အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း(၃၃၄) ဥက္ကဌ၊ မကောင်းတာ တစ်ခုခုဖြစ်ပြီ
ချူးဟုန်သဲ့သည် သိုင်းကွက်တစ်ကွက်မျှလုပ်ရဲလိမ့်မည်မဟုတ်ကြောင်း သူသိနေသောကြောင့် ချူးယွင်ဖန်း လုံးလုံးလျားလျားစိတ်မပူခဲ့ပေ။
ချူးဟုန်သဲ့သည် ချူးမိသားစု၏အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ရာ၊ ချူးမိသားစုကို သူ၏ ကျောထောက်နောက်ခံအဖြစ်ထား၍ အပြင်ဘက်ကမ္ဘာ၏ လေနှင့် မိုးများကိုပင်ခေါ်ယူနိုင်၍ အလုံးစုံအစွမ်းထက်သူဖြစ်သည်။ သို့သော် ချူးမိသားစု၏ စည်းမျဥ်းစည်းကမ်းများသည်မူ သူမချိုးဖောက်ဝံ့သောအရာတစ်ခုဖြစ်၏။ သူ၏ ဂုဏ်သိက္ခာသည် ချူးမိသားစု၏ စည်းမျဥ်းများပေါ်တွ၍် တည်ဆောက်ထားခြင်းဖြစ်သည်။ ဤသည်မှာ ချူးဟုန်သဲ့၏ ယုံကြည်မှုဖြစ်တည်ရာ အရင်းအမြစ်ဖြစ်သော်လည်း ၎င်းသည် သူ့အားချည်ထောင်ထားသည့် သံကြိုးတစ်ကြိုးလည်းဖြစ်သည်။
ထို့အပြင် ထိုသို့သူသူတစ်ဦး အကြောက်ဆုံးအရာမှာ ချူးယွင်ဖန်းကဲ့သို့ ကန့်သတ်ချက်၊ စည်းမျဥ်းများအားလုံးကို ချိုးဖျက်ရဲသူများဖြစ်သည်။
“လေ့ကျင့်တိုက်ခိုက်ရုံပါပဲ။ လက်သီးနဲ့ ခြေထောက်မှာ မျက်စိမရှိပါဘူး။ ဒီကိစ္စတွေက သူ့အလိုလိုဖြစ်ကိုဖြစ်လာနိုင်တဲ့အရာတွေပဲလေ။ ခင်ဗျား တစ်သက်လုံး သိုင်းပညာလေ့ကျင့်ခဲ့တယ်မလား။ အဲ့တာဆို ဒါကို နားလည်သင့်ပါတယ်။ ဒါ့အပြင် ကျုပ် သက်ညှာပေးခဲ့တယ်လေ။ မဟုတ်ရင် သူအခုထိ အသက်ရှင်နေဦးမယ်ထင်လို့လား” ချူးယွင်ဖန်းက ဘာသိဘာသာပြောသည်။
ထို့သို့ပြောပြီးနောက်၊ ကြမ်းပြင်ပေါ်၌လဲနေသော ချူးရှန်ကျုံးကိုကြည့်၍ ပြောလိုက်သည်။
“မင်းခွန်အားက မလုံလောက်တဲ့အတွက်၊ အခြားလူတွေရဲ့ စံနမူနာ မဖြစ်ချင်စမ်းနဲ့၊ ဒီသင်ခန်းစာကနေ သင်ယူပြီး၊ မင်းဘယ်လောက်ထိပဲတတ်နိုင်တယ်ဆိုတာသိပါ”
ဤစကားလုံးများကြားသောအခါ၊ ချူးရှန်ကျုံး၏ ပါးစပ်ထဲမှ သွေးများ အပြည့်အန်ထွက်လာသည်။ သူ၏ ခွန်အားဖြင့် ချူးရှန်ကျုံးသည် ချူးမိသားစုတစ်ခုလုံးအတွင်းရှိ ရွယ်တူများကြားတွင် ထူးချွန်သူအဖြစ် သတ်မှတ်ခံထားရသည်။ ဤစကားလုံးများဖြင့် မည်သည့်အခါတွင်မျှ အပြောမခံခဲ့ရပေ။
သို့သော် ချူးရှန်ကျုံးသည် ထိုကဲ့သို့ ရှုံးနိမ့်ခဲ့၏။ သူဤကဲ့သို့ပင် သိသာပြင်းထန်စွာရှုံးနိမ့်ခဲ့ရသည်။
ထိုအချိန်တွင် ချူးရှန်ကျုံးသည် သူ အစောပိုင်းကပြောခဲ့သည့် စကားကို ပြန်သတိရလာသည်။ တကယ်ကိုပင်၊ ၎င်းတို့အားလုံးသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သောကျောင်းသားများဖြစ်လျှင်ပင် အဆင့် သုံး၊ အဆင့် ခြောက်နှင့် အဆင့် ကိုးဟူ၍ ခွဲခြားထားသည်။ သို့သော် ဤအဆင့်ကိုးသည် သေချာပေါက် ချူးယွင်ဖန်း မဟုတ်၊ သူသာလျှင်ဖြစ်၏။
“ထွက်သွားကြ၊ အစောင့်တွေကို ခေါ်စေချင်တယ်လို့တော့ မပြောနဲ့နော်၊ ဒီလိုဆို ကြည့်ကောင်းမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ဘာသိဘာသာ ပြောသည်။သူသည် ချူးဟုန်သဲ့၏ သန့်စင်ခြင်းအဆင့် ကိုယ်ရောင်ကိုယ်ဝါကို အနည်းငယ်မျှပင် စိတ်ထဲမထားပေ။ အမှန်မှာ ချူးဟုန်သဲ့၏ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပပျံ့နှံ့ကာ လွှမ်းခြုံလာသော အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ နတ်ဘုရားစိတ်ဝိဉာဥ်မှ ရောင်စဥ်ခုနှစ်တန်းပါသော အလင်းတန်းတစ်ခုကို ရုတ်တရက်ထုတ်လွှတ်၍ ထိုရော်ငဝါကို ချက်ချင်းဖုံးအုပ်လိုက်သည်။ ထို့ကြောင့် ယင်းသည် ချူးယွင်ဖန်းအား အနည်းငယ်မျှပင်မထိခိုက်စေခဲ့ပေ။
ချူးဟုန်သဲ့သည် ဤအကြောင်းကို မသိခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏ သန့်စင်ခြင်းအဆင့် ရောင်ဝါကို မကြောက်ခြင်းကြောင့်ဟုသာထင်ခဲ့သည်။ သူသည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်သည့်အပြင် သူ၏ ရောင်ဝါသည်လည်း ချူးယွင်ဖန်းကို မဖိနှိပ်နိုင်သည့်အတွက်၊ ယခု သူလုပ်နိုင်သည့်အရာတစ်ခုမျှမရှိတော့ပေ။
