အခန်း (၃၄၆-၃၄၈)
Vol. 24 Ch. 346-348
အခန်း(၃၄၆) အကြီးအကဲများ၏ ထိတ်လန့်မှု
သုံးချက်၊ သုံးချက်ထက် မပိုသကဲ့သို့ လျော့လည်းမလျော့သော်လည်း ၎င်းသည် ချူးရှန်ကျုံး ဒူးထောက်ကျရန် လုံလောက်၏။
ဤအရာများအားလုံးသည် ဖော်ပြရန် ကြာမြင့်ခဲ့သော်လည်း တကယ်တမ်းတွင် အသက်အနည်းငယ်ရှုစာမျှသာ ကြာမြင့်သည်။ ချူးယွင်ဖန်း၏ ဓားသည် ထူထဲကာ၊ လေးလံသော်လည်း တစ်ချိန်တည်းတွင် လျှပ်စီးတမျှ လျင်မြန်၏။ ဓားချက်သုံးချက်သည် အချိန်သိပ်မကြာခဲ့ပေ။
ချူးမိသားစု၏ အကြီးအကဲများစွာ၏ မူလကအထင်ကြီးလေးစားခံခဲ့ရသော ချူးရှန်ကျုံးသည် ကြေကွဲဖွယ်ရာရှုံးနိမ့်ခဲ့ရသည်။ အကြီးအကဲများသည် စကားစမည်ပြော၍ရယ်လျက်၊ တိုက်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ဤသည်ကား ချူးယွင်ဖန်းကြုံတွေ့ခဲ့ရသော အပြင်းထန်၊ အကြမ်းတမ်းဆုံးသော ပြိုင်ဘက်ဖြစ်သော်လည်း လက်တွေ့တွင်မူ၊ သူသည် သိုင်းကွက်သုံးကွက်သာအသုံးပြုခဲ့သည်။
နှစ်ဖက်ကြားမှ အင်အားကွာခြားချက်သည် အလွန်ကြီးမားလှသည်။
“ဒါ … ဒါ … ဒါ …” ပရိတ်သတ်များက ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြကာ ဆွံ့အသွားကြသည်။
“ချူးယွင်ဖန်းက အရမ်းသန်မာတယ်။ ချူးရှန်ကျုံးက အစတည်းက စွမ်းအားကြီးပြီးသားပဲ။ ဆေးသောက်ပြီးတော့ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားကို ရရှိခဲ့ပေမယ့် သိုင်းကွက်သုံးကွက်အတွင်း ရှုံးနိမ့်ခဲ့ရတယ်။ ချူးယွင်ဖန်းရဲ့ အင်အားက ကြောက်စရာပဲ”
“ခေါင်းဆောင်လေးတို့ အပါတ်စဥ်တုန်းကတောင် ဒီခွန်အားကို ထိပ်တန်းစာရင်းဝင်လို့ ယူဆလို့ရခဲ့တယ်။ ဒါက လွတ်လွတ်လပ်လပ် ပျိုးထောင်ခံရတာရဲ့ ရလဒ်ဆိုရင် သူ့ကိုသာ အလေးအနက်ထားပြီး ပျိုးထောင်ခဲ့ရင် သူ့အောင်မြင်မှုတွေကို တွေးကြည့်လို့တောင်ရမှာမဟုတ်ဘူး”
ဤကျောင်းသားများသာမက၊ အကြီးအကဲများသည်လည်း တုန်လှုပ်သွာားကြသည်။ လူများစွာက ၎င်းတို့ အင်အားကြီးမည်ဟု ထင်ထားသည့်လူသည် ဤမျှ စွမ်းအားနည်းလိမ့်မည်ဟု မထင်ထားကြပေ။ တစ်နည်းဆိုရလျှင် ချူးရှန်ကျုံးသည် အင်အားနည်းလွန်းလှသည်မဟုတ်သော်လည်း ချူးယွင်ဖန်းသည် အလွန်သန်မာလွန်းသည်။
“ဒီ… ဒီချူးယွင်ဖန်းက သူ့ခွန်အားကို ဖုံးကွယ်ထားတာပဲ။ သူကောင်းကောင်းဖုံးကွယ်ထားလို့ ငါတို့ လုံးဝသတိမထားမိဘူး” အကြီးအကဲတစ်ဦးက ခဏတာ ဆွံ့အနေပြီးနောက် ပြောလိုက်သည်။
“သူ သူ့ခွန်အားကို ဖုံးကွယ်မထားဘူး သူက အလေးစီးဝတ်စုံဝတ်ထားတာပဲ” အမြင်စူးရှသော အကြီးအကဲတစ်ဦးက အမှန်တရားကို သတိပြုမိကာ ပြောလိုက်သည်။
ဤအကြီးအကဲ၏ စကားသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။
“ချူးယွင်ဖန်းက ဏရိယာတစ်ခုလုံးနီးပါးကို ကျော်ဖြတ်လိုက်နိုင်ပြီပဲ။ သူနဲ့ဘယ်သူမှ မယှဥ်နိုင်ဘူး။ ဒါက သူ့ခွန်အားအစစ်အမှန်လို့ ကျုပ်ထင်ခဲ့တာ၊ သူ့ခွန်အားကို ဖုံးကွယ်ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“သူအလေးစီးဝတ်စုံကို ဝတ်ထားတယ်။ ဝတ်စုံရဲ့ အတားအဆီးတွေကို ဖယ်ပြီးတော့၊ သူ့အမြန်နှုန်းနဲ့ ခွန်အားက သိသိသာသာပိုကောင်းလာတာပဲ”
ဤအခိုက်အတန့်တွင် ဖန်သားပြင်ကြီးပေါ်၌ ချူးယွင်ဖန်း၏ ထိတ်လန့်တုန်လှုပ်ခြောက်ခြားဖွယ်ဓားချက် သုံးချက်ကို ပြန်ပြနေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ယခင်ကနှင့်တော့ မတူညီလှပေ။
“သူ့ကျင့်ကြံရေးက စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်မှာရှိနေတုန်းပေမယ့် စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်တိုက်ခိုက်ရေးအစွမ်းနဲ့ ပေါက်ကွဲသွားတယ်။ အထင်သေးရမယ့်ကောင်တော့မဟုတ်ဘူးပဲ”
“ဒီပျက်ဆီးယို့ယွင်းနေတဲ့ ကမ္ဘာမြေပေါ်က ဝမ်းကွဲနှစ်ယောက်က ဒီတစ်သုတ် ပျိုးပင်တွေထဲမှာ အကောင်းဆုံးဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး”
အချို့သော အကြီးအကဲများသည် ချူးယွင်ရှင်း၏ တိုက်ပွဲများကိုလည်း သတိပြုမိကြသည်။ သူသည်လည်း ကွင်းတစ်ကွင်းလုံးကို ချေမှုန်းနိုင်ခဲ့ကာ၊ သူ၏ စွမ်းဆောင်ရည်သည် ချူးယွင်ဖန်းထက် မနိမ့်ကျပေ။
