အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း(၃၅၈) စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ဝင်ရောက်ခြင်း
ဤစွမ်းအင်နဂါးများသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြကာ၊ ပတ်ဝန်းကျင်တွင် ထူးဆန်းသော ဖြစ်စဥ်တစ်ခုကို ဖန်တီးလျက်ရှိသည်။ ထို့နောက် မကြာခင်တွင် ၎င်းသည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ကျင့်ကြံနေသော ချူးယွင်ရှင်းနှင့် အဆင့်ကျော်ဖြတ်မှုအတွက် ပြင်ဆင်နေသော ချူးရွှယ်လန်ပင်လျှင် ဝိဉာဥ်စွမ်းအင်၏ အတက်အကျများကို ခံစားနုင်သည်။
သူတို့ မျက်လုံးဖွင့်ကြည့်လိုက်ကြသောအခါတွင် ချူးယွင်ဖန်း၏ ထူးဆန်းသော လှုပ်ရှားမှုများကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ချူးယွင်ဖန်းအဆင့်တက်သွားပြီဖြစ်ကြောင်း သူတို့ ချက်ချင်းပင်နားလည်လိုက်ကြသည်။
ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်တွင်ရှိနေပြီဖြစ်ကာ အဋ္ဌမအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်နိုင်တော့မည်မှာ ထင်ရှားသည်။ ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော ဖြစ်စဥ်ကို ဖန်တီးရန် သာမန်ကျင့်ကြံမှုဖြင့်မဖြစ်နိုင်ပေ။ အဆင့်တက်လာမှသာ ယင်းတို့သည် ဝိဉာဥ်စွမ်းအင်အမြောက်အများကို စုပ်ယူနိုင်မည်ဖြစ်သည်။
ချူးရွှယ်လန်သည် နှုတ်ခမ်းများကို ဖိကိုက်လိုက်မိသည်။ သူမအဆင့်မဖြတ်ကျော်ရသေးသော်လည်း ချူးယွင်ဖန်းသည် နောက်တစ်ဆင့်သို့တက်လှမ်းရန်ပြုလုပ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူမ၏ရှေ့သို့ ရောက်နေပြီဖြစ်ကြောင်းအလွန်ထင်ရှားသဖြင့် နောက်ဆုံးတွင်မူ၊ သူမသည် သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်မဟုတ်ခဲ့ပေ။ သူနောက်ထပ်ခြေတစ်လှမ်းထက်လှမ်းလိုက်ပါက သူမသည် သူနှင့် ပို၍ ယှဥ်ပြိုင်နိုင်တော့မည်ပင်မဟုတ်ပေ။
ဤသို့တွေးကာ ချူးရွှယ်လန် အနည်းငယ် စိတ်ထိခိုက်သွားရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် ချူးယွင်ရှင်း၏ အမူအရာသည်မူ အလွန်ဆိုးရွားသွားခဲ့သည်။ သူသည် ချက်ချင်းပင် သူ၏ သီးသန့်ကျင့်ကြံမှုကို ပြန်လည်စတင်ခဲ့သည်။ သူ့အတွက် ဤသည်မှာ အရှက်ရဖွယ်ကြီးတစ်ခုပင်ဖြစ်သည်။ ချူးယွင်ဖန်းထက်အဆင့်နှစ်ဆင့်ပင်မြင့်သော သူသည် အကောင်းဆုံးဖြစ်ခဲ့သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် အာရုံမခွဲနိုင်သော အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည် အပြည့်အဝထိန်းချုပ်မှု အောက်၌ရှိနေသည်ဟု ခံစားရသည်။ သူ့စိတ်သည် အနှိုင်းမဲ့ရှင်းလင်းနေကာ၊ မူလက လောင်မြိုက်နေသော ပတ်ဝန်းကျင်သည် သူ့အလိုကို မထိခိုက်နိုင်တော့ပေ။ ကြည်လင်သော စွမ်းအင်စီးကြောင်းများသည် နတ်ဘုရားစိတ်ဝိဉာဥ်မှစီးဆင်လာ၍ ချူးယွင်ဖန်း၏စိတ်ကို ဖုံးအုပ်ကာ အလွန်ရှင်းလင်းသော အနေအထားတွင်ရှိနေစေသည်။
ယခင်က ချူးယွင်ဖန်းသင်ယူခဲ့သည့်အရာများအပြင် ဆေးဧကရာဇ်၏ အမှတ်တရများသည် သူ့မျက်လုံးများ၌ ချက်ချင်းပေါ်လာသည်။ တစ်ချိန်တည်းပင်တွင် သူသည် နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်ကာ စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့် အတားအဆီးကို ဖြတ်ကျော်ရန် သူ၏ ချီစွမ်းအင်ကို ထိန်းချုပ်လိုက်သည်။
အလွန်ခိုင်ခံ့သော အတားအဆီးသည် များပြားလှသော မီးဝိဉာဥ်စွမ်းအင်များ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ချီစွမ်းအင်များ၏ ရူးသွပ်စွာတိုက်ခိုက်မှုအောက်တွင် စတင်တုန်လှုပ်လာသည်။
လူအများစု၏ အဆင့်ကျော်ဖြတ်မှုများသည် ရှည်လျားသော လုပ်ငန်းစဥ်ကို လိုက်နာကြရသည်။ အတားအဆီးကို တဖြည်းဖြည်းချင်းတိုက်ခိုက်၍ ပြိုကွဲသွားကြသည်။ သို့သော် ချူးယွင်ဖန်းအဆင့်ဖြတ်ကျော်သွားသောအခါတွင်မူ၊ သူသည် အလွန်အပြင်းအထန်ဖြစ်လျက်ရှိသည်။ သူနှင့် အဆင့်တူတွင်ရှိသောသူထက် အဆပေါင်းများစွာသာလွန်သော စွမ်းအင်ဖြင့် ရှေ့သို့ အဆက်မပြတ် ဖိအားပေးချီတက်လျက်ရှိသည်။ သာမန်လူတစ်ယောက်သည် အဆင့်တက်ရန် အတင်းအကြပ်ကြိုးစားပါက၊ ၎င်းတို့၏ မရီဒျန်များပြိုကွဲကာ၊ ကြီးမားသော ပျက်စီးမှုကို ကြုံကြရမည်ဖြစ်သည်။
