← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း(၃၄၉) အံ့ဖွယ်ဝမ်းကွဲညီနောင်

“ချူးယွင်ဖန်းက ကောင်းကင်မိုးကြိုးဓားသိုင်းကို သုံးနေတာပဲ။ စွမ်းအင်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တွေထဲမှာ ဒီသိုင်းရဲ့ အဆင့်သတ်မှတ်ချက်အရဆို ရှားပါးတဲ့ ဓားသိုင်းတစ်ခုလို့ ယူဆလို့ရတယ်။ ဒါပေမယ့် ချူးယွင်ရှင်းကလည်း သိပ်မဆိုးလှဘူး။ သူ့သုံးနေတဲ့သိုင်းကလည်း ရှားပါးတဲ့ ဓားသိုင်းတစ်ခုပင် သူတို့နှစ်ယောက်လုံးက ဒီကဏ္ဍမှာ အဆင့်အတူတူနီးပါးရှိတယ်လို့ ပြောလို့ရတယ်”

စင်မြင့်ထက်တွင် လက်ရှိ ချူးမိသားစု၏အကြီးအကဲ ချူးယန်သည် ဤညီအစ်ကိုနှစ်ယောက် တိုက်ခိုက်နေသည်ကို ကြည့်၍ ၎င်းတို့အသုံးပြုနေသော သိုင်းကွက်များကိုသတိထားမိလျက်ရှိသည်။ ၎င်းတို့ နှစ်ဦးလုံးတွင် အများအပြားထုတ်လုပ်ထားသည့် အရိပ်မဲ့ဓားများရှိသော်လည်း သူတို့လက်ထဲမှ အရိပ်မဲ့ဓားများသည် တမူထူးခြားကွဲပြား၏။

ချူးယွင်ရှင်းအသုံးပြုခဲ့သော ငရဲမီးတောက်ဓားသိုင်းပညာသည် ကြမ်းတမ်းပြင်းထန်သော မီး၏ အနှစ်သာရပါရှိသည်။ သူသာမန်ထုတ်လွှတ်လိုက်သော ဓားချက်၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

တစ်ဖက်တွင် ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်လျှပ်စီးကြောင်း၏ အနှစ်သာရကို ဆွဲကိုင်ထားသည်။ သူသည် ဓားချက်ကို လက်တစ်ဖက်ဖြင့် ထုတ်လွှတ်ရာ၊ လျှပ်စီးကဲ့သို့လျင်မြန်၏။ သူ၏ သိုင်းပညာသည်လည်း ချူးယွင်ရှင်းကဲ့သို့ ပြင်းထန်၏။

“နှစ်ယောက်လုံးက တော်တော်သန်မာတယ်။ အထူးသဖြင့် ချူးယွင်ဖန်းပေါ့။ သူ့ကျင့်ကြံရေးအဆင့်က ချူးယွင်ရှင်းထက်နိမ့်ပေမယ့်၊ ကြည့်ရသလောက်တော့ သူက နည်းနည်းလေးတောင် အားမနည်းနေဘူး” ချူးဟောက်ယွဲ့ကပြောသည်။

သူ၏ ကျင့်ကြံရေးအဆင့်ဖြင့် ချူး‌ဟောက်ယွဲ့သည် ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့ကြားမှ တိုက်ပွဲကြောင့် အနည်းငယ်မျှပင် မတုန်လှုပ်ပေ။ သို့သော် အခြားကျောင်းသားများသည်မူ၊ အရေးကြီးသော တက္ကသိုလ်များမှ ကျောင်းသားများဖြစ်ကြသဖြင့် ဤတိုက်ပွဲသည် ၎င်းတို့အတွက် အလွန်မျက်စိပွင့်နားပွင့်စေ၏။

သာမန်ကျောင်းသားများနှင့် နှိုင်းယှဥ်ပါက အရေးကြီးသော တက္ကသိုလ်များမှ ကျောင်းသားများကို လက်ရွေးစင်များအဖြစ်သတ်မှတ်ထားကြသည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများအကြားတွင် ထိပ်တန်းအဆင့်ရှိ ကျွမ်းကျင်သူနှစ်ဦးဖြစ်သည့် ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းနှင့် နှိုင်းယှဥ်ပါက၊ ၎င်းတို့ကြားတွင် ကွာဟချက်ကြီးကြီးမားမားရှိ၏။

လူများစွာသည် ဤဝမ်းကွဲညီနောင်နှစ်ဦး၏ ဓားချက်များမှာ အလွန်လျင်မြန်ကြမ်းတမ်းလွန်းလှသည်ဖြစ်၍ လိုက်မမှီနိုင်ဟု ခံစားမိကြသည်။ ၎င်းတို့နှစ်ဦးကြားမှ တိုက်ပွဲသည် ပွဲသို့ တက်ရောက်လာသမျှလူအားလုံး၏ အာရုံကို ဖမ်းစားထားသည်။ အခြားကွင်းမှ တိုက်ပွဲများကို မည်သူမျှ မကြည့်နေကြတော့ပေ။

ဤအခိုက်အတန့်တွင် ချူးရွှယ်လန်သည် သူမ၏ ထိုင်ခုံမှ ရုတ်တရုတ်ထရပ်လိုက်သည်။ သူမသည် မျက်လုံးများကို ပြူး၍ သိုင်းကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းကို ငေးကြည့်နေ၏။ ချူးယွင်ဖန်းသည် သူမအား အလွယ်တကူအနိုင်ယူခဲ့သဖြင့် သူ၏ အစွမ်းအစကို သံသယရှိရန်မလိုပေ။ သို့သော် ချူးယွင်ရှင်းသည်လည်း ထပ်တူထပ်မျှပင် ကြောက်မက်ဖွယ်ကောင်းသည်။ ဝမ်းကွဲညီအစ်ကို နှစ်ဦးလုံးသည် စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်တွင်ရှိနေကြသော်လည်း သူမ၏ ခွန်အားသည် ချူးယွင်ရှင်းထက် သိသိသာသာနိမ့်ကျကာ၊ အဆင့်တူမဟုတ်ကြောင်း ထင်ရှားသည်။

ဤအတောအတွင်း ဤအသုတ်တွင် မယှဥ်ပြိုင်သည့် အခြားလက်ရွေးစင်ကျောင်းသားများသည်လည်း မျက်လုံးပြူးသွားကြသည်။ ပရိတ်သတ်သည် ကွင်းထဲတွင်ရှိမနေသော်လည်း ချူးယွင်ရှင်းနှင့် ချူးယွင်ဖန်းတို့ကြားရှိတိုက်ပွဲသည် မည်မျှပြင်းထန်သည်ကို ခံစားမိကြ၏။

ချူးဟောက်ယွဲ့၏အသုတ်မှ လက်ရွေးစင်များသည်ပင် ဝမ်းကွဲနှစ်ယောက်ကို ဂရုတစိုက်ကြည့်နေကြသည် ၏

ဘမ်း

ဓားနှစ်စင်းသည် တစ်စင်းနှင့် တစ်စင်း အဆက်မပြတ် တိုက်ခိုက်နေကြရာ၊ နှစ်ဦးသားသည် အညီအမျှ သန်မာလှသဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