“တကယ်လို့ အခုကစပြီး ကောင်းကောင်းပျိုးထောင်ပေးလိုက်ရင်တောင် သိပ်နောက်မကျသေးဘူး။ သူတို့က အခုမှ ကတ္ကသိုလ်တက်မှာဆိုတော့၊ အနာဂတ်မှာ ငါတို့မိသားစုရဲ့ မဏ္ဍိုင်ဖြစ်လာမှာ အသေအချာပဲ”
ချူးယွင်ဖန်းမှ ချူးရှန်ကျုံးအား သိုင်းကွက်သုံးကွက်အတွင်းအနိုင်ယူခဲ့ခြင်းသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ သို့သော် ဤသည်ကား ချူးယွင်ဖန်းအတွက် မည်သို့မျှမဟုတ်ပေ။ ဤအရာကြောင့် သူမည်သို့မျှ မခံစားရပေ။ ချူးယွင်ဖန်းသည် သူ၏ အရှိန်အဝါကို ပျိုးထောင်ခဲ့ရာ၊ ၎င်းသည် လက်ရှိတွင် တားဆီးမရနိုင်သော သက်တံ့တစ်စင်းကဲ့သို့ တောက်ပနေသည်။ ချူးယွင်ဖန်းသည် ချူးရှန်ကျုံးကို ချေမှုန်းရန် ယင်းကို အသုံးပြုခဲ့သည်။
ချူးရှန်ကျုံး၏ နှလုံးသားထဲမှ စွဲလမ်းမှုကို ဖယ်ရှားလိုက်မှသာလျှင် သူသည် ကျယ်ပြန့်သော ကမ္ဘာထဲသို့ဝင်ရောက်နိုင်ပေလိမ့်မည်ဖြစ်သည်။ သိုင်းပညာလေ့ကျင့်သူများသည် ရဲရင့်ကာ နိုးနိုးကြားကြားရှိကြသည်။ ဤသို့သော အစွဲအလမ်းမျိုးနှင့်ကြုံရမည်ကို အကြောက်ရွံ့ဆုံးဖြစ်သည်။ ကောင်းစွာမကိုင်တွယ်နိုင်ပါက၊ စိတ်ဝိဉာဥ်နတ်ဆိုးဖြစ်လာနိုင်ကာ၊ ကျင့်ကြံသူများအတွက် စိတ်ဝိဉာဥ်နတ်ဆိုးသည် သေစေနိုင်သော ရန်သူတစ်ပါးနှင့် ကွဲပြားမှုမရှိပေ။ အကျိုးဆက်များကို ခန့်မှန်း၍ ရနိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင်၊ ချူးယွင်ဖန်း၏ နဝမအချီသို့ ရောက်ရှိပြီဖြစ်သည်။ ဤအချီသည် လူတိုင်း၏ အာရုံစိုက်ခြင်းခံရ၏။ ချူးမိသားစုမှ အကြီးအကဲများဖြစ်စေ၊ မျိုးဆက်သစ်များဖြစ်စေ၊ သို့မဟုတ် သာမန်မျိုးနွယ်ဝင်များဖြစ်စေ၊ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းကို အာရုံစိုက်နေကြသည်။
ချူးယွင်ဖန်း၏ ပြောင်မြောက်လှသော စွမ်းဆောင်ရည်ကြောင့်သာမက၊ ဤအချီတွင် ၎င်း၏ ပြိုင်ဘက်သည် ယခင်ကနှင့် မတူသောကြောင့်ဖြစ်သည်။
ယင်းသည်ကား၊ မိန်းကလေးငယ်၊ ချူးရွှယ်လန်ဖြစ်သည်။
ဤမိန်းကလေးသည် နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော ဝတ်စုံကို ဝတ်ဆင်ထားကာ၊ သွယ်လျလှပသည်။ အသားအရည်သည် နှင်းကဲ့သို့ ဖြူဖွေး၍ ကောင်းကင်ဘုံမှ ဆင်းသက်လာသော အရုပ်မလေးလေးတစ်ယောက်ကဲ့သို့ ထင်ရသည်။
သူမ၏ ချူးယွင်ဖန်းကို ငေးကြည့်ကာ အမူအရာသည် ရေခဲ့ကဲ့သို့ အေးစက်နေ၏။
ချူးယွင်ဖန်းသည် ဤချူးရွှယ်လန်ကို သိသည်။
ယခုနှစ် ချူးမိသားစု၏ တပည့်မျိုးဆက်များအနက်၊ သူမသည် အသန်မာဆုံး ကျွမ်းကျင်သူဖြစ်ကာ၊ လူကြိုက်အများဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ ချူးရွှယ်လန်သည် မေပယ်ရွက်မြို့တော်၌ ထိပ်တန်းကျောင်းသူတစ်ဦးမဟုတ်သော်လည်း တစ်မြို့လုံးရှိ ထိပ်တန်းကျောင်းသားများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။
မိန်းကလေးတစ်ဦးအနေဖြင့် သူမနှင့်ရွယ်တူများကြားတွင် နံပါတ်တစ်ဖြစ်လာသော ချူးရွှယ်လန်၏ ခွန်အားကို မည်သူမျှ သံသယဝင်ရန်မလိုအပ်ပေ။ သူမသည် ချူးမိသားစု၏ အာရုံစိုက်ခြင်းကို အမြဲခံခဲ့ရသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှမကြားဖူးသော်လည်း မည်သည့်နေရာကမှန်းမသိ ပေါ်လာသည့် ချူးယွင်ဖန်းကို မျက်နှာချင်းဆိုင်ကာ၊ သူမ၏ အမူအရာသည် အလွန်လေးနက်လျက်ရှိသည်။
ချူးရွှယ်လန်သည် ချူးယွင်ဖန်း၏ တိုက်ပွဲများကို အာရုံစိုက်နေခဲ့သည်။ သူသည် ထိုပြင်းထန်သော ပြိုင်ဘက်များကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ချူးရှန်ကျုံးသည် သိုင်းကွက်အနည်းငယ်ပို၍ ခံနိုင်ရည်ရှိခဲ့သော်လည်း ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ဖုံးကွယ်မထားပါက၊ ချူးရှန်ကျုံးကို တစ်ချက်တည်းအနိုင်ယူနိုင်လိမ့်မည်မှာ သေချာကြောင်း သူမပြောနိုင်၏။
