← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆) အမှတ် သန်း၅၀၀ နှင့် ကျန်းလင်းရှောင်၏ပထမသတင်း

လျင်မြန်စွာပြီးဆုံးသွားသော တိုက်ပွဲကြောင့် ကြည့်နေသောလူအများသည်လည်း အံ့ဩမှင်သက်သွားသည်။ မည်သို့ဆိုသော် ကနဦးတိုက်ပွဲ၌ ချူးယွင်ဖန်းသည် ရှန်းကွမ်ရှန်ယုထက်အနည်းငယ်မျှသာ ပိုသာခဲ့ပုံရသောကြောင့်သာဖြစ်​၏။ သို့သော် ချူးယွင်ဖန်းသည် သူ​၏သိုင်းကွက်တစ်ကွက်တည်းဖြင့် ရှန်းကွမ်ရှန်ယုကိုအနိုင်တိုက်နိုင်လိမ့်မည်ဟု မည်သူကမှမတွေးထင်မိကြပေ။

ရှန်းကွမ်ရှန်ယုသည် ယခုနှစ်​တက္ကသိုလ်ကျောင်းသားများထဲမှ ထိပ်တန်းအဆင့် ၃၀ နေရာ၌ရှိနေသူဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် ယခုအချိန်မှစ၍ ချူးယွင်ဖန်းသည် ထိပ်တန်းအဆင့် ၃၀ နေရာသို့ရောက်ရှိသွားပြီဖြစ်သည်။ အချိန်အတော်အတန်မျှကြာသောအခါမှ လူအများသည် ရှန်းကွမ်ရှန်ယုကို တစ်ချက်တည်းနှင့် အနိုင်ပိုင်းလိုက်သော ချူးယွင်ဖန်းကိုငေးငိုင်စွာကြည့်နေရာမှ သတိပြန်လည်လာခဲ့သည်။ ဟွမ်ပိုင်ချင်း​၏ တပည့်တချို့သည်လည်း အနာကျက်ဆေးများထုတ်၍ ရှန်းကွမ်ရှန်ယု​၏ ဒဏ်ရာများကို ကပျာကယာသွားရောက်ကုသပေးပြီးနောက် အချိန်အနည်းငယ်အတွင်းတွင်၊ ရှန်းကွမ်ရှန်ယု၏ ဒဏ်ရာများသက်သာလာခဲ့သည်။

ဟွမ်ပိုင်ချင်းမှ မိမိကိုလူသတ်မည့်အကြည့်များဖြင့် ကြည့်နေသည်ကို ချူးယွင်ဖန်းသတိပြုမိလိုက်သည်။ အကယ်၍ ကျန်းယွမ်ပင်သာရှိမနေခဲ့လျှင်၊ ယင်းတို့ရောက်နေသော နေရာသည်လည်း တက္ကသိုလ်၏ လူစည်ကားသောနေရာတစ်ခုမဟုတ်ခဲ့လျှင် ဟွမ်ပိုင်ချင်းသည် ထိုနေရာ၌ပင် ချူးယွင်ဖန်းကို ချက်ချင်းတိုက်ခိုက်လိမ့်မည်ပုံပေါ်သည်။

ချူးယွင်ဖန်းသည် ပြုံးရုံမျှသာပြုံးပြ၍ ၎င်းကို စိတ်ထဲမထည့်ခဲ့ပေ။ လူတိုင်း​၏အကျိုးကို သယ်ပိုးရန်မဖြစ်နိုင်လှသော လူမှု့အဖွဲ့အစည်း​၏ သဘောသဘာဝကို သိမြင်ပြီးသားဖြစ်သော ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ကို သူ​၏နည်းပြဆရာအဖြစ် ရွေးချယ်ခဲ့ပြီးစဉ်မှစ၍ ကျန်းယွမ်ပင်​၏ ဘေးတွင်သာရပ်တည်၍ ဂုဏ်ဆောင်ရန်ရွေးချယ်ပြီးသားဖြစ်သည်။ ဟွမ်ပိုင်ချင်းသည် ကျန်းယွမ်ပင်၏ရန်သူဖြစ်ကြောင်း လူတိုင်းသိထားကြရာ၊ ယင်းတို့အချင်းချင်းပြေလည်ရန် ဖြစ်နိုင်တော့မည်မဟုတ်ပေ။

"ဟားဟားဟား မင်းတော်တယ်။ ခဏနေရင် မင်းဘဏ်အကောင့်ထဲကိုအမှတ်သန်း ၅၀၀ လွှဲပေးမယ်

"

ကျန်းယွမ်ပင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ချူးယွင်ဖန်းသည် သိုင်းကွက် သုံးခုကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ရာ၊ ပို၍ တိကျစွာပြောရမည်ဆိုလျှင် ရှန်းကွမ်ရှန်ယုကို တစ်ကွက်တည်း အသုံးပြု၍အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် ၎င်း​၏ ရန်သူအရှေ့တွင် မျက်နှာရစေသည်ဟု ကျန်းယွမ်ပင်ဘက်မှ ထင်မြင်ယူဆသည်။ အထူးသဖြင့် ဤရှုံးနိမ့်သွားသော ပြိုင်ဘက်သည် မိမိ၏ တပည့်ကို အသုံးပြု၍စော်ကားရဲခဲ့သည်မှာ ကျန်းယွမ်ပင် လုံးလုံးလျားလျား သည်ခံနိုင်သည့် လုပ်ရပ်မဟုတ်ခဲ့ပေ။

ယခုမည်ကား ချူးယွင်ဖန်းမှကူညီ၍ သူ​၏ ဂုဏ်ကိုပြန်လည် ဆောင်ယူပေးခဲ့ပြီဖြစ်သောကြောင့် အမှတ်သန်း ၅၀၀မျှကို အသေအချာပင်နှမျောတွန့်တိုနေမည်မဟုတ်ပေ။ ထိုအမှတ်များသည် မည်သို့သောအခြေအနေ၌ပင်ဖြစ်စေ မိမိလွယ်ကူစွာရနိုင်သောအရာများဖြစ်သည်။

“ဟွမ်ပိုင်ချင်းရေ ကြည့်ပါဦး မင်းတပည့်က အဲ့လောက်လည်းမဟုတ်ပါလား။ ဒါနဲ့ ငါ့ကိုအမှတ်တစ်ဘီလီယံလွှဲပေးဖို့မမေ့နဲ့ဦးနော်"

ကျန်းယွမ်ပင်သည် ဟွမ်ပိုင်ချင်းကိုကြည့်၍ ရယ်မောနေသည်။ တစ်ဖက်လူမှ အလွန်အမင်း ဒေါသထွက်နေသည်ကို သတိထားမိသော်လည်း ဟွမ်ပိုင်ချင်းတစ်ယောက် ကတိမတည်မည်ကို ကျန်းယွမ်ပင်စိတ်မပူပေ။