“မင်းအရမ်းသန်မာတာပဲ” ချူးယွင်ရှင်းက ပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းဖြစ်သော်လည်း သူ၏ မျက်လုံးများသည် အလွန်လေးနက်ကာ၊ ပြင်းထန်နေ၏။ ဤသည်ကား ပထမဆုံးအကြိမ်အဖြစ် သူ၏ ဝမ်းကွဲညီကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ချူးယွင်ရှင်း ယခင်က ရင်ဆိုင်ခဲ့ဖူးသော အခြားအင်အားကြီးပြိုင်ဘက်များနှင့် လက်ရည်တူလျက်ရှိရာ၊ ချူးယွင်ဖန်းကိုတိုက်ခိုက်ပြီးနောက်၊ သူ၏ ညီသည်သူထင်ထားသည်ထက် ပို၍သန်မာကြောင်း ချူးယွင်ရှင်းသိလိုက်ရသည်။

“မဆိုးပါဘူး။ မင်းဆီက ဒီလိုမျိုး တိုက်ပွဲမျိုးကို မမျှော်လင့်ထားဘူး။ ပိုပြီး ပြင်ဆင်ခဲ့ရင်ကောင်းမယ်လို့ တွေးမိပေမယ့် အရေးမကြီးပါဘူး။ ဒီတိုက်ပွဲနဲ့တင်လုံလောက်ပါတယ်” ချူးယွင်ဖန်းက‌ပြောသည်။

ချူးယွင်ဖန်းသည် ဤအခွင့်အရေးကို အသုံးချ၍မတိုက်ခိုက်ခဲ့ပေ။ ချူးယွင်ရှင်းကို အနိုင်ယူလိုသည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းသည် အစွဲတစ်မျိုးသာဖြစ်သည်။ ချူးယွင်ရှင်းကို အနိုင်ယူလိုသည်ထက်၊ သူ့နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ စွဲမြဲကပ်တွယ်နေခဲ့သည့် အစွဲကို အနိုင်ယူလိုသည်ဟုဆိုရပေလိမ့်မည်ဖြစ်သည်။ သူသည် ချူးယွင်ရှင်းကို စိတ်မဆိုးပေ။ ယခုအချိန်တွင် စိတ်ဆိုးနေရန် မလိုအပ်တော့ပေ။

“မင်းကို ဒီအဆင့်အထိ တိုးတက်လာလိမ့်မယ်လို့ငါမမျှော်လင့်ထားဘူး” ချူးယွင်ရှင်းသည် ဘာသိဘာသာပြောလိုက်သည်။

“မင်းရဲ့ အရိပ်အောက်ကနေ တစ်နေ့မှာ ရုန်းထွက်နိုင်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။” ချူးယွင်ဖန်းက ပြောသည်။

“ငါမှတ်မိသလောက်တော့ မင်းက တောင်ကြီးတစ်ခုလိုပဲ၊ ငါမင်းကို ဘယ်လိုပဲလိုက်နေပါစေ၊ မင်းကို လိုက်မမီခဲ့ဘူး။ တဖြည်းဖြည်းနဲ့ မင်းက ငါ့ရဲ့ အစွဲတစ်ခုဖြစ်လာတယ်။ ငါမင်းကို အပြစ်မတင်ပါဘူး။ ငါမင်းလောက် မထူးချွန်ပါဘူး။ ငါမင်းကို ဘယ်လို အပြစ်တင်နိုင်ပါ့မလဲ။ ငါမင်းကို အရှုံးမပေးချင်တာကြောင့် ဒီနေ့တိုက်ပွဲဖြစ်နေရတာလေ။ လာ၊ ကောင်းကောင်းတိုက်ကြရအောင်၊ ဘာဖြစ်ဖြစ် အရာအားလုံး ဒီနေ့ အဆုံးသတ်သွားမှာပါ”

ချူးယွင်ဖန်းသည် သူ့လက်ထဲမှ ဓားဖြင့် ချူးယွင်ရှင်းကို ချိန်ရွယ်လိုက်သည်။

ချူးယွင်ရှင်းသည် ချူးယွင်ဖန်းကို တည်ငြိမ်စွာကြည့်လိုက်သည်။ ထို့နောက်၊ ချူးယွင်ရှင်း၏ ခြေဖဝါးအောက်မှ အလွန်များပြားသော စစ်မှန်သော စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာကာ၊ ချူးယွင်ရှင်းထံသို့ ချီတက်လိုက်သည်။ ခြေလှမ်းတိုင်းသည် အလွန်ပြင်းထန်သဖြင့် ခြေသံများသည် ကွင်းအပြင်ဘက်သို့ ထွက်ပေါ်လာသည်။ ချူးယွင်ရှင်း၏ ကိုယ်ရောင်ကိုယ်ဝါများသည် တဖြည်းဖြည်းမြင့်တက်လာ၏။ အဝေးမှကြည့်လျှင် ချူးယွင်ရှင်း၏ လှုပ်ရှားမှုများသည် နှေးကွေးပုံပေါ်သော်လည်း အလွန်လျင်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ချူးယွင်ဖန်း၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်၏။

ချူးယွင်ရှင်းသည် ခြေလှမ်းသုံးလှမ်းမျှသာ လှမ်းလိုက်ခြင်းဖြစ်ရာ၊ ချူးယွင်ဖန်းရှေ့သို့ သူရောက်သွားပုံသည် အလင်းတန်းတစ်ခုကဲ့သို့ မြန်ဆန်၏။ ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အံ့သြမှုအရိပ်အယောင်ချို့ ပေါ်ထွက်လာသည်။ ဤအမြန်နှုန်းသည် အလွန်အံ့သြဖွယ်ကောင်း၏။

“ကျစ် ဒါက စစ်တပ်ရဲ့ နာမည်ကြီးအဆင့်မြင့် ခြေကွက်ပဲ။ ကောင်းကင်မီးခြေလှမ်းကိုးလှမ်း။ ကောင်းကင်ဘုံကို အဆင့်ဆင့်ဖြတ်ကျော်ပြီး အရမ်းကြီးမားတဲ့အကွာအဝေးကို ဖြတ်ကျော်နိုင်တယ်”

သာမန်အားဖြင့် ငြိမ်သက်နေသော ချူးဟောက်ယွဲ့သည်ပင် ဤအရာကို မြင်လိုက်ရသောအခါ၊ အံ့သြသွားရသည်။

“ဒီခြေကွက်က စစ်တပ်ထဲမှာပဲ နာမည်ကြီးတာ။ စစ်တပ်ထဲမှာတောင် လူတချို့ပဲသုံးနိုင်တယ်။ ဒီလိုမျိုးအရာတွေကို သူဘယ်လိုလေ့လာခဲ့တာလဲ”

“ကြည့်ရတာ ချူးယွင်ရှင်းက သာမန်လူမဟုတ်ဘူးထင်တယ်။ သူ့က ငါတို့မိသားစုမှာ ကြီးပြင်းလာတာပေမယ့် တခြားသူတွေက သူတန်ဖိုးကို ကြိုပြီးသတိထားမိနေလောက်မှာစိုးရတယ်” ချူးယန်ကပြောသာပြောလိုက်သော်လည်း စိတ်ထဲမထားပေ။ ချူးယွင်ရှင်းကို မည်သူက တန်ဖိုးထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ သူသည် မိသားစုဝင်တစ်ဦးဖြစ်နေဆဲဖြစ်၏။

