အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း(၃၉၁) စွမ်းအားအရမ်းများလွန်းတယ်
ဤအရာသည် လျှပ်စီးတမျှ မြန်ဆန်၍ မျက်စိတစ်မှိတ်အတွင်း၌ပင် လွမ်ရင်းယွီ၏ အပေါ်သို့ရောက်လာသည်။ လွမ်ရင်းယွီသည် ဓားထုတ်ရန်အချိန်မရှိသော်လည်း သူမ၏ ကျင့်ကြံရေးအခြေခံရှိနေဆဲဖြစ်သဖြင့် ခုန်အုပ်ခံလိုက်ရသည့်တိုင်၊ သူမ တုံ့ပြန်ုနိုင်ခဲ့သည်။ သူမ၏ လက်များဖြင့် သူမကိုယ်သူမ ကာကွယ်လိုက်သည်။
ထို့နောက် သတ္တုနှစ်ခုတိုက်မိသည့်အသံတစ်ခု ထွက်ပေါ်လာရာ၊ ချွန်ထက်သော လက်သည်းသည် လွမ်ရင်းယွီ၏ လက်များကို ခုတ်ဖြတ်သွားသည်နှင့်အလျောက်၊ အသံတစ်ခု ပေါ်ထွက်လာသည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ချပ်ဝတ်တန်ဆာတန်ခုဝတ်ဆင်ထားသည်ဖြစ်၍ သူမ၏ လက်သို့ တိုက်ရိုက်မထိခဲ့ပေ။
လွမ်ရင်းယွီသည် ထိုသို့သော ကြီးမားသော အင်အားတစ်ခုအောက်တွင်၊ ၎င်းကိုခုခံရန် ဆုတ်ခွာရုံသာတတ်နိုင်ခဲ့၏။ အောက်သို့ခုန်ဆင်းလာသောအရာသည်လည်း နောက်ပြန်လွင့်ထွက်၍ မြေပြင်ပေါ်သို့ လဲကျသွားသည်။ နောက်ဆုံးတွင် အားလုံးသည် မည်သည့်အရာဖြစ်ကြောင်း မြင်လိုက်ရပြီဖြစ်၏။ ၎င်းသည် အမြင့် ခြောက်ပေခွဲခန့်မြင့်သော၊ မြောက်ဝံနှင့်တူသည့် မွန်းစတားတစ်ကောင်ဖြစ်သည်။ လူသားများသည် ယခုအချိန်တွင် အလွန်အရပ်မြင့်လာသောကြောင့် ဤသားရဲကို အရပ်မြင့်သော လူတစ်ဦးအဖြစ် သတ်မှတ်၍ရနိုင်၏။
၎င်း၏ ခန္ဓာကိုယ်ကို အနက်ရောင်သားမွှေးများဖြင့် ထူထပ်စွာဖုံးလွှမ်းထားသည်။ ပျော့ပျောင်းသည့်ခန္ဓာကိုယ်တစ်ခု ရှိသော်လည်း ၎င်း၏နောက်ကျောတွင် သွေးရောင်လည်ဆံတစ်ခုရှိသည်။ အဝေးမှကြည့်ပါက ၎င်းသည် အမှောင်ထဲတွင် တောက်လောင်နေသည့် မီးလုံးကြီးတစ်လုံးနှင့်ဆင်တူသည်။
လူတိုင်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ ၎င်းသည် ဤဧရိယာကို သိမ်းပိုက်အုပ်ဆိုးထားသည့် သွေးရောင်လည်ဆံ မျောက်ဝံ့ဟူသော မွန်းစတားမျိုးစိတ်တစ်ခုဖြစ်သည်။
“သတ်ပစ်” ချူးယွင်ဖန်းက အမိန့်ပေးလိုက်သည်။
အခြားလေးယောက်က မြန်မြန်ဆန်ဆန် တုံ့ပြန်ကြ၏။ တစ်ခဏချင်းအတွင်းမှာပင် ၎င်းတို့သည် ဤသားရဲထံသို့ ပစ်သွင်းလိုက်သည့် မြှားများသဖွယ်ချီတက်သွားကြသည်။
ဤလူများ သူ့ထံသို့ချီတက်လာသည်ကိုမြင်သော်လည်း သွေးရောင်လည်ဆံမျောက်ဝံသည် ကြောက်ရွံ့ခြင်း အလျင်းမရှိပေ။ ထိုမျောက်ဝံသည် နေရာယူ၍ ရှဖန်နှင့်အခြားသုံးယောက်ကို တန်ပြန်တိုက်ခိုက်ခဲ့သည်။
ချူးယွင်ဖန်းသည် ချက်ချင်းဝင်မစွက်ဖက်သေးပေ။ ဤသွေးရောင်လည်ဆံမျောက်ဝံသည် ကြီးမြတ်သော ဆရာတစ်ဆူ၏ အသွင်အပြင်မျိုးရှိနေကြောင်း သူမြင်မိသည်။ ဤသည်မှာ သိုင်းပညာသနေ္ဓတည်သည့်အဆင့်ဖြစ်ကြောင်း ထင်ရှား၏။
ခဏတာ တွေးကြည့်ပြီးသည်နောက်၊ ဤအရာနှင့်ပတ်သက်၍ ထူးဆန်းသောအရာမတွေ့ပေ။ လူသားသိုင်းပညာသည် ဤမွန်းစတားများနှင့် သားရဲများကို တုပထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် နတ်ဆိုးကျားလက်သီးသိုင်းနှင့် ဓားခုတ်ကောင်လက်သီးသိုင်းတို့ကို ဤနည်းဖြင့် ဖန်တီးထားကြခြင်းဖြစ်သည်။
ဤသွေးရောင်လည်ဆံမျောက်ဝံသည် သာမန် သွေးရောင်လည်ဆံမျောက်ဝံသာဖြစ်သော်လည်း ၎င်းသည် သင့်လျော်သောအချိန်တွင် ရှေ့တိုး၍ သင့်လျော်သောအချိန်တွင် နောက်ဆုတ်တတ်သည်။ လူလေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင်၊ ၎င်းသည် အနည်းငယ်မျှ အရေးမနိမ့်ခဲ့ရုံသာမက၊ ရှဖန်နှင့်အခြားသူများကိုပင် နောက်သို့ပြန်ဆုတ်ရသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။
