အခန်း (၃၈၈-၃၉၀)
Vol. 26 Ch. 388-390
အခန်း(၃၈၈) သီးသန့်ဂိုဏ်းများနှင့် မိသားစုဂိုဏ်းများ
“ဂိုဏ်းတွေဟုတ်လား” ချူးယွင်ဖန်း အံ့သြသွားရသည်။ ဤအခေါ်အဝေါ်ကို သူအကြမ်းဖျင်းမျှသာ ကြားခဲ့ဖူးသည်။ လူများစွာသည် “တက္ကသိုလ်ကောင်းကို တက်ပြီး ကောင်းတဲ့ဂိုဏ်းကို ဝင်ပါ” ဟူသောစကားကို အမြဲပြောခဲ့ကြသည်။ သို့သော် သူ ဤဂိုဏ်းများအကြောင်း ဂဃနဏမသိခဲ့ဖူးပေ။ ရှဖန်းနှင့်အခြားသူများသည် ချူးယွင်ဖန်းတမျှ မသန်မာလှသော်လည်း သူတို့၏အသိပညာသည် ချူးယွင်ဖန်းထက်ပိုမိုကြွယ်ဝ၏။ ထို့ကြောင့် ၎င်းတို့၏ အမူအရာများသည် အနည်းငယ်နားလည်မှုရှိကြကြောင်း သိသာထင်ရှား၏။
“ဂိုဏ်းထဲကသူတွေရော ပါဝင်မယ်ဟုတ်လား” ရှဖန်က အံ့သြစွာမေးလိုက်သည်။
“အင်း မှန်တယ်။ သူတို့လည်း ဆွေးနွေးပွဲမှာ ပါဝင်ကြလိမ့်မယ်။ သူတို့အားလုံးက မင်းတို့နဲ့အသက်တူတူရှိတဲ့ လူငယ်မျိုးဆက်တွေပဲ” ကျန်းယွမ်ပင်က ဖြေသည်။
“တာအိုဆွေးနွေးပွဲက ကျောင်းနည်းနည်းနဲ့ ဖွဲ့စည်းထားတဲ့ ပြိုင်ပွဲတစ်ခုသာသာပဲလို့ မင်းထင်နေတာလား”
လူတိုင်း ကျန်းယွမ်ပင်ကို ကြည့်နေကြသည်။
ကျန်းယွမ်ပင်က သက်ပြင်းချ၍ ဆက်ပြော၏။
“မင်းတို့က လူသားမျိုးနွယ်ရဲ့ အနာဂတ်လက်ရွေးစင်တွေပဲ။ သူများတွေမသိပေမယ့် မင်းတို့ကတော့ သိသင့်တယ်။ ငါတို့ လူသားတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ အမွေအနှစ်တွေအများကြီး တူးဖော်တွေ့ရှိခဲ့ကြတယ်။ အဲ့တာတွေက ရှေးဟောင်းလူသားကာလက ဂိုဏ်းခွဲတွေနဲ့ အများကြီးသက်ဆိုင်တယ်။ အများစုက ပြည်ထောင်စုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပေမယ့်၊ ခြွင်းချက်တော့ရှိတယ်။ ဒီခေတ်သစ်ဂိုဏ်းတွေက ရှေးဟောင်းလူသားကာလရဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကို သုံးပြီး သူတို့ကိုယ်တိုင် ထူထောင်ခဲ့ကြတာပဲ”
“အပျက်အဆီးတွေအများကြီးရှိပြီးတော့၊ တည်ထောင်ခဲ့တဲ့ ဂိုဏ်းတွေအတွက် အမွေဆက်ခံမှုလည်း အပြည့်ရှိတယ်။ အဲ့အပြင် အချို့လူတွေက သီးသန့်ဂိုဏ်းတို့ မိသားစုဂိုဏ်းတို့ထဲကို ဝင်ကုန်ကြတယ်။ ဒါက ပြည်ထောင်စုအပြင်ဘက်မှာ လှည့်လည်နေကြတဲ့ အင်အားစုတွေကို ဆိုလိုတာပဲ။ အဲ့အင်အားစုတွေရဲ့ ကျေးဇူးကြောင့် လူ့အဖွဲ့အစည်းက အခြေအနေဆိုးတွေကို မကြုံတွေ့ကြရတာပဲ။ အဲ့အင်အားစုတွေက အခု ကြီးမားတဲ့အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးလာပြီ။
“သူတို့က ပြည်ထောင်စုအစိုးရနဲ့ မယှဥ်နိုင်ပေမယ့် အင်အားစုတွေအကုန်ပေါင်းလိုက်ရင်တော့ အစိုးရကို ပြဿနာအများကြီးဖြစ်စေနိုင်တယ်။ အပေါ်ယံမှာတော့ တာအိုဆွေးနွေးပွဲက မျိုးဆက်သစ်လူငယ်တွေ သိုင်းပညာဖလှယ်ဖို့ ရည်ရွယ်ထားပေမယ့် ဒါက အဟန့်အတား ပုံစံတစ်ခုပဲ” ကျန်းယွမ်ပင်က ပြောသည်။
“ဂိုဏ်းတစ်ခု ဆက်ပြီး ကြီးထွာဖို့ အရေးအကြီးဆုံးအချက်က သူ့တို့ရဲ့ အစွမ်းဖက်တဲ့ ခွန်အားအပြင် မျိုးဆက်သစ်လူငယ်တွေ ဆက်ပြီး ရှင်သန်နိုင်တယ်မနိုင်ဘူးဆိုတာပဲ။ ပြည်ထောင်စုခေါင်းဆောင်တွေက မွန်းစတားတွေကို တိုက်ခိုက်ပြီးတော့ ငါတို့အဖွဲ့အစည်းရဲ့ဂုဏ်ကို မြှင့်တင်ထားကြတယ်”
“သူတို့မှာ ကျွမ်းကျင်သူတွေအများကြီးရှိတယ်ဆိုတဲ့ အချက်ကလွဲလို့ တက္ကသိုလ်တော်တော်များများက အစိုးရနဲ့ စစ်တပ်ကို အဆုံးမရှိတဲ့ ပါရမီရှင်တွေကို မွေးထုတ်ပေးတယ်” ကျန်းယွမ်ပင်က ဆက်လက်ရှင်းပြသည်။
“ကျွန်တော် အခုနားလည်ပါပြီ၊ ဒါက အစိုးရရဲ့ ခွန်အားကို ပြတဲ့နည်းတစ်ခုပဲပေါ့။ တက္ကသိုလ်အသီးသီးက လူငယ်တွေက အဲ့သီးသန့်ဂိုဏ်းတွေနဲ့ မိသားစုဂိုဏ်းတွေရဲ့ တပည့်တွေထက် ပိုသန်မာနေမှအဆင်ပြေမှာပေါ့” ချူးယွင်ဖန်း၏ မျက်လုံးများတောက်ပလာသည်။
“မှန်တယ်။ သီးသန့်ဂိုဏ်းနဲ့ မိသားစုဂိုဏ်းတွေက သူတို့အင်အားကို အစိုးရကို ပြသရမယ့်အခွင့်အရေးလည်းဖြစ်တယ်။ သူတို့ကိုသန်မာတဲ့လို့ယူဆထားတဲ့ လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်မှာပဲ လှည့်လည်သွားလာနေကြလိမ့်မယ်” ကျန်းယွင်ပင်က ချူးယွင်ဖန်းကို သဘောကျစွာကြည့်လိုက်သည်။