ချူးရွှယ်လန်သည် ချူးရှန်ကျုံးနှင့် ယခင်က တိုက်ခိုက်ဖူးသည်။ သူမသည် သူ့ထက်များစွာ သန်မာလှသော်လည်း တစ်ချက်တည်းဖြင့် အနိုင်ယူရန်မဖြစ်နိုင်ပေ။ ချူးရွှယ်လန်သည် သူမ၏အကဲဖြတ်ချက်ကို ယုံကြည်နေသော်လည်း ချူးယွင်ဖန်းသည် အလွန်သန်မာသော ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူမခံစားနိုင်၏။ ချူးရွှယ်လန်သည် သူမနှင့် အသက်တူသော မျိုးဆက်ထံမှ ပြင်းထန်သော ဖိအားကို ခံစားရသည့် ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်သည် ကမ္ဘာမြေပေါ်မှ အခြားသူတစ်ဦးဖြစ်သော ချူးရှန်ကျုံးဖြစ်သည်။
သို့သော် ချူးရွှယ်လန်သည် သူမအဆုံးထိ အောင်မြင်နိုင်လိမ့်မည်ဟု သူမယုံကြည်ချက်ရှိသည်။ ဤအရာများသည် အမြဲတစေ အတူတူသာဖြစ်သည်။
“ကမ္ဘာမြေမှာ မင်းလိုမျိုးလူတစ်ယောက်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” ချူးရွှယ်လန်က စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။
“ကမ္ဘာပေါ်မှာ စွမ်းအားကြီးတဲ့လူတွေအများကြီးရှိတယ်။ အဲ့ထဲက တစ်ယောက်က ငါတို့မြို့ကပဲ။ နာမည်က သုန်ဖန်းဟောက်တဲ့။ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာတည်းက သန့်စင်ခြင်းအဆင့်လွန်ကိုရောက်နေပြီ”
ခွန်းလွန်နယ်မြေတွင် မွေးဖွားသူများသည် အများထက် သာလွန်သည်ဟု ခံယူထားကြကြောင်း ချူးယွင်ဖန်း ခံစားမိသည်။ ကျင့်ကြံရေးအရ၊ ခွန်းလွန်နယ်မြေတွင် မွေးဖွားကြီးပျင်းလာသော ကလေးများသည် ကမ္ဘာမြေပေါ်တွင် မွေးဖွားလာသော သူများထက် ပို၍ သန်မာ၏။
သို့သော် ချူးယွင်ဖန်းသည် ကမ္ဘာမြေနှင့် ပတ်သက်၍ မကောင်းမြင်စိတ်မရှိပေ။
“သူက မတူတာ ငါသိပါတယ်။ ဒါပေမယ့် အရေးမကြီးပါဘူး။ နင်ဒီအထိ ရောက်အောင်လာနိုင်ခဲ့ပေမယ့် ငါနင့်ကို အနိုင်ယူဖို့ အစွမ်းကုန်ကြိုးစားမှာပါ” ချူးရွှယ်လန်က ပြောသည်။
ချူးယွင်ဖန်းသည် ချူးရွှယ်လန်၏ အနိုင်ယူလိုစိတ်ပြင်းပျမှုကို ခံစားနိုင်သည်။ သို့သော် သူမ ဤသို့သာ စိတ်ဓာတ်မပြတ်သားပါက၊ ဤမျှထိရောက်နိုင်လိမ့်မည်မဟုတ်ပေ။ သူမသည် ချူးမိသားစု၏ မရေမတွက်နိုင်အောင်များပြားသော ယောကျ်ားများစွာကို ချေမှုန်းနိုင်ခဲ့သည်။
“မင်းလုပ်နိုင်မယ်ထင်ရင် လုပ်ကြည့်လေ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။
ချူးရွှယ်လန်၏ တုတ်ရှည်နှစ်ချောင်းကို ပေါင်းစပ်ထားသော လှံတစ်စင်းရှိရာ၊ ထိုငွေဖြူရောင်လှံရှည်သည် နေရောင်ခြည်ကို တောက်ပစွာ ရောင်ပြန်ဟပ်နေ၏။
ချူးရွှယ်လန်သည် လက်ထဲမှလှံရှည်ကို ဝှေ့ယမ်းလိုက်ရာ၊ လှံထိပ်ဖျားသည် ကွင်းထဲမှ ထွက်လာသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ချူးယွင်ဖန်းထံသို့ ဦးတည်လာ၏။
အခန်း(၃၄၇) မင်းရှုံးသွားပြီ
လှံသည် ကောင်းကင်ကို ဖြတ်ကျော်၍ ချူးယွင်ဖန်းထံသို့ဦးတည်သွားသည်။ သို့သော် ချူးယွင်ဖန်းသည် ပို၍ မြန်ဆန်ကာ၊ သူ့လက်ထဲမှ ဓားသည်လည်း အလွန်လျင်မြန်၏။
ချွမ်
လှံရှည်နှင့်ဓားတို့ ထိပ်တိုက်တွေ့ကာ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ တိုက်မိသည့်အခိုက်အတန့်တွင် ချူးရွှယ်လန်၏ လက်များ ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချူးရှန်ကျုံးသည် ချူးယွင်ဖန်း၏ ဓားချက်တစ်ချက်ကိုပင်ကို ခံနိုင်ရည်မရှိခဲ့ရသည့်အကြောင်းကို သူမနောက်ဆုံးနားလည်သဘောပေါက်သွားသည်။ ဤထူးဆန်းသော ခွန်အားသည် အလွန်အမင်းပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုကဲ့သို့ အံ့မခန်းအရှိန်ဖြင့် ၎င်းသည် မဖြေရှင်းနိုင်လောက်သော အခြေအနေတစ်ခုကို ဖန်တီးလိုက်၏။
ချူးရွှယ်လန်သည် ချူးရှန်ကျုံးနှင့် ကွဲပြားသည်။ ချူးရှန်ကျုံးသည် စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ရောက်ရန် ဆေးလုံး၏ အာနိသင်ကို အားကိုးအားထားပြုခဲ့သော်လည်း သူမသည်မူ စစ်မှန်သော စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည်။ ဤသည်ကား အကြီးမားဆုံးသော ကွာခြားချက်ဖြစ်၏။
