အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
အခန်း(၃၅၅) မြင့်မြတ်သော ကျင့်ကြံရေးမြေ
ထိုသို့ပြောပြီးနောက် ချူးဟောက်ယွဲ့သည် လူသုံးယောက်ကို ချိုင့်ထဲသို့ခေါ်သွားခဲ့သည်။ အတွင်းထဲတွင်း အနည်းဆုံး ပေ သုံးဆယ်မြင့်သော သတ္တုတံခါးကြီးတစ်ခုရှိသည်။ မည်သည့် သတ္တုစပ်ဖြင့်ပြုလုပ်ထားသည်ကို မည်သူမျှမသိကြပေ။
သတ္တုတံခါးကြီးသည် ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားသော လမ်းကြေင်းကို တားဆီးပိတ်ဆို့ထားသည်။ ချူးဟောက်ယွဲ့သည် လက်ဟန်တစ်ခုကို ပြုကာ ကုဒ်ကို ရိုက်ထည့်လိုက်သည်။ ထို့နောက် ကြီးမားသော သတ္တုတံခါးကြီးပေါ်တွင် အမြင့်ဆယ်ပေခန့်ရှိသော တံခါးငယ်တစ်ခုပေါ်လာသည်။ တံခါးပေါက်သည် နှစ်မီတာခန့်ကျယ်ကာ ကြီးမားသော သတ္တုတံခါးကြီးသည် ပေသုံးဆယ်ကျော်အထူရှိ၏။ သေးငယ်သော တံခါးနောက်တွင် လူများဖြတ်သွားနိုင်ရန် တည်ဆောက်ထားသော လမ်းကြောင်းတစ်ခုရှိသည်။
တံခါးငယ် ပွင့်လာခချိန်တွင်လေးယောက်လုံး သူတို့ထံသို့ အပူလှိုင်းများ ရုတ်ချည်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ဤအပူလှိုင်းသည် စွန့်ပြစ်မြေ ၆၆ ရှိ နေ့အပူချိန်နှင့် နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း ချူးယွင်ဖန်းသည် ၎င်းမှာ သည်းမခံနိုင်လောက်သည်အထိ ပူပြင်းသော စွန့်ပစ်မြေ ၆၆ နှင့် ကွာခြားကြောင်း ခံစားနိုင်သည်။ နေရာတိုင်းတွင် မီးဝိညာဉ်စွမ်းအင်ရှိနေသည့် ဤနေရာ၌ လေထုသည် ပူလောင်နေ၏။
“ဉာဏ်အလင်းရနိုင်တဲ့ နေရာတွေကတော့ ဒီသတ္တုတံခါးရဲ့နောက်ကွယ်မှာ မှတ်သားထားတဲ့ ဉာဏ်အလင်းရဇုန်တွေပါပဲ။ စည်းချိပ်နားကို အရမ်းမကပ်ပါနဲ့။ အထဲမှာ ချော်ရည်နည်းနည်းလေး စိမ့်ထွက်ပြီး မင်းတို့ကို ထိမိရင်တောင် မီးလောင်ပြာကျသွားလိမ့်မယ်” ချူးဟောက်ယွဲ့ကပြောသည်၊ “နောက်တစ်လအတွက် ငါတို့မိသားစုက မင်းတို့ ကျင့်ကြံရေးအတွက်လိုအပ်တဲ့ အရင်းအမြစ်အားလုံးကို ပံ့ပိုးပေးမှာပါ။ . မင်းတို့ရဲ့ ချီစွမ်းအင်ကို အပြည့်အဝသုံးနိုင်တယ်။ တစ်ယောက်ယောက်က မင်းတို့အထွက် အထောက်အပံ့ပစ္စည်းတွေကို ပုံမှန်ပို့ပေးလိမ့်မယ်”
“ဒါ့အပြင် မင်းရဲ့မိသားစုတွေကို စိတ်မပူရအောင်အကြောင်းကြားဖို့ တစ်ယောက်ယောာက်ကို လွှတ်လိုက်မယ်။ မင်းရဲ့မိသားစုတွေက မင်းတို့ကို ပြုစုပျိုးထောင်ဖို့ အများကြီး အားထုတ်ခဲ့ပြီးပြီ၊ မင်းဟာ ဖက်ဒရေးရှင်းတက္ကသိုလ်မှာတင်မက အနာဂတ်မှာပါ လူ့အဖွဲ့အစည်းအတွင်း ချူးမိသားစုကို ဂုဏ်ကျက်သရေဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
သုံးယောက်သား ဝင်လာကြရာ၊ သတ္တုတံခါးကို ဖြတ်လျှောက်လာလေလေ အပူချိန်တိုးလာလေလေ ဖြစ်သည်။ ကံကောင်းထောက်မစွဖြင့်၊ သူတို့သည် သာမန်လူများမဟုတ်ပေ။ သူတို့တွင် ပြင်းထန်လေးနက်သော ကျင့်ကြံရေးအခြေခံအုတ်မြစ်များရှိကြသည်။ မဟုတ်လျှင် လွန်ကဲသော အပူချိန်ကိုပင် သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။
သုံးယောက်သား ချွေးတဒီးဒီးကျလာသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် မီးဝိညာဉ်စွမ်းအင်မှ ထွက်ပေါ်လာသော သေစေသော အပူဒဏ်ကို တွန်းလှန်ရန် ချီစွမ်းအင်ကို ၎င်းတို့၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် တွယ်ညိစေလျက်ရှိကြသည်။
ထိုသို့လုပ်ပြီးနောက် ၎င်းတို့အားလုံးသည် ချက်ချင်းဆိုသလိုပင် ပိုမိုကောင်းလာသည်။ သို့သော် ၎င်းတို့၏ ချီစွမ်းအင်သည် စိုးရိမ်စဖွယ်နှုန်းဖြင့် ကျဆင်းလျက်ရှိသည်။ အကယ်၍ ၎င်းတို့သည် ဤနှုန်းဖြင့် ဆက်လက် ကျဆင်းနေပါက ၎င်းတို့၏ ချီစွမ်းအင်များအားလုံးသည် တစ်နာရီအတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ချူးယွင်ဖန်း ၏ ကျင့်ကြံရေးအဆင့်သည် ချူးယွင်ရှင်း နှင့် ချူးရွှယ်လန်တမျှ မမြင့်မားသော်လည်း ပမာဏအရရ ၎င်းတို့ထက်များစွာပိုသည်။ သို့သော်လည်း သူ၏ ချီစွမ်းအင် ကုန်ဆုံးမည့် နေ့တစ်နေ့ ရှိပါသေးသည်။