ပြင်ပဒဏ်ရာများနှင့်နှိုင်းယှဥ်ပါက မရီဒျန်များပျက်ဆီးမှုသည် အန္တရာယ်အများဆုံးဖြစ်သည်။ ခေတ်မီနည်းပညာဖြင့်ပင် ဤအရာသည် အလွန်ခက်ခဲကာ ကိုင်တွယ်ရခက်သည်။ ထို့ကြောင့် လူအများစုသည် အလွန်သတိရကြသည်။
သို့သော် ချူးယွင်ဖန်းသည်မူ ၎င်းနှင့်ကွဲပြားစွာ၊ ဤနည်းဖြင့် အပူအပင်ကင်းစွာ တိုက်ခိုက်နိုင်၏။
နတ်ဘုရာားကျင့်စဥ်၏ ထိန်းချုပ်မှုအောက်တွင် မီးဝိဉာဥ်စွမ်းအင်၏ အရှိန်သည် မည်သို့မျှမဟုတ်ပေ။ ၎င်းကို ချီစွမ်းအင်အဖြစ် အဆက်မပြတ်ပြောင်းလဲပြီးနောက် စွမ်းအင်သန့်စင်ခြင်းအဆင့် အဋ္ဌမအဆင့် အတားအဆီးကို တိုက်ခိုက်လျက်ရှိသည်။
အချိန်အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်ပြီးနောက်၊ နောက်ဆုံးတွင် ချူးယွင်ဖန်း၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် အတားအဆီးသည် ကွဲအက်လာသည်။
မူလအစတွင် ပိတ်ဆို့နေသော ချူးယွင်ဖန်း၏ချီစွမ်းအင်သည် ရေကြီးသကဲ့သို့ လျှံထွက်လာကာ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးသို့ ချော့မွေ့စွာ စီးဆင်းသွား၏။
စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့် ပြီးနောက် ပို၍ပို၍ များပြားသော ချီစွမ်းအင်များသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ထဲတွင် ပွင့်ထွက်လာသည်။ သူသည် သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ နီးကပ်လာရာ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ မက်ဒျန်များအားလုံးပွင့်ကာ စက်ဝန်းတစ်ခုအဖြစ် စီးဆင်းသွားသည်။
ဘွန်း
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များ လွင့်ထွက်ကာ၊ ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါများထွက်ပေါ်လာသည်။ ဤဖြစ်စဥ်သည် ချူးယွင်ရှင်းနှင့် ချူးရွှယ်လန်တို့ကို ထိတ်လန့်စေခဲ့သည်။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ ဖြတ်ကျော်သွားပြီဖြစ်ကြောင်း သူတို့ နားလည်ခဲ့ကြသော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မထွက်ပေါ်လာသော ချီစွမ်းအင်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သိပ်သည်းကြမ်းတမ်းသော ထိုစွမ်းအင်များသည် ချူးရွှယ်လန်ထက် သာလွန်သည်။ ချူးရွှယ်လန်ပင်လျှင် ချူးယွင်ဖန်းမှာ ယခင်ကထက် အနည်းဆုံး အဆပေါင်းများစွာ စွမ်းအားကြီးသည်ကို ခံစားမိနိုင်၏။
ချူးရွှယ်လန် စွမ်းအားနည်းလာခြင်းမဟုတ်သော်လည်း ချူးယွင်ဖန်းသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခြင်းဖြစ်သည်။
"သူက မွန်းစတားတစ်ကောင်များလား" ချူးရွှယ်လန်အံ့အားသင့်သွားသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် ၎င်းတို့၏အဆင့်များနှင့် တူညီနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် အလွန်အန္တရာယ်များသော ရောင်ဝါကို ထုတ်လွှတ်လျက်ရှိကြောင်း သူမခံစားမိသည်။ ယခု ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင်၊ သူ့ထံမှ သိုင်းကွက်သုံးကွက်ခန့်ကိုပင် သူမမခံနိုင်မည်ကို စိုးရိမ်မိနေသည်။
စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသည့် သူမကဲ့သို့ တစ်စုံတစ်ယောက်အတွက်ပင် ဤသည်မှာ မှန်ပါသည်။ သူမသည် နဝမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ သာမန် စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ချူးယွင်ဖန်းထံတွင် ဓားချက်တစ်ချက်တည်းထိမှန်လျှင်ပင် လွင့်ထွက်ကာ၊ တိုက်ခိုက်နိုင်သော အရည်အချင်းများဆုံးရှုံးသွားနိုင်၏။
ယခင်က ချူးယွင်ဖန်းသည် သူမထက် သိသိသာသာအဆင့် နိမ့်နေချိန်၌ ချူးယွင်ဖန်း သူမကို မည်သို့အနိုင်ယူခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်း အဆင့်တက်သွားသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ နားလည်လာသည်။