၎င်းတို့၏ အင်အားကိုဖိနှိပ်ထားနိုင်ခြင်းသည် ရှင်းလင်းစွာမြင်သာနေ၏။ ၎င်းတို့အလွန်ဂုဏ်ယူခဲ့ကြရသော ရုပ်ပိုင်းဆိုင်ရာအရည်အသွေးများသည် ဤသွေးရောင်လည်ဆံ မျောက်ဝံ၏ ရှေ့တွင်ဟာသတစ်ခုဖြစ်လာသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးများသည် မျောက်ဝံနှင့်နှိုင်းယှဥ်ပါက အပြည့်အဝခြားနားသောအဆင့်တွင်ရှိနေခြင်းဖြစ်သည်။ ၎င်းတို့သည် တူညီသော ကျင့်ကြံရေးအဆင့်တွင်ရှိသော်လည်း မျောက်ဝံ၏ လက်ထဲတွင် အလွယ်တကူ ဖိနှိပ်ခံနေရသည်။ ဤမျောက်ဝံ၏ လက်နှင့် ၎င်းတို့၏ လက်နက်များထိပ်တိုက်တွေ့သောအခါတွင်၊ ၎င်းတို့၏လက်များကို ထုံကျဥ်သွားစေနိုင်သည်အထိ အင်အားကြီးလှ၏။
လူသားများသည် ကိုယ်ခံအားအရ မွန်းစတားများနှင့် နှိုင်းယှဥ်၍မရပါ။ ကံကောင်းထောက်မစွာဖြင့် လူသားများသည် လက်နက်များနှင့် သံချပ်ကာများကို တီထွင်နိုင်သည့် ဉာဏ်ပညာရှိကြသည်။
‘သေစမ်း အလေးစီးဝတ်စုံက အင်အားကို အရမ်းထိန်းချုပ်ထားတယ်’ ရှဖန်က မိမိစိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ ဆွဲငင်အား ၀.၅ဆသာရှိသော်လည်း ၎င်းတို့၏ အမြန်နှုန်းနှင့် တုံ့ပြန်မှုသည် ၎င်းတို့၏အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်နှင့် နှိုင်းယှဥ်၍မရတော့ပေ။
သွေးလည်ဆံမျောက်ဝံ၏ ခန္ဓာကိုယ်ကို ဓားဖြင့် ခုတ်ပိုင်းခဲ့ကြသော်လည်း များများစားများမထိခိုက်ခဲ့ပေ။ ၎င်း၏ အသားကို ခုတ်နိုင်ခဲ့လျှင်ပင် ယင်းသည် မျောက်ဝံ့ကို နာကျင်စေရန် ခက်ခဲ၏။ ဤသည်ကား ပြဿနာအများရဆုံးအပိုင်းပင်ဖြစ်သည်။
၎င်းတို့၏ လက်နက်များသည် သွေးလည်ဆံမျောက်ဝံ၏ ခန္ဓာကိုယ်သို့ ထိမှန်၍၊ အသံပေါင်းများစွာထွက်ပေါ်ကာ၊ မီးပွားအချို့ပင် ပျံထွက်လာခဲ့သည်။ သို့ထိတိုင် ၎င်းတို့သည် သွေးရောင်လည်ဆံမျောက်ဝံ၏ အမွှေးများကိုသာ ဖြတ်တောက်နိုင်ခဲ့၏။ ၎င်း၏ အမွှေးသည် သတ္တုကျောက်တုံးများနှယ် မာကျော၍ လက်သည်းသည် နတ်လက်နက်များကဲ့သို့ ထက်မြက်သဖြင့် လူသားများထက်ပင် ခြောက်ခြားဖွယ်ကောင်း၏။
ချူးယွင်ဖန်းသည် မြင်ကွင်းကို ဘေးမှကြည့်နေပြီးနောက်၊ မကြာမီတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ၎င်းတို့သည် တူညီသော ကျင့်ကြံရေးအဆင့်တွင်ရှိကြသည့်တိုင် ခွန်းလွန်နယ်မြေရှိ မွန်းစတားများသည် ကမ္ဘာပေါ်ရှိ မွန်းစတားများထက် ပိုင ကြောက်မက်ဖွယ်ကောင်း၏။ ခွန်းလွန်နယ်မြေမှ ကျောင်းသားများသည် ကမ္ဘာမြေကဲ့သို့ ဝေးလံခေါင်သီသော ဒေသမှလာသော ချူးယွင်ဖန်းကို ရှုတ်ချခဲ့ကြခြင်းမှာ အကျိုးအကြောင်းဆီလျော်၏။ ချူးယွင်ဖန်းသည် ကြွယ်ဝသော ဝိညဥ်စွမ်းအင်ကြောင့် နာမည်ကျော်လာခဲ့၍ ကမ္ဘာပေါ်တွင် ပေါက်ဖွားလာသော သတ္တဝါများထက် ပို၍ သိသာစွာအစွမ်းထက်သည်။
ချူးယွင်ဖန်းသည် ဤ သွေးရောင်လည်ဆံမျောက်ဝံကို စောင့်ကြည့်၍ ၎င်း၏တိုက်ခိုက်မှုများအားလုံးသည် လူသားများမသိသော သိုင်းပညာကို အခြေခံထားခြင်းဖြစ်ကြောင်း သဘောပေါက်နားလည်လိုက်သည်။
“သေစမ်း ငါတို့ ဒီသားရဲရဲ့လက်မှာ သေရတော့မှာလား” ခယ့်ယွေ့သည် တိုက်ခိုက်နေလျက်၊ စိတ်ပျက်လက်ပျက်ဖြင့် အော်ပြောလိုက်သည်။ ထို့နောက်၊ ဘေးတွင်ရပ်နေသော ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကာ၊ ချူးယွင်ဖန်းမှ ကြားဝင်စွက်ဖက်မည့်အရိပ်အယောင်မပြသည်ကို မြင်လိုက်ရသဖြင့် ခယ့်ယွေ့သည် သတ္တိကို စုစည်း၍ ဆက်လက်တိုက်ခိုက်ရုံသာတတ်နိုင်တော့သည်။
ထိုအချိန်တွင် လွမ်ရင်းယွီနှင့် ကျီရှိချင်းတို့သည် မုန်တိုင်းသဖွယ်တိုက်ခိုက်မှုများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြကာ၊ အလွန်စိတ်မကောင်းဖြစ်လျက်ရှိနေကြ၏။ မိမိတို့သည် ပြည်ထောင်စုတက္ကသိုလ်မှ ထိပ်တန်းကျောင်းသားများဖြစ်ကြသော်လည်း သာမန်သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်ကို အနိုင်မယူနိုင်ကြပေ။ ဤသည်ကား ကြီးစွာသော အရှက်ကွဲမှုတစ်ခုပင်ဖြစ်၏။
သူတို့၏ဒေါသကြောင့် အပြင်းအထန်တိုက်ခိုက်ကြရာ၊ နောက်ဆုံးတွင်တိုက်ပွဲသည် သွေးသံအရဲရဲအဖြစ်သို့ ပြောင်းလဲလာပြီးနောက်၊ ဤသားရဲကို ဒဏ်ရာမျိုးစုံရစေနိုင်ခဲ့သည်။ ယင်းကြောင့် ဤသွေးရောင်လည်ဆံမျောက်ဝံသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာရာ၊ လူတိုင်းကို ရှုံးနိမ့်စွာနောက်ဆုတ်သွားစေနိုင်ခဲ့၏။
