အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း(၄၀၃) မင်း သူ့ကို သိုင်းကွက်သုံးကွက်အတွင်းအနိုင်ယူနိုင်ရင် အမှတ်သန်းငါးရာပေးမယ်
ဟွမ်ပိုင်ချင်းသည် ချူးယွင်ဖန်း၏ ကျင့်ကြံရေးကို တစ်ချက်ကြည့်ပြီးနောက်၊ ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။
‘ကျန်းယွမ်ပင် မင်းငါ့ထက် နည်းနည်းပိုသန်မာတော့ရော ဘာဖြစ်လဲ၊ မင်းတပည့်ရွေးချယ်မှုက ငါ့လောက်မှ မကောင်းတာ’ ဟွမ်ပိုင်ချင်းက စိတ်ထဲမှ ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် ဟွမ်ပိုင်ချင်းသည် ကျောင်းသားသစ်များကြားမှ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားနှစ်ယောက်ကို တစ်ချက်တည်းလုယူသွားခဲ့သော်လည်း ကျန်းယွမ်ပင်တွင်မူ၊ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားတစ်ယောက်တစ်လေခန့်ပင်မရှိပေ။
ဟွမ်ပိုင်ချင်းသည် နောက်ဆုံးတွင် ကျန်းယွမ်ပင်ကို ကွင်းပြင်ထဲတွင် ချေမှုန်းရန် အနိုင်ရခဲ့ပြီဖြစ်သည်။ သူသည် ကျန်းယွမ်ပင်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သည်မဟုတ်သော်လည်း သူနှင့်ကျန်းယွမ်ပင်တို့၏ တပည့်များအကြားတိုက်ပွဲပင်ဖြစ်သည်။ သို့သော် ၎င်းသည် ယခင်က အနိုင်မရခဲ့ဖူးသော ဟွမ်ပိုင်ချင်းအတွက် လုံလောက်သည်။
ကျန်းယွမ်ပင်နှင့် ဟွမ်ပိုင်ချင်းတို့သည် လက်ရှိ ပြည်ထောင်စုတက္ကသိုလ်မှ လက်ရှိ ထိပ်တန်းပါမောက္ခများဖြစ်ကြသည်။ ၎င်းတို့၏ အားသာချက်များကို နှိုင်းယှဥ်ရန် တိုက်ရိုက်အကျဆုံးသော နည်းလမ်းမှာ သူတို့၏ ကျောင်းသားများပင်ဖြစ်သည်။ ဤနည်းဖြင့် ဟွမ်ပိုင်ချင်းသည် ကျန်းယွမ်ပင်ကို နှိမ်နင်းနိုင်ရုံသာမက၊ ချူးယွင်ဖန်းထံမှ အမှတ် တစ်ဘီလီယံကိုလည်းရနိုင်မည်ဖြစ်သည်။ ဤသည်ကား အမှန်တကယ်ပင် ကျေနပ်ဖွယ်ကောင်းလှ၏။
“ဘာတွေလောနေတာလဲ” ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို အကြွင်းမဲ့ယုံကြည်ထားသဖြင့် အသေးစိတ်ထပ်မပြောခဲ့ပေ။
“ငါ မင်းကို နောက်မှ ရင်ဆိုင်ချင်ခဲ့တာ၊ အခုတော့ မင်းက ကိုယ့်အသက်ကိုယ်တောင် မနှမျောတော့ဘူးဆိုတော့၊ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ” ချူးယွင်ဖန်းက လှောင်ရယ်လျက်ပြောလိုက်သည်။
“ဟားဟားဟား ကောင်းကင်နဲ့ မြေကြီးရဲ့ ကွာခြားမှုကို မင်းတကယ်မသိဘူးပဲ။ ဒီက မင်းသူငယ်ချင်းက ငါ့တိုက်ကွက် သုံးကွက်တောင် မခံနိုင်ခဲ့ဘူး။ မင်းဘယ်လောက် ခံနိုင်မယ်ထင်လဲ” ရှန်းကွမ်ရှန်ယုက ချူးယွင်ဖန်းကို စိုက်ကြည့်၍ပြောလိုက်သည်။
“မင်းကြိုးစားကြည့်ရင် သိလာမှာပေါ့”
“ဆရာ့ တစ်ဘီလီယံက လောင်းကြေးမနည်းဘူးနော်၊ ကျွန်တော် အနိုင်ရရင် တစ်ဝက်ခွဲပေးမလား” ချူးယွင်ဖန်းက နောက်ပြောင်လိုက်သည်။
“မင်းအနိုင်ရရင် သန်းငါးရာပေးမယ်၊ ဒါပေမယ့် ငါတို့က အမှတ်တွေးလောင်းနေတယ်ဆိုတာ သိလား” ကျန်းယွမ်ပင်က ပြတ်ပြတ်သားသားပြောလိုက်သည်။ တစ်ဘီလီယံသည် သူ့အတွက် နည်းပါးသော ပမာဏတစ်ခုမဟုတ်သော်လည်း ၎င်းသည် များပြားသော ပမာဏတစ်ခုမဟုတ်ပေ။
သိမ်းငှက်နက်သည် အမှတ် ငါးဘီလီယံ တန်ကြေးရှိ၏။ ကျန်းယွမ်ပင်သည် ၎င်းတို့ တတ်နိုင်သည်ဖြစ်ရာ၊ ထိုသန်းငါးရာကို မည်သို့ မတတ်နိုင်ဘဲနေလိမ့်မည်နည်း။
“ကောင်းပြီ” ချူးယွင်ဖန်းက ပြောသည်။ သူသည် နောက်ပြောင်နေခဲ့ခြင်းသာဖြစ်သဖြင့်၊ သူ့ဆရာမှ ဤမျှထိ ရက်ရက်ရောရော သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် အမှတ်တစ်ခုမျှမရသေးသည့်အတွက်၊ အမှတ်သန်းငါးရာ၏ တန်ဖိုးသည် ယွမ်သန်းငါးရာထက် ပို၍ မြင့်မား၏။ ပိုက်ဆံနှင့် ဝယ်၍ရသောအရာကို ပြည်ထောင်စုတက္ကသိုလ်တွင် အမှတ်များသုံး၍ လဲလှယ်နိုင်သော်လည်း ပြည်ထောင်စုတက္ကသိုလ်အမှတ်များနှင့် လဲလှယ်၍ရသော အရာများကိုမူ ငွေဖြင့် ဝယ်၍ ရမည်မဟုတ်ပေ။
“ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်။ သုံးချက်၊ မင်းသူ့ကို သုံးချက်အတွင်းအနိုင်ယူနိုင်ရင် မင်းကို အမှတ်သန်းငါးရာပေးမယ်။ အဲ့ထက်ပိုပြီးတိုက်ရရင်တော့ မင်းဘာမှမရနိုင်ဘူး” ကျန်းယွမ်ပင်က ပခုံးကို တွန့်၍ပြောလိုက်သည်။
“သုံးကွက်ဟုတ်လား၊ နားလည်ပြီ” ချူးယွင်ဖန်းသည် သူ့ရှေ့မှ ရှန်းကွမ်ရှန်ယုသည် လူမဟုတ်ဘဲ၊ ရေါ့လျားနေသော ပစ်မှတ်တစ်ခုကဲ့သို့ ကြည့်လိုက်သည်။
ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်း၏ မျက်လုံးထဲမှ အကြည့်ကို တွေ့လိုက်ရ၍ အလွန်စိတ်မသက်မသာဖြစ်သွားရသည်။ ချူးယွင်ဖန်း၏ အတွေးများကို သူမည်သို့မျှ နားမလည်နိုင်ခဲ့ပေ။ ချက်ချင်းပင် ရှန်းကွမ်ရှန်ယု၏ မျက်လုံးများထဲ၌ ပြင်းထန်သော အလင်းတန်းတစ်ခု တောက်ပလာသည်။
‘ဒီကောင်က ငါ့ကို ရွေ့လျားနေတဲ့ ပစ်မှတ်တစ်ခုလို ဆက်ဆံရဲတယ်ပေါ့။ ဘယ်ေလာာက်တောင် ရယ်စရာကောင်းလိုက်သလဲ’ သူ တွေးလိုက်သည်။
ရှန်းကွမ်ရှန်ယုသည် သူ့စိတ်ကို ပြင်ဆင်ထားလိုက်သည်။ သူ ချူးယွင်ဖန်းကို မသတ်နိုင်သော်လည်း ဤလူ၏ အရိုးများကို ချိုးပစ်နိုင်မည်မှာ သေချာ၏။ ချူးယွင်ဖန်း၏ အတွေးသည် စိတ်ကူးယဥ်မျှသာဖြစ်ကြောင်းနှင့် ဟာသတစ်ခုဖြစ်ကြောင်း သူသိစေချင်ခဲ့သည်၊
သို့သော် ချူးယွင်ဖန်း စတင်လှုပ်ရှားခါနီးတွင် ရှဖန်က ရုတ်တရက် အံ့ကြိတ်၍ပြောလိုက်သည်။
“ခေါင်းဆောင်၊ ငါ့ကို အရင်တိုက်ခွင့်ပေးပါ။ သူပြောတာမှန်တယ်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ တိုက်ပွဲတစ်ပွဲကို မတိုက်ရသေးဘဲနဲ့ ဘာလို့ အရှုံးပေးရမှာလဲ”
“ဒါပေမယ့် မင်းက သူနဲ့မယှဥ်နိုင်ဘူး” ချူးယွင်ဖန်းကတည့်တိုးပြောခဲ့သည်။
“ငါနားလည်ပါတယ် ဒါပေမယ့် ငါအရှုံးပေးလိုက်ရင် ငါ့သတ္တိတွေ ဆုံးရှုံးသွားရလိမ့်မယ်။ အဲ့ကျရင် မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ဖို့ ခက်ခဲမှာ စိုးတယ်” ရှဖန်က အံကို ကြတ်၍ ဆက်ပြောသည်။
ရှန်းကွမ်ရှန်ယုသည် အချိန်ကိုက်ပေါ်လာခြင်းဖြစ်ရာ၊ အကယ်၍ ရှဖန်သာ တိုက်ခိုက်ခြင်းမရှိ နောက်ဆုတ်ခဲ့ပါက၊ မင်းသည် သူ့နှလုံးသားထဲတွင် အရိပ်မဲတစ်ခုအဖြစ် ဖြစ်တည်လာနိုင်၍ သူ၏ အဆင့်ဖြတ်ကျော်မှုကိုလည်း ထိခိုက်စေနိုင်သည်။
“ကောင်းပြီ၊ ဒါဆို သတိထားပါ” ချူးယွင်ဖန်းက ပြောသည်။
“ရှန်ကွမ်ရှန်ယု၊ မင်းစောစောက ငါ့ကို အနိုင်မယူခဲ့ဘူးမလား။ ဒါဆို ဒီတစ်ခုကို တောင့်ခံကြည့်စမ်း” ရှဖန်သည် ဤသို့ကြုံးဝါး၍ ရှန်းကွမ်ရှန်ယုထံသို့ ချီတက်သွားသည်။
ရှန်းကွမ်ရှန်ယုသည် အထင်အမြင်သေးစွာဖြင့် ပြုံးရုံသာ ပြုံး၍ ရှဖန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက်၊ ရှန်းကွမ်ရှန်ယု၏ လက်ထဲတွင် လှံတစ်စင်းပေါ်လာ၏။ ဤလှံသည် ကြေးဝါရောင်လှံတစ်ခုဖြစ်၍ အဝေးမှ ကြည့်လျှင်၊ ကြေးဝါစစ်စစ်ဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ၎င်းကို ကြေးဝါဖြင့် ပြုလုပ်ထားခြင်းမဟုတ်၊ အလွန်အစွမ်းထက်သော သတ္တုစပ်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
လှံသည် ရှဖန်ထံသို့ ဦးတည်လာသည့် ကြေးဝါရောင် လျှပ်စီးတစ်ခုနှင့်တူသည်။ စက္ကန့်ပိုင်းအတွင်းတွင် ၎င်းသည် ရှဖန်ရှေ့သို့ ရောက်လာ၏။
ချွင်
ထိုအခိုက်အတန့်တွင် ရှဖန်က တိုက်ခိုက်မှုကို တားဆီးခဲ့သည်။ သူ့တစ်ကိုယ်လုံး တုန်ယင်လျက်ရှိ၏။ ရှန်းကွမ်ရှန်ယုသည် လက်တစ်ဖက်တည်းကိုသာ အသုံးပြုခဲ့သော်လည်း သူ့ထံမှ ထွက်လာသည့် စွမ်းအားသည် အမှန်တကယ်ပင် ခြောက်ခြားကြောက်မက်ဖွယ်ကောင်းသည်။
ရှဖန်က အသက်ကို ခပ်ပြင်းပြင်းရှု၍ စိတ်အေးသက်သာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းနှင့် လွန်ခဲ့သော တစ်လခွဲခန့်က ထိုတောင်တန်းများကြားတွင် လုပ်ခဲ့သည့် လေ့ကျင့်ရေးကို ပြန်ပြောင်းသတိရ၍ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ထူးဆန်းသော စွမ်းအင်ကို သူမြင်တွေ့ခဲ့ရသည်မှာ ကောင်းသောအရာတစ်ခုပင်ဖြစ်၏။ ဤသို့မှမဟုတ်လျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
“ငါ့ဒီသိုင်းကွက်ကို ခံနိုင်ရည်ရှိတယ်ဆိုတော့ ဆိုးတော့မဆိုးပါဘူး” ရှန်းကွမ်ရှန်ယု၏ မျက်နှာထက်တွင် အထင်သေးမှုများပြည့်နှက်နေသည့် အပြုံးမျိုးကို ဆင်မြန်းထားသည်။ “ဒါပေမယ့် ဒီကိစ္စက ဒီမှာပဲ အဆုံးသတ်ရလိမ့်မယ်”
ရှန်းကွမ်ရှန်ယုက နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ပြန်၏။ သူ၏ လှံထိပ်ဖျားတွင် စွမ်းအင်များ ပေါက်ကွဲ၍ ရှေ့သို့ ချီတက်လာသည်။ လှံသည် ၎င်း၏ ပစ်မှတ်ဆီသို့ မရောက်သေးသော်လည်း ၎င်း၏ ထိပ်ဖျားမှ ချီစွမ်းအင်မျာသည်မူ ရှဖန်ထံသို့ရောက်ရှိသွား၏။