“ဟား ဂုဏ်သိပ်ယူမနေစမ်းနဲ့၊ မင်းလုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်လို့ မင်းတကယ်ထင်နေလား” ချူးဟုန်သဲ့က ချူးယွင်ဖန်းကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် အင်္ကျီလက်များကို ဖုန်ခါ၍ ကျောခိုင်းကာ၊ ချူးရှန်ကျုံးနှင့်အတူ ထွက်ခွာသွား၏။
ချူးဟုန်ယဲ့နှင့် ချူးကျိကောတို့လည်း မတ်တပ်ရပ်လိုက်ကြသည်။ အထူးသဖြင့် ချူးဟုန်ယဲ့သည် ချူးယွင်ဖန်းအား အဓိပ္ပါယ်ပြည့်နေသော အကြည့်ဖြင့် ကြည့်နေ၏။
“လူငယ်တွေ၊ တစ်ခါတစ်ရံမှာ မင်းတို့ အရမ်းမာကြောလာတဲ့အခါ၊ ပြိုကွဲလွယ်တယ်၊ နားမလည်ဘူးလား။ မင်းက ညီမျှခြင်းရဲ့ တစ်စိတ်တစ်ပိုင်းတစ်ခုပဲ၊ မင်းမိဘတွေနဲ့ယှဥ်ရင် ဘယ်ဟာက ပိုအရေးကြီးမလဲ”
“ကျုပ်ကို ခြိမ်းခြောက်နေတာလား” ချူးယွင်ဖန်း၏ မျက်လုံးများထဲမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု လတ်သွားသည်။ ဤကမ္ဘာတွင် ချူးယွင်ဖန်း နောက်ပြန်ဆုတ်ရသည့်အကြောင်းသာရှိပါက၊ ၎င်းမှာ သူ့မိဘများဖြစ်ပေလိမ့်မည်။
“ငါမင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘူး။ ချူးဟုန်ယဲ့က ရယ်မောလျက်ပြောသည်။
“ငါကြားသလောက်၊ ကျန်းမိသားစုရဲ့ ယွမ်သန်းငါးဆယ်က မင်းမိဘတွေပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိတယ်ဆို၊ မင်းသိပါတယ်၊ ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေနေတဲ့လူတွေအများကြီး ရှိတယ်။ သန်းငါးဆယ်က လူတွေအများကြီးအတွက်လုံလောက်တယ်။ အပင်တစ်ပင်က တိတ်တဆိတ်နေချင်ပေမယ့် လေက မရပ်မနားတိုက်နေတာမျိုး၊ ကလေးတစ်ယောက်က ကြီးပြင်းချင်ပေမယ့် ဆွေမျိုးမရှိတာမျိုးမဖြစ်စေနဲ့။ အဲ့လိုဆို အရမ်းကြည့်ရဆိုးလိမ့်မယ်”
ချူးယွင်ဖန်း၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေသည်။ ချူးဟုန်ယဲ့၏ စကားများအောက်မှ လျှို့ဝှက်ခြိမ်းခြောက်မှုကို သူကြားနိုင်၏။ အကယ်၍ သူသာ ဆေးဖော်မြူလာကို မပေးလျှင် သူ့မိဘများ အန္တရာယ်ကျရောက်ပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် ဤလျှို့ဝှက်ခြိမ်းခြောက်မှုကို နားလည်သည်။ အမှန်ပင် သူခိုးလက်မှ ရက်ပေါင်းတစ်ထောင် ကာကွယ်ရန် အကြောင်းမရှိပေ။
အားလုံးထွက်သွားပြိးနောက် ချူးယွင်ဖန်း၏ အမူအရာသည် ချက်ချင်း အေးစက်သွားသည်။ ကင်မရာကို ပိတ်ပြီးနောက် ချူးယွင်ဖန်း စတင်၍ အစီအစဥ်ဆွဲလိုက်သည်။
ချူးဟုန်ယဲ့နှင့် ချူးကျိကောဖြစ်စေ၊ အခြားအကြီးအကဲများ၊ ချူးဟုန်သဲ့နှင့် ချူးရှန်ကျုံးတို့ဖစြ်စေ၊ ၎င်းတို့အားလုံးသည် တန်ဒါအဖွဲ့နှင့် ဆက်စပ်နေ၏။ တန်ဒါအဖွဲ့၏ နောက်ကွယ်တွင် ရှယ်ယာရှင်များစွာရှိနိုင်ချေရှိသည်။
ချူးယွင်ဖန်းသည် ဤအရာများကို ခန့်မှန်းရန် စုံစမ်းရန်မလိုအပ်ပေ၊ တိုက်ရိုက်ဆက်နွယ်မှုမရှိပါက၊ သူတို့ သူ့ထံသို့လာ၍ အတင်းအကြပ်ဖိအားပေးရန် အကြောင်းမရှိပေ။
“ဒါက တန်ဒါဆိုမှတော့ မင်းရဲ့အမြစ်တွေကို ငါဖြတ်ပစ်မယ်”
ချူးယွင်ဖန်းသည် ယင်းကို ဖြေရှန်းရန် နည်းလမ်းတစ်ခုကို အမြန်စဥ်းစားလိုက်သည်။ သူသည် virtual network ကို ဖွင့်၍ ဝဘ်ဆိုဒ်တစ်ခုထဲသို့ ဝင်ခဲ့သည်။
ညမိုးချုပ်လာသည်နှင့်အမျှ ဧည့်ကြိုဧရိယာဝန်းကျင်သည် လင်းထိန်နေ၏။ ချူးဟုန်ယဲ့နှင့် ချူးကျိကောသည် မျက်နှာချင်းဆိုင်ထိုင်လျက်ရှိ၏။
“ဒီနေ့ ချူးယွင်ဖန်းက လုံးဝ အရှုံးမပေးချင်ဘူး။ သားတို့ကို အထင်သေးနေတယ်” ချူးကျိကောက အံကြိတ်လျက်ပြောလိုက်သည်။