သို့သော်၎င်းတို့၏ အကြီးမားဆုံးပြဿနာသည် ၎င်းတို့၏ အမြန်နှုန်းနှင့် ခွန်အားလျော့ကျသွားခြင်းကြောင့်မဟုတ်ဘဲ၊ ပုံမှန်ထက်ပို၍ စွမ်းအင်သုံးဆွဲခြင်းကြောင့်ဖြစ်ကြောင်း လျင်မြန်စွာ သတိထားမိခဲ့ကြသည်။
၎င်းတို့သည် စွမ်းအင်ကို အလျင်အမြန်ဆုံးရှုံးသွားကြရာ၊ ခဏအကြာတွင် သူတို့အားလုံး မောဟိုက်နေကြပြီပင်ဖြစ်၏။ ၎င်းတို့၏ လှုပ်ရှားမှုများ နှေးကွေးလာပြီးနောက်ဆုံးတွင် ဟာကွက်များပေါ်လာသည်။ လွမ်ရင်းယွီသည် ချော်လဲ၍ သွေးရောင်လည်ဆံမျောက်ဝံ၏ ထက်လှစွာသော ခြေသည်းများသည် သံမဏီဓားငါးချောင်းနှယ်၊ သူမလည်ချောင်းသို့ တည့်တည့် တိုးဝင်လာသည်။
ယင်းသည် လျင်မြန်၊ တိကျကာ၊ ရက်စက်၏။
“ချီးပဲ” ရှဖန်က ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် သွေးပျက်လုနီးပါးဖြစ်ကာ၊ ဖြူဖျော့သွားသည်။
လွမ်ရင်းယွီ၏မျက်နှာသည် ပို၍ပင် ဖျော့တော့နေ၏။ လက်သည်းဖြင့် ထိုးဖောက်ခံရပြီးနောက် မိမိ သေဆုံးသွားသည့်မြင်ကွင်းကိုပင် သူမမျက်လုံးထဲ၌ မြင်လာသည်။ ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများ တိုးတက်လာသော်လည်း လည်ပင်းသည် အရေးကြီးသော အဓိကနေရာတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ ဒဏ်ရာရပြီးသည်နှင့် ချက်ချင်း သေဆုံးသွားလိမ့်မည်ဖြစ်၏။
ထိုအရေးကြီးသော အခိုက်အတန့်တွင် လွမ်ရင်းယွီ၏ ရှေ့၌ လူတစ်ယောက်ပေါ်လာသည်။ အေးစက်သောအလင်းတန်းတစ်ခု သူ့လက်ထဲမှ ထွက်ပေါ်လာကာ၊ ထိုသေစေနိုင်သောလက်သည်းများကို တားဆီးလိုက်၏။
ချွင်
ဓားတစ်လတ်သည် လက်သည်းကို ခုတ်ပစ်လိုက်သည်။ ရှဖန်နှင့်အခြားသူများသည် မြင်ကွင်းကိုကြည့်၍ ထိတ်လန့်မှင်သက်သွားမိကြသည်။ ၎င်းတို့ကို ရက်စက်ကြမ်းကြုတ်စွာအနိုင်ယူနိုင်ခဲ့သည့် သွေးရောင်လည်ဆံ မျောက်ဝံသည် ချူးယွင်ဖန်း၏ဓားကို တန်ပြန်မတွန်းလှန်နိုင်ခဲ့ပေ။
ထို့အပြင်၊ ၎င်းသည် ဆက်တိုက် နောက်သို့ဆုတ်ခွာသွားလျက်ရှိရာ၊ ချူးယွင်ဖန်း၏ အင်အားကို မခံနိုင်ကြောင်း ထင်ရှား၏။
ချူးယွင်ဖန်းသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းခြင်းမရှိ၊ ဓားဖြင့် အလျင်အမြန်တိုက်ခိုက်လျက်ရှိသည်။
ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် သွေးရောင်လည်ဆံမျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်သို့ အရှိန်ပြင်းစွာ ခုတ်ပစ်လိုက်ရာ၊ ကြီးမားသော ဓားဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာ၏။ မျောက်ဝံသည် နာကျင်စွာ အော်ဟစ်၍ ၎င်း၏ သွေးရောင်သန်းနေသော မျက်လုံးရဲကြီးများဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်လျက်ရှိသည်။
ဘမ်း
ချူးယွင်ဖန်း၏ ဓားသည် ၎င်း၏ ပစ်မှတ်ကို ထိမှန်၍ သွေးရောင်လည်ဆံမျောက်ဝံကို လွင့်ထွက်သွားစေနိုင်ခဲ့သည်။
ဘမ်း
သွေးရောင်လည်ဆံမျောက်ဝံသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျ၍ ရုန်းကန်လုဆဲဆဲအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ဓားရှည်သည် ၎င်းထံသို့ ထပ်မံသက်ဆင်းလာ၏။ ထို့နောက်၊ ထိုသွေးရောင်လည်ဆံမျောက်ဝံသည် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားရ၏။
လတ်ဆတ်သောသွေးများသည် မှောင်မိုက်သော မြေပြင်ပေါ်သို့ ပန်းထွက်၍ စွန်းထင်းသွားသည်။
“ဒါ… ဒါ… အရမ်းစွမ်းအားကြီးလွန်းတယ်”
အခန်း(၃၉၂) သွေးရောင်လည်ဆံမျောက်ဝံများ၏ လက်စားချေခြင်း
ရှဖန်နှင့်အခြားသူများအားလုံး တံတွေးမျိုချလိုက်မိကြသည်။ ချူးယွင်ဖန်းသည် မိမိတစ်ဦးတည်း၏ ခွန်အားဖြင့် ထိုရက်စက်ကြမ်းကြုတ်သော သားရဲကို သတ်ပစ်နိုင်ခဲ့သော်လည်း သူတို့သည်မူ၊ ရှုံးနိမ့်ခဲ့ကြသည်။