ဤသည်မှာ လက်နက်တစ်ခုထဲမှ တိုက်ခိုက်ရေး စွမ်းအင်ပင်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိပြီးနောက်၊ ခန္ဓာကိုယ္အတွင်းရှိ မရီးဒျန်စက်ဝန်းငယ်တစ်ခု ဖွဲ့စည်းပြီးမှသာလျှင်၊ ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို ဖန်တီးနိုင်ရန် ခွန်အားရှိမည်ဖြစ်သည်။
လှံသည် ရှဖန်၏ ချပ်ဝတ်တန်ဆာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ၊ အက်ကွဲကြောင်းတစ်ခု ချန်ရစ်ခဲ့သည်။ အကယ်၍ ဤတိုက်ခိုက်မှုသည် လူတစ်ဦး၏ ခန္ဓာကိုယ်သို့ ကျရောက်ခဲ့မည်ဆိုပါက၊ ယခုအချိန်တွင် မြေပြင်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေပေလိမ့်မည်ဖြစ်သည်။
ရှဖန်သည် ပြင်းထန်စွာနာကျင်လျက် ဆုတ်ခွာသွားခဲ့သည်။ ဤကြောက်မက်ဖွယ်ခွန်အားနှင့် တိုက်ရိုက်ထိမှန်ပြီးနောက်၊ သူ၏ နံရိုးအများအပြားကျိုးကြေသွားကြောင်း သူသိသည်။ ဤအခိုက်အတန့်တွင် ရှန်းကွမ်ရှန်ယု၏ နောက်ထပ်သော တိုက်ခိုက်မှုများ အဆက်မပြတ် ပေါ်ထွက်လာ၏။
“ငါရှုံးတော့မယ်ဆိုရင်တောင်၊ အနည်းဆုံး တစ်ချက်လောက်တော့ ပြန်တိုက်ရဦးမှာပေါ့” ရှဖန်က ကြုံးဝါး၍ သူ့လက်ထဲမှ ဓားကို အစွမ်းကုန်လွှဲယမ်းလိုက်သည်။
ဓားသွားနှင့် လှံထိပ်တို့ ထိတိုက်မိသော်လည်း ထိုထိတိုက်မှုသည် တစ်စက္ကန့်မျှသာ ကြာမြင့်လိုက်ကာ၊ ရှဖန်သည် နောက်သို့ လွင့်ထွက်သွား၏။ သူမတောင့်ခံထားနိုင်ခဲ့ပေ။ သူသည် နောက်ဆုံးတွင် သိုင်းကွက်သုံးကွက်ခန့်ကိုပင် မခံနိုင်ခဲ့ပေ။
ရှဖန်သည် မြေပြင်ပေါ်တွင် လိမ့်လျက်၊ ပါးစပ်အပြည့်သွေးများ အန်ထွက်လာသည်။
ရှန်းကွမ်ရှန်ယုသည် ရှဖန်ကိုလှည့်၍ပင်မကြည့်ပေ။
“အမှိုက်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို မင်းမသိဘူးပဲ”
ထို့နောက် ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်သည်။
“ကဲ မင်းအလှည့်ရောက်ပြီ၊ မင်းငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့၊ ငါ့သိုင်းကွက်သုံးကွက်ကို တားဆီးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”
ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယုကို လျစ်လျူရှု့၍ ရှဖန်ထံသို့သာ သွား၍ မေးလိုက်သည်။
“အဆင်ပြေရဲ့လား”
အခန်း(၄၀၄) အလွယ်တကူအနိုင်ယူခဲ့ခြင်း
“ငါအဆင်ပြေတယ်” ရှဖန်က ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။
ရှဖန်၏ ပါးစပ်မှ သွေးအပြည့်ထွက်လာသော်လည်း သူ့အခြေအနေတည်ငြိမ်နေသေးကြောင်း ချူးယွင်ဖန်း တွေ့လိုက်ရသဖြင့် ရှဖန်အဆင်ပြေကြောင်း သူသိသည်။ ပို၍ အရေးကြီးသည်မှာ ထိုဓားချက်ကိုရင်ဆိုင်ပြီးနောက်၊ ရှဖန်၏ စိတ်ဝိဉာဥ်ပြောင်းလဲသွားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အဆင့်တက်လှမ်းခြင်းသည် အလွန် အံ့သြဖွယ်ကောင်းသော အရာတစ်ခုဖြစ်သည်။
“ကောင်းပြီ၊ ဒါဆို လမ်းဖယ်တော့၊ ငါ သူ့ကို သင်ခန်းစာပေးမယ်” ချူးယွင်ဖန်းက ပြော၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
“ဟားဟား ငါ့ကိုသင်ခန်းစာပေးမယ်ဟုတ်လား၊ မင်းကိုယ့်အသက်ကိုယ်နှမျောရကောင်းမှန်း တကယ်မသိဘူးပဲ” ရှန်းကွမ်ရှန်ယုက ရယ်မောလိုက်သည်။ ယခုနှစ်တွင် ကျောင်းသားအားလုံး၏ ထိပ်တန်း အယောက်သုံးဆယ်စာရင်းတွင် သူ စာရင်းဝင်ခဲ့သည်။ ဤချူးယွင်ဖန်းဆိုသူသည် အလွန် သတ္တိရှိသည်မှာ ထင်ရှား၏။
ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယုထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။ သူလျှောက်လာသည့် ခြေလှမ်းတိုင်းသည် တည်ငြိမ်လွန်းလှသဖြင့် အလွန် ကြောက်မက်ခြောက်ခြားဖွယ်ကောင်းလှသည်။ သူသည် တစ်စုံတစ်ယောက်၏ နှလုံးခုန်သံအတိုင်း လမ်းလျှောက်နေသကဲ့သို့ ကြားရသူကို ခြောက်ခြားစေနိုင်၏။
“ဒုခေါင်းဆောင်၊ ဒါကို ကိုင်တွယ်ခွင့်ပြုပါ။ မင်းလက်ညှိုးတစ်ချောင်းတောင် မြှောက်ဖို့မလိုပါဘူး”
ထိုအခိုက်အတန့်တွင် ရှန်းကွမ်ရှန်ယု၏ အနောက်မှ လူတစ်ယောက် ထွက်လာသည်။
သူသည်လည်း လူတိုင်းရှေ့တွင် ကြွားဝါပြချင်သဖြင့် ချူးယွင်ဖန်းဆီသို့ ချီတက်သွားသည်။ သူ၏ ခွန်အားသည် ရှဖန်ထက် မနိမ့်လှပေ။
“ထွက်သွားစမ်းပါ” ချူးယွင်ဖန်းက အော်ပြောလိုက်သည်။