“ဒါ့ကြောင့် သူတို့ဟာ သူတို့ရဲ့ အကောင်းဆုံးတပည့်တွေကို စေလွှတ်မှာ အသေအချာပဲ။ အဲ့တာကြောင့် နှစ်စဥ်တာအိုဆွေးနွေးပွဲကို လူသားမျိုးနွယ်တစ်ခုလုံးရဲ့ လူငယ်တွေကြားကပြိုင်ပွဲလို့ ဆိုလို့ရတယ်”
နောက်ဆုံးတွင် ချူးယွင်ဖန်း အရာအားလုံးကို နားလည်သဘောပေါက်သွားသည်။ ဤစွမ်းအားများသည် ရှေးဟောင်းလူသားများကာလ၏ အမွေအနှစ်များမှ ရရှိလာသော အကျိုးကျေးဇူးများဖြစ်သည်။ ၎င်းတို့ထဲမှအချို့သည် ချူးမိသားစုသို့မဟုတ် လူသားမျိုးနွယ်၏ အကျိုးဆောင်ရန် ပြည်ထောင်စု၌ပါဝင်ရန် ရွေးချယ်ခဲ့ကြသော ဆေးဘုရင်များကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပြည်ထောင်စုအတွင်းတွင် အမြစ်တွယ်လာခဲ့ကြသည်။
သို့သော် ပြည်ထောင်စုအစိုးရမှ ထိန်းချုပ်ခြင်းမခံလိုသော အင်အားစုများလည်းရှိကြသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ ထိန်းချုပ်မှုအပြည်ဘက်တွင် လှည့်လည်သွားလာကြသည်။ ထိုသူများကို လူသားမျိုးနွယ်၏ ပြင်ပစွမ်းအင်များဟုယူဆနိုင်မည်ဖြစ်သည်။ ၎င်းတို့နှင့် ပြည်ထောင်စုအစိုးရကြားတွင် ပြိုင်ဆိုင်မှု၊ တိုက်ခိုက်မှု၊ နှင့် ပူးပေါင်းဆောင်ရွက်မှုများလည်းရှိကြ၏။
ချူးယွင်ဖန်းသည် ခဏတာမျှစဥ်းစားလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ယခင်က ပိုင်ဟုန်၏ သဘောထားနှင့်၊ အချို့သော နောက်ဆက်တွဲမေးခွန်းများကိုလည်း ပြန်လည်သတိရမိသည်။ ပိုင်ဟုန်သည် သူ့အား ထိုသီးသန့်ဂိုဏ်းတစ်ခုခု၏ တပည့်အဖြစ်ဆက်ဆံခဲ့ပုံပေါ်၏။ ပိုင်ဟုန် လွယ်လွယ်နှင့် ယုံခဲ့သည်မှာ အံ့သြဖွယ်မရှိပေ။ ပိုင်ဟုန်သည် သူ့နောက်တွင် ကြီးကျယ်သော ကျောထောက်နောက်ခံကြီးတစ်ခုရှိသည်ဟု တွေးထားခဲ့ခြင်းဖြစ်၏။
ဤနည်းဖြင့် ချူးယွင်ဖန်းသည် သီးသန့်ဂိုဏ်းများ၏ အမည်ကို ခေါင်းစည်းအဖြစ် မသိမသာအသုံးပြုခဲ့သည်။
ဤသည်က အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။
သို့သော် ထိုမှတစ်ဆင့် ချူးယွင်ဖန်းသည် တာအိုဆွေးနွေးပွဲ၏ပြိုင်ဆိုင်မှု မည်မျှကြီးလိမ့်မည်ကိုတွေးကြည့်နိုင်ခဲ့သည်။ ဤနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ အမှတ်အများဆုံးရသူပင်လျှင် ချန်ပီယံဖြစ်လာနိုင်လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည်မူ အနည်းငယ်မျှပင် စိတ်လျော့ခြင်းမရှိ၊ သူ့သွေးများပွက်ပွက်ဆူလာသကဲ့သို့ ခံစားလိုက်ရသည်။ တုန်ဖန်းဟောက်နှင့် မိမိကိုယ်မိမိ နှိုင်းယှဥ်၍ မရသေးသော်လည်း နောင်နှစ်ဝက်အကြာတွင် မည်သူအနိုင်ရလိမ့်မည်မှာ မသေချာသေးပေ။
ထိပ်တန်းကျွမ်းကျင်သူအမျိုးမျိုးကို တိုက်ခိုက်ရန် အခွင့်အရေးရှိသည်ဟူသော ခံစားချက်နှင့်အတူ၊ အခြားသူများစွာ ပါဝင်မည်ဟူသည့်အကြောင်းကို တွေးမိသောအခါ ချူးယွင်ဖန်း၏ သွေးများ ဆူပွက်လာသည်။
“မနှစ်က တာအိုဆွေးနွေးပွဲမှာ ပြည်ထောင်စုတက္ကသိုလ်က ကျရှုံးခဲ့တယ်။ ဆွေးနွေးပွဲရဲ့ ချန်ပီယံက ငါတို့ ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားမဟုတ်သလို အခြားတက္ကသိုလ်ဆယ်ခုက ကျောင်းသားလည်းမဟုတ်ဘူး။ သူကသီးခြားဂိုဏ်းက တပည့်တစ်ယောက်ပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတက္ကသိုလ်က အထက်လူကြီးတွေ အရမ်းစိတ်ဆိုးခဲ့တယ်။ ဒါ့ကြောင့် ဒီနှစ်မှ ငါတို့ မအောင်မြင်လို့မဖြစ်ဘူး။ အခြားဆရာတွေက သူတို့မျှော်လင့်ချက်တွေအားလုံးကို သန့်စင်ခြင်းအဆင့်ကျောင်းသားတွေအပေါ် ပုံအပ်ထားရမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ငါမင်းတို့ကို ကွဲပြားဖို့ တောင်းဆိုချင်ပါတယ်။ မင်းတို့ရဲ့ အရည်အချင်းက သူတို့ထက် နည်းနည်းလေးမှ နိမ့်ကျမနေဘူး။ ကိစ္စတွေက ပြောင်းလဲသွားနိုင်တယ်။ နောက် နှစ်ဝက်မှာ ငါအကောင်းဆုံးကြိုးစားပြီး မင်းတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို မြှင့်တင်ပေးမယ်။ ဆွေးနွေးပွဲမှာ ကျန်တဲ့လူအားလုံးကို အနိုင်ယူပစ်မယ်” ကျန်းယွမ်ပင်က ကြွေးကျော်လိုက်သည်။