ထိုအခိုက်အတန့်တွင် အခြေအနေကို စောင့်ကြည့်နေသော ချူးမိသားစုမှ အကြီးအကဲများသည် ချူးယွင်ဖန်း၏ ထူးဆန်းသောလှုပ်ရှားမှုများကို သတိပြုမိကြသည်။ အဆင့်ဖြတ်ကျော်ပြီးနောက်၊ ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူ၏ ရောင်ဝါသည် တဖြည်းဖြည်း လျော့ကျကာ၊ ပျောက်ကွယ်သွား၏။
အကြီးအကဲများသည် ရာနှင့်ချီသော တိုက်ပွဲများကို ဖြတ်သန်းခဲ့ဖူးသဖြင့် ဤသည်မှာ ချူးယွင်ဖန်း စွမ်းအားနည်းလာသောကြောင့် မဟုတ်ကြောင်း ၎င်းတို့ နားလည်ကြသည်။ တစ်န်ညးအားဖြင့် ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်ကို တဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ပျောက်ကွယ်သွားခြင်းဖြစ်သည်။
ဤအခြေအနေတွင် ချူးယွင်ဖန်း ယခင်ကထက် ပိုမိုကြောက်မက်ဖွယ်ကောင်းကာ၊ သူပြသနိုင်သော ခွန်အားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။
“ဒီကလေး။ သူဘယ်လိုကောင်လဲ" မော်နီတာကိုကြည့်နေသည့် အကြီးအကဲတစ်ဦးသည် အံ့သြစွာ ပြောလိုက်သည်။
"ငါတို့ သူ့အသက်အရွယ်တုန်းကသာဆိုရင် သူ့ဆီက ဓားချက်တစ်ချက်လောက်တောင် ခံနိုင်ရည်ရှိမှာကို စိုးတယ်"
“ငါတို့ခေတ်တုန်းက စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်တဲ့လူတွေက ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ရောက်နိုင်နေပြီ။ သူ့လိုလူတစ်ယောက်အတွက အဆင့်တူကျောင်းသားကိုမပြောနဲ့၊ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ကျောင်းသားတွေတောင် သူ့ဆီအရှုံးပေးကြရလိမ့်မယ်”
"မှန်တယ်။ အဲ့အချနိန်က ပြည်ထောင်စုတက္ကသိုလ်မှာ သန့်စင်ခြင်းအဆင့် ကျောင်းသားသိပ်မရှိခဲ့ဘူး။ အခုခေတ်ကျောင်းသားတွေက တကယ်ကို အံ့သြဖို့ကောင်းတယ်ကွ”
“အဲ့လို မွန်းစတားတစ်ကောင်ကို ငယ်ငယ်တည်းကသာ ငါတို့ ပျိုးထောင်ပေးနိုင်ခဲ့ရင် သူအမြင့်ကို အရမ်းရောက်နေလောက်ပြီ”
အကြီးအကဲများက စိတ်လှုပ်ရှားစွာ ဆွေးနွေးလျက်ရှိကြသည်။ လူများစွာသည် ၎င်းတို့၏ ထူးခြားသော နှစ်များကို ပြန်လည်သတိရလာကြသည်။ ထိုအချိန်က လူသားများသည် ယခုခေတ်ထက် ပိုမိုဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။ ယခုအချိန်တွင် နေ့စဥ်နေ့တိုင်း မွန်းစတားများနှင့် တိုက်ခိုက်နေရသကဲ့သို့မဟုတ်ပေ။
"သေစမ်း!" ချူးယွင်ရှင်းသည် အံကြိတ်ကာ လက်သီးများကို ဆုပ်ထားသည်။ သူ၏ လက်သည်းများသည် သူ့လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်မိနေပြီဖြစ်ကြောင်း သူမသိခဲ့ပေ။
ယင်းမတိုင်မီက ချူးယွင်ရှင်းသည် ချူးယွင်ဖန်းနှင့် မဆက်ဆံခဲ့စဥ်က ခံစားချက်များစွာမရှိခဲ့ပေ။ ချူးယွင်ဖန်း၏ စွမ်းအားသည် အချိန်ခဏမျှကြာပြီးနောက် အထစ်အနည်းငယ် တိုးလာသည်ဟုသာ သူခံစားခဲ့ရသည်။ ယခုမူ ၎င်းတို့ အတူတကွ ကျင့်ကြံနေကြသောအခါ ချူးယွင်ဖန်း၏ တိုးတက်မှုသည် မည်မျှထိတ်လန့်စဖွယ်ကောင်းကြောင်းကို သူခံစားမိလိုက်သည်။
“ဒီလိုဆို အလုပ်မဖြစ်ဘူး။ သန့်စင်ခြင်းအဆင့်ကိုရောက်တဲ့အထိ ငါကြိုးစားရမယ်” ချူးယွင်ရှင်းက ကိုယ့်ဘာသာ တွေးလိုက်သည်။ မူလက သူသည် ချူးယွင်ဖန်းနှင့် ပတ်သက်၍ လုံးလုံးစိတ်မဝင်စားခဲ့ပေ။ သူ့မျက်လုံးများသည် တုန်ဖန်းဟောက်ဟူသော မြင့်မား၍ စွမ်းအားကြီးသော တည်ရှိမှုများအပေါ်၌သာ အာရုံစိုက်ထားသည်။ ယခုမူ၊ သူဆက်လက်၍လုပ်နိုင်တော့မည်မဟုတ်ကြောင်း သဘောပေါက်နားလည်လိုက်သည်။
ကိစ္စများ ချောမွတ်စွာ ပြီးစီးသွားလျှင် ချူးယွင်ဖန်းသည် တုန်ဖန်းဟောက်ကိုပင် ကျော်သွားနိုင်ကြောင်း ချူးယွင်ရှင်းတွေးမိသည်။
အခန်း(၃၅၉) စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်
ချူးယွင်ဖန်း၏အောင်မြင်မှုများသည် လူများစွာ၏ အတွေးများကို ကြမ်းတမ်းစေခဲ့သည်။ ၎င်းတို့ အရာများစွာကို တွေးခဲ့ကြ၏။ ချူးယွင်ဖန်းသည်မူ အလွန်ပျော်ရွှင်လျက်ရှိသည်။ နောက်ဆုံးတွင် သူ စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည်လည်း အဆင့်တစ်ဆင့်စာ မြင့်တက်လာသည်။
ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်မှ မည်သူ့ကိုမျှမကြောက်တော့ပေ။ တူညီသောအပတ်စဥ်ရှိ ကျောင်းသားများကြားတွင် သူသည် အခြားအမျိုးအစားတစ်ခုသို့ ခုန်တက်သွားခဲ့ပြီဖြစ်သည်။ ပထမအမျိုးအစားတွင်ရှိသောသူများသည် တုန်ဖန်းဟောက်၊ ကျန်းဖန်ဖေနှင့်၊ လျန်ဟောက်ယု နှင့်အခြား သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ပြီးသူများဖြစ်သည်။
ဤလူများနှင့် သာမန်ကျောင်းသားများကြားမှ ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကြားမှ ကွာခြားချက်ကဲ့သို့ပင်ဖြစ်သည်။ ဥပမာအားဖြင့် ချူးယွင်ရှင်းဖြစ်သည်။ သူသည် စွမ်းအင်သန့်စင်မှုအဆင့်၏ နဝမအဆင့်သို့လည်း တက်လှမ်းခဲ့သော်လည်း၊ သူနှင့် သန့်စင်ခြင်းအဆင့်ရှိသူများကြားတွင် ခြောက်ခြားဖွယ်ကွာဟချက်တစ်ရှိနေသေးသည်။ ဤကွာဟချက်ကို သုံးရက်မှ ငါးရက်အတွင်း ဖြတ်ကျော်နိုင်သော်လည်း သုံးလမှ ငါးလအထိ ကြာနိုင်သည်။
သုံးလမှငါးလသည် သာမန်လူတစ်ယောက်အတွက် အချိန်မကြာမြင့်လှသော်လည်း အချိန်နှင့်အမျှ ယှဥ်ပြိုင်နေရသော ကျောင်းသားများအတွက် ဤကွာဟချက်သည် ကြီးမားသည်။ သူ့အဆင့်အထိ ကျင့်ကြံနိုင်သော သာမန်လူတစ်ယောက်သည် အလိုအလျောက်ပင် ကျေနပ်နေလိမ့်မည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ချူးယွင်ဖန်းသည် ၎င်းကို မကျေနပ်နိုင်ပေ။ ထို့အပြင် ပထမအမျိုးအစား ကျောင်းသားများကြားတွင် ပုန်းကွယ်နေသောနဂါးများနှင့် ဝပ်နေသောကျားများစွာလည်း ရှိသည်။
ထို့ကြောင့် ချူးယွင်ဖန်းသည် ခဏတာမျှသာ ပျော်ရွှင်နေခဲ့ပြီးနောက်၊ သူ၏စိတ်အခြေအနေကို လျင်မြန်စွာ ငြိမ်သက်စေ၍ ပြန်လည်ကျင့်ကြံရန်စတင်လိုက်သည်။ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်ကို ဖြတ်ကျော်ခဲ့ပြီးနောက်၊ သူ၏ ချီစွမ်းအင်များ ပြန်လည်ပြည့်တင်းသည့် အရှိန်သည် သတ္တမအဆင့်တွင် ရှိစဥ်ထက် များစွာ ပို၍ မြန်ဆန်လာသကဲ့သို့ သူ၏ ကိုယ်ခံအားသည်လည်း ယခင်ကထက် အနည်းဆုံး နှစ်ဆခန့်ပိုမိုစွမ်းအားကြီးလာခဲ့သည်။
အဆင့်တက်မှုတိုင်းသည် လေ့ကျင့်သူတိုင်းအတွက် အတူတူပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ စွမ်းအားသည် အလွန်ပြင်းထန်လွန်းသောကြောင့် သူ၏ အဆင့်တက်မှုသည်လည်း အလွန်ကျယ်ပြန့်သည် ထင်ရခြင်းဖြစ်၏။
ချူးယွင်ဖန်း ဆက်လက်ကျင့်ကြံပြီးနောက် ချူးယွင်ရှင်းနှင့် ချူးရွှယ်လန်တို့ သည် ဥပက္ခာပြုကာ၊ ဆက်လက်ကျင့်ကြံခဲ့ကြသည်။ ချူးယွင်ဖန်း၏ တည်ရှိမှုသည် ၎င်းတို့၏နှလုံးသားထဲတွင် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်လာခဲ့သည်။
ဤသည်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်သည်။ ၎င်းတို့ထက် အဆပေါင်းများစွာ စွမ်းအားကြီးသူ တစ်ဦးရှိနေခြင်းကို ဤ မာနကြီးကာ၊ ဂုဏ်မောက်သော သူများသည် မည်သို့ လက်ခံနိုင်လိမ့်မည်နည်း။
ချူးယွင်ဖန်း ၏ လှုံ့ဆော်မှုအောက်တွင် ၎င်းတို့၏ ကျင့်ကြံရေးအရှိန်သည်လည်း များစွာတိုးလာသည်။ ဤသည်မှာ ချူးဟောက်ယွဲ့ပြောခဲ့ဖူးသည့် ပြိုင်ဘက်ကောင်းတစ်ယောက်၏ အရေးကြီးမှုသာဖြစ်သည်။
အချိန်များလျင်မြန်စွာ ကုန်ဆုံးကာ၊ နောက်ထပ် တစ်လခွဲခန့်သည် လျှပ်တပြက်အတွင်းကုန်သွား၏။ ကျင့်ကြံနေသော ထိုသုံးယောက်သည် ကျင့်ကြံရန်အချိန်မလုံလောက်ခြင်း၏ အဓိပ္ပါယ်ကို ပထမဆုံးအကြိမ် နားလည်သွားကြသည်။ စည်းချိပ်ပိတ်ထားသော ဤနေရာ၏ နေရာတိုင်းသည် ရဲရဲတောက် နီနေသဖြင့် နေ့နှင့် ညကို မခွဲခြားနိုင်ကြပေ။ အရာအားလုံးသည် နီရဲကာ၊ နီရဲနေသည်။
နည်းပညာမြင့် စက်ကိရိယာများကြောင့်သာမဟုတ်ပါက ၎င်းတို့သည် ရက်ပေါင်းမည်မျှကြာသည်အထိ ကျင့်ကြံခဲ့ကြသည်ကို သိနိုင်ကြမည်မဟုတ်ပေ။ ယင်းသည် တစ်လခွဲလော၊ သို့မဟုတ်၊ တစ်လလော၊ သို့မဟုတ် တစ်နှစ်ခွဲလော။ တစ်နှစ်လော။
အချိန်၏သဘောတရားသည် ၎င်းတို့၏စိတ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သူတို့သုံးဦးသည် ဤအလုံပိတ်မြေတွင် ကျင့်ကြံနေသည်မှာ တစ်လပြည့်ပြီဖြစ်သည်။ ဤနေရာတွင် ကုန်ဆုံးသော တစ်လသည် အပြင်ဘက်တွင် နှစ်လ သို့မဟုတ် သုံးလ ကျင့်ကြံခြင်းထက်ပင် ပိုကောင်း၏။