တကယ်တမ်းတွင် ချူးမိသားစုထဲမှ ထိပ်တန်းပါရမီရှင်များစွာတွင် ၎င်းတို့ကို လမ်းညွှန်ပေးသော ကျွမ်းကျင်သူများစွာရှိကြသည်။ ကိုယ့်ကြိုးပမ်းမှုကိုသာအားကိုး၍ မည်သူမျှ အဆုံးသတ်ထိ မရောက်နိုင်ကြပေ။ ဤကံကြမ္မာကောင်းကြုံတွေ့ခဲ့သူများသည် နောင်တွင် ချူးမိသားစုကို ပြန်လည်အကျိုးပြုလိမ့်မည်။ ဤသည်ကား မြစ်တစ်ရာကို စုဝေးစေသည့် သမုဒ္ဒရာကြီးတစ်ခုနှင့်ဆင်တူသည်။ ယနေ့ခေတ်တွင် တည်ရှိနေသော မိသားစုကြီးအများစုအတွက် ဤအချက်သည်အလားတူပင်ဖြစ်ရာ၊ အချိတ်အဆက်များအပေါ်သို့ မှီခိုအားထား၍ ချူးမိသားစုသည် ၎င်းတို့၏ အမြစ်များကို ပြည်ထောင်စု၏ ကဏ္ဍတိုင်းသို့ တိုးချဲ့နိုင်လိမ့်မည်ဖြစ်သည်။ ဤသည်ကား နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် လုပ်ငန်းစဥ်တစ်ခုပင်ဖြစ်၏။

ဤအခိုက်အတန့်တွင် အကြီးအကဲများစွာသည် အံ့သြသင့်လျက်ရှိကြသည်။ ချူးယွင်ရှင်းသည် စစ်တပ်တွင်သာ နာမည်ကြီးသည့် ရွေ့လျားရေးနည်းစနစ်ကို အသုံးပြုနိုင်ခဲ့သည့်အတွက် အံ့သြလျက်ရှိကြသည်။ ဤရွေ့လျားရေးနည်းစနစ်သည် အလွန်အဆင့်အတန်းမြင့်ကာ ကျင့်ကြံရန် ခက်ခဲသည်။ ချူးယွင်ရှင်းသည် အလွန်ငယ်ရွယ်သေးသည်ဖြစ်သဖြင့် ကောင်းကင်မီးခြေလှမ်း ကိုးလှမ်းထဲမှ သုံးလှမ်းကို အသုံးချနိုင်ခဲ့သည်မှဦ အံ့သြဖွယ်ပင်ဖြစ်သည်။

သို့သော် ချူးယွင်ရှင်းသည် အခြားသူများထံတွင်ပျိုးထောင်ခံခဲ့စဥ်ကတည်းက အခြားသူများ၏ ခေါ်ယူခြင်းကို ခံခဲ့ရပြီးဖြစ်နိုင်ကြောင်း အကြီးအကဲများ သဘောပေါက်နားလည်မိကြသည်။ ဤအရာကြောင့် ချူးယွင်ရှင်း လက်ရှိအဆင့်သို့ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။

သို့သော် ပို၍ပင် အံ့သြသင့်နေသောသူမှာ ချူးယွင်ရှင်းဖြစ်သည်။ အချိန်တိုအတွင်းတွင် ဤအဆင့်သို့ရောက်နိုင်ရန်မှာ စိတ်ကူး၍ပင်မရနိုင်သော အရာတစ်ခုဖြစ်သည်။

ချူးယွင်ရှင်းသည် ချက်ချင်းပေါက်ကွဲထွက်လာသကဲ့သို့ထင်ရကာ၊ ချူးယွင်ဖန်းထက်ပင် ပို၍ ခြောက်ခြားဖွယ်ကောင်း၏။ ချူးယွင်ရှင်း၏ တစ်ဖက်တွင် ချူးယွင်ဖန်းသည် သူ့ထံသို့ ချီတက်လာသည့် ချူးယွင်ရှင်းကို ရင်ဆိုင်လိုက်သည်။

ချူးယွင်ဖန်းသည် ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်း၍ တိုးဝင်လာသောဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။

“ရွေ့လျားရေးနည်းစနစ်၊ ဒါ အခြားရွေ့လျားရေးနည်းစနစ်ပဲ”

အကြီးအကဲတစ်ယောက်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။

အပိုင်း (၃၅၀) ဖိနှိပ်ခံနေရသည့် ချူးယွင်ရှင်း

ချူးယွင်ဖန်းသည် ချူးယွင်ရှင်း၏ လျှပ်စီးကဲ့သိုမြန်ဆန်သော တိုက်ခိုက်မှုကို ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွှေ့လျားမှုနည်းစနစ်နှင့်အတူ ရှောင်ရှားလိုက်သည်။ သုံးခုသော ပုံရိပ်များထွက်ပေါ်လာပြီးနောက်တွင် ချူးယွင်ရှင်း၏ ဓားရှည်သည်အလယ်သို့ ခုတ်ပိုင်းကျလာ၏။ ချူးယွင်ရှင်း၏ တိုက်ခိုက်မှုသည် မအောင်မြင်ခဲ့သော်လည်း သူ့မျက်နှာအမူရာမှာဖြင့် လုံးဝမပြောင်းလဲပေ။

ချူးယွင်ဖန်းသည် လျှပ်စီးကဲ့သို့အဟုန်ဖြင့် တိုက်ခိုက်ခဲ့သည်။ သူ့ခြေထောက်များသည် လည်း လျှို့ဝှက်ဆန်းကြယ်စွာ လှုပ်ရှားနေကြပေသည်။ ခဏလေးအတွင်းတွင် သူ ချူးယွင်ရှင်းကို တန်ပြန်တိုက်ခိုက်ခဲ့သည်။

“ရွှမ်း”

“ကောင်းကင်မိုးကြိုး”

ချူးယွင်ရှင်း၏ လက်ထဲမှ ဓားရှည်သည် လေထုကို ပိုင်းဖြတ်လိုက်သကဲ့သို့ မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲထွက်လာ၍ ချူးယွင်ရှင်းဆီသို့ ဦးတည်နေခဲ့သည်။ ချူးယွင်ရှင်းသည်မူ တုန်လှုပ်ခြင်း အလျင်းမရှိပေ။ အံ့ဩမှင်သက်ဖွယ်ကောင်းသော ခြေသိုင်းကွက်နှင့်အတူ ခြေလှမ်းလိုက်ပြီးနောက် ချူးယွင်ဖန်း၏ ဦးတည်တိုက်ခိုက်မှုအား ရှောင်ရှားလိုက်သည်။

တိုတောင်းလှသည့် တဒင်္ဂလေးအတွင်းတွင် သူတို့နှစ်ဦး၏ တိုက်စစ်နှင့် ခံစစ်ဖလှယ်မှုသည် အဆုံးသတ်သွားခဲ့သည်။ နှစ်ဖက်စလုံးသည်လည်း မြန်ဆန်ကြသည်။ တစ်ဖက်လူထံတွင် အထိနာသွားလျှင် မည်သို့ဖြစ်သွားနိုင်သည်ဆိုသော ဖြစ်နိုင်ခြေကို မည်သူကမျှ စိတ်မဝင်စားခဲ့ကြပေ။အပြန်အလှန် တိုက်ခိုက်မှုများမှတစ်ဆင့် ထွက်ပေါ်လာသော ပြင်းထန်သော ချီစွမ်းအင်သည် ခန်းမအတွင်း၌ မုန်တိုင်းတစ်ခု ဝှေ့သွားသကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

“သိပ်ကို ချီးကျူးစရာကောင်းတဲ့ ခြေသိုင်းစွမ်းပဲ”

အကြီးအကဲတစ်ယောက်က လှမ်းပြောလိုက်သည်။ ဝမ်းကွဲ ညီနှောင်နှစ်ပါး၏ သိုင်းပညာပြသမှုသည် အကြီးအကဲတွေများကိုပင်လက်မှိုင်ကျသွားစေသည်။

