အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း(၃၃၁) သဘောမတူညီမှု
ချူးကျိကောနှင့် ချူးဟုန်ယဲ့ကိုကြည့်၍ ကောင်းသောရည်ရွယ်ချက်နှင့်လာခြင်းမဟုတ်ကြောင်းမသိလျှင် ချူးယွင်ဖန်းကို အရူးဟု ယူဆ၍ ရမည်ဖြစ်၏။
ဤအခိုက်အတန့်တွင် ချူးကျိကောက မတ်တပ်ရပ်လိုက်သည်။ သူ ချူးယွင်ဖန်းအားကြည့်သောအကြည့်ထဲတွင် မုန်းတီးမှုနှင့် မောက်မာမှုများပြည့်နှက်နေသည်။
“ချူးယွင်ဖန်း ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒါက ငါတို့ မိသားစုရဲ့ အကြီးအကဲတွေထဲက အကြီးအကဲ ချူးဟုန်သဲ့ပဲ၊ နောင်မှာ ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး မင်းအများကြီးသိလာရမှာပါ။ ဒါကတော့ ချူးရှန်ကျုံးပဲ၊ သူလည်းပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရထားတာဆိုတော့ မင်းတို့ ကျောင်းနေဖက်တွေဖြစ်လာလိမ့်မယ်’
“ကျုပ်ကို ဘာလို့ ဒါတွေလာပြောနေရတာလဲ။ ကျုပ်သိချင်တဲ့ပုံလည်း ပေါက်မနေပါဘူး” ချူးယွင်ဖန်းက မကျေနပ်စွာပြောသည်။ ၎င်းတို့သည် မကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်လာကြခြင်းဖြစ်ကြောင်း သူသိနှင့်ပြီးဖြစ်သဖြင့် ချူးယွင်ဖန်းသည် ယဥ်ကျေးပြမနေချင်တော့ပေ။
“ချူးယွင်ဖန်း မင်းက နာမည်ကြီးပြီး၊ မောက်မာတယ်လို့ သိထားပေမယ့် မင်းကကောလဟာလတွေထက် အများကြီးပိုမောက်မာတာပဲ။ ငါ့ရှေ့မှာတောင် မင်းက မောက်မာရဲတယ်ပေါ့” တန်ဖိုးကြီးဝတ်စုံကို ဝတ်ထားသည့်လူငယ်ကပြောသည်။
ချူးရှန်ကျုံး၏ အမူအရာသည် အလွန် မောက်မာလျက်ရှိသည်။ သူသည် အရပ်ခြောက်ပေရှည်သော ချူးယွင်ဖန်းထက် ပို၍ အရပ်ရှည်ရာ၊ ခြောက်ပေခြောက်လက်မခန့်နီးပါးရှိ၏။
ချူးယွင်ဖန်းသည် သူ့အားလှောင်ပြောင်သောအမူအရာဖြင့်ကြည့်လိုက်သည်။ ထိုသူများသည် သူ့အားပြဿနာရှာရန် ရောက်နေကြခြင်းဖြစ်သဖြင့် ၎င်းတို့ကို ကြင်နာစွာ ပြန်ကြည့်မနေနိုင်တော့ပေ။
“မင်းကဘယ်သူလဲ” ချူးယွင်ဖန်းက အထင်သေးစွာပြောလိုက်သည်။
ချူးရှန်ကျုံးသည် ချူးယွင်ဖန်း၏အမူအရာထဲမှ အထင်သေးခြင်းကို သတိပြုမိသဖြင့် ဒေါသမီးများ တောက်လောင်လာသည်။
“ချူးကျိကော ပြောတာကို အခုမကြားလိုက်ဘူးလား။ ငါ့နာမည်က ချူးရှန်ကျုံးပါ။ ဒီနှစ် ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရထားတယ်။ မင်းဘယ်ကလာလဲမသိပေမယ့် မင်းတက္ကသိုလ်ဝင်ခွင့်ရရင်တောင်မှ ကျောင်းသားတွေကို အဆင့်သုံး၊ အဆင့်ခြောက်နဲ့ အဆင့်ကိုးဆိုပြီးခွဲထားတယ်ကွ၊ မင်းက သေချာပေါက် အဆင့်ကိုး ကျောင်းသားပဲဖြစ်မှာ၊ မင်းလိုကောင်မျိုးက ငါတို့လို တိုက်ရိုက်မျိုးဆက်တွေနဲ့ နှိုင်းလို့ရမယ်လို့ထင်လား”
ချူးရှန်ကျုံးသည် ချူးယွင်ဖန်းကို အထင်သေးလျက်ရှိသည်။ ချူးယွင်ဖန်းသည် ချူးမိသားစု၏ အသိုင်းအဝိုင်းတွင် စာရင်းမသွင်းရသေးသည့် အပေါင်ပစ္စည်းတစ်ခုသာသာမျှသာဖြစ်သည်။ ချူးယွင်ဖန်းကို သူ့ကဲ့သို့ တိုက်ရိုက်မျိုးဆက်နှင့် မည်သို့ နှိုင်းယှဥ်နိုင်လိမ့်မည်နည်း။
နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရသူ ကျောင်းသားအများကို ထူးချွန်သူများအဖြစ် သတ်မှတ်ထားကြရာ၊ ဝင်ခွင့်ရသူများ၏ ခွန်အားသည် အခြားသူများနှင့် တူညီလိမ့်မည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဝင်ခွင့်ရရန်အတွက် လုံလောက်သောအမှတ်များကို ရရှိရန်လိုအပ်သည်။