“ဒါကအဆင်ပြေပါတယ်။ ငါတို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်လေ” ချူးဟုန်ယဲ့က အေးစက်စွာပြုံး၍ပြောလိုက်သည်။ သူသည် ချူးယွင်ဖန်း ငြင်းဆိုရန်မျှော်လင့်ထားခဲ့သည်။ မဟုတ်လျှင် ချူးဟုန်သဲ့နှင့် ချူးရှန်ကျုံးတို့သည် ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ၎င်းတို့၏ တပ်များကို စုရုံးလိမ့်မည်မဟုတ်ပေ။
“သူ ခုခံလေလေ၊ သူ မြန်မြန်ကိစ္စတုံးလေပဲကွ”
ချူးဟုန်ယဲ့၏အသံသည် ပို၍ အေးစက်လာသည်။
“သူက ပင်မမိသားစုမှ စာရင်းမသွင်းဖူးတဲ့ မိသားစုခွဲက ဆင်းသက်လာတဲ့လူတစ်ယောက်ပဲ။ ချူးမိသားစုရဲ့ ခွန်အား ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သူမသိဘူး။ ချူးမိသားစုရဲ့ ခွန်အားကို နားလည်တယ်လို့ သူ့ကိုယ်သူထင်နေပေမယ့်၊ သူတို့နှစ်ယောက်လုံးက ရေခဲတောင်ထိပ်သာသာပဲ. အဲ့တာကြောင့် သူရုန်းကန်လေလေ၊ မြန်မြန်သေလေလေပဲ”
“ဟား အဆုံးမှာတော့ သူသေရလိမ့်မယ်။ သူ ဒီနေ့ သားကို အရှက်ခွဲခဲ့တဲ့အတွက် သူ့ကို အဆတစ်ရာ ပြန်လျော်ခိုင်းမယ်။ သူ့တစ်မိသားစုလုံးကို သေစေချင်တယ်” ချူးကျိကောက အေးစက်စွာပြုံး၍ပြောသည်။
“ဒါပေမယ့် သူဖော်မြူလာကို မလွှဲပေးရင် သားတို့ ဘယ်လိုလုပ်ရမလဲ” ချူးကျိကောက ဤသည်ကို ရုတ်တရက်တွေး၍ ပြောသည်။
“အဲ့တာဆို သူပိုပြီး မြန်မြန်သေလိမ့်မယ်။ ဖော်မြူလာမရှိရင် သူက ဘာမှမဟုတ်ဘူး။ သူ့တန်ဖိုးတွေအကုန်ကျကုန်မယ်။ ဟိုဟိုဒီဒီ ခုန်ပေါက်နေတဲ့ လူရွှင်တော်တစ်ယောက်ကို ငါမြင်ဖူးတယ်။ အဆုံးသတ်ကျရင် ချူးမိသားစုလက်ထဲမှာ ချေမှုန်းခံရပြီး ပြာဖြစ်သွားလိမ့်မယ်ကွ”
ချူးဟုန်ယဲ့သည် ချူးယွင်ဖန်း၏ ကြေကွဲဖွယ်သေဆုံးမှုကို မြင်လိုက်ရသကဲ့သို့ ပြောသည်။ ချူးယွင်ဖန်း၏ ရုန်းကန်မှုသည် အနည်းငယ်စော၍ သေဆုံးခြင်းနှင့် အနည်းငယ်နောက်ကျ၍ သေဆုံးခြင်းအကြား ခြားနားချက်မျှသာဖြစ်၍ ယင်းထက်မပိုပေ။
“ကောင်းတယ်။ သား သူ့ကို တကယ်သေစေချင်တယ်” ချူးကျိကောက အံကြိတ်၍ ပြောသည်။
“ဟ မင်း ဒီလောက် စိတ်ပျက်စရာကောင်းပြီး အငယ်တန်းလက်ထဲမှ ရှုံးခဲ့တာမဟုတ်ရင် ငါဒီလောက် အားစိုက်ထုတ်စရာလိုမယ်ထင်လား။ ဒီနေ့ကမ္ဘာကြီးမှာ အရာရာတိုင်းကို လူတစ်ယောက်ရဲ့ ခွန်အားနဲ့ဆုံးဖြတ်တယ်ဆိုတာ မင်းနားလည်ထားရမယ်။ အာဏာနဲ့ စည်းစိမ်ဥစ္စာတွေက လောကပိုင်ပစ္စည်းတွေပဲ” ချူးဟုန်ယဲ့က အေးစက်စွာပြောသည်။
“သား သိပါတယ်” ချူးကျိကောက စိတ်မရှည်စွာပြောသည်။
သူ ဤစကားများကို ငယ်စဥ်တည်းက ကြားခဲ့ဖူးသည်။ သို့သော် သူသည် ၎င်းကို အလေးအနက်မထားခဲ့ဖူးပေ။ သို့သော် ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းထံတွင်အရှက်ခွဲခံခဲ့ရသည့်အတွက် ပို၍ ကြိုးစားချင်စိတ်များ ပေါ်ပေါက်လာသည်။
ရုတ်တရက် ချူးဟုန်ယဲ့၏ ဖုန်း ထမြည်လာ၏။ ချူးဟုန်ယဲ့သည် ဖုန်းခေါ်ဆိုမှုကို ဖြေကြားပြီးနောက်၊ အခြားတစ်ဖက်မှ အရေးကြီးနေသည့် အသံတစ်ခုပေါ်ထွက်လာသည်။
“ဥက္ကဌ မကောင်းတာ တစ်ခုခုဖြစ်သွားပြီ”
အခန်း(၃၃၅) တန်ဒါအဖွဲ့၏အဆုံးသတ်
ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် ဖုန်းမှတစ်ဆင့် စိုးရိမ်ကြီးစွာ ပြောလျက်ရှိသည်။ ချူးဟုန်ယဲ့၏ အမူအရာသည် အလွန်လေးနက်လာ၏။ လူကြီးသည် ကုမ္ပဏီ၏ စီအီးအိုဖြစ်ခဲ့ကာ၊ ကိစ္စပေါင်းများစွာကို ဖြတ်သန်းခဲ့ရသဖြင့် သာမန်အခြေအနေမျိုးတွင် သူ ဤမျှထိတ်လန့်နေသည့် အမူအရာမျိုး ပြသလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ချူးမိသားစုကဲ့သို့ ဧရာမမိသားစုကြီးသည် တန်ဒါအဖွဲ့အား ကျောထောက်နောက်ခံပေးထားခြင်းဖြစ်သည်။ ချူးမိသားစုမှ မဖြေရှင်းနိုင်သော ပြဿနာများများစားစားမရှိသဖြင့် ပုံမှန်အားဖြင့် ၎င်းတို့သည် မည်သည့် ထူးခြားသော ပြဿနာကိုမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်ပေ။ ထင်ရှားသော မိသားစုများ၊ အဓိကဘဏ္ဍာရေးအုပ်စုများနှင့် ချူးမိသားစုနှင့်ယှဥ်ပြိုင်နိုင်သည့် အရေးပါသော အင်အားစုများသည် တန်ဒါအဖွဲ့ကို ပစ်မှတ်ထားလိမ့်မည်မဟုတ်သဖြင့် ထိုသို့ လုပ်ဆောင်ရန်မလိုအပ်ခဲ့ပေ။ ၎င်းတို့အဖွဲ့သည် ချူးမိသားစု၏ မျက်နှာကြောင့် ဤအတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။