သူတို့သည် ပြည်ထောင်စုတက္ကသိုလ်​၏ ထိပ်တန်း၊ နည်းပြဆရာများဖြစ်သည်။ အကယ်၍ ဤတက္ကသိုလ်မှ ထွက်ခဲ့သည်ရှိသော် စစ်တပ်တစ်ခု​၏ ဗိုလ်ချုပ်တစ်ယောက် လွယ်လွယ်ကူကူ ဖြစ်နိုင်မည့် သူများဖြစ်ကြသည်။ စီးပွားရေးလောကသို့ ဝင်ရောက်ခဲ့သည်ရှိသော်၊ အချိန်တိုအတွင်း၌ ဘီလီယံနာ ဖြစ်လာမည့်သူများဆိုလျှင်လည်း မမှားပေ။ ထို့ကြောင့် အမှတ်တစ်ဘီလီယံမျှဖြင့် ကတိမတည်ခဲ့လျှင် တက္ကသိုလ်တစ်ခုလုံး​၏အလည်၌ လှောင်ပြောင်ဖွယ်ဟာသတစ်ခုဖြစ်သွားပေလိမ့်သည်။

“ဟား ငါရဲ့ တပည့်တစ်ယောက် ဒီမှာမရှိလို့ပေါ့ကွာ၊ မဟုတ်ရင် အဲ့လိုကောင်မျိုး ဒီနေရာမှာ ခေါင်းတောင်မော့ရဲ့မှာမဟုတ်ဘူး" ဟွမ်ပိုင်ချင်းသည် အေးစက်စွာပြောလိုက်သည်။

"လေလုံးတွေပဲထွားပြီး ဘာမှမလုပ်ပြနိုင်ရင် ဘာထူးမှာလဲ။ မင်းရဲ့ တပည့်ကတော်တယ်ဆိုတော့ရော ဘာဖြစ်လဲ။ သူ့ကိုဘယ်သူမှ မှမမြင်ဖူးဘဲနဲ့" ကျန်းယွမ်ပင်မှ လှောင်ပြောင်လိုက်သည်။

ဟွမ်ပိုင်ချင်း​၏ ကြွားဝါးမှုသည် မည်သို့ပင်ကြီးမားနေပါစေ သူ​၏အပြောသည် အပြောသက်သက်သာဖြစ်သည်။

"ဒီကောင်လေးက ငယ်ပေမယ့် သွေးအေးရက်စက်လွန်းတယ်။ ငါစိုးရိမ်တာက သူသာအရွယ်ရောက်လာရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များနိုင်တယ်" ဟွမ်ပိုင်ချင်းသည် ယုတ်မာစွာပြောလိုက်သည်။

"ဟွမ်ပိုင်ချင်း၊ မင်းကတော့ အသက်ကြီးလာလို့ ဦးနှောက်တွေ မှိုတတ်နေပြီထင်တယ်။ မင်းတပည့် လုပ်တာကျ ဘာမှမပြောဘဲ ငါ့တပည့်က မင်းတပည့်ကိုဒဏ်ရာရအောင်လုပ်တော့ အသံထွက်တယ်ပေါ့လေ။ မင်းငါ့ကို လာနောက်နေတာလား" ကျန်းယွမ်ပင်သည် လှောင်ပြောင်သရော်ဟန် ပြန်ပြောလိုက်သည်။

“ကျန်းယွမ်ပင်၊ မင်းစောင့်ကြည့်နေလိုက် ပြီးတော့ မင်း။ မင်းလုပ်ထားသမျှ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ငါရှာမတွေ့စေနဲ့။ မဟုတ်လို့ကတော့ မင်းကိုငါ လွှတ်ပေးမယ်မထင်နဲ့"

ဟွမ်ပိုင်ချင်းသည် ချူးယွင်ဖန်းကို အေးစက်သောအကြည့်ဖြင့်ကြည့်၍ ခြိမ်းခြောက်ပြောဆိုလိုက်သည်။ သို့သော်လည်း ချူးယွင်ဖန်းသည် မိမိ​၏ ဂုဏ်ယူဖွယ်ကောင်းသောတပည့်ကို အနိုင်ယူခဲ့သူဖြစ်သောကြောင့် ဟွမ်ပိုင်ချင်းတွင် ပြောရန်စကားမရှိတော့ပေ။

“အဲ့ဒါ မင်းကိစ္စမဟုတ်ပါဘူး” ကျန်းယွမ်ပင်မှ ပြန်ပြောလိုက်သည်။

ဟွမ်ပိုင်ချင်းနှင့် သူ​၏တပည့်များ ထွက်သွားသည်နှင့် ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကိုပြောလိုက်သည်။

“ မင်း တော်တယ်။ ငါ အခု အမှတ်သန်း ၅၀၀ ကိုလွှဲပေးမယ် ငါကတိတည်ပါတယ်ကွ"

ပြောထားသည့်အတိုင်း မကြာခင်၌ပင် ချူးယွင်ဖန်း၏ အကောင့်ထဲသို့ အမှတ်သန်း ၅၀၀ ရောက်လာခဲ့သည်။ ထိုစဉ် ရှဖန်နှင့် အခြားသူများသည် ချူးယွင်ဖန်းကို အားကျစွာကြည့်နေသည်။ အမှတ်သန်းငါးရာဟူသော ပမာဏသည် ငွေကြေးဖြင့်ရေတွက်လျှင် ယွမ် သန်း ၅၀၀ သို့မဟုတ် ယွမ်သန်း ၅၀၀ ကျော်နှင့် ညီမျှသည်။ ငွေကြေးသင့်တင့်စွာရှိသော မိသားစုများမှ မွေးဖွားလာသူများဖြစ်သော်လည်း အမှတ် သန်း ၅၀၀ သည် ၎င်းတို့မိသားစုတွင်ရှိသော ပိုင်ဆိုင်မှုနှင့် ကွာခြားမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ ကိုယ်စားတိုက်ခိုက်ခဲ့သောကြောင့် ထိုပမာဏကို ရရှိခဲ့ခြင်းဖြစ်ရာ၊ ဤသည်ကား ထင်မှတ်မထားနိုင်လောက်သည့် ဆုကြေးငွေမျိုးဖြစ်သည်။

သို့သော်လည်း ၎င်းတို့သည် မိမိကိုယ်မိမိကောင်းစွာသိထားကြသောကြောင့်၊ အားကျရုံမျှသာ တတ်နိုင်၏။ ဤသို့သော ဆုကြေးမျိုးသည် မည်သူမဆိုရနိုင်သော အရာမဟုတ်ပေ။ သူတို့သည် ဤသို့အခွင့်အရေးမျိုးကို ရနိုင်ပါလျက် ပိုင်ဆိုင်ရန်ကြိုးစားခဲ့ခြင်းမရှိပေ။ သန်း ၅၀၀ကို မိမိတို့ရှေ့တွင်ချထားပါက ခွန်အားရှိလျှင်ပင် ယှဉ်ပြိုင်ရန် အခွင့်အရေးရှိနိုင်မည် မဟုတ်ပေ။

" ကျေးဇူးပါ ဆရာကျန်း" ချူးယွင်ဖန်းမှ ပြောလိုက်သည်။

" ဘာလို့ကျေးဇူးတင်နေတာလဲ။ မင်းမကူညီရင် ငါလည်း ဒီအမှတ်တွေရမှာမဟုတ်ပါဘူး"