ရှဖန်နှင့် အခြားသူများသည် ဤစကားကို ကြားသောအခါ၊ အနည်းငယ်တွန့်ဆုတ်သွားကြသည်။ ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသာများ မည်မျှ စွမ်းအားကြီးမားကြောင်း နားလည်ထားကြသည်။ ထိုသို့ဆိုလျှင်ပင် ချန်ပီယံဆုကို သီးခြားဂိုဏ်းတပည့်များမှ လုယူခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဤတာအိုဆွေးနွေးပွဲသည် ၎င်းတို့ထင်ထားသည့်အတိုင်းမဟုတ်ကြောင်း ပိုရှင်းလင်းသွားသည်။ ဤဆွေးနွေးပွဲသည် ပြည်တွင်းစစ်သာဖြစ်၏။
သို့သော် ၎င်းတို့သည် ရှုံးနိမ့်မှုကို အလွယ်တကူဝန်ခံကြလိမ့်မည်မဟုတ်ပေ။ သူတို့၏အရည်အချင်းမနိမ့်ကျဟု ယုံကြည်ကြသည်။
“ကျွန်တော်တို့ အခုနားလည်ပါပြီ၊ ဆွေးနွေးပွဲမှာ ချန်ပီယံဆုကို ကျွန်တော်တို့ သေချာပေါက်အရယူနိုင်မှာပါ” ချူးယွင်ဖန်းက လှမ်းပြောသည်။
ရှဖန်နှင့်အခြားသူများသည် ချူးယွင်ဖန်းကို အံ့အားသင့်စွာကြည့်နေကြသည်။ သူတို့သည် အခြားသူများထက်မနိမ့်ကျဟု ယုံကြည်မှုရှိသော်လည်း ချန်ပီယံဖြစ်ရန်မူ မည်သည့်အခါကမျှ မတွေးထားခဲ့ဖူးကြပေ။ အများစုမှာ ပြည်ထောင်စုတက္ကသိုလ်၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန် အစွမ်းကုန်ကြိုးစားကြမည်သာဖြစ်သည်။
“ကောင်းတယ် ကောင်းတယ် အဲ့လိုရည်မှန်းချက်မျိုးရှိတာ ကောင်းတယ်” ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို အသိအမှတ်ပြုစွာကြည့်၍ မျက်လုံးများ တဖျပ်ဖျပ်တောက်လာသည်။
“ကျွန်တော်တို့ ချန်ပီယံမဖြစ်ရင် အဓိပ္ပါယ်မရှိဘူးမလား။ ကျွန်တော်တို့ ပါဝင်ရမှာဆိုမှတော့ အနိုင်ရသူတွေပဲဖြစ်လာရမှာပေါ့” ချူးယွင်ဖန်းက ရိုးရှင်းစွာပြောသည်။
ရှဖန်နှင့်အခြားသူများသည် ချူးယွင်ဖန်းအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။ သူပြောသည့်စကားသည် အလွန်မောက်မာနေပုံပေါ်သော်လည်း အမည်မသိအကြောင်းပြချက်တစ်ခုကြောင့် ၎င်းတို့၏ ခန္ဓာကိုယ္တစ်လျှောက်တွင် သွေးများ နားမလည်နိုင်စွာဖြင့် ပွက်ပွက်ဆူသွားသည်။
မှန်သည်။ ၎င်းတို့သာ ချန်ပီယံဖြစ်မလာလျှင်၊ အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ပြိုင်ဘက်များက စွမ်းအားကြီးကြလျှင်ပင်၊ ၎င်းတို့အရှုံးကို ယခုဝန်ခံလိုက်ပါက၊ သူတို့တစ်သက်လုံး ထိုသူများကို ကျော်တက်နိုင်ရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်ပေ။
“အဆင်သင့်ပြင်တော့၊ အခု အထူးလေ့ကျင့်ရေးတွေလုပ်ကြရတော့မယ်” ကျန်းယွမ်ပင်က ပြောသည်။
အခန်း(၃၈၉) ကျွန်တော် လုံးဝယုံကြည်ပါတယ်
နောက်တစ်နေ့တွင် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ဆိုလိုသော အထူးလေ့ကျင့်မှုအကြောင်းကိုနားလည်သွားသည်။ သူကျောင်းပင်မတက်ရသေးခင် ရက်အနည်းငယ်အလိုတွင် ကျန်းယွမ်ပင်သည် သူ့အားတောထဲသို့ခေါ်ခဲ့သည်။
ကျယ်ပြောလှကာ၊ အဆုံးအစမဲ့သော တောင်တန်းကြီးတစ်ခု၏ ထိပ်မှရပ်ကြည့်လျှင်၊ တောင်တန်းများစွာနှင့် လျှိုမြောင်များစွာကို နေရာတိုင်းတွင်မြင်နိုင်၏။ ဤတောင်တန်းပေါ်တွင် ပေနှစ်ဆယ်နှင့် အမြင့်ပေ ၃၀၀ ကျော်မြင့်သော သစ်ပင်ကြီးများ၏ သစ်ရွက်စိမ်းများစုစည်း၍ အထက်ကောင်းကင်ယံကို ပိတ်ကွယ်လျက်ရှိသည်။
ပကတိမည်းနက်နေသော တိုက်လေယာဥ်တစ်စီးသည် ဤတောင်တန်းအထက်တွင်ပျံဝဲလျက်ရှိရာ၊ ၎င်းသည် ပေအရှည် သုံးဆယ်နှင့်၊ ပေနှစ်ဆယ်ကျော်ခန့် ကျယ်သည်။ ပျော့ပြောင်းသော ဂျက်လေယာဥ်သည် သိပ္ပံရုပ်ရှင်ထဲမှ ထွက်လာသကဲ့သို့ ထင်ရ၏။ ထို့အပြင် ထိုတိုက်လေယာဥ်ထဲတွင် ကျန်းယွမ်ပင်နှင့် သူ့တပည့် ခြောက်ဦးပါရှိသည်။
