အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
အခန်း (၄၁၂) သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်ကို ချက်ချင်းသတ်လိုက်ခြင်း
လှိုဏ်ဂူထဲသို့ ထောင်ပေါင်းများစွာသောသွေးရောင်လည်ဆံမျောက်ဝံ များချက်ချင်းချီတတ်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ သို့သော် ပွင့်လင်းမြင်သာစွာပြောရလျှင် ၎င်းတို့သည် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့ကို ဝန်းရံရန် ပြဿနာမရှိပေ။
သွေးရောင်လည်ဆံမျောက်ဝံများစွာရှိသည့်အတွက်ကြောင့် ယခင်က ချူးယွင်ဖန်းသာဆိုလျှင် ထိတ်လန့်တကြား ထွက်ပြေးရမည်ဖြစ်သည်။ သူသည် ၎င်းတို့ထဲမှ တစ်ကောင်၊ နှစ်ကောင် သို့မဟုတ် အနည်းငယ်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်သော်လည်း ထောင်နှင့်ချီ ရင်ဆိုင်ရသောအခါတွင် သူသည် ထိတ်လန့်စွာ ထွက်ပြေးရုံမှတပါး အခြားမည်သို့မျှ တတ်နိုင်မည်မဟုတ်ပေ။
"ငါတို့ ဘယ်လောက် သန်မာလာတယ်ဆိုတာကို ဒီအကောင်တွေကို ပြလိုက်ရအောင်" ချူးယွင်ဖန်းသည် ဟိန်းဟောက်၍ မိုးကြိုးတောင်ပံသားရဲ၏ အပေါ်မှခုန်ချ၍ မျောက်ဝံတစ်ကောင်ဆီသို့ ဥက္ကာပျံသကဲ့သို့ တစ်ဟုန်ထိုးချီတက်ခဲ့သည်။ သွေးရောင်လည်ဆံမျောက်ဝံသည် ချူးယွင်ဖန်းပြေးလာသည်ကို သတိပြုမိသောအခါ အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိပေ။ ထို့နောက် ၎င်းသည် ချူးယွင်ဖန်းကို ပြန်လည်ချီတတ်တိုက်ခိုက်ခဲ့ရာ၊ ၎င်း၏ ကျယ်ပြန့်စွာဖွင့်ထားသော သွေးရောင်ပါးစပ်ကြီးနှင့် ချွန်ထက်နေသော လက်သည်းများသည် ချူးယွင်ဖန်းဆီသို့ ဦးတည်ခဲ့လေသည်။
ချွင်
၎င်း၏ချွန်ထက်သောလက်သည်းများသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်နှင့် ထိတိုက်မိသော်လည်း ၎င်းသည် သူ၏ချပ်ဝတ်တန်ဆာနှင့်သာ တိုက်မိ၍ ပြတ်သားသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ချူးယွင်ဖန်းကို ထိခိုက်ခဲ့ခြင်းမရှိပေ။ မျောက်ဝံ၏ ဂုဏ်ယူရပါသောခွန်အားသည် ချူးယွင်ဖန်းကို အနည်းငယ်မျှ တုန်လှုပ်စေခဲ့ခြင်းမရှိပေ။ ချူးယွင်ဖန်းသည် သူ၏ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်ကာ လက်မောင်းကို ဆန်ထုတ်လိုက်ပြီးနောက် လက်သီးဖြင့်ထိုးလိုက်သည်။
ဘမ်း
ချူးယွင်ဖန်း၏ လက်သီးချက်သည် သွေးရောင်လည်ဆံမျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျသွားသည်။
“ဂီး ”