ကံကောင်းထောက်မစွာဖြင့်၊ ၎င်းတို့သည် ပြင်ပမှ အထောက်အပံ့များကို အချိန်မရွေးရနိုင်သောကြောင့် ချီစွမ်းအင် ကုန်သွားသည့်အတွက် စိတ်ပူရန်မလိုအပ်ပေ။။ ၎င်းတို့ကို ချီပြည့်ဝဆေးဖြင့် တစ်လကျော် အဆက်မပြတ် ထောက်ပံ့ပေးနေခြင်းဖြင့်ပင် ချမ်းသာကြွယ်ဝမှု ပမာဏများစွာ ဆုံးရှုံးသွားနိုင်သည်။ ချူးမိသားစုကဲ့သို့သော မိသားစုကြီးသည် ၎င်းတို့၏ သားသမီးများကို ပြုစုပျိုးထောင်နေခြင်းကြောင့် မဟုတ်ပါက၊ ၎င်းတို့သည် ဤကဲ့သို့သော ထောက်ပံ့ပေးမှုမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။
ဤကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ရှင်သန်နေရုံဖြင့် လူတစ်ယောက်၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်လာလိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် ၎င်းတို့ခန္ဓာကိုယ်၏မျက်နှာပြင်ပေါ်တွင် အချိန်ကြာမြင့်စွာ ချီစွမ်းအင်ကို အချိန်ကြာမြင့်စွာ လည်ပတ်စေခြင်းဖြင့်၊ ချီစွမ်းအင်ထိန်းချုပ်မှုကိုလည်း လေ့ကျင့်နိုင်သည်။ ခဏတာမျှပင် အနားယူ၍မရနိုင်ပေ။ ၎င်းကိုယ်တိုင်ပင် အလွန်ကောင်းမွန်သော ထိန်းချုပ်မှု လိုအပ်သည်။
ဤနည်းဖြင့် ၎င်းတို့၏ ကျင့်ကြံရေးအဆင့် မပြောင်းလဲလျှင်ပင် တစ်လအကြာတွင် ၎င်းတို့၏ စွမ်းအားသည် အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းခန့် တိုးလာမည်ဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့် တိုးလာသည်နှင့်အမျှ ဤတိုးလာမှုသည်လည်း ပျောက်ကွယ်သွားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ချီစွမ်းအင်ကို ထိန်းချုပ်ခြင်းသည် ကျင့်ကြံရေးပိုင်းတွင် ထာဝရတည်မြဲနေမည့် ကိစ္စတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။
ထို့အပြင် ချီစွမ်းအင် လျင်မြန်စွာ သုံးစွဲမှုနှင့် လျင်မြန်စွာ ပြန်လည်ရရှိရေး လုပ်ငန်းစဉ်တွင် အရေအတွက် သို့မဟုတ် အရည်အသွေးသည် ယခင်ကထက် ပိုမို စွမ်းအားကောင်းလာမည်ဖြစ်သည်။
ဤကဲ့သို့ အလွန်အမင်း ကျင့်ကြံရေး၏ အကျိုးသက်ရောက်မှုသည် သိသာထင်ရှားသော်လည်း အမှားတစ်ခုသည် ထာဝရဒဏ်ရာတစ်ခုကို ကျန်ရစ်စေနိုင်သည်။ ထိုသို့သော မတော်တဆမှုများ လျော့နည်းစေရန်အတွက် လုံလောက်သောကျင့်ကြံရေး အရင်းအမြစ်များ ခွဲဝေပေးရန် လိုအပ်မည်ဖြစ်သည်။
ဤသည်မှာ အများသူငှာ ခံစားရန် ခက်ခဲသော အရင်းအမြစ်တစ်ခုဖြစ်သည်။ အဲဒါကြောင့် သာမန်လူများသည် ပိုကောင်းသော ကျောင်းများကို တက်ခွင့်ရနိုင်မည့် နည်းလမ်းများကို တွေးကြပေလိမ့်မည်။ အစိုးရကျောင်းများတွင်၊ ဤလူများကဲ့သို့ တူညီသော ကျင့်ကြံရေးအရင်းအမြစ်များရရှိရန် ၎င်းတို့၏အရည်အချင်းကို အားကိုးနိုင်ပါမည်လား။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတိုင်းတန်းတူမဟုတ်သော်လည်း၊ လူတိုင်းကို မြှင့်တင်ပေးနိုင်မည့် လမ်းကြောင်းကို ပေးစွမ်းနေဆဲဖြစ်သည်။ ဟုတ်သည်၊ ထိုသို့အရင်းအမြစ်များရရှိနိုင်ရန် ဤလူသည် အရည်အချင်းရှိရန်လိုအပ်၏။
သတ္တုတံခါးဖြင့် ဖွဲ့စည်းထားသော ဥမင်လိုဏ်ခေါင်းကို ဖြတ်သွားပြီးနောက် သုံးယောက်သား ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရသည်။ တံခါး၏အခြားတစ်ဖက်တွင် အနီရောင်ကမ္ဘာကြီးတစ်ခုရှိသည်။ အရာအားလုံးက နီရဲလျက်ရှိရာ၊ ဤနေရာတွင် မရေမတွက်နိုင်သော မီးစွမ်းအင် ပမာဏများစွာ စုစည်းထားသဖြင့် မီးနီရောင် ကမ္ဘာတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ချော်ရည်များ ပိတ်ဆို့နေသောကြောင့်သာ မဟုတ်လျှင် ၎င်းသည် မီးတောက်လောင်နေသော ကမ္ဘာကြီးမှ မီးပင်လယ်ကြီးဖြစ်သွားလိမ့်မည်ဖြစ်သည်။
ပေ ၃၅၀ အကွာတွင်ရှိသော ဤမီးတောက်လောင်နေသော အနီရောင်ကမ္ဘာ၏အထက်တွင် အလွန်ကြီးမားသော သတ္တုခေါင်မိုးတစ်ခုရှိသည်။ တံခါးပါသော အမိုးတစ်ခုလုံးသည် ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ဤသည်မှာ ချော်ရည်များစိမ့်ထွက်ခြင်းမှကာကွယ်ရန်နှင့် အသက်အန္တရာယ်ကျရောက်ခြင်းမှကာကွယ်ရန်ဖြစ်သည်။
ချိုင့်ဝှမ်း၏ အလယ်တွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခုရှိသည်။ ရံဖန်ရံခါတွင် ပေလေးဆယ်ကျော်မြင့်သော ချော်ရည်လှိုင်းကြီးများ အက်ကွဲကြောင်းမှတစ်ဆင့် ထွက်လာ၍ လမ်းကြောင်းပေါ်ရှိ အရာများအားလုံးနီးပါးကို လောင်ကျွမ်းတောက်လောင်စေသည်။