“ဆရာ၊ ဘာလို့ ကျွန်တော် ဒီတိုက်လေယာဥ်ကို အရင်ကမမြင်ဖူးတာလဲ။ ဒါတပ်မတော်က အသစ်ထုတ်ထားတဲ့ဂျက်လေယာဥ်လား” ဂျက်လေယာဥ်အတွင်းမှ အဖြူရောင်ချပ်ဝပ်တန်ဆာဝတ်ဆင်ထားသော ခယ့်ယွေ့က စိတ်ဝင်တစားမေးလိုက်သည်။ ကျန်းယွမ်ပင်သည် ၎င်းတို့ကို ဤနေရာသို့ နံနက်အစောပိုင်းတွင် ခေါ်လာခဲ့ခြင်းဖြစ်သည။ ၎င်းတို့အားလုံး တိုက်လေယာဥ်ပေါ်တို့ တက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဤတောင်တန်းများဆီသို့ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။
“ဒါက နောက်ဆုံးထွက်မော်ဒယ် တိုက်လေယာဥ်ပဲ။ သိမ်းငှက်နက်လို့ ခေါ်တယ်။ လက်ရှိမှာ ဒီလေယာဥ်ကို လူတိုင်းမရနိုင်ဘူး။ စစ်တပ်မှာတောင်မရှိဘူး။ လက်ရွေးစင်အထူးတပ်ဖွဲ့နည်းနည်းမှာပဲ ဒီလိုတိုက်လေယာဥ်မျိုးရှိတယ်။ ဒါက ပြည်ထောင်စုတက္ကသိုလ် သုသေသနဌာနက တီထွင်ထားတဲ့ နောက်ဆုံးမော်ဒယ်ဖြစ်တာကြောင့် ပြည်ထောင်စုတက္ကသိုလ်အပြင်မှာ မင်းတို့တွေ့ရမှာမဟုတ်ဘူး။ တက္ကသိုလ်အတွင်းကလူတွေက ဒါကို အမှတ်တွေနဲ့လဲလို့ရတယ်။ ဒီတိုက်လေယာဥ်ရဲ့ အကြောင်း လူအများကြီးဆီမရောက်သေးဘူး။ တကယ်တော့၊ ဒီလို တိုက်ခိုက်ရေးယာဥ်တွေ၊ သံချပ်ကာတွေနဲ့ မင်းတို့အပြင်မှာ မမြင်ဖူးတဲ့ဟာတွေက ဆယ်နှစ်ထက်မနည်းနောက်ကျနေပြီ”
ကျန်းယွမ်ပင်၏ စကားများမှ ချူးယွင်ဖန်းပြောနိုင်သည်မှာ ပြည်ထောင်စုတက္ကသိုလ်တွင် ၎င်း၏ ကိုယ်ပိုင် လက်နက်ဒီဇိုင်းဌာနရှိကာ၊ ၎င်းတို့ကိုယ်တိုင် လက်နက်များ ထုတ်လုပ်နိုင်စွမ်းရှိသည်ပင်ဖြစ်သည်။ သိမ်းငှက်နက်ကဲ့သို့သော တိုက်လေယာဥ်များသည် စျေးကွက်တွင်ရေပန်းစားသည့် အမျိုးအစားများထက် အနည်းဆုံးမျိုးဆက်တစ်ခုစာ ပိုမိုအစွမ်းထက်ကြောင်း ထင်ရှားသည်။
ပြည်ထောင်စုတက္ကသိုလ်သည် ၎င်းတို့လက်အောက်တွင် ကုမ္ပဏီများစွာ ရှိကောင်းရှိနိုင်သည်။ ပြည်ထောင်စုတက္ကသိုလ်သည် များစွာသော ကျောင်းသားများကို ထောက်ပံ့ပေးနိုင်ရေးနှင့် အရည်အသွေးအမြင့်မားဆုံးသော လေ့ကျင့်ရေးအရင်းအမြစ်များကိုရရှိနိုင်ရေးအတွက်၊ ၎င်းတို့လက်ထဲတွင် ဝင်ငွေစီးဆင်းမှုကြီးတစ်ခု ရှိနေရမည်မှာ အသေအချာပင်ဖြစ်သည်။ တက္ကသိုလ်တစ်ခုသည် အစိုးရထောက်ပံ့ငွေတစ်ခုတည်းအပေါ်တွင် မှီခို၍ မဖြစ်နိုင်ပေ။ နောက်ဆုံးတွင်မူ၊ တက္ကသိုလ်ပေါ်ငးများစွာရှိသည့်အတွက်၊ ပြည်ထောင်စုတက္ကသိုလ်သည်လည်း တက္ကသိုလ်တစ်ခုအပါအဝင်ပင်ဖြစ်ရာ၊ အခြားတက္ကသိုလ်များထက် ပိုလွန်သော ထောက်ပံ့ငွေမျိုး မည်သို့ ရရှိနိုင်လိမ့်မည်နည်း။ မဖြစ်နိုင်ပေ။
ပြည်ထောင်စုတက္ကသိုလ်တွင် ကိုယ်ပိုင်ကုမ္ပဏီကြီးအနည်းငယ်ရှိမည်မှာ အသေအချာပင်ဖြစ်သည်။ ဤသည်ကား ချူးယွင်ဖန်း ယခင်တည်းကသိခဲ့သောအရာတစ်ခုဖြစ်သည်။ သို့သော် လက်နက်ဒီဇိုင်းများပါ ပါဝင်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ထို့အပြင်၊ ၎င်းတို့ ဒီဇိုင်းဆွဲထားသည့် အရည်အသွေးမြင့်လက်နက်များကို အမှတ်များဖြင့် လဲလှယ်နိုင်ရုံမျှမက၊ စစ်တပ်အတွင်းရှိ လက်ရွေးစင်အထူးတပ်များကိုလည်း ရောင်းချနိုင်သည်။
ဤအရာသည် ထိပ်တန်းစစ်လက်နက်ကုမ္ပဏီများသာ လုပ်ဆောင်နိုင်သော အရာတစ်ခုဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်၏ အင်အားကို အပြည့်အဝနားလည်ရန်မဖြစ်နိုင်လှပေ။
“ဒီဂျက်လေယာဥ်က အရမ်းတန်ဖိုးကြီးမယ်ထင်တယ်” ရှဖန်က ပတ်ဝန်းကျင်ကို အကဲခတ်၍ မျက်လုံးများတောက်ပလျက် ပြောလိုက်သည်။ တောင်တန်းဆီသို့သွားရာ လမ်းတစ်လျှောက်တွင် ဤတိုက်လေယာဥ်၏ စွမ်းအားကို သူ့တို့ မျက်ဝါးထင်ထင်မြင်လိုက်ရပြီဖြစ်သည်။ ၎င်းသည် သန့်စင်ခြင်းအဆင့် မွန်းစတားတစ်ကောင်ကိုပင် အလွယ်တကူ အပိုင်းပိုင်းဖြစ်သွားစေနိုင်၏။
“ဒီလို ဂျက်လေယာက်ကို ကျွန်တော် ဘယ်တော့မှ တတ်နိုင်မလဲမသိဘူး”
“အမှတ် ငါးဘီလီယံလောက်ဆိုရလိမ့်မယ်” ကျန်းယွမ်ပင်က တည်ငြိမ်စွာပြောသည်။
ချူးယွင်ဖန်းနှင့် ကျန်သူများအားလုံး ဆွံ့အသွားကြသည်။ ပြည်ထောင်စုတက္ကသိုလ်မှ အမှတ်တစ်မှတ်သည် ပြင်ပကမ္ယာမှ ယွမ်တစ်ယွမ်နှင့်ညီမျှကြောင်း ယမန်နေ့က ၎င်းတို့နားလည်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ဤတိုက်လေယာဥ်၏တန်ဖိုးသည် ယွမ်ငါးဘီလီယံခန့်ပင်ဖြစ်ရာ၊ ပြည်ထောင်စုတစ်ခုလုံး၏ လက်ရှိဥစ္စာများဖြင့်ပင်၊ ၎င်းတို့ကို လူအများကို ပေးဆောင်ရန်မဖြစ်နိုင်သဖြင့် လက်ရွေးစင်အထူးတပ်ဖွဲ့အချို့ကိုသာ ထောက်ပံ့နိုင်သည်မှာ အံ့သြဖွယ်မရှိပေ။