သွေးရောင်လည်ဆံမျောက်ဝံသည် ကြောက်လန့်ဖွယ်ကောင်းသော အော်ဟစ်သံဖြင့် လွင့်ပျံထွက်သွားခဲ့ကာ ချီတတ်နေသော အခြားမျောက်ဝံအချို့ကို အရှိန်ဖြင့်တိုက်မိခဲ့သည်။ သို့သော်လည်း ၎င်း၏အရှိန်အဟုန်သည် ကျဆင်းသွားခဲ့ခြင်းမရှိသည့်အပြင် ၎င်း၏အပေါင်းအဖော်များကိုပါ လွင့်ပျံသွားစေခဲ့သည်။ ချူးယွင်ဖန်းသည် လက်သီးတစ်ချက်တည်းသာ ထိုးနှက်လိုက်ခြင်းဖြစ်သော်လည်း အနီးကပ်စစ်ဆေးကြည့်လျှင် ဤသွေးရောင်လည်ဆံမျောက်ဝံသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ၎င်း၏ ရင်ဘတ်သည် လုံးလုံးလျားလျား ချိုင့်ဝင်သွားကာ၊ အတွင်းအင်္ဂါများသည် သိသိသာသာ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။ ထို့နောက်၊ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွား၏။
ထိတိုက်မိသွားသော အခြားမျောက်ဝံများမှာလည်း ဒဏ်ရာအပြင်းအထန်ရကာ မြေပြင်ပေါ်သို့လဲကျသွားသည်။ ခဏအကြာတွင် အခြားမျောက်ဝံများ၏ နင်းသတ်ခြင်းခံခဲ့ရသည်။ ချူးယွင်ဖန်းသည် နေရာ၌တင် အခြေတည် ရပ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင် ပေါက်ကွဲထွက်တော့မည့် စွမ်းအင်များကို ခံစားခဲ့ရသည်။ အစောပိုင်းတွင် ကျောင်းကောင်စီဝင်နှစ်ဦးကို တိုက်ခိုက်ခဲ့သော်လည်း ပြည်ထောင်စုတက္ကသိုလ်တွင် မည်သူ့ကိုမျှ သတ်ဖြတ်ရန်ခွင့်မပြုထားခြင်းမဟုတ်သောကြောင့်သာ မဟုတ်လျှင်၊ လွန်လွန်ကဲကဲပြုမူမိသူသည် သူဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ချူးယွင်ဖန်းသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်၍ အင်းအားအပြည့် ထုတ်သုံးခဲ့ခြင်းမရှိပေ။ သို့သော်လည်း ယခုအချိန်နှင့် လွန်စွာ ကွဲပြားခြားနားလှသည်။ သူသည် ဤသွေးရောင်လည်ဆံမျောက်ဝံနှင့် သူ၏ခွန်အားကို အလိုရှိသ၍ အပြည့်အဝအသုံးချကာ တိုက်ခိုက်နိုင်သည်။
ရလဒ်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။
ချူးယွင်ဖန်းသည် ယခင်က တစ်စုံတစ်ဦးကို အချိန်တိုအတွင်း အနိုင်ယူနိုင်ခဲ့သော်လည်း သူသည် လက်သီးတစ်ချက်တည်းဖြင့် မည်သူကိုမျှ အမှန်တကယ် သတ်နိုင်ခဲ့ခြင်းမရှိပေ။
"လက်တွေ့လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေးပေါ့" ချူးယွင်ဖန်းသည် သူ၏ သွေးများဆူပွက်နေခြင်းကို ခံစားမိကာ၊ ပြောလိုက်သည်။ချူးယွင်ဖန်းသည် သူ၏အရိပ်မဲ့ဓားကို ဆွဲထုတ်ရန်ပင် အာရုံထားခြင်းမရှိဘဲ သွေးရောင်လည်ဆံမျောက်ဝံ ဆီသို့ ပြေးခုန်ဝင်သွားခဲ့သည်။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်း၏ လက်သီးချက်သည် လေးလံသော အမြောက်တစ်ခုနှင့် တူညီသည်။ ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်သည် လေထုကို အလွယ်တကူ ဖြိုခွင်းနိုင်၍ သူ၏လက်သီးများနှင့် ထိမိသောသွေးရောင်လည်ဆံမျောက်ဝံများသည် ကြိုးဖြတ်ခံထားရသည့် စွန်တစ်ခုကဲ့သို့ လွင့်ပျံထွက်ကုန်ကြသည်။ မည်သည့်အရာမျှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။ သူသည် Tyrannosaurus(ဒိုင်နိုဆော မျိုးစိတ်တစ်ခု) ကဲ့သို့ ရှေ့သို့ ချီတက်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏ နတ်ဆိုးကျားလက်သီးသည် အံ့အားသင့်ဖွယ် စွမ်းအင်များဖြင့် ပေါက်ကွဲထွက်သွားသည်။