ချူးယွင်ရှင်းနှင့် ချူးရွှယ်လန်တို့သည် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်နှင့် အဋ္ဌမအဆင့်တို့၏ ကနဦးအဆင့်တွင်သာရှိခဲ့ကြသော်လည်း ယခုမူလား အလုံးစုံကွဲပြားသွားသည်။ ချူးယွင်ရှင်းသည် ယခုအခါတွင် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာလိုတော့သည်။ သို့သော်လည်း ဤခြေလှမ်းတစ်လှမ်းသည် နေ့တစ်ဝက်သာကြာနိုင်သကဲ့သို့ တစ်လ သို့မဟုတ် လအနည်းငယ်ခန့်ပင်ကြာနိုင်၏။ ချူးရွှယ်လန်သည် လွန်ခဲ့သော တစ်လခွဲခန့်မှ ချူးယွင်ရှင်းနှင့် တူညီသော စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ကြီးမားသော ကွာဟချက်ကြီးတစ်ခုရှိသော်လည်း၊ ယေဘူယျအားဖြင့် ပြောရလျှင် သူတို့ တစ်ယောက်နှင့်တစ်ယောက် အမှီလိုက်နိုင်ကြပြီဖြစ်သည်။ မှန်သည် ချူးရွှယ်လန်သည် ချူးယွင်ရှင်းနှင့် ယခုအချိန်ထိ မယှဥ်နိုင်သေးကြောင်း သိသည်။
တစ်လတာကာလအတွင်း၊ သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံမှုတွင် များစွာတိုးတက်ခဲ့သော်လည်း တစ်စုံတစ်ဦးသည် ဤတစ်လအတွင်း ၎င်းတို့နှစ်ဦးပေါင်းစည်းထားသည်ထက် ပိုမိုတိုးတက်ကောင်းမွန်လာသောကြောင့် ၎င်းတို့နှစ်ဦးစလုံး အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်းမရှိခဲ့ကြပေ။
ဤလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
ချူးယွင်ဖန်းသည် လွန်ခဲ့သောတစ်လခွဲခန့်က စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ဖြတ်ကျော်သွားပြီးနောက်၊ သူ၏ ရောင်ဝါသည် တဖြည်းဖြည်းဖြင့်ပျော့ပျောင်းလာသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါ ပြောင်းလဲမှုများကို တဖြည်းဖြည်းမမြင်ရတော့ပေ။
ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ ဤအဆင့်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံထားကြောင်း ၎င်းတို့ နားလည်ကြသည်။ ထို့ကြောင့် သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ပျော့ပျောင်းသွားခြင်းဖြစ်၏။
ချူးရွှယ်လန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့တက်လှမ်းခဲ့သည်။ တစ်နည်းဆိုရလျှင် သူမသည် ချူးယွင်ဖန်းထက် ရက်အနည်းငယ်စော၍ စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။ ချူးရွှယ်လန်သည် ဤသည်ကို တွေးကာ အထူးတလှယ် စိတ်ဓာတ်ကျသွားမိသည်။
ပထမဆုံးအကြိမ်အဖြစ် သူမအနည်းငယ်စိတ်ရှုပ်ထွေးသွားမိသည်။ သမိုင်းဝင် သားရဲတစ်ကောင် သူမနောက်သို့ အရူးအမူးလိုက်နေသကဲ့သို့ပင်ဖြစ်ရာ၊ အချိန်အနည်းငယ်ခန့်ပင်မကြာလိုက်ခင်တွင်ပင် ၎င်းသည် သူမကို အမှီလိုက်နိုင်ခဲ့၍ ဖမ်းစားပစ်ရန်ပင်လုံလောက်နေပြီဖြစ်သည်။
ချူးရွှယ်လန်ထက် ပိုမို စိတ်ဓာတ်ကျနေသူမှာ ချူးယွင်ရှင်းဖြစ်သည်။ သူသည် အောင်မြင်မှုတစ်ခုကို လုပ်နိုင်ခဲ့ကာ၊ ပို၍ တိုးတက်လာခဲ့သော်လည်း သူနှင့် ချူးယွင်ဖန်း၏ ကြားရှိကွာဟချက်သည် ပို၍ ကျယ်ပြန့်လာကြောင်း သူနားလည်လိုက်သည်။ ဤအရှိန်အဟုန်ပေါ်မူတည်ကာ၊ ချူးယွင်ဖန်း သူ့အား မကြာမီတွင် အမှီလိုက်နိုင်မည်မှာ သေချာ၏။
ချူးယွင်ဖန်းအား ဆင့်ခေါ်ကာ၊ သင်တန်းကာလပြီးကြောင်း အသိပေးလိုက်သောအခါတွင် သူ့၌မပြီးဆုံးသေးသော လုပ်ငန်းတချို့ရှိနေသေးကြောင်း သိလိုက်ရသည်။ တစ်လတာ ကြာသော်လည်း လက်တစ်ဆစ်စာကဲ့သို့ ခံစားရသည်။
ဤတစ်လတွင် ချူးယွင်ဖန်းသည် ကနဦးစွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်မှ စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့် အထွဋ်အထိပ်သို့ ဖြတ်ကျော်နိုင်ခဲ့သည်။ သူများစွာတိုးတက်လာခဲ့သည်။ မှန်သည်။ ဤဖြစ်စဥ်တွင် သူသည်လည်း သူအသုံးပြုခဲ့သော အရင်းအမြစ်များကို စုပေါင်းတွက်ချက်လျှင် ယွမ်သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့လိမ့်မည်ဟု သူခန့်မှန်းထားသည်။ သို့သော် ကျင့်ကြံနေချိန်တွင်မူ သူမည်မျှ သုံးဆွဲခဲ့ကြောင်းသူမသိလိုက်ပေ။
သုံးဦးသား သတ္တုတံခါးမှ ထွက်လာခဲ့ကြသည်။ အငယ်တန်းခေါင်းဆောင် ချူးဟောက်ယွဲ့သည် တံခါးအပြင်ဘက်တွင်ရပ်စောင့်လျက်ရှိသည်။ ၎င်းတို့သုံးဦးသည် သူတို့ မဝင်ခင်အချိန်နှင့် ယှဥ်လျှင် လုံးဝခြားနားသော အခြေအနေအသစ်တွင်ရှိနေသည်ကိုတွေ့လိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့သုံးယောက် သိသိသာသာတိုးတက်လာတယ်”