ထိုလူငယ်သည် သူ့ထံသို့ တစ်ဟုန်ထိုးပြေးလာ၍ အေးစက်သော အလင်းတန်းများနှင့်အတူ၊ သူ့လက်ထဲမှ ဓားသည်လည်း ပေါ်ထွက်လာသည်။ ဓားသွားထက်တွင် ရောင်ပြန်ဟပ်နေသည့် အလင်းသည် လျှပ်စီးတစ်စင်းကဲ့သို့ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ ထို့နောက်၊ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်း၏အရှေ့သို့ရောက်လာ၏။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ့လက်ကို ဝှေ့ယမ်း၍ ပြန်လည် တိုက်ခိုက်လိုက်သည်။ သူသည် အလွန်လျင်မြန်စွာ ရွေ့လျားနေသည့်ပုံမပေါ်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် သူ၏ တိုက်ခိုက်မှုသည် ဝင်လာသော ဓားချက်ထက် ပို၍ လျင်မြန်နေခဲ့သည်။
ဘမ်း
အရိပ်မဲ့ဓားသည် ထိုလူငယ်၏ ခန္ဓာကိုယ်ကို ဖြတ်ခုတ်ပစ်လိုက်သည်။ လူငယ်သည် သူချီတက်လာခဲ့သည့် အရှိန်ထက် ပို၍ လျင်မြန်သော အရှိန်ဖြင့် လွင့်ထွက်သွားရာ၊ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြတ်ကျလာသော စွန်တစ်စင်းနှင့် တူသည်။ ဤအရာအားလုံးကို ဖော်ပြရန် အချိန်များစွာကြာခဲ့သော်လည်း အရာအားလုံးသည် ခဏတာအတွင်းတွင်ဖြစ်ပျက်သွားခြင်းဖြစ်သည်။
အောင်နိုင်သူကို အဆုံးအဖြတ်ပေးနိုင်ပြီပင်ဖြစ်သည်။ ထိုလူငယ်သည် ချူးယွင်ဖန်းလက်ထဲတွင် တစ်ချက်မျှပင် မလှုပ်နိုင်တော့ဘဲ၊ လွင့်ထွက်သွားကာ၊ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ နှစ်ဖက်အကြားရှိ အင်အားကွာခြားချက်ကို ဤနေရာတွင် တွေ့မြင်နိုင်၏။
ချူးယွင်ဖန်းကို တိုက်ခိုက်ခဲ့သည့် လူငယ်ကို ယခုမှသာ လူတိုင်းက ကောင်းစွာကြည့်နိုင်ခဲ့ကြသည်။ သူသည် အရပ်ရှည်၍ ကြွက်သားတောင့်ခိုင်သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ၊ သူသည် အလွန်နာကျင်လွန်းလှသဖြင့် ရင်ဘက်ကို ဆုပ်ကိုင်၍ ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
လူငယ်နှင့် ချူးယွင်ဖန်းတို့သည် အသိအသာပင် တူညီသော အဆင့်တွင်ရှိနေကြသော်လည်း ချူးယွင်ဖန်း၏ သိုင်းကွက်တစ်ခုကိုပင် မတောင့်ခံနိုင်ခဲ့ပေ။ လူငယ်သည် ဦးစွာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် ထောင်ချောက်ထဲသို့ မတော်တဆပြုတ်ကျခဲ့ခြင်းမဟုတ်ကြောင်း သေချာသည်။ ချူးယွင်ဖန်းက ဓားကို ဝှေ့ယမ်းလိုက်သည်ကို သူရှင်းလင်းစွာ မြင်နိုင်ခဲ့သော်လည်း မရှောင်လွှဲနိုင်ခဲ့ပေ။ ထိုဓားချက် သူ့ကိုယ်သူ ထိမှန်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေနိုင်ခဲ့သည်ဖြစ်ရာ၊ ဤသည်ကား အလွန်ကြေကွဲဖွယ်ပင်ဖြစ်၏။
ချူးယွင်ဖန်း၏ ဓားချက်သည် လူငယ်ကို ထိမှန်ခဲ့ရုံသာမက တိုက်ပွဲဖြစ်ပွားရာနေရာရှိ အခြားသူများကိုပါ အံ့အားသင့်စေခဲ့သည်။ ချူးယွင်ဖန်း၏ ဓားချက်သည် အလွန်အမင်းပြင်းထန်လှသည်။ သူသည် အခြားသူတစ်ဦးအား တစ်ချက်တည်းဖြင့် လွင့်ထွက်စေနိုင်ခဲ့သည့်အပြင် အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်။
“ဒါက ခေါင်းဆောင်ချူးရဲ့ စစ်မှန်တဲ့ခွန်အားပဲ” ခယ့်ယွေ့က ပြောသည်။
“မဟုတ်ဘူး။ သူအခု ပိုပြီးတောင် အားကောင်းလာသေးတယ်” ကျီရှိချင်းနှင့် လွမ်ရင်းယွီတို့သည် မျက်လုံးကို ကျယ်ကျယ်ဖွင့်၍ စိုက်ကြည့်နေကြသည်။ ချူးယွင်ဖန်း၏ ဓားချက်ကို သူတို့အားလုံးမြင်ခဲ့ကြရသည်။ ၎င်းသည် နှေးနေသည့်ပုံပေါ်သော်လည်း အမှန်တကယ်တမ်းတွင် အလွန်လျင်မြန်လွန်းလှသည်။ အကယ်၍သာ ထိုနေရာတွင် ၎င်းတို့ ဖြစ်ခဲ့ကြလျှင်လည်း၊ ထိုဓားချက်ကို တားဆီးနိုင်ကြလိမ့်မည်မဟုတ်ပေ။
လွန်ခဲ့သည့် လတစ်ဝက်ကျော်ခန့်က ချူးယွင်ဖန်းသည် သူတို့ကို ကိုင်တွယ်ရင်ဆိုင်ရန် များစွာကြိုးစားအားထုတ်ခဲ့ရသော်လည်း ယခုမူကား သူသည် ၎င်းတို့ကို အလွယ်တကူအနိုင်ယူနိုင်ပေလိမ့်မည်ဖြစ်သည်။ ဤလဝက်တာကာလတွင် သူတို့သည် များစွာတိုးတက်ခဲ့ကြသော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုသည် ၎င်းတို့ထက် ပိုမိုလျင်မြန်၏။
“မဖြစ်နိုင်ဘူး ဒီကောင်က ဘယ်သူလဲ” ချူးယွင်ဖန်း၏အဖွဲ့ဝင်များ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဥ်ပါက ဟွမ်ပိုင်ချင်း၏ အခြားကျောင်းသားများသည်မူ၊ အလွန် မယုံမကြည်နိုင်ဖြစ်နေကြသည်။ လူငယ်နှင့် ချူးယွင်ဖန်းတို့ နှစ်ဦးလုံးသည် စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်သို့ရောက်နေကြပြီဖြစ်သော်လည်း ဤလူငယ်သည် အဘယ်ကြောင့် ဤမျှထိ အင်အားနည်းနေရသနည်း။ သူတို့ ကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မမြင်ခဲ့ရပါက ယုံကြလိမ့်မည်မဟုတ်ပေ။ သို့မဟုတ် ထိုကျောင်းသားကို မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဟုပင် ထင်ကြပေလိမ့်မည်။ ဤသည်က အရာအားလုံးကို အဓိပ္ပါယ်ရှိစေသည်။