“ဆရာ၊ ဒီသိမ်းငှက်နက်တိုက်လေယာဥ်ရဲ့ အစွမ်းအကုန်သုံးရင် မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတားတွေကို အနိုင်ယူနိုင်မလား” လွမ်ရင်းယွီက မေးသည်။
“အင်း ဒီသိမ်းငှက်နက်တိုက်လေယာဥ်ရဲ့ ရည်ရွယ်ချက်က မွေးဖွားခြင်းနယ်မြေအဆင့် ပျံသန်းနိုင်တဲ့ မွန်းစတားတွေကို တိုက်ခိုက်ဖို့ပဲ။ လူသားတွေက ပျံသန်းနေတဲ့ မွန်းစတားတွေကို တိုက်ခိုက်နိုင်တဲ့ အကြီးစားမက်ချာကြီးတွေ တီထွင်ခဲ့ကြပေမယ့် မွန်းစတားအများစုက အရမ်းမြန်လွန်းတယ်။ အဲ့တာကြောင့် ဒီလိုမျိုး တိုက်လေယာဥ်ပမာဏများများလိုအပ်နေသေးတယ်။ ငါ့အတွက်တော့၊ ဒီတိုက်လေယာဥ်က ငါတောထဲသွားရင် ရွေ့လျားနိုင်တဲ့အခြေစိုက်စခန်းသဘောမျိုးပဲ။ အရမ်းအသုံးဝင်တယ်။ စမတ်ကွန်ပျူတာကနေတစ်ဆင့်လည်း ဒါကြီးကို ထိန်းချုပ်နိုင်တယ်။ အဲ့တာကြောင့် ခေါ်ရတာလည်း အရမ်းအဆင်ပြေတယ်” ကျန်းယွမ်ပင်က ဆက်လက်ရှင်းပြသည်။
ထိုစကားကိုပြောပြီးနောက်၊ ကျန်းယွမ်ပင်သည် ဘေးတစ်ဖက်မှ အတွင်းချပ်ဝတ်တန်ဆာအချို့ကို သူတို့အားပေးလိုက်သည်။
“ဒါတွေက အလေးစီးဝတ်စုံတွေပဲ၊ ဝတ်ထားလိုက်ပါ၊ အခုကနေစပြီး ရေချိုးခန်းသွားရင်တောင် မင်းတို့ကို ချွတ်ခွင့်မပေးဘူး”
“ဗျာ အလေးစီးဝတ်စုံဟုတ်လား” လူတိုင်းက ကျန်းယွမ်ပင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် ကျန်းယွမ်ပင်၏ ရက်ရောမှုကြောင့် အံ့သြသွားကြခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် အလေးစီးဝတ်စုံကို ဝတ်ဆင်ားသောကြောင့် ထိုသို့သော ပစ္စည်းမျိုး၏ မြင့်မားသော စျေးနှုန်းကို ကောင်းစွာသိထားသည်။
ရှဖန်နှင့်အခြားသူများသည် ဝတ်စုံကို ဝတ်၍ ချက်ချင်းပင် ၎င်းတို့ခန္ဓာကိုယ် တစ်ခုလုံးလေးလံလာသည်ကို ခံစားလိုက်ရသည်။
“ငါမင်းတို့အတွက် အဲ့တာတွေကို ပြင်ဆင်ပြီးသား။ သူက ဆွဲငင်အားကို ၀.၅ဆ တိုးလာစေလိမ့်မယ်။ နောင်မှာ မင်းတို့ဘာလုပ်လုပ် အဲ့တာတွေကို ချွတ်ပစ်လို့မရဘူး။ အမြဲဝတ်ထားရမယ်။ ဆွဲငင်အားကို တဖြည်းဖြည်းချင်းမြှင့်တင်မယ်။ အချိန်ကျလာရင် ငါတို့ အဲ့တာကို တစ်ဆတိုးပစ်မယ်”
“ဗျာ တစ်ဆဟုတ်လား”
ရှဖန်နှင့်အခြားသူများအားလုံး အံ့သြသွားကြသည်။ ၎င်းတို့သည် ငတုံးငအများမဟုတ်ကြပေ။ ဆွဲငင်အားတစ်ဆသည် ၎င်းတို့၏ အလေးချိန်ကို သယ်ဆောင်ရသကဲ့သို့ မရိုးရှင်းလှပေ။ ဆွဲငင်အား ၀.၅ဆသည်ပင် လမ်းလျှောက်ရန် ခက်ခဲနေစေပြီဖြစ်သည်။ ထပ်လောင်းဆွဲငင်အားကို တွန်းလှန်ရန် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့တွင် ချီစွမ်းအင်များ စုစည်းထားရမည်ဖြစ်သည်။
အကယ်၍ ဆွဲငင်အားကို တစ်ဆခန့်တိုးပေးလိုက်ပါက၊ အသက်ရှုရန်ပင် ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ကြီးမားသော လှုပ်ရှားမှုတစ်ခုခုကို လုပ်ရလျှင်၊ ၎င်းတို့ ပင်ပန်းနွမ်းနယ်လာမည်ဖြစ်ရာ၊ မကြာမီ၌ပင် ခြေကုန်လက်ပန်းကျသွားပေလိမ့်မည်ဖြစ်သည်။
“မင်းဘာလို့မဝတ်တာလဲ” ကျန်းယွမ်ပင်က ချူးယွင်ဖန်းကိုကြည့်၍မေးလိုက်သည်။
“ကျွန်တော် တစ်ခုဝတ်ထားတယ်ဗျ၊ အဲ့တာ မလိုတော့ဘူး” ချူးယွင်ဖန်းက ကျန်းယွမ်ပင်ပေးလိုက်သော အလေးစီးဝတ်စုံကို ပြန်ပေးလိုက်သည်။
“အိုး ဒါဆို မင်းဘယ်လောက်ဆွဲငင်အားသတ်မှတ်ထားလဲ”
“ဆွဲငင်အားနှစ်ဆ”
“ဘာ နှစ်ဆဟုတ်လား” ရှဖန်နှင့်အခြားသူများ ထခုန်လုမတက်ဖြစ်သွားသည်။ ဆွဲငင်အား ၀.၅ဆဖြင့်ပင် လမ်းလျှောက်ရန်ခက်ခဲနှင့်နေပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ ဆွဲငင်အားနှစ်ဆကို သယ်ဆောင်ထားခြင်းဖြစ်သည်။
“ဒါဆို မင်း ငါတို့နဲ့တိုက်တုန်းက အဲ့ဆွဲငင်အားနှစ်ဆနဲ့တိုက်တာလား” ရှဖန်က မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။