ချူးကျိကောသည် စိတ်လော၍ ချူးဟုန်ယဲ့ပြန်မပြောရသေးခင် ဖြတ်ပြောလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
စီအီးအိုက အလျင်အမြန် ပြန်ပြောသည်။
“မကောင်းတော့ဘူး။ တစ်ယောက်ယောက်က ကျုပ်တို့ရဲ့ဆေးဖော်မြူလာကို အွန်လိုင်းမှာ တင်ထားတယ်”
ချူးကျိကော အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်နားလည်သွားပြီးနောက် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဘယ်လိုဖြစ်သွားတာလဲ၊ ငါတို့ ကုမ္ပဏီရဲ့ သီးသန့်ဖော်မြူလာတွေလား”
ချူးဟုန်ယဲ့ပြောပြီးနောက်၊ ချူးကျိကောသည်လည်း အဖြစ်အပျက်ကိုသဘောပေါက်သွားသည်။ သူသည် မည်သည့်အတွက်မှေကာင်းကျိုးမရှိသော်လည်း မိုက်မဲသူတစ်ဦး၊ ငတုံးတစ်ဦးမဟုတ်ပေ။ ပထမတန်းစားဆေးကုမ္ပဏီတစ်ခုဖြစ်လာရန် တည်ငြိမ်သမုဒ္ဒရာမြို့တွင် ၎င်းတို့ တန်ဒါအဖွဲ့သည် မည်သည့်အပေါ်တွင် မှီခိုအားထားနေရကြောင်း သူကောင်းစွာသိသည်။
၎င်းတို့သည် ဆေးကုမ္ပဏီအများစု၏ အခြေခံအုတ်မြစ်ဖြစ်သည့် ဆေးဖော်မြူလာများကို မှီခိုအားထားကြရသည်။ လောကတွင် ဆေးဖော်မြူလာများပြားလွန်းသည့်အပြင်၊ ပြိုင်ဘက်ကုမ္ပဏီအရေအတွက်သည်လည်း များပြားလွန်းသောကြောင့် ဤကုမ္ပဏီများအနက် ရှင်သန်ရပ်တည်ရန် ခက်ခဲသည်။ ထို့ကြောင့် ၎င်းတို့သည် ကိုယ်ပိုင်ထူးခြားသော လျှို့ဝှက်ဖော်မြူလာများတီထွင်ရန် လိုအပ်၏။
ထို့အပြင် တန်ဒါအဖွဲ့သည် ဆယ်စုနှစ်များစွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ၎င်းတို့၏ ကိုယ်ပိုင်ဖော်မြူလာများကို တီထွင်နိုင်ခဲ့ခြင်းဖြစ်ရာ၊ ဤဆေးဖော်မြူလာများသည် အရင်းအမြစ်အမျိုးမျိုးမှ ဆင်းသက်လာသော်လည်း တစ်ခုစီသည် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ထိုဆေးဖော်မြူလာများသည် တန်ဒါအဖွဲ့အတွက် အကျိုးအမြတ်များစွာ ယူဆောင်လာခဲ့သည်။
နောက်ဆုံးတွင်မူ၊ ၎င်းတို့၌ အခြားစီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေများရှိနေကြသေးသည့်အတွက် ဖော်မြူလာများကို ဆုံးရှုံးလိုက်ရပါက ၎င်းတို့၏ ကုမ္ပဏီသည် ချက်ချင်းပျက်ဆီးသွားလိမ့်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့သည် ကုမ္ပဏီအသစ်များနှင့် မည်သည့်ကွာခြားချက်မျှရှိတော့မည်မဟုတ်ပေ။
၎င်းတို့၏ အရန်ငွေ ထက်ဝက်ကျော်ခန့်သည် နှစ်ပေါင်းများစွာကြာသည်အထိ စုဆောင်းလာခဲ့ကြခြင်းဖြစ်သဖြင့် အားလုံးဆုံးရှုံးသွားရပါက၊ အကျိုးဆက်များသည် တွေး၍ပင်ရလိမ့်မည်မဟုတ်ပေ။ ထိုအတွေးကြောင့် ချူးကျိကော ၏ မျက်နှာသည် ဖြူလျော့သွားသည်။ တန်ဒါအဖွဲ့သာမရှိပါက သူသည် မည်သည့်အကောင်မျှမဟုတ်ပေ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါတို့ ကုမ္ပဏီက တစ်ယောက်ယောက်က ဖော်မြူလာတွေ ပေါက်ကြားအောင်လုပ်လိုက်တာလား” ချူးဟုန်ယဲ့သည် ပထမဆုံးအနေဖြင့် မိမိတို့ကုမ္ပဏီတွင် သစ္စာဖော်တစ်ယောက်ရှိနေသည်ဟု တွေးလိုက်မိသည်။ ဖော်မြူလာများကို တစ်ယောက်ယောက်က ခိုးယူသွားခြင်းသာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်သည်ဟု သူတွေးမိသည်။
“ကျွန်တော်တို့ အခြေအနေကို အကဲဖြတ်ပြီးပါပြီ ဥက္ကဌ ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်ပေါက်ကြားတာမဟုတ်ပါဘူး။ တစ်ယောက်ယောက်ခိုးယူသွားရင်တောင် အင်တာနက်မှာ တင်နိုင်မှာမဟုတ်ပါဘူး” လူအိုကြီးသည် ခါးသက်စွာပြုံး၍ ပြောလိုက်သည်။
