← Chapters

မသေမျိုးဧကရာဇ်၏ ပျောက်ဆုံးသွားသော ငယ်ဘဝ

Vol. 1 Ch. 12

မသေမျိုးဧကရာဇ်၏ ပျောက်ဆုံးသွားသော ငယ်ဘဝ

Vol. 1 Ch. 12

နောက်တစ်နေ့ မနက်။

ရဲရှင်းဟွေ့သည် အရင်အတိုင်းပင် စောစောထခဲ့သည်။ သူအပြင်ထွက်လိုက်သည်နှင့် ဘေးခန်းတံခါးပွင့်လာသံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူ့အစ်ကိုလည်း အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဟမ်? အစ်ကို၊ ဒီနေ့ တော်တော်စောစောထသားပဲ! ကျွန်တော်နဲ့အတူတူ လေ့ကျင့်ခန်းလုပ်မလို့လား?"

"အင်း!" ရဲရှင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် ရဲရှင်းဟွေ့၏ မျက်လုံးများကို ထူးဆန်းစွာကြည့်ကာ မေးလိုက်သည်။

"မင်းမျက်လုံးက ဘာဖြစ်တာလဲ"

"အာ... မျက်စိစွံတာ၊ အပူကန်လို့ဖြစ်မယ်။ ရက်အနည်းငယ်ကြာရင် ပျောက်သွားမှာပါ!"

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က အောက်ထပ်သို့ ဦးဆုံးဆင်းသွားခဲ့သည်။

အောက်ထပ်သို့ရောက်သည်နှင့် ကျိုးလင် ဖုန်းပြောနေသည်ကို ကြားလိုက်ရသည်။

"ဟုတ်ပါတယ်! ကူယန်အလယ်တန်းကျောင်းနားက တိုက်ခန်းတစ်ခန်းပါ။ ဟုတ်... ဒီနေ့အပြီးလိုချင်တာ။ ငှားတာဖြစ်ဖြစ်၊ ဝယ်တာဖြစ်ဖြစ် ရတယ်။ ဒီနေ့လည်မတိုင်ခင် အပြီးဖြစ်ရမယ်။"

"ဪ! ဒါနဲ့ အိမ်မှာ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်းတွေ အပြည့်အစုံပါရမယ်၊ ပြီးတော့ အိမ်အကူတစ်ယောက်လည်း ငှားပေးပါ!"

.......

ကျိုးလင်၏ ဖုန်းပြောစကားများကို နားထောင်ရင်း ရဲရှင်းဟွေ့သည် သူမက သူနှင့်သူ့အစ်ကိုအတွက် အိမ်ရှာပေးနေမှန်း သိလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ၊ အန်တီကျိုးလင်!"

ကျိုးလင် ဖုန်းချလိုက်သည်ကိုမြင်တော့ ရဲရှင်းဟွေ့က ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဟော...ရှင်းဟွေ့၊ မင်းမျက်လုံးက ဘာဖြစ်တာလဲ?"

"ဟုတ်... မျက်စိစွံတာပါ... အပူများသွားလို့ထင်တယ် အန်တီကျိုးလင်း!"

"ဪ! နေရတာမသက်သာရင် ဆေးရုံသွားပြဦးနော်! မျက်လုံးကိစ္စက ပေါ့ဆလို့မရဘူး!"

"မင်းတို့ ခုနက အန်တီဖုန်းပြောတာ ကြားတယ်မလား။ အခု မင်းတို့အတွက် အိမ်ရှာပေးနေတာ။ နေထိုင်ဖို့အတွက် ဘာလိုအပ်ချက်တွေများ ရှိသေးလဲ"

ကျိုးလင်က ရဲရှင်းဟွေ့နှင့် သူ့အစ်ကိုကို ကြည့်ကာမေးလိုက်သည်။ ရဲရှင်းဟွေ့က အိမ်အတွက် သိပ်လိုအပ်ချက်မများလှပေ။ နေလို့ရလျှင်ပြီးပြီဖြစ်သောကြောင့် သူက ဘေးရှိသူ့အစ်ကိုကို လှည့်ကြည့်လိုက်သည်။

နှစ်ယောက်စလုံးက သူ့ကိုကြည့်နေသည်ကိုမြင်တော့ ရဲရှင်းချန်က ခပ်အေးအေးပြောလိုက်သည်။

"အခန်းက အပေါ်ဆုံးထပ်မှာဆို ပိုကောင်းတယ်။ ပြီးတော့... ကျွန်တော်တို့ အိမ်အကူမလိုပါဘူး။ ကိုယ့်ဘာသာကိုယ် ကြည့်ရှုစောင့်ရှောက်နိုင်ပါတယ်!"