ချူးယွင်ဖန်း၏ ခွန်အားကို လေးယောက်လုံး သိထားကြသော်လည်း သူရှေ့မှ မြင်ကွင်းကိုမူ သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ကြည့်နေကြသည်။ ချူးယွင်ဖန်းသည်သာ မရီးဒျန်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်လိမ့်မည်ဆိုပါက၊ အခြားသူများ အံ့သြကြလိမ့်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် ၎င်းတို့ထက် နိမ့်ကျ၍ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်၌သာ ရှိနေသေးသည်။
လေးဦးသားသည် အလေးစီးဝတ်စုံဝတ်ထားသဖြင့် ၎င်းတို့၏ ခွန်အားကို ထိန်းချုပ်ခံထားရသော်လည်း ချူးယွင်ဖန်းဝတ်ထားသော အလေးစီးဝတ်စုံသည် ဆွဲငင်အားလေးဆဖြစ်၏။ ချူးယွင်ဖန်းနှင့် ကျန်သူများအကြားကွာဟချက်သည် ထင်ရှားသိသာလှသည်။
“နင့်မှာ ခွန်အားဘယ်လောက်ရှိလဲ ခေါင်းဆောင်ချူး” ကျီရှိချင်းက ချူးယွင်ဖန်းထံသို့ ချဥ်းကပ်၍ မေးလိုက်သည်။
“မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် မပေါ်လာသရွေ့တော့ ငါ့သိုင်းကွက်အနည်းအကျဥ်းကိုတောင် ခံနိုင်မယ့်သူရှိမှာမဟုတ်ဘူး။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဆိုရင်တောင် ငါသူ့ကို တောင့်ခံနိုင်ဦးမှာပါ။ မင်းတို့ရဲ့အဆင့်လောက်ဆိုရင်၊ မင်းတို့ သေနတ်တွေမသုံးတဲ့အထိတော့၊ ငါ့အတွက် ဘာမှဖြစ်မှာမဟုတ်ဘူး”
ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ ဤသည်ကား သူ့ခွန်အား၏ခန့်မှန်းခြေတစ်ခုပင်ဖြစ်သည်။ သူသာ စွမ်းအားအကုန်ထုတ်သုံးပါက၊ ထိုအဆင့်တွင်ရှိနေမည်ဖြစ်သည်။ သို့သော် ရှဖန်နှင့်အခြားသူများအတွက်မူ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ထူးမခြားနားပင်ဖြစ်သည်။
ခယ့်ယွေ့နှင့်အခြားသူများသည်လည်း ဤအရာကို မျှော်လင့်ထားကြနှင့်ပြီးဖြစ်သော်လည်း ရင်တထိတ်ထိတ်နှင့် ရင်ခုန်နေကြဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ကမ္ဘာမြေမှလာခဲ့ခြင်းဟူသော အချက်ကိုမူ သူတို့ အနည်းငယ်သံသယရှိကြသည်။ သူတို့ မည်မျှပင်တွေးကြည့်စေကာမူ၊ ချူးယွင်ဖန်းတွင် ပြင်းထန်သော ခွန်အားများပိုင်ဆိုင်ထားကြောင်း ခံစားမိ၏။
ဤသို့သော ပါရမီရှင်တစ်ယောက်သည် ကမ္ဘာမြေကဲ့သို့သော နေရာမျိုးမှ လာခဲ့ခြင်းဖြစ်နိုင်သလော။
မည်သို့ပင်ဆိုစေကာမူ၊ ကျန်သူများသည် ချူးယွင်ဖန်း ကြွားလုံးထုတ်နေခြင်းဟု မထင်ခဲ့ကြပေ။ ကြွားလုံးထုတ်ရန်လည်းမလိုအပ်ပေ။ သူတို့သည် ချူးယွင်ဖန်း၏ ခွန်အားကို လက်တွေ့၊ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသောကြောင့် ဤအရာသည် ချဲ့ကားခြင်းမဟုတ်ကြောင်း သူတို့သိထားကြ၏။
ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။
“ဒီနေရာရဲ့ ဝိဉာဥ်စွမ်းအင်က တက္ကသိုလ်တွင်းမှာထက် ပိုပြီး သိပ်သည်းတယ်။ ဒီက မွန်းစတားတွေက ပိုရင်ဆိုင်ရခက်တာ အံ့သြစရာတော့မဟုတ်လှဘူး။ ယေဘုယျပြောရရင် ဝိဉာဥ်စွမ်းအင်သိပ်သည်းလေလေ၊ ပတ်ဝန်းကျင်က မွန်းစတားတွေက ပိုပြီး ကြောက်ဖို့ ကောင်းလေလေပဲ”
“ခေါင်းဆောင်ချူးပြောတာ မှန်တယ်။ အဲ့တာ အဆင်ပြေပုံမပေါ်ဘူး။ ငါအခုပဲ စွယ်စုံကျမ်းကို စစ်ကြည့်လိုက်တာ၊ ဒီသွေးရောင်လည်ဆံမျောက်ဝံတွေက အရမ်းအငြှိုးထားတတ်တယ်လို့ ပြောတယ်။ မျောက်ဝံတစ်ကောင်ကို သတ်လိုက်ရင် အဲ့တစ်အုပ်လုံးအရှင်းမခံရခင်အထိ တစ်ကောင်ပြီးတစ်ကောင် ဆက်ပေါ်လာလိမ့်မယ်တဲ့။ မျောက်ဝံရဲ့သွေးကို ငါတို့ကိုယ်ပေါ်မရှိနေအောင် သတိထားရမယ္။ ငါတို့က အနံ့မခံနိုင်ပေမယ့်၊ မွန်းစတားတွေက အနံ့ခံနိုင်ကြတယ်။ အဲ့တာတောင် နောက်ထပ် အဆက်မပြတ်တိုက်ခိုက်ခံရမှာ စိုးတယ်”
ရှဖန်၊ လွမ်ရင်းယွီနှင့် ကျီရှိချင်းတို့၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုပြင်းပျသော အမူအရာများ ထင်ဟပ်လာသည်။ ဤသွေးရောင်လည်ဆံမျောက်ဝံများသည် ကိုင်တွယ်ရန် ခက်ခဲသဖြင့် အလွန်ခေါင်းကိုက်စေသည်။
“ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ ထွက်ပြေးလို့ရပေမယ့် ငါတို့က လေ့ကျင့်ဖို့ လာတာမဟုတ်ဘူးလား။ အခုထွက်ပြေးရင် ငါတို့ ကြိုးစားအားထုတ်မှုတွေ အလကားမဖြစ်သွားဘူးလား” ချူးယွင်ဖန်းကပြောသည်။
“ခေါင်းဆောင်ချူးပြောတာ မှန်တယ်။ ငါတို့ ဒီကိုပဲရောက်နေပြီဆိုတော့၊ ဘာမှ ကြောက်နေစရာမလိုဘူး” ရှဖန်ကပြောသည်။ “ငါတို့က ပြည်ထောင်စုတက္ကသိုလ်ရဲ့ လက်ရွေးစင်ကျောင်းသားတွေဆိုတော့၊ ကြောက်နေစရာအကြောင်းမရှိဘူး။ မွန်းစတားနည်းနည်းလေးကို ငါတို့ မကြောက်သင့်ဘူး”
“အဲ့မျောက်တွေက ဘာမှမဟုတ်ပါဘူး။ ကြောက်စရာကောင်းတာက ဒီမျောက်ဝံတွေရဲ့ ခေါင်းဆောင်ပဲ။ သွေးရောင်လည်ဆံမျောက်ဝံအုပ်စုတိုင်းမှာ ခေါင်းဆောင်တစ်ကောင်စီရှိကြတယ်။ အဲ့ကောင်တွေက မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားတွေပဲ” ခယ့်ယွေ့က ပြောသည်။
စွယ်စုံကျမ်းထဲတွင် သွေးရောင်လည်ဆံ မျောက်ဝံ၏ အသက်ရှင်ပုံ၊ အလေ့အထနှင့်ဆိုင််သော မှတ်တမ်းများစွာရှိသည်။
“မျောက်တွေထပ်ပေါ်လာရင် သူတို့ကို ငါ ဖြေရှင်းပေးမယ်။ နောက်ပြီး ဆရာကျင်းက ဝင်မပါပေမယ့် ငါတို့နားမှာပဲရှိနေတယ်ဆိုတာ မမေ့နဲ့။ သူငါတို့ကို ဒီတိုင်းထားခဲ့ရင်တော့ မသိဘူးပေါ့၊ ဒါပေမယ့် မွန်းစတားတွေက ငါတို့ကို ချက်ချင်းသတ်ပစ်မှာမဟုတ်တော့၊ ငါတို့ ဘယ်လိုတိုက်တိုက် တိုက်လို့ရတယ်”
ချူးယွင်ဖန်း၏ စကားကို ကြားသောအခါ၊ လူတိုင်း၏ စိတ်ဓာတ်များ အဆမတန်တိုးတက်လာသည်။ ၎င်းတို့သည် ဆက်လက်၍ ကြောက်ရွံ့စိုးရိမ်မှုကို မခံစားကြရတော့ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့် သွေးရောင်လည်ဆံမျောက်ဝံသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့တွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်ဆရာတစ်ယောက်ရှိသည်။ ထိုမျောက်ဝံခေါင်းဆောင်သည် မိမိတို့ဆရာအတွက် မည်သို့မျှမဟုတ်ပေ။
“မြန်မြန်လေးပြင်ဆင်လိုက်ကြရအောင်၊ ဒီနေရာရဲ့ မိုးလေဝသခန့်မှန်းချက်အရ၊ သာမန်ထက်ပိုတာ ဘာမှမတော့မတွေ့ရဘူး။ လက်ရှိရာသီဥတုက မုန်တိုင်းထန်လိမ့်မယ်တဲ့။ လောလောဆယ် နည်းနည်းနိမ့်တဲ့နေရာတစ်ခုရှာဖို့လိုတယ်” ချူးယွင်ဖန်းကပြောသည်။
အားလုံး အမြန်ထွက်သွားကြသည်။ ချူးယွင်ဖန်းနှင့် သူ့အဖွဲ့သည် ဘက်စုံသုံးစက်ကိရိယာများပါသည့် ကျောပိုးအိတ်များကို လွယ်ထားကြသည်။ ဤတောင်တန်းရှိ သင်ပင်များသည် ကမ္ဘာမြေပေါ်ရှိ သစ်ပင်များထက် ပိုမိုခိုင်ခံ့သဖြင့် အထူးကိရိယာများအသုံးမပြုပါက၊ အပေါက်ဖောက်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။
သစ်ပင်များ၌ အပေါက်များ လိုက်လံဖောက်ပြီးသောအခါ၊ အားလုံးသည် ကျန်းယွမ်ပင်ထံမှ သွေးရောင်လည်ဆံမျောက်ဝံ အသေကောင်ကို စုဆောင်းရန် ညွှန်ကြားထားသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ထို့နောက်မှ ထိုအသေကောင်များကို စုဆောင်းရန် စက်ရုပ်အချို့ကို စေလွှတ်ပေးမည်ဖြစ်သည်။ သွေးရောင်လည်ဆံမျောက်ဝံ အသေကောင်တစ်ကောင်သည် အနည်းဆုံး ယွမ်တစ်သန်းခန့် တန်ကြေးရှိ၏။
၎င်းသည် ကျန်းယွမ်ပင်အတွက် ငွေရှာပေးနေသကဲ့သို့ဖြစ်သော်လည်း ငြင်းဆိုခြင်းမပြုကြပေ။ ဆရာများသည် ဤနည်းဖြင့် အမှတ်များ ပိုမိုစုဆောင်းနိုင်သော်လည်း ထိုအမှတ်များမရှိပါက၊ ကျောင်းသားများကို ပျိုးထောင်နိုင်လိမ့်မည်မဟုတ်ပေ။
ဆေးဘက်ဆိုင်ရာကိရိယာများဖြစ်စေ၊ ချပ်ဝတ်တန်ဆာဖြစ်စေ၊ အရာအားလုံးသည် အလွန်စျေးကြီးလှသည်။ မှန်သည်။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများကို ပျိုးထောင်ရသည့် စရိတ်အတွက် တစ်နည်းနည်းဖြင့် ကာမိရန်လိုအပ်သည်။ ကျောင်းသားများသည် နောက်ဆုံးတွင်မူ၊ အဆုံးမဲ့သော အကျိုးရလဒ်များစွာကို ရရှိမည်မှာလည်း အမှန်ပင်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်း၏ စိတ်ခံစားမှုများ အနည်းငယ်ရှုပ်ထွေးနေသည်။ ယွမ်တစ်သောင်းရရှိရန် ခက်ခဲသည်စု သူထင်ထားသော်လည်း သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်ကို သတ်လိုက်ပါက၊ ယွမ်သန်းအချို့ရနိုင်မည်ဖြစ်သည်။ လူအများသည် စူးစမ်းရှာဖွေသူများ သို့မဟုတ် မွန်းစတားမုဆိုးများဖြစ်လာလိုကြခြင်းမှာ အံ့သြဖွယ်မရှိပေ။ အန္တရာယ်များလှသော်လည်း ဝင်ငွေသည် သာမန်အလုပ်သမားတစ်ဦးနှင့် သိသိသာသာကွာခြား၏။