ဂေါင်ဟုန်ချီနှင့် ကျန်သူများကို ဥပမာအဖြစ် ယူဆကြည့်လျှင်၊ ချူးရှန်ကျုံး၏ မျက်လုံးထဲတွင် ထိုသူများသည် အားလုံးရောထွေးနေ၏။ ၎င်းတို့သည် ၎င်းတို့၏ စွမ်းအင်များကို အသုံးချ၍ ဝင်ခွင့်ရရှိခဲ့ကြခြင်းမဟုတ်ပေ။ ချူးရှန်ကျုံး၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ထိုသို့သော လူစားမျိုးဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်း ဝန်ခံခဲ့လျှင်ပင် သူ့ကဲ့သို့ တိုက်ရိုက်မျိုးဆက်ဖြင့် မနှိုင်းယှဥ်နိုင်ပေ။ ဤသည်မှာ မိသားစုကြီးများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဥ်မျိုးပင်ဖြစ်သည်။ တိုက်ရိုက် မျိုးဆက်များသည် မျိုးဆက်ခွဲများ မရရှိနိုင်သည့် အကောင်းဆုံးအရာများကို ခံစားခွင့်ရကြသည်။ တိုက်ရိုက်မျိုးဆက်များ ရရှိထားသည့် အောင်မြင်မှုများနှင့် အရင်းအမြစ်များသည် မိသားစုခွဲမှ မွေးဖွားလာသော ကလေးများ ရနိုင်သည့်အတိုင်းအတာထက် များစွာ ကျော်လွန်၏။
ချူးရှန်ကျုံးသည် ပထမဦးစွာ တိုက်ခိုက်၍ သူ၏ အစွမ်းအစကို ပြသလိုခဲ့သော်လည်း ချူးယွင်ဖန်းသည် ရိုးရှင်းစွာ ပြန်ပြောခဲ့သည်။
“ဆိုတော့၊ လူစကားကို လူလိုပြောပြီး လိုရင်းရောက်အောင်ပြောကွာ၊ ဒီစောက်ရေးမပါတွေပြောနေလို့ ဘာထူးမှာလဲ”
ချူးရှန်ကျုံး၏ မျက်နှာသည် ဒေါသစိတ်ကြောင့် အလွန်နီရဲလာသည်။ ဤအချိန်တွင် ဘေး၌ တိတ်တဆိတ်ထိုင်နေသော ချူးဟုန်သဲ့က စကားပြောလိုက်သည်။
“မောင်ရင်၊ သိပ်ရန်မလိုပါနဲ့၊ တစ်ခါတစ်လေမှာ မင်းကောင်းကျိုးအတွက် ကိုယ့်စိတ်ကိုယ်ထိန်းတာကောင်းပါတယ်”
“ရန်လိုတာလား၊ ဒီနေရာမှာ တကယ်ရန်လိုနေတာ ဘယ်သူလဲ။ ခင်ဗျားတို့က ကျုပ်ဆီဒီလိုလာလုပ်ပြီးတော့၊ ကျုပ်ကို ရန်လိုလို့ အပြစ်တင်နေတာလား” ချူးယွင်ဖန်းက လှောင်ပြောင်၍ ချူးဟုန်သဲ့ကို ခပ်ပါးပါးပြုံး၍ပြောလိုက်သည်။
“လိုရင်းကိုပြောမှာလာ ဆက်ပြီး လေပေါနေမှာလား” ချူးယွင်ဖန်းကမေးလိုက်သည်။
ချူးဟုန်သဲ့သည် ချူးယွင်ဖန်း ဤမျှထိ တည့်တိုးပြောလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ သူဤသို့ ပြောတတ်လာခဲ့သည်။ သို့သော် ချူးယွင်ဖန်းရှေ့တွင်မူ သူထိုနည်းလမ်းအသုံးမပြုနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် အလျှော့ပေးမည့် ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှား၏။
ချူးဟုန်သဲ့၏ မျက်နှာသည် အလွန်မကျေမနပ်ဖြစ်လျက်ရှိသည်။ ချူးမိသားစုတွင် အကြီးအကဲများသည် ရာထူးမြင့်များရှိကြသော်လည်း ဤဂျူနီယာသည် သူ့အား စော်ကားလိုက်ခြင်းဖြစ်၏။
“မင်းရဲ့ ကုမ္ပဏီက ပြုပြင်ထားတဲ့ ချီဖြည့်တင်းဆေးဖော်မြူလာကို တီထွင်ခဲ့တယ်လို့ကြားတယ်။ မင်းက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းမာလွန်းတယ်။ ဒီလိုကိစ္စမျိုးတွေက မိသားစုကို အရင်သတင်းပို့ရမယ်ဆိုတာ မင်းမသိဘူးလား” ချူးဟုန်သဲ့က လေးနက်စွာပြောသည်။
ချူးယွင်ဖန်းသည် မည်သည့်စကားမျှ ပြန်မဖြေကြားခဲ့ပေ။ သူသည် ထိုလူကြီးအား လှောင်ပြောင်သော အကြည့်ဖြင့်သာကြည့်နေ၏။
ဤအရာက အရေခွံထူ၍ သွေးအေးသော အကြီးအကဲချူးဟုန်သဲ့အား အနည်းငယ်နီရဲသွားစေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဒေါသသံဖြင့် ပြော၏။
“မင်းစကားမပြောရင် လုံလောက်ပြီလို့ ထင်မနေနဲ့၊ မင်း ဘယ်လိုအပြုအမူမျိုးကို လုပ်နေလဲဆိုတာ မင်းကိုယ်မင်းသိမယ်လို့ ငါမျှော်လင့်ပါတယ်”
“ဘယ်လိုအပြုအမူလဲ” ချူးယွင်ဖန်း၏ မျက်နှာထက်တွင် လှောင်ပြောင်သော မျက်နှာထားမျိုးရှိနေသေး၏။
“ချူးယွင်ဖန်း၊ ဒီလိုအတွေးက အန္တရာယ်များတယ်။ ငါတို့ မိသားစုက မင်းကို ပျိုးထောင်လာခဲ့တာ၊ အဲ့အတွက်ကြောင့် မင်းမိသားစုကို ပြန်ပေးဆပ်ရမယ်။ လူတိုင်းသာ မင်းလိုဆိုရင် ငါတို့ မိသားစု ဘာဖြစ်သွားမယ်လို့ထင်လဲ” ချူးဟုန်သဲက အလွန်အမင်းဒေါသဖြစ်လျက်ပြောသည်။
“ဒီမိသားစုက ကျုပ်ကို ပျိုးထောင်ခဲ့တယ်ဟုတ်လား။ ကျုပ်က အဲ့လိုမဟုတ်… အမ် ခင်ဗျားနာမည်ဘယ်သူပါလိမ့်” ချူးယွင်ဖန်းသည် ချူးရှန်ကျုံးကို လက်ညှိုးထိုး၍ “ကျုပ်က မိသားစုခွဲရဲ့ မျိုးဆက်စာရင်းထဲမှာတောင်မပါပါဘူး။ ကျုပ်ကအရမ်းဝေးနေတော့၊ ကျုပ်နာမည်က မိသားစုစာရင်းထဲတောင်မပါဘူး။ မိသားစုက ကျုပ်ကို ပျိုးထောင်ပေးတယ်လို့ ခင်ဗျားပြောနေတာလား”