ချူးရွှယ်လန်သည် သူမ၏ လှံကို ပြန်ရုတ်ကာ၊ ချူးယွင်ဖန်းအား အမြန်ထိုးလိုက်သည်။ ချူးယွင်ဖန်းကို အသက်ရှုခွင့်မပေးရန် သူမဆုံးဖြတ်ထားသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ၊ ချူးရှန်ကျုံးအား အလွယ်တကူ ဒူးထောက်ကျစေနိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် ချူးရွှယ်လန်၏ အစီအစဥ်ကို သိသည်။ သူမကို ဤသို့အခွင့်အရေးမျိုး မည်သို့ပေးနိုင်လိမ့်မည်နည်း။ သူသည်လည်း လျင်မြန်စွာတိုက်ခိုက်ရန် အမြန်နှုန်းကို အသုံးပြု၍ သူ့လက်ထဲမှဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ချွမ်
ချွမ်
ချွမ်
လေထုထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှု များစွာဖြစ်ပွားနေသည်။ နေရာပေါင်းစုံသို့ မီးတောက်များ ပျံ့လွင့်ကာ၊ စစ်မှန်သော စွမ်းအင်များ ထွက်ပေါ်လာသည်။
ကွင်းအပြင်ဘက်ရှိ ကျောင်းသားများအားလုံးသည် နောက်ဆုံးတွင် လက်ရည်ညီသော တိုက်ပွဲကိုမြင်ခွင့်ရကြပြီဖြစ်သဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်းသည် ယခင်ပြိုင်ဘက်အားလုံးကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ၊ သူ၏ ပြိုင်ဘက်ကို ရင်ဆိုင်နေရပြီဖြစ်သည်။
တက်ရောက်လာကြသော ကျောင်းသားအများသည် ပင်မချူးမိသားစုမှ ဆင်းသက်လာကြသူများဖြစ်ရာ၊ သဘာဝအလျောက်ပင် ပင်မမိသားစုမှ တစ်စုံတစ်ဦးကို အောင်နိုင်သူအဖြစ်မြင်လိုကြသည်။
“ဒီနှစ်ယောက်က ငါတို့ မိသားစုရဲ့ ရှားရှားပါးပါး ပါရမီရှင်တွေပဲ။ ဒီနှစ်မှာတော့ သူတို့ထဲက တစ်ယောက်မှ သန့်စင်ခြင်းအဆင့်အထွတ်အထိပ်ကို မတက်နိုင်ကြသေးပေမယ့် ထူးချွန်တယ်လို့တော့ သတ်မှတ်လို့ရပါတယ်”
“မှန်တယ္။ သူတို့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေ၊ သိုင်းကျွမ်းကျင်ပုံတွေ ဘယ်လိုရှိရှိ၊ သူတို့ကလွန်ကဲတဲ့အဆင့်ကို ရောက်နေကြပြီ။ နှစ်ယောက်လုံးနိုင်နိုင်ချေရှိတယ်”
“ချူးယွင်ဖန်းက မူလက အနိုင်ရဖို့ အခွင့်အလမ်းပိုများပေမယ့်၊ သူ့ရဲ့ ကျင့်ကြံရေးအဆင့်က ချူးရွှယ်လန်ထက် ပိုနိမ့်တယ်။ တိုက်ပွဲကြာလာလေလေ သူရှုံးနိုင်ချေများလေလေပဲ” အကြီးအကဲတစ်ဦးက ယုံကြည်မှပြင်းပျစွာပြောလိုက်သည်။
သို့သော် ထိုအကြီးအကဲသည် မကြာမီတွင်ပင် ပါးသို့ဖြတ်ရိုက်ခြင်း ခံလိုက်ရသည်။ ၎င်းသည် ချူးယွင်ဖန်းမှတပါး အခြားသူမဟုတ်ပေ။
ပထမပိုင်းတွင် ချူးယွင်ဖန်းနှင့် ချူးရွှယ်လန်တို့အကြားတွင် ကွားခြားပုံမပေါ်လှသော်လည်း ရုန်းကန်စပြုလာသူသည် ကျင့်ကြံရေးအဆင့်နိမ့်သည့် ချူးယွင်ဖန်းမဟုတ်၊ ချူးရွှယ်လန်ဖြစ်သည်ကို လူတိုင်းက လျင်မြန်စွာ သဘောပေါက်နားလည်သွားကြသည်။ ကျင့်ကြံရေးအဆင့်တွင် သူမသည် ချူးယွင်ဖန်းထက် သိသိသာသာပို၍ အဆင့်မြင့်သော်လည်း သူမသည် စတင်၍ စွမ်းအင်ကုန်ခမ်းစပြုလာသည်။
သိပ်မကြာခင်တွင် ခံနိုင်ရည်အားကောင်းသော ချူးရွှယ်လန်သည် ချွေးများ တသီးသီးကျလာသည်။ သူမ၏ နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော လေ့ကျင့်ရေးဝတ်စုံသည် ချွေးများဖြင့် စိုရွဲစပြုလာသော်လည်း ချူးယွင်ဖန်းသည်မူ အသက်ကို ပုံမှန်အတိုင်းပင်ရှုနေဆဲဖြစ်ကာ၊ သူ၏ စွမ်းဆောင်ရည်သည် အနည်းငယ်မျှပင် လျော့ကျမသွားပေ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အကြီးအကဲများသည် မြင်ကွင်းကို ကြည့်၍ အံ့သြသွားကြသည်။ ချူးယွင်ဖန်း ဤကဲ့သို့ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
“ချူးရွှယ်လန်ရဲ့ လက်တွေကိုကြည့်လိုက်၊ တုန်နေပြီ။ ဒါဘာဆို ဆိုလိုတယ်ထင်လဲ။ သူ ပြင်းထန်တဲ့ဓားချက်တွေကို အဆက်မပြတ်တားဆီးနေရတော့ သူ့လက်တွေက တဖြည်းဖြည်း စွမ်းအား ကျဆင်းလာတာပဲ” ချူးယန်က ချူးရွှယ်လန်ကို ကြည့်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပထမဆုံး သတိပြုမိခဲ့သည်။
လူတိုင်းသေချာကြည့်လိုက်သောအခါ၊ ချူးရွှယ်လန်၏ လက်များ တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ တိုက်ခိုက်မှုအပြီးတိုင်းတွင်၊ သူမ၏ လက်များသည် ပို၍ ပို၍ တုန်ယင်လာကာ၊ ထိုလက်များကို မတုန်ယင်စေရန် ကိုယ်ခံအားများစွာကို အသုံးပြုရသည်။ သူမ၏ လှံဖြင့် တိုက်ခိုက်နိုင်ရန်နှင့် လှံကို ထိန်းချုပ်နိုင်ရန်၊ သူမသည် အခြားသော လက်နက်များကိုသုံးခြင်းထက်၊ ကိုယ်ခံအား နှစ်ဆပို၍ သုံးရ၏။ ထို့ကြောင့် အချိန်တိုအတွင်းတွင် အလွန် မောဟိုက်လာခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည်မူ အလွန်သက်တောင့်သက်သာရှိနေပုံရ၏။ အင်အားအလွန်အကျွံအသုံးပြုနေသောပုံမပေါ်လှပေ။ သူသည် ချူးရွှယ်လန်းအား သေလောက်သည်အထိ မောပန်းစေခဲ့ကာ၊ အတွေ့အကြုံရင့် မုဆိုးတစ်ယောက်ကဲ့သို့ပင် သားကောင်ကို စူးစိုက်၍ ကြည့်နေ၏။