“ငါ ချူးယွင်ရှင်းရဲ့ ခြေကွက်အစွမ်းအစကို အရင်က မြင်ဖူးတယ်။ ပြောင်မြောက်လွန်းတဲ့ မီးခြေလှမ်းတွေပေါ့။ ဒါပေမဲ့ ချူးယွင်ဖန်းကရော ဘာခြေသိုင်းကွက်ကို သုံးသွားတာလဲ။ ကြည့်ရသလောက် မတူညီတဲ့ ခြေသိုင်းကွက် ပုံစံတွဲ နှစ်ခုကို ပေါင်းသုံးသွားသလိုပဲ။”

အကြီးကဲများ၏ အမြင်သည် စူးရှလှသည်။ သူတို့သည် ချူးယွင်ဖန်း၏ ပုံရိပ်ကိုယ်သွားကိုယ်ပွားရွေ့လျားမှုနည်းစနစ်နှင့်အတူ ပုံရိပ်ကိုးသွယ်ရွေ့လျားမှုနည်းစနစ်တို့သည် မတူညီသောလှုပ်ရှားမှု နည်းစနစ်များ ဖြစ်သည်ကို မြင်နိုင်ကြသည်။ သို့သော် သူ အသုံးပြုသွားသည့်သိုင်းပညာကိုမူ တပ်အပ်မပြောနိုင်ကြပေ။

“ချူးယွင်ဖန်က သူပဲသိတဲ့ လျှို့ဝှက်ချက်တွေရှိနေမှာ အသေအချာပဲ။”

“ဒီလို အဆင့်ထိရောက်ပြီး အခြားအငယ်လေးတွေထက် ပိုပြီးထင်ပေါ်နေတဲ့အထိဖြစ်အောင် ကျင့်ကြံဖို့အတွက် လျှို့ဝှက်ချက်မရှိဘူးဆိုတဲ့သူ ဘယ်လိုလုပ် ရှိပါ့မလဲ။ ကျုပ်တို့လည်း အရင်က ဒီလိုပဲ ဖြစ်ခဲ့တာပေါ့။”

“ရွှမ်း”

“ရွှမ်း”

“ရွှမ်း”

အချိန်တိုအတွင်းတွင် ဓားရှည်နှစ်ခုသည် တိုက်ခိုက်မှုများအား အကြိမ်ပေါင်းများစွာဖလှယ်ခဲ့ကြသည်။ ယင်းဓားများဆီမှ ထွက်လာသော အသံသည် သာမာန် သံပစ္စည်းများထိခိုက်၍ ထွက်လာသောအသံနှင့် မတူကြပေ။ ထိုအစား၊ ပြင်းထန်သော လှိုင်းကြမ်းနှစ်ခု ပွတ်ရိုက်နေသကဲ့သို့ ဖြစ်နေပေသည်။ ၎င်းတို့အချင်းချင်းရိုက်ခတ်မိသည့်အခါတိုင်းတွင် ကမ္ဘာမြေနှင့် ကောင်းကင်ဘုံကြားတွင် နားစည်ကွဲထွက်စေနိုင်လောက်သည်အထိ ပျက်စီးသံများ ညံနေခဲ့သည်။ ပင်လယ်တမျှ များပြားသော လူများ၏ အော်သံသကဲ့သို့၊ တစ်စုံတစ်ယောက်၏ စိတ်ကို လန့်ဖျန့်နိုးကြားစေပေသည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်ရေးသိုင်းပညာများသည် အလွန် ပြင်းထန်လျက်ရှိရာ၊ တချိန်တည်းတွင်၊ ၎င်းတို့၏ လှုပ်ရှားမှုသိုင်းကွက်များကိုလည်း အပြည့်အဝ မြင်တွေ့နိုင်ပြန်သည်။ ကွင်းထဲတွင် နှစ်ဦးသား၏ ပုံရိပ်များ အဆက်မပြတ် အရောင်ပြန်ဟပ်နေသည်။ သာမာန်ခြေလှမ်းများကိုသာ လှမ်းနေသည်ဟုထင်ရသော်လည်း၊ စက္ကန့်ခဏလေးအတွင်းမှာပင် အကွာအဝေးသည် ကျယ်ပြန့်လွန်းသဖြင့် အချိန်ခရီးသွားခြင်းဖြင့်တောင် ဆင်တူနေပေသည်။

သို့သော် လူအုပ်ကြီးသည် ချူးယွင်ဖန်း၏ သိုင်းကွက်များ ပို၍ သာလွန်နေသည်ကို ချက်ချင်းသတိထားမိခဲ့ကြသည်။ ချူးယွင်ရှင်း မည်မျှပင်ရှောင်တိမ်းပါသော်လည်း ချူးယွင်ဖန်းသည် အမိဖမ်းနေနိုင်ဦးမည်သာ ဖြစ်သည်။ သူ့တွင် လွတ်မြောက်နိုင်ခြေမရှိပေ။

“မင်းက ငါ့ကို ရိုက်ချချင်တယ်လား။ ဖြစ်နိုင်မယ်မထင်ဘူးနော်။”

ချူးယွင်ရှင်းသည် သူ့၏ ကောင်းကင်မီးခြေလှမ်းကိုးလှမ်းအနက် သုံးလှမ်းအား အသုံးပြုပြီးကြောင်း ချူးယွင်ဖန်း တပ်အပ်ပြောနိုင်သည်။ ချူးယွင်ရှင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် အဝေးမှတစ်ဆင့် ထင်မှတ်မထားနိုင်လောက်သည့် တိုက်ကွက်ပြင်းကို ထုတ်သုံးလိုက်သည်။ မီးစွမ်းအင်များ၏ ကျူးကျော်တိုက်ခိုက်မှုသည် မျက်ဝါးထင်ထင်ဖြစ်နေ၏။

ထို့အပြင် ဤအရာသည် တိုက်ခိုက်မှုပညာရပ်၏ အနှစ်ဖြစ်ပေသည်။ ဤကဲ့သို့ ရွေ့လျားမှုသိုင်းအား အသုံးပြုသူသည် သာမာန်လူမဖြစ်နိုင်သည်မှာ ထင်ရှား၏။ တိုက်ခိုက်မှုပညာနှင့်အတူ သူ၏ ရွေ့လျားမှုသိုင်းကို အတူတကွပေါင်းစည်းစေခြင်းသည် သူမတူ၊ ထူးခြားသော စိတ်ကူးစိတ်သန်းပင်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်း ပိုင်ဆိုင်သည့် ထိပ်တန်းသိုင်းပညာများနှင့် ယှဉ်မည်ဆိုပါက၊ လိုအပ်ချက်များ ရှိနေဦးမည်ပင် ဖြစ်သည်။ ထပ်ဆောင်းပြောရသော်၊ ချူးယွင်ဖန်းသည် ချူးယွင်ရှင်း၏ Nine Celestial Fire Stepsကို ထိန်းချုပ်နိုင်ခြင်းထက် ပို၍ အံ့အားသင့်စရာကောင်းလျက်ရှိရာ၊၊ လက်ရှိ သူသည် ပုံရိပ်ကိုးသွယ် ရွေ့လျားခြင်း၏ လေးဆင့်မြောက်၌ ရောက်ရှိနေခြင်းဖြစ်သည်။

ချူးယွင်ဖန်းမှ ယင်းကို ထုတ်သုံးလိုက်သည်နှင့် ချူးယွင်ရှင်းသည် သူ့အားတိုက်ချနိုင်စွမ်းရှိမနေတော့ပေ။