ပင်မချူးမိသားစုသည် အရင်းအမြစ်အချို့ကို ရံဖန်ရံခါပေးလေ့ရှိသော်လည်း ၎င်းတို့အားလုံးကို ချူးယွင်ရှင်းအား ပေးမည်ဖြစ်သည်။ ချူးယွင်ဖန်းအတွက် တစ်ခုခုကျန်ခဲ့လျှင်ပင် ကျင့်ကြံရေးတစ်ခုလုံးမှ ရေတစ်ပေါက်စာမျှသာဖြစ်သည်။ ငွေကြေးများစွာရှိမည်မဟုတ်သည့်အပြင် အနည်းငယ်သာအသုံးဝင်ပေလိမ့်မည်။
ထို့ကြောင့် ပင်မမိသားစုသည် သူ့အား ပျိုးထောင်ခဲ့ခြင်းမဟုတ်ဟု ချူးယွင်ဖန်းပြောခြင်းဖြစ်သည်။ သူမည်သည့်နေရာသို့သွားခဲ့စေကာမူ၊ အတူတူပင်ဖြစ်သည်။
၎င်းတို့ပြုခဲ့သည့် ကျေးဇူးအချို့ကို အခြေခံ၍ မိသားစုသည် ချူးယွင်ဖန်းကို ဖော်မြူလာလွှဲပြောင်းပေးစေလိုခြင်းဖြစ်သည်။ ဤသည်ကားလက်တွေ့မကျပေ။ အကယ်၍ အခြားလူသာဖြစ်လျှင် ၎င်းတို့ ဤသို့ လုပ်ဝံ့ကြလိမ့်မည်မဟုတ်ပေ။
ချူးရှန်ကျုံး၏ အမူအရာသည် ချက်ချင်းအေးစက်သွားသည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သူ့မည်သူဖြစ်ကြောင်း သတ္တရှိစွာ ထည့်ပြောဝံ့ခဲ့သည်။ သူသည် ချူးရှန်ကျုံးကို အရေးမစိုက်၊ ချူးရှန်ကျုံး၏ မထီမဲ့မြင်ပြုသည့်ပုံစံကို အတုယူခဲ့သည်။
“လာနောက်မနေနဲ့၊ ဒါ့ထက်၊ မိသားစုက ဖော်မြူလာကို လိုချင်တာလား၊ ခင်ဗျားတို့လိုချင်တာလား” ချူးယွင်ဖန်းက ရယ်လိုက်သော်လည်း သူ၏ ရယ်မောသံတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။
“ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ ချူးမိသားစုကို ကိုယ်စားပြုဖို့ အရည်အချင်းပြည့်မီတယ်ထင်နေကြတာလား။ ပင်မချူးမိသားစုက ဒီလိုအမှိုက်တွေနဲ့ ပြည့်နေတယ်ဆိုရင် အခု အဲ့အမှိုက်တွေကို ဖျက်ဆီးပစ်ရမယ့် အချိန်ရောက်ပြီ”
“ဖော်မြူလာအတွက် ခင်ဗျားတို့ ဒီရောက်နေကြတာဆိုရင် ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ။ အဲ့လိုဖြစ်လာမှာမဟုတ်ဘူး။ အိပ်မက်မက်မနေနဲ့တော့” ချူးယွင်ဖန်းက အေးစက်စွာရယ်မော၍ ၎င်းတို့ကို မသိမသာငြင်းပယ်လိုက်သည်။
“ငမိုက်သား၊ မင်းဘယ်ကမ္ဘာမှာ ငါတို့ကို ငြင်းနိုင်မလဲ။ မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ” ချူးဟုန်သဲ့သည် နောက်ဆုံးတွင် ခင်မင်ရင်းနှီးယောင်ဆောင်မှုများအားလုံးကို ဖယ်ထုတ်လိုက်သည်။
“မင်းငြင်းရင် အကျိုးဆက်တွေကို ပေးဆပ်ရလိမ့်မယ်”
အခန်း(၃၃၂) ချူးရှန်ကျုံးကို အနိုင်ယူခြင်း
“အကျိုးဆက်တွေဘာတွေ ကျုပ်မသိဘူး။ ကျုပ်သိတာက အပေါင်းအဖော်တွေလာရင် ဝိုင်ကောင်းကောင်းတစ်ခွက်ရှိပြီး၊ ရန်သူတွေလာရင်တော့ အမဲလိုက်သေနတ်တွေရှိမှာပဲ” ချူးယွင်ဖန်းက ချူးဟုန်ယဲ့ကိုကြည့်၍ ပြောသည်။
“ခင်ဗျားတို့ အတင်းတွန်းအားပေးဖို့ ကြိုးစားနေကြတာလား။ ပင်မချူးမိသားစုက ဒီလိုပြုမူတာကိုကျုပ်ကြည့်ချင်တယ်”
ချူးဟုန်ယဲ့သည် ချူးယွင်ဖန်းအား အေးစက်စွာကြည့်လိုက်သော်လည်း ၎င်းတို့သည် ချူးမိသားစု၏ ဧည့်ကြိုဧရိယာတွင်ရှိနေကြခြင်းဖြစ်ဖြင့် အဆုံးသတ်တွင် တွန်းအားမပေးဝံ့ခဲ့ပေ။ အကယ်၍ ချူးဟုန်ယဲ့သည် အင်အားသုံး၍ ဆေးဖော်မြူလာကို ခိုးယူပါက ချူးမိသားစု၏ အမည်နှင့်ဂုဏ်ကို ထိခိုက်စေလိမ့်မည်။
ချူးမိသားစု၏ ဘိုးဘွားကန်တော့ပွဲတွင် ဤကိစ္စသည် အရေးကြီးသည်။ လူများစွာသည် ဤပွဲသို့ တက်ရောက်ရန် ရောက်ရှိနေကြခြင်းဖြစ်သဖြင့် မိသားစုခွဲမှ မျိုးဆက်များသာမ အခြားမိသားစုများနှင့် အစိုးရ အမြင့်တန်းအရာရှိများပင် ရှိနေခဲ့သည်။ အကယ်၍ သတင်းပေါက်ကြားခဲ့လျှင် ချူးမိသားစုသည် ပြည်ထောင်စုတစ်ခုလုံး၏ရှေ့၌ အရှက်ကွဲပေလိမ့်မည်ဖြစ်သည်။
အကယ်၍ ထိုသို့ဖြစ်လာပါက၊ ချူးမိသားစုသည် ချူးဟုန်ယဲ့အား သေချာပေါက်အလွတ်ပေးမည်မဟုတ်ပေ။ ချူးဟုန်ယဲ့သည် ယင်းကို အသေအချာသိသဖြင့် ပုံမှန်အခြေအနေများအောက်တွင် ချူးယွင်ဖန်းထံမှ ဖော်မြူလာကို လုယူ၍ရမည်မဟုတ်ပေ။
“ငါက ချူးမိသားစုရဲ့ အကြီးအကဲပဲ။ မင်းဖော်မြူလာကို ငါလုမယ်ထင်နေလား” ချူးဟုန်ယဲ့က ဤသို့မေးလျက်၊ ချူးရှန်ကျုံးကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