အက်ကွဲကြောင်း၏အစွန်းတွင် အက်ကွဲကြောင်းမှ အဆက်မပြတ်ထွက်နေသော ချော်ရည်များကို ဖုံးအုပ်ထားသည့် ဖောက်ထွင်းမြင်နိုင်သော အတားအဆီးတစ်ခုဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့် အတားအတီးသည် ချော်ရည်များကြောင့်ကွဲအက်လာသည်။ ချော်ရည်များ ပျံ့နှံ့ထွက်ပေါ်မလာသော်လည်း ၎င်းအတွင်းရှိ မီးစွမ်းအင်များသည် ချိုင့်ဝှမ်းတစ်ခုလုံးကို အနီရောင်ကမ္ဘာအဖြစ်ပြောင်းလဲသွားစေသည်။
ဤသို့ဖြင့် ဤနေရာတွင် မီးစွမ်းအင်ထူထပ်သော လေထုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ မီးနှင့်သက်ဆိုင်သော ကျင့်စဥ်တစ်ခုခုကို ကျင့်ကြံထားသူအတွက် ဤနေရာသည် ကောင်းကင်ဘုံနှင့်တူပေလိမ့်မည်။ ဤနေရာသည် လူတစ်ယောက်၏ ကျင့်ကြံရေးကို မိုင်ပေါင်းထောင်ချီမြှင့်တင်ပေးနိုင်ပေလိမ့်မည်ဖြစ်သည်။
ချူးမိသားစု၏ ပထမဆုံးဘိုးဘေးသည် ဤနေရာတွင် ကောင်းကင်လောင်ကျွမ်းခြင်း ကျင့်စဥ်ကို မည်သို့ ဖန်တီးခဲ့သည်မှာ ဆန်းကြယ်သော အရာတစ်ခုမဟုတ်ပေ။ ဤနေရာသည် ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ဖြစ်ကာ၊ ချူးမိသားစုကို အချိန်မရွေး အပိုင်းပိုင်းခွဲ၍ ပေါက်ကွဲစေနိုင်သော်လည်း ဤအက်ကြောင်းကို ပြန်လည်ပိတ်ဆို့ရန် အသက်ဆုံးရှုံးခဲ့ကြသည့် ဘိုးဘေးအများအပြားရှိနေပြီဖြစ်သည်။ ဤနေရာသည် ချူးမိသားစု သာယာဝပြောရေး၏ အဓိကသော့ချက်လည်းဖြစ်သည်။ ဤနေရာသည် ဤနေရာတွင်ရှိနေသရွေ့ ကောင်းကင်လောင်ကျွမ်းခြင်းကို ကျင့်ကြံချင်ကြသည့် ချူးမိသားစုမှ ကျွမ်းကျင်သူများအားလုံးသည် အဆုံးမရှိသော ရေစီးကြောင်းသို့ရောက်လာပေမည်ဖြစ်သည်။
ဤသည်မှာ အမှန်တကယ်ပင် ကောင်းချီးတစ်ခုဖြစ်သည်။
သုံးဦးသားလုံး မိမိနေရာမိမိရှာကာ တင်ပျဥ်ခွေထိုင်လိုက်ကြသည်။ ၎င်းတို့သည် အလျင်အမြန်ပင်စတင်ကျင့်ကြံကြရာ၊ ထိုသို့သော အခွင့်အရေးသည် အချိန်နေရာမရွေးရနိုင်မည့် အရာတစ်ခုမဟုတ်ပေ။
မီးဝိဉာဥ်စွမ်းအင်များပေါင်းစည်းလိုက်သောအခါ လေထုသည် အလွန်ပူပြင်းလှသည်။ ချူးယွင်ရှင်း၏ ကျင့်ကြံရေးအခြေဖြင့်ပင် သူသည် သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ မီးဝိဉာဥ်စွမ်းအင်ကို တဖြည်းဖြည်းချင်းသာ စုပ်ယူနိုင်ခဲ့သည်။ မဟုတ်လျှင် သူ၏မက်ဒျန်များမတော်တဆ လောင်ကျွမ်းသွားနိုင်သည်။ ခေတ်မီဆေးကုသရေးနည်းလမ်းများဖြင့်ပင် လူတစ်ဦး၏ မက်ဒျန်ဒဏ်ရာရပါက ကုသရန်လွယ်ကူမည်မဟုတ်ပေ။
သို့သော် ချူးယွင်ရှင်း ဤစွမ်းအင်ကို တဖြည်းဖြည်းစုပ်ယူနိုင်မည့်ကာလပတ်လုံးတွင် သူသည် ချီစွမ်းအင်များစွာကို ပုံမှန်ထက် ဖန်တီးနိုင်မည်ဖြစ်သည်။ ပတ်ဝန်းကျင်သည်
ကြမ်းတမ်းလှသော်လည်း ဤနေရာသည် ကျင့်ကြံရန်တကယ်ကောင်းမွန်၏။
အခန်း(၃၅၆) စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်
ဤသို့သော နေရာမျိုးတွင် ကျင့်ကြံရန် မည်မျှ ခက်ခဲကြောင်း တွေးကြည့်၍ပင်ရသည်။ မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူသည် ဇွဲလုံ့လရှိနေသရွေ့ ကာလပတ်လုံး ရရှိနိုင်မည့်အကျိုးကျေးဇူးများသည် ပြင်ပလောက၌ ကျင့်ကြံခြင်းထက် များစွာသာလွန်ပေလိမ့်မည်။
ယင်းသည် ကျင့်ကြံမှုအနည်းငယ်အဆင့်မြင့်လာခြင်းထက် များစွာပိုသည်။ ခန္ဓာကိုယ်တစ်ခုလုံး အသွင်ပြောင်းလဲသွားခြင်းဖြစ်ပေလိမ့်ရာ၊ ယင်းသည် အလေးစီးဝတ်စုံဖြင့် ကျင့်ကြံခြင်းနှင့် ဆင်တူသည်။ ထို့ကြောင့် ကျင့်ကြံရေးခက်ခဲလေလေ ကျင့်ကြံသူသည် ပို၍ စွမ်းအားကြီးလာလေလေဖြစ်ပေလိမ့်မည်။
သို့သော် ချူးယွင်ရှင်း နှင့် ချူးရွှယ်လန်တို့အတွက်သာ ဤသည်မှာ မှန်သည်။ ချူးယွင်ဖန်းအတွက်မူ၊ ဤနေရာသည် မြင့်မြတ်သော ကျင့်ကြံရေးမြေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားနှစ်ဦးသည် လေထဲမှ မီးဝိညာဉ်စွမ်းအင်ကို ပေါ့ပါးစွာမစုပ်ယူဝံ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည်မူ မီးရှို့ခံရမည်ကို ကြောက်ကြသည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ ဤအရာသည် အရေးမကြီးပေ။