ယခင်ကဆိုလျှင် ချူးယွင်ဖန်းသည် နတ်ဆိုးကျားလက်သီးကို တစ်ကြိမ်စွမ်းဆောင်ပြီးနောက်တွင် သူ၏ခွန်အားများ ကုန်ဆုံးသွားလိမ့်မည်ဟု ခံစားခဲ့လေ့ရှိသည်။ သို့သော် ယခုချိန်တွင် အခက်အခဲမရှိခဲ့ပေ။ လက်သီးတစ်ချက်ခြင်းစီတိုင်း၏ စွမ်းအင်သည် အံ့အားသင့်ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းမှ သူ၏ဆရာပြောခဲ့သောစကားများကို နားလည်လာခဲ့သည်။ တစ်ချိန်က သူ၏ဆရာ ချင်းဝူသည် ခန္ဓာကိုယ်အတွင်းစွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်သည် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ အခြားအရာများအားလုံးသည် အပေါ်ယံမျှသာဖြစ်သည်။ သိုင်းပညာတစ်ခုခုကို မကျင့်ကြံနိုင်သော်လည်း ကျင့်ကြံခြင်းအခြေခံတစ်ခုရှိနေလျှင်ပင် မိမိ၏ ခပ်ပါးပါးတိုက်ခိုက်မှုတစ်ခုသည်ပင် ကြီးမားသော ခွန်အားရှိနေဆဲ ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ၊ မိုးကြိုးတောင်ပံသားရဲသည်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအင်များဖြင့် ပေါက်ကွဲထွက်နေသည်။ ချူးယွင်ဖန်းမှ ၎င်းကို တောင်မြစ်ပန်းချီကားထဲတွင် သိမ်းဆည်းထားသောအချိန်သည် လွန်စွာငြီးငွေ့စရာကောင်းသော အချိန်ဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် ၎င်း၏ ခန္ဓာကိုယ်အတွင်းတွင် တိမ်မြုပ်လျှက်ရှိသော ပြင်းထန်သည့်ရောင်အဝါများသည် မီးတောင်ကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
သွေးရောင်လည်ဆံမျောက်ဝံများသည် ဘယ်သို့ ညာသို့ အသုတ်သင်ခံနေရသည်။ တူညီသောနယ်ပယ်ရှိ သည့် သာမန်လူများနှင့် နှိုင်းယှဉ်လျှင် ဤမျောက်ဝံများသည် သဘာဝအားဖြင့် သာလွန်ကောင်းမွန်၍ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများသည် ပို၍မြင့်မားကြသည်။
သို့သော် မိုးကြိုးတောင်ပံသားရဲနှင့် ဆန့်ကျင်ဘက်တွင်သွေးရောင်လည်ဆံမျောက်ဝံ ၏အားသာချက်များအားလုံးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့သည် တူညီသောအဆင့်တွင်ရှိသော်လည်း၊ မိုးကြိုးတောင်ပံသားရဲသည်ပို၍ သန်မာခဲ့ရာ၊ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အပြည့်အဝအားသာချက်ရှိထားခဲ့သည်။
မိုးကြိုးတောင်ပံသားရဲ၏ တိုက်ပွဲနည်းဗျူဟာများသည် ချူးယွင်ဖန်းနှင့်ဆင်တူသည်။ ၎င်းသည် မျောက်ဝံများကို မွှေနှောက်သောင်းကျန်းခဲ့သည်။ သနားစရာမျောက်ဝံများသည် မိုးကြိုးတောင်ပံသားရဲကို ခုခံနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ကိုယ်ပေါ်သို့ ကျရောက်လာသော တိုက်ခိုက်မှုအများစုကို ၎င်းတို့၏ အရိုးချပ်ဝတ်တန်ဆာဖြင့်သာ ပိတ်ဆို့ထားနိုင်သည်။
၎င်းတို့သည် မိုးကြိုးတောင်ပံသားရဲကို ကုတ်ဖဲ့ရန်ပင် မတတ်နိုင်ပေ။
