အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း(၃၈၂) မင်းတို့အားလုံးအတူတူ တိုက်သင့်တယ်
သူတို့၏ နားလည်မှုအရ၊ ယခင်က နည်းပြဆရာများသတိမထားမိခဲ့သော မြင်းနက်များစွာ အပြိုင်အဆိုင်ပေါ်ပေါက်လာသော်လည်း ၎င်းတို့ မည်မျှထိ စွမ်းအားကြီးနိုင်ကြလိမ့်မည်နည်း။ အများဆုံးအနေဖြင့် မိမိတို့နှင့် တန်းတူအဆင့်တွင်သာရှိနိုင်လိမ့်မည်ဖြစ်သည်။
၎င်းတို့သည် နောက်ထပ် အဖွဲ့ဝင်တစ်ဦးကို လက်ခံနိုင်သော်လည်း ထိုသူသည် စစဝင်ချင်းတွင်ပင် အဖွဲ့ခေါင်းဆောင်ဖြစ်ချင်နေပါက၊ မည်သို့ လွယ်လင့်တကူ လက်ခံနိုင်လိမ့်မည်နည်း။
“ငါမင်းကို ခေါင်းဆောင်ဖြစ်ခွင့်ပေးရင် မင်းမှာ အဲ့နေရာကိုလက်ခံဖို့ ယုံကြည်ချက်ရှိလား” ကျန်းယွမ်ပင်သည် အခြားသူများ၏ သံသယစကားများကို တုံ့ပြန်ခြင်းမရှိ၊ ချူးယွင်ဖန်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
“ဒါပေါ့” ချူးယွင်ဖန်းက မဆိုင်းမတွပြန်ဖြေလိုက်သည်။
ကျန်းယွမ်ပင်သည် မိမိအား ခေါင်းဆောင်အဖြစ် အစတည်းက ခန့်အပ်လိမ့်မည်ဟု မမျှော်လင့်ထားသည်မှန်သော်လည်း ယခုအချိန်သည် နှိမ့်ချနေရမည့်အချိန်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် အလိုအလျောက်ပင် သူ့ယုံကြည်မှုကို ပြသလိုက်၏။
“ကောင်းတယ်” ကျန်းယွမ်ပင်က လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်ထား၍ ခေါင်းညိတ်လိုက်သည်။
ချူးယွင်ဖန်းသည် ရှေ့သို့ လျှောက်သွားကာ၊ ကျန်လေးယောက်ကိုကြည့်လိုက်သည်။
“ငါက မင်းတို့ခေါင်းဆောင် ဖြစ်နိုင်တယ်ဆိုတာ မယုံကြဘူးလား”
“အင်း တကယ့်ဟာသပဲ၊ မစ္စတာကျန်းရဲ့ အမိန့်ဆိုပေမယ့် ငါသဘောမတူဘူး။ ဒါက ကျိုးကြောင်းမဆီလျော်ဘူး”
အရပ်ရှည်သော ကျောင်းသား ရှဖန်က လက်မခံနိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“တခြားဘာမှ ငါမပြောဘူး။ မင်းလက်မခံနိုင်ဘူးဆိုတာ ငါက မင်းတို့ရဲ့ ခေါင်းဆောင်ဖြစ်ရလောက်တဲ့အထိ မသန်မာဘူးလို့ ထင်နေတာမျိုးဖြစ်လိမ့်မယ်။ အဲ့တာအကြောင်းဆိုရင်၊ ဘယ်သူကပိုသန်မာလဲဆိုတာ ကြည့်ကြရအောင်” ချူးယွင်ဖန်းက ပေါ့ပါ့ပါးပါးပင်ပြောလိုက်သည်။
“ကောင်းတယ်၊ ရှင်းသားပဲ၊ မင်းရဲ့ သဘောထားအတိုင်းပဲ၊ ငါတို့က မင်းကို ငါတို့ ခေါင်းဆောင်ဖြစ်မလာနိုင်ရင်တောင်၊ ငါတို့အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ပါသေးတယ်” ရှဖန်က ကျယ်လောင်စွာပြောလိုက်သည်။
“မင်းနဲ့ ငါအရင်တိုက်မယ်”
“ဟင့်အငင်း မင်း ငါ့ကို အထင်လွဲနေပြီထင်တယ်၊ ငါဆိုလိုတာက၊ မင်းတို့အားလုံးငါ့ကို တစ်ချိန်တည်းမှာ တိုက်ဖို့ပြောနေတာ၊ အချိန်မဖြုန်းတာကောင်းတယ်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
ရှဖန်နှင့်အခြားသူများသည် ချက်ချင်းဒေါသထွက်ကုန်ကြသည်။ ချူးယွင်ဖန်းသည် ၎င်တို့အပေါ် လေးစားမှု အနည်းငယ်မျှမရှိပေ။ ဤသည်မှာ ရိုးရှင်းစွာပင် လျှော့တွက်လိုက်ခြင်းဖြစ်၏။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ မင်းငါတို့ခေါင်းဆောင်ဖြစ်ဖို့ဘယ်လောက်သင့်တော်လဲဆိုတာ ကြည့်ကြရအောင်” ရှဖန်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။ ချူးယွင်ဖန်းသည် ဤလူများအားလုံးမှာ ၎င်းတို့၏ သက်ဆိုင်ရာ ဒေသများမှ လူသိများသော ပုဂ္ဂိုလ်များဖြစ်ကြကြောင်း တပ်အပ်ပြောနိုင်၏။ ကျန်းယွမ်ပင်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီကတည်းက ၎င်းတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်သဖြင့် သူတို့အားလုံးသည် ဂုဏ်မောက်၍ မာန်တက်နေသူများဖြစ်ကြောင်းသိသာ၏။
၎င်းတို့ကို တစ်ယောက်ချင်းတိုက်ခိုက်အနိုင်ယူနိုင်လျှင်ပင်၊ ချူးယွင်ဖန်းအား ခေါင်းဆောင်အဖြစ် လက်ခံနိုင်ရန် ခက်ခဲနေပေဦးမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားလုံးအတူတကွတိုက်ခိုက်နိုင်သည်။ ချူးယွင်ဖန်းသည် အဖွဲ့လိုက်တိုက်ပွဲများကို ကြောက်ရွံ့ခြင်းမရှိပေ။