ချူးယွင်ဖန်း၏ခန္ဓာကိုယ်တွင်၊ နတ်ဘုရားစိတ်ဝိဉာဥ်သည် အပူများကို အဆက်မပြတ်စစ်ထုတ်၍ မီးဝိညာဉ်စွမ်းအင်ကို သန့်စင်သောစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးလျက်ရှိသဖြင့် ၎င်းသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ဝိညာဉ်စွမ်းအင် မည်မျှပင်ရှိစေကာမူ ၎င်းတို့သည်တစ်မျိုးတည်းအဖြစ် စုစည်းသွားနိုင်သည်။ နတ်ဘုရားစိတ်ဝိဉာဥ်မှ ပြန်လည်သန့်စင်ပေးပြီးနောက်၊ ယင်းသည် ချူးယွင်ဖန်း အလွယ်တကူစုပ်ယူနိုင်သောစွမ်းအင်ဖြစ်လာသည်။
ဤအလွန်ကြမ်းတမ်းသောပတ်ဝန်းကျင်ကြောင့်သာမဟုတ်လျှင် ဤနေရာတွင် ဝိညာဉ်စွမ်းအင်၏သိပ်သည်းဆသည် ပြင်ပကမ္ဘာထက်သာလွန်၏။ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ကြောင့် ကျော်ကြားခဲ့သော ခွန်းလွန်နယ်မြေသည်ပင် ဤနေရာနှင့် မနှိုင်းယှဉ်နိုင်ပေ။ ဤနေရာထက် တစ်ဝက်ခန့်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။
သုံးယောက်သည် မတူညီသော နေရာများတွင် လူခွဲကာ ကျင့်ကြံလျက်ရှိကြသည်။ လူတိုင်းသည် ၎င်းတို့၏ ကျင့်ကြံရေးအပေါ်တွင် စတင်အာရုံစိုက်ထားကြသည်။ သို့သော် ချူးယွင်ရှင်း နှင့် ချူးရွှယ်လန်တို့သည် ချူးယွင်ဖန်း နှင့်ယှဉ်လျှင် အခက်တွေ့နေကြသည်မှာထင်ရှားသည်။ ၎င်းတို့သည် ပိုမိုနာကျင်လျက်ရှိသည်။ တစ်ခါတစ်ရံတွင် သတိမထားမိသဖြင့် မီးဝိညာဉ်စွမ်းအင်များ အလွန်အကျွံ ရှူသွင်းမိသောအခါ၊ ၎င်းတို့၏ မက်ဒျန်များ လောင်ကျွမ်းသွားတတ်ဖြင့် အမြန်ပြန်ဆုတ်ကာ ကုသရပေလိမ့်မည်။
ချူးယွင်ဖန်း အတွက်မူ ဤသို့သော ဒုက္ခ မရှိပေ။ သူသည် သူ၏စိတ်နှလုံးကို ကျင့်ကြံကာ၊ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်။ မရေမတွက်နိုင်သောဝိညာဉ်စွမ်းအင် ပမာဏများစွာကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် လောင်းချနိုင်ပြီး သူ့ခန္ဓာကိုယ်ကိုဆေးကြောပစ်နိုင်သည်။ အကျိုးကျေးဇူးများသည် အလိုအလျောက်ပင် မေးခွန်ထုတ်ရန်မလိုလောက်သည်အထိ အကျိုးအမြတ်များ၏။ ထို့အပြင်၊ ဆေးဧကရာဇ် ကျင့်စဥ်ကို အသုံးပြု၍ ဝိညာဉ်စွမ်းအင်များစွာကို သူ၏ ကျင့်ကြံရေးစွမ်းအင်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲလျက်ရှိရာ၊ ၎င်းသည် သူ၏ ကိုယ်ခံအားကို များစွာတိုးမြှင့်ပေးနိုင်၏။
နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားသည်။ ချူးယွင်ရှင်း နှင့် ချူးရွှယ်လန်တို့သည် အနားယူရန် အကြိမ်ပေါင်းများစွာအပြင်ထွက်ခဲ့ကြသော်လည်း ချူးယွင်ဖန်းသည် သူ၏ ချီစွမ်းအင်များအားလုံးကို အသုံးပြုပြီးနောက် ပြန်လည်ဖြည့်တင်းရန် သတ္တုတံခါးမှ တစ်ကြိမ်သာထွက်ခဲ့ရသည်။
“ဒီကလေးက မတူဘူး။ သူ့ ချီစွမ်းအင်အားလုံးကို သုံးဖို့ နေ့တစ်ဝက်လောက် အချိန်ယူရတယ်။”
ချူးယွင်ဖန်း ထွက်လာသည်ကို မြင်သောအခါ၊ ဤနေရာကိုစောင့်ကြပ်နေသော ချူးမိသားစုမှ အကြီးအကဲတစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။
“အမှန်ပဲ။ လူ့ခန္ဓာကိုယ်က သန့်စင်ခြင်းအဆင့်ရောက်မှ စက်ဝန်းငယ်တစ်ခုကို ဖွဲ့စည်းနိုင်မှာ။ ချီစွမ်းအင်ပမာဏနဲ့ ပြန်လည်ထူထောင်နှုန်းက အဲ့ကျမှ အရမ်းမြင့်တက်လာမှာပဲ။ ဒါပေမယ့် အဲ့လိုမျိုး အပြင်းအထန် စွမ်းအင်စုပ်ယူရင်၊ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် နေ့တစ်ဝက်မှာ တစ်ကြိမ်လောက် အပြင်ထွက်လာဖို့လိုတယ်။ ဒီကလေးရဲ့ ချီစွမ်းအင်က အရမ်းသိပ်များပြားနေပြီ”
"မှန်တယ်။ ဒီမှာ လွတ်လွတ်လပ်လပ် ကျင့်ကြံချင်ရင် မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်ရမယ်။ အဲ့ဒီ့နောက် မင်းခန္ဓာကိုယ်က ဝိဉာဥ်စွမ်းအင်တွေကို စုပ်ယူဖို့ အထူးတလှယ်ကျင့်ကြံစရာမလိုတော့ဘူး။ မွေးဖွားခြင်းနယ်မြေအဆင့်မှာပဲ ဒီလိုဖြစ်နိုင်လိမ့်မယ်”
"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချူးဟောက်ယွဲ့ သန့်စင်ခြင်းအဆင့်ကိုဝင်ရောက်ခဲ့ပြီးပြီဆိုပေမယ့် သူကတော့ နေ့တစ်ဝက်ပဲ ကြာကြာခံနိုင်ခဲ့တယ်"
ဤအကြီးအကဲများအားလုံးသည် ချူးယွင်ဖန်းကို မတူညီသော အမြင်များဖြင့်ကြည့်ကာ၊ အံ့သြမှုနှင့်အတူ လျှာကိုက်မိလျက်ရှိကြသည်။
