လိုက်ရာ ထွင်းဖောက်မြင်နိုင်စွမ်းကို ဖွင့်ထားသော ရဲရှင်းဟွေ့၏ မျက်လုံးများနှင့် တည့်တည့်ဆုံသွားလေသည်။
သူ့အစ်ကို၏ စူးရှသောမျက်လုံးများကို မြင်လိုက်ရသောအခါ ရဲရှင်းဟွေ့သည် အလိုအလျောက်ပင် တုန်လှုပ်သွားသည်။
"ငနာပဲ....သူငါ့ကိုတွေ့သွားတာလား"
ရဲရှင်းချန်ကတော့ သတိပြုမိခြင်းမရှိပေ။ သူသည် ယနေ့မှ ကမ္ဘာသို့ ပြန်လည်မွေးဖွားလာခြင်းဖြစ်ပြီး၊ ဝိညာဉ်စွမ်းအားအနည်းငယ်မှလွဲ၍ သူ့တွင် ကျင့်ကြံမှုအဆင့် လုံးဝမရှိပေ။
တစ်စုံတစ်ယောက်က သူ့အား ချောင်းကြည့်နေသည်ကို သူခံစားမိနိုင်ရခြင်းမှာ မသေမျိုးဧကရာဇ်တစ်ဦး၏ အာရုံခံနိုင်စွမ်း၊ ဆဋ္ဌမအာရုံဟု ခေါ်တွင်သောအရာကြောင့်ဖြစ်သည်။ ရဲရှင်းချန်သည် သူ၏ရှေ့မှနံရံကို စိုက်ကြည့်နေသော်လည်း ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ရှိခဲ့ပေ။
"ငါစိတ်ထင်တာပဲလား" ရဲရှင်းချန်က တီးတိုးရေရွတ်ပြီး ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဘေးခန်းမှ ရဲရှင်းဟွေ့မှာမူ၊ သူ၏အစ်ကို မသေမျိုးဧကရာဇ်အား နောက်ဘယ်တော့မှ အလွယ်တကူ သွားမချောင်းတော့ဟု စိတ်ထဲတွင် တိတ်တဆိတ်ကျိန်ဆိုလိုက်တော့သည်။