“တကယ်တော့ အတွင်းသတင်းပေါက်ကြားတာဆိုရင် ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်။ ပြင်ပကတစ်ယောက်ယောက်က ငါတို့ဝန်ထမ်းကို လာဘ်ထိုးပြီး သူတို့ကုမ္ပဏီနာမည်နဲ့ တူညီတဲ့ဆေးတွေထုတ်ဖို့ ကြံစည်ထားတာလို့ သံသယဖြစ်မိတယ်” ချူးဟုန်ယဲ့ကပြောသည်။
ဖော်မြူလာများကို ခိုးယူသူသည် နှစ်ဖက်စလုံးအတွက် နစ်နာမည်ဖြစ်ရာ၊ မည်သူမျှ အကျိုးရှိလိမ့်မည်မဟုတ်သောကြောင့် အင်တာနက်ပေါ်တွင် တင်လိမ့်မည်မဟုတ်ပေ။ ရိုးရိုးရှင်းရှင်းပြောရလျှင် အဆိုပါဆေးကုမ္ပဏီကြီးများသည် ဆေးပြားများကို တပြိုင်နက်တည်း ပို၍ထုတ်လိမ့်မည်ဖြစ်သည်။ ဤဆေးများကို အခြားသူများက လက်ဝါးကြီးအုပ်ထားပါက စျေးသည် ကျဆင်းသွားပေလိမ့်မည်ဖြစ်သည်။ အခြားကုမ္ပဏီများသည် ဤသို့လုပ်ပါက၊ ဤသည်ကား အကျိုးမရှိမည့်လုပ်ရပ်ပင်ဖြစ်ရာ၊ အခြားကုမ္ပဏီများသည် ဤသို့လုပ်လိမ့်မည်မဟုတ်ပေ။
“ငါတို့ ကုမ္ပဏီတစ်ခုတည်း ထိခိုက်မှုရှိတာလား ဒါမှမဟုတ် အခြားကုမ္ပဏီတွေရော ထိသွားသေးလား” ချူးဟုန်ယဲ့က အမြန်မေးလိုက်သည်။ အခြားကုမ္ပဏီများ၏ ဖော်မြူလာများလည်း ထို့နည်းတူ ပေါက်ကြားခဲ့လျှင်မူ ယင်းသည် အဆင်ပြေပေလိမ့်မည်ဖြစ်သော်လည်း တန်ဒါအဖွဲ့တစ်ဖွဲ့တည်းသာလျှင် ပေါက်ကြားခဲ့ခြင်းဖြစ်လျှင် အကျိုးဆက်များကို တွေး၍ပင်ရလိမ့်မည်မဟုတ်ပေ။
မှန်သည်။ မူပိုင်ခွင့်မတင်ထားခြင်းသည် တန်ဒါအဖွဲ့ကို များစွာသော အကျိုးအမြတ်များရရှိစေလိမ့်မည်ဖြစ်သည်။ သို့သော် ၎င်းတို့၏ ဖော်မြူလာပေါက်ကြားသွားလျှင်မူ၊ ၎င်းတို့ကို မည်သည့် အင်အားကမျှ ကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။ ဤသည်ကား၊ နှစ်ဖက်စလုံးကိုနာကျင်စေနိုင်သည့် အသွားနှစ်ဖက်ပါသော ဓားတစ်ချောင်းနှင့် ဆင်တူ၏။
“လောလောဆယ်မှာတော့ ကျုပ်တို့ ကုမ္ပဏီရဲ့ ဖော်မြူလာတွေပဲ ပေါက်ကြားသွားတယ်၊ မရေမတွက်နိုင်အောင်များတဲ့ ဆွေးနွေးချက်တွေလည်းပေါ်ထွက်နေပြီ” စီအီးအိုက အမြန်ပြန်ဖြေသည်။
ချူးဟုန်ယဲ့၏ အမူအရာသည် ပို၍ ဆိုးရွားလာသည်။ ဘေးတွင်ရပ်နေသော ချူးကျိကောသည် အင်တာနက်တွင် စတင်ရှာဖွေနေပြီဖြစ်ကာ၊ နောက်ဆုံးတွင် တန်ဒါကို သတ်ပစ်ရန်လုံလောက်သည့် ပို့စ်ကို ရှာဖေွတွေ့ရှိခဲ့သည်။
တန်ဒါအဖွဲ့၏ ထူးခြားသော ဆေးဖော်မြူလာများသည် သိသာထင်ရှားစွာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤပိုစ်သည် လူသိများသော အကြောင်းအရာတစ်ခုဖြစ်လာခဲ့ကာ၊ မှတ်ချက်အရေအတွက်သည်ပင် ရာထောင်ချီလျက်ရှိရာ၊ ၎င်းကို ကြည့်ရှု့သူအရေအတွက်သည် ထို့ထက် အဆပေါင်းတစ်ဒါဇင်ကျော်လောာက်မည်ဖြစ်သည်။
ချူးဟုန်ယဲ့သည် ဖြစ်ပျက်သွားသည့်အရာကိုတွေးရုံဖြင့်ပင် မူးဝေသွားသည်။ ပိုစ့်သည် လူများစွာထံသို့ရောက်ရှိခဲ့ပြီးဖြစ်သောကြောင့် ဖျက်ရန်အချိန်လင့်နေခဲ့ပြီဖြစ်သည်။ ဖော်မြူလာသည် တောမီးကဲ့သို့ ပျံ့နှံ့လျက်ရှိရာ၊ အခြားကုမ္ပဏီများသည် အဆိုပါဆေးများကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။
“ပိုစ့်ကိုဖတ်ကြည့်ပါ၊ မတင်ခင် ဖော်မြူလာထဲမှာ အမှားပါရင်ပါမှာပေါ့”
ချူးဟုန်ယဲ့သည် နောက်ဆုံးသော မျှော်လင့်ချက်ဖြင့် စာကို ဖတ်ကြည့်ရန် ပိုစ့်ကို အလျင်အမြန်ဖွင့်လိုက်သည်။ ပိုစ့်သည် ဆေးဖော်စပ်မှုလုပ်ငန်းစဥ်အပါအဝင် ဂရုစိုက်သင့်သည့်အရာများပါပါရှိ၍ အလွန်တိကျသည်။
ပုံစံသည် အနည်းငယ်ထူးဆန်း၏။ တန်ဒါအဖွဲ့မှ တိုက်ရိုက်ခိုးယူခံရပုံမပေါ်ပေ။ တစ်စုံတစ်ယောက်မှ လုပ်ငန်းစဥ်တစ်ခုလုံးကို ကိုယ်တိုင်တွက်ချက်သွားသကဲ့သို့ ထင်ရ၏။ ဤအတွေးသည် ဖြစ်နိုင်ခြေမရှိပေ။ စျေးကွက်တွင် ပျံ့နေသော ဆေးများကို အခြေခံ၍ ဆေးဖော်စပ်ခြင်းလုပ်ငန်းစဥ်ကို ရေးထုတ်ရန်မဖြစ်နိုင်ပေ။ ယင်းသည် မည်သည့်လုပ်ငန်းတွင်မဆို ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ဟာသတစ်ခုသာဖြစ်၏။