ကျန်းယွမ်ပင်မှ ဖြောင့်ဖြောင့်တန်းတန်းပြောလိုက်သည်။

" ကောင်းပြီ မင်းတို့တွေလည်း သီးသန့်ကျင့်စဉ်ဝင်ဖို့ လုပ်ကြတော့။ ပြီးသွားရင် ငါ့ကိုလာရှာချေ" ကျန်းယွမ်ပင်မှ ပြောလိုက်သည်။ ထိုကျောင်းသားများသည် သန့်စင်ခြင်းအဆင့်သို့ရောက်တော့မည်ဖြစ်သဖြင့် ကျင့်ကြံရန်နေရာလိုအပ်ကြောင်း သူသိသည်။

"ဆရာကျွန်တော် ခွင့်နှစ်လလောက်လိုချင်ပါတယ် "ချူးယွင်ဖန်းမှ ခွင့်ပန်သည်။

“ဒါဖြင့်ရင် ကောင်းပြီလေ” အနည်းငယ်စဉ်းစားပြီးနောက် ကျန်းယွမ်ပင် ခွင့်ပြုလိုက်သည်။ သူ့တွင် ချူးယွင်ဖန်းအတွက် အထူးလေ့ကျင့်ရေးအစီအစဉ်များရှိသော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုကို ကန့်သတ်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ ထိုကျောင်းသားများသည် ထိပ်တန်းကျောင်းသားဖြစ်သဖြင့် သာမန်နည်းလမ်းများအသုံးပြု၍ သင်ကြားရန်မသင့်တော်ကြောင်း ကျန်းယွမ်ပင်သိထားသည်။

"ကျေးဇူးပါ ဆရာ” ချူးယွင်ဖန်းက ကျေးဇူးတင်စကားပြောလိုက်၏။ သူ့တွင်လည်း၊ တခြားရွေးချယ်ရန်လမ်းမရှိပေ။ ဧကရာဇ်ရဲ့ခန္ဓာနည်းစနစ်ကို ထူးချွန်တတ်ကျွမ်းရန် လိုအပ်သောအချိန်ကာလမည်ကား ကြာရှည်လိမ့်သည်။ ပြီးလျှင် သန့်စင်ခြင်းအဆင့်ကိုလည်း သူ အဆင့်ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ အချိန်နှစ်လတာသည် တော်ရုံသင့်ရုံမျှရှိသည်။ မည်သည့်အရာမဆို အလျင်စလိုလုပ်ရန်သင့်သော်လည်း ဧကရာဇ်ရဲ့ခန္ဓာနည်းစနစ်ကိုကျွမ်းကျင်စေရန် လေ့ကျင့်မည့် အချိန်အတိုင်း​အတာကိုမူ တစ်ရက်ပင် လျော့ချရန်မဖြစ်နိုင်ပေ။

"ဒါဆိုရင် သွားစရာရှိသေးလို့ ငါအရင်သွားနှင့်မယ်။ သိပ်မကြာခင် ငါ မင်းကို လာတွေ့မယ်" ကျန်းယွမ်ပင်သည် စကားဆုံးသည်နှင့်၊ လျင်မြန်စွာ ထွက်သွားတော့သည်။

ချူးယွင်ဖန်းနှင့် အခြားလူများသည် သက်ဆိုင်ရာအသီးသီးသို့ သွားရန်ဟန်ပြင်နေချိန်တွင် သူတို့​၏ဘေးမှ မြောက်များစွာသောကျောင်းသားများ အလျင်စလိုသွားလာနေသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ ရှဖန်မှ ကျောင်းသားတစ်ယောက်ကိုတား၍ မေးလိုက်သည်။

"ဟေ့ မင်းတို့ဘာတွေ အလျင်လိုနေကြတာလဲကွ"

"မင်းတို့ မသိကြဘူးလား ကျောင်းကောင်စီ ဥက္ကဋ္ဌ ကျန်းလင်းရှောင်ပြန်ရောက်နေပြီလေ။ ဟိုမောက်မာနေတဲ့ ဖုန်းရှန်ယွမ်ကိုဆုံးမမယ့်သူ အခုမှပဲပေါ်လာတော့တယ်။ ပြီးခဲ့တဲ့နှစ် တာအိုညီလာခံရဲ့ ချန်ပီယံဆိုတော့ရော ဘာအထင်ကြီးစရာမို့လို့လဲ။ အခုသူတို့နှစ်ယောက် အားကစားကွင်းထဲမှာ ထိပ်တိုက်ရင်ဆိုင်နေတယ်တဲ့"

ကျောင်းသားသည် စကားပြောပြီးသည်နှင့် အဝေးသို့ ကပျာကယာပြေးထွက်သွားသည်။

ကျန်းလင်းရှောင်

ကြားလိုက်ရသောအမည်ကြောင့် ချူးယွင်ဖန်း​၏ မျက်လုံးများ လင်းလက်သွားသည်။

အခန်း(၄၀၇) ကမ္ဘာကြီး​၏ သူရဲကောင်းများ

ကျန်းလင်းရှောင်ဆိုသည့်အမည်သည် ချူးယွင်ဖန်း နှင့် တန်စီယုအတွက် ကြီးမားသော ဖိအားတစ်ခုဆိုလျှင်လည်း မမှားပေ။ ထို့အပြင် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများအတွက် ကျန်းလင်းရှောင်သည် အကျော်ဇေယျတစ်ဦးဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်သို့မလာမီတွင် ကျန်းလင်းရှောင် အကြောင်း တိုတိုထွာထွာမျှသာ ချူးယွင်ဖန်း ကြားခဲ့ရသည်။ ဥပမာပြောရမည်ဆိုလျှင် ကျန်းလင်းရှောင်သည် ကျန်းမိသားစု​၏အထူးချွန်ဆုံး တပည့်လက်သားတစ်ယောက်ဖြစ်ကာ၊ လွန်ခဲ့သောနှစ်နှစ်ခန့်က ဝင်ခွင့်စာမေးပွဲတွင် သူသည် ထိပ်တန်းအမှတ်နှင့် အောင်မြင်ခဲ့သူဖြစ်သည်။

သို့သော်လည်း ပြည်ထောင်စုတက္ကသိုလ်သို့ ရောက်လာသောအခါမှပင် ထိုဂုဏ်သတင်းများသည် ကျန်းလင်းရှောင်၏ များလှစွာသော ဂုဏ်သတင်းခေါင်းစဉ်များထဲမှ တစ်ခုသာဖြစ်သည်ကို ချူးယွင်ဖန်းသိလိုက်ရသည်။

ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်လာစဉ်က ကျန်းလင်းရှောင်သည် သူနှင့်သက်တူရွယ်တူလူငယ်များကို အပြတ်အသတ် ချေမှုန်းကာထိပ်တန်းအမှတ်ဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။ တာအိုညီလာခံ၏ ချန်ပီယံလည်းဖြစ်ခဲ့သည့်အပြင် ပြည်ထောင်စုတက္ကသိုလ်၊ ထိပ်တန်း တက္ကသိုလ်များ၊ သီးခြားဂိုဏ်းများမှ တပည့်လက်သားများနှင့် မိသားစုကြီးများမှကျောင်းသားများလျှင်ပင် သူ​၏ပြိုင်ဘက်များ မဟုတ်ခဲ့ပေ။

ကျန်းလင်းရှောင်သည် တတိယနှစ်ကျောင်းသားတစ်ဦးသာဖြစ်သော်လည်း ပြည်ထောင်စုတက္ကသိုလ်​၏ အကြီးဆုံး အဖွဲ့အစည်းဖြစ်သော ကျောင်းကောင်စီ​၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။ ပုံမှန်အားဖြင့် အကြီးတန်းကျောင်းသားများမရှိသည့်အခြေအနေမျိုးတွင် ကျန်းလင်းရှောင်သည် ကျောင်း​၏ ကျောင်းသားထဲမှ နံပါတ်တစ်ကျွမ်းကျင်သူအဆင့်ဟုဆိုရပေလိမ့်မည်။ ကျောင်းသားများသာမက အချို့သော နည်းပြများသည်ပင် သူနှင့်ယှဉ်ပြိုင်ရန်မဖြစ်နိုင်ပေ။

ကျန်းလင်းရှောင်​၏ အရည်အချင်းကို ခန့်မှန်းရန်မဖြစ်နိုင်ပေ။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိနေပြီဟုလည်း အပြင်လောကမှ ခန့်မှန်းချက်များပေးကြသည်။ ကျန်းလင်းရှောင်၏ စွမ်းဆောင်ရည်ကို ထိုကဲ့သို့ ဆုံးဖြတ်ရန်မဖြစ်နိုင်သော်လည်း ထိုသို့ကောလဟာလထွက်လာခြင်းသည်ပင် ကျန်းလင်းရှောင်၏သန်မာမှု မည်မျှကြောက်စရာကောင်းသည်ကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။ ကျန်းလင်းရှောင်၏ အင်အားကြီးမားမှုသည် ချူးယွင်ဖန်းအတွက်သည်ကား သတင်းဆိုးသာဖြစ်ပေမည်။

ချူးယွင်ဖန်းသည် နှစ်ခါပြန်စဉ်းစားမနေတော့ဘဲ ဖြစ်ကြောင်းကုန်စင်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မိမိရန်သူနှင့် မိမိကိုယ်တိုင်ကို သိမှသာလျှင် တိုက်ပွဲပေါင်းတစ်ရာတွင် ရှုံးပွဲမရှိအောင်မြင်မည် မဟုတ်လော့။ အားကစားကွင်းဘက်သို့ ဦးတည်သွားနေသော ချူးယွင်ဖန်းကိုကြည့်၍ ရှဖန် နှင့် အခြားသူများသည်လည်း ကပျာကယာပြေးလွှား၍ လိုက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ အားကစားကွင်းသို့ ချူးယွင်ဖန်းရောက်သောအခါ နေရာအနှံသည် ကျောင်းသားများနှင့်ပြည့်နှက်နေပြီဖြစ်ရာ၊ အားကစားကွင်း​၏ အလယ်၌ လူနှစ်ယောက်သည် မျက်နှာချင်းဆိုင်လျက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်ထဲမှ တစ်ယောက်သည်ကား အရပ်ရှည်၍ အင်မတန်ခန့်ညားကာ၊ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် စစ်ပွဲမှ ပြန်လာသည့်ဟန်ဖြင့် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက် အနည်းငယ်မျှ ခရီးပန်းနေပုံရှိသည်။ သူ​၏ မျက်နှာအမူအယာသည်ကား ကမ္ဘာကြီးသည် သူ​၏ ထိန်းကွပ်မှုအောက်တွင်ရှိနေသည်ဟု တွေးထင်နေပုံရကာ၊ မိုက်ရူးရဲဆန်၍ မဆင်မခြင် ပြုမှုတတ်လိမ့်မည်ဟု ထင်ရ၏။ ဤလူငယ်သည် လူအများအထူး အာရုံစိုက်နေကြသော ပြည်ထောင်စုတက္ကသိုလ်​၏ ယခုလက်ရှိ နံပါတ်တစ်ကျောင်းသား ကျန်းလင်းရှောင် ဖြစ်သည်။

သူ​၏အရှေ့၌ ရပ်နေသောသူမှာ ကျန်းလင်းရှောင် နှင့် သက်တူရွယ်တူရှိကာ၊ ပိန်ပါး သွယ်လျ၍ ဆုံးဖြတ်ချက်ခိုင်မာသောမျက်နှာထားရှိသူဖြစ်သည်။ သူသည် လှပသော တရုတ်ရိုးရာဝတ်ရုံကို ဝတ်ဆင်ထားလျက်၊ သတ္တိရှိ၍ ရဲမာန်ပြည့်သော ကိုယ်ရောင်ကိုယ်ဝါရှိကာ၊ နေမင်း​၏ အလင်းရောင်သကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါများ အဘက်ဘက်သို့ ထွန်းလင်းတောက်ပနေပုံပေါ်သည်။ ကျန်းလင်းရှောင်နှင့် ယှဉ်မည်ဆိုပါက အနည်းငယ်မျှပင် နိမ့်ကျခြင်းရှိလိမ့်မည်မဟုတ်ပေ။ ထိုသူသည် နိုင်ငံရပ်ခြား၌ရှိသော ကြယ်တာရာဂိုဏ်း​၏ ထူးချွန်ထက်မြက်သော တပည့်ဖြစ်ရာ၊ လွန်ခဲ့သောနှစ်​၏ တာအိုညီလာခံ၌ ဗိုလ်ဆွဲခဲ့သူဖြစ်သည်။

ကမ္ဘာကြီးတွင် အဆုံးမဲ့သမုဒ္ဒရာရှိသကဲ့သို့ ခွန်းလွန်နယ်မြေတွင်လည်း အဆုံးမဲ့သမုဒ္ဒရာရှိသည်။ ယခုအချိန်ထိ မည်မျှကျယ်ပြန့်သည်ကိုမသိနိုင်သေးသောကြောင့် ထိုသမုဒ္ဒရာကို အဆုံးမဲ့သမုဒ္ဒရာ ဟုခေါ်ဆိုကြသည်။ ထိုသမုဒ္ဒရာသည် ကျယ်ပြန့်၍ အဆုံးမဲ့သည်၊ ကောင်းကင်ပေါ်တွင် များစွာသောကြယ်များရှိနေသကဲ့သို့ ယင်းကို ကျွန်းဆွယ်များကဝန်းရံလျက်ရှိသည်။

ထိုကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတွင် တိုက်ကြီးများနှင့် အရွယ်အစားတူသော ကျွန်းဆွယ်များသည် မည့်သူ​၏ ထိန်းကွပ်မှုအောက်တွင်မျှ ရှိမနေပေ။ မြောက်များစွာသော ဂိုဏ်းများသည် ထိုကျွန်းဆွယ်များကို အခြေပြုနေထိုင်ရာ၊ ၎င်းတို့ထဲမှအများစုသည် နှစ်ပေါင်းရာနှင့်ချီရှိ၍ အဆုံးမဲ့သမုဒ္ဒရာကို လူသားများ ရှာဖွေတွေ့ရှိခဲ့စဉ်က ရှေးဟောင်းလူသားများကာလ​၏ အကြွင်းအကျန်များပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

ကြယ်တာရာဂိုဏ်းသည် လွန်စွာကြီးမားသော ဂိုဏ်းတစ်ခုဖြစ်၍ အဆုံးမဲ့သမုဒ္ဒရာပေါ်တွင် တည်ရှိသည်။ ယင်းသည် တပည့်လက်သားများကို မွေးထုတ်ပေးနေသော ဂိုဏ်းတစ်ခုဖြစ်၍ ထိုတပည့်များသည်လည်း တာအိုညီလာခံတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သူများဖြစ်သည်။ တာအိုညီလာခံများထဲတွင်ကား လွန်ခဲ့သောနှစ်နှစ်​၌ အနိုင်ရခဲ့သူမှာ အထူးချွန်ဆုံးဖြစ်ခဲ့သည်။ ထိုတပည့်သည်ကား သန်မာလှပါသည်ဆိုသောပြိုင်ဘက်များကို အနိုင်ယူ ဗိုလ်ဆွဲခဲ့သော ဖုန်းရှန်ယွမ်ဖြစ်သည်။

ထိုဖြစ်စဉ်သည် နိုင်ငံရပ်ခြားဂိုဏ်းအသီးသီး၌ အင်မတန်ထူးခြားလှသည်။ ထိုဂိုဏ်းများသည် သိပ္ပံပညာရှင်ပေါင်းများစွာ၊ စစ်တပ်ပေါင်းများစွာနှင့် အင်အားကြီး တပည့်လက်သားပေါင်းများစွာရှိသော်လည်း ပြည်ထောင်စုနှင့်ယှဉ်လျှင် ရေဒါပေါ်မှ အစက်အပြောက်ကလေးတစ်ခုနှင့် ထူးမခြားနားပေ။

ပြည်ထောင်စုသည် လူသားမျိုးနွယ်စု​၏ ခေါင်းဆောင်သဖွယ်ဖြစ်ကာ၊ မွန်းစတားများနှင့် တိုက်ခိုက်ရာတွင်လည်း အဓိကအင်အားစုတစ်ခုဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စုတစ်ခုလုံး​၏ အဓိကအသက်သွေးကြောဖြစ်သော ပြည်ထောင်စုတက္ကသိုလ်တွင် ငွေကြေး မည်မျှဖြင့်သွန်းလောင်းခဲ့သည်ကို မည်သူမျှမသိကြပေ။ နှစ်စဉ် နိုင်ငံရပ်ခြားမှ ထူးချွန်သော ပါရမီရှင်များစွာပေါ်ပေါက်ခဲ့သော်လည်း ထိုဂိုဏ်းများ၏ လူဦးရေသည် နှစ်စဉ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုသူဦးရေထက် နည်းပါးနေသေးသည်။

ပြည်ထောင်စုတက္ကသိုလ်​၏ ကျောင်းသားများသည် အကောင်းဆုံးထဲမှ အကောင်းဆုံးများဖြစ်ကြသည်။ အယောက်တစ်သောင်းတွင် တစ်ယောက်ဟုပြောရလောက်သော အရည်အချင်းများရှိသော်လည်း ချန်ပီယံဆုကို ကြယ်တာရာ ဂိုဏ်း​၏ တပည့်တစ်ယောက်မှ လုယူခြင်းခံခဲ့ရ၏။ ဤဖြစ်ရပ်သည် လွန်စွာ သိက္ခာကျစေခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွင်း အထက်လူကြီးများသည်လည်း ဖိအားများအောက်ရောက်နေရသည်။ ထိုသို့ ကိစ္စသည် တစ်ခါမျှဖြစ်ပွားရန်သာသင့်တော်ပြီး ထပ်မံဖြစ်ပွားခြင်းကို ခွင့်ပြုရန်မသင့်ပေ။ ထို့ကြောင့်ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသော ကျန်းလင်းရှောင်သည် ပြန်လည်ခေါ်ယူခြင်းခံခဲ့ရသည်။ ပြည်ထောင်စုတက္ကသိုလ်သည် ဒီနှစ်​၏ တာအိုညီလာခံတွင် ယခင်နှစ်၌ ဆုံးရှုံးခဲ့သော သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ သို့သော်လည်း ဤအပြုအမူသည်ကား ဖုန်းရှန်ယွမ်၏ အရည်အချင်းကို အသိအမှတ်ပြုခြင်းလည်းဖြစ်သည်။ ဖုန်းရှန်ယွမ်သည် ကျန်းလင်းရှောင် နှင့်ယှဉ်လျှင် တစ်နှစ်ခန့်ငယ်သော်လည်း သူ​၏လုပ်ဆောင်ချက်သည်ကား အားနည်းချက်ဟု၍ပင်မရှိပေ။

“ဖုန်းရှန်ယွမ် မင်း ပြည်ထောင်စုတက္ကသိုလ်ကို ဘာလာလုပ်တာလဲ"ကျန်းလင်းရှောင်မှ မေးသည်။

" မင်းငါတို့ကို လာဆွနေတာလား"

" မဟုတ်ပါဘူး ငါ အဲ့လောက်လည်း အသက်မမဲ့သေးပါဘူး" ဖုန်းရှန်ယွမ်သည် ဖျတ်ခနဲ ပြုံး၍ ပြောသည်။

"အရင်နှစ် တာအိုညီလာခံရဲ့ ချန်ပီယံက ငါတို့ ကြယ်တာရာဂိုဏ်းကမို့လို့ ပြည်ထောင်စု အစိုးရနဲ့ သဘောတူထားတဲ့အတိုင်း ဒီနှစ် တာအိုညီလာခံကို ငါတို့နေရာမှာကျင်းပရမယ်လေ။ အဲ့ဒါကြောင့် စီနီယာ တွေ၊ ဆရာတွေနဲ့အတူ သဘောတူညီမှုအတိုင်း လာခဲ့တာ"

ဖုန်းရှန်ယွမ်၏ စကားကို ကြားလိုက်ရသော ပြည်ထောင်စုတက္ကသိုလ်​မှ ကျောင်းသားများ​၏ မျက်နှာမှာ အကျဉ်းတန်သွားသည်။ အထူးသဖြင့် ဒုတိယနှစ်ကျောင်းသားများသည် လွန်စွာအရှက်ရမိသည်။ အဖက်ဆယ်မရနိုင်သည်အထိ အရှုံးကြီးရှုံးခဲ့ရခြင်းဖြစ်ရာ၊ ၎င်းတို့ကို အတော်ဆုံးဟု အမည်တပ်ထားခြင်းမှာ အချည်းအနှီးသာဖြစ်ပေတော့သည်။