သို့သော်လည်း လက်ရှိတွင် များစွာသောသွေးရောင်လည်ဆံမျောက်ဝံ များရှိနေသည်။ သူတို့သည် တစ်ဖက်လူကို အားအင်ကုန်ခန်းသည်အထိ အသေသတ်နိုင်မည်မှာ သေချာသော်လည်း၊ ထိုမတိုင်မီတွင် ကျင့်ကြံခြင်းအဆင့်ကွာခြားမှုမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်သတ်ဖြတ်မှုကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် ချူးယွင်ဖန်းဆီမှ၊ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကိုကျွမ်းကျင်ပြီးနောက်၊ သူ၏ ခွန်အားနှင့် ချီစွမ်းအင်များအားလုံး အဆများစွာ တိုးပွားလာခဲ့သည်။ သူ့ရဲ့ခံနိုင်ရည်သည် အကန့်အသတ်မရှိ၍ သူ့ရဲ့ပြန်လည်ကုသနိုင်စွမ်းသည် ယခင်ကနှင့် နှိုင်းယှဉ်လို့မရနိုင်ပေ။
တူညီသောအဆင့်တွင်ရှိသော ကျွမ်းကျင်သူသာမဟုတ်ခဲ့လျှင် ချူးယွင်ဖန်းကို အသေသတ်ရန်မှာ ခက်ခဲလွန်းလှသည်။ ဤသို့တိုက်ပွဲအခြေအနေမျိုးတွင်၊ သူ၏ ချီစွမ်းအင် အများအပြားကို အသုံးရန်မလိုအပ်ပေ။ သူ့ရဲ့ ကိုယ်ခံအားတစ်ခုတည်းဖြင့်ပင် ဤမျောက်ဝံများကို ချေမှုန်းရန် လုံလောက်သည်။ သူ၏ လက်သီးနှစ်လုံးသည် လေးလံသော တူတစ်ခုနှင့်တူသည်။ ၎င်းတို့သည် လူ သို့မဟုတ် သားရဲတို့၏ အပေါ်သို့ ထုနှက်မိလျှင် ၎င်းတို့ကို သေစေနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့မှ ဤကဲ့သို့တူနှင့်တူညီသော လက်သီးနှစ်ဖက်ကို တားဆီးရန် ကြိုးစားပါက ၎င်းတို့သည် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ ဤသို့ပြင်းထန်သော တိုက်ခိုက်နည်းမျိုးသည် သိုင်းပညာတစ်ခုဟု ယူဆနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ချူးယွင်ဖန်းသည် ဤခံစားချက်ကို သဘောကျသွားခဲ့သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် သည် ကိုယ်တိုင်စီမံဆောင်ရွက်စရာမလိုဘဲ အမြဲတစေပြုမူလျက်ရှိနေရာ၊ ၎င်းသည် အရိပ်မဲ့ဓားကို အသုံးပြု၍ အင်အားကြီးသောရန်သူကိုသတ်ဖြတ်ခြင်းထပ်ပင် ပို၍သာလွန်သည်။
ချူးယွင်ဖန်းသည် သတ်ဖြတ်ရန် စိတ်အားထက်သန်နေသည်။ မကြာမီတွင် သူသည်သွေးရောင်လည်ဆံမျောက်ဝံ တစ်ရာကျော်ကိုသတ်ဖြတ်ခဲ့သည်။ အလားတူသွေးရောင်လည်ဆံမျောက်ဝံ အများအပြားသည် ဒဏ်ရာပြင်းထန်စွာရ၍ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရာ၊ အသက်ရှင်သည်၊ သေသည်ပင် မသိနိုင်ပေ။
နောက်ဆုံးတွင် သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်များထဲမှ တစ်ကောင်သည် ဤသို့အခြေအနေကို သတိပြုမိခဲ့သည်။ အခြားမျောက်ဝံများထပ်ပို၍ အရပ်မြင့်သော ခေါင်းဆောင်သည် ချူးယွင်ဖန်း၏အရှေ့တွင် ပေါ်လာ၏။ ရှင်းလင်းစွာပင် ၎င်းသည် သာမာန်မျောက်ဝံများထက် ပို၍ရက်စက် ကြမ်းကြုတ်မည့်ပုံပေါ်သည်။ သို့သော် ၎င်းသည် ယခင်က ချူးယွင်ဖန်းမှ မြင်ဖူးခဲ့သော သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်မဟုတ်ပေ။ ၎င်းသည် မတူညီသောတပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်ရာ၊ ယခင်က ချူးယွင်ဖန်းနှင့်တိုက်ခိုက်ခဲ့သော မျောက်ဝံခေါင်းဆောင် နှင့်ယှဉ်လျှင် အင်အားနည်းလွန်းသည်။ မကြာသေးမီကမှ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သော လက်သစ်တစ်ကောင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။