ချူးရွှယ်လန်သည် သူမ၏ ခွန်အားများ လျင်မြန်စွာ လျော့နည်းသွားသည်ကို ခံစားနိုင်သည်။ သူမ၏ မျက်လုံးများဖြင့်သာ ချူးယွင်ဖန်းကို မမြင်ခဲ့ဖူးလျှင် ဤသို့သောသူ ရှိနေလိမ့်မည်ဟု သူမ ယုံနိုင်လိမ့်မည်မဟုတ်ပေ။ သူ့ရှေ့တွင်ရပ်နေသော ချူးယွင်ဖန်းသည် လူတစ်ယောက်ဆိုသည်ထက်၊ လူ့အရေပြားခြုံထားသော သားရဲတစ်ကောင်နှင့်တူသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် အရှိန်တို့ရောယှက်နေသော တိုက်ခိုက်မှုတိုင်းသည် ချူးယွင်ဖန်းအတွက် သာမန်တိုက်ခိုက်မှဒတစ်ခုမျှသာဖြစ်သော်လည်း ချူးရွှယ်လန်အတွက်မူ၊ ထိုဓားချက်တစ်ချက်စီကို ခံယူရန် သူမ၏ ရှိသမျှသော ခွန်အားကို အသုံးပြုခဲ့ရသည်။
ချူးယွင်ဖန်းသည် ပြိုင်ဘက်၏ သွေးများကို စုပ်ယူကာ၊ အပြင်းအထန်ဒဏ်ရာရစေနိုင်သည့် ရက်စက်ကြမ်းကြုတ်သော မွန်းစတားတစ်ကောင်နှင့်တူ၏။
ချူးရွှယ်လန်သည် မယုံကြည်နိုင်လောက်ဖွယ်ရာခွန်အားများနှင့် ပြိုင်ဘက်ကို ယခင်က တစ်ကြိမ်မျှ မတိုက်ခိုက်ဖူးခဲ့သည် မဟုတ်သော်လည်း ချူးယွင်ဖန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောသူ တစ်ဦးမှ မရှိပေ။ သူမ၏ ပြင်းပျသော စိတ်ဆန္ဒကြောင့်သာ မဟုတ်ပါက၊ သူမသည် ၎င်းကို တောင့်ခံနိုင်လိမ့်မည်မဟုတ်၊ တစ်ခဏအတွင်းပြိုလဲသွားမည်မှာ သေချာ၏။
‘ဟာကွက်ကိုရှာဖို့လိုတယ်’
ချူးရွှယ်လန်သည် ချက်ချင်းပင် အဖြေတစ်ခုကို စဥ်းစားလိုက်သည်။ သူမ၏ နူးညံ့သော မျက်နှာသည် ချွေးသီးချွေးပေါက်များဖြင့် စိုရွှဲနေ၏။
“မိုးကြိုးလှံရှည်သိုင်း”
ချူးရွှယ်လန်သည် သူမ၏ လက်ထဲမှ လှံကို ပြန်ရုတ်သိမ်း၍ မိုးကြိုးတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်သည်။ ဤသည်ကား သူမ၏ လှံသိုင်းမှ အနှစ်သာရတစ်ခုဖြစ်သည်။ လှံသည် ဝရဇိန်ကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ကာ ကြောက်မက်ခြောက်ခြားဖွယ်အသံဗလံများကို ထုတ်လွှတ်၍ လေလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ၎င်းသည် အရပ်ရပ်အဘက်ဘက်သို့ လွင့်ထွက်သွား၏။
တစ်ချိန်တည်းတွင်ပင် လှံသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ပြင်းထန်သည့် ရေစီးကြောင်းတစ်ခုမှ ထွက်လာသော ဧရာမ နဂါးကြီးတစ်ကောင်နှင့်တူသည်။ ၎င်းသည် သွေးသံတရဲရဲစိုရွှဲနေသော ပါးစပ်ကို ဖွင့်၍ သူ၏ ပြိုင်ဘက်ကို လျှပ်စီး၏ အရှိန်ဖြင့် ခုန်အုပ်လိုက်သည်။
ဤလှံ၏ လှုပ်ရှားမှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် ကျွမ်းကျင်သူပင်လျှင် သတိမထားပါက၊ ရှုံးနိမ့်ပေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ချူးရွှယ်လန်မှ သူမကိုယ်တိုင် ပုံဖော်ခဲ့သည့် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ လှံရှည်သည် အရာခပ်သိမ်းကို ဖြတ်ကျော်၍ ထွက်ပေါ်လာရာ၊ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ကြောက်မက်ဖွယ်ကောင်းသော လှံ၏အလင်းသည် လျင်မြန်လှလွန်းသဖြင့် မည်သူမှ ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းသည် လျှပ်စီးတစ်စင်းကဲ့သို့ ချူးယွင်ဖန်း၏ ရှေ့သို့ရောက်လာ၏။
နဂိုက ငြိမ်သက်ကာ၊ စိတ်အေးလက်အေးဖြစ်နေသော ချူးယွင်ဖန်း၏ အမူအရာသည် ချက်ချင်းပင်တင်းမာသွားပြီးနောက်၊ သူ့လက်ထဲမှ အရိပ်မဲ့ဓားဖြင့် လှံကို တားဆီးလိုက်သည်။ ဤဓားချက်သည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အသံကို ထွက်ပေါ်လာစေသည်။ ဓားအလင်းတန်းနှင့် လှံတို့ ထိပ်တိုက်တွေ့သွားပုံသည် ကောင်းကင်တစ်ခုလုံးကို ထက်ဝက်ခွဲလိုက်သည်ထင်ရ၏။
ချွမ်