ယခု သူတို့​၏ အမြင်တွင် ဖုန်းရှန်ယွမ် ​၏ အပြုအမူသည် သူတို့ကို လှောင်ပြောင် သရော်တိုက်နေခြင်းသာဖြစ်သည်။

“ဖုန်းရှန်ယွမ် သိပ်ပြီးလည်း ပျော်မနေနဲ့ အရင်နှစ်က အင်အားကြီးတဲ့သူသိပ်မရှိလို့ မင်း ဗိုလ်ဆွဲခဲ့တာ။ မင်းသာ ငါနဲ့ တစ်သုတ်တည်းမှာ ပြိုင်ရင် မင်း ချန်ပီယံဖြစ်စရာအကြောင်းကိုမရှိဘူး" ကျန်းလင်းရှောင် မှ မောက်မာစွာပြောသည်။

"တိုက်တိုက်ဆိုင်ဆိုင် ငါလည်းမင်းနဲ့အတွေးချင်းတူတယ်။ မင်းသာတစ်နှစ်လောက် နောက်ကျမှမွေးမယ်ဆိုရင် အခု ရထားတဲ့အောင်မြင်မှုတွေ မင်းမှာ တစ်ခုမှ ရှိမှာမဟုတ်ဘူး" ဖုန်းရှန်ယွမ်မှ ပြုံး၍ ဖြေလိုက်သော်လည်း မာန်လျှော့မည်ပုံမပေါ်ပေ။

သူတို့နှစ်ဦးသည် ထူးချွန်သောကျောင်းသားများဖြစ်ရာ၊ တာအိုညီလာခဲ့၌ ဗိုလ်ဆွဲခဲ့သူများလည်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် မည်သည့်ရွယ်တူ လူသားကမျှ ၎င်းတို့​၏ ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် မိမိကိုယ်မိမိဂုဏ်ယူနေကြခြင်းမှာ သဘာဝကျ၏။

"ဘာ မင်းငါ့ကို ရန်လာဆွနေတာလား"ကျန်းလင်းရှောင်မှ သွေးအေးစွာ ပြောလိုက်သည်။

"မလောပါနဲ့ နောက်တော့သေချာပေါက် တိုက်မှာပါ ဒါပေမဲ့ အခုတော့မဟုတ်ဘူး"

" ငါဒီနေ့ မစ်ရှင်နဲ့လာတာမို့လို့ ဒါပဲနော်။ ငါအရင်သွားနှင့်မယ် နောက်မှ စကားဆက်ပြောကြတာပေါ့"

အခန်း(၄၀၈) နောက်ဆုံးတော့ မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ရောက်ပြီ

ဖုန်းရှန်ယွမ်သည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများကို မည်သို့မျှ မျက်နှာလုပ်ခြင်းမရှိ၊ အေးဆေးစွာ ထွက်သွားခဲ့သည်။ ဤလုပ်ရပ်သည် ၎င်းတို့ကို ပို၍ပင် အရှက်ရစေသည်။ ကျန်းလင်းရှောင်ရှိသည့်အတွက် ကံကောင်းသည်ဟုလည်း လူအများက တွေးထင်ကြသည်။ မဟုတ်လျှင် ဖုန်းရှန်ယွမ်ကို ဖိနှိပ်ထားနိုင်မည့်သူ တက္ကသိုလ်၌ ရှိလိမ့်မည်မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင် လူအများ​၏ အာရုံသည် ကျန်းလင်းရှောင်ဆီသို့ပြန်လည်ရောက်ရှိခဲ့ပြန်သည်။ သူတို့သည် ပြည်ထောင်စု​၏ အတော်ဆုံးကျောင်းသားများ ဖြစ်ကြသော်လည်း ကျန်းလင်းရှောင် နှင့်ယှဉ်လျှင် သူတို့သည် မြင့်မားသော တောင်ကြီးတစ်ခုကိုမော်၍ ကြည့်နေရသကဲ့သို့ခံစားနေမိကြသည်။ အချို့လူများသည် အင်အားကြီး၍ အဆင့်တန်းမြင့်စွာ မွေးဖွားလာကြသူများဖြစ်ရာ၊ အချို့မှာ ထို့လူများကို မော်ကြည့်ရန်သာမွေးလာကြသူများ ဖြစ်ကြသည်။ သံသယဖြစ်ဖွယ်မရှိစွာပင်၊ ကျန်းလင်းရှောင်နှင့် ဖုန်းရှန်ယွမ်တို့သည် ထို့သို့ဂုဏ်ရည်များဖြင့် မွေးဖွားကြသူများဖြစ်​၏။

ချူးယွမ်ဖန်သည် လူအစုအဝေး​၏ အလယ်မှ ကျန်းလင်းရှောင်ကို အေးစက်သောမျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ ယခု ကျန်းလင်းရှောင်မှာ လွန်စွာပင် တောက်ပလျက်ရှိသည်။ သူသည် လက်ရှိချူးယွင်ဖန်း မဖြစ်မနေ အနိုင်ယူရမည့်လူတစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် တန်စီယုသည် ကျန်းလင်းရှောင်နှင့်လက်ထပ်ယူရန် ပို၍ ဖိအားပေးခံရနိုင်၏။ အများ​၏အမြင်တွင် ကျန်းလင်းရှောင် နှင့် အတူရှိလျှင် အမြင့်သို့တတ်လှမ်းနိုင်မည်ဖြစ်ရာ၊ ကျန်းမိသားစုမှ မျိုးဆက်သစ် ပါရမီရှင်အဖြစ်ဆက်ဆံခံရခြင်းသည် ဂုဏ်ယူဖွယ်ကောင်းသော်လည်း တန်စီယုအတွက်သည်ကား မျက်ရည်ပင်လယ်၌ ကူးခတ်ရမည့်အဖြစ်မျိုးသာဖြစ်​၏။

“ကျန်းလင်းရှောင်က ဘာတွေများ ဒီလောက်တော်နေတာမို့လို့လဲ " ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ့​၏ အဖွဲ့သားများကို နှုတ်ဆက်၍ ကျင့်ကြံရန်လှည့်ထွက်သွားတော့သည်။

ချူးယွင်ဖန်းသည် ကျန်းလင်းရှောင် နှင့် ဖုန်းရှန်ယွမ်ကို မြင်ဖူးခဲ့ပြီဖြစ်ရာ၊ ထိုနှစ်ယောက်မှာ ဤမျိုးဆက်​၏ ဧကန်မုချ ထူးချွန်သော ပါရမီရှင်ဖြစ်ကြ​၏။ ချူးယွင်ဖန်းနှင့် ဖုန်းရှန်ယွမ်သည် တစ်နှစ်မျှသာ ကွာဟ၍ ကျန်းလင်းရှောင်နှင့် ဖုန်းရှန်ယွမ်သည်မူ တစ်နှစ်သာကွာကြသည်။