ချူးယွင်ဖန်းသည်မူ အကြီးအကဲများ၏ အာရုံကို ဖမ်းစားထားမိထားကြောင်း မသိပေ။ တစ်စုံတစ်ယောက်သည် သူ၏ချီစွမ်းအင်နှင့် သက်လုံကို တတ်နိုင်သမျှ မြန်မြန်ပြန်လည်ရရှိရန် သူ့အတွက် ဆေးလုံးများနှင့် စွမ်းအင် ဖြည့်တင်းဆေးအချို့ကို အမြန်ပေးပို့ခဲ့သည်။ ဤအရာများသည် စျေးကွက်တွင် ဝယ်ရခက်သော ထိပ်တန်းပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်သည်။ ယခုမူ ၎င်းတို့ကို အကန့်အသတ်မရှိသော ပမာဏဖြင့် ရရှိနိုင်သည်။
ဤမိသားစုကြီးများ၏ ငွေကြေးအရင်းအမြစ်များသည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းတို့တကယ်ပိုချင်ပါက ၎င်းတို့သည် ဝက်တစ်ကောင်ကိုပင် သဘာဝလွန် ကျင့်ကြံရေးအမြင့်ဆုံးအထိကျင့်ကြံနိုင်ရန် တွန်းအားပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ရွေးချယ်ခံရသူများအားလုံးသည် ထိပ်တန်း ထူးချွန်သူများဖြစ်သည်။ ထိုမိသားစုကြီးများနှင့် ကော်ပိုရေးရှင်းကြီးများသည် ရံဖန်ရံခါ အမှတ်အများဆုံး အထက်တန်းကျောင်းသူ သို့မဟုတ် မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။
ပြန်လည်ကောင်းမွန်လာပြီးနောက် ချူးယွင်ဖန်း ပြန်လာခဲ့သည်။ ဤနေ့တစ်ဝက်တွင် ဤကျင့်ကြံရေးနည်းလမ်းသည် သူ၏ပုံမှန်ကျင့်ကြံရေးထက် များစွာထိရောက်ကြောင်း သူခံစားမိခဲ့သည်။ ကျန်ရှိသောလတွင်လည်း သူတတ်နိုင်သမျှ ခပ်များများကျင့်ကြံရမည်ဖြစ်သည်။ ဆရာသမားများအတွက် တိုက်ပွဲတွင် သူသည် လူတိုင်းကို အံ့သြစေမည်ဖြစ်သည်။
ချူးယွင်ဖန်း နောက်ဆုံးတော့ သဘောပေါက်နားလည်သွားသည်။ သူသည် ဆေးဧကရာဇ်၏ အမွေကို ရရှိခဲ့သော်လည်း၊ လူတစ်ဦး၏ ကျင့်ကြံရေးသည် ကဏ္ဍပေါင်းစုံမှ ပံ့ပိုးမှုမရှိပါက ခရီးရောက်နိုင်မည်မဟုတ်ပေ။ ယခုကဲ့သို့ပင်၊ ဘိုးဘေးကန်တော့ပွဲအခမ်းအနားတွင် လူတိုင်းကို အံ့အားသင့်စေရန် မစွမ်းဆောင်နိုင်ခဲ့ပါက အခြားသူများ မခံစားနိုင်သော အကျိုးကျေးဇူးများကို မည်သို့ ခံစားနိုင်လိမ့်မည်နည်း။
ဤလောက၌ စွမ်းအားကြီးသောသူများသည် စွမ်းအားကြီးကြကာ၊ အားနည်းသောသူများသည်လည်း အားနည်းကြသည်။ ချူးယွင်ဖန်း၏ အခြေခံအုတ်မြစ်သည် အခြားသူများထက် အားနည်းကာ သူ၏တိုးတက်မှုသည်လည်း အခြားသူများထက် နှေးကွေးသည်။ အခြားသူများ ခြေလှမ်းတစ်လှမ်း တိုးလာသောအခါတွင် သူသည် ၎င်းတို့ကို အမီလိုက်နိုင်ရန် နှစ်လှမ်း သို့မဟုတ် သုံးလှမ်း တိုးရပေမည်။
ချူးယွင်ဖန်းသည် ချူးယွင်ရှင်းအားအနိုင်ယူခဲ့နိုင်ပြီးစဥ်တည်းက သူ့နှလုံးသားထဲမှ အတားအဆီးများ ကျိုးပဲ့သွားသည်။ သို့သော လွန်ခဲ့သော တစ်လကျော်ခန့်တည်းက သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည် အထက်တန်းကျောင်းသားများဖြစ်သည့် ပိုမိုကြီးမားသော အတားအဆီးများသည် သူ့မျက်လုံးထဲသို့ ဝင်လာသည်။
ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များနှင့် ယှဥ်ပြိုင်ခြင်း။
ဤသည်ကသာ ချူးယွင်ဖန်း၏ စစ်မှန်သော အဆင့်ဖြစ်သည်။
ဤတစ်လအတွင်းကျရောက်မည့် ဆရာများ၏ တိုက်ပွဲသည် ထိုအဆင့်သို့တက်လှမ်းနိုင်မည့် ပထမဆုံး ခြေလှမ်းဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းကို လုပ်ဆောင်ရမည်ဖြစ်သဖြင့် ကောင်းစွာကြိုးစားလုပ်ဆောင်ရမည်။ အကယ်၍ သူသာ ချန်ပီယံမဖြစ်ခဲ့လျှင် အရာအားလုံး အဓိပ္ပါယ်မဲ့သွားလိမ့်မည်ဖြစ်၏။
နီရဲသောကမ္ဘာတစ်ခုတွင် လူသုံးယောက်သည် မြေပြင်ပေါ်၌ တင်ပျဥ်ခွေထိုင်ကာ၊ ပတ်ဝန်းကျင်ရှိ ဝိဉာဥ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူလျက်ရှိသည်။ ၎င်းတို့အနက်မှ ချူးယွင်ရှင်းနှင့် ချူးရွှယ်လန်တို့သည် သတ္တုတံခါးအနီးတွင်ထိုင်ကာ၊ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူရန် ၎င်းတို့၏ အတွင်းစိတ်စွမ်းအင်များကို အဆက်မပြတ်လည်ပတ်စေလျက်ရှိသည်။
မျက်စိတစ်မှိတ်အတွင်းတွင် တစ်လခွဲကြာမြင့်သွားသည်။ ထိုအချိန်တွင် ၎င်းတို့သည် သူတို့စဝင်ရောက်သည့်အချိန်နှင့် လုံးလုံးလျားလျားကွဲပြားသွား၏။ ဤနေရာရှိ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် လိုက်ရောညီထွေဖြစ်လျက်ရှိနေပြီဖြစ်သည်။