ဒေါသဖြစ်သူမှာ ရှဖန်တစ်ဦးတည်းမဟုတ်ပေ။ ကျန်သုံးဦးသည်လည်း မည်သူ ခေါင်းဆောင်ဖြစ်ကြောင်း နားလည်နိုင်ရန် ဤကောင်လေးကို သင်ခန်းစာတစ်ခု ပေးရန် စိတ်ကူးထားကြသည်။ ၎င်းတို့ လေးဦးသည် ချူးယွင်ဖန်းကို ဝန်းရံ၍ တိုက်ပွဲပုံစံတစ်ခု ဖန်တီးလိုက်သည်။
“မင်းတို့ ဘာကောင်းကောင်းသုံးတတ်လဲ၊ လက်နက်လား၊ လက်ဗလာတိုက်တာလား။ ငါ့အတွက် အဲ့တာအရေးမကြီးဘူး”
“စိတ်ကြီးဝင်နေလိုက်တာ”
ဤစကားနှစ်ခွန်းသည် ခယ့်ယွေ့၏ သွားများကြားမှ ပေါ်ထွက်လာခြင်းဖြစ်သည်။
“ဒါက အဖွဲ့တွင်းပြိုင်ပွဲမို့လို့ ငါတို့ ထိခိုက်ဒဏ်ရာမရအောင်၊ လက်နက်တွေမသုံးတာပိုကောင်းလိမ့်မယ်”
လူတိုင်းက လက်နက်ကို အကောင်းဆုံးအသုံးချတတ်သော်လည်း လူအရေအတွက်အားဖြင့် ၎င်းတို့ အသာစီးရနေသောကြောင့် အနိုင်ရသွားခဲ့လျှင် မျက်နှာပျက်ရပေလိမ့်မည်ဖြစ်သည်။
ကျန်းယွမ်ပင်က ၎င်းတို့ကို စောင့်ကြည့်ရန် ဘေးတွင်ရပ်နေသည်။ သူသည် ၎င်းတို့ကို တားရန်ရည်ရွယ်ချက်မရှိပေ။ ကျန်းယွမ်ပင်သည် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တွန့်ကွေးသွားသည်အထိ ခပ်ဖျော့ဖျော့သာပြုံးနေခဲ့သည်။
“မင်းတို့အားလုံးအတူတူတိုက်ကြ” ချူးယွင်ဖန်းက ခပ်တိုးတိုးပြောသည်။
ဤတစ်ခါတွင်မူ၊ မိန်းကလေးနှစ်ယောက် အလွန်ဒေါသဖြစ်သွားရ၏။
“မင်းတောင်းဆိုတာဆိုတော့ ငါတို့ မယဥ်ကျေးပြနေတော့ဘူး”
၎င်းတို့လေးဦးသည် တိုက်ပွဲပုံစံစတင်ဖွဲ့လိုက်ကြသည်။ ဤအချိန်ကာလအတွင်းတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တိတ်တဆိတ်နားလည်မှုအဆင့်သို့ရောက်ရှိနေခဲ့ပြီဖြစ်၏။ လေးဦးသားသည် ချူးယွင်ဖန်းကို စတင်တိုက်ခိုက်လိုက်ကြသည်။
လက်တစ်စုံက လက်လေးစုံကိုမတိုက်နိုင်ဟူသည်မှာ မည်သို့ ဆိုလိုခြင်းဖြစ်သနည်း။ ၎င်းတို့လေးယောက်သည် ချူးယွင်ဖန်းထံသို့ လေးဘက်လေးတန်မှ ရောက်လာကြကာ၊ ချူးယွင်ဖန်း ရှောင်တိမ်းနိုင်မည့်နေရာများအားလုံးကို ပိတ်ဆို့ထား၏။ သာမန်လူများသာ ဤသို့ပြဿနာမျိုးကြုံလာပါက၊ ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
“မင်းက အခုထိ မောက်မာရဲသေးတာလား မင်းယယ်လောက်သန်မာလဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်းက ငါတို့လေးယောက်လုံးကို တစ်ပြိုင်တည်းစိန်ခေါ်ရဲတာလား” ရှဖန်၏ မျက်နှာထက်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
သို့သော် သူ၏တိုက်ခိုက်မှု လွဲချော်သွားကြောင်းသိလိုက်ရသောအခါတွင် သူ့အပြုံးသည် ချက်ချင်းအေးခဲသွားသည်။ သူ၏ လက်သီးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားရုံမျှသာဖြစ်သည်။
ချူးယွင်ဖန်းသည် ရုပ်ကိုယ်ပွားသုံးခုခွဲခဲ့ရာ၊ ၎င်းတို့၏ တိုက်ခိုက်မှုများအားလုံး လွဲချော်သွားခဲ့သည်။
“ရွေ့လျားမှုနည်းစနစ်” ရှဖန်က အော်လိုက်သည်။
ဘေးမှ ကျန်းယွမ်ပင်သည်လည်း ချူးယွင်ဖန်း၏ ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွေ့လျားသိုင်း ကိုမြင်လိုက်ရသဖြင့် မျက်လုံးများလက်သွားသည်။ ချူးယွင်ဖန်း၏ ပုံရိပ်ကိုးသွယ်ကို သူမြင်ဖူးသည်မှာ ဤသည်ကားပထမဆုံးအကြိမ်တော့မဟုတ်ပေ။ ပြိုင်ပွဲအတွင်းတွင် သူသည် ချူးယွင်ဖန်း၏ တိုက်ပွဲများကို အာရုံစိုက်ခဲ့သည်။ သို့သော် ဤသည်မှာ၊ သူ့ရှေ့တွင် ပထမဆုံးအကြိမ်မြင်လိုက်ရခြင်းဖြစ်၏။
လေးယောက်လုံး၏ တိုက်ခိုက်မှုများလွဲချော်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းရှောင်တိမ်းလိုက်နိုင်ခြင်းပင်ဖြစ်၏။ ရုတ်တရက် ရှဖန်၏ အမြင်အာရုံများ မှုန်ဝါးသွားပြီးနောက်၊ သူ့ရှေ့တွင် လူတစ်ယောက်ပေါ်လာသည်။ ၎င်းသည် ချူးယွင်ဖန်းမှတပါး အခြား မည်သူဖြစ်နိုင်လိမ့်မည်နည်း။
ရှဖန်သည် ရာနှင့်ချီသော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသည့် လက်ရွေးစင်ကျောင်းသားတစ်ဦးဖြစ်သည်။ ရုတ်တရက်ပေါ်လာသော ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် အနည်းငယ်မျှ တုန်လှုပ်နေခြင်းမရှိပေ။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးနောက်၊ ချူးယွင်ဖန်း၏ ခေါင်းကို ထိုးပစ်လိုက်သည်။
ဘမ်း