“အင်းလေ”
“မင်းနိုင်ပါတယ်၊ ခေါင်းဆောင်ချူး၊ ငါမင်းကိုလုံးဝယုံကြည်သွားပြီ” ခယ့်ယွေ့က ရိုးသားစွာ ထုတ်ဖော်ပြောပြလိုက်သည်။ ဆွဲငင်အားနှစ်ဆဖြင့် အနည်းငယ်မျှသာ လှုပ်ရှားခဲ့ခြင်းသည် ၎င်းတို့ကို အသက်ရှုကြပ်သွားစေလိမ့်မည်မှာ သေချာသည်။ သို့သော် ချူးယွင်ဖန်းသည် ထိုဆွဲငင်အားနှစ်ဆဖြင့် သူတို့လေးယောက်လုံးကို အမှောက်သိပ်နိုင်ခဲ့၏။
ခယ့်ယွေ့သည် မာနထောင်လွှား၍ မောက်မာသူတစ်ဦးဖြစ်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် အပြည့်အဝလက်ခံယုံကြည်သွားပုံပေါ်သည်။
ထိုအချိန်တွင် ရှဖန်၊ ကျီရှိချင်းနှင့် လွမ်ရင်းယွီတို့သည် အသေကောင်များကဲ့သို့ ဖြူဖျော့သွားကြသည်။ ချူးယွင်ဖန်းသည် ဆွဲငင်အားနှစ်ဆကို သယ်ဆောင်ထားကြောင်း မည်သို့မျှ မသိသာခဲ့ပေ။
အခန်း(၃၉၀) ဆွဲငင်အားလေးဆ
ချူးယွင်ဖန်းသည် ဤအတောအတွင်း ဆွဲငင်အားနှစ်ဆကို သယ်ဆောင်ထားကြောင်း သိရှိရပြီးနောက်၊ ရှဖန်၊ ခယ့်ယွေ့၊ ကျီရှိချင်းနှင့် လွမ်ရင်းယွီတို့အားလုံး နောက်ဆုံးတွင် ချူးယွင်ဖန်းကို ခေါင်းဆောင်အဖြစ်လက်ခံလိုက်ကြရသည်။ ချူးယွင်ဖန်းသည် မိမိတို့ထက် အနည်းငယ်မျှသာ သန်မာသည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါ ချူးယွင်ဖန်းသည် ၎င်းတို့ လုံးလုံးလျားလျားနှိုင်းယှဥ်၍မရသော ပုဂ္ဂိုလ်မျိုးဖြစ်နေ၏။
ဆွဲငင်အားနှစ်ဆကို သယ်ဆောင်လျက် ၎င်းတို့ကို လျှပ်စီးအလျင်ဖြင့် အနိုင်ယူနိုင်ခဲ့သည့် ချူးယွင်ဖန်းသည် မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။
ဤသည်ကား စိတ်ကူးယဥ်၍ပင်မရနိုင်သောအရာတစ်ခုဖြစ်သည်။
ဆွဲငင်အားနှစ်ဆအောက်တွင် လှုပ်ရှားမှုတိုင်း လှုပ်ရှားမှုတိုင်း၏ စွမ်းအင်အသုံးပြုမှုသည် ယခင်ကထက် များစွာပိုလွန်လျက်ရှိရာ၊ ခန္ဓာကိုယ်ပေါ်ရှိ ဝန်ထုပ်ဝန်ပိုးသည်လည်း ပို၍ ပြင်းထန်လာသည်။ အကယ်၍ ထိုသူသည် ကျင့်ကြံသူတစ်ဦးမဟုတ်ပါက၊ ဆွဲငင်အားနှစ်ဆရှိနေသော ပတ်ဝန်းကျင်၌ရှင်သန်ရလျှင်၊ ၎င်းတို့၏ အရိုးများနှင့် ကြွက်သားများအားလုံး ပုံပျက်၍ အတွင်းအင်္ဂါများအားလုံး အပြင်းအထန်ပျက်ဆီးကိန်းဆိုက်သွားပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် လက်တွေ့တွင် အမှန်တကယ်ပင် ထိုသို့သော ဆွဲငင်အားနှစ်ဆအောက်၌ လှုပ်ရှားပျံလွှားနေခဲ့ခြင်းဖြစ်ရာ၊ ၎င်းတို့နှင့်သူ့အကြားကွာဟချက်သည် အလွန်ကြီးမားလွန်းလှသည်။
“ဆွဲငင်အားနှစ်ဆကို မင်းလုံးဝအသားကျနေပြီထင်တယ်။ သူတို့စံနှုန်းက မင်းနဲ့လုံးဝမသင့်လျော်တော့ဘူး။ ထပ်ပြီး နှစ်ဆမြှင့်လိုက်ပါ” ကျန်းယွမ်ပင်က ညွှန်ကြားသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်၍ အလေးစီးဝတ်စုံ၏ ဆွဲငင်အားကို လေးဆအထိ ချိန်ညှိလိုက်ရာ၊ သူ့ခန္ဓာကိုယ်ပေါ်မှ ဖိအားများ အလွန်တိုးလာသည်ကို ချက်ချင်းခံစားလိုက်ရ၏။ ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှုပင် နှေးကွေးသွားရာ၊ ချီစွမ်းအင်စက်ဝန်းတစ်ခု လှည့်ပတ်နိုင်ရန်ပင် ခက်ခဲလာကြောင်းကို သူခံစားလိုက်မိသည်။ သူ့ခန္ဓာကိုယ်သည် ဆွဲငင်အားနှစ်ဆနှင့် အသားကျနေသော်လည်း ယခု ၎င်းသည် လေးဆဖြစ်သွားခဲ့၏။ ထို့ကြောင့် ယခုအခါ အသက်တစ်ချက်ရှုရန်ပင် သူ့အတွက် ခက်ခဲလာသည်။
“မင်းတို့အားလုံး အလေးစီးဝတ်စုံရဲ့ အကျိုးကျေးဇူးတွေကို နားလည်ပြီးသားဖြစ်ကြမှာပါ။ အခု မင်းတို့က အရွယ်ရောက်နေကြပြီဆိုတော့ ဒါသုံးလည်း ပြဿနာမရှိဘူး။ တကယ်လို့ မင်းတို့သာ အသက်မပြည့်သေးရင် အလေးစီးဝတ်စုံကို ရေရှည်သုံးတာက မင်းတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ထိခိုက်စေလိမ့်မယ်။ အဲ့လိုဆိုရင်တော့ အကျိုးရလဒ်က လုံးဝဆန့်ကျင်ဘက်ဖြစ်သွားမှာပဲ” ကျန်းယွမ်ပင်က ဆက်ပြောသည်။