ဤသည်မှာ ထူးခြားသော သံမဏိပစ္စည်းများနှင့်ဆင်တူသည်။ ထူးခြားသော သံမဏိပစ္စည်းများကို ပြုလုပ်ရန် အခြားသူများအသုံးပြုသည့် ပစ္စည်းအမျိုးအစားနှင့် အချိုးအစားကို တွက်ဆနိုင်ရုံဖြင့် အသုံးမဝင်ပေ။ ထုလုပ်ခြင်းလုပ်ငန်းစဥ်တွင် အပူချိန်ကွာခြားပါက အကျိုးသက်ရောက်မှုသည်လည်း အလွန်ကွာခြားသည်။ ဆေးတစ်လုံးချင်းစီ၏ ဖော်စပ်မှုလုပ်ငန်းစဥ်အတွင်းတွင် အပူချိန်သည် ၎င်းတို့၏ အကျိုးသက်ရောက်မှုကို သိသိသာသာကွာခြားသွားစေပေလိမ့်မည်ဖြစ်သည်။
ချူးဟုန်ယဲ့သည် ဤကြောက်မက်ဖွယ်ကောင်းသော အကြံအစည်ကို စဥ်းစားရန်အဆင်သင့်မဖြစ်သေးပေ။ တန်ဒါအဖွဲ့အတွက် ပြီးဆုံးသွားပြီဟုသာ ရိုးရှင်းစွာတွေးခဲ့သည်။ ဆယ်စုနှစ်ကြာသည်အထိ ပင်ပန်းစွာကြိုးစားလုပ်ကိုင်ခဲ့ရခြင်းသည် ရေစီးနှင့်အတူ မျောပါသွား၏။
၎င်းတို့၏ဖော်မြူလာများ ပေါက်ကြားပြီးနောက်၊ တန်ဒါအဖွဲ့၏ စတော့စျေးနှုန်းများသည် မလွဲမသေကျဆင်းသွားမည်ဖြစ်ရာ၊ နောက်နေ့နံနက်တွင် စတော့စျေးကွက်ဖွင့်သောအခါ၌ ၎င်းတို့၏ ပိုင်ဆိုင်မှုများအားလုံး ပျောက်ကွယ်သွားတော့မည်ဖြစ်၏။
“ပြီးပြီ၊ အဆုံးသတ်သွားပြီ”
ဤစကားလုံးများသည် ချူးဟုန်ယဲ့၏စိတ်ထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ သူ ဤကုမ္ပဏီအား ကြိုးစား၍ ဆောက်တည်ခဲ့သော်လည်း အရာအားလုံးသည် ပြာပုံဖြစ်သွား၏။
အခန်း(၃၃၆) ကိုက်နိုင်ရင် ကိုက်လိုက်လေ
တန်ဒါအဖွဲ့သည် အသေအချာ စာချုပ်ချုပ်ဆိုထားသော ဆေးပညာရှင်အများအပြားကိုပိုင်ဆိုင်ထားသော်လည်း ဆေးဖော်မြူလာသည် ကုမ္ပဏီ၏ ကျောရိုးဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့၏ဖော်မြူလာကို ယူဆောင်သွားမည်ဆိုပါက တန်ဒါအဖွဲ့ သည် စတင်တည်ထောင်သည့် ကုမ္ပဏီနှင့် ကွဲပြားခြားနားလိမ့်မည်မဟုတ်ပေ။ တစ်ခုတည်းသောခြားနားချက်မှာ တန်ဒါအဖွဲ့သည် ပိုမိုနက်ရှိုင်းသော အဆက်အသွယ်များနှင့် ရန်ပုံငွေများကို ရရှိထားခြင်းဖြစ်၏။
သို့သော် ၎င်း၏ ခြေကုပ်ကို ဆုံးရှုံးခဲ့ရသည့် တန်ဒါ၏ အနာဂတ်သည်မူ ခက်ခဲလိမ့်မည်ဖြစ်သည်။ ကုမ္ပဏီသည် ၎င်း၏သွင်ပြင်လက္ခဏာများနှင့် ခြေကုပ်မရှိပါက ပြင်းထန်သော ပြိုင်ဆိုင်မှုကို မည်သို့ရှင်သန်နိုင်လိမ့်မည်ဖြစ်သည်။
စျေးကွက်သည် ထိုကဲ့သို့သော အရာများအတွက် အကဲဆတ်သည်။ တန်ဒါအဖွဲ့၏ စတော့စျေးကွက်သည် အမှန်ပင် ကျဆင်းမည်ဖြစ်ရာ၊ ဤတစ်ချက်သည်ပင် ၎င်းတို့ကို သတ်ရန်လုံလောက်၏။ ထိုအချိန်တွင် ချူးဟုန်ယဲ့သည် သူနှင့် ထိုကြီးမားသော ပုဂ္ဂိုလ်များအကြားမှ ကွာဟချက်ကို ခံစားလိုက်ရသည်။ ပိုင်ဟုန်သာ ဤသို့ဖြစ်သွားပါက ကြီးကြီးမားမားဖြစ်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင်မူ၊ သူသည် ဆေးဖော်မြူလာများကို အဆက်မပြတ် စဥ်ဆက်မပြတ်ဖန်တီးဖော်စပ်နိုင်သော ပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ပိုင်ဟုန်သည် ကြီးမားသော ဘီလူးတစ်ကောင်နှင့်တူသည်။ ဤသို့သော အဖြစ်အပျက်မျိုးသည် သူ့အား ထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပေ။
ပိုင်ဟုန်၏ ခွန်အားသည် အရာအားလုံး၏ အရင်းအမြစ်ဖြစ်ရာ၊ ယင်းသာမရှိပါက အရာအားလုံးအဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။ ချူးကျိကောသည် နောက်ဆုံးတွင်နားလည်သဘောပေါက်သွားသည်။ ဤရိုက်ချက်သည် သူ့အား မူးဝေသွားစေနိုင်ရာ၊ ပြန်လည် ကောင်းမွန်မလာနိုင်သည်အထိရိုက်ချက်ပြင်းခဲ့သည်။