ချူးရှန်ကျုံးသည် သတိပေးချက်ရလိုက်သကဲ့သို့ ရှေ့သို့ တစ်လှမ်းတိုးလာ၍ ပြောသည်။
“မင်းရဲ့ အစွမ်းက ချီးမွမ်းစရာကောင်းတယ်လို့ငါကြားထားတယ်။ ငါတို့ ကအတန်းတူကျောင်းသားတွေဆိုတော့၊ ငါ မင်းရဲ့ စွမ်းအားကို ခံစားကြည့်ပါရစေ၊ မင်း ငါတို့ကို ဒီလိုစကားမျိုးပြောရဲလောက်အောင် ဘယ်လောက်သန်မာလဲဆိုတာကြည့်ရအောင်”
ချူးယွင်ဖန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမရှိ၊ ချူးရှန်ကျုံးသည် ရှေ့သို့တက်၍ တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ချူးဟုန်ယဲ့နှင့် သူ့သားသည် အောင်မြင်မှုအရိပ်အယောင်များ ကိန်းအောင်းနေသည့် မျက်လုံးများဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ ၎င်းတို့သည် တစ်ယောက်၏ အတွေးများကို တစ်ယောက်က နားလည်ကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ချူးဟုန်ယဲ့နှင့် အခြားသူများကိုပါ အပါခေါ်၍ ၎င်းတို့နှင့်အတူ ဆွဲချနိုင်ခဲ့ပြီဖြစ်၏။
ချူးဟုန်ယဲ့နှင့် သူ့သားသည် ချူးဟုန်သဲ့နှင့် ချူးရှန်ကျုံးကို ငှားရမ်းလိုက်ခြင်းပင်ဖြစ်သည်။ ချူးဟုန်သဲ့သည် တန်ဒါအဖွဲ့မှ အဓိက ရှယ်ယာရှင်နှစ်ဦးအနက်တစ်ဦးဖြစ်ရာ၊ ချူးဟုန်သဲ့နှင့် ချူးရှန်ကျုံးတို့သည် ပုံမှန်အားဖြင့် ကုမ္ပဏီမှကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိကြပေ။ ချူးဟုန်ယဲ့ကိုသာ ကိုင်တွယ်ခွင့်ပေးထားကြ၏။
သို့သော် ချူးဟုန်ယဲ့သည် ချူးယွင်ဖန်းတွင် တန်ဒါအဖွဲ့တည်ဆောက်ပုံတစ်ခုလုံးကို ပြောင်းလဲပေးနိုင်မည့် ဆေးဖော်မြူလာတစ်ခုရှိကြောင်း ဖော်ထုတ်ခဲ့သည်။
မျှော်မှန်းထားသည့်အတိုင်းပင်၊ နှစ်ဘက်လုံး အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ သို့သော် ယခုအချိန်၌ပင် အမြတ်အစွန်းများစွာရရှိပြီးဖြစ်သဖြင့် အပိုဝင်ငွေရရှိခြင်း မရရှိခြင်းနှင့် ပတ်သက်၍ မည်သူကမျှ အထွန့်မတက်ကြပေ။ သို့သော် တန်ဒါအဖွဲ့၏ အမြတ်ငွေကို ဆယ်ဆအထိ တိုးနိုင်မည်ဖြစ်ကြောင်း ၎င်းတို့ပြောသောအခါတွင်မူ နှစ်ယောက်လုံး ပါဝင်လာခဲ့သည်။
ချူးမိသားစုသည် ချူးယွင်ဖန်း၏ ဖော်မျူလာကို စောင့်ကြည့်နေသရွေ့တော့၊ သူမည်သို့မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်း လက်မလွှတ်လျှင်ပင် ပို၍ကောင်းပေလိမ့်မည်။ ထို့နောက်၊ ချူးမိသားစုသည် ချူးယွင်ဖန်းကို ဆက်လက်ကာကွယ်လိမ့်မည်မဟုတ်ပေ။ ထိုအခါတွင်၊ ချူးကျိကောနှင့် သူ့သားတို့ သူ့ထံမှ ဖော်မြူလာကို လုယူရန် ပို၍ လွယ်ကူပေလိမ့်မည်။
ချူးရှန်ကျုံးသည် သူ့ခါးထဲမှ ကွေးကောက်နိုင်သော ဓားတစ်စင်းကို ရုတ်တရက်ဆွဲထုတ်လိုက်သည်။ ၎င်းကို ဓားအိမ်ထဲမှ ထုတ်လိုက်သောအခါ၊ ကောင်းကင်တစ်ခွင်လုံး အရိပ်များဖြင့် ပြည့်နှက်သွားလျက်၊ ဓားသည် ချူးယွင်ဖန်းထံသို့ ဦးတည်သွားသည်။
ယင်းသည် ကောက်ကွေးနိုင်သော ဓားတစ်စင်းဖြစ်သော်လည်း အလွန်မာကြောသော သတ္တုဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့်၊ ၎င်း၏ စွမ်းအားသည် အလွန်မှတ်သားဖွယ်ကောင်း၏။ ထိုဓားဖြင့် ထိပ်တိုက်ရင်ဆိုင်ရသူသည် အသက်ရှင်ပေလိမ့်မည်မဟုတ်ပေ။
ကွေးလွယ်ကောက်လွယ်သော ဓားသည် လေကို ခွင်းဖောက်ကာ၊ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုကဲ့သို့ ပေါ်ထွက်လာသည်။ ယင်းသည် လျင်မြန်တိကျ၍ အကြင်နာကင်းသည်။
ချူးယွင်ဖန်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ပြောလိုက်၏။
“မင်း တကယ်ပဲ ဒီလောက်တောင် ရန်လိုနေတာလား ချူးရှန်ကျုံး” ချူးယွင်ဖန်းက ဤသို့ပြောကာ၊ အခန်းတွင်း မှတ်တမ်းတင်သည့် အစီအစဥ်ကို စတင်လိုက်သည်။