သူက အပေါ်ဆုံးထပ်ကို လိုချင်ခြင်းမှာ ကြယ်တာရာစွမ်းအင်များကို စုပ်ယူရန် အဆင်ပြေစေရန်ဖြစ်သည်။ အိမ်အကူမလိုချင်ခြင်းမှာလည်း ကျင့်ကြံနေစဉ် အနှောင့်အယှက်မဖြစ်ချင်သောကြောင့် ဖြစ်သည်။ ရဲရှင်းဟွေ့က သူ့ကိုနှောင့်ယှက်မည်လားဟု မေးလျှင်တော့ ဟုတ်.... နှောင့်ယှက်မှာပါပဲ။ သို့သော် ရဲရှင်းဟွေ့က သူ့ညီလေးပဲ မဟုတ်လား!

ရဲရှင်းချန်၏စကားကိုကြားပြီးနောက် ကျိုးလင်သည် ယခင်နံပါတ်ကို ပြန်ခေါ်ကာ ရဲရှင်းချန်၏ တောင်းဆိုချက်ကို တစ်ဖက်သို့ ထပ်ပြောပြလိုက်သည်။

"ကောင်းပြီ! ဒီနေ့လည်လောက်ဆိုရင် အိမ်သွားကြည့်လို့ရလောက်ပြီထင်တယ်။"

ထိုသို့ပြောပြီးနောက် ကျိုးလင်က ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့ကို အနည်းငယ်အားနာဟန်ဖြင့် ကြည့်ကာ "တကယ်တောင်းပန်ပါတယ်ကွယ်! ဒါတွေအားလုံး ကျားယန်က အရမ်းခေါင်းမာလို့ဖြစ်ရတာ!"

"ရပါတယ်!" ရဲရှင်းဟွေ့က လက်ခါပြပြီး "အပြင်မှာနေတာလည်း ကောင်းပါတယ်။ အစ်ကို့ကောင်မလေးခေါ်လာဖို့ ပိုအဆင်ပြေတာပေါ့!"

ရဲရှင်းချန်.....

ကျိုးလင်.....

"ဟီးဟီး..." ကျိုးလင်က မလုံမလဲရယ်လိုက်ပြီး "အိမ်မှာမနေရင်တောင် အန်တီနဲ့အတူတူ ထမင်းစား၊ စကားပြောဖို့ မကြာခဏတော့ လာလည်ကြဦးနော်! ကျားယန်ကတော့ နေ့တိုင်းအပြင်မှာ မူးရူးနေတာပဲ။ မင်းတို့ညီအစ်ကိုနှစ်ယောက်လို တည်တည်ငြိမ်ငြိမ်မရှိဘူး!"

တစ်နေ့နေ့မှာ သူက "လူတကာရဲ့ သားလိမ္မာ" ဖြစ်လာလိမ့်မည်ဟု ရဲရှင်းဟွေ့ တစ်ခါမှမတွေးခဲ့ဖူးပေ။

"ရပါတယ် အန်တီကျိုးလင်! အားတဲ့အချိန်တိုင်း ထမင်းလာကပ်စားမှာပါ!"

.....