“ဖော်မြူလာတွေပေါက်ကြားလာတာ ဘယ်သူ့ ကြောင့်လဲ၊ ငါတို့ကို ဒီလိုရန်ငြှိုးထားတာဘယ်သူလဲ” ချူးဟုန်ယဲ့သည် အံ့ကြိတ်၍ ပြောလိုက်သည်။ တစ်ဖက်လူအား ဆုတ်ဖြဲပစ်ချင်ရုံမှတပါး အခြားမည်သည့်အရာကိုမျှမလိုချင်တော့ပေ။ ဆယ်စုနှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းကြိုးစားအားထုတ်ခဲ့မှုသည် တစ်ညတာတည်းဖြင့် ပျက်ဆီးပြိုလဲသွားသည်။
ဤကဲ့သို့ထိုးနှက်ချက်ကို မည်သူက ခံနိုင်ရည်ရှိလိမ့်မည်နည်း။
“ချူးယွင်ဖန်းပဲဖြစ်ရမယ်၊ သူကလွဲလို့ဘယ်သူမှမရှိဘူး။ အဲ့ခွေးကောင်က ထင်ရသလောက် မရိုးရှင်ဘူး။ သူ့ တစ်နည်းနည်းနဲ့ မရီးဒျန်သန့်စင်ဆေးပြားနဲ့ ချီဖြည့်တင်းဆေးဖော်မြူလာကို ရခဲ့တာပဲ။ သူ့ကို ကူပေးနေတဲ့ တစ်ယောက်ယောက်ရှိရမယ်။ တိုက်ဆိုင်မှုတစ်ခုတော့မဖြစ်နိုင်ဘူး”
ချူးကျိကောပြောလေလေ ဤအရာသည် ချူးယွင်ဖန်းနှင့် သက်ဆိုင်သည်ဟု ယုံကြည်လေလေဖြစ်လာသည်။ မဟုတ်ပေ၊ ချူးကျိကောသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန်သေချာနေ၏။ လောကတွင် တိုက်ဆိုင်မှုဟူသော အရာများမရှိပေ။ ချူးကျိကောမှ ချူးယွင်ဖန်းအကြောင်း ထည့်ပြောသောအခါ၊ ချူးဟုန်ယဲ့မှ ထောက်ခံလိုက်သည်။ တန်ဒါ၏ဖော်မြူလာများကို ခိုးယူကာ အပျော်သဘောဖြင့် အွန်လိုင်းပေါ်တွင်တင်၍ နောက်ယှက်လောက်သည်အထိ မည်သူမျှ ရူးနှမ်းလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ချူးဟုန်ယဲ့နှင့် ချူးကျိကောတို့ကို ပစ်မှတ်ထားနေကြောင်း ထင်ရှား၏။
“ငါတို့ ဖော်မြူလာကို ပေါက်ကြားစေချင်တဲ့သူက သူတစ်ယောက်တည်းပဲ” ချူးကျိကောသည် အံကြိတ်၍ပြောလိုက်သည်။
“သူသာလုပ်ခဲ့တာဆိုရင် ငါတို့ သေခြင်းကနေလွတ်မြောက်နိုင်တယ်။ ချူးမိသားစု၏ သြဇာကို အသုံးပြု၍ ချူးယွင်ဖန်းသည် ချီဖြည့်တင်းဆေးဖော်မြူလာကို ထုတ်ဖော်ပြောပြလာရန် တွန်းအားပေးနိုင်သည်။ ဤသို့ဖြစ်လာပါက၊ အခြားဖော်မြူလာများ ပျောက်သွားလျှင်ပင် အရေးမကြီးပေ။
ချူးဟုန်ယဲ့သည် တည်ငြိမ်သမုဒ္ဒရာမြို့တွင် တန်ဒါအဖွဲ့ကဲ့သို့ ပထမတန်းစားဆေးကုမ္ပဏီတစ်ခုကို စတင်ခဲ့သည့် အကြင်နာကင်းမဲ့သူတစ်ဦးလည်းဖြစ်သည်။ ချူးယွင်ဖန်းကြောင့် ဖော်မြူလာပေါက်ကြားသွားခြင်းဖြစ်ကြောင်း သူတွေးလိုက်မိသောအခါ၊ အကြံတစ်ခုပေါ်လာခဲ့သည်။ အကယ်၍သူသာ ချီဖြည့်တင်းဆေးဖော်မြူလာကို လုယူနိုင်ပါက၊ မင်းသည် ကုမ္ပဏီကို ကယ်တင်နိုင်မည့်အပြင် ပို၍ မြင့်မားဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့၏ ဆုံးရှုံးမှုများမှ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
“ဖေဖေပြောတာမှန်တယ်၊ ဒီလိုလုပ်နိုင်တဲ့လူက သူပဲ” ချူးကျိကောက ခဏတာမျှပင် စဥ်းစားခြင်းမရှိ၊ ပြန်ပြောလိုက်သည်။ သူသည် ချူးယွင်ဖန်းအား အပြစ်ပြောရုံသာတတ်နိုင်၏။ ချူးဟုန်ယဲ့နှင့် ချူးကျိကောတို့သည် မိမိတို့ကိုယ်မိမိတို့ ကယ်တင်ရန်နည်းလမ်းကိုသာတွေးခဲ့ကြသည်။ ၎င်းတို့၏ ဖော်မြူလာများကို ပေါက်ကြားစေခဲ့သူမှာ ချူးယွင်ဖန်းဖြစ်သည်ဟု အပြစ်တင်သွားကြမည်ဖြစ်သည်။
ဆေးဖော်မြူလာများကို ပြောင်းပြန်ဖော်ထုတ်ရန် အခြားသူများအတွက်မဖြစ်နိုင်ပေ။ ကမ္ဘာပေါ်တွင် ထိပ်တန်း ဆေးဖော်စပ်သူဖြစ်သည့် ဆေးဘုရင်သည်ပင် ဤသို့သော ကိစ္စမျိုးကို လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့် ချူးယွင်ဖန်းအတွက် ဤအရာသည် ရိုးရှင်းလှသည်။
လက်ရှိရွှေခေတ်၏ ဆေးပညာကို ဖွင့်လှစ်ပေးခဲ့သော ဆေးဘုရင်နှင့် ကွဲပြားခြားနားစွာ၊ ဆေးဧကရာဇ်သည် ရှေးဟောင်းလူသားများကာလတစ်ခုလုံးမှ ဆေးပညာအနှစ်သာရများကို စုဆောင်းခဲ့သည်။ ဆေးဧကရာဇ်သည် အဟောင်းကို စွန့်ပယ်၍ အသစ်ကို ဖန်တီးခဲ့ရာ၊ ရှေးခေတ်တွင် သူသည် အကောင်းဆုံးဖြစ်ခဲ့၏။ ဆေးဧကရာဇ်၏ ဆေးပညာကို နားလည်သိရှိမှုသည် စိတ်ကူးမယဥ်နိုင်လောက်သည့် အဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ရာ၊ သဘာဝလွန် အဆင့်မြင့်ဆေးအချို့ကသာ သူ့အား အနည်းငယ်အကြပ်ရိုက်စေနိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တန်ဒါအဖွဲ့မှ မှီခိုအားထားသော ဆေးဖော်မြူလာများသည် ဆေးဧကရာဇ်နှင့်တူညီသောအဆင့်တွင်ရပ်နေသူအတွက် ရိုးရှင်းလှသည်။