ချူးယွင်ဖန်းကို မြင်သောအခါ ချူးဟောက်ယွဲ့၏ မျက်လုံးများ တောက်ပလာသည်။ သူ၏ ကျင့်ကြံရေးစွမ်းအင်ဖြင့် ချူးယွင်ဖန်း၏ အောင်မြင်မှုနှင့် အကျိုးအမြတ်များသည် ဤသုံးယောက်ထဲတွင် အကြီးကျယ်ဆုံးဖြစ်ကြောင်း သူမြင်တွေ့နိုင်သည်။ ဤတိုးတက်နှုန်းအရ၊ စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်သို့ တက်လှမ်းခြင်းသည် လက်ကို လှန်လိုက်သကဲ့သို့ပင် လွယ်ကူလိမ့်မည်ဖြစ်သည်။
သန့်စင်ခြင်းအဆင့်ကို မည်သူမျှ မကျော်ဖြတ်နိုင်ခဲ့ကြသော်လည်း ဤသည်ကပင် အလွန်တိုးတက်လာသည်ဟု ယူဆ၍ရနေပြီဖြစ်သည်။ ချူးမိသားစုမှ သူတို့သုံးဦးကျင့်ကြံရာတွင် များစွာရင်းနှီးမြှုပ်နှံခဲ့ခြင်းသည် အချည်းအနှီးမဟုတ်ပေ။
“ကောင်းပြီ၊ ငါအများကြီးမပြောတော့ဘူး အိမ်ပြန်ပြီး အိပ်စက်အနားယူကြပါ။ ပြည်ထောင်စုတက္ကသိုလ်ရဲ့အတန်းတွေက ရက်နည်းနည်းကြာရင်စတော့မယ်” ချူးဟောက်ယွဲ့ကပြောသည်။ “အိုး ဟုတ်သားပဲ ချူးယွင်ဖန်း။ ချူးယွင်ရှင်းနဲ့ ချူးရွှယ်လန်တို့မှာ ဆရာကိုယ်စီရှိပြီးသွားကြပြီ။ မင်းမှာမရှိသေးရင် ရက်နည်းနည်းကြာတဲ့အခါ၊ ဆရာတွေ လူရွေးတဲ့ပြိုင်ပွဲရှိလိမ့်မယ်။ ကောင်းကောင်းစွမ်းဆောင်ခဲ့ပြီး ငါတို့ မိသားစုရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ခဲ့ပါ။ မင်းအကောင်းဆုံးလုပ်လေလေ၊ မင်းရဲ့အနာဂတ်ဆရာက အကောင်းဆုံးဖြစ်လေလေပဲ။ ငါပြောစရာဒါအကုန်ပါပဲ။ အကောင်းဆုံးလုပ်ခဲ့ပါ”
“နားလည်ပါပြီ” ချူးယွင်ဖန်းက ယုံကြည်ချက်ရှိစွာပြောလိုက်သည်။
ဆရာပြိုင်ပွဲ၊ ငါအခုလာပြီ။
ထို့အပြင် ချူးယွင်ဖန်းတွင် ချန်ပီယံဖြစ်ရမည်ဆိုသည့် ပန်းတိုင်တစ်ခုသာရှိတော့သည်။
အခန်း(၃၆၀) ရှန်ဟဲ့ဆေးပညာ၏ လျင်မြန်သော တိုးတက်မှု
ချိူင့်ဝှမ်းမှ ထွက်သွားပြီးနောက် သုံးယောက်သား လူစုခွဲလိုက်ကြသည်။ တစ်လတာလုံး တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ရာ၊ ပြင်ပကမ္ဘာနှင့် လုံးလုံးလျားလျား အဆက်အသွယ်ဖြတ်တောက်ထားခဲ့ကြသည်။ ၎င်းတို့တတွေတွင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာရှိသေး၏။
ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်း၏မိသားစုထံ ဆက်သွယ်၍ ချူးယွင်ဖန်းသည် လက်ရှိတွင် သီးသန့်ကျင့်ကြံနေပြီဖြစ်ကြောင်း အသိပေးခဲ့သည်။ သို့သော် လူတိုင်းကို အသိပေးထားသည်ဟုပင်မဆိုလိုပေ။ ဤတစ်လအတွင်းတွင် ချူးယွင်ဖန်း၏ စာဝင်ပုံးသည် ဂေါင်ဟုန်ချီထံမှ မက်ဆေ့ချ်များစွာ ဝင်ရောက်မှုကြောင့် ပေါက်ကွဲသွားခဲ့သည်။
[သေစမ်း၊ ယွင်ဖန်း မင်းဘယ်ရောက်နေတာလဲ။ ငါ မင်းကို ဘာလို့ ဆက်သွယ်လို့မရတာလဲ]
[ဒီနေ့ ပထမဆုံး အကြိမ် ငါ့အဖေက ငါ့ကို ရက်ရက်ရောရောပေးလိုက်တယ်ကွ၊ ဆေးပြားတွေ၊ လျှို့ဝှက်လက်စွဲစာအုပ်တွေနဲ့ ကျင့်ကြံရေးလက်နက်တွေ ဝယ်ဖို့ သန်း ၃၀ ပေးတယ်။ နောက်ပြီး သူ့ငါ့ကို စကားတစ်ခွန်းပဲပြောခဲ့တယ်၊ သူ့ကို အရှက်မခွဲနဲ့တဲ့]
[အို ဘုရားသခင်၊ သန်း သုံးဆယ်တောင်၊ ငါအရမ်းပျော်တယ်။]
[ယွင်ဖန်း၊ မင်းက သီးသန့်ကျင့်ကြံနေတာလား။ မင်းမိဘတွေကို ငါမမေးလိုက်မိရင် ငါသိမှာတောင်မဟုတ်ဘူး]
ဤသတင်းရပြီးနောက် ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းကို စာပို့ခြင်းရပ်တန့်လိုက်သည်။ ချူးယွင်ဖန်း သည် သီးသန့်ကျင့်ကြံနေခြင်းဖြစ်ကြောင်းနှင့် ဘေးကင်းကြောင်း သိပြီးနောက် ဂေါင်ဟုန်ချီက မည်သည့်စကားများထပ်ပြောရန် စိတ်မဝင်စားတော့ပေ။
ဂေါင်ဟုန်ချီ၏ စာတိုများပြီးနောက်၊ ချူးယွင်ဖန်းသည် ပိုင်လင်အာထံမှ ပထမဆုံးအကြိမ် မက်ဆေ့ခ်ျပေးပို့ထားသည်ကို တွေ့လိုက်ရသည်။
[ရှင်ဘယ်တွေရောက်နေတာလဲ။ ကျွန်မ၊ ရှင်နဲ့ ဆေးပညာ ပြိုင်ချင်သေးတယ်။ ဒီကာလအတွင်း သင်ဘယ်လောက်ထိ တိုးတက်လာပြီလဲကြည့်ရအောင်။ ရှင်ကျွန်မကို မယှဉ်နိုင်ဘူးဆိုတာ ကျွန်မသေချာတယ်။]
ဤလူနှစ်ယောက်အပြင် တန်စီယုထံမှ မက်ဆေ့ချ်တစ်ခုလည်း ရှိသေးသည်။
[ကံကောင်းပါစေ။ ဟုန်ချီဆီက ကြားတယ်။ ဘိုးဘွားကန်တော့ပွဲမှာ ပထမဆုရခဲ့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဂရုစိုက်ပါ]