ချူးယွင်ရှင်းသည် သူ၏ စွမ်းအင်သန့်စင်ခြင်းနဝမအဆင့် အခြေကို တည်ငြိမ်စေရန် ထိန်းထား၍ အဆင့်များ ယိမ်းယိုင်ခြင်းရှိတော့မည်မဟုတ်ပေ။ ထိုအချိန်တွင် ချူးရွှယ်လန်သည် စွမ်းအင်သန့်စင်ခြင်းအဠမအဆင့် အထွဋ်အထိပ်သို့ တက်လှမ်းခဲ့ကာ၊ အချိန်မရွေး နဝမအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏အားသာချက်သည် မတူညီသော အဆင့်တစ်ခုသို့ တိုးတက်လာခဲ့ကြသည်။ သို့သော် ရံဖန်ရံခါတွင် စည်းချိပ်နားသို့ နီးကပ်သွားလျက်ရှိနေသော ချူးယွင်ဖန်းကို ကြည့်လျက်ရှိကြသည်။
၎င်းုတ့ိသည် ချူးယွင်ဖန်းသည် နေ့တိုင်းနီးပါး သူ၏ တည်နေရာကို စည်းချိပ်အနီး၊ နက်ရှိုင်းသော နေရာသို့ ရွေ့သွားသည်ကို မြင်နေရသည်။ တစ်လခွဲခန့်ကြာသောအခါ ချူးယွင်ဖန်းသည် ၎င်းတို့နှင့် အနည်ဆုံးပေသုံးဆယ်ခန့်ဝေးကွာ၏။
သူတို့ကိုယ်တိုင်သည်သာ ဤကွာဟချက်သည် မည်သည်ကို ဆိုလိုကြောင်း သိကြသည်။ စည်းချိပ်နှင့်ပို၍ နည်းကပ်လာသည်နှင့်အမျှ မီးဝိဉာဥ်စွမ်းအင်သည်လည်း ပိုမိုသိပ်သည်းလာကာ၊ အန္တရာယ်များလာသည်။
ချူးယွင်ဖန်းသည် စည်းချိပ်နှင့်နီးကပ်လာသည်ကို သတိပြုမိသောအခါ နှစ်ယောက်စလုံးသည် သူ့ကို အမှီလိုက်နိုင်ရန် ကြိုးစားလျက်ရှိသော်လည်း မကြာခင်တွင်ပင် ရှုံးနိမ့်သွားကြသည်။ ကြောက်မက်ဖွယ် သိပ်သည်းလှသော ဝိဉာဥ်စွမ်းအင်များသည် ၎င်းတို့၏ မက်ဒျန်များကို လောင်ကျွမ်းစေခဲ့သည်။ ဤကဲ့သို့ အလုံပိတ်ဧရိယာတွင် ပေသုံးဆယ်မဆိုနှင့် သုံးပေသည်ပင် အလွန်ကွာခြားသော အဆင့်တစ်ခုဖြစ်နေပြီဖြစ်သည်။ ၎င်းသည် ကွဲပြားသော ကမ္ဘာတစ်ခုကဲ့သို့ပင်ဖြစ်၏။ ချူးယွင်ဖန်း မည်သို့ လုပ်ထားသည်ကိုမူ ၎င်းတို့ မသိကြပေ။
ရုတ်တရက် ချူးယွင်ဖန်း၏ မျက်လုံးများ ပွင့်လာကာ၊ အသက်ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက်သည်။ သူသည်မီးတောက်များအဖြစ်သို့ပင် ပြောင်းလဲသွားလုမတက်ဖြစ်လျက်ရှိသည်။
“နောက်ဆုံးတော့ ငါ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်ကို ရောက်နေပြီ။ အဋ္ဌမအဆင့်ထိရောက်အောင် ဖြတ်နိုင်ဖို့ကြိုးစားကြည့်လို့ရပြီ”
အခန်း(၃၅၇) လူတိုင်း၏ အာရုံစိုက်မှုခံရသောလူ
လဝက်ကျော်ခန့် ကျင့်ကြံပြီးသည့်နောက်ဆုံးတွင် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့သည်။ အကယ်၍သူသာ ပြင်ပကမ္ဘာ၌ရှိနေလျှင် နွေရာသီအားလပ်ရက်ပြီးနောက် ဤအဆင့်သို့ရောက်နိုင်မည်ဖြစ်သည်။
ဤနေရာသည် ချူးယွင်ဖန်းအတွက် မြင့်မြတ်သော ကျင့်ကြံရေးနယ်မြေဖြစ်ရုံသာမက၊ သတ္တုတံခါးအပြင်ဘက်တွင်လည်း အဆုံးမရှိသော ထောက်ပံ့မှုများရှိနေသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် ဆေးဖော်စပ်ခြင်းဖြင့် ငွေအမြောက်အများရှာနိုင်သော်လည်း အရာအားလုံးကို ငွေဖြင့် ဝယ်၍မရနိုင်ပေ။ ဥပမာအားဖြင့် ဤချိုင့်ဝှမ်းကဲ့သို့သော မြင့်မြတ်သည့် ကျင့်ကြံရေးနယ်မြေသည် ငွေနှင့်ဝယ်နိုင်သောအရာမဟုတ်ပေ။ သန်းတစ်ရာခန့်အသုံးပြုလျှင်ပင် သူ့အားဤသို့သော နေရာတွင် ကျင့်ကြံခွင့်ပေးရန် ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
ဤသည်မှာ မူလကြွယ်ဝချမ်းသာသော မိသားစုများနှင့် မကြာသေးမီမှ ကြွယ်ဝလာသူများအကြား ခြားနားချက်ဖြစ်သည်။ ဤသို့သော အခြေခံအုတ်မြစ်မျိုးကို ပိုက်ဆံဖြင့် ဝယ်၍ မရနိုင်ပေ။ တဖြည်းဖြည်းခြင်း စုဆောင်းလာမှုဖြင့်သာ ရရှိနိုင်၏။
တစ်လခွဲကျော်ခန့်ကြာသောအခါ ချူးယွင်ဖန်းသည် စည်းတံဆိပ်အနီးသို့ ပို၍ ပို၍ နီးကပ်လာသည်။ သူသည် စည်းတံဆိပ်နှင့် ပေပေါင်းများစွာ အကွာတွင်ရှိနေသေးသော်လည်း သာမန်လူတစ်ဦးအတွက်မူ အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ နောက်ဆုံးတွင် ချူးယွင်ရှင်းနှင့် ချူးရွှယ်လန်တို့နှစ်ဦးလုံးသည် သတ္တုတံခါးအနီးတွင်သာ နေနိုင်ကြလျက်၊ ရှေ့သို့ဆက်တိုးရန် နည်းလမ်းမရှိကြတော့ပေ။ စည်းချိပ်နှင့် ပိုနီးသွားလျှင် ပို၍ အန္တရာယ်များမည်ဖြစ်သည်။ ယင်းသည် သမုဒ္ဒရာထဲတွင် နေနေရသကဲ့သို့ပင်ဖြစ်ရာ၊ ရေတိမ်ဒေသနှင့် နက်ရှိုင်းသော ဧရိယာသည် လုံးလုံးလျားလျားကွဲပြားသော အရာနှစ်ခုဖြစ်သည်။