“ငါမင်းကို အနိုင်မယူနိုင်ဘူးဆိုတော့၊ ဒီအတိုင်း မင်းနဲ့ ဆက်တိုက်မယ်။ ငါ့တိုက်ကွက်တွေကို မင်းဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ မြင်ချင်မိတယ်” ချူးယွင်ရှင်း အော်၍ လက်ထဲမှ အရိပ်မဲ့ဓားကို ဝှေ့ယမ်းလိုက်သည်။ ချီစွမ်းအင်များသည် ဓားမှတစ်ဆင့်ပေါက်ကွဲထွက်လာကာ၊ ချူးယွင်ဖန်းထံသို့ ဦးတည်နေသော အဆုံးမရှိသည့် မီးတောက်များနှင့် တူ၏။

“ငရဲမီးတောက်ဓားသိုင်း။ဒါက ငရဲမီးတောက်ဓားသိုင်းရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ”

“ငရဲမီး‌ေတာက်ဓားသိုင်းက အနိုင်ယူနိုင်ဖို့မလွယ်တဲ့ သိုင်းပညာပဲ။ မင်း အမြန်ရှောင်လိုက်မယ်ဆိုရင်တောင်၊ ဆိုးကျိုး ကြီးကြီးမားမားရလိမ့်မယ်။ မင်းက ပိုရဲတင်းလာပြီး သေခြင်းတရားကို ပိုမကြောက်တော့သလို ငရဲမီးတောက်ဓားကလည်း ပိုအားကောင်းလာပြီး ကြောက်စရာကောင်းလာလိမ့်မယ်။”

“ဒီတစ်ကြိမ်တော့ ချူးယွင်ဖန်း အန္တရာယ်ဖြစ်မှာစိုးတယ်”

ချူးယွင်ဖန်းသည် သူ့ဆီသို့ ဓားဖြင့် ဦးတည်၍ လာနေသော ချူးယွင်ရှင်းကိုရင်ဆိုင်၍ မျက်တောင်တစ်ချက်မျှပင် မခတ်၊ စကားတစ်ခွန်းကို ပြောလိုက်သည်။

“ငါမင်းနဲ့ ထိပ်တိုက်တွေ့ပြီး ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မကြောက်ဘူး”

ချူးယွင်ဖန်း၏ မျက်နှာအမူအရာသည် မပြောင်းလဲသော်လည်း အမှန်တကယ်တွင် သူအနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူနောက်ဆုံးတွင် ချူးယွင်ရှင်းကို ဤအခြေအနေအထိရောက်အောင် တွန်းပို့လိုက်နိုင်ပေသည်။

ချွင်

အရိပ်မဲ့ဓားနှစ်စင်းသည် ထပ်မံ၍ ထိတိုက်သွားကြပြန်သည်။

“ချူးယွင်ဖန်းက ကောင်းကင်မိုးကြိုးဓားသိုင်းကို ဒီလောက် ပြည့်စုံတဲ့အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီပေါ့။ ဒီအငယ်လေးတွေကအတော်လေး တော်ကြတာပဲ။”

“ဒီအငယ်တွေက မျိုးဆက်တစ်ဆက်ထက် တစ်ဆက်ပိုပြီး စွမ်းအားကြီးလာကြတယ်။ လူ့အသိုင်းဝိုင်းမှာ ဆယ်နှစ်တိုင်း အဆင့်တစ်ခုကိုပဲ ဆက်ထိန်းသိမ်းထားနိုင်ကြလိမ့်မယ်လို့ လူအချို့ကပြောကြတယ်။ ဆယ်နှစ်တိုင်းမှာ၊ လူသားမျိုးနွယ်ရဲ့ စွမ်းအင်ပိုင်းမှာ ရုတ်တရက် တိုးတက်မှုရှိလာလိမ့်မယ်ဆိုပြီးတော့ပြောကြတယ်။ ကြည့်ရသလောက်တော့ အဲ့ဒီ့စကားတွေက မှန်နေမယ် ထင်တယ်။”

“လွန်ခဲ့တဲ့နှစ်သုံးဆယ်က ငါတို့ခေတ်ကသာဆိုရင် အခုဒီမှာရှိတဲ့သူနှစ်ယောက်စလုံး တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းကျောင်းသားတွေ အလွယ်တကူ ဖြစ်နိုင်ကြမှာ၊ ဟုတ်တယ်မလား။ ဒါပေမဲ့ အခုတော့ အခုသူတို့ ထိပ်တန်းကျောင်းသား ဖြစ်ချင်တယ်ဆိုရင် သူတို့နှစ်ယောက်စလုံး အနည်းဆုံးသန့်စင်ခြင်းအဆင့်ကို ရောက်မှပဲ ဖြစ်နိုင်လိမ့်မယ်။ နောက်ဆုံးကျတော့လည်း၊သူတို့မှာ လိုအပ်ချက်တွေရှိနေကြသေးတာပဲ။”

လူအများအပြားသည် စိတ်ဝင်တစားဖြင့် စတင်ဆွေးနွေးလာကြသည်။

“အဖေ၊သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက အနိုင်ရသွားမယ်လို့ထင်လဲ။” ချူးဟောက်ယွဲ့က ချူးယန်အား မေးလိုက်သည်။

“ပြောဖို့ခက်တယ်။ ကျင့်ကြံမှုအဆင့်အရဆိုရင်၊ ချူးယွင်ဖန်းက ပိုသာတယ်။ ဒါပေမဲ့ ချူးယွင်ရှင်းကလည်း ထူးဆန်းတယ်။ စစခြင်းမှာ ချူးယွင်ရှင်းက ချူးယွင်ဖန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်နေတာကို သတိမထားမိဖူးလား။ ဒါပေမဲ့ ခဏနေကျတော့ ထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်လိုက်တယ်လေ။ အဖေခံစားမိသလောက်တော့ သူက ချူးယွင်ဖန်းရဲ့ ခွန်အားကို လန့်သွားတဲ့ပုံပဲ”

ချူးယန်က သူ့ခေါင်းသူ ညိတ်၍ ပြောလိုက်သည်။

“ချူးယွင်ဖန်းရဲ့ အတွင်းအားက အဆုံးမရှိဘူးဆိုတာပဲလား၊ သူ့ရဲ့ အတွင်းစွမ်းရည်တွေက ပုံမှန်ထက်သာလွန်နေတာပဲလား၊၊ ဒါမှမဟုတ် သူ့ရဲ့ သန့်စင်ခြင်းအဆင့် ကျင့်ကြံမှု သိုင်းကြောင့်ပဲလားဆိုတာတော့ ငါမသိဘူး။”

မည်သို့ပင်ဆိုစေကာမူ၊ သူ၏ ခွန်အားသည် အမှန်ပင် ကြောက်ခမန်းလိလိဖြစ်ပေသည်။ ချူးယွင်ရှင်းကဲ့သို့ သူ့ထက်ပို၍ ကျင့်ကြံမှုအဆင့် မြင့်မားသူပင် အရှုံးကို ရင်ဆိုင်နေရသည်။ သို့သော်လည်း၊ ချူးယွင်ရှင်းသည် ရှောင်တိမ်းနေခြင်းက အသုံးမဝင်တော့သည်ကို အခုတွင် နားလည်လာပြီဖြစ်သည်။ ချူးယွင်ဖန်း၏ ရွေ့လျားရေးသိုင်းစနစ်သည် သူ့ထက် ခြေလှမ်းတစ်လှမ်းသာနေပေသည်။ ချူးယွင်ဖန်းအား ထိပ်တိုက်ရင်ဆိုင်၍ ရှုံးသည်အထိ တိုက်နေခြင်းသာလျှင် အောင်မြင်နိုင်ခြေရှိမည်ဖြစ်သည်။