ဤအခိုက်အတန့်တွင် သူတို့သည် ချူးယွင်ဖန်း၏ ချန်ပီယံဘွဲ့ကို အလေးအနက်ထား စဥ်းစားလာကြသည်။ အစပိုင်းတွင် ၎င်းတို့သည် များများစားစားမစဥ်းစားခဲ့ကြပေ။ အနည်းငယ်မျှသာ တန်ဖိုးရှိသည်ဟူ၍ ယူဆခဲ့ကြသည်။ စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးသည် ထိုသို့သော ပြိုင်ပွဲမျိုးတွင် မည်သို့ပါဝင်လိမ့်မည်နည်း။ ၎င်းတို့၏ အတွေးသည် ထို့စဥ်က ရှဖန်နှင့် အခြားသူများ တွေးခဲ့သကဲ့သို့ပင်ဖြစ်သည်။ ယခုမူ ချူးယွင်ဖန်းသည် ၎င်းတို့၏ လောကအမြင်ကို ကြမ်းတမ်းစွာ ပြောင်းလဲပစ်လိုက်သည်။
ကျောင်းသားများနှင့် နှိုင်းယှဥ်ပါက ဆရာနှစ်ယောက်သည် ချူးယွင်ဖန်း၏ လုပ်ဆောင်မှုကို ရှင်းလင်းစွာ မြင်ခဲ့ကြရသည်။ ကျန်းယွမ်ပင်သည်မူ၊ ချူးယွင်ဖန်းမှ သွေးရောင်လည်ဆံမျောက်ဝံများကို ချေမှုန်းခဲ့သည်ကို မြင်ခဲ့နှင့်ပြီးဖြစ်သဖြင့် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်ရှိ ကျောင်းသားတစ်ဦးအတွက် သဘာဝကျကြောင်း သိထားသည်။
သို့သော် ဟွမ်ပိုင်ချင်းသည် အနည်းငယ်ထိတ်လန့်သွားရကာ၊ ရုတ်တရက် ခံစားချက် မကောင်းလှတော့ပေ။ အောင်နိုင်မှုသည် သူတို့၏ ချုပ်ကိုင်မှုအောက်တွင် ရှိနေသည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ထားသော အဖြစ်အပျက်များဖြစ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကျောင်းသားများကို သင်ကြားလေ့ကျင့်ပေးခဲ့စဥ်က၊ ကျန်းယွမ်ပင်သည်မူ လူသားနှင့် မွန်းစတားများအကြားရှိ တိုက်ပွဲ၏ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ခိုက်နေခဲ့သည်။ ရှေ့တန်းမှ ရုတ်တရက် အငြိမ်းစားယူခဲ့သော ကျန်းယွမ်ပင်သည် အရင်းအမြစ်များ၊ အချိတ်အဆက် များစွာကို ရရှိထားခဲ့သည့် သူနှင့် နှိုင်းယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
ဟွမ်ပိုင်ချင်းသည် ယခုတစ်ကြိမ်တွင် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားနှစ်ဦးကို လက်ခံရရှိခဲ့သော်လည်း ကျန်းယွမ်ပင်တွင်မူ တစ်စုံတစ်ဦးမျှမရှိခဲ့ပေ။ ဤသည်ကား နှစ်ဖက်ကြားမှ ကွာဟချက်ကို အကောင်းဆုံးပြသလိုက်ခြင်းပင်ဖြစ်သည်။ ဟွမ်ပိုင်ချင်းသည် ဆရာများအတွက် ပြိုင်ပွဲ၏ ချန်ပီယံတစ်ဦးကို လျစ်လျူရှု့ရန် ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊ လွန်ခဲ့သည့်နှစ်များအတွင်း ဤပြိုင်ပွဲတွင် စွမ်းအားအကြီးဆုံးသော ပုဂ္ဂိုလ်မှာ သူ၏ ကျောင်းသားများထဲမှ သာမန်လူများနှင့် အတူတူပင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျန်းယွမ်ပင်သည် ရတနာတစ်ခုကို တွေ့ရှိခဲ့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ဒါပေမယ့် အဲ့တာပါပဲ၊ စွမ်းအင်သန့်စင်ခြင်းအဆင့်နဲ့ မရီးဒျန်သန့်စင်ခြင်းအဆင့်ကြားက ကွာခြားချက်က ပေါင်းကူးဖို့ မလွယ်ဘူး”
အခြားသူများနှင့် နှိုင်းယှဥ်ပါက ရှန်းကွမ်ရှန်ယု၏ အမူအရာသည် အလွန်လေးနက်နေသည်။ ချူးယွင်ဖန်းသည် သာမန်လူမဟုတ်ပေ။ ရှန်းကွမ်ရှန်ယုကို သူခြိမ်းခြောက်နိုင်သော်လည်း ၎င်းသည် ခြိမ်းခြောက်မှုသာဖြစ်ပေလိမ့်မည်ဖြစ်သည်။ ဤထက်မပိုနိုင်ပေ။
“မင်းကတော်တော်သန်မာတယ်၊ ဒါပေမယ့် မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုမရောက်သေးဘူး။ မင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်။ ဒီနေ့ မင်းနဲ့ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကြားက ကြားနားချက်ကို ငါသင်ပြပေးမယ်” ရှန်းကွမ်ရှန်ယုက အေးစက်စွာပြောသည်။
ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယုကို ကြည့်၍ပြောလိုက်သည်။
“ဒါနဲ့ ငါမင်းကို ဘယ်လိုလုပ်ခွင့်ပေးရမလဲ။ ငါ့ဆရာက မင်းကို သိုင်းကွက်သုံးကွက်အတွင်း အနိုင်ယူနိုင်ရင် တစ်ဝက်ပေးမယ်လို့ပြောထားတယ်လေ။ သေချာတာကတော့ ဒီကိစ္စက ဒီ့ထက်ပိုပြီး အလေးအနက်ထားရမယ်ဆိုတာပဲ”