ကျယ်လောင်သော တိုက်မိသံနှင့်အတူ၊ ချူးယွင်ဖန်းသည် ရှဖန်၏ လက်သီးကို လက်ဖြင့်ဖမ်းခဲ့သည်။ ချူးယွင်ဖန်းသည် သံမဏိလူသားနှင့်တူ၏။ ရှဖန်၏ လက်သီးထဲမှ ပေါင်တစ်ထောင်ကျော်ရှိသော အင်အားသည် အချည်းအနှီးသာဖြစ်သွားပြီးနောက်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်ရှားနိုင်တော့ပေ။
“ဘာလဲ”
ရှဖန်သည် နောက်ဆုံးတွင် စတင်တုန်လှုပ်လာပြီဖြစ်၏။ သူ၏တိုက်ခိုက်မှုအားလုံး အချည်းအနှီးဖြစ်သွားသည်ကို သဘောပေါက်လိုက်သောအခါ၊ ၎င်းသည် အလွန်ခြောက်ခြားဖွယ်ကောင်း၏။ ရှဖန်သည် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သဖြင့် အဖွဲ့ထဲတွင် မိမိကိုယ်မိမိ အထူးချွန်ဆုံးဟု ထင်ခဲ့သည်။ မဟုတ်လျှင် ကျန်းယွမ်ပင်မှ သူ့ကို ခေါ်ခဲ့မည်မဟုတ်ပေ။
စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးသည် အလိုအလျောက်ပင် ပထမတန်းစားဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ ရှေ့တွင် လုံးလုံးလျားလျားအသုံးမဝင်ပေ။ ရှဖန်၏ တိုက်ခိုက်မှုကို ချက်ချင်း လက်ခံပြီးနောက်၊ ချူးယွင်ဖန်းက တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ၏ လက်ငါးချောင်းကို တင်းတင်းဆုပ်၍ စစ်မှန်သော စွမ်းအင်များကို စုစည်းကာ၊ ရှဖန်ကို ထိုးလိုက်သည်။
ဘမ်း
အရာအားလုံးသည် အလျင်အမြန်ဖြစ်ပျက်သွားခြင်းဖြစ်၏။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် လျှပ်စီးတမျှ မြန်ဆန်၍ ရှဖန်၏ ခန္ဓာကိုယ်သို့ တိုက်ရိုက်ထိမှန်သွားသည်။ ရှဖန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ချက်ချင်းလွင့်ထွက်သွားသည်။ သူ ပြန်ထရန် ကြမ်းပြင်ပေါ်တွင် အကြိမ်အနည်းငယ်မျှ လူးလိမ့်နေခဲ့သော်လည်း ပြန်မထနိုင်ခဲ့ပေ။ သူ၏ တိုက်ပွဲစွမ်းအင်များအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
“မဖြစ်နိုင်ဘူး”
ကျန်သုံးယောက်က ချူးယွင်ဖန်းသည် ရှဖန်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်ကို မြင်လိုက်ရသောအခါ၊ ထိတ်လန့်တကြားဖြစ်သွားကြသည်။ ၎င်းတို့အားလုံးသည် ရှဖန်၏ ခွန်အားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိထားကြသည်။ သူဤမျှ ပျော့ညံ့မနေနိုင်ပေ ။ ထို့ကြောင့် ချက်ချင်းပင် အာရုံစုစည်း၍ ချူးယွင်ဖန်းကို သတိထားလာကြသည်။
သို့သော် ၎င်းသည် အလွန်နောက်ကျသွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ခယ့်ယွေ့ရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ခယ့်ယွေ့သည် ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားရသော်လည်း ချက်ချင်းတုံ့ပြန်ခဲ့သည်။ သူ၏ လက်သီးနှစ်လုံးသည် တူကြီးနှစ်စင်းကဲ့သို့ ချူးယွင်ဖန်းထံသို့ တိုးဝင်လာ၏။
ဘွန်း
ခယ့်ယွေ့၏ လက်သီးများသည် လေကိုခွင်း၍ ပြင်းထန်သောအသံနှင့်အတူ ပေါက်ကွဲထွက်လာသည်။
အခန်း(၃၈၃) လူလေးယောက်ကို အနိုင်ယူခြင်း
ခယ့်ယွေ့သည် လက်နက်မကိုင်ထားသော်လည်း သူ၏တိုက်ခိုက်မှုမှာ အလွန်ခြောက်ခြားကြောက်မက်ဖွယ်ကောင်းနေ၏။ သူ့လက်သီးများသည် ချူးယွင်ဖန်းကို ချေမှုန်းပစ်ပစ်တော့မည့် သံတူကြီးနှစ်လက်နှင့်တူသည်။
ဘမ်း
ဘမ်း
တိုက်မိသောအသံနှစ်ခု ပေါ်ထွက်လာသည်။ ချူးယွင်ဖန်းသည် သူ့လက်သီးများကို ဆုပ်၍ သူ့ကိုယ်သူကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ခယ့်ယွေ့၏ လက်သီးများသည် ချူးယွင်ဖန်း၏ လက်မောင်းများပေါ်သို့ ကျရောက်သွားသော်လည်း ချူးယွင်ဖန်းကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် တုန်ယင်သွားခြင်းမရှိသော်လည်း ခယ့်ယွေ့သည်မူ သူ၏လက်နှစ်ဖက်လုံးတုန်ခါသွားသည်ကို ခံစားလိုက်မိသည်။ ခယ့်ယွေ့၏လက်များမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော တွန်းအားတစ်ခု ပြန်လည်တိုးဝင်လာသည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ရှဖန်ကို တစ်ချက်တည်းဖြင့် မည်သို့ လွင့်ထွက်စေခဲ့သည်ကို သူနားလည်သဘောပေါက်သွားသည်။ ရှဖန်သည် လုံးလုံးလျားလျားမထနိုင်တော့ပေ။
ဤခွန်အားသည် အလွန်ကြီးလွန်းလှသည်။