တန်စီယုက စကားခပ်များများ မပြောသော်လည်း သူမိစိတ်ပူနေကြောင်းသိသာ၏။
ချူးယွင်ဖန်းသည် ထိုစာများကို မြင်သောအခါ ပြုံးလိုက်သည်။ နွေးထွေးသောခံစားမှုတစ်ခု သူ့နှလုံးသားထဲသို့ စီးဆင်းသွားသည်။ ဤစာများသည် လူသားမျိုးနွယ်ကို ကိုယ်စားပြုကာ၊ သူသည် လူတစ်ဦးဖြစ်၍ ကျင့်ကြံရေးစက်မဟုတ်ကြောင်းနားလည်စေနိုင်သည်။
သို့သော် ဤအရာများမှလွဲ၍ အခြားအရေးကြီးသောအရာမှာ လုချင်းရွှမ်ပေးပို့သည့် အချက်အလက်များဖြစ်သည်။ ယင်းသည် ရှန်ဟဲဆေးပညာကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းပင်ဖြစ်၏။
လွန်ခဲ့သောတစ်လက၊ ရှန်ဟဲဆေးပညာသည် ချူးယွင်ဖန်း ပေးထားသည့်ဖော်မြူလာကိုအသုံးပြု၍ ထုတ်လုပ်ခဲ့သော ချီဖြည့်ဝဆေးများကို စတင်ရောင်းချခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ဤတိုးတက်ကောင်းမွန်လာသော ချီပြည့်ဝဆေးများသည်၊ ထွက်ရှိပြီးနောက် ချက်ချင်းဆိုသလိုပင် ရောင်းအားတက်လာခဲ့သည်။ ချီပြည့်ဝဆေးများကို သာမန်လူများ မကြာခဏအသုံးပြုကြ၏။
စျေးမမြင့်သော်လည်း ရောင်းရသော ဆေးအရေအတွက်သည် အလွန်များသည်။ ထို့ကြောင့် ဆေးထုတ်လိုက်သည်နှင့် လူများစွာမှဝယ်ယူသုံးစွဲခဲ့ကြသည်။
ထို့အပြင် ယခင်က ချူးယွင်ဖန်း ရင်းနှီးမြုပ်နှံခဲ့သော ယွမ်သန်းငါးရာသည် လုချင်းရွှမ်အတွက် အလွန်ရက်ရောသော ပမာဏဖြစ်သည်။ သူမသည် ကျောင်းတွင် သင်ယူခဲ့သည့် နည်းပညာအားလုံးကို အသုံးချကာ တည်ငြိမ်သမုဒ္ဒရာမြို့တော်တစ်ခုလုံးကို လူသိရှင်ကြား ထုတ်ဖော်ပြသနိုင်ခဲ့သည်။ လက်ရှိခေတ်တွင် သတင်းတွေက အင်တာနက်ပေါ်၌ အလွန်လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသဖြင့် မကြာမီတွင်ပင် ဤတိုးတက်ကောင်းမွန်လာသော ချီပြည့်ဝဆေးများသည် ကွန်ရက်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
လုချင်းရွှမ်သည် အချိန်နှင့်တစ်ပြေးညီ အွန်လိုင်းရောင်းချမှုအတွက် ချန်နယ်တစ်ခုကို ဖွင့်လှစ်ခဲ့ကာ၊ အွန်လိုင်းတွင် စတင်ရောင်းချခဲ့သည်။ ဤနည်းအားဖြင့် ကုမ္ပဏီသည် ကြားခံကိုယ်စားလှယ်တစ်ဦးလိုအပ်မှုကို ဖယ်ရှားကာ၊ အသုံးပြုသူများထံသို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ အဆက်အသွယ်များသည် ပိုမိုကျယ်ပြန့်လာမည်ဖြစ်သဖြင့်၊ ဖြန့်ဖြူးသူများကို အားကိုးရန် လိုအပ်တော့မည်မဟုတ်ပေ။
သို့သော် သာမန်လူများအတွက်မူ၊ ၎င်းတို့၏ ထုတ်ကုန်များတွင် ထူးခြားသော အားသာချက်များမရှိသည့်အတွက်ကြောင့်၊ ၎င်းတို့၏ ထုတ်ကုန်များကို ကြော်ငြာရန် အော့ဖ်လိုင်း ဖြန့်ဖြူးသူများ လိုအပ်သည်။
သို့သော် ချီပြည့်ဝဆေး၏ ဗားရှင်းအသစ်သူမူကွဲပြားသည်။ အကျိုးသက်ရောက်မှုသည် နှစ်ဆတိုးလာသော်လည်း စျေးနှုန်းသည်မူ အတူတူပင်ဖြစ်သည်။ ၎င်းကိုယ်တိုင်၏ အကျိုးသက်ရောက်မှုသည် နှစ်ဆတိုးလာသော်လည်း စျေးနှုန်းသည်မူ အတူတူပင်ဖြစ်သည်။ ၎င်းကိုယ်တိုင်ကပင် လူအများ မတွန်းလှန်နိုင်မည့်ဆွဲဆောင်မှုတစ်ခုဖြစ်သဖြင့် ဤချီပြည့်ဝဆေးသည် ရေရှည်အရောင်းရဆုံးထုတ်ကုန်တစ်ခုဖြစ်ကြောင်း လူတိုင်းသိကြသည်။
ဤအွန်လိုင်းအရောင်းချန်နယ်အပြင်၊ ကြေးစားအဖွဲ့များ၊ မွန်းစတားမုဆိုးအဖွဲ့များနှင့် စူးစမ်းရှာဖွေရေးအဖွဲ့များစွာသည်လည်း ရှန်ဟဲဆေးပညာကုမ္ပဏီသို့ တိုက်ရိုက်သွားရောက်ကာ အမှာစာများချန်ရစ်ခဲ့ကြသည်။ ၎င်းတို့သည် အနည်းဆုံး ချီပြည့်ဝဆေး ရာကျော်ခန့်ကို မှာယူကြကာ၊ အများဆုံးအနေဖြင့်၊ ထောင်နှင့်ချီ၍ မှာယူကြလေ့ရှိသည်။ ထို့အပြင် ယင်းတို့သည် နှစ်ရှည်အမှာများဖြစ်ကြကာ၊ တစ်ကြိမ်တည်းအတွက်သာမှာကြားကြခြင်းမဟုတ်ပေ။ ကုမ္ပဏီတည်ငြိမ်သွားသည်နှင့်အမျှ ၎င်းသည် ကြီးမားသော ငွေစီးဆင်းမှုလမ်းကြောင်းတစ်ခု ဖြစ်လာမည်မှာသေချာ၏။