“ဝေါင်း”
၎င်း၏ မြောက်များစွာသော လက်အောက်ငယ်သားများသည် ချူးယွင်ဖန်း၏ လက်ချက်နှင့် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိသွားသည်ကို ခေါင်းဆောင်မှ မြင်သောအခါ၊ ဒေါသမထိန်းချုပ်နိုင်ဖြစ်၍ ချူးယွင်ဖန်းဆီသို့ ဒေါသတကြီး ခုန်အုပ်လိုက်သည်။
“ မင်းက ကွက်တိကို ဝင်လာခဲ့တာပဲ"
ချူးယွင်ဖန်းမှ ကြွေးကြော်ကာ များစွာသော နတ်ဆိုးကျားလက်သီးများကို ထုတ်လွှတ်လိုက်သည်။ သူ၏အရောင်အဝါသည် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။
ခေါင်းဆောင်သည် ချူးယွင်ဖန်းကို ကုတ်ခြစ်ရန် လက်ရွယ်လိုက်သောအခါ၊ ချူးယွင်ဖန်းမှ တွေးတောခြင်းမရှိ သူ၏ကျစ်ကျစ်ဆုပ်ထားသော လက်သီးချက်ကို ပစ်လွှဲလိုက်သည်။
ဘမ်း
ကျယ်လောင်သော ဆူညံသံနှင့်အတူ ခေါင်းဆောင်၏ ကြောက်လန့်ဖွယ်ကောင်းသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် လေပေါ်သို့ လွှင့်ပျံသွားပြီးနောက် ၎င်း၏ လက်တစ်ဘက်လုံး ကျိုးကျေသွားခဲ့သည်။
သို့သော် ချူးယွင်ဖန်း မရပ်တန့်ခဲ့ပေ။ သူသည် မြေပြင်သို့ ခြေဆောင့်၍ မျက်စိတစ်မှိတ်အတွင်းတွင် ခေါင်းဆောင်၏အရှေ့သို့ ရောက်သွားခဲ့သည်။ ထို့နောက်၊ ချူးယွင်ဖန်းသည် လက်ထဲမှအရိပ်မဲ့ဓါးဖြင့် ခုတ်ပိုင်းလိုက်၏။
သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားခဲ့သောကြောင့် ချက်ချင်းသေဆုံးသွားခဲ့သည်။
အခန်း (၄၁၃) မင်းက ဒီလောက်ပါပဲ
"ငါ တကယ်အများကြီး ပိုပြီး သန်မာလာတာပဲ။"
ချူးယွင်ဖန်းသည် သူ၏စိတ်ဓာတ် တက်ကြွလာမှုကို ခံစားမိ၍ ရယ်မောလိုက်သည်။ လွန်ခဲ့သောနှစ်လတွင် သူသည် သူ၏ ပြိုင်ဘက်ကို ချက်ချင်းသတ်နိုင်ရန်မဆိုနှင့်၊ မရှုံးနိမ့်စေရန်ပင် တောင့်ခံထားခဲ့ရသည်။
သွေးရောင်လည်ဆံမျောက်ဝံများထဲမှ တစ်ကောင်ကို သတ်ပစ်ခဲ့သော်လည်း ၎င်တို့သည် ကြောက်လန့်ခြင်းအလျင်းမရှိပေ။ ထိုဖြစ်စဉ်သည် ၎င်းတို့၏သွေးထဲရှိ ရက်စက်မှုများကို လှုံ့ဆော်ပေး၍ ချူးယွင်ဖန်းနှင့် အခြားလူများထံ အရူးအမူး ခုန်အုပ်စေခဲ့သည်။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်းသည် သွေးရောင်လည်ဆံမျောက်ဝံ တစ်ကောင်ပြီးတစ်ကောင်ကို လွင့်ထွက်သွားသည်အထိတိုက်ခိုက်ခဲ့သည်။ သူသည် လက်ရှိအချိန်တွင် ကြောက်စရာကောင်းသော လူသတ်စက်သကဲ့သို့ ဖြစ်နေသည်။ ဤသားရဲများသည် ချူးယွင်ဖန်းကို အားအင်ကုန်ခမ်း၍ သေစေနိုင်ကြလိမ့်မည်မဟုတ်ပေ။
ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကိုကျင့်ကြံပြီးနောက်တွင် ချူးယွင်ဖန်းသည် ထိုကျင့်ကြံခြင်းမှ သူ့အတွက် အဆုံးမရှိသော အကျိုးကျေးဇူးများ ယူဆောင်လာခဲ့သည်ကို သဘောပေါက်သွားသည်။ ဤသိုင်းပညာကို မကျင့်ကြံမီ သူ၏ ကုသနိုင်မှုစွမ်းရည်သည် အင်မတန် ကောင်းမွန်လှသည်။ ယခု ချူးယွင်ဖန်း၏ ကုသနိုင်မှုစွမ်းရည်၏ အရှိန်သည် ပို၍ပင် အံ့အားသင့်စွာ တိုးလာခဲ့သည်။ သူအသုံးပြုခဲ့သော စွမ်းအင်များသည် တခဏလေးအတွင်းမှာပင် ပြန်ပြည့်လာခဲ့သည်။
ချူးယွင်ဖန်းမှ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ ဝိုင်းရံခံထားခြင်းမရှိလျှင် ၊ စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြင့်ပင် သူ၏ ကိုယ်ခံအားကို ကုန်ဆုံးစေနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင်၊ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ ကုသနိုင်နှုန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများထပ် အဆများစွာ ပိုမြန်သည်။ ဤအခိုက်တွင် ချူးယွင်ဖန်းသည် ၎င်းကိုအသစ်အဆန်းဖြစ်စွာဖြင့် အစွမ်းထက်သည်ဟု ခံစားမိသည်။
ချူးယွင်ဖန်းသည် သတ်ဖြတ်ခြင်းတွင် စိတ်အားထက်သန်နေသော်လည်း ဂူထဲမှ ထွက်လာသော အာမေဋိတ်သံကို ကြားလိုက်ရပြီးသည့်နောက်၊ ချက်ချင်းဆိုသကဲ့သို့ပင် အသိစိတ်ပြန်ဝင်လာခဲ့သည်။ ဤအချိန်သည် စိတ်လွတ်လက်လွတ် သတ်ဖြတ်နေရမည့် အချိန်မဟုတ်သေးသဖြင့်၊ ကျယ်လောင်စွာ ကြွေးကြော်ကာ၊ မိုးကြိုးတောင်ပံသားရဲကို အော်ခေါ်၍ ဂူရှိရာသို့ ပျံသန်းလာခဲ့၏။
ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲ၊ လူနှင့် သားရဲတို့သည် လေးလံသော မြေထိုးစက်များနှင့် တူသည်။ သူတို့သည် အရှေ့တွင်ရှိနေသော အရာရာကို ဖြတ်ကျော်ခဲ့သည်။ သူတို့ ဖြတ်သွားသည့် နေရာတွင်ရှိနေသောသွေးရောင်လည်ဆံမျောက်ဝံ များသည် တိုက်ထုတ်ခြင်းခံခဲ့ရသည်။
၎င်းတို့မှ အလွန်သန်မာနေခဲ့လျှင်၊ ဤမျှလောက် ရက်စက်မည် မဟုတ်ပေ။ အနှေးနဲ့အမြန်ဆိုသလိုပင် ဝိုင်းရံခံရပေလိမ့်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့ နှစ်ဦးစလုံးသည် အလွန်လျင်မြန်ကြသည်။ ဤသွေးရောင်လည်ဆံမျောက်ဝံများမှသူတို့ကို ဝိုင်းရံ၍ အမိဖမ်းနိုင်မည်မဟုတ်ပေ။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် ဂူဆီသို့ ပြေးလွှားလာခဲ့ပြီး ခဏအကြာတွင်၊ ၎င်းတို့သည် ဂူပေါက်ဝသို့ရောက်ရှိလာကြ၏။
"အထဲမှာ အခြေအနေဘယ်လိုရှိလဲ" ချူးယွင်ဖန်းမှ ကျယ်လောင်စွာ အော်၍မေးခဲ့သည်။
"ခေါင်းဆောင်ချူး အဲ့ဒါ ခေါင်းဆောင်ချူး ပဲ"
" ခေါင်းဆောင်ချူး ရောက်လာလို့ တော်သေးတာပေါ့"
"ငါတို့တော့ အသက်ရှင်ပြီ"
ထိုအချိန်တွင် ဂူအတွင်းမှ အာမေဍိတ်အသံများ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းမှ မှန်းဆထားသည့်အတိုင်း ၎င်းတို့သည် ရှဖန်နှင့် တခြားလူများဖြစ်ကြသည်။