ဤသည်ကား ပြင်းထန်သော ရေလှိုင်းနှစ်ခု တိုက်မိသကဲ့သို့ပင်ဖြစ်သည်။ ဤမြင်ကွင်းသည် ထာဝရကြာရှည်မည်ထင်ရသော်လည်း စက္ကန့်ပိုင်းမျှသာ ကြာလိုက်သည်။ ၎င်းသည် ဤတိုက်ပွဲ၏ ရလဒ်ကို ချက်ချင်း ဆုံးဖြတ်ပေးလိုက်၏။ ချူးယွင်ဖန်း၏ ဓားအလင်းသည် အရာအားလုံးကို ဖြတ်ကျော်ကာ၊ အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည့် လှံရှည်ကြီးကို အပြင်းအထန် ချိုးနှိမ်လိုက်သည်။
သူမ၏လှံနှင့် ချူးယွင်ဖန်း၏ ဓားတို့ ထိပ်တိုက်တွေ့သောအခါ၊ ချူးရွှယ်လန်သည် ဤကြောက်မက်ဖွယ်စွမ်းအားကို ခုခံနိုင်စွမ်းမရှိတော့ပေ။ ချူးရွှယ်လန်၏ လက်ထဲမှလှံသည် နောက်သို့လွင့်ထွက်ကာ၊ သူမ၏လက်ဖဝါးပေါ်တွင် သွေးချင်းချင်းနီနေသော အက်ကွဲကြောင်းများဖြစ်ပေါ်နေ၏။
ချူးရွှယ်လန်၏ ရှေ့ရောက်သည်အထိ ဓား၏ စွမ်းအားသည် လျော့ကျမသွားခဲ့ပေ။ သို့သော် သူမနှင့် သုံးလက်မအကွာခန့်တွင် ဓားသည် ရပ်တန့်သွားကာ၊ ၎င်း၏ စွမ်းအင်အားလုံး ပျောက်ကွယ်သွား၍ အစောပိုင်းက တိုက်ခိုက်မှုမဖြစ်ခဲ့သကဲ့သို့ ငြိမ်သက်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
စကားတစ်ခွန်းသာ ကျန်တော့သည်။
“မင်းရှုံးပြီ”
အခန်း(၃၄၈) အခြားသူများထံမှ ထင်ရှားပေါ်လွင်မှုကို လုယူခြင်း
တိုက်ပွဲပြီးဆုံးသွားသည်။
အရာအားလုံးသည် နောက်ဆုံးသော ဓားချက်တစ်ချက်အောက်တွင် အဆုံးသတ်သွားရသည်။
ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြစ်မည်ထင်ရသော တိုက်ပွဲသည် တစ်ခဏအတွင်း ပြီးဆုံးသွားခဲ့သည်။ ယင်းက ချူးယွင်ဖန်းနှင့် ချူးရွှယ်လန်တို့အကြားရှိ ကြီးမားသော ကွာဟချက်ကို သက်သေပြခဲ့ခြင်းဖြစ်သည်။ ချူးရွှယ်လန်သည် ထိုကဲ့သို့ ပေါက်ကွဲစေတတ်သော သိုင်းကွက်ကို အသုံးပြုခဲ့သော်လည်း နှစ်ဖက်ကြားရှိကွာဟချက်ကို လျှော့ချနိုင်လုနီးပါးဖြစ်ခဲ့သည်။
“ငါရှုံးပါတယ်”ချူးရွှယ်လန်က သူမ၏ လက်များကိုကြည့်၍ ပြောလိုက်သည်။ သူမ အလွယ်တကူ ရှုံးနိမ့်သွားခဲ့သော်လည်း စိတ်မကောင်းဖြစ်ရမည့်အစား၊ အနည်းငယ် စိတ်သက်သာရာရနေမိသည်။ ချူးရွှယ်လန်သည် အံကို ကြိတ်၍ မဆုတ်မနစ်ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း ကံမကောင်းခဲ့ပေ။ သူမ ချူးယွင်ဖန်း၏ အကြွင်းမဲ့ ခွန်အားအောက်တွင် ရှုံးနိမ့်ခဲ့ရသည်။ သူမအဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသည်ကိုလည်း နားလည်သည်။
ချူးရွှယ်လန်သည် ကွင်း၏တစ်ဖက်သို့ တိတ်တဆိတ်လမ်းလျှောက်သွား၍ သူမ၏ တုန်ယင်နေသော လက်များဖြင့် လှံကို ကောက်ယူ၍ထွက်ခွာသွားသည်။ သူမရှုံးနိမ့်ခဲ့သော်လည်း သူမတွင် ဝမ်းနည်းညှိုးငယ်သော အရိပ်အယောင်အနည်းငယ်မျှ မပြ၊ လူငယ်များ၏ သွေးပူသော စိတ်ခံစားချက်တစ်ခုသာရှိသည်။
ဤခဏတာရှုံးနိမ့်မှုသည် သူမ၏ ဘဝကို လက်လျှော့ အရှုံးပေးစေနိုင်လိမ့်ည်မဟုတ်ပေ။
အကယ်၍ ချူးရွှယ်လန်၏ စိတ်ဝိဉာဥ်သာ အလွယ်တကူ ပျက်ဆီးလွယ်လျှင် သူမ လက်ရှိရောက်နေသော နေရာသို့ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ကျောင်းသားများစွာသည် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ အထူးသဖြင့် ချူးရွှယ်လန်၏ ပရိတ်သတ်များသည် ချူးယွင်ဖန်း အနည်းငယ်မျှပင် မညှာတာခဲ့သည်ကို မြင်သောအခါ၊ အော်ဟစ်ကုန်ကြ၏။
“သူအရမ်း နှလုံးသားမဲ့လွန်းတယ်”
“မိန်းကလေးတစ်ယောက်ကို ဘယ်လို ကြင်နာစွာ ပြုရကောင်းမှန်း ဒီကောင်မသိဘူး”
“အား ငါ့ နတ်ဘုရားမလေး၊ အဲ့တာကြောင့် ဒီကောင် အရမ်းအထီးကျန်နေတာ”
လူများစွာသည် တစ်ယောက်တစ်ပေါက်အော်ဟစ်ပြောဆို၍ ကွင်းထဲသို့ဝင်ကာ ချူးယွင်ဖန်းကို ရိုက်သတ်ချင်နေကြသည်။ မှန်သည်၊ တကယ်တမ်း ၎င်းတို့ တက်သွားပါက ချေးခြောက် ရေနူးသကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် အကြီးအကဲများနှင့် စင်မြင့်ထက်တွင်ထိုင်နေကြသော ချူးမိသားစု၏ ရာထူးကြီးပုဂ္ဂိုလ်များသည် လုံးလုံးလျားလျား ဆွံ့အသွားကြသည်။ ၎င်းတို့မိသားစု၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသော ချူးရွှယ်လန်သည် ချူးယွင်ဖန်း၏လက်ထဲတွင် တုံ့ဆိုင်းခြင်းအလျင်းမရှိ ကျရှုံးခဲ့သည်။ ဤသည်ကား ၎င်းတို့၏ မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ပင်ဖြစ်ရာ၊ မျက်နှာပူလျက်ရှိကြသည်။