နောက်ထပ် စကားအနည်းငယ်ပြောပြီးနောက် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့သည် ဗီလာအိမ်မှထွက်ခွာကာ လေ့ကျင့်ခန်းလုပ်ရန် အပြင်သို့ထွက်ခဲ့ကြသည်။

ဗီလာခြံဝင်းအတွင်းရှိ လမ်းငယ်လေးပေါ်တွင် နှစ်ယောက်သား ဘေးချင်းယှဉ်ကာ လျှောက်နေကြသည်။

"အစ်ကို... အစ်ကိုက ဝမ်ကျားယန်ဆိုတဲ့တစ်ယောက်ကို တကယ်ပဲ ရည်းစားစာပေးခဲ့တာလား"

ရဲရှင်းဟွေ့က ရဲရှင်းချန်အနားသို့ကပ်ကာ အတင်းအဖျင်းစကားပြောချင်သော မျက်နှာဖြင့် မေးလိုက်သည်။

ထိုစကားကိုကြားသော် ရဲရှင်းချန်က မျက်နှာသေဖြင့် ခေါင်းခါလိုက်ပြီး "အဲ့ဒီရည်းစားစာ သူ့အတွက်ရေးခဲ့တာမဟုတ်ဘူး။ သူက ကိုယ့်ဘာသာကိုယ် အရေးလုပ်နေတာ!"

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူ့အစ်ကိုက ကျောင်းရဲ့နာမည်ကျော်မလေးကို ရည်းစားတာရေးခဲ့ဖူးသည်ဟု သိထားသော်လည်း အသေးစိတ်ကိုတော့ သူမသိခဲ့ပေ။

"ကျွန်တော့်ကို ပြောပြပါဦး၊ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ။"

"ပြောစရာမရှိဘူး!" ထိုသို့ပြောပြီးနောက် ရဲရှင်းချန်က အရှိန်မြှင့်ပြေးတော့သည်။ တစ်ညတာ ကျင့်ကြံပြီးနောက် ရဲရှင်းချန်၏ ခန္ဓာကိုယ်သည် ယခင်ကထက် များစွာသန်မာလာပြီဖြစ်သော်လည်း အားကစားသမားတစ်ယောက်ဖြစ်သော ရဲရှင်းဟွေ့ကတော့ အလွယ်တကူပင် လိုက်မီနေဆဲဖြစ်သည်။

"ပြောပြပါဆို!"

"ပြောပြပါဆိုဗျာ!"

"ပြောပြပါဆို!"

ရဲရှင်းချန်က ဘာမှမပြောဘဲနေသည်ကိုမြင်တော့ ရဲရှင်းဟွေ့က သူ့နားနားကပ်ကာ အဆက်မပြတ်အော်ခေါ်နေသည်။ တကယ်တော့ ရဲရှင်းဟွေ့က အတင်းအဖျင်းကြားချင်နေတာမဟုတ်ဘဲ ဒီနည်းလမ်းကိုသုံးပြီး သူ့အစ်ကို၏ စိတ်ခံစားချက်အပြောင်းအလဲကို ဖြစ်စေချင်နေခြင်းဖြစ်သည်။

သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ စိတ်ခံစားချက်အပြောင်းအလဲက တီဗီလေးကို လိုင်းတစ်တိုင်လောက်ဖြစ်ဖြစ် ပွင့်လာစေနိုင်မလားဆိုတာ သူသိချင်နေသည်။ သို့သော်လည်း ဒီအသေးအမွှားကိစ္စလေးက မသေမျိုးဧကရာဇ်ဖြစ်သော သူ့အစ်ကို၏ စိတ်ခံစားချက်ကို အနည်းငယ်မျှပင် ပြောင်းလဲစေနိုင်ခြင်းမရှိကြောင်း သက်သေပြသွားခဲ့သည်။

စိတ်ခံစားချက်မပြောင်းလဲသော်လည်း ရဲရှင်းချန်က ရည်းစားစာကအမှားအယွင်းအကြောင်းကို ပြောပြခဲ့သည်။

တကယ်တော့ ဇာတ်လမ်းက အလွန်ရိုးရှင်းပါသည်။ ဝမ်ကျားယန်သည် ကျောင်းတွင် ကိုယ့်ကိုယ်ကိုယ် နာမည်ကျော်မလေးဟု သတ်မှတ်ထားပြီး သူ့ပတ်လည်တွင် ကပ်ပါး သူငယ်ချင်းများစွာ ဝန်းရံနေသည်။