“လိုရင်းကိုပြော” ချူးရှန်ကျုံးသည် ချူးယွင်ဖန်းအား ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ချူးယွင်ဖန်း၏ ဖော်မြူလာကို တစ်ချက်တည်း လုယူရန်မဖြစ်နိုင်သော်လည်း ချူးယွင်ဖန်းအား အမှန်တရားကို သဘောပေါက်နားလည်စေရန် လေ့ကျင့်တိုက်ခိုက်သည်ဟူသော အမည်အောက်တွင် ချူးယွင်ဖန်းအား သင်ခန်းစာပေးလိုခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို နောက်ကျောမှ ဆွဲထုတ်လိုက်သည်။ ကံကောင်းစွာဖြင့် သူသည် မရင်းနှီးသော နေရာတွင် သူ၏အရိပ်မဲ့ဓားကို ဓားအိမ်ထဲတွင်ထည့်ထားခြင်းမရှိပေ။ မဟုတ်လျှင် သူသည် ချူးရှန်ကျုံးထံတွင် သတိလက်လွတ် တိုက်ခိုက်ခြင်းခံရကာ၊ ချူးဟုန်ယဲ့တို့ မှန်းထားသကဲ့သို့၊ သိသာစွာ အရေးနိမ့်သွားနိုင်သည်။
ချွင်
ဓားနှစ်စင်း တိုက်မိကာ၊ ချီစွမ်းအင်များပေါက်ကွဲသံသည် လေထဲသို့ ပဲ့တင်ထပ်နေ၏။
ချူးယွင်ဖန်းသည် ချူးရှန်ကျုံး၏ ကျင့်ကြံရေးအဆင့်ကို ချက်ချင်းသတိထားမိသွားသည်။ ချူးရှန်ကျုံးသည် ကျန်းလဲ့ထက် အနည်းငယ်မျှပင်မနိမ့်သည့် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ကျန်းလဲ့သည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်သို့ အမှန်တကယ် တက်လှမ်းခဲ့သကဲ့သို့ မဟုတ်၊ သူသည် ကျောင်းသားများအကြားတွင် အံ့ဖွယ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ချူးရှန်ကျုံး ဤမျှယုံကြည်ချက်ရှိနေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ သူသည် ထိုကဲ့သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသဖြင့် သက်တူရွယ်တူ ကျွမ်းကျင်သူများကို မကြောက်ပေ။ သုန်ဖန်းဟောက်၊ ကျန်းဖန်ဖေနှင့် အခြားသူများသာလျှင် သူ့အားအနိုင်ယူနိုင်မည်ဖြစ်ရာ၊ ချူးရှန်ကျုံး ယုံကြည်မှုရှိနေရခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် ချူးရှန်ကျုံး၏ ခွန်အားကို သတိထားမိသကဲ့သို့ ချူးရှန်ကျုံးသည်မူ၊ ချူးယွင်ဖန်း၏ခွန်အားကြောင့် သုန်လှုပ်လျက်ရှိသည်။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း စတုတ္ထအဆင့် သို့မဟုတ် ပဥ္စမအဆင့်၌သာရှိနေသည်ဟု ထင်သောကြောင့် ချူးယွင်ဖန်းသည်ထောင်စုတက္ကသိုလ်သို့ တစ်နည်းနည်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သူထင်ခဲ့သည်။ ထိုသို့သော စစ်ဆေးချက်မျိုးသည် အဓိပ္ပါယ်မရှိပေ။
ချူးမိသားစု၏ မိသားစုခွဲမှ မျိုးဆက်များသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ကြလျှင်ပင် ထိုအဆင့်တွင် ရှိနေကြလိမ့်မည်ဖြစ်သောကြောင့် ကျန်းရှန်ကျုံး အလွန်မာန်တက်နေရခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ယင်းသည် ချူးရှန်ကျုံး၏ ခန့်မှန်းချက်၊ မှားယွင်းသွားကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် စတင်၍တုံ့ပြန်တိုက်ခိုက်နေပြီဖြစ်သဖြင့် သူ၏ မဆင်မခြင် ကမူးရှုးထိုးပြုမှုအတွက် နောင်တရရန် အချိန်မလုံလောက်တော့ပေ။ ချူးယွင်ဖန်း၏ခန္ဓာကိုယ်သည် နတ်ဘုရားစိတ်ဝိဉာဥ်ကြောင့် ပြောင်းလဲသွားကာ၊ နှစ်ဆပို၍ သန်မာလာသည်။
ချူးယွင်ဖန်းသည် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ပြီးဖြစ်ထားပြီးဖြစ်သဖြင့် ယခုမူ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ၏အရိပ်မဲ့ဓားမှ သာမန်ဓားချက်တစ်ချက်သည်ပင် တန်ထောင်ချီသောစွမ်းအားကို ထုတ်လွှတ်နိုင်လျက်ရှိရာ၊ တောင်တစ်လုံးကိုပင် နှစ်ပိုင်းခွဲနိုင်၏။
ချူးရှန်ကျုံးသည် ခုခံရန်ပင်မရည်ရွယ်ဘဲ လက်မြှောက်၍ ဓားချက်ကို တားဆီးလိုက်သည်။
ချွင်
ကျယ်လောင်သော သတ္တုတိုက်သံတစ်ခု ပေါ်ထွက်လာကာ၊ ချူးရှန်ကျုံးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ရသည်။ သူ၏ လက်တစ်ချောင်းလုံး ထုံကျင်သွား၏။
ချွင်
ချွင်
ချွင်
ချူးရှန်ကျုံးသည် အသည်းအသန်ဆုတ်ခွာ၍ ချူးယွင်ရှင်း၏တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်စွမ်းအားကို နောက်ဆုံးတွင် တားဆီးလိုက်နိုင်သည်။ သို့သော် ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် မပြီးဆုံးသေးပေ။ သူ၏ ဓားသိုင်းသည် ချူးရှန်ကျုံးအား တစ်ချက်တည်းဖြင့် အပြီးသတ်ချင်သည့်ပုံပေါ်သည်။