“အဖေထင်ထားသလိုပါပဲ။ ချူးယွင်ဖန်းမှာ အံ့ဩစရာ ကိုယ်ခန္ဓာတည်ဆောက်ပုံရှိတယ်။ ခုဏက ချူးရွှယ်လန်တောင် သေမလိုတောင် ဖြစ်သွားပေမဲ့ ချူးယွင်ဖန်းကတော့ အေးဆေးဖြစ်နေတုန်းပဲ။ ချူးယွင်ရှင်းသာ အရူးမဟုတ်ဘူးဆိုရင် တိုက်ပွဲကို ဒီအခြေနေထိရောက်အောင် ဆွဲခေါ်လာစရာ အကြောင်းမရှိဘူး။ နောက်ဆုံးတော့၊ သူလည်း ချူးရွှယ်လန်လိုပဲ အဆုံးသတ်သွားရလိမ့်မယ်။ သူ့ရဲ့နောက်ဆုံးထုတ်သုံးနိုင်တဲ့ စွမ်းအားပေါ်မှာ မှီခိုစေပြီးတော့ပေါ့။” ချူးဟောက်ယွဲ့သည် ခေါင်းကို ငြှိမ့်၍ ထောက်ခံလိုက်သည်။

“မကြာခင်မှာ ချူးယွင်ရှင်းပဲ အနိုင်ယူခံလိုက်ရမလား၊ ချူးယွင်ရှင်းပဲ သေဆုံးသွားရမလားဆိုတဲ့ နောက်ဆုံးရလဒ်ထွက်လာတော့မှာပဲ”

များမကြာမီ၊ အခြားသော အကြီးအကဲတို့သည်လည်း တူညီသောကောက်ချက်များ ချခဲ့ကြသည်။ ဤအကြီးအကဲများသည် ချူးဟုန်သဲ့နှင့် မတူကြပေ။ သူတို့အားလုံးသည် ချူးမိသားစုထဲ၌ စွမ်းအားကြီးသော သူများဖြစ်ကြရာ၊ အနည်းဆုံး သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်၌ ရှိနေကြသူများဖြစ်ပြီး တိုက်ပွဲပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်ခဲ့ဖူးကြသူများဖြစ်သည်။ စက္ကန့်အနည်းငယ်အတွင်းတွင်၊ ၎င်းတို့အားလုံးသည် တူညီသော အကဲဖြတ်မှုတစ်ခုကို ချမှတ်ခဲ့ကြသည်။

ချူးယွင်ရှင်းတွင် အခြားရွေးချယ်ခွင့် မရှိတော့ပေ။

ချူးယွင်ဖန်း၏ ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူ့ထက်မြင့်သော အဆင့်တွင်ရှိနေသည့် ချူးယွင်ရှင်းကိုပင် ဖိနှိပ်ထားနိုင်ရာ၊ ရှောင်ပြေးရသည်အထိ တိုက်ခိုက်နိုင်၏။

ချူးယွင်ဖန်းသည် ဤကဲ့သို့ အံ့ဩထိန့်လန့်ဖွယ် ခွန်အားကို ရရန် မည်သို့ကျင့်ကြံခဲ့လေသနည်း။

အခန်း(၃၅၁) အခြေအနေက ဆက်လက်ပြောင်းလဲနေတယ်

လူတိုင်းသည် တူညီစွာ ကောက်ချက်ချလိုက်ကြသည်။ ချူးယုရှင်းသည် ထောင့်တစ်နေရာသို့ အတင်းအကြပ် တွန်းပို့ခံနေရပြီဖြစ်သည်။ အမြန်နှုန်းနှင့် စွမ်းအင် နှစ်ခုလုံးတွင်အားသာချက်ရှိသော ချူးယွင်ဖန်းကို ချူးယွင်ရှင်းသည် ထိပ်တိုက်ရင်ဆိုင်ရုံမှတပါး အခြားရွေးချယ်စရာဟူ၍ မရှိပေ။

သို့သော် ချူးယွင်ဖန်းအနိုင်ရလိမ့်မည်ဟု မည်သူကမှ အာမမခံနိုင်ပေ။ ချူးယွင်ရှင်း သည် အလွန်စွမ်းအားကြီးလှသည်။ ချူးယွင်ရှင်းသည် ချူးယွင်ဖန်းအား ထိပ်တိုက်ရင်နေရလျှင်ပင် ချူးယွင်ဖန်းအတွက် လွယ်ကူမည်မဟုတ်ပေ။

“ငါ့ကို ဒီအတိုင်းအတာထိ တိုက်နိုင်တယ်ပေါ့။ မင်းတကယ် အထင်ကြီးစရာပဲ” ချူးယွင်ရှင်း၏ အသံသည် တည်ငြိမ်နေသော်လည်း ကွဲအက်ခြောက်ကပ်နေ၏။

ချူးယွင်ရှင်းသည် ဆက်လက်၍ မတည်ငြိမ်တော့ပေ။ ချူးယွင်ဖန်းသည် သူ၏နှလုံးသားထဲတွင် မီးတောက်တစ်ခု တောက်လောင်စေခဲ့၏။ ထို့အပြင် ဤသည်မှာ ချူးယွင်ဖန်းလိုချင်သည့်အရာပင်ဖြစ်၏။

ထို့နောက် ချူးယွင်ဖန်းသည် မိမိစွမ်းအင်၏ အားသာချက်ကို အပြည့်အဝထုတ်ပြနိုင်ခဲ့သည်။

“အဲ့လောက်နဲ့ မလုံလောက်သေးဘူး။ အကယ်၍ ငါတို့သာ အဆင့်တူရင် မင်းကို အနိုင်ယူဖို့ အဲ့လောက် ခက်မှာမဟုတ်ဘူး” ချူးယွင်ဖန်းသည်လည်း ညီတူမျှတူ မောက်မာကာ၊ အနည်းငယ်မျှ အလျှော့မပေးပေ။

ချူးယွင်ဖန်းသည် အတိတ်တွင် နောက်လိုက်တစ်ယောက်ဖြစ်ခဲ့ရသော်လည်း ယခုမဟုတ်တော့ပေ။ သူသည် ချူးယွင်ရှင်းနှင့် အဆင့်တူညီလျက်ရှိရာ၊ သူ၏ စိတ်ဓာတ်သည်လည်း နောက်လိုက်အဆင့်တွင်မရှိတော့ပေ။ သူသည် ချူးယွင်ရှင်းနှင့် အဆင့်တူညီသည့် စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်၍ ၎င်းတို့နှစ်ဦးလုံးသည် မည်သူမျှ အဆင့်မနိမ့်နေပေ။

“မင်း ယုံကြည်ချက်ပြင်းလှချည်လား” ချူးယွင်ရှင်းက ချူးယွင်ဖန်းကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ့အား အသက်ရှုချိန်ပင်မပေးပေ။ အသက်တစ်ချက်ရှုစာအချိန်အတွင်းတွင် အနိုင်ယူချင်နေခြင်းပင်ဖြစ်၏။