ချူးယွင်ဖန်းသည် သူ့ဒေါသကို မြိုသိပ်၍ ဖိနှိပ်မှုကို အလွယ်တကူခံနိုင်သည့်လူမျိုးမဟုတ်ပေ။ အထူးသဖြင့် ချူးဟုန်ယဲ့သည် သူ့မိသားစုကိုခြိမ်းခြောက်သောအခါ၊ အလွန် စိတ်ကသိကအောက်ဖြစ်၍ သည်းခံနိုင်ခြင်းအလျင်းမရှိခဲ့ပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤကဲ့သို့ ပြင်းထန်သောအဖြေတစ်ခုကို တွေးခဲ့မိသည်။ တန်ဒါအဖွဲ့သည် ၎င်းတို့၏ ဖော်မြူလာများမရှိပါက၊ အချည်းအနှီးပင်ဖြစ်သည်။ သူ့ကုမ္ပဏီ၏ တည်ရှိမှု ပို၍ခိုင်မာလာသောအခါ၊ တန်ဒါအဖွဲ့သည် ကျဆုံးသွားလိမ့်မည်ဖြစ်သည်။
ချူးကျိကောနှင့် ချူးဟုန်ယဲ့တို့သည် သန်မာပုံရသော်လည်း ၎င်းတို့အားလုံးသည် ဟောင်သာဟောင်နိုင်၍ မကိုက်နိုင်သည့် ခွေးများဖြစ်သည်။ ချူးယွင်ဖန်းသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်ဖြစ်၏။
လေးယောက်အဖွဲ့သည် ထပ်မံမစောင့်ဆိုင်းကြတော့ဘဲ၊ ချူးယွင်ဖန်းထံသို့ ပြန်ရောက်လာကြသည်။
၎င်းတို့သည် ချူးယွင်ဖန်းအား သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ ဖော်မြူလာများကို ပေါက်ကြားစေခဲ့ပြီးနောက်၊ တန်ဒါအဖွဲ့နှင့် ၎င်းတို့၏ စျေးကွက်တန်ဖိုးသည် တစ်ညအတွင်း ဘီလီယံနှင့်ချီ၍ ကျဆင်းသွားခဲ့သည်။ ၎င်းတို့၏ နှလုံးသားများမည်သို့ မနာကျင်ဘဲလျက်ရှိလိမ့်မည်နည်း။
“ချူးယွင်ဖန်း မင်းဘာလုပ်လိုက်တာလဲ” ချူးရှန်ကျုံးက အံ့ကြိတ်လျက်ပြောလိုက်သည်။
“ငါဘာလုပ်လို့လဲ၊ မင်းတို့ဘာလို့ပြန်လာကြတာလဲ” ချူးယွင်ဖန်းသည် သူလုပ်ခဲ့သည့်အရာများကို ဝန်မခံပေ။
“စောက်ရူးကွက်နင်းမနေနဲ့ကွ၊ တန်ဒါအဖွဲ့ရဲ့ဆေးဖော်မြူလာတွေကို အင်တာနက်မှာတင်ခဲ့တာ မင်းပဲ” ချူးကျိကောက ဟိန်းဟောက်လိုက်သည်။
“ရယ်စရာပဲ၊ မင်းတို့ဖော်မြူလာတွေကို ဘယ်သူက အင်တာနက်ပေါ်မှာတင်လိုက်လဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲကွ၊ မင်းတို့ကောင်တွေရဲ့လုပ်ရပ်တွေကို လက်မခံနိုင်တဲ့လူတစ်ယောက်ယောက်ဖြစ်မှာပေါ့၊ ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး”
ချူးယွင်ဖန်း ဂရုမစိုက်ဘဲမနေနိုင်တော့ပေ။ တန်ဒါအဖွဲ့မှ သူ့အားသံသယရှိနေသည်မှာ အဓိပ္ပါယ်မရှိကြောင်းသူသိသည်။ အထူးသဖြင့် ၎င်းတို့တွင် ခိုင်လုံသောအထောက်အထားဟူ၍ မရှိပေ။ ချူးကျိကောနှင့်အခြားသူများ အားကိုးရာမဲ့ဖြစ်နေသည်ကို မြင်ရသဖြင့် သူအလွန်စိတ်ချမ်းသာအားရနေမိသည်။
“ငါတို့နဲ့မရှုပ်ဖို့ သင်ပေးမယ် ခွေးကောင်လေး၊ ချီဖြည့်တင်းဆေးဖော်မြူလာကို လက်လွှဲပေးမလား၊ မင်းသေမလား” ချူးဟုန်ယဲ့သည် ယခုအချိန်တွင်သူ၏ အကျိုးအကြောင်းတွေးခေါ်နိုင်စွမ်းများအားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ သူ့ကုမ္ပဏီမှ ဆုံးရှုံးသွားရသည့် ဘီလီယံနှင့်ချီသော အကြောင်းများကို သူတွေး၍ ရင်ဆို့လျက်ရှိသည်။
ချူးယွင်ဖန်းသည် ဖော်မြူလာအား ပေါက်ကြားစေသည်ဖြစ်စေ၊ မပေါက်ကြားစေသည်ဖြစ်စေ၊ ချူးဟုန်ယဲ့သည် ချူးယွင်ဖန်းအား ယင်းအတွက်တာဝန်ယူပေးစေချင်၏။ ချူးယွင်ဖန်းထံမှ ချီဖြည့်တင်းဆေးကို သူရရှိမှသာ တန်ဒါအဖွဲ့ ပြန်လည်ကောင်းမွန်လာမည်ကို သူသေချာသိသည်။
“အိုး ကျုပ်ကို မခြိမ်းခြောက်နဲ့ ငါကြောက်လာပြီ”
ချူးဟုန်ယဲ့မှ စတင်တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ခပ်သုတ်သုတ်ခြေသံများ အဝေးမှ ပဲ့တင်ထပ်လာ၏။