ကျန်းယွမ်ပင်အတွက် သွေးရောင်လည်ဆံမျောက်ဝံ အသေကောင်ကို ပြန်လည်သွားယူပြီးနောက်၊ ချူးယွင်ဖန်းတို့အဖွဲ့သည် မုန်တိုင်း ချဥ်းကပ်လာသဖြင့် သစ်တောကို ဆက်လက်မလေ့လာကြည့်ကြတော့ပေ။ ချူးယွင်ဖန်းသည် မျောက်ဝံနှင့်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ကျန်ခဲ့သော လမ်းကြောင်းများကို ရှင်းလင်းခဲ့ရာ၊ တစ်နာရီကျော်ကြာမြင့်ခဲ့သည်။
ထို့နောက်၊ ချူးယွင်ဖန်းသည် သွေးရောင်လည်ဆံမျောက်ဝံကို ရှာဖွေးခြင်းမပြုမီ၌ပင် ၎င်းတို့၏ စခန်းနှင့် မနီးမဝေး၌ အခြားမျောက်ဝံခြောက်ကောင်ကို တွေ့လိုက်ရသည်။ မျောက်ဝံများသည် တောအုပ်အတွင်းသို့ ခုန်ပေါက်လာခဲ့ပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်းတွင်ပင်၊ ၎င်းတို့စခန်းထံသို့ ချီတက်လာကြသည်။
“ငါတို့ တိုက်ခိုက်ခံရပြီ” ချူးယွင်ဖန်းသည် သူ၏ အရိပ်မဲ့ဓားကို ဆွဲထုတ်၍ မျောက်ဝံများထံသို့ ချီတက်လျက်၊ လှမ်းအော်လိုက်သည်။
အခန်း(၃၉၃) သုတ်သင်ခြင်း
‘ဒီသွေးရောင်လည်ဆံမျောက်ဝံတွေက တကယ်အငြှိုးကြီးကြတယ်။ သူတို့အဖွဲ့ထဲကတစ်ကောင် ပြန်မလာတာကို သတိထားမိပြီး လက်စားချေဖို့ လုပ်လိုက်ကြတာပဲ’ ချူးယွင်ဖန်းကတွေးသည်။
မျောက်ဝံများသည် လူ့အသိဉာဏ်ကဲ့သို့သော အသိဉာဏ်မျိုးရှိထားသဖြင့် မျောက်ဝံများကို အထင်မသေးခဲ့ဖူးပေ။ မျောက်ဝံများ၏ အသိဉာဏ်သည် အရွယ်ရောက်ပြီး လူသားတစ်ယောက်၏ အသိဉာဏ်နှင့် ညီမျှသည်။
သွေးရောင်လည်ဆံမျောက်ဝံခြောက်ကောင်ခန့်သည် ချူးယွင်ဖန်းတို့၏ စခန်းသို့ အဆက်မပြတ် ပြေးလာကြရာ၊ ချူးယွင်ဖန်းမှ မျောက်ဝံနှစ်ကောင်ကို အလျင်အမြန်တားဆီးလိုက်၏။ သို့သော် ဤသည်မှာ ချူးယွင်ဖန်းကိုင်တွယ်နိုင်သည့် အများဆုံး ပမာဏသာဖြစ်သည်။ အကယ်၍ အလေးစီးဝတ်စုံသာ မဝတ်ဆင်ထားပါက သူ၏မီးကဲ့သို့ စွမ်းအင်များအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။ မျောက်ဝံခြောက်ကောင်မျှကိုမဆိုနှင့်၊ ချူးယွင်ဖန်းသည် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကိုပင် အနိုင်ယူခဲ့နိုင်ပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ချူးယွင်ဖန်းသည် ပထမဆုံး နှစ်ကောင်ကို တိုက်ခိုက်ရန် သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုထားရသည်။ သူဝတ်ထားသည့် အလေးစီးဝတ်စုံ၏ ဆွဲငင်အားလေးဆမှ သက်ရောက်နေသော ထိန်းချုပ်မှုသည် သူခန့်မှန်းထားသည်ထက် ပို၍သိသာ၏။
ထိုအချိန်တွင် အခြားသူများသည် တစ်ယောက်လျှင် မျောက်ဝံတစ်ကောင်ကိုသာ ရင်ဆိုင်နိုင်ကြ၏။ သို့ထိတိုင် ၎င်းတို့အတွက် ဖိအားများသည် အလွန်ကြီးမား၏။ သို့သော် ဤသည်ကား ကျန်းယွမ်ပင် အလိုရှိသောအရာပင်ဖြစ်၏။ ၎င်းတို့၏ အသတ်အတွက်တိုက်ခိုက်ရသော လေ့ကျင့်မှုမဟုတ်ပါက၊ ငယ်ရွယ်သော ပါရမီရှင်များနှင့် မည်သို့ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်နည်း။
“ငါတို့ အတူတူ တိုက်ရင်ဒီမျောက်ဝံတွေ ငါတို့ကို ဖိနှိပ်ထားနိုင်ဦးမလား” ရှဖန်က ကြုံးဝါးလိုက်သည်။ ထို့နောက်၊ သူ၏ တိုက်ခိုက်ရေးဓားရှည်ကို ဝှေ့ယမ်း၍ ၎င်းတို့ဖောက်ထားသော အပေါက်ထဲမှ ခုန်ထွက်၍ တိုက်ခိုက်လိုက်သည်။ သူ့ခြေဖျားများ စိုစွတ်နေသော မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့်၊ ရွံ့ထူသောရေများ ရောနောက်သွားကာ၊ မြေဆီလွှာ၏ သင်းရနံ့သည် ရေမှတစ်ဆင့် လေထဲသို့ ပျံ့လာ၏။