သူ၏တိုက်ခိုက်မှုကျရှုံးသွားသည်နှင့်တစ်ပြိုင်နက်၊ ခယ့်ယွေ့က အလျင်အမြန်ပြန်ဆုတ်လိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ့ထက်ပို၍ လျင်မြန်နေ၏။ ချူးယွင်ဖန်းသည် လက်သီးများကို ဆုပ်ထားလျက်၊ ခယ့်ယွေ့၏ ရင်ဘက်သို့ လှံတစ်စင်းကဲ့သို့ ပစ်သွင်းလိုက်သည်။ ခယ့်ယွေ့သည် လက်များဖြင့် သူ့ရင်ဘက်ကို ကာထားလိုက်ရာ၊ ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်းတွင် ရောက်လာခဲ့၏။
ခယ့်ယွေ့သည် ကြီးမားသော သက်ရောက်မှုကြီးတစ်ခုကို ခံစားလိုက်ရသည်။ တစ်ခဏချင်း၌ပင် သူသည်လည်း လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလိုက်သည်။
ခယ့်ယွေ့သည် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်၍ ဟန်ချက်ကို ထိန်းရန် ကြိုးစားခဲ့သော်လည်း သူ့အတွက်မလွယ်ကူခဲ့ပေ။ သူ့လက်နှစ်ဖက်လုံးကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရရာ၊ ၎င်းတို့သည် ထုံကျဥ်၍ စွမ်းအားကင်းမဲ့နေ၏။
“ဘယ်လောက်တောင်ကြီးလိုက်တဲ့ စွမ်းအားလဲ”
ခယ့်ယွေသည် ကြောက်ရွံ့မှုအပြည့်ဖြင့် ဖြူဖျော့သွားသည်။ ဤကဲ့သို့ ထူးဆန်းသော စွမ်းအားသည် အမှန်တကယ်ပင် ခြောက်ခြားဖွယ်ကောင်းလှသည်။ ထိုအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ခယ့်ယွေ့၏ နောက်သို့ အရိပ်တစ်ခုသဖွယ်လိုက်၍ ပြင်းထန်စွာ ကန်ပစ်လိုက်သည်။
ဘမ်း
ဤတစ်ကြိမ်တွင်မူ၊ ခယ့်ယွေ့သည် မိမိကိုယ်မိမိ ခုခံနိုင်စွမ်းမရှိတော့သဖြင့် ရင်ဘတ်သို့ ကန်ခြင်းခံလိုက်ရသည်။ တိုးတိတ်သောညည်းညူသံနှင့်အတူ၊ နောက်ထပ်တစ်ကြိမ်လွင့်ထွက်သွားရပြန်သည်။
အစောပိုင်းက ရှဖန်ကဲ့သို့ပင် ခယ့်ယွေ့သည်လည်း လွင့်ထွက်ကာ မြေပြင်ပေါ်၌ လူးလှိမ့်နေရသည်။ သူ့ရင်ဘတ်တွင် တုနှိုင်းမရနိုင်သော နာကျင်မှုတစ်ခုကို ခံစားသွားရသည်။ မတ်တပ်ရပ်ချင်သော်လည်း နာကျင်မှုကို မခံနိုင်ခဲ့ပေ။ နောက်ဆုံးတွင်မူ၊ ရှဖန်မည်သို့ ခံစားခဲ့ရမည်ဖြစ်ကြောင်း သူနားလည်သဘောပေါက်သွားသည်။
ဤအရာများအားလုံးသည် ဖော်ပြရန်အတော် အတန်ကြာမြင့်သော်လည်း အချိန်တိုအတွင်းဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လေးဦးထဲမှ ရှဖန်နှင့် ခယ့်ယွေ့တို့သည် ခွန်အားအကုန်ဆုံးရှုံးသွားသဖြင့် တိုက်ပွဲမှ ဆုတ်ခွာသွားကြသည်။
တစ်ဖက်တွင်မူ၊ လွမ်ရင်းယွီနှင့် ကျီရှိချင်းတို့သည် ချူးယွင်ဖန်းရှေ့သို့ရောက်လာသည်။ ချူးယွင်ဖန်းသည် ရှဖန်နှင့် ခယ့်ယွေ့တို့ကို အလျင်အမြန်ချေမှုန်းပစ်ခဲ့သော်လည်း ၎င်းတို့သည် သူခေါင်းဆောင်ဖြစ်လာခြင်းကို လက်ခံကြလိမ့်ဦးမည်မဟုတ်ပေ။ သူတို့သည် အမျိုးသမီးများဖြစ်သော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယောက်ျားနှစ်ယောက်ထက် မနိမ့်ကျပေ။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ တက်လှမ်းနှင့်ပြီးဖြစ်ကြသည်။
လွမ်ရင်းယွီ၏ လက်သီးသည် လေးလံသော အမြောက်တစ်စင်းနှင့်ဆင်တူသည်။ သူမလေ့ကျင့်ထားသော လက်သီးသိုင်းကို အမြှောက်ဆန်လက်သီးများဟု ခေါ်သည်။ ၎င်းသည် အထူးသဖြင့် သူမ၏ ခွန်အားကို မြှင့်တင်ရာတွင် အလွန်အစွမ်းထက်၏။
တစ်ဖက်တွင်မူ၊ ကျီရှိချင်း၏ ရှည်လျားသော ခြေတံရှည်များသည် ကြာပွတ်ကဲ့သို့ ထွက်လာ၏။ ဤပြင်းထန်သောတိုက်ခိုက်မှုသည် လူတစ်ဦးကို နှစ်ပိုင်းပြတ်ထွက်သွားစေရန် ခုတ်သင်နိုင်လောက်သည့် သင်တုန်းဓားသွားနှင့်ဆင်တူသည်။
၎င်တို့နှစ်ဦးသည် ချူးယွင်ဖန်းကို ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။ သူ၏လက်ဆယ်ချောင်းကို နာကျင်ဒဏ်ရာရစေသည်ထက်၊ လက်တစ်ချောင်းကို ချိုးပစ်လိုက်ခြင်းက ပိုကောင်းသည်။ ချူးယွင်ဖန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချ၍ သူ၏ လက်ကို ဓားတစ်လတ်ကဲ့သို့ ထုတ်ကာ၊ ကျီရှိချင်း၏ ကြာပွတ်သဖွယ်ခြေထောက်ကို ခုတ်ပစ်လိုက်၍ သူမ၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ကျီရှိချင်းသည် သူမခြေထောက်ပေါ်တွင်ပင် မရပ်နိုင်နိုင်တော့သဖြင့် အလျင်စလို ပြန်ဆုတ်ခွာသွားသည်။ သူမ၏ ခြေထောက်တစ်ချောင်းလုံး ထုံကျဥ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်တွင်မူ၊ ချူးယွင်ဖန်းထံမှ လက်သီးထိုးသံတစ်ခုပေါ်ထွက်လာသည်။ ချူးယွင်ဖန်းသည် သူ၏လက်ငါးချောင်းကို ဆုပ်၍ လက်ချောင်းများကြားမှ တစ်ဆင့် ချီစွမ်းအင်များ ထွက်လာစေလိုက်သည်။