ဤအဖွဲ့များသည် အခြေခံအားဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဆေးကုမ္ပဏီများရှိကြသော်လည်း ၎င်းတို့သည် အထူးပြုဆေးကုမ္ပဏီများမဟုတ်ကြပေ။ ဤကဲ့သို့သော သာမန်ဆေးပြားများကို နေ့စဥ်ဖော်စပ်ရန်အတွက် ဆေးပညာရှင်များစွာပါဝင်သည့်အဖွဲ့တစ်ခုကို ရေရှည်ခန့်အပ်ထားရန် မဖြစ်နိုင်ပေ။ ယင်းသည် အရင်းအမြစ်များ ကို ဖြုန်းတီးခြင်းဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့နှင့် လုပ်ကိုင်နေသော ဆေးကုမ္ပဏီမှ ဤဆေးဖက်ဝင်ဆေးလုံးများကို မှာယူခဲ့သည်။ ကုမ္ပဏီတစ်ခုစီတိုင်းတွင် ၎င်း၏ကိုယ်ပိုင်ဖောက်သည်များရှိကြသည်။ ထိုဈေးကွက်သည် ချူးယွင်ဖန်း ၏ ရှန်ဟဲဆေးပညာကဲ့သို့သော ကုမ္ပဏီအသစ်တစ်ခုမဟုတ်ပေ။
သို့သော်လည်း ရှန်ဟဲဆေးပညာမှ ထုတ်သောချီပြည့်ဝဆေး၏ အကျိုးသက်ရောက်မှုသည် အလွန်ထင်ရှားကျော်ကြားသည်။ လက်အောက်ငယ်သားများ၏ ဘဝကို ဂရုမစိုက်သော သူများမှလွဲ၍ စျေးနှုန်းတူညီ၍ အကျိုးသက်ရောက်မှုကွာသည့် အဆင့်နိမ့်သော ထုတ်ကုန်ကို မည်သူကရွေးချယ်လိမ့်မည်နည်း။
ကော်မရှင်ခမည်မျှပင်ရှိစေကာမူ ဤကိစ္စကို မည်သူမျှ ပေါ့ပေါ့ဆဆ မလုပ်ဝံ့ကြပေ။ ဤအဖွဲ့များသည်လည်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ အစွန်းတစ်ဖက်တွင် ရုန်းကန်နေကြရခြင်းဖြစ်သည်။ ထို့ကြောင့် ဓား၏အစွန်းအဖျားတွင် ကနေခြင်းသည် အလွန်အမင်း အန္တရာယ်များသည်။ အကယ်၍ ခေါင်းဆောင်သည် မိမိ၏နောက်လိုက်များ၏ အသက်နှင့် ပတ်သက်၍ ပေါ့ပေါ့တန်တန်လုပ်ပါက၊ အဖွဲ့၏ စိတ်ဓာတ်များ အစိတ်စိတ်ကွဲကာ၊ ကွဲကြေပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် လုချင်းရွှမ်သည် ထိုအဖွဲ့များကို တစ်ဖွဲ့ချင်းရှာရန်မလိုတော့ပေ။ ဤအဖွဲ့ကြီးများအားလုံးသည် ၎င်းတို့ကိုယ်တိုင်လာ၍ ဆွေးနွေးကြသည်။ အစပိုင်းတွင် ၎င်းတို့သည် မာန်ဝင့်ချင်ကြသော်လည်း နှစ်စဥ်လိုအပ်သော ဆေးပမာဏသည် အလွန်များပြားသော ပမာဏဖြစ်သည်။
“ချီပြည့်ဝဆေးကို သုံးတာက မင်းကို ပိုက်ဆံပေးတာနဲ့တူတူပဲ။ ငါတို့ကို စျေးလျှော့ပေးပြီးတော့ ပိုက်ဆံပြန်အမ်းပေးပါ” အဖွဲ့တိုင်းက ဤသို့ပြောခဲ့ကြသည်။
သို့သော် ဤမြေခွေးအိုများအတွက် လုချင်းရွှမ်တွင် အဖြေတစ်ခုသာရှိသည်။
“လိုချင်ရင်ဝယ်၊ မလိုချင်ရင်မဝယ်နဲ့။ အလျှော့အတင်းလိုချင်ရင် ငါတို့ဆီက ဝယ်ဖို့ မစဥ်းစားနဲ့”
စျေးကွက်တွင် ဤထူးခြားသော ချီပြည့်ဝဆေးများသည်၊ လုချင်းရွှမ်၏ အကြီးမားဆုံးသော ယုံကြည်မှုအရင်းအမြစ်ဖြစ်သည်။ ရှန်ဟဲဆေးပညာမှလွဲ၍ ၎င်းတို့ကဲ့သို့ အခြားကုန်သည်ကို စျေးကွက်တွင်ရှာရန်မဖြစ်နိုင်ပေ။
ဤသည်က ပုံမှန်ရောင်းသူ၏ စျေးကွက်တစ်ခုဖြစ်သည်။ နောက်ဆုံးတွင် ဤအဖွဲ့ခေါင်းဆောင်များ မည်မျှပင် အံ့ကြိတ်ထားကြပါစေ၊ ၎င်းတို့သည် လုချင်းရွှမ်၏ စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်သည်။
အချိန်တိုအတွင်းတွင် ရှန်ဟဲဆေးပညာသည် ချီပြည့်ဝဆေးစျေးကွက်၏ သုံးဆယ်ရာခိုင်နှုန်းကျော်ကို လက်ဝါးကြီးအုပ်ထားသည်။ ဤသည်မှာ ကြီးမားသော အကျိုးအမြတ်တစ်ခုဖြစ်ကြောင်း သံသယဝင်ရန်ပင်မလိုအပ်ပေ။ သို့သော် ရှန်ဟဲကုမ္ပဏီ၏ အတိုင်းအတာသည် ထိုနေရာတွင်ရှိနေပြီဖြစ်သောကြောင့် ၎င်းတို့သည် လူများစွာကို စုဆောင်းနေကြသော်လည်း ထိုကဲ့သို့အချိန်တိုအတွင်းတွင် လူအလုံအလောက်ရရှိရန်ခက်ခဲလှသည်။
ကုမ္ပဏီတွင် ဆေးပညာရှင်အလုံအလောက်မရှိပေ။ လက်ရှိတွင် ၎င်းတို့သည် ဆေးပညာရှင် ငါးရာကျော်ခန့်ကို ငှားယူထားကြသည်။ ဤသည်မှာ အလွန်များပြားသော အမှာစာများနှင့်ယှဥ်လျှင် အလွန်ဝေးကွာနေသေး၏။
ဤဆေးပညာရှင်များအားလုံးကို ကုမ္ပဏီသို့ တိုက်ရိုက်ခေါ်ယူခြင်းမဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့လောကတွင် ပူးပေါင်းဆောင်ရွက်ခြင်းပုံစံကို လက်ခံကျင့်သုံးလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဖော်မြူလာကို လူသိရှင်ကြားဖော်ပြခဲ့ပြီးဖြစ်သဖြင့် ဤဆေးပညာရှင်များသည် ဤဖော်မျူလာအတိုင်းပင် ဆေးလုံးများဖော်စပ်နိုင်သည်။
ရှန်ဟဲကုမ္ပဏီသည် ၎င်းတို့ ပြုလုပ်သော ဤဆေးလုံးများကို သတ်မှတ်ထားသော စျေးနှုန်းဖြင့် ဝယ်ယူမည်ဖြစ်သည်။ နောက်ဆုံးထုတ်ကုန်၏ရလဒ်သည် အဆင့်မီပါက၊ ၎င်းတို့ ထိုက်သင့်သော ငွေကို ရရှိကြမည်ဖြစ်သည်။ ထိုဆေးများကို မည်သူဖော်စပ်ခဲ့ပါစေ၊ ထုတ်ကုန်သည် အရည်အသွေးပြည့်မီပါက၊ အတိုင်းအတာတစ်ခုအထိ အဆင်ပြေဦးမည်ဖြစ်သည်။