တိုက်ပွဲစတင်သောအခါ၊ ချူးယွင်ဖန်းက ခုန်ပျံ၍ သူ့တစ်ဘက်တစ်ချက်ဆီရှိ မျောက်ဝံနှစ်ကောင်ကို တိုက်ခိုက်လိုက်သည်။ သွေးရောင်လည်ဆံမျောက်ဝံနှစ်ကောင်သည် အလွန်ပြတ်သားလျင်မြန်သောအလျင်ဖြင့် အပြင်းအထန်တိုက်ခိုက်နေ၏။ မျောက်ဝံများသည် ချူးယွင်ဖန်းထံသို့ ကြမ်းကြုတ်စွာဖြင့် ဦးတည်လာကြသည်။ ၎င်းတို့၏ ခြောက်ခြားဖွယ်ကောင်းသည့် ချွန်ထက်သော လက်သည်းများသည် ချူးယွင်ဖန်းအား လှံရှည်ကြီးများနှယ် တိုးဝင်လာသည်။
ဆွဲငင်အားနှစ်ဆ၏ အကျိုးသက်ရောက်မှုအောက်တွင်ပင် ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်အားလုံးကို အသုံးပြုရန်မှတပါးအခြား ရွေးချယ်ရန်လမ်းမရှိပေ။ သူသည် အရိပ်မဲ့ဓားကို ဝှေ့ယမ်း၍ မျောက်ဝံနှစ်ကောင်ကို ချက်ချင်းတားဆီးလိုက်သည်။
ချွင်
ချွင်
ချွင်
ဓားသံများကဲ့သို့သော အသံမျိုးစုံသည် အဆက်မပြတ် ပဲ့တင်ထွက်လာ၏။ ချူးယွင်ဖန်းသည် မျောက်ဝံနှစ်ကောင်၏ တိုက်ခိုက်မှုကို ခုခံပြီးနောက်၊ သူ၏ တိုက်ပွဲအတွေ့အကြုံအမျိုးစုံကို ပြန်တွေးမိလိုက်သည်။
မျောက်ဝံနှစ်ကောင်သည် မွန်းစတားများသာဖြစ်သော်လည်း ၎င်းတို့သည် အလွန်သေစေနိုင်သည့် လှုပ်ရှားမှုများဖြင့် တိုက်ခိုက်နေကြသည်။ မျောက်ဝံနှစ်ကောင်ကြားမှ ပူးပေါင်းဆောင်ရွက်မှုသည် အထင်ကြီးစဖွယ်ကောင်းကာ၊ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် ခဏတာမျှ အသုံးမဝင်တော့ပေ။ သူ၏ အလေးစီးဝတ်စုံ၏ အကျိုးသက်ရောက်မှုသည်လည်း သိသာထင်ရှားလာ၏။
ထိုအခိုက်အတန့်တွင် ရှဖန်နှင့် အခြားသူများသည်လည်း မျောက်ဝံတစ်ကောင်စီကိုတိုက်ခိုက်၍ ဆိုးရွားသောအခြေအနေသို့ ကျရောက်နေကြသည်။ မျောက်ဝံများသည် အလွန်သန်မာလွန်းလှသဖြင့် ကိုင်တွယ်ရန် ခက်ခဲလှရာ၊ စက္ကန့်ပိုင်းအတွင်း၌ပင် ၎င်းတို့ကို သေတွင်းသို့တွန်းပို့နေ၏။
“သူတို့နဲ့တိုက်ရအောင်”
အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်အထိ၊ အသာစီးမရကြသေးသည့်အပြင်၊ ရှဖန်နှင့်အခြားသူများ၏ အင်အားသည်လည်း လျင်မြန်စွာလျော့ကျလာသည်။ ဆက်လက်၍ တိုက်ခိုက်ပါက၊ ဤမျောက်ဝံများသည် ၎င်းတို့ကို သတ်ရုံသာကျန်တော့မည်ဖြစ်သည်။
ရှဖန်နှင့် အခြားသူများသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများဖြစ်ထိုက်စွာဖြင့် ရှဖန်တို့သည် မျောက်ဝံများနှင့် တိုက်ခိုက်ရန် လျင်မြန်စွာဆုံးဖြတ်ချက်ချခဲ့ကြသည်။ ၎င်းတို့၏ ချပ်ဝတ်တန်ဆာများကို အားကို၍ မျောက်များကို သတ်ပစ်ရန်ရည်ရွယ်ထားကြသည်။
ကျောင်းသားများသည် ဗျူဟာကို အသုံးပြု၍ တိုက်ပွဲကို ပြောင်းပြန်လှန်လိုကြရာ၊ ဆက်လက်၍ ခုခံစစ်ကို မသုံးကြတော့ပေ။ မျှော်လင့်ထားသည့်အတိုင်း မကြာမီတွင် ၎င်းတို့သည် ပြင်းထန်သော ဒဏ်ရာများဖြင့် သွေးရောင်လည်ဆံမျောက်ဝံများကို ကျော်လွှားနိုင်ခဲ့သည်။ မောက်မာသော လူများသည် လူရူးကို ကြောက်ကြ၏။ လူရူးများသည်မူ၊ သေလမ်းသို့ မိုက်မဲစွာတိုးဝင်တတ်သောလူများကို ကြောက်ကြ၏။ ယခုမူ ရှဖန်နှင့်အခြားသူများသည် ၎င်းတို့၏ အသက်ကို ဂရုစိုက်ခြင်းမရှိ၊ တိုက်ပွဲဝင်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့ ပြန်လည်ကုသရန် ဂျက်လေယာဥ်ပေါ်သို့ ဆုတ်ခွာနိုင်သောကြောင့် ကြောက်နေရန် မလိုအပ်ပေ။ စက္ကန့်ကြာလာသည်နှင့်အမျှ သူတို့၏တိုက်ခိုက်မှုများသည် ပို၍ရဲရင့် ပြင်းထန်လာ၏။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် ပို၍ပင် ရက်စက်လာရာ၊ သူခွန်အားကို ထိန်းချုပ်ထားခြင်းမရှိတော့ပေ။
“မဖြစ်ဘူး၊ ငါတို့ ဒီတိုင်းဆက်သွားလို့မရဘူး။ အဲ့ထဲက တစ်ကောင်ကောင်ကို အရင်ခြေမှုန်းပစ်ဖို့ နည်းလမ်းကို အရင်စဥ်းစားရမယ်” ချူးယွင်ဖန်းက အော်ဟစ်၍ သူ၏ ချီစွမ်းအင်များကို စုစည်းလိုက်သည်။ ထို့အပြင်၊ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့် မြေကြီးတမျှ ကြီးမားသည့် စွမ်းအင်များစီးဝင်နေသော ဓားချက်သည် ချက်ချင်းပင် အရှိန်အဟုန်ပြင်းစွာဖြင့် အောက်သို့ သက်ဆင်းလာ၏။