“နောက်တစ်လအတွင်းမှာ ငါတို့ ဒီနေရာမှာ အထူးလေ့ကျင့်ရေးဆင်းကြမယ်။ ဒီနယ်မြေမှာ သွေးရောင်လည်ဆံမျောက်ဝံ ရှိတယ်။ သူက စွမ်းအင်အမျိုးမျိုးရှိနေတဲ့ မွန်းစတားတစ်မျိုးပဲ။ အရွယ်ရောက်ပြီးသားကောင်တွေက သာမန်လူတွေနဲ့ အရွယ်အစားချင်းတူပေမယ့် ခွန်အားကတော့ အရမ်းကြီးတယ်။ အရွယ်ရောက်ပြီးရင် အဲ့အကောင်တွေက စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ်အဆင့်မှာ ရှိနေနိုင်တယ်”
“ဘယ်လို”
ရှဖန်နှင့်အခြားသူများအားလုံး အော်လိုက်မိကြသည်။ အလေးစီးဝတ်စုံမဝတ်ထားလျှင်ပင် ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်၌သာ ရှိနေကြသေးသည်။ စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်သို့တက်လှမ်းနိုင်ရန် ခရီးလမ်းရှည်တစ်ခုစာကျန်သေး၏။
စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်ဆိုသည်ကား အဘယ်နည်း။ ယင်းသည် လူတစ်ဦးသည် စွမ်းအင့်သန့်စင်ခြင်းအဆင့် အမှန်တကယ် ပြီးမြောက်ခဲ့၍ သန့်စင်ခြင်းအဆင့်သို့ အချိန်မရွေးတက်လှမ်းနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဥပမာအားဖြင့် ချူးယွင်ဖန်းတွင် ထိုသို့သော ကျင့်ကြံမှုမျိုးရှိ၏။ ထို့အပြင် ယခုမူ ၎င်းတို့၏ ခွန်အားသည် အလေးစီးထားသော ဝတ်စုံဖြင့် ဖိနှိပ်ခြင်းခံထားရသည်။ အရှိန်၊ ခွန်အား၊ သို့မဟုတ် ၎င်းတို့၏ စစ်မှန်သော စွမ်းအင်ပင်ဖြစ်နေစေကာမူ၊ ၎င်းတို့သည် အဘက်ဘက်မှ ဖိနှိပ်ခံထားကြရကာ၊ အထွဋ်အထိပ်အဆင့်နှင့် နှိုင်းယှဥ်၍ ရနိုင်မည်မဟုတ်ပေ။
“ကျွန်တော်တို့ နိုင်ဖို့ အခွင့်အရေးမရှိဘူး။ အခု ကျွန်တော်တို့ စွမ်းအင်ထိန်းချုပ်ခံထားရတော့၊ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် အထွဋ်အထိပ်ရဲ့ စွမ်းအားလောက်ကိုတောင် စုစည်းနိုင်ပါ့မလားဆိုတာ ပြောဖို့ခက်တယ်” ခယ့်ယွေ့က စိုးရိမ်တကြီးပြောသည်။
“အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ် အထူးလေ့ကျင့်ရေးလို့ ခေါ်ရမှာလဲ။ နွေဦးခရီးထွက်ဖို့ မင်းကို ဒီကို ခေါ်လိုက်တယ်ထင်နေတာလား” ကျန်းယွမ်ပင်က အေးစက်စွာကြည့်၍ပြောလိုက်သည်။
“စစ်မှန်တဲ့ စွမ်းအားရှင်တစ်ယောက်က အားနည်းတဲ့သူတွေကိုချည်း ဘယ်လိုလုပ်စိန်ခေါ်နေရမှာလဲ။ ကိုယ့်ထက် ပိုသာတဲ့ဖြစ်တည်မှုတစ်ခုခုကို စိန်ခေါ်မှ ကိုယ့်ခွန်အားနဲ့ စိတ်ဓာတ်ကို မြှင့်တင်နိုင်မှာပေါ့။ စိတ်မပူပါနဲ့၊ ငါတိုက်လေယာဥ်ပေါ်မှာ ဆေးပစ္စည်းအစုံပါတယ်။ မင်းတို့ လက်တွေခြေတွေ ကျိုးကုန်ရင်တောင် ငါမင်းတို့ကို ကုပေးနိုင်မှာပါ။ မင်းတို့ကို ပြီးပြည့်စုံတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေထောက်ပံ့ပေးထားမှာမို့လို့ မင်းတို့ အစွမ်းကုန်တိုက်ခိုက်နိုင်တယ်”
ချူးယွင်ဖန်းနှင့်အခြားသူများသည် ကျန်းယွ၎်ပင်၏ အမူအရာကိုမြင်သောအခါ၊ သူတို့ မည်သို့မျှ မတတ်နိုင်တော့ကြောင်း သိလိုက်ကြသည်။ ၎င်းတို့အားလုံးသည် ညည်းညူပြနေကြခြင်းသာဖြစ်၍ စိန်ခေါ်မှုများကို မကြောက်ကြပေ။ နောက်ဆုံးတွင်မူ သူတို့၏ လက်ရှိအဆင့်သို့ရောက်နိုင်သူများသည် လူသားများကြားမှ နဂါးများသာဖြစ်ကြသည်။
“ဒါပေမယ့် ဆရာ၊ ကျွန်တော်တို့ ဒီမှာလေ့ကျင့်ရင် စာပေပညာအတန်းတွေကိုရောဘယ်လိုလုပ်ရမလဲ” ချူးယွင်ဖန်းကမေးသည်။
ပြည်ထောင်စုတက္ကသိုလ်သည် သိုင်းပညာလေ့လာရုံမျှသာမဟုတ်ပေ ၎င်းတို့၏ ရမှတ်များထဲတွင် ထည့်တွက်မည့် စာပေပညာအတန်းများလည်းရှိသည်။
“စိတ်မပူနဲ့၊ စာပေပညာအတန်းတွေကို မှတ်တမ်းတင်ပြီး မင်းတို့ကို ပို့ပေးမယ့်လူတွေရှိတယ်။ လေ့ကျင့်ရေးပြီးမှ မင်းတို့ အဲ့ကို တက်လို့ရတယ်။ မင်းတို့သာ အိမ်စာအချိန်မှီပြီးနေသရွေ့ အဲ့တာက အဆင်ပြေတယ်။ ကိုယ်တိုင်လေ့လာလို့ရတယ်။ မင်းတို့အားလုံးက ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တဲ့ လက်ရွေးစင်တွေပဲဆိုတော့ မင်းတို့အားလုံးက သိုင်းပညာတင်မက၊ စာပေပညာမှာလည်း ထူးချွန်ကြမှာပါပဲ။ မင်းတို့ဘာသာ စာလေ့လာလို့ရတယ်” ကျန်းယွမ်ပင်က ပြောသည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ၎င်းသည် အဓိပ္ပါယ်ရှိသည်။ ၎င်းတို့၏ ကိုယ်တိုင်လေ့လာသင်ယူနိုင်စွမ်းဖြင့် မိမိကိုယ်တိုင်စာလေ့လာရလျှင်ပင် ပြဿနာမရှိလှပေ။ သို့သော် ၎င်းသည် ခက်ခဲသော ကာလတစ်ခုဖြစ်မည်မှာ သေချာသည်ဟု တွေးထားကြသည်။ အပြင်အထန်လေ့ကျင့်ရမည့်အပြင်၊ စာပေပညာအတန်းများကို တက်ရောက်ရန် အချိန်ချန်ထားရဦးမည်ဖြစ်သည်။