“မင်းကို အနိုင်ယူဖို့မှ ယုံကြည်ချက်မရှိရင်၊ ငါ့အနာဂတ်က ဒီမှာတင်ရပ်သွားလိမ့်မယ်” ချူးယွင်ဖန်းက အော်လိုက်သည်။

သူ့လက်ထဲမှ အရိပ်မဲ့ဓားသည် ရှေ့သို့ တစ်ရှိန်ထိုးထွက်လာကာ၊ ဓားအလင်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ထို့နောက် သူ ချူးယွင်ရှင်း ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့သည်အထိဖြစ်စေရန် ရည်ရွယ်၍ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

ချူးယွင်ဖန်းသည် ချူးယွင်ရှင်းအတွက် ကံကြမ္မာဆိုးကိုသယ်ဆောင်လာသည့် ထိပ်တိုက်တိုက်ပွဲကိုရင်ဆိုင်ရန် တွန်းအားပေးခဲ့ခြင်းဖြစ်သဖြင့် ချူးယွင်ရှင်း ရှုံးနိမ့်ရုံသာ ကျန်တော့သည်။

ချူးရွှယ်လျန်နှင့် ချူးယွင်ရှင်း၏ ကျင့်ကြံရေးအဆင့်သည် တူညီသလောက်ရှိရာ၊ နှစ်ဦးလုံးသည် ချူးယွင်ဖန်းလက်ထဲတွင်ရှုံးနိမ့်ရ၏။ ချူးယွင်ရှင်း၏ စွမ်းအင်သည် ချူးရွှယ်လျန်၏ စွမ်းအားထက် များစွာပို၍ အဆင့်မြင့်သော်လည်း ရလဒ်များသည် မကွာခြားပေ။

ဤသည်မှာ ချူးယွင်ဖန်း၏ ပကတိယုံကြည်ချက်တစ်ခုဖြစ်သည်။

သူ့အတွင်းရှိ နတ်ဘုရားစိတ်ဝိဉာဥ်မှ ဒုတိယအကြိမ် ဉာဏ်အလင်းရပြီး၍ သူ့ခန္ဓာကိုယ် ပြန်လည် တိုးတက်လာပြီးနောက် ချူးယွင်ဖန်းသည် ယခင်ကထက် ပို၍ပင် လူသားယောင်ဆောင်ထားသော မွန်းစတားတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ သူသည် ထိုအဆင့်သို့ ထပ်မံ၍ ခြေလှမ်းတစ်လှမ်းလှမ်းနိုင်ခဲ့၏။

“ဒါသာ ငါမှာ ရှိတာအကုန်ပဲဆိုရင် မင်းလက်ထဲမှာ ကောင်းကောင်းရှုံးသွားမှာပဲ” ချူးယွင်ရှင်းက တည်ငြိမ်စွာပြောသည်။ “ဒါပေမယ့် ကံမကောင်းစွာနဲ့ ငါ့စွမ်းအင်က ဒီလောက်နဲ့အဆုံးသတ်မသွားဘူးကွ။ မင်းနဲ့ ဒီလောက်ရင်ဆိုင်ဖို့ လိုမယ်ထင်ခဲ့လို့ ဒီလိုလုပ်ဖို့အထိ မင်းငါ့ကို တွန်းအားပေးနိုင်မယ်မထင်ခဲ့ဘူး”

ချူးယွင်ရှင်း၏ စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါသည် အဆင့်တစ်ဆင့်သို့ မြင့်တက်လာရာ၊ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်အထွဋ်အထိပ်မှ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ရောက်ရှိသွား၏။

“စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်”

လူတိုင်းတုန်လှုပ်သွားကြသည်။ နဝမအဆင့်မဆိုနှင့်၊ ချူးယွင်ရှင်း စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်အထွဋ်အထိပ်၌ ရှိနေခြင်းကပင် ၎င်းတို့အတွက် အလွန် ထိတ်လန့်ဖွယ်ဖြစ်နေပြီဖြစ်သည်။

နဝမအဆင့်ဆိုသည်မှာ ချူးယွင်ရှင်းသည် သန့်စင်ခြင်းအဆင့်နှင့် ခြေလှမ်းတစ်လှမ်းသာ ကွာဝေးသည်ဟု ဆိုလလိုခြင်းဖြစ်သည်။ ကျန်းဖန်ဖေနှင့် သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေသော အခြားသူများထက် စွမ်းအားမကြီးလျှင်ပင် သူသည် ခြေတစ်လှမ်းသာလိုတော့၏။

ချူးယွင်ရှင်း အသက်ရှင်ခဲ့သည့်အချိန်ကို ထည့်သွင်းစဥ်းစားလျှင် သူ့ကို ကျန်းပိုင်‌ေဖးနှင့်အခြားသူများနှင့် အဆင့်တူတွင်ရှိသည်ဟုပင် သတ်မှတ်၍ရနိုင်သည်။ နောက်ဆုံးတွင် ၎င်းတို့ကြားမှ အဆင့်ကွာခြားချက်သည် ရှေ့ဆက်ရမည့် ခရီးသက်တမ်းရှည်၌ မည်သည့်အချိန်၌မဆို ညီမျှသွားနိုင်၏။

အကြီးအကဲများ၏ မျက်လုံးများသည် ပို၍ပင် တောက်ပလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် ချူးယွင်ရှင်းကို ခေါ်ယူနိုင်မည့် နည်းလမ်းကို တွေးနေရပြီဖြစ်၏။ ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် ထိုအချိန်က ချူးဟောက်ယွဲ့ထက် အဆင့်မနိမ့်ပေ။ သူတို့ သူ့အား ကောင်းမွန်စွာ ပျိုးထောင်နိုင်လျှင် နောင်တစ်ချိန်တွင် ဒုတိယ ချူးဟောက်ယွဲ့ဖြစ်လာနိုင်၏။ ဤကဲ့သိုသော ပါရမီရှင်မျိုးကို ၎င်းတို့၏ လက်ချောင်းကြားထဲမှ လွတ်ကျသွားစေလိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ အမူအရာသည် လေးနက်လာသည်။ ချူးယွင်ရှင်းသည် မကြာသေးမီမှ အဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သဖြင့် သူ၏ကိုယ်ရောင်ကိုယ်ဝါသည် မတည်မြဲသေးကြောင်း ချူးယွင်ဖန်း ခံစားမိနိုင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းဖြစ်ပျက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ချူးယွင်ဖန်းသည် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့သော်လည်း ချူးယွင်ရှင်း၏ အောင်မြင်မှုသည် ချူးယွင်ဖန်း အံ့အားသင့်ကာ မျက်ခုံးပင့်သွားစေသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

ချူးယွင်ရှင်းသည် အမှန်တကယ်ပင် သူ့အား ဆယ်နှစ်ကျော်ကြာ ဖိနှိပ်ခဲ့သူဖြစ်သင့်သည်။ ချူးယွင်ရှင်းသည် ဤအဆင့်တွင် နောက်ထပ် ကျေနပ်ဖွယ်ရာ အံ့ဖွယ်တစ်ခု ထုတ်ပြနိုင်လိမ့်မည်ဟုထင်မိသည်။ သို့သော် ချူးယွင်ဖန်းသည် အံ့သြသင့်နေရမည့်အစား ပျော်ပင်ပျော်မိသည်။ ချူးယွင်ရှင်းသည် အမှန်တကယ်ပင် အနိုင်ယူထိုက်သော ပြိုင်ဘက်ဖြစ်သည်။

ဤအဆင့်ရှိ ချူးယွင်ရှင်းကို အနိုင်ယူပြီးလျှင် ချူးယွင်ဖန်း၏ စိတ်အခြေအနေသည်ပို၍ပင် ပြည့်စုံလာလိမ့်မည်။