ထိုအချိန်က ဝမ်ကျားယန်နှင့် ရဲရှင်းချန်တို့သည် အတန်းဖော်များဖြစ်ကြသည်။ ငယ်စဉ်ကတည်းက စေ့စပ်ထားသည့်ကိစ္စကြောင့် ဝမ်ကျားယန်သည် ရဲရှင်းချန်ကို နည်းမျိုးစုံဖြင့် မနှစ်မြို့ခဲ့ပေ။ နောက်ပိုင်းတွင် ထိုစေ့စပ်ကြောင်းလမ်းခြင်းအကြောင်းကို သူ့ပတ်ဝန်းကျင်ရှိ အတန်းဖော်များကို ပြောပြခဲ့သည်။

ထိုကာလအတွင်း ရဲရှင်းချန်သည် အလှောင်ခံခဲ့ရပြီး အချို့က သူ့ကို "ဖားပြုတ်" ဟုပင် နာမည်ပြောင်ပေးခဲ့ကြသည်။

သူတို့အမြင်တွင် ရဲရှင်းချန်သည် ဝမ်ကျားယန်နှင့် လုံးဝမထိုက်တန်ပေ။

ဝမ်ကျားယန်၏မိခင်သည် စာရင်းဝင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာရှင်ဖြစ်ပြီး သူမ၏ဖခင်မှာ ဒုတိယမြို့တော်ဝန်ဖြစ်သည်။ ရဲရှင်းချန်ကကော...သူ၏မိဘများမှာ စူပါမားကတ်တစ်ခု ဖွင့်ထားသည်။ နှစ်ယောက်ကြားကွာခြားမှုမှာ ကောင်းကင်နှင့်မြေကြီးလိုပင်။

ထိုအချိန်က ရဲရှင်းချန်ကကော ဘယ်လိုလဲ။ သူသည် ပညာရှိတို့၏လမ်းစဥ်အတိုင်း စာပေများကိုသာ အာရုံစိုက်ဖတ်ရှုနေပြီး ပြင်ပလောကနှင့် လုံးဝအဆက်အသွယ်ပြတ်နေသူဟု ဆိုနိုင်သည်။ ကျောင်းပြောင်းလာသောကျောင်းသူတစ်ယောက် ရောက်လာသည့်အချိန်အထိပင်။

ထိုကျောင်းပြောင်းလာသော ကျောင်းသူလေးသည် ရုပ်ရည်မထူးခြားသော်လည်း အမူအရာမှာ အလွန်ကျက်သရေရှိပြီး ထိုအချိန်က ရိုးသားဖြူစင်လှသော ရဲရှင်းချန်၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။ အချိန်မည်မျှကြာသွားသည်မသိ၊ ရဲရှင်းချန်သည် ထိုမိန်းကလေးထံ အရည်းစားစာတစ်စောင်ရေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့်ပင် ရဲရှင်းဟွေ့က သူ့အစ်ကိုမှာ စိတ်ကူးယဉ်တတ်သူဟု ပြောခဲ့ခြင်းဖြစ်သည်။ သူက စကားနည်းသူဖြစ်သော်လည်း ရည်းစားစာရေးဖို့ သတ္တိရှိခဲ့သည်။

ရည်းစားစာရေးပြီးနောက် သူက ထိုမိန်းကလေး၏ စားပွဲခုံထဲသို့ တိတ်တဆိတ်ထည့်ထားခဲ့သည်။ ကံဆိုးချင်တော့ ထိုအချိန်တွင် ဝမ်ကျားယန်ကို သဘောကျနေသော ကျောင်းသားတစ်ယောက်က ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။ အရေးကြီးဆုံးမှာ ရဲရှင်းချန်ကြိုက်နှစ်သက်သော မိန်းကလေးသည် ဝမ်ကျားယန်၏ စားပွဲခုံဖော် ဖြစ်နေခြင်းပင်။