ချူးရှန်ကျုံးသည် တိုက်ပွဲပေါင်း ရာနှင့်ချီ၍ဖြတ်သန်းခဲ့ဖူသည်။ ချူးယွင်ဖန်းသည် သူ့အားမည်သို့ အလွယ်တကူသတ်နိုင်လိမ့်မည်နည်း။ သူသည် ချူးယွင်ဖန်း ခုတ်ပိုင်းလိုက်သော ဓားချက်ကိုရင်ဆိုင်ရန် သိုင်းကွက်တစ်ကွက်ကို ထုတ်သုံးလိုက်သည်။
ချွင်
ချွင်
ချွင်
ချူးယွင်ဖန်း၏ ဓားသိုင်းသည် အမြောက်များကဲ့သို့ အဆက်မပြတ်ကျဆင်းလာသောအခါ၊ ပြင်းထန်သော တိုက်ခိုက်သံများထွက်ပေါ်လာသည်။ အဆက်မပြတ်တိုက်ခိုက်ကြပြီးနောက်၊ ချူးရှန်ကျုံး၏ လက်ဖဝါးတစ်ခုလုံးကွဲအက်သွားသည်။
အခန်း(၃၃၃) ချူးရှန်ကျုံးကို ဓားချက်တစ်ချက်ဖြင့် အနိုင်ယူခြင်း
“ပြည်ထောင်စုတက္ကသိုလ် ဝင်ခွင့်ရတဲ့ ချူးမိသားစုရဲ့တိုက်ရိုက်မျိုးဆက်က၊ ဒီလောက်အတိုင်းအတာအထိပဲ တိုက်ခိုက်နိုင်တာလား” ချူးယွင်ဖန်း၏ အသံသည် လှောင်ပြောင်သရော်သံများ ရောစွက်နေ၏။
ယင်းသည် ချူးရှန်ကျုံး လတ်တလောပြောခဲ့သည့် မိသားစုခွဲမှမျိုးဆက်များသည် တိုက်ရိုက်မျိုးဆက်များနှင့် နှိုင်းယှဥ်နိုင်လိမ့်မည်မဟုတ်ဟူသောစကားကို တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်းသိသာ၏။
“သေစမ်း” ချူးရှန်ကျုံးသည် အံကြိတ်၍ ပြောလိုက်သည်။သူ ပြန်လည် တုံ့ပြန်ချင်သော်လည်း ချူးယွင်ဖန်းက သူ့အား ခေါင်းမထောင်နိုင်လောက်အောင် ဖိနှိပ်ထားသည်။
ချူးယွင်ဖန်းသည် ယခုအချိန်တွင် အလေးစီးဝတ်စုံကို ဝတ်ဆင်ထားကာ၊ သူ၏ စွမ်းအားကို လွန်စွာ ကန့်သတ်ထားသည့် ဆွဲငင်အားနှစ်ဆကို တွန်းလှန်နေရသော်လည်း ၎င်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်ရှိ ကျွမ်းကျင်သူကို အလွယ်တကူအနိုင်ယူရန်လုံလောက်၏။
ယခု ဘိုးဘွားကန်တော့ပွဲအခမ်းအနား၏ နောက်ဆုံးပြိုင်ပွဲသို့ပင်မရောက်သေးသဖြင့် ချူးယွင်ဖန်းသည် သူ၏ ခွန်အားအပြည့်ကို မထုတ်သုံးချင်သေးပေ။
ချူးကျိကော ဤသည်ကို မြင်သောအခါ၊ သူသည် ချူးရှန်ကျုံးအတွက် စိတ်မပူရုံသာမက၊ သူ့စိတ်ထဲအနည်းငယ်ကျေနပ်မိသွားသည်။
ချူးကျိကောသည် ဤအရာများအားလုံးကို မှတ်မိသည်။ ချူးယွင်ဖန်းကဲ့သို့ အငယ်တန်းတစ်ဦးထံတွင် ချူးကျိကော ရှုံးနိမ့်ခဲ့ကြောင်းကြားလိုက်ရစဥ်က ချူးရှန်ကျုံး၏ မထီမဲ့မြင့်ပြုသော အမူအရာကို ချူးကျိကော မေ့ထားနိုင်မည်မဟုတ်ပေ။
ယခုချူးယွင်ဖန်းသည် ချူးရှန်ကျုံးကို သင်ခန်းစာပေးနေပြီဖြစ်သဖြင့် ချူးကျိကော စိုးရိမ်ရမည့်အစား ပျော်နေခဲ့၏။
မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။
မင်း ကောင်းကင်ကို ရောက်သင့်တယ်မဟုတ်ဘူးလား။
ဘယ်လိုပဲဖြစ်ဖြစ်၊ ချူးရှန်ကျုံး သင်ခန်းစာပေးခံရပြီ။
အရှက်ကွဲသူသည် သူတစ်ယောက်တည်းမဟုတ်တော့သည်ကို တွေး၍ ချူးကျိကော၏ သွေးများ ဆူပွက်လာသည်။
ဘေးတွင်ရပ်နေသော ချူးဟုန်ယဲ့သည်မူ ထူးမခြားနားပေ။ တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ချူးရှန်ကျုံးအား ချူးယွင်ဖန်း တတ်နိုင်သလောက် ပြင်းပြင်းထန်ထန်တိုက်ခိုက်စေလိုသည်။ သူ့အမြင်တွင် ဤသည်ကသာ ချူးယွင်ဖန်းအား အကြီးအကျယ်ကျရှုံးစေလိမ့်မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ချူးဟုန်သဲ့တစ်ဦးတည်း၏ အမူအရာသည်သာ အလွန်ရုပ်ဆိုးလျက်ရှိ၏။ သို့သော် ချူးရှန်ကျုံးသည် ချူးယွင်ဖန်းသည် ချူးယွင်ဖန်းနှင့်တိုက်ခိုက်ရန် သိုင်းကွက်ဖလှယ်သည်ဟူသော အမည်ကို အသုံးပြုထားသဖြင့် သူဝင်ပါရန် မသင့်တော်ပေ။ ယခု စောင့်ကြည့်ကင်မရာများကို ဖွင့်ထားပြီးဖြစ်သဖြင့် အရာအားလုံးကို မှတ်တမ်းတင်ထားပြီဖြစ်သည်။ ဖရိုဖရဲဖြစ်သွားသည်နှင့် ကြည့်ရအလွန်ဆိုးရွားသွာားပေလိမ့်မည်ဖြစ်၏။