သို့သော် ဤသည်မှာ မြင့်မြတ်သော ကျင့်ကြံရေးနယ်မြေဖြစ်သည်။ နတ်ဘုရားစိတ်ဝိဉာဥ်သည် စွမ်းအင်ကို စစ်ထုတ်ပြီးနောက် ပြင်းထန်သော မီးဝိဉာဥ်စွမ်းအင်ကိုပင် သန့်စင်သော စွမ်းအင်အဖြစ်သို့ပြောင်းလဲစုပ်ယူနိုင်မည်ဖြစ်သည်။ သူစုပ်ယူသော ဝိဉာဥ်စွမ်းအင်ပမာဏသည် ချူးယွင်ရှင်း ချူးရွှယ်လန်ထက် အဆများစွာပိုများသည်။ နတ်ဘုရားစိတ်ဝိဉာဥ်သည် ယင်း၏ အစိတ်အပိုင်း အများအပြားကို စုပ်ယူနိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် နောက်ဆုံးတွင် နတ်ဘုရားစိတ်ဝိဉာဥ်ကို အသက်သွင်းရန် စွမ်းအင်လိုအပ်ကြောင်းသဘောပေါက်နားလည်ခဲ့သည်။ စွမ်းအင်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေများကို လိုက်နာဆောင်ရွက်သင့်သည်။ နတ်ဘုရားစိတ်ဝိဉာဥ်သည် စွမ်းအင်မပါပါက လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ယင်း၏ အချို့ကို နတ်ဘုရားစိတ်ဝိဉာဥ်က စုပ်ယူခြင်းမရှိပါက ချူးယွင်ဖန်းသည် ယခုအချိန်တွင် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ဖြတ်ကျော်နေလောက်မည်ဖြစ်သည်။ သို့သော် ကြမ်းတမ်းသော ဝိဉာဥ်စွမ်းအင်ကို ချောမွေ့စေရန်အတွက် နတ်ဘုရားစိတ်ဝိဉာဥ်မှ မလုပ်ဆောင်ပေးလျှင် သူဤမျှ လွယ်ကူစွာ ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။
အရာရာသည် တန်ဖိုးရှိသည်ဟူသည့် ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် နာမည်ကြီးလာရသည့် အကြောင်းအရင်းမှာ သူသည် ဝိဉာဥ်စွမ်းအင်ကို လျင်မြန်စွာစုပ်ယူနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် အကာအဝေးတစ်ခုအတွင်းရှိ မီးဝိဉာဥ်စွမ်းအင်အားလုံးကို စုပ်ယူရန် အချိန်များစွာပေးရန်မလိုအပ်ခဲ့ပေ။ စည်းချိပ်နားသို့ နီးကပ်လာလေလေ၊ မီးဝိဉာဥ်စွမ်းအင်သည် ပို၍ပို၍ ပြင်းထန်လာလေလေဖြစ်သည်။
အက်ကွဲကြောင်းကို အလုံပိတ်ထားသောကြောင့် မီးဝိဉာဥ်စွမ်းအင်၏ အစိတ်အပိုင်းအနည်းငယ်ခန့်သာ ထွက်လာလျက်ရှိသည်။ ထို့ကြောင့် ပြန်လည်ပြည့်တင်းနှုန်းသည် အလွန်နှေး၏။ ချူးယွင်ဖန်း၏ ရူးမိုက်သော စုပ်ယူမှုနှုန်းနှင့်ယှဥ်လျှင် ထိုစွမ်းအင်ပြန်ပြည့်နှုန်းသည် နှေးသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ကျင့်ကြံရန် သူ၏နေရာကို အဆက်မပြတ်ရွှေ့ပြောင်းနေရ၏။
စည်းချိပ်နားသို့ သူနီးကပ်လာလေလေ၊ မီးဝိဉာဥ်စွမ်းအင် ပြင်းထန်လာလေလေဖြစ်သည့်အပြင် အပူချိန်သည်လည်းမြင့်တက်လာ၏။ ချီစွမ်းအင်ကို စုပ်ယူသော ချူးယွင်ဖန်း၏ အမြန်နှုန်းသည် ယခင်ကထက် အဆပေါင်းများစွာ လျင်မြန်၏။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ချူးမိသားစုမှာ အဘယ်ကြောင့် ဤနေရာသို့ လူများစွာကို တစ်ကြိမ်တည်းတွင် ဝင်ရောက်ခွင့်မပြုရသည့်အကြောင်းအရင်းကို နားလည်လာကြသည်။ လူများစွာ ဤနေရာသို့ဝင်လာလျှင် ဤနေရာရှိ ဝိဉာဥ်စွမ်းအင်သည် သူ့အလိုလိုပြန်လည်ပြည့်တင်းနိုင်တော့မည်မဟုတ်ပေ. ထို့အပြင် ဤသုံးဦးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်၌သာရှိနေကြသေးသည်။ ဟောက်ရှန်သို့မဟုတ် အခြား မွေးဖွားခြင်းနယ်မြေအဆင့်ရှိတစ်စုံတစ်ယောက် လာရောက်ကျင့်ကြံလျှင်မူ၊ ဤမီးဝိဉာဥ်စွမ်းအင်များအားလုံးကို စုပ်ယူရန် အချိန်အများအပြားကြာမြင့်လိမ့်မည်မဟုတ်ပေ။
“ဝိုး၊ အဲ့ကလေးက တကယ် သူ့နေရာကို ရှေ့တိုးနိုင်တာပဲ။ သူ အဆင့်တက်တော့မှာများလား” ချူးယွင်ဖန်းသည် ရှေ့သို့ အနည်းငယ်ရွေ့သွားသည်ကို အကြီးအကဲတစ်ဦးက ထောက်လှမ်းရေးဗီဒီယိုမှတစ်ဆင့်သတိပြုမိခဲ့သည်။ ချူးယွင်ဖန်းသည် ဝိညာဉ်စွမ်းအင် ပိုမိုလိုအပ်နေသည်မှာ ထင်ရှားသည်။
လွန်ခဲ့သည့် နှစ်ပတ်ကျော်က အကြီးအကဲများသည် သတ္တုတံခါး၏တစ်ဖက်ခြမ်းရှိ သုံးယောက်ကို အာရုံစိုက်နေခဲ့ကြသည်။ ချူးယွင်ရှင်းနှင့် ချူးရွှယ်လန်တို့သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ချူးမိသားစုအတွင်း ထင်ရှားကျော်ကြားသော တည်ရှိမှုများဟု ယူဆခဲ့ကြသော်လည်း ၎င်းတို့၏စွမ်းဆောင်ရည်ကို ပျမ်းမျှဟုသာ ယူဆခဲ့ကြသည်။ ကျင့်ကြံရေးအဆင့် အနိမ့်ဆုံးဖြစ်သောချူးယွင်ဖန်း သာလျှင် ကွဲပြားခြားနားသော စွမ်းဆောင်ရည်ရှိသည်။