ချူးယွင်ရှင်း၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော ခွန်အားသည် နောက်ထပ် အဆင့်တစ်ခုအထိ တိုးမြင့်လာရာ၊ ချူးယွင်ဖန်းလက်ထဲတွင် ဖိနှိပ်ခံနေရသော အခြေအနေသည် များစွာတိုးတက်လာ၏။ အထူးသဖြင့် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ထူးဆန်းသော စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ဖိအားသည် တစ်ခဏအတွင်းတွင် များစွာ လျော့နည်းသွား၏။

သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားနှင့် ကိုယ်ခံအားသည် သိုင်းပညာ၏ အခြေခံအုတ်မြစ်ဖြစ်သော်လည်း ၎င်းသည် အကုန်မဟုတ်ပေ။ ချူးယွင်ရှင်း၏ စွမ်းအားသည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သော်လည်း သူ၏ ကျင့်ကြံရေးအဆင့်သည် ပို၍ မြင့်မား၏။

“ငါ့စွမ်းအားအပြည့်အောက်မှာ ဆုံးရှုံးလိုက်ရလို့ ကံကောင်းတယ်လို့ မင်းယူဆပါ” ချူးယွင်ရှင်းက ဂုဏ်ယူစွာပြောသည်။

“ရှုံးတယ်ဟုတ်လား။ ငါ့မှာ အရှုံးပေးဖို့ ရည်ရွယ်ချက်မရှိဘူး” ချူးယွင်ဖန်းက မျက်ခုံးပင့်ကာပြောလိူက်သည်။

“အရှုံးမပေးသေးဘူးလား။ မင်းနဲ့ငါ့ကြား ကွာခြားချက်ကို ငါပြမယ်” ချူးယွင်ရှင်းက အော်ဟစ်လိုက်သည်။

“ငရဲမီး‌ေတာက်ဓား”

ချူးယွင်ရှင်းက အော်ဟစ်ကာ လက်ထဲမှ အရိပ်မဲ့ဓားသွားသည် ချူးယွင်ဖန်းထံသို့ မီးလုံးတစ်လုံးကဲ့သို့ ဦးတည်သွားသည်မှာ ယခင်ကနှင့်နှိုင်းယှဥ်လျှင် လုံးလုံးခြားနား၏။

ဘမ်း

ချူးယွင်ဖန်းသည်လည်း သူ့ဓားကို အချိန်မီဝှေ့ယမ်းလိုက်ရာ၊ ချူးယွင်ရှင်းနှင့်ထိပ်တိုက်တွေ့လိုက်သည်။ နှစ်ဖက်လုံးသည် ညီညာကာလိုက်ဖက်ညီကြသည်။ ချူးယွင်ရှင်းသည် သူ၏ စွမ်းအင်အားလုံးကို လွင့်ထုတ်ပြီးနောက် ဤထိပ်တိုက်တိုက်ပွဲတွင် အ‌ရေးမနိမ့်နေတော့ပေ။

ချူးယွင်ဖန်းသည် တစ်ချက်မျှ ဓားပြန်မရုတ်သကဲ့သို့ ချူးယွင်ရှင်းသည်လည်း သူ့ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။ ၎င်းသည် သူ့ရှေ့မှ စွမ်းအားကြီးရန်သူများအားလုံးကို တောက်လောင်စေနိုင်သည့် တောမီးနှင့်တူသည်။

ဘွန်း

ကြောက်မက်ဖွယ် ထိတိုက်မှုတစ်ခုဖြစ်ကာ၊ ဓားနှစ်စင်းတိုက်မိမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်လှိုင်းလုံးများသည် တစ်ဖန်ပြန်၍ ပြင်းထန်လာသည်။

ဘမ်း

ဘမ်း

ဘမ်း

စွမ်းအားကြီးမားသော ချူးယွင်ဖန်းသည် အရေးနိမ့်သော အခြေအနေသို့ ကျရောက်သွားသည်။ နှစ်ဖက်လုံး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြရာ၊ ၎င်းတို့၏ ဓားရှည်များဖြင့် ခုတ်ပိုင်းလျက်ရှိကြသည်။ ၎င်းတို့နှစ်ဦးတွင် အပိုဗျူဟာများ မရှိခဲ့ကြပေ။ နှစ်ယောထဲမှ တစ်ယောက် ဒူးထောက်ကျသည့်အခြေအထိ တိုက်ခိုက်လိုကြခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ထောင့်သို့ အတင်းအကြပ်တွန်းပို့ခံရသူသည် ချူးယွင်ဖန်းဖြစ်ကာ သူသည်ကွင်းအစွန်းသို့ရောက်သွား၏။

“ငါ့ကို ထိပ်တိုက်ခိုက်ဖို့ တွန်းအားမပေးချင်ဘူးမလား။ အင်းအဲ့တာဆို ဘာလို့ မတိုက်ဘဲ မနေသေးလဲ။ မင်း

ရဲ့ အရင် သတ္တိဘယ်ရောက်သွာားလဲ” ချူးယွင်ရှင်းကာ အော်ဟစ်ကာ ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။

ချူးယွင်ဖန်းသည် အသာမပေးချင်သော်လည်း တဖြည်းဖြည်းနှင့် အရေးနိမ့်လာခဲ့သည်။

“အနိုင်ရသူကို အဆုံးအဖြတ်ပေးလို့ရ‌တော့မှာလား”

“ငါက ချူးယွင်ဖန်း နိုင်မယ်လို့ ထင်ထားတာ။ ချူးယွင်ရှင်းမှာ ဒီလိုမျိုး ဝှက်ဖဲရှိလိမ့်မယ်မထင်ထားဘူး”

“ငါ ဒီတိုက်ပွဲမှာ အတော်တဆတစ်ခုခုမဖြစ်မှာ ကြောက်တယ်။ ချူးယွင်ဖန်းက အလားအလာကောင်းတယ်။ အနာဂတ်မှာ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာ ပြောဖို့ ခက်ပေမယ့် အခုအချိန်မှာတော့ ချူးယွင်ဖန်းက နည်းနည်းလိုနေသေးတယ်”

အကြီးအကဲအများစုသည် ချူးယွင်ဖန်းနိုင်လိမ့်မည်ဟု မထင်ကြတော့ပေ။ ချူးယွင်ရှင်း၏ ဝှက်ဖဲသည် အရာအားလုံးကို ချေမှုန်းနိုင်သည်အထိ လုံလောက်၏။

“အရှုံးမပေးချင်ဘူးလား” ချူးယွင်ရှင်းကအော်သည်။

“မင်းက ငါ့ကို အရှုံးပေးစေချင်နေတာလား။ မဖြစ်နိုင်တာ။ ငါ့ဓားချက်ကို အရင် မြည်းကြည့်လိုက်စမ်း ကျိုးပဲ့ဓား”

ချူးယွင်ဖန်းက ဆိုးရွားသော အခြေအနေသို့ တွန်းပို့ခံလိုက်ရသည်။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်၏ စွမ်းအင်ကဲ့သို့သော သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအင်များ စုစည်းလာသည်။ ၎င်းသည် ကျိုးပဲ့ဓားချက်ထဲသို့ စီးဝင်သွားသည်။

ဤသည်မှာ နောက်ဆုံးသော အဆုံးအဖြတ်ပေးနိုင်မည့် ဓားချက်ဖြစ်သည်။

All Chapters