သို့သော် ထိုတစ်နှစ်သည်လည်း သူတို့​၏ ကွာဟချက်ကို လွန်စွာသိသာထင်ရှားစေသည့် အတိုင်းအတာဖြစ်သည်။ အခြားလူများလုပ်နိုင်လျှင် ချူးယွင်ဖန်းသည် အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။ ထိုလူနှစ်ယောက်​၏ ဖြစ်တည်မှုသည် ချူးယွင်ဖန်း​ကို အကြပ်ရိုက်စေသည်။ ယခုအချိန်တွင် လုံလောက်သောခွန်အားသည်သာ သူ့ကို လုံခြုံသောခံစားချက်များပေးလိမ့်မည်။

အဖွဲ့ဝင်များကို နှုတ်ဆက်ပြီးသည်နှင့် ချုးယွင်ဖန်းသည် သူ​၏အိမ်ရာသို့ ပြန်လာခဲ့သည်။ ထို့နောက် သီးသန့်ကျင့်ကြံခြင်းလုပ်ဆောင်တော့မည်ဖြစ်ကြောင်း သူ​၏ အပေါင်းအသင်း မိတ်ဆွေများအား စာတိုပေးပို့ပြီးသည်နှင့် သူ့​၏ အိမ်ရာရှိ ကာကွယ်ရေးယန္တရာကို အသက်သွင်း၍၊ စတင်ကျင့်ကြံခဲ့သည်။

ပြည်ထောင်စု တက္ကသိုလ်​၏ စံအိမ်များသည် သမရိုးကျမဟုတ်ကြပေ။ ကာကွယ်ရေးယန္တရားများကို အသက်သွင်းပြီးသည်နှင့် စံအိမ်များသည် ခံတပ်ငယ်များနှင့် တူညီသွား၏။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလျှင်ပင် အတင်းအကြပ် ဝင်လာရန် ကြိုးစား၍မရနိုင်ပေ။ ထိုယန္တရားသည် ကျောင်းသားများကို အကာအကွယ်ပေးရန် ပြုလုပ်ထားခြင်းဖြစ်သည်။

သူသည် ဧကရာဇ်ရဲ့ခန္ဓာနည်းစနစ်ကို ကျင့်ကြံချင်ပါက၊ သန့်စင်ခြင်းအဆင့်သို့ဦးစွာဖြတ်ကျော်ရန် စီစဉ်ရလိမ့်မည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ချုးယွင်ဖန်းသည် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားခဲ့ရာ၊ သန့်စင်ခြင်းအဆင့်သို့ အဆင့်ဖြတ်ကျော်ချင်လျှင် သူ​၏ ခန္ဓာကိုယ်ရှိ အဓိက မရီးဒျန်များကို ဖွင့်ပြီးမှသာလျှင် သေးငယ်သော စွမ်းအင်စက်ဝန်းကို ပုံဖော်နိုင်မည် ဖြစ်သည်။

စွမ်းအင်သန့်စင်ခြင်းအဆင့်​ ကျင့်ကြံခြင်းသည် ချီစွမ်းအင်သိပ်သည်းမှုကို ဆက်တိုက်ဖြစ်ပေါ်စေသည်။ ထိုဖြစ်စဉ်သည် မိမိ​၏ မရီးဒျန်များကို ဆက်တိုက်ဖွင့်ထုတ်၍ ချီစွမ်းအင်ထုတ်ပေးမှုကို ပိုမိုတိုးပွားစေခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအဆင့်​၏ အဆုံးသို့ရောက်ရှိနေပြီဖြစ်ရာ၊ ထိုအခြေအနေကို စွမ်းအင်သန့်စင်ခြင်းအဆင့်​၏ အထွဋ်အထိပ်ဟု သတ်မှတ်နိုင်လိမ့်မည်။ သူ​၏ မရီးဒျန်များကို ထပ်မံထုတ်လွှတ်ပေးပါက၊ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တတ်လှမ်းနိုင်မည်ဖြစ်သည်။ ဤသည်ကား အန္တရာယ်နည်းပါး၍ အချိန်တိုအတွင်းတွင် ပြီးဆုံးနိုင်သော လုပ်ငန်းစဉ်ဖြစ်​၏။

သို့သော် မရီးဒျန်များပါဝင်သောကြောင့် ဂရုတစိုက်ပြု၍ ဖြေးညှင်းစွာ လုပ်ဆောင်သင့်သည်။ ချူးယွင်ဖန်း​၏ မရီးဒျန်များမှာ သာမန်လူများနှင့်ယှဉ်လျှင် ပို၍ သန်မာသော်လည်း ညှင်းပန်းမှုဒဏ်ကိုမူ ခံနိုင်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံခြင်းပြုလုပ်သည်နှင့် အပြင်လောကနှင့် အဆက်အသွယ်များ ဖြတ်တောက်သွားခဲ့သည်။

သူသည် အခန်းထဲ၌ တင်ပျဥ်ခွေထိုင်၍ စစ်နတ်ဘုရားကျင့်စဥ်ကို စတင်လည်ပတ်စေတော့သည်။ များလှစွာသော ချီစွမ်းအင်အားများ စူစည်း၍ စွမ်းအားကြီးသောနဂါးများကဲ့သို့ ချူးယွင်ဖန်း​၏ မပွင့်သေးသော မရီးဒျန်များကို စတင်တိုက်ခိုက်တော့သည်။ မရီးဒျန်များ ပို၍ပွင့်လာလေ၊ ချူးယွင်ဖန်း​၏ ချီစွမ်းအင်များ ပိုမိုထွက်လာလေဖြစ်ကာ၊ အံ့အားသင့်ဖွယ် စွမ်းအင်များ ပို၍ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။

ထိုဖြစ်စဉ်ကို မရီးဒျန်သန့်စင်ခြင်းအဆင့် ရောက်ခဲ့လျှင်ပင် မရပ်တန့်သင့်ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ရောက်သည်ထိ ဆက်လုပ်သွားရမည်ဖြစ်သည်။ ထိုမှသာလျှင် သူ့​၏ ခန္ဓာကိုယ်မှ သင့်လျော်သော မရီးဒျန်များကိုထုတ်လွှတ်‌ပေးလိမ့်မည်ဖြစ်သည်။ သူသည်ရန်နှင့် ဒူမရီးဒျန်များပွင့်သွာသည်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ပေလိမ့်မည်။

ထိုအဆင့်သို့ရောက်မှသာ စစ်မှန်သော ကျင့်ကြံရေးကို အစပြုနိုင်ပေလိမ့်မည်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ မရောက်မီ အဆင့်များသည် ကျင့်ကြံခြင်းနှင့်သင့်တော်သည့် ခန္ဓာကိုယ်ကို ပုံဖော်ပေးခြင်းသာဖြစ်သည်။ ခန္ဓာကိုယ်ကိုအဆင့်သင့်ဖြစ်ရန် စီစဉ်ပေးသောအဆင့်ဟုသာ စဉ်းစားရန်သင့်တော်သည်။