“ပိုအလေးအနက်ထားရမယ်ဟုတ်လား။ ဟားဟား မင်းက စိတ်ကြီးဝင်နေပြီး ဘဝင်မြင့်နေတဲ့ ကောင်ပဲကွ” ရှန်းကွမ်ရှန်ယုက အော်ဟစ်၍ သူ့လက်ထဲမှ လှံဖြင့် ချက်ချင်းစတင်တိုက်ခိုက်လိုက်သည်။ သူ့မျက်နှာထက်တွင် ဒေါသများပြည့်နှက်လျက်ရှိရာ၊ ချူးယွင်ဖန်းကို ကြမ်းတမ်းသော သင်ခန်းစာတစ်ခုပေးရမည်ဖြစ်သည်။
လှံသည် နဂါးကြီးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာရာ၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းနှင့် ခွန်အားသည် လေထဲသို့ ထွင်းဖောက်ဝင်ရောက်ကာ အသံပေါင်းများစွာ ဆက်တိုက်ထွက်ပေါ်လာသည်။ ယင်းလှံသည် ချူးယွင်ဖန်းထံသို့မရောက်သေးသော်လည်း စစ်မှန်သော စွမ်းအင်အများအပြားသည်မူ၊ လှံထိပ်တွင် ရုတ်တရက် စုပုံ၍ ပြင်းထန်သော စွမ်းအင်အဖြစ်သို့ပြောင်းလဲသွားသည်။ လှံသည် အလွန်ပြင်းထန်သော တိုက်ခိုက်ရေးလက်နက်တစ်ခုအဖြစ်ပေါ်ထွက်လာကာ၊ မျက်စိတ်စမှိတ်အတွင်း၌ပင် ၎င်းသည် ချူးယွင်ဖန်းကို ဖောက်ထွင်းသွား၏။
“ဘာလဲ” ရှဖန်နှင့်အခြားသူများအားလုံး အံ့သြသွားကြရသည်။ ချူးယွင်ဖန်းကို ထိမှန်သွားပြီဖြစ်၏။
“မင်းအရမ်းလေကျယ်လွန်းတယ်၊ ဒါပေမယ့် သာမန်ပါပဲ”
ရှန်းကွမ်ရှန်ယုသည် ဆိုးယုတ်စွာ ရယ်မောလိုက်သော်လည်း ကြာရှည်မခံခဲ့ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ်ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်ကို သူမြင်လိုက်ရ၏။
အခန်း(၄၀၅) မင်းကို တစ်ချက်တည်းနဲ့ အနိုင်ပိုင်းပြမယ်
ရှန်းကွမ်ရှန်ယု၏ ရှေ့မှချူးယွင်ဖန်းသည် ပုံရိပ်ယောင်အဖြစ်ပြောင်းလဲ၍ နေရာမှပျောက်ကွယ်သွားခဲ့ရာ၊ လှံသည် ချူးယွင်ဖန်းကိုထိုးမည့်ရမည့်အစား သူ၏ ပုံရိပ်ယောင်ကိုသာ ထိုးမိခဲ့သည်။
“ ဘယ်လို သိုင်းကွက်မျိုးလဲဟ” ဟွမ်ပိုင်ချင်းက အလွန်အံ့သြစွာပြောလိုက်သည်။
ဤသည်မှာ ချုးယွင်ဖန်း ကျင့်ကြံထားသော ရွေ့လျားရေးသိုင်းပညာဖြစ်ကြောင်း သူသေချာတပ်အပ် မြင်နိုင်သည်။ ရှန်းကွမ်ရှန်ယု၏ လျှပ်စီးကဲ့သို့မြန်ဆန်သည့် သိုင်းကွက်ကို သူ့ဤသို့ အလွယ်တကူ ရှောင်ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။ ဤကျင့်ကြံရေးအဆင့်ဖြင့် တိုးဝင်လာသောတိုက်ခိုက်မှုများအားလုံးကို တားဆီးခုခံရန် မိမိ၏ကိုယ်ခံအားတစ်ခုတည်းကို အသုံးပြု၍ မရနိုင်ပေ။ ရွေ့လျားရေးနည်းပညာများကို တတ်မြောက်ထားရန်လည်းလိုအပ်သည်။ သို့သော် ချူးယွင်ဖန်းတတ်မြောက်ထားသော ရွေ့လျားရေးသိုင်းပညာသည် သာမန်မဟုတ်ကြောင်း ဖျတ်ခနဲကြည့်ရုံဖြင့် ဟွမ်ပိုင်ချင်းတပ်အပ်ပြောနိုင်သည်။ အကယ်တမ်းတွင် သူသိထားသည့် သိုင်းပညာများထက်ပို၍ပင် သာလွန်၏။
"အခြေအနေမဟန်ဘူး"
ချူးယွင်ဖန်း အသုံးပြုလိုက်သည့် ရွေ့လျားရေးသိုင်းပညာကိုကြည့်ပြီးနောက် ရှန်းကွမ်ရှန်ယုဘက်မှ အင်အားမသာတော့သည်ကို ဟွမ်ပိုင်ချင်းသိနေသည်။ ဤအတိုင်းသာဆက်သွားမည်ဆိုလျှင် ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပေလိမ့်မည်ဖြစ်သည်။ ထင်ထားသည့်အတိုင်း၊ မျက်စိတစ်မှိတ်အတွင်း၌ပင်၊ ပုံရိပ်ယောင် ပျောက်ကွယ်သွားကာ ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယု ၏အရှေ့တည့်တည့်၌ပေါ်လာခဲ့သည်။ ဤအရာသည် ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွေ့လျားမှုသိုင်း ဖြစ်သည်။
"ဘာလဲဟ" ရှန်းကွမ်ရှန်ယုဘက်မှ လွဲချော်သွားခဲ့သည်။ သူသည် ပြဿနာ၏ ပြင်းထန်မှုကို သတိပြုမိခဲ့သည့်တိုင် ချူးယွင်ဖန်းသည် သူ့ကိုတိုက်ရိုက် တိုက်ခိုက်လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
“ကျားနတ်ဆိုးလက်သီး” ချုးယွင်ဖန်းသည် ဟိန်းဟောက်၍ ရှန်းကွမ်ရှန်ယုကို လက်သီးဖြင့်ထိုးလိုက်သည်။
ရှန်းကွမ်ရှန်ယုသည် အမှန်တကယ်ပင် မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူဖြစ်သည့်အလျောက် သူ့၏ တုန့်ပြန်မှုသည် စွမ်းအင်သန့်စင်ခြင်းအဆင့်၏ ထိပ်ဆုံးတွင်ရှိနေသော ကျောင်းသားများထက်ပင် လျှင်မြန်လှသည်။ သူသည် ချူးယွင်ဖန်း၏ လက်သီးချက်များကို တုန့်ပြန်ရန် လက်တစ်ဖက်ကိုမြှောက်၍ ခုခံကာကွယ်ခဲ့သည်။
ဘမ်း
ကြောက်မက်ဖွယ် ချီစွမ်းအင်များ တိုက်မိ၍ပေါက်ကွဲထွက်သွားသည်။