“ကမ္ဘာခွဲဟိန်းသံ”
ချူးယွင်ဖန်းက အော်ဟစ်၍ အပြင်းအထန်ထိုးပစ်လိုက်ကာ၊ လွမ်ရင်းယွီ၏ အမြောက်ကဲ့သို့သော လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကြီးမားသော အမြောက်ကျည်နှစ်စင်း ပြင်းပြင်းထန်ထန် ထိတိုက်သွားသည့်နှယ်၊ စစ်မှန်သော စွမ်းအင်များသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခု အသွင်ပြောင်းသွားသည်။ လွမ်ရင်းယွီ၏ လက်များ စတင်တုန်ခါလာကာ၊ သူမ၏ ချီစွမ်းအင်များကိုပင် ပြန်မထုတ်နိုင်တော့ဘဲ၊ ဤပြင်းထန်သော စွမ်းအားအောက်တွင် ချက်ချင်းပြိုကျပျက်ဆီးသွားရသည်။
လွမ်ရင်းယွီသည် သူမ၏ ရင်ဘက်ထဲမှ တင်းကြပ်သောလှိုင်းတစ်ခုကို ခံစားလိုက်မိပြီးနောက်၊
နောက်သို့လဲကျသွားသည်။ သူမ၏ ချီစွမ်းအင်များသည် ချော့မွေ့စွာ မစီးဆင်းနိုင်တော့သည်အထိ တုန်လှုပ်လျက်၊ အတွင်းအင်္ဂါများအားလုံး ကျုံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ပြီးသွားပြီ”
ချူးယွင်ဖန်းသည် လွမ်ရင်းယွီ၏ ရှေ့၌ ပေါ်လာ၏။ သူ၏လက်သည် လှံတစ်စင်းကဲ့သို့ တိုးထွက်လာပြီးနောက်၊ ထိုလှံသည် သူမရင်ဘတ်သို့ထိမှန်ကာ၊ သူမ၏ ချီစွမ်းအင်များကို ပေါက်ကွဲထွက်သွားစေသည်။
ဘွန်း
လွမ်ရင်းယွီသည် မြေပြင်ပေါ်သို့ လဲကျကာ၊ ဝမ်းနည်းကြေကွဲစွာဖြင့် ကျန်ရစ်ခဲ့သည်။ ချူးယွင်ဖန်းသည် အမျိုးသမီးတစ်ဦးကို သက်ညှာပေးရန် ရည်ရွှယ်ချက်မရှိပေ။ ချူးယွင်ဖန်း၏ လုပ်ရပ်များသည် အလွန်လျင်မြန်လွန်းလှသည်။ လွမ်ရင်းယွီကို အပြီးသတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ကျီရှိချင်းထံသို့ ထပ်မံချီတက်သွားပြန်သည်။ ကျီရှိခြင်းသည် ချူးယွင်ဖန်းနှင့်တိုက်မိရာမှ သူမကိုယ်သူမဟန်ချက်ပြန်ထိန်းပြီးကာစဖြစ်သည်။
“ချီးပဲ”
ချူးယွင်ဖန်းက လွမ်ရင်းယွီကို အပြီးသတ်လိုက်ကြောင်း သူမမြင်သောအခါ၊ သူမအခြေအနေမဟန်ကြောင်း သိလိုက်သည်။ ချူးယွင်ဖန်းသည် မြေပြင်ကိုဖနောင့်တစ်ချက်ပေါက်၍ ကျီရှိချင်း၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။ ကျီရှိချင်းသည် ချူးယွင်ဖန်း လူသုံးယောက်ကို ဆက်တိုက်အနိုင်ယူလိုက်ကြောင်း မြင်လိုက်ရသော်လည်း သူမမကြောက်ပေ။ ထို့ကြောင့် တိုက်ခိုက်ရင်ဆိုင်ရာတွင် မိမိ၏ အားနည်းချက်ကို မပြသလိုသော ဆန္ဒဖြင့်ရှေ့သို့ ချီတက်သွားလိုက်သည်။
မင်းရဲ့ ဗျူဟာက မဆိုးလှပေမယ့် ကံမကောင်းစွာနဲ့ပဲ၊ ငါ့ခွန်အားနဲ့ မင်းခွန်အားက အရမ်းဝေးကွာလွန်းတယ်။ ကျီရှိချင်း မည်သို့တွေးနေသည်ကို သူသိသည်။ တိုက်ခိုက်ခြင်းဖြင့်သာ ချူးယွင်ဖန်း၏ အားနည်းချက်ကို ရှာနိုင်မည်ဖြစ်ရာ၊ သို့မှသာ ရှုံးနိမ့်မှုကို အောင်မြင်မှုသို့ပြောင်းလဲနိုင်မည်ဖြစ်သည်။ သူမသည် ရှဖန်သို့မဟုတ် အခြားသုံးယောက်နှင့် ရင်ဆိုင်ခဲ့ရပါက၊ အနိုင်ရနိုင်ခြေရှိမည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ချူးယွင်ဖန်းနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူမမည်သို့ပင် ကြိုးစားနေစေကာမူ၊ ခွန်အားကွာဟချက်သည် အလွန်ကြီးမားလှသဖြင့် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ပေ။
ဘမ်း
ဘမ်း
ဘမ်း
အနည်းငယ်လှုပ်ရှားပြီးနောက်၊ ကျီရှိချင်းသည် စတင်အရေးနိမ့်လာခဲ့ပြီဖြစ်သည်။ မည်သို့မျှမခုခံနိုင်တော့သည်အထိ၊ ဖိနှိပ်ခံထားရ၏။
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် ပြင်းထန်လွန်းကာ၊ အံ့ဖွယ်ခွန်အားနှင့် ပူးပေါင်းလိုက်သောအခါတွင်၊ ရလဒ်များသည် ရှင်းလင်း။ ခဏအကြာတွင် ကျီရှိချင်း၏ နှင်းကဲ့သို့ ဖြူစွတ်နေသော လက်မောင်းတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်။
ချူးယွင်ဖန်းသည် သနားညှာတာထောက်ထားခြင်းကင်းမဲ့စွာဖြင့် တိုက်ခိုက်ခဲ့သည်။
ဘွန်း
နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ကျီရှိချင်း၏ ရင်ဘတ်ကို ကန်လိုက်ရာ၊ လွင့်ပျံထွက်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ကျီရှိချင်းသည် အမှန်တကယ်ပင် စိတ်သက်သာရာရသွားပုံပေါ်၏။
အဆက်မပြတ်တိုက်ခိုက်ပြီးနောက်၊ ကျီရှိချင်းသည် သူမနှင့် ချူးယွင်ဖန်းအကြားရှိကွာဟချက်ကို နားလည်လာခဲ့သည်။ သူမ၏ ကျင့်ကြံရေးအဆင့်သည် ချူးယွင်ဖန်းထက် မြင့်မားသော်လည်း ဤလူထူးဆန်း၏ရှေ့တွင် ၎င်းသည် အသုံးမဝင်ပေ။
“ပြီးသွားပြီ” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ဤသို့အဆက်မပြတ်တိုက်ခိုက်ပြီးသည့်တိုင် ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် မောဟိုက်နေခြင်းမရှိပေ။ သူနှင့် ကျီရှိချင်းတို့ နှစ်ဦးလုံးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိကြသော်လည်း သူ၏ခွန်အားသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိသူများအားလုံးထက်၊ များစွာသာလွန်သည်မှာ ထင်ရှားသိသာ၏။
“ကန့်ကွက်စရာရှိသေးလား။ ငါ သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ်ရွေးလိုက်တည်းက ငါ့မှာ အကြောင်းပြချက်တစ်ခုရှိရမှာပေါ့”
ဤအခိုက်အတန့်တွင် ရှဖန်နှင့်အခြားသူများ မတ်တပ်ထလာကြသည်။ ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်မှုများကို မထိန်းထားခဲ့သော်လည်း ကန့်သတ်ချက်များကို သူသိထားသည်။ ၎င်းတို့အားလုံး အတွင်းဒဏ်ရာအချို့ရသွားကြသည့်တိုင်၊ ပြင်းပြင်းထန်ထန်မထိခိုက်ခဲ့ကြပေ။
လေးယောက်လုံး လက်ခံလိုက်ကြရပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို လျှပ်စီး၏ အလျင်ဖြင့် အနိုင်ယူနိုင်ခဲ့သဖြင့် သူတို့ လက်မခံရန် မဖြစ်နိုင်တော့ပေ။ သူတို့ကြားမှ ခွန်အားကွာခြားချက်သည် သိသာလွန်းလှ၏။
သူတို့သည် ချူးယွင်ဖန်းကို နားမလည်နိုင်သောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်၌ အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးနေရသနည်း။
အခန်း(၃၈၄) ကျင့်ကြံရေးစွယ်စုံကျမ်း
၎င်းတို့လေးဦးသည် စွမ်းအင်သန့်စင်ခြင်းအဆင့် ထူးချွန်သူများဖြစ်ကြသော်လည်း ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရာတွင်၊ လုံးလုံးလျားလျားရှုံးနိမ့်ခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့နှင့် တူညီသောအဆင့်တွင် မရှိပေ။
ယခုလက်ရှိ ချူးယွင်ဖန်းကို သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦးကသာ ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ချူးယွင်ဖန်းသည် ပထမနှစ်ကျောင်းသားများအထွက် စွမ်းအားအကြီးဆုံး ကျင့်ကြံသူတစ်ဦးဖြစ်ကောင်းဖြစ်နိုင်၏။ ပထမကျောင်းသားများအဆင့်သို့မရောက်သေးသော်လည်း သူသည် ဒုတိယအဆင့်ကျောင်းသားများအနက်၊ အကောင်းဆုံးကျောင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ဤသည်ကတင်၊ အလွန်ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်၏။ ပြည်ထောင်စုတက္ကသိုလ်၏ ပထမနှစ်သိုင်းပညာတန်းများတွင် ကျောင်းသားပေါင်း ထောင်ချီ၍ရှိသဖြင့် ဒုတိယအဆင့်ကျောင်းသားများအကြား ထိပ်ဆုံးရောက်ရှိနိုင်ရန် သူ့အတွက် မလွယ်ကူလှပေ။
“သွားနားကြတော့၊ ခဏနေကျမှ လူပြန်စုကြမယ်၊ မင်းတို့အားလုံးရဲ့ အသင်းခေါင်းဆောင်ကို ရွေးပြီးကြပြီဆိုတော့၊ အထူးလေ့ကျင့်ဖို့အချိန်ရောက်ပြီ” ကျန်းယွမ်ပင်ကပြောသည်။
ရှဖန်နှင့်အခြားသူများသည် ခေါင်းမိုးထပ်မှ ခုန်မဆင်းခင်၊ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက်၊ ၎င်းတို့သည် အခြားသင်ကြားရေးအဆောက်အအုံတစ်ခုပြီးတစ်ခုသို့ အလျင်အမြန်ခုန်ပျံကျော်လွှားသွာားကြရာ၊ စက္ကန့်အနည်းငယ်အတွင်းတွင်ပင်၊ ၎င်းတို့သည် ချူးယွင်ဖန်း၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြသည်။