ဤအခိုက်အတန့်တွင် ချူးရှန်ကျုံးသည် ချူးယွင်ဖန်းထံမှ ခြိမ်းခြောက်မှုကို ပို၍ ခံစားလာရသည်။ ချူးယွင်ဖန်း၏ ပေါ့ပေါ့ပါးပါး ဓားချက်တစ်ချက်ကို တားဆီးရန် သူ့၌ရှိသမျှသော စွမ်းအားများကို အသုံးပြုရန်လိုအပ်သည်။ သွေးများသည် သူ့လက်ဝါးမှ အဆက်မပြတ် စီးကျလာရာ၊ နာကျင်မှုနှင့် ထုံကျင်မှုနှစ်မျိုးလုံးကိုရောထွေးခံစားနေရသည်။ ခွန်အားကို ဖိနှိမ်ချိုးနှိမ်ထားရသည့် ချူးယွင်ဖန်းသည်ပင် သူရင်ဆိုင်နိုင်သောသူမဟုတ်ပေ။
ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို အဝေးသို့ဖယ်လိုက်သည်။ ချူးရှန်ကျုံးသည် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အသက်ရှုကာ၊ တိုက်ပွဲမှ ပြန်ဆုတ်လိုက်သည်။ မသိလိုက်ခင်တွင်ပင်၊ သူ့လက်ဖဝါး နှစ်ခြမ်းကွဲသွားရုံသာမက၊ အလွန်အမင်း မောပန်းလျက်ရှိ၏။ သူ၏ ခွန်အားနှင့် ချီစွမ်းအင်အသုံးပြုမှုသည် ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိခဲ့၏။
ထို့အပြင် ချူးရှန်ကျုံးသည် ခုခံကာကွယ်နေခြင်းမျှသာဖြစ်သည်။ စွမ်းအင်အသုံးပြုမှုအားဖြင့်ဆိုရလျှင် သူ၏ စွမ်းအင်အသုံးပြုမှုသည် တိုက်ခိုက်နေသော ချူးယွင်ဖန်းထက် များစွာလျော့နည်းသင့်သည်။ သို့သော် သူ၏ စွမ်းအင်တစ်ဝက်ကျော်ခန့်ကို အသုံးပြုပြီးဖြစ်ကြောင်း ခံစားလိုက်မိသည်။ သူ၏ စွမ်းအားကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်း၏အသက်ရှုသံသည် အနည်းငယ်မျှပင် သုန်လှုပ်ခြင်းမရှိ၊ အလွန်လွယ်ကူနေသည်ထင်ရ၏။
ချူးရှန်ကျုံး၏ မျက်လုံးများ ကျုံ့သွားသည်။ ချူးယွင်ဖန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။ ဤအဆက်မပြတ်တိုက်ခိုက်မှုများသည် ကိုယ်ခံအားကို မလိုအပ်သည်မှာ ဖြစ်နိုင်သလော။
ချူးရှန်ကျုံးမသိသည်မှာ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည်သဘာဝအတိုင်းပင် ကိုယ်ခံအားကို အသုံးပြု၍၏။ သို့သော် စစ်နတ်ဘုရားကျင့်စဥ်၏ စွမ်းအင်ပြန်လည်ဖြည့်တင်းမှုနှုန်းသည် အလွန်အမင်း မြန်ဆန်လျက်ရှိရာ၊ အသုံးပြုပြီးတိုင်းတွင် ပြန်လည် ပြည့်တင်းလာ၏။ ဤတိုက်ပွဲအဆင့်သည် ချူးယွင်ဖန်းအား အစွမ်းကုန်မထုတ်သုံးစေနိုင်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် စွမ်းအင်လုံးလုံးမသုံးခဲ့သည်ဟု ထင်ရ၏။
သို့သော် ချူးရှန်ကျုံး အသက်ထပ်မယူနိုင်ခင်တွင်ပင် ချူးယွင်ဖန်းသည် ဓားမြှောက်ကာ ချူးရှန်ကျုံးကို ချိန်ရွယ်ထားသည်ကို မြင်လိုက်ရ၏။
“သွေးပူလေ့ကျင့်ခန်း ပြီးပြီ၊ အခု မင်းကို တစ်ချက်တည်းနဲ့ အပြီးသတ်တော့မယ်”
ချူးရှန်ကျုံးသည် ချူးယွင်ဖန်း အဘယ်ကြောင့် သူ့အား အနိုင်မယူခဲ့သည်ကို ချက်ချင်းနားလည်သွားသည်။ ချူးယွင်ဖန်းသည် ချူးရှန်ကျုံး၏ မာနကို ချေမှုန်းဖြိုခွဲပစ်မည့် နောက်ဆုံးသော ဓားချက်ကို စောင့်နေခြင်းဖြစ်၏။
‘ဘာတိုက်ရိုက် မျိုးဆက်လဲ။’
‘ဘာပြည်ထောင်စုတက္ကသိုလ်ကျောင်းသားလဲ။’
၎င်းတို့အားလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်၏။
“ငါမင်းကို အနိုင်ယူခွင့်မပေးနိုင်ဘူး” ချူးရှန်ကျုံးက ကြုံးဝါးလိုက်သည်။ သူသည် ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ပန်းတိုင်းကို နားလည်သည်။ သူ ချူးယွင်ဖန်းကို မည်သို့ အောင်မြင်ခွင့်ပေးနိုင်လိမ့်မည်နည်း။ ချူးယွင်ဖန်းသည် ခြေတစ်လှမ်းတိုး၍ စတင်တိုက်ခိုက်လိုက်သည်။ ယင်းသည် ဓားချက်တစ်ချက်သာဖြစ်၏။ ချူးရှန်ကျုံးသာ ဤဓားချက်ကိုတောင့်ခံနိုင်လျှင် ချူးယွင်ဖန်း ပြောခဲ့သမျှအရာများအားလုံးသည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်ဖြစ်သည်။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။ သူ့လက်တစ်ချောင်းလုံဂတါးတားသွားလျက်၊ သူ့လက်ထဲမှအရိပ်မဲ့ဓားသည် အနက်ရောင်လျှပ်စီးကဲ့သို့ပြောင်းလဲကာ၊ ချူးရှန်ကျုံးဆီသို့ သက်ဆင်းသွားသည်။
ဘွန်း