“ကောင်းပြီ၊ မင်းတို့ ဆင်းသွားလို့ရပြီ၊ ငါမင်းတို့ကို ဒီကနေ စောင့်ကြည့်နေမယ်။ မြေပြင်ပေါ်ကို ရောက်တဲ့အခါ ပထမဆုံး မင်းတို့လုပ်ရမှာကအခြေစိုက်စခန်းတစ်ခု အရင်ဆောက်ကြဖို့ပဲ။ မဟုတ်ရင် မင်းတို့တွေ တစ်လလောက် ဟင်းလင်းပြင်ကြီးမှာ အိပ်နေရလိမ့်မယ်”
ကျောင်းသားငါးယောက်သည် အဆင်သင့်ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ဂျက်လေယာဥ်ထက်မှ ကြိုးတစ်ချောင်းလျှောချ၍ တောင်တန်းပေါ်သို့ ဆင်းလာလိုက်ကြသည်။
ဘမ်း
ချူးယွင်ဖန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာသက်ဆင်းလိုက်၏။ မဟုတ်လျှင် ငှက်မွှေးကဲ့သို့ အလွန်ပေါ့ပါးနေလိမ့်မည်ဖြစ်သော်လည်း ဆွဲငင်အားလေးဆသည် သူ၏ လှုပ်ရှားမှုကို အလွန်ထိန်းချုပ်ထားလျက်ရှိ၏။
ဘမ်း
ဘမ်း
ဘမ်း
ဘမ်း
အခြားလေးယောက်သည်လည်း ပြင်းထန်၊ လေးလံသော ခြေလှမ်းများဖြင့် ဆင်းသက်လာကြသည်။
ပေသုံးရာကျော်မြင့်သော သစ်ပင်ကြီးများသည် ကောင်းကင်ယံကို ပိတ်ဆို့ထားသော်လည်း နေရောင်အချို့သည် သစ်ရွက်စိမ်းများကြားမှ ဖောက်ထွင်း၍ မှောင်ပိန်းသော တောအုပ်ထဲသို့ ယှက်ဖြာကျလျက်ရှိသည်။ ၎င်းတို့၏ အမြင်အာရုံသည် အလွန်ဖွံ့ဖြိုးလျက်ရှိသဖြင့် ဤအလင်းရောင်သည် လုံလောက်သည်ထက်ပို၏။ ဤသို့သော အလင်းအချို့ရှိနေသရွေ့၊ ၎င်းတို့သည် ညပိုင်းတွင်လည်း မြင်နိုင်ပေလိမ့်မည်ဖြစ်သည်။
လူသားများ၏ ကျင့်ကြံရေးလုပ်ငန်းစဥ်သည် ၎င်းတို့၏ခန္ဓာကိုယ်ကို အဆက်မပြတ် ဖွံ့ဖြိုးစေသော ဖြစ်စဥ်တစ်ခုပင်ဖြစ်သည်။ ၎င်းတို့သည် လူသားများအသွင်မှ ဒဏ္ဍာရီလာ နတ်ဘုရားများအသွင်သို့ တဖြည်းဖြည်းချင်းပြောင်းလဲလာမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သစ်တောအောက်ခြေရှိ သစ်ပင်များအောက်တွင် မှိုအများအပြားကို တွေ့လိုက်ရသည်။ ဤပန်ကာပုံသဏ္ဍာန်မှိုများသည် အလင်းရောင် ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်လျက်ရှိသည်။ အနည်းအကျဥ်းသာရနိုင်သော နေရောင်ခြည်နှင့်အတူ၊ ၎င်းတို့သည် ဤမှောင်ပိန်းသောတောအုပ်၏ အလင်းအရင်းအမြစ်အချို့ကိုဖြစ်ပေါ်လာစေ၏။
“ဒီမှိုတွေကို ညလင်းမှိုလို့ခေါ်တယ်။ မှောင်တဲ့နေရာတွေမှာ အလင်းအမှုန်အမွှားတွေကို ထုတ်ပေးတယ်။ အထူးသဖြင့် ညပိုင်းတွေမှာပေါ့။ ဒီညလင်းမှိုတွေက ဒီတောလိုမျိုး မှောင်ပိန်းနေတဲ့နေရာတွေမှာ ငါတို့ရှင်းရှင်းလင်းလင်း မြင်ရစေမယ့် အရေးကြီးကိရိယာတစ်ခုလည်းဖြစ်တယ်” ချူးယွင်ဖန်းကပြောသည်။
“ငါ ဒီမှိုကိုသိတယ်။ ငါတို့အိမ်မျာ အဲ့ညလင်းမှိုတွေအများကြီးပဲ။ ညဘက်မီးတွေပိတ်တဲ့အခါ လုံးဝမှောင်ကျမသွားအောင်လို့ ဧည့်ခန်းထဲမှာ ထားထားတယ်” ကျီရှိချင်းက ပြောသည်။
အခြားသူများလည်း ဤမှိုအကြောင်း ပိုမိုနားလည်လာကြသည်။
“ငါတို့ရဲ့ ထိပ်တန်းဦးစားပေးက၊ သစ်ပင်အိမ်တစ်လုံးဆောက်ဖို့ပဲ။ ဒီသစ်ပင်တွေက အရမ်းကြီးတယ်။ အလယ်မှာ အပေါက်ဖောက်ပြီး အဲ့မှာ နေလို့ရလောက်တယ်” ချူးယွင်ဖန်းက ပြော၍ ဧရိယာကို စကင်န်ဖတ်ကြည့်ကာကျင့်ကြံရေးစွယ်စုံကျမ်းကို လှန်ကြည့်လိုက်သည်။
“ငါတို့ လျှောက်ပတ်ကြည့်လို့ရတယ်။ ဒီလိုအပင်မျိုးတွေမှာ သစ်ပင်အိမ်လုပ်လေ့ရှိတဲ့ မွန်းစတားတွေအများကြီးရှိနိုင်တယ်။ သူတို့ မသုံးတော့တဲ့ဟာတွေကို ငါတို့ ဆက်သုံးလို့ရလောက်တယ်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်” အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် သံပြိုင်အော်လိုက်ကြသည်။
ရုတ်တရက်၊ အနက်ရောင်အရိပ်တစ်ခုသည် ကောင်းကင်ယံမှ သက်ဆင်း၍ လွမ်ရင်းရီကို ခုန်အုပ်လိုက်သည်။