ချူးယွင်ဖန်းသည် ၎င်းတို့ကို ဒဏ်ရာရစေခဲ့သော်လည်း သူ့တိုက်ခိုက်မှုများ၏ အတိုင်းအတာကို သူသိသည်။ ထို့ကြောင့် ၎င်းတို့သည် ဤသို့သော ခုန်ကျော်ပျံလွှားမှုများကို လုပ်ဆောင်နိုင်ကြသေးသည်။ ၎င်းတို့၏ ခွန်အားဖြင့် ဆယ်မီတာထက် ပို၍ ခုန်လျှင်ပင် ပြဿနာရှိမည်မဟုတ်ပေ။ မှန်သည်။ လက်တွေ့တိုက်ပွဲတွင်မူ၊ ထိန်းချုပ်၍မရနိုင်သောအချက်များ များစွာရှိသဖြင့် မည်သူမျှ ဤမျှထိ ခပ်ဝေးဝေးသို့ ခုန်ပျံကျော်လွှားကြလိမ့်မည်မဟုတ်ပေ။
ထို့နောက်၊ ရုတ်တရက်၊ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ထံမှဖိုင်တွဲတစ်ခုကို လက်ခံရရှိခဲ့သည်။
“ဒါကို သေချာဖတ်ကြည့်”
ချူးယွင်ဖန်းက ထိုစာဖိုင်ကို ဖွင့်လိုက်၍ ကြည့်လိုက်သည်နှင့် မျက်နှာစာတွင်၊
“ကျင့်ကြံရေးဆိုင်ရာ စွယ်စုံကျမ်း”ဟူသော စာလုံးထင်းထင်းများပါသည့် စာအုပ်အထူတစ်အုပ်ဖြစ်သည်။
“ဒါဘာလဲ”
“ဒါက ကျောင်းသားတွေရဲ့ လေ့လာဆန်းစစ်မှုအတွက်၊ ငါတို့ရနိုင်တဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေအားလုံးကို သုံးပြီး ပြည်ထောင်စုတက္ကသိုလ်က ပြုစုရေးဆွဲထားတဲ့၊ ကျင့်ကြံရေးနည်းလမ်းအမျိုးမျိုးရဲ့ စွယ်စုံကျမ်းပဲ။ ဒီထဲမှာ နောင်မှာမင်းကြုံလာရမယ့် မေးခွန်းအများစုအတွက်၊ ခွန်းလွန်နယ်မြေက လူသိများတဲ့ ပထဝီဝင်အနေအထားနဲ့၊ ရှေးဟောင်းလူသားကာလရဲ့ လူသိများတဲ့ သမိုင်းမှတ်တမ်းတွေ၊ အခြားခေတ်တွေအကြောင်းအပါအဝင်၊ မွန်းစတားတွေ၊ ဆေးမြစ်ဆေးရွက်တွေနဲ့ ဝိဉာဥ်မိုင်းတွေကိုပါ အတိုချုပ်မိတ်ဆက်ပေးထားတယ်။
“ဒီစွယ်စုံပန်းကို ဖတ်ပြီးရင် မင်း ကျင့်ကြံတုန်းတွေးမိတဲ့ မေးခွန်းတွေကို ပိုပြီးရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်လာလိမ့်မယ်။ အဲံတာတွေက အခြေခံနိဒါန်းတွေပဲဆိုပေမယ့်၊ ဒီစာအုပ်ကို ပြည်ထောင်စုတက္ကသိုလ်က သေချာပြုစုထားတာဆိုတော့၊ လတိုင်း ပိုတိကျတဲ့ အချက်အလက်တွေ ထည့်ပေးလေ့ရှိတယ်” ကျန်းယွမ်ပင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“တက္ကသိုလ်အသီးသီးက စွယ်စုံကျမ်းတွေအားလုံးထဲမှာ ငါတို့တက္ကသိုလ်က စွယ်စုံကျမ်းက အကောင်းဆုံးနဲ့ အပြည့်စုံဆုံးပဲ၊ ပြည်ထောင်စုတပ်မတော်ရဲ့ အထူးထိပ်တန်းတပ်ခွဲတွေမှာတောင် ငါတို့ စွယ်စုံကျမ်းကို သုံးကြတယ်”
ချူးယွင်ဖန်းသည် အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်မိသည်။ ပြည်ထောင်စုတက္ကသိုလ်တွင် ထိုသို့သောအရာမျိုးရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ စွယ်စုံကျမ်းရေးခြင်းသည် မည်သူမဆိုလုပ်နိုင်သောအရာမဟုတ်ပေ။ သမိုင်းတွင် အကျော်ကြားဆုံးစွယ်စုံကျမ်းနှစ်ခုမှာ Britannica နှင့် ယောင်လေ့ပွဲတော်တို့ဖြစ်ကြရာ၊ ၎င်းတို့၏ စွမ်းအားအမြင့်ဆုံးအခိုက်အတန့်သို့ရောက်သောအခါတွင် ထိပ်တန်းအင်ပါယာကြီးနှစ်ခုမှ ပြုစုခဲ့ခြင်းဖြစ်သည်။
ဤစာအုပ်များရေးသားရာတွင် အသုံးပြုသည့် လူအင်အားနှင့် အရင်းအမြစ်များသည် များပြားလှသည်။ ခွန်းလွန်ခေတ်မတိုင်မီက မည်သည့်အင်ပါယာကြီးကမျှ လုပ်ဆောင်နိုင်မည့်အရာမဟုတ်ပေ။
လက်ရှိ ခွန်းလွန်ခေတ်တွင် ကဏ္ဍပေါင်းစုံကို လွှမ်းခြုံနိုင်သော စွယ်စုံကျမ်းအစုံအလင်ကို စုစည်းနိုင်ခဲ့သည်ဖြစ်ရာ၊ ၎င်းကို ကျောင်းသားများအတွက်သာအသုံးပြုရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများမှ ကျင့်ကြံရေးလောကအကြောင်း ပိုမိုနားလည်လာစေရန်ဖြစ်၏။
ပြည်ထောင်စုတက္ကသိုလ်၏ စွမ်းအင်သုံးဆွဲမှုသည် အမှန်ပင် သာမန်ထက်ပို၏။ ထို့အပြင်၊ ၎င်းတို့သည် ယင်းစာအုပ်ကို တစ်လတစ်ကြိမ် ပြုပြင်မွမ်းမံမည်ဖြစ်သဖြင့် ဤအရာသည် မည်မျှ အံ့ဖွယ်ကောင်းသည်ကို တွေးကြည့်၍ရနိုင်၏။
“ဆရာကျန်း ဘာလို့ အခြေခံနိဒါန်းတွေပဲရှိတာလဲ။ စွယ်စုံကျမ်းကို ပြုစုရေးသားနိုင်တဲ့လူတွေက ဒီအဆင့်မှာပဲမရှိသင့်ဘူးမလား”
“ဒါပေါ့ တကယ်တော့ မင်းတို့ ကျောင်းသားတွေကြည့်ခွင့်ရတဲ့ဟာက စွယ်စုံကျမ်းအကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါ့ကြောင့် မင်းတို့ အခြေခံအကျဆုံးအချက်အလက်တွေကိုပဲ မြင်ရမှာ။ ပိုပြီးလေးနက်တဲ့ အချက်အလက်တွေကို မင်းတို့ကို မပေးထားဘူး။ ပြည်ထောင်စုတက္ကသိုလ်မှာ မင်းစုဆောင်းထားတဲ့အမှတ်တွေကို သုံးပြီးတော့၊ လဲလှယ်မှပဲ၊ ဒီ့ထက်ပိုများတဲ့အချက်အလက်တွေကို မင်းဖတ်နိုင်လိမ့်မယ်” ကျန်းယွမ်ပင်ကပြောသည်။