“စီးဆင်းမှုကို ဖြတ်တောက်ခြင်း”
ချူးယွင်ဖန်းသည် သူ၏ ဖြတ်တောက်ခြင်း ဓားသိုင်း ဖြင့် အပြင်းအထန် တိုက်ခိုက်ရာ တစ်ကောင်သို့ထိမှန်သွားခဲံသည်။ မျောက်ဝံသည် ယင်းကို အချိန်မီမတုံ့ပြန်နိုင်ခဲ့သဖြင့် အနောက်သို့လွင့်ထွက်၍ သစ်ပင်ပင်စည်တစ်ခုပေါ်သို့ ထိမှန်၍ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ မျောက်ဝံ သေ၏၊ ရှင်၏ကိုမူ မည်သူမျှ မသိကြပေ။ မျောက်ဝံများ၏ ကိုယ်ခန္ဓာသည် လူများထက် များစွာပိုသာ၏။
ချူးယွင်ဖန်း၏ ဓားချက်သည် သာမန်ဓားချက်တစ်ခုမဟုတ်ပေ။ အလေးစီးဝတ်စုံကြောင့်သာမဟုတ်လျှင် ၎င်းတိုက်ခိုက်မှုသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးကိုပင် ခြိမ်းခြောက်၍ ထိခိုက်ဒဏ်ရာရစေနိုင်သည်။
အခြားမျောက်ဝံတစ်ကောင်က ဤအဖြစ်အပျက်ကို မြင်သောအခါ၊ အလွန်အံ့သြသွားသည့်ပုံပေါ်သည်။ ချူးယွင်ဖန်းသည် ဤကဲသို့ တိုက်ခိုက်မှုမျိုးကို ရုတ်တရက်ပြုလုပ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သို့သော် ကြောက်မက်ဖွယ်ကောင်းသော အော်ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
သွေးရောင်လည်ဆံမျောက်ဝံသည် ရန်ငြှိုးကြီးသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ရာ၊ ချူးယွင်ဖန်းသည် ၎င်းတို့၏ အဖော်တစ်ကောင်ကို ခုတ်ပိုင်းပစ်လိုက်သည်။ မျောက်ဝံသည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကြောင့် မိမိတို့ဘက်မှ မျောက်ဝံတစ်ကောင် ရှင်သည် သေသည်ကို မသိသော်လည်း ၎င်း၏ ရိုးရှင်းသော ဦးနှောက်သည် ထိုသူကို အစိတ်စိတ်အပိုင်းပိုင်းချေမွှပစ်ရန်သာ စဥ်းစားထား၏။
ထို့နောက်၊ ခူျးယွင်ဖန်းသည် အားဖြည့်ဆေးရည်တစ်ပုလင်းသောက်ချိန်ရလိုက်ရာ၊ သူ၏ ကြံ့ခိုင်မှု လျင်မြန်စွာပြန်လည်ကောင်းမွန်လာသည်ဟု ခံစားလိုက်ရသည်။ အခြားကောင်များသည် အခြားသူများထံသို့ပြေး၍ တိုက်ခိုက်နေကြစဥ်တွင်၊ ချူးယွင်ဖန်းသည် ကျန်နေသော မျောက်ဝံကို ခွန်အားအပြည့်ထုတ်သုံး၍ ချေမှုန်းရန် ရည်ရွယ်ထားသည်။
နောက်ထပ် ဆယ့်ငါးမိနစ်အကြာတွင် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်၍ သွေးရောင်လည်ဆံမျောက်ဝံ၏ ခေါင်းကို ဖြတ်ပစ်လိုက်သည်။
“ဟူး ဟူး ဟူး”
ချူးယွင်ဖန်းက ပြင်းထန်စွာ မောပန်းတကြီး အသက်ရှုနေရလျက်၊ တစ်ကိုယ်လုံးသည်လည်း ချွေးများဖြင့် ရွှဲနစ်နေ၏။ သို့သော် သူ၏ ကျန့်ချီ ကို အလျင်အမြန်လှည့်ပတ်စေခဲ့ပြီးနောက်၊ ချွေးများ တိတ်သွားသည်။
ထို့နောက် သေသည်ရှင်သည်မသိခဲ့ကြသော သွေးရောင်လည်ဆံမျောက်ဝံထံသို့ လမ်းလျှောက်သွားကာ၊ ထိုသတ္တဝါ၏ ခေါင်းကိုဖြတ်ပစ်လိုက်သည်။ ဤမွန်းစတားများ၏ အသက်ကြောသည် အလွန်ရှည်လှသဖြင့် ခေါင်းကိုသာ မဖြတ်ပါက၊ အလွန်အန္တရာယ်များလှ၏။
ဤသွေးရောင်လည်ဆံမျောက်ဝံများသည် သိုင်းပညာအချို့တတ်မြောက်ထားကြသော်လည်း အနည်းငယ်မျှသာဖြစ်သဖြင့် ကောင်းစွာပြင်ဆင်ထားသော လူသားများနှင့်နှိုင်းယှဥ်လျှင် ကွာဟချက်ကြီးမားလှ၏။ သို့သော် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများသည်မူ လူသားများထက် ပိုမို သန်မာလှသဖြင့် အဆင့်တူညီသောလူသားများသည်ပင် ၎င်းတို့နှင့် ယှဥ်နိုင်ကြလိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းမှ သွေးရောင်လည်ဆံမျောက်ဝံနှစ်ကောင်ကို သတ်ခဲ့ပြီးနောက်ဆုံးတွင် တိုက်ပွဲတစ်ခုလုံးပြီးဆုံးသွား၏။ ကျန်ကျောင်းသားများ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ဤသွေးရောင်လည်ဆံမျောက်ဝံအားလုံးကို သတ်ပစ်နိုင်ခဲ့၏။
သို့သော် ကျောင်းသားများအားလုံးသည် ဒဏ်ရာအပြင်းအထန်ရခဲ့ကြကာ၊ ရှဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည်မူ အလွန်ပြင်းထန်နက်ရှိုင်းသဖြင့် အရိုးများကိုပင် မြင်နေရ၏။