"ကျွန်တော်တို့ အဆင်ပြေပါတယ် ခေါင်းဆောင်။ ဒီနေရာမှာ သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်တစ်ကောင်မကရှိနေလို့၊ ဂရုစိုက်ပါ" ရှဖန်မှ အသံပြုခဲ့သည်။
ရှဖန်၏သတိပေးချက်မရှိလျှင်ပင် ချူးယွင်ဖန်း သည် ဤနေရာတွင် ခေါင်းဆောင်တစ်ကောင် ထပ်မကရှိသည်ကို သိရှိပြီးသားဖြစ်သည်။ ချူးယွင်ဖန်းရောက်ရှိလာချိန်တွင် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုများသည် ဤခေါင်းဆောင်များ၏ အာရုံစိုက်မှုကို သိသိသာသာ ဆွဲဆောင်ခဲ့သည်။
ချက်ချင်းဆိုသကဲ့သို့ပင် သွေးရောင်လည်ဆံမျောက်ဝံနှစ်ကောင်သည် ဂူထဲမှ ဆုတ်ခွာသွားခဲ့သည်။ ရှည်လျားသော ခေါင်းဆောင်နှစ်ကောင်သည် တောင်နှစ်ခုကဲ့သို့သော အင်အားမျိုးဖြင့် ချူးယွင်ဖန်းကို ခုန်အုပ်ကြသည်။ တစ်ကောင်မှာ ချူးယွင်ဖန်း၏ သူငယ်ချင်းဟောင်းဖြစ်သည်။ ချူးယွင်ဖန်းမှ လဝက်ကြာမျှ ဓားသွေးကျောက်အဖြစ် အသုံးပြုခဲ့သော သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်ဖြစ်သည်။ အခြားတစ်ကောင်မှာ အကျွမ်းတဝင်မရှိ၍၊ ရှင်းလင်စွာပင်၊ ၎င်းတို့သည် မတူညီသောတပ်များ၏ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်များဖြစ်ပေလိမ့်မည်။
သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်မှ ချူးယွင်ဖန်းကိုတွေ့သောအခါ ရန်သူဖြစ်သူကို ချက်ချင်းဆိုသကဲ့သို့ပင် မှတ်မိခဲ့သည်။ ထိုလဝက်အတွင်း ၎င်းသည် ချူးယွင်ဖန်းကို မဖျက်ဆီးနိုင်ရုံသာမက ချူးယွင်ဖန်းသည် အမြဲတစေ အသာစီးရနေခဲ့သည်။ ပစ်မှတ်ကို သတ်မှတ်ပြီးနောက် ချက်ချင်းပင် ချူးယွင်ဖန်းကို ခုန်အုပ်လိုက်သည်။ အခြားသော သွေးရောင်လည်ဆံမျောက်ဝံကိုမူ၊ မိုးကြိုးတောင်ပံသားရဲမှ တားဆီးလိုက်ကာ တစ်ယောက်ချင်းတိုက်ပွဲအဖြစ် ပြောင်းလဲသွားသည်။
သွေးရောင်လည်ဆံမျောက်ဝံ၏ တိုက်ခိုက်မှုနှင့် ကြုံနေရသော်လည်း ချူးယွင်ဖန်းသည် ကြောက်ရွံ့ခြင်းမရှိပေ။
"အချိန်ကိုက်ပဲ"
ချက်ချင်းပင်၊ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်၏ ဓါးသွားများနှင့်တူသော ချွန်ထက်သည့်လက်သည်းများသည် ချူးယွင်ဖန်း၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။ ချူးယွင်ဖန်းသည် တုံ့ဆိုင်းတွေးတောနေခြင်းအလျင်းမရှိ ချက်ချင်း တန်ပြန်တိုက်ခိုက်ခဲ့ရာ၊ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်၍ သူ၏ လက်သီးကို ပစ်လွှဲလိုက်သည်။
ဘမ်း
ချူးယွင်ဖန်း၏ လက်သီးချက်သည် လေးလံသော အမြောက်နှင့်ဆင်တူ၍ လေထဲသို့ ထိုးဖောက်ကာ လေလှိုင်းများကို လှုံ့ဆော်ပေးခဲ့သည်။ ၎င်းသည် သွေးရောင်လည်ဆံမျောက်ဝံ၏ ချွန်ထက်သောခြေသည်းများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ဓားကိုပင် အသုံးပြုခဲ့ခြင်းမရှိပေ။