ချူးယွင်ဖန်း၏ မျက်နှာသည် အလွန်လေးနက်သောအမူအရာဖြစ်လာသည်။ ဤစွယ်စုံကျမ်းသည် အကန့်အသတ်မဲ့ တန်ဖိုးရှိလှသည်။ မျက်မှောက်ခေတ်၌ပင် ဤစာအုပ်မျိုးသည် ဂိုဏ်းတိုင်း၏ အဓိကလျှို့ဝှက်ချက်တစ်ခု ဖြစ်မည်မှာ သေချာကာ၊ အမာခံတပည့်များကိုသာ သင်ကြားပေးလိမ့်မည်ဖြစ်သည်။ ယခုအခါ၊ ပြည်ထောင်စုတက္ကသိုလ်သည် ဤအချက်အလက်များအားလုံးကို ၎င်း၏ ကျောင်းသားများအား ထောက်ပံ့ပေးထားခြင်းပင်ဖြစ်ရာ၊ ပြည်ထောင်စုတပ်မတော်မှ လက်ရွေးစင်အထူးတပ်ဖွဲ့များ၌ပင် ဤစာအုပ်ကို သုံးကြ၏။
အခြားတက္ကသိုလ်များမှ မိမိတို့ ကျောင်းသားများအတွက် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံရေးလမ်းညွှန်များကို ရေးနေကြချိန်တွင်ဖြစ်စေ၊ ကိုယ်ပိုင်ကျင့်ကြံရေးမှတ်စုများရေးနေကြချိန်တွင်ဖြစ်စေ၊ ပြည်ထောင်စုတက္ကသိုလ်၏ စွယ်စုံကျမ်းကို အကိုးအကားအဖြစ် ကျိန်းသေအသုံးပြုလိမ့်မည်မှာ သေချာသည်ဟု ချူးယွင်ဖန်း ခန့်မှန်းထားသည်။
သို့သော် ဤကဲ့သို့သော အံ့မခန်းစွယ်စုံကျမ်းတစ်ခုသည်ပင်၊ တကယ်တမ်းတွင် စာရင်းတစ်ခုမျှသာဖြစ်သည်။ ၎င်း၏ နောက်ကွယ်တွင် မရေမတွက်နိုင်အောင်များပြားသော အချက်အလက်များကို မှတ်တမ်းတင်ထားသည့် ပို၍ နက်နဲကာ၊ ကြီးမားသော စာကြည့်တိုက်ကြီးတစ်ခုရှိနေသေးသည်။ ဤသို့လုပ်ခြင်းအားဖြင့် လူသားများအတွက် ပြည်ထောင်စုတက္ကသိုလ်၏ ပူပေါင်းပါဝင်မှုသည် တိုင်းဆ၍ မရနိုင်အောင် တန်ဖိုးရှိလှသည်။ လူ့အဖွဲ့အစည်း၏ ချီးကျုးမှုကို ခံရကာ၊ နံပါတ်တစ်တက္ကသိုလ်ဖြစ်ခဲ့ခြင်းကို အမှန်တကယ်ပင် သာမန်ကာလျှံကာ သဘောထား၍မရပေ။
နောက်ဆုံးတွင် ပြည်ထောင်စုတက္ကသိုလ်သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုအနက်၊ အတိုဆုံးအချိန်ကာလအတွင်းတည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်ကာ၊ ယခုမူ၊ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာခဲ့သည်။ ကျွမ်းကျင်မှုမရှိပါက၊ ဤအဆင့်အထိ မည်သို့ရောက်နိုင်လိမ့်မည်နည်း။
“ပြည်ထောင်စုတက္ကသိုလ်ရဲ့ အမှတ်တွေက ဘယ်လိုအလုပ်လုပ်တာလဲ”
ပြည်ထောင်စုတက္ကသိုလ်သည် ပြင်ပကမ္ဘာနှင့် လုံးလုံးလျားလျားကွဲပြားသော စနစ်တစ်ခုကို အသုံးပြုထားသည်။ ဤစနစ်၏ အခြေခံအုတ်မြစ်မှာ အမှတ်ပေးစနစ်ပင်ဖြစ်ရာ၊ ဤစနစ်ကို ငွေကြေးပုံစံတစ်ခုအဖြစ် နားလည်ထားနိုင်သည်။ လျှို့ဝှက်လက်စွဲများ၊ လျှို့ဝှက်စာတိုများ၊ ကန့်သတ်နည်းပညာများ၊ ပစ်ခတ်ရေးလက်နက်များ၊ စက်ယန္တရားများနှင့် စစ်သင်္ဘောများအပါအဝင်၊ တက္ကသိုလ်အတွင်းရှိ အရာများစွာကို အမှတ်များဖြင့်လဲလှယ်၍ရနိုင်သည်။ သို့သော်လည်း အမှတ်ပေးစနစ်ကို အကောင်အထည်ဖော်ရသည့် အကြောင်းအရင်းမှာ၊ ငွေကြေးနှင့်မတူသောကြောင့်ဖြစ်သည်။ ဤအရာများသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများအတွက်သာ ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်ပြင်ပမှသူများအတွက်မူ၊ ၎င်းတို့သည် အသုံးမဝင်ပေ။
“တက္ကသိုလ်ထောင်ကာစတုန်းက၊ တရားမျှတမှုရှိအောင်ဆိုပြီး ဒီစနစ်ကို သုံးခဲ့ကြတာပဲ။ နောက်တစ်ခုကတော့၊ ကျောထောက်နောက်ခံအမျိုးမျိုးရှိတဲ့ကျောင်းသားတွေရှိတယ်လေ။ သာလွန်ကောင်းမွန်တဲ့ မိသားစုနောက်ခံရှိတဲ့ ကျောင်းသားတွေက သူတို့ ကျင့်ကြံရေးအတွက် မိသားစုတွေကနေ ယွမ်ငွေ၊ ဆယ်ဂဏန်း၊ ဒါမှမဟုတ် ယွမ်သန်းနဲ့တောင်ရာချီပြီး လွယ်လွယ်ကူကူရနိုင်တယ်။ ဒါပေမယ့် သာမန်ကျောင်းသားတွေကတော့ အဲ့လိုကျင့်ကြံရေးအရင်းအမြစ်တွေမရနိုင်ဘူး”
“ဒါပေမယ့် ဒီပြည်ထောင်စုတက္ကသိုလ်မှာ ဆင်းရဲတဲ့ ကျောင်းသားတွေက သတင်းအချက်အလက်တွေကို လဲဖို့ အမှတ်တွေသုံးနိုင်တယ်။ အပြင်မှာ ငွေနဲ့ရနိုင်တဲ့အချက်အလက်မှန်သမျှကို ဒီမှာ အမှတ်တွေသုံးပြီးရနိုင်တယ်။ ဒါပေမယ့် အချို့အချက်အလက်တွေဆိုရင် ငွေနဲ့တောင်ဝယ်လို့မရနိုင်ဘူး။ ဒါ့ကြောင့် ဒီမှာ ဒီလိုအမှတ်ပေးစနစ်ကို သုံးတာပဲ” ကျန်းယွမ်ပင်က ရှင်းပြသည်။