ရှန်းကွမ်ရှန်ယု၏ ဖိနပ်နှင့် ကွန်ကရစ်ကြမ်းပြင်၏ ပွတ်တိုက်ဆွဲမှုအသံသည် နားကြိမ်းမတတ် ကျယ်လောင်စွာ မြည်ဟီးနေသည်။ ရှန်းကွမ်ရှန်ယု၏ ခန္ဓာကိုယ်အတွင်းသို့ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု တိုးဝင်လာခဲ့ရာ၊ သူသည် ခြေလှမ်းတစ်လှမ်းပင် ထပ်မလှမ်းနိုင်တော့ပေ။ ၎င်းကို အင်အားသုံး၍သာတောင့်ခံထားခဲ့နိုင်ပြီးနောက်၊ သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သောစွမ်းအင်တစ်ခု တိုးဝင်လာသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားရသည်။ တစ်ဖက်မှ ချူးယွင်ဖန်းသည် လုံးလုံးလျားလျား မတုန်လှုပ်ခဲ့ပေ။ ရှန်းကွမ်ရှန်ယု၏ လက်တစ်ဖက်လုံး ထုံကျဥ်သွားတော့သည်။ ရိုက်ခတ်မှုဒဏ်မှ ပြန်မကောင်းခင်ပင် ချူးယွင်ဖန်း၏ မထီမဲ့မြင်အပြုံးကိုတွေ့လိုက်သောအခါ ရှန်းကွမ်ရှန်ယု ချက်ချင်းပင်ဒေါသဖြစ်သွားရသည်။ သူသည် မရီးဒျန်သန့်စင်ခြင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း၊ သန့်စင်ခြင်းအဆင့်၏ အထွဋ်အထိပ်၌သာရှိသော လူငယ်တစ်ဦးဆီမှ ဖိနှိပ်ခြင်းကို ခံနေရ၏။ ဤအရာသည် သူ့ကို အရှက်တကွဲအကျိုးနည်း ဖြစ်စေသည်။
ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယု၏ မျက်စောင်းထိုးတွင် ရပ်နေလျက် လှောင်ပြုံးပြုံးလိုက်သည်။ သူသည် စွမ်းအင်သန့်စင်ခြင်းအဋ္ဌမအဆင့် အထွတ်အထိပ်၌သာရှိသော်လည်း သူ၏အင်အားမှာ မရီးဒျန်သန့်စင်ခြင်းအဆင့် ပထမအဆင့်နှင့်ပင်ယှဉ်၍ရနိုင်သည်။ ယခုသူသည် စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ်အဆင့်ထက် ပို၍သန်မာလာပြီဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ပဏာမအဆင့်တွင်ရှိသော ရှန်းကွမ်ရှန်ယုသည်ပင် အရေးနိမ့်လျက်ရှိပြီဖြစ်၏။
"ဒါတောင် အမြည်းပဲကျွေးရသေးတာ၊ အခု အဓိကအချိန်ကိုရောက်ပြီ သေချာကြည့်ထား"
ချူးယွင်ဖန်းသည် မြေကြီးကို ခြေထောက်ဖြင့်ဆောင့်၍ ဟစ်ကြွေးလိုက်ရာ၊ ရုတ်တရက်ဆိုသလိုပင် ရှန်းကွမ်ရှန်ယု၏ အရှေ့သို့ရောက်ရှိသွား၏။
"သေစမ်း ငါ့ကို အထင်မသေးစမ်းပါနဲ့”
ရှန်းကွမ်ရှန်ယုက ကြုံးဝါး၍ သူ၏လက်ထဲ၌ရှိသောလှံဖြင့် ချူးယွင်ဖန်းကို နောက်ထပ်တစ်ကြိမ် ထပ်မံ ထိုးစိုက်လိုက်လေသည်။ လှံသည် လေကိုခွင်း၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သုတ်သင်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံအားတစ်ခုသည် ချီစွမ်းအင်ပမာဏအများအပြားနှင့်အတူ ပေါက်ကွဲထွက်လာ၏။ အကယ်၍ ၎င်းတို့နှစ်ယောက်လုံး မရီးဒျန်သန့်စင်ခြင်းပထမအဆင့် ကျင့်ကြံသူများဖြစ်နေခဲ့လျှင်ပင် သူ၏ ရန်သူသည် ဤတိုက်ခိုက်မှုမှ ဒဏ်ရာမရရှိဘဲလွတ်မြောက်နိုင်မည်မဟုတ်ဟု ရှန်းကွမ်ရှန်ယု တွေးထားသည်။
ရှန်းကွမ်ရှန်ယု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ချူးယွင်ဖန်းသည် တစ်ချက်ကလေးပင် တွန့်ဆုတ်ခြင်းမရှိ၊ သူ့၏ နောက်ကျော၌ရှိသော အရိပ်မဲ့ဓားကို ဆွဲထုတ်ကာရုတ်ချည်းခုတ်ပိုင်းချလိုက်သည်။ ချူးယွင်းဖန်း၏ အလျင်၊ အင်အားနှင့် သိုင်းကွက်များသည် ဟာကွက်မရှိ ပြီးပြည့်စုံနေ၏။ လက်နက်နှစ်ခုသည် အချင်းချင်း ဝေဟင်ပေါ်၌ တိုက်မိသွားသည်။ လှံနှင့် ဓားရှည် တို့၏ တိုက်ခတ်မှုမှ ဖြာထွက်လာသော စွမ်းအင်များသည် အလွန်ခြောက်ခြားဖွယ်ကောင်းလှသည်။ ထို့နောက် ကြောက်မက်ဖွယ်စွမ်းအင်နှစ်ခုသည် သက်ဆိုင်ရာခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွား၏။
ရှန်းကွမ်ရှန်ယုသည် သူ၏ခန္ဓာကိုယ်သို့ ရိုက်ခတ်လာသည့် စွမ်းအင်များကို တွန်းလှန်ရန် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ၎င်းစွမ်းအင်သည် ယခင်စွမ်းအင်နှင့်မတူပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အဆုံးအစမဲ့သော ပင်လယ်ပြင်နှင့် တူညီသည်ဟု ဤအချိန်၌ သူခံစားမိသည်။ သူ၏ တိုက်ခိုက်မှုသည် ရွှံ့နွံဖြင့်ပြုလုပ်ထားသောနွားရုပ်ကလေးတစ်ရုပ် သမုဒ္ဒရာအတွင်းသို့ တိုးဝင်၍ ပျောက်ကွယ်သွားသည်နှင့်တူသည်။
ရှန်းကွမ်ရှန်ယု၏ လက်ဖဝါးနှစ်ဖက်သည် ထိခိုက်မှု၏ ဒဏ်ကြောင့် ကွဲကြေကာ သွေးများစီးကျလာတော့သည်။ သူ၏ လက်မောင်းနှစ်ဖက်သည်လည်း အဆက်မပြတ်ပင် တုန်ယင်နေလျက် ကြောက်မက်ဖွယ်စွမ်းအင်၏ ရိုက်ခတ်မှုသည် လက်မောင်းများ ပြုတ်ထွက်လုမတတ် ဖြစ်စေခဲ့သည်။
"ဘာလဲဟ မဖြစ်နိုင်တာကြီး"