ချူးမိသားစုသည် ဤနေရာကို နှစ်အနည်းငယ်ကြာသည့်တိုင် စောင့်ရှောက်ထားသော်လည်း ထိုကဲ့သို့ ထူးဆန်းသောကလေးမျိုးကို တစ်ခါမျှမတွေ့ဖူးပေ။ ချူးယွင်ဖန်းသည် စည်းချိပ်နှင့် နီးကပ်လာသည်။ ပထမပိုင်းတွင် သူတို့ အံ့ဩသွားကာ ချူးယွင်ဖန်း မည်သို့ ကြံရွယ်နေကြောင်းမသိကြပေ။ သို့သော် ချူးယွင်ဖန်းသည် သူ့အနီးနားရှိ ဝိညာဉ်စွမ်းအင်များအားလုံးကို စုပ်ယူထားခြင်းကြောင့်ဖြစ်ကြောင်း မကြာမီတွင် ၎င်းတို့နားလည်သွားခဲ့ကြသည်။ ဤသို့ ထိရောက်သော စုပ်ယူမှုမျိုးသည် ကျွမ်းကျင်သူများပင်လျှင် နှိုင်းယှဉ်၍မရသော အရာဖြစ်သောကြောင့် သူတို့၏အာရုံစိုက်မှုကို ခံနေရခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသောအဆင့်ရောက်သည်အထိ ကျင့်ကြံနေသည့် နည်းစနစ်ကို မသိသော်လည်း ပြတ်သားသော ကင်မရာများမှတစ်ဆင့် ချူးယွင်ဖန်း စုပ်ယူလိုက်သော ဝိဉာဥ်စွမ်းအင်သည် လေစီးကြောင်းတစ်ခုအဖြစ်တိုးဝင်သွားကြောင်း မြင်နိုင်သည်။ ထိုဝိညာဉ်စွမ်းအင် စီးဆင်းမှုကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ ချူးယွင်ဖန်း၏ ဝိညာဉ်စွမ်းအင် စုပ်ယူမှုနှုန်းသည် မည်မျှမြင့်မားသည်ကို တွေးကြည့်နိုင်၏။
အကြီးအကဲများကို ပို၍ပင် တုန်လှုပ်စေသည့်အရာမှာ ပျမ်းမျှလူတစ်ဦး၏ ကျင့်ကြံရေးအရှိန်အရ၊ သူတို့၏ မက်ဒျန်များ လုံးလုံးမပျက်စီးသွားလျှင်ပင် ဤဝိညာဉ်စွမ်းအင်ပမာဏသည် များသောအားဖြင့် မက်ဒျန်အများစုကို ပျက်စီးစေမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် အဆင်ပြေပုံပေါ်၏။
အရေးအကြီးဆုံးမှာ ချူးစုပ်ယူလိုက်သော ဝိညာဉ်စွမ်းအင်သည် လူတစ်ဦးအား အဆင့်နှစ်ဆင့်ဆက်တိုက်ဖြတ်ကျော်နိုင်လောက်စေရန် လုံလောက်သော်လည်း ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်သို့သာ တက်လှမ်းနိုင်ခဲ့သည်။
သို့သော် ချူးယွင်ဖန်း အဆင့်တက်လာတိုင်းတွင် သူသည် သူ့ထက်သာလွန်သော သိုင်းပညာရှင်ကို အနိုင်ယူနိုင်ကြောင်း သူတို့မသိခဲ့ကြပေ။ အလားတူပင်၊ သူအဆင့်ဖြတ်ကျော်ရန် လိုအပ်သော ဝိညာဉ်စွမ်းအင် ပမာဏသည် သာမန်လူများထက် များစွာ ကြီးမားသည်။ သာမာန်မိသားစုသည် သူ၏ ကျင့်ကြံရေးကို ထောက်ပံ့ပေးရန် တတ်နိုင်လိမ့်မည်မဟုတ်ပေ။
"အမှားမရှိဘူးထင်တာပဲ။ ဒီကလေးရဲ့ အောင်မြင်မှုတွေက အနီးဆုံးမှာ ရှိနေတယ်။ ပထမဆုံး အဆင့်ဖြတ်နိုင်မှဦ ကလေးမလေး ဖြစ်မယ်လို့ထင်ထားတာ။ သူဖြစ်မည်ဟု ငါမမျှော်လင့်ထားဘူး။ သူချန်ပီယံဖြစ်နေပြီလို့ ငါမကြားမိသေးဘူးမလား။ သူ ထပ်ပြီး အဆင့်တက်သွားရန် ကျန်တဲ့ နှစ်ယောက်ကို အဝေးမှာ ချန်ထားခဲ့လိမ့်မယ်”
“ဒီနှစ်မှာ ငါတို့မိသားစုရဲ့ အထူးချွန်ဆုံးသားမြေးနှစ်ယောက်က မိသားစုစာရင်းမှာ စာရင်းမသွင်းထားရတဲ့ သားမြေးတွေဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ကျစ်၊ ကျစ် တကယ်ကို အထင်ကြီးစရာပါပဲ။ မျိုးဆက်သစ်လူငယ်တွေ အံသြဖို့ကောင်းတယ်။”
"မှန်တယ်။ အရင်တုန်းကတော့ ထိပ်တန်းသုံးနေရာကို ယူခဲ့တာ အဓိကမိသားစုရဲ့ မျိုးဆက်တွေပဲ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း မိသားစုစာရင်းအပြင်က မျိုးဆက်တွေ ပိုများလာခဲ့တယ်။ ပြည်ထောင်စုအစိုးရက ပညာရေး မှာ တရားမျှတအောင် အများကြီး အားထုတ်ထားတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သာမန်လူတွေ အဆက်မပြတ် တိုးတက်လာတာ ဒီကိစ္စအတွက် သက်သေပဲ”
လယ်ကွင်းအလယ်တွင်၊ သူ့နေရာကိုပြောင်းပြီးနောက်၊ ချူးယွင်ဖန်းသည် ရှေ့သို့ သုံးပေမျှသွာရွှေ့လိုက်သော်လည်း အပူချိန်သည် အနည်းဆုံး ဆယ်ဒီဂရီအထိ တိုးလာသည်ကို တွေ့ရှိခဲ့သည်။ သာမာန်လူတစ်ယောက်သာဆိုလျှင်၊ မီးလောင်ကျွမ်းမသေစေရန် အချိန်အတော်ကြာမြင့်စွာ နေနိုင်မည်မဟုတ်ပေ။
သူ့ခန္ဓာကိုယ်သို့ ဖြတ်သန်းစီးဆင်းနေသော ချီစွမ်းအင်များ အလွန်တိုးမြင့်လာသည်။ တင်ပျဉ်ခွေထိုင်ကာ နတ်ဘုရားကျင့်စဥ်ကို စတင်ဖြန့်ကျက်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် သူ့အားဗဟိုချက်အဖြစ်မှတ်ယူ၍ သူ့ထံသို့စီးဝင်လာသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လေစီးကြောင်းတွေ လှည့်ပတ်နေသည်ကိုပင် မြင်နေရ၏။ ယင်းမှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ များစွာသော စွမ်းအင်နဂါးများ ခုန်ဆင်းသွားသကဲ့သို့ပင်ဖြစ်သည်။