ချူးမိသားစုသည် ၎င်းတို့ မျိုးနွယ်စုအတွင်းတွင်နေထိုင်သော မျိုးဆက်သစ်များကို ပြင်ပမျိုးဆက်များထက် ပို၍သာလွန်စေရန် အလွန်အမင်းကြိုးစား လုပ်ဆောင်ခဲ့ကြသဖြင့် ဤသည်ကား အလွန်ဆိုးရွားသော ခံစားချက်ကြီးတစ်ခုပင်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤလူသည်လည်း ၎င်းတို့မျိုးနွယ်စုဝင်တစ်ဦးဖြစ်သဖြင့် လုံးလုံးမျက်နှာပျက်သွားရသည့် အတိုင်းအတာအထိမဟုတ်ခဲ့ပေ။ တစ်ဖက်တွင်မူ ချူးယန်သည် ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ သူ့အတွက်မူ၊ ချူးယွင်ဖန်းဖြစ်စေ၊ ချူးယွင်ရှင်းဖြစ်စေ၊ ချူးရှန်ကျုံးဖြစ်စေ၊ ချူးရွှယ်လန်ဖြစ်စေ၊ မည်သူသည်မျှ သူ၏တိုက်ရိုက် မျိုးဆက်မဟုတ်ပေ။ ထို့ကြောင့် မည်သူနိုင်စေကာမူ၊ သူ့အတွက် ကောင်းသောအရာတစ်ခုပင်ဖြစ်သည်။ ဤကိစ္စတစ်ခုလုံးသည် ချူးမိသားစုကို ပို၍ တောင့်တင်းလာစေနိုင်ရန်သာဖြစ်သည်။
ဤရှုပ်ထွေးနေသော လောကကြီးထဲတွင် လူသားမျိုးနွယ်၏ ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲတင်ရန် တာဝန်ရှိသည်ဖြစ်စေ၊ မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးပွားရေးအတွက် မွန်းစတားများကို တိုက်ခိုက်ရန် အပြင်းအထန်ကြိုးစားနေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် မိမိတို့ မျိုးနွယ်စုဝင်အရေအတွက်ကို ဖြည့်စွမ်းနိုင်ရန် လိုအပ်၏။
နောင်လာမည့်တိုက်ပွဲသည် မည်သူ အနိုင်ယူသူဖြစ်မည်ကို အဆုံးအဖြတ်ပေးနိုင်မည့် အရေးကြီးသော တိုက်ပွဲဖြစ်သောကြောင့် လူတိုင်းသည် ၎င်းတို့၏ အတွေးကိုယ်စီကို ဖယ်ထားလိုက်ကြသည်။ ထို့အပြင် ဤတိုက်ပွဲသည် ချူးမျိသားစု၏ တိုက်ရိုက်မျိုးဆက်များနှင့် လားလားမျှမသက်ဆိုင်ခဲ့ပေ။
ဤသည်ကား၊ ကမ္ဘာမြေပေါ်မှ ဝမ်းကွဲညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့အကြား တိုက်ပွဲဖြစ်သည်။ ချူးယွင်ရှင်းသည် ကွင်းထဲသို့ ဝင်ကာ၊ သူနှင့်အတူဝင်လာသော ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် အနည်းငယ်စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုးရှိနေ၏။
သူသည် ချူးယွင်ဖန်းအား မည်သည့်အချိန်တုန်းကမှ စိတ်ထဲ မထည့်ခဲ့သော်လည်း ယခုမူ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ လွန်ခဲ့သော ဆယ်နှစ်တာကာလပတ်လုံး သာမန်အဆင့်သာရှိခဲ့သော သူ့ညီသည် တစ်နှစ်ဆိုသည့် တိုတောင်းသော အချိန်ကာလအတွင်းတွင် သူ့အားအမှီလိုက်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ချူးယွင်ရှင်း ဆယ်နှစ်တာကြာအချိန်ယူခဲ့ရသည့် လမ်းကြောင်းကို တစ်နှစ်အတွင်း ကျော်ဖြတ်လျှောက်လှမ်းနိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ယခုမူသူနှင့် အဆင့်တူတွင်ပင်ရှိနေကာ၊ သင့်လျော်သော တိုက်ပွဲတစ်ခုပင်တိုက်နေရပြီဖြစ်သည်။
အခြားတစ်ဖက်တွင်မူ၊ ချူးယွင်ဖန်းသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကာ၊ စိတ်မတည်ငြိမ်လှပေ။ သူ့အတွက်မူ၊ ဤသည်ကား၊ သူဆယ်နှစ်တာကြာဖိနှိပ်ခံခဲ့ရသည့် အစွဲတစ်ခုပင်ဖြစ်ကာ၊ ယင်းကို ဤတိုက်ပွဲဖြင့် အဆုံးသတ်ပစ်ရမည်ဖြစ်သည်။
“မင်းဒီလောက်ထိ ရောက်အောင်လုပ်နိုင်ခဲ့တာပဲ။ မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး” ချူးယွင်ရှင်းသည် ဘာသိဘာသာ ပြောလိုက်သည်။
“မင်းလည်းသိပ်မဆိုးလှပါဘူး” ချူးယွင်ဖန်းက အသာစီးမခံလိုစိတ်ဖြင့်ပြောသည်။
“ဒီတိုက်ပွဲမှာ ဘယ်လိုရလဒ်ပဲရရ၊ အရာရာကို အပြီးသတ်နိဂုံးချုပ်ပေးလိုက်မှာပဲ။ အဲ့တာပြီးရင် ငါ့အနာဂတ်အလားအလာက အရင်ကထက်ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်”
ချူးယွင်ရှင်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်ကွေးသွားသည်။