ထိုသို့ဖြင့် ရဲရှင်းချန်သည် အထင်လွဲခံခဲ့ရသည်။ အကယ်၍ ထိုကောင်လေးသာ ရည်းစားစာကို တစ်ချက်လောက်ကြည့်လိုက်လျှင် အထင်လွဲမှုပြေလည်သွားမည်ဖြစ်သော်လည်း... သူက အချစ်စာကို တိုက်ရိုက်ဆုတ်ဖြဲပစ်ခဲ့သည်။

ဤသို့ဖြင့် ရဲရှင်းချန်က ကျောင်းရဲ့နာမည်ကျော်မလေးကို ရည်းစားစာရေးခဲ့သည်ဟူသော သတင်းသည် ပျံ့နှံ့သွားခဲ့တော့သည်။

သူ့အစ်ကို၏ ဇာတ်လမ်းကိုနားထောင်ပြီးနောက် ရဲရှင်းဟွေ့မှာ "အာ... ဒါတွေအားလုံးဟာ ပျောက်ဆုံးသွားတဲ့ ငယ်ဘဝပါပဲလား!" ဟုသာ ပြောချင်တော့သည်။

သူ့အစ်ကိုကြီးက ထိုအဖြစ်အပျက်တစ်ခုလုံးကို တည်ငြိမ်စွာပြောပြနေသည်ကိုမြင်တော့ ရဲရှင်းဟွေ့ သက်ပြင်းချလိုက်မိသည်။ ဤသို့သော အသေးအမွှားကိစ္စက မသေမျိုးဧကရာဇ်ဖြစ်သော သူ့အစ်ကိုကို စိတ်လှုပ်ရှားစေမည်မဟုတ်ကြောင်း သူသိသည်။

.....

ဆက်လက်ပြေးနေဆဲ ရဲရှင်းဟွေ့သည် ပြေးရင်း ဗီလာခြံဝင်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သက်တော်စောင့်နှစ်ယောက်နှင့် လက်ဝှေ့ထိုးနေသည့် အဘိုးအိုတစ်ဦး သို့မဟုတ် သူ့မြေးမလေးကို လက်ဝှေ့သင်ပေးနေသည့် အဘိုးအိုတစ်ဦးကို ရှာနေခြင်းဖြစ်သည်။

မသေမျိုးဧကရာဇ်တစ်ယောက် ပြန်လည်ရောက်ရှိလာသည့် ဝတ္ထုဇာတ်လမ်းများ၏ ပုံမှန်ဇာတ်ကွက်မှာ ထိုသို့သော ချမ်းသာပြီးဩဇာရှိသည့် အဘိုးအိုတစ်ဦးနှင့် မလွဲမသွေတွေ့ဆုံရမည်ဖြစ်ပြီး၊ ထို့နောက်... သူ့အစ်ကိုက ထိုအဘိုးအိုတွင် ပုန်းကွယ်နေသောရောဂါတစ်ခုရှိနေသည်ကို ရှာဖွေတွေ့ရှိသွားလိမ့်မည်။

အကယ်၍ သူက သူ၏ဆေးပညာကျွမ်းကျင်မှုဖြင့် ထိုအဘိုးအိုကို ကုသပေးနိုင်ခဲ့လျှင် တရုတ်နိုင်ငံ၏ သိုင်းလောက၊ စစ်ဘက်၊ နိုင်ငံရေးနှင့် မြေအောက်လောကတို့နှင့် ထိတွေ့ခွင့်ရရှိလိမ့်မည်။

ရဲရှင်းဟွေ့သည် ယခု ထိုသို့သော အဘိုးအိုတစ်ဦးကို ရှာဖွေနေခြင်းဖြစ်သည်။ သို့သော် သူ့ကိုစိတ်ပျက်စေသည်မှာ နှစ်ပတ်ပြေးပြီးသည့်တိုင် ရဲရှင်းဟွေ့သည် လိုအပ်ချက်နှင့်ကိုက်ညီသော အဘိုးအို သို့မဟုတ် အဘွားအိုတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။

ပန်းခြံငယ်လေးထဲတွင် မနက်စောစော သစ်ပင်များကို ကျောဖြင့်ဝင်တိုက်နေသော အဘိုးအိုများကတော့ တော်တော်များများရှိသား။

All Chapters