ဤဖြစ်ရပ်ကိုမြင်သော ဟွမ်ပိုင်ချင်း၏ ကျောင်းသားများသည် မယုံနိုင်လောက်အောင်ပင် အံ့ဩမှင်သက်မိသည်။ ဤတိုက်ပွဲ၌ ရှန်းကွမ်ရှန်ယု၏ အရှုံးကြီးရှုံးမှုကို မည်သူမဆိုတပ်အပ်မြင်နိုင်သည်ဖြစ်ရာ၊ သူ၏ ပြိုင်ဘက် ချူးယွင်ဖန်းသည်မူမည်သို့မျှ တုန်လှုပ်ခြင်းမရှိပေ။ ရှင်းလင်းစွာပင်၊ ယခုလေးတင်ဖြစ်သွားခဲ့သည့် ထိပ်တိုက်တွေ့မှုသည် သူ့အတွက် မည်သို့မျှမဟုတ်ပေ။
ရှဖန်နှင့် အခြားသူများသည် အံ့သြခြင်းအလျင်းမရှိပေ။ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်နှင့် ချူးယွင်ဖန်းတို့၏ သတ်ပုတ်မှုကို သူ့တို့ညစဉ်ညတိုင်း လဝက်ခန့်မျှ ကြည့်ခဲ့ရသည်။ ချူးယွင်ဖန်းဘက်မှ အင်အားမသာခဲ့သော်လည်း သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်နှင့် ရက်သတ္တပတ်ကျော်မျှ တိုက်ခိုက်ခဲ့သောသူသည် အဘယ်ကြောင့် ရှန်းကွမ်ရှန်ယုဆီတွင် ရှုံးနိမ့်လိမ့်မည်နည်း။ ဤအရာများသည် ကနဦးကတည်းက စိတ်ကူးယဥ်မျှသာဖြစ်ခဲ့သည်။
ချူးယွင်ဖန်းက အကြောဆန့်၍ သူ၏လက်မောင်းကြွက်သားများကို ဖြေလျှော့လိုက်သည်။
"ပျော့လိုက်တာ မင်းတတ်နိုင်တာ ဒါအကုန်ပဲလား"
ချူးယွင်ဖန်းသည် အပြန်အလှန်တိုက်တိုက်ခိုက်ရာမှ ရှန်းကွမ်ရှန်ယု၏ သန်မာမှု့အတိုင်းအတာကို နားလည်ခဲ့ပြီဖြစ်သည်။ ရှန်းကွမ်ရှန်ယုသည် မရီးဒျန်သန့်စင်ခြင်းပထမအဆင့်သို့ အထွဋ်အထိပ်သို့ရောက်နေသော်လည်း သူ့၏အင်အားမှာ အလွန်ဆုံး လွန်ခဲ့သောလဝက် ချူးယွင်ဖန်း အဆင့်ဖြတ်ကျော်ခဲ့စဥ်က ခွန်အားနှင့် အတူတူမျှသာရှိနိုင်လိမ့်မည်။
ဤရက်အတောအတွင်းတွင်၊ ချူးယွင်ဖန်းသည် ပြီးပြည့်စုံသော အသွင်ကူးပြောင်းမှုကို ခံယူခဲ့ပြီဖြစ်သည်။ ခွန်အား၌ပင်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၌ပင်ဖြစ်စေ သူသည် ကြီးမားသော ဖြတ်ကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မဟုတ်လျှင် သူသည် သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်ကို ဆယ်ရက်ကျော်မျှ မည်သို့တိုက်ခိုက်နိုင်မည်နည်း။ အကယ်၍ ထိုခေါင်းဆောင်၏ ရှေ့တွင် ရှန်းကွမ်ရှန်ယုသာဖြစ်ခဲ့ပါက အချိန်အတော်ကြာသည်အထိ ထိန်းထားနိုင်လိမ့်မည်မဟုတ်၊ ခဏလေးအတွင်းတွင် ဒူးထောက်အရှုံးပေးရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် ကြမ်းတမ်းသောခွန်အားရှိသည့် သွေးရောင်လည်ဆံမျောက်ဝံကဲ့သို့သော သတ္တဝါမျိုး၏ရှေ့တွင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိသော မည်သူမဆို သွေးအန်သည်အထိ အရိုက်ခံရလိမ့်မည်ဖြစ်သည်။
"သိုင်းကွက်နှစ်ကွက်တောင်ပြီးသွားပြီနောက်၊ ငါအခုဘာဆက်လုပ်ရမလဲ "
"ဘာမှတော့မထူးပါဘူးလေ။ တစ်ချက်တည်းနဲ့ အပြီးသတ်ရတော့မှာပေါ့"
" ငါ့ကို တစ်ချက်တည်း အပြီးသတ်မယ်ဟုတ်လား၊ လာနောက်နေတာလား"
ချူးယွင်ဖန်းသည် အလွန်အန္တရာယ်များသူဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ချူးယွင်ဖန်းဘက်မှ လှုံ့ဆော်နေသောစကားသည် ရှန်းကွမ်ရှန်ယုကို အလွန်ပင် ဒေါသူပုန်ထစေသည်။ ရုတ်တရက် ထွက်ပေါ်လာသော ရှန်းကွမ်ရှန်ယု၏ လှံသည် ချူးယွင်ဖန်းကို ထိုးစိုက်မိမလိုပင်ဖြစ်ခဲ့သည်။
" သေချာကြည့်ထား။ ကျိုးပဲ့ဓားသိုင်း"
ချူးယွင်ဖန်းသည် အရှေ့သို့ရုတ်တရက်တိုး၍ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ရှိသော ချီစွမ်းအင်များသည် ဓားရှည်၌ လာရောက်စုစည်း၍ ကောင်းကင်နှင့်မြေကြီး၌ရှိသော စွမ်းအားများအားလုံး ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းသို့ စတင်ဝင်ရောက်လာသကဲ့သို့ ကြောက်မက်ဖွယ်ရာ ဓားချက်ကြီးတစ်ခုသို့ အသွင်ပြောင်းလဲစေခဲ့သည်။
ထိုဓားချက်သည် ရှန်ကွမ်ရှန်ယု၏ လှံပေါ်သို့ သက်ဆင်း၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပေါက်ကွဲလာသည်။ ရှန်းကွမ်ရှန်ယုသည် နာကျင်စွာ အော်ဟစ်ညီးတွားလိုက်သည်။ ဓားချက်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ်သက်ဆင်းလာသဖြင့် သူ၏ လက်မောင်းနှစ်ဖက်လုံးအဆစ်လွဲသွားခဲ့သည်။ ရိုက်ခတ်လာသောစွမ်းအားအများစုကို သူ၏ သံချပ်ကာမှ စုပ်ယူခဲ့သော်လည်း သူ၏ကိုယ်ခန္ဓာသည်မူ အရှိန်နှင့်လွင့်စင်သွား၏။ ထို့နောက်မြေပြင်ပေါ်သို့ ကျကာ၊ လူးလိမ့်၍ နာကျင်စွာ အော်ဟစ်လိုက်သည်။