ဓားနှစ်စင်းထိပ်တိုက်တွေ့ကြရာ၊ ကြောက်မက်ဖွယ်ချီစွမ်းအင်များ ပေါက်ကွဲ၍ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ တစ်ခဏအတွင်းတွင် ဧည့်ခန်းတစ်ခုလုံးသည် ကျယ်လောင်သောအသံနှင့်အတူ တဒုတ်ဒုတ် သုန်ခါသွားသည်။ ချူးယွင်ဖန်း၏ ကောင်းကင်မိုးကြိုးဓားသိုင်းသည် ကြောက်မက်ဖွယ်မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသွား၏။
ဓားရှည်သည် အဝေးသို့လွင့်ထွက်ကာ သွေးများပန်းထွက်လာသည်။ ချူးရှန်ကျုံးသည် သူ့ဓားကို ဆက်လက်မကိုင်ထားနိုင်တော့ဘဲ၊ လက်ထဲမှ ချော်ထွက်သွား၏။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ ဓားအရှိန်သည် မလျော့သေးသည့်အပြင် ဆက်လက် သက်ဆင်းလာ၏။
ချူးရှန်ကျုံး ချက်ချင်း ထိတ်လန့်သွားကာ၊ သူ့ဘဝပြီးဆုံးပြီဖြစ်ကြောင်း သူသိလိုက်သည်။ ဤတစ်ကြိမ်တွင် သူ မီးဖြင့် ကစားခဲ့မိသည့် အတွက် အမှန်တကယ် ဘဝဆုံးရတော့မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် ထိုအခိုက်အတန့်တွင် ဓားကို ပြန်ဆွဲလိုက်ကာ၊ ဓားဖင်ဖြင့် ချူးရှန်ကျုံး၏ ရင်ဘက်ကို ရိုက်လိုက်၏။
ဘမ်း
ဓားဖင်သည် ချူရှန်ကျုံး၏ ရင်ဘက်သို့ထိမှန်သွားပြီးနောက်၊ ချူးရှန်ကျုံးသည် နာကျင်စွာအော်ဟစ်၍ နောက်သို့ လွင့်ထွက်သွားသည်။ ထို့နောက် ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလျက်၊ ပြင်းထန်သော ထိခိုက်မှုများကြောင့် မျက်လုံးများဝေဝါးသွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး ကြေမွသွားသကဲ့သို့ ခံစားရ၏။
ချူးရှန်ကျုံးသည် ဆက်လက်၍ မတောင့်ခံနိုင်တော့ပေ။ သူ့မျက်လုံးများသည် ချူးယွင်ဖန်းအား စူးရဲစွာစိုက်ကြည့်လျက်၊ ပါးစပ်မှ သွေးအပြည့်အန်ထွက်လာသည်။ သို့သော် ချူးရှန်ကျုံးတွင် ရွေ့လျားရန် ခွန်အား အနည်းငယ်မျှပင်မရှိတော့ပေ။
“သူဘာလို့ မခုတ်ချလိုက်တာလဲ။ သူဘာလို့ မခုတ်လိုက်တာလဲ”
ချူးဟုန်ယဲ့နှင့် ချူးကျိကောတို့၏ မျက်လုံးများ ပြူးကျယ်သွာားကြသည်။ အဆုံးသတ်တွင် ချူးယွင်ဖန်းသည် ၎င်းတို့ ဖြစ်စေချင်သည့်အတိုင်း မလုပ်ခဲ့ပေ။
အကယ်၍ ချူးယွင်ဖန်းသာ ချူးရှန်ကျုံးကို အမှန်တကယ် သတ်ပစ်ခဲ့လျှင်၊ သူ မည်မျှ ပါရမီပါနေစေကာမူ ချူးမိသားစုမှ သူ့အားလက်ခံလိမ့်မည်မဟုတ်ပေ။
ချူးမိသားစုမှ မိသားစုခွဲများ၏ပါရမီရှင်များကို လက်ခံရခြင်း၏ အကြောင်းအရင်းမှာ ချူးမိသားစု၏ အဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လူအသစ်များခေါ်ယူ၍ ချူးမိသားစုကို ကြီးပွားတိုးတက်စေလိုခြင်းဖြစ်သည်။
၎င်းတို့သည် ချူးယွင်ဖန်းကဲ့သို့ ဆူးတစ်ချောင်းကို မကြိုက်ကြပေ။
ကံမကောင်းစွာဖြင့် ချူးယွင်ဖန်းသည် ၎င်းတို့လိုချင်သည်ကို ရယူခွင့်မပေးခဲ့ပေ။
“မင်းက သာမန်ပါပဲ” ချူးယွင်ဖန်းက ဓားကိုဖယ်၍ အထင်သေးစွာပြောလိုက်သည်။
“မင်း လူတွေကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့” ချူးဟုန်သဲ့က အော်ဟစ်၍ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။ ၎င်းသည် သန့်စင်ခြင်းအဆင့်လွန် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင်ဖြစ်သည်။ တစ်ခဏအတွင်း၌ပင် ယင်းသည် ချူးယွင်ဖန်းထံသို့ တောင်များ ပင်လယ်များကဲ့သို့ ရောက်ရှိလာ၏။
သန့်စင်ခြင်းအဆင့်လွန်ကျွမ်းကျင်သူ၏ကိုယ်ရောင်ကိုယ်ဝါဖြင့် ချူးယွင်ဖန်းကဲ့သို့ စွမ်းအင်သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်နိုင်သည်မှာ သေချာသည့်ကိစ္စပင်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် လူသစ်မဟုတ်သည့်အတွက် သနားဖွယ်ကောင်းသည်။ ဤသည်မှာ ချူးယွင်ဖန်းအနေဖြင့် သန့်စင်ခြင်းအဆင့်လွန်ကျွမ်းကျင်သူတစ်ဦးနှင့်ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူသည် အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်းမရှိ၊ ချူးဟုန်သဲ့ကိုသာ အေးစက်သောအပြုံးဖြင့် ကြည့်နေလိုက်သည်။