မရီးဒျန်တစ်ခု ပွင့်သွားခဲ့ပြီဖြစ်သည်။

ချူးယွင်ဖန်း သည် ရပ်တန့်ခြင်းမရှိ၊ တခြား မရီးဒျန်တစ်ခု​၏ လမ်းကြောင်းပွင့်ရန် နေ့ညမပျက် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ တောင်တန်းများထဲတွင် ကျင့်ကြံရန် အချိန်မရှိခဲ့သော ချူးယွင်ဖန်းသည် လဝက်ခန့်မျှ သီးသန့်ကျင့်ကြံပြီးနောက်၊ ကျင့်ကြံခြင်းကို ရပ်တန့်ခဲ့သည်။ သူ​၏ ခန္ဓာကိုယ်၌ရှိသော ချီစွမ်းအင်များသည် မကုန်ခန်းတော့မည့်နှယ် အဆုံးမဲ့ကာ၊ များပြား၏။ ဤသည်ကား မရီးဒျန်သန့်စင်ခြင်းအဆင့်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်​၏ ပထမအဆင့်သာဖြစ်သော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့်ယှဉ်လျှင် လွန်စွာ ကွဲပြားခြားနားလှသည်။

သီးသန့်ကျင့်ကြံပြီးသည်နှင့် ချူးယွင်ဖန်း​သည် သူ​၏ ခန္ဓာကိုယ်မှ ပိုမိုများပြားလာသော စွမ်းအင်များကို ခံစားမိနိုင်သဖြင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံး၌မူ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ တံခါးဝကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

မရီးဒျန်သန့်စင်ခြင်းအဆင့် နှင့် ယခင်အဆင့်​များကြားတွင် အခြေခံခြားနားချက်များရှိနေသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်ရောက်ပြီးသောအခါ ချူးယွင်ဖန်း ၏ ခွန်အားများ လွန်စွာများပြားလာရုံသာမက၊ သူ​၏ ခုခံစွမ်းအားများလည်း လွန်စွာ တိုးပွားလာခဲ့သည်။ လွန်ခဲ့သောလဝက်နှင်ယှဉ်လျှင် ယခု ချူးယွင်ဖန်းသည် သူ​၏ ယခင်ချူးယွင်ဖန်းများကို အလွယ်တကူ အနိုင်ယူနိုင်မည့်အထိ၊ ယခု တိုးတက်မှုသည် ကြီးမားလှသည်။

မရီးဒျန်သန့်စင်ခြင်းပထမအဆင့်ကို ခိုင်မာစေပြီးနောက်၊ ချူးယွင်ဖန်းသည် ဧကရာဇ်ရဲ့ခန္ဓာနည်းစနစ် ကိုကျင့်ကြံရန် ပြင်ဆင်တော့သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကျင့်ကြံခြင်း​၏ အောင်မြင်မှုသည် သူ​၏ အနာဂတ်အောင်မြင်မှုများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ချူးယွင်ဖန်း​၏ အနာဂတ်သည် ကြယ်ပင်လယ်ကြီး ဖြစ်လျှင် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် သည် ချူးယွင်ဖန်း​၏ အာကာသယာဉ်ဖြစ်သည်။

ဤသည်ကား လွန်စွာအရေးပါလှသည်။ ဆေးဖက်ဝင်အပင်များကို ကြိုတင်ပြင်ဆင်ပြီးခဲ့ပြီဖြစ်သော ချူးယွင်ဖန်းသည် ဆေးဖက်ဝင်ချိုးရေကို မြန်စွာ ပြင်ဆင်ခဲ့ပြီးရာ၊ အခန်းသည်လည်း ဆေးဖက်ဝင်အပင်များ​၏ မွှေးရနံများ ထုံသင်းလျက်ရှိသည်။

ချူးယွင်ဖန်းသည် ရေချိုးကန်ထဲသို ခုန်ဝင်၍ နတ်ဘုရားကျင့်စဥ်ကို လည်ပတ်စေပြီးနောက်၊ ဆေးဖက်ဝင်အပင်များ၌ ပါဝင်သော ဆေးဖက်ဝင်အရည်ကို စတင်စုပ်ယူလိုက်သည်။ ဆေးဖက်ဝင်ချိုးရေသည် ဆူပွက်ပြီးခါစဖြစ်သောကြောင့် လွန်စွာပူပြင်းနေသည်။ ချူးယွင်ဖန်း​၏ အရေပြားများသည် လောင်မြိုက်နေသကဲ့သို့ ခံစားနေရသည်။ ကံကောင်းထောက်မစွာဖြင့် သူ​၏ ကျင့်ကြံခြင်းသည် အတော်အသင့် အခြေအနေတစ်ခုသို့ ရောက်ခဲ့ပြီးဖြစ်ရာ၊ သူ့​၏ ခန္ဓာကိုယ်သည်လည်း ယခင် အဆင့်နှင့်ကွာခြားခဲ့လေပြီ။ မဟုတ်လျှင် အချိန်ခဏတာအတွင်းတွင် သူ​၏ ခန္ဓာကိုယ်တစ်ခုလုံး လောင်မြိုက်သွားပေလိမ့်မည်ဖြစ်၏။ အိမ်ရာထဲတွင် ဆေးဖက်ဝင်ချိုးရေစိမ်ရန် သီးသန့်ပြုလုပ်ထားသော ရေချိုးကန်တစ်ခုရှိသည်။ ရေချိုးကန်​၏အောက်၌ မီးဖိုတစ်ခုရှိပြီး ထိုမီးဖိုသည် ချိုးရေ​၏ အပူချိန်ကို အခြေအနေတစ်ခုအထိ ထိန်းညှိပေးစေသည်။ ထိုမှသာ စုပ်ယူမှု​၏ အကျိုးသက်ရောက်မှုသည် အကောင်းဆုံးအဆင့်၌ ရှိနေမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ဆေးဖက်ဝင်ဆေးရည်​၏ အစွမ်းသတ္တိများကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူခဲ့သည်။ ကနဦးတွင် လွန်စွာ ပူပြင်းသောဒဏ်ကို ခံစားရပြီးနောက် ပြင်းထန်သောနာကျင်မှုများကို ခံစားလာရကာ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး စုတ်ဖြဲခံနေရသကဲ့သို့ ခံစားလာရ၏။

ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် သို့ ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ပေးသည့် ဖြစ်စဉ်သာဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းရန် ခန္ဓာကိုယ်၌ရှိနေသော ဆဲလ်များကိုဖျက်ဆီး၍ ပြန်လည်တည်ဆောက်မှာသာ ဖြစ်နိုင်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် ဆေးဖက်ဝင်ဆေးရည်​၏ အကူအညီကိုမယူခဲ့လျှင် ၎င်းကြောင့် သူ​၏ကိုယ်ခန္ဓာ အတွင်းရှိ အသက်သွေးကြောများခမ်းခြောက်၍ သေဆုံးရပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်း​၏ ခံနိုင်ရည်စွမ်းအားဖြင့်ပင် မခံမရက်နိုင်သောနာကျင်မှုများကို ယခု၊ လွန်စွာခံစားနေရသည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို ကျင့်ကြံရန် ဤထက် ရိုရှင်းသော နည်းလမ်းမရှိပေ။

All Chapters