“ဆိုတော့၊ ငါကမင်းအတွက် ဆူးခလုတ်တစ်ခုဖြစ်နေတာပေါ့။ ဒါပေမယ့် ငါ့ကို အနိုင်ယူဖို့ လွယ်မှာတော့မဟုတ်ဘူးနော်။ ငါ့အချိန်ကို ထပ်ပြီးမဖြုန်းတော့ဘူး။ မင်းဒီနှစ်ထဲ ဘယ်လောက်တိုးတက်လာလဲဆိုတာ ငါ့ကို ပြကြည့်စမ်းပါ။ ငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းပြည့်မှီပြီလား”
လူအုပ်သည် နှစ်ဦးကြားမှ စကားများကို ရှင်းလင်းစွာကြားနေရသည်။ ယခုအချိန်တွင် ဤဝမ်းကွဲနှစ်ယောက်သည် အစောပိုင်းတည်းက ပြိုင်ဆိုင်ရန် ရည်မှန်းထားကြောင်း လူတိုင်းနားလည်၏။ ယခုဆိုလျှင် လူတိုင်း၏ မျက်လုံးရှေ့တွင် ၎င်းတို့၏ ဆယ်နှစ်တာ ကြာရှည်သော ရန်ငြှိုးများနှင့် ဆန္ဒများကို ဖြေရှင်းပစ်တော့မည်ဖြစ်သည်။
သို့သော် ဤတိုက်ပွဲသည် ပါရမီရှင်နှစ်ဦးကြားမှ ပြိုင်ပွဲမဟုတ်ကြောင်း နားမလည်ခဲ့ကြပေ။ ဤသည်ကား၊ လူတစ်ဦးနောက်သို့ တိတ်တဆိတ်လိုက်နေသည့် သာမန်လူတစ်ဦးပင်ဖြစ်သည်။ ဆယ်နှစ်တာကာလသည် နေ့တစ်နေ့ကဲ့သို့သာ ကုန်ဆုံးသွားကာ၊ ယခု ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် တန်းတူဖြစ်နေပြီဖြစ်၏။
ချူးယွင်ဖန်းက သက်ပြင်းချပြီးနောက်၊ သူ့ခန္ဓာကိုယ်မှ ကိုယ်ေယာင်ကိုယ်ဝါများ ပေါက်ကွဲထွက်လာ၏။ ထို့နောက်၊ သူ၏စစ်မှန်သော စွမ်းအင်များ အဆက်မပြတ် မြင့်တက်လာကာ၊ အပြင်းထန်ဆုံး၊ အသန်မာဆုံးသော အခြေအနေ၌ရှိနေ၏။
ချူးရွှယ်လန်သည်မူ စင်အောက်မှ နေ၍ ချူးယွင်ဖန်းအား ကြည့်နေ၏။ ချူးယွင်ဖန်း၏ အရောင်အဝါသည် သူမတို့ ယခင်က တိုက်ခိုက်ခဲ့သည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်ကိုသတိထားမိသောအခါ၊ သူမ၏ မျက်လုံးများ ပြူးကျယ်လာသည်။ ဤသည်ကား ချူးယွင်ဖန်း၏ ခွန်အားအစစ်အမှန်ဖြစ်သလော။
ထိုသို့ဖြင့်လျှင်၊ ချူးယွင်ဖန်းသည် ထိုစဥ်က စွမ်းအားအပြည့်မထုတ်သုံးခဲ့ခြင်းလော။
ချူးယွင်ဖန်း၏ မျက်နှာချင်းဆိုင်တွင် ချူးယွင်ရှင်းသည်လည်း ကြောက်မက်ဖွယ်အရောင်အဝါဖြင့် ပေါက်ကွဲထွက်လျက်ရှိရာ၊ ၎င်းသည် ဒီရေကဲ့သို့လွင့်ထွက်လာသည်။ ကြည့်ရှုသူအားလုံးသည် ၎င်းတို့ကို ခဏတာကြာ အာရုံစိုက်နေကြသည်။ အခြားပြုိုင်ပွဲကွင်းများကိုမူ မည်သူမျှ အာရုံမစိုက်ကြတော့ပေ။
ဤအခိုက်အတန့်တွင် ကောင်းကင်မှ ကြယ်ကလေးများပင် ၎င်းတို့၏တောက်ပမှုများ ပျောက်ဆုံးသွားကြရပြီဖြစ်သည်။ ဝမ်းကွဲနှစ်ယောက်ကြားမှ တိုက်ပွဲသည် အခြားသူများထံမှ ပရိတ်သတ်၏ အာရုံကို လုယူသွားကြသည်။ အကယ်၍ ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် ယနေ့ အဓိကဇာတ်ကောင်မှာ ချူးယွင်ရှင်းဖြစ်လာလိမ့်မည်ဖြစ်သည်။ အကယ်၍ ချူးယွင်ရှင်းကြောင့်သာမဟုတ်ပါက၊ ယခု ချူးယွင်ဖန်းသည် မည်သည့် မတော်တဆမှုမျိုး၊ မည်သည့်ဖိအားမျိုးမှ ရှိလိမ့်မည်မဟုတ်ပေ။
“ဒီဝမ်းကွဲနှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းပြီး တော်တော်ကို တော်ကြတာပဲ” ချူးယန်က ခေါင်းညိတ်၍ပြောသည်။ သူသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း။ ဤသို့သော တိုက်ပွဲအဆင့်သည် သူ့အား အံ့သြစေရန် မလုံလောက်ပေ။
“အဖေပြောတာမှန်တယ်။ သူတို့ရဲ့ အရည်အချင်းနဲ့ ဇွဲက တကယ်ကို ပထမတန်းစားအဆင့်ပဲ။ နှစ်ယောက်လုံးရဲ့ ပင်ကိုယ်စရိုက်က ကောင်းသရွေ့ သားတို့ ချူးမိသားစုမှာ ပါရမီရှင်နှစ်ယောက် ထွက်ပေါ်လာဦးမှာပဲ” ချူးဟောက်ယွဲ့က သဘောတူ၍ ခေါင်းညိတ်ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ဝမ်းကွဲညီအစ်ကိုနှစ်ဦးသည် ခုန်ထွက်၍ တစ်ယောက်ထံသို့ တစ်ယောက်ချီတက်သွားကြသည်။
ချွမ်
ချွမ်
ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့သည် ၎င်းတို့၏ နောက်ကျောတွင်ထည့်ထားသော လက်နက်များကို ထုတ်လိုက်ကြသည်။ ၎င်းတို့နှစ်ဦးလုံးသည် ဓားရှည်များကို ကိုင်ဆောင်ထားကြသည့်အပြင်၊ နှစ်ခုလုံးသည် အရိပ်မဲ့ဓားများဖြစ်ကာ အလွန် ကြီးကျယ်ခမ်းနား၏။ တစ်ခဏချင်းတွင်ပင် ၎င်းတို့သည် ကွင်း၏ အလယ်သို့ရောက်လာကာ၊ လက်ထဲမှ ဓားကိုယ်စီဖြင့် တိုက်ခိုက်လျက်ရှိကြသည်။
ချွင်
အရိပ်မဲ့ဓားနှစ်စင်း ပြင်းထန်စွာထိပ်တိုက်တွေ့ကာ၊ စစ်မှန်သော စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်ခုအဖြစ်ပြောင်းလဲ၍ ထွက်ပေါ်လာသည်။