ချူးယွင်ဖန်းသည် သူကျင့်ကြံခဲ့သော ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ၏ ကန့်သတ်ချက်အစစ်အမှန်ကိုသိချင်သေးသောကြောင့် ခေါင်းဆောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးချက်မှ ကြည်လင်ပြတ်သားသော အလင်းရောင်များ ပေါ်ထွက်လာရာ၊ ၎င်းသည် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို အသက်သွင်းခဲ့ပြီဖြစ်ကြောင်းပြသသော လက္ခဏာရပ်ဖြစ်သည်။
ချွင်
လက်သီးနှင့် လက်သည်းများ တွေ့ဆုံသောအချိန်တွင် သတ္တုများအချင်းချင်း ထိမိသည့်အသံကဲ့သို့ ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်၊ နေရာအရပ်ရပ်သို့ မီးပွားများ ပျံ့လွင့်သွား၏။ ဤသို့ ကြီးမားသော အရှိန်အဟုန်သည် ခေါင်းဆောင်မျောက်ဝံကို လွင့်ပျံထွက်စေခဲ့ရာ၊ လေထုထဲတွင် အကြိမ်အနည်းငယ်မျှ လိမ့်သွားပြီးနောက် ကျောက်တုံးတစ်ခုပေါ်သို့ ကျသွားခဲ့သည်။
ခေါင်းဆောင်သည် ထိုလူသားကို လေးနက်၊ ထိတ်လန့်စွာကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်လမှ ချူးယွင်ဖန်းသည် ၎င်း၏တိုက်ခိုက်မှုအောက်တွင် ခုခံရုံသာ တတ်နိုင်ခဲ့သည်။ ထိုစဥ်က ချူးယွင်ဖန်းသည် တွန်းလှန်ထားရုံမျှသာတတ်နိုင်၍ သတ်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် တိုတောင်းသော နှစ်လအတွင်းတွင် ချူးယွင်ဖန်း၏ ခွန်အားသည် ခေါင်းဆောင်နှင့် ယှဉ်နိုင်သော အဆင့်သို့ တိုးတတ်လာခဲ့ရာ၊ ဤသည်မှာ သူနားလည်နိုင်သည့် အတိုင်းအတာကို သိသိသာသာ ကျော်လွန်နေခဲ့ပြီဖြစ်သည်။ လူသားများ၏ သက်တမ်းသည် မွန်းစတားများနှင့် နှိုင်းယှဉ်၍မရနိုင်သောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးသည် လူသားများဘက်တွင် တွေ့မြင်နေကျဖြစ်စဉ်ဖြစ်သည်။ သွေးရောင်လည်ဆံမျောက်ဝံကဲ့သို့သော မွန်းစတားတစ်ကောင်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာရှိသော်လည်း ဖျားနာခြင်းနှင့် မည်သည့်ဘေးအန္တရာယ်မှ ကြုံတွေ့ရခြင်းမရှိသရွေ့ နှစ်ပေါင်းနှစ်ရာအထိ အလွယ်တကူ အသက်ရှင်နေနိုင်မည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လူသားများသည် သိပ္ပံနှင့်နည်းပညာကို မှီခိုအားထားလျှင်ပင်၊ အသက်တစ်ရာအထိသာ ရှင်သန်နိုင်၏။ ဤသည်မှာ ကြီးမားသည့် ကွာဟချက်တစ်ခုဖြစ်သည်။ လူသားတို့၏သက်တမ်းကို မွန်းစတားများနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း လူသားများသည် ဉာဏ်ပညာရှိသော သတ္တဝါများဖြစ်သည်။ ဤမွန်းစတားများသည် သဘာဝ၏ အနှစ်သာရများကို စုပ်ယူကျင့်ကြံခြင်းနှင့် အခြားအရာအားလုံးတို့ကို ဗီဇအရ ပြုလုပ်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအရှိန်သည် လူသားများနှင့် ကမ္ဘာတစ်မျှ ကွဲပြားခြားနားသည်။
"မင်းက မဆိုးပါဘူး"
ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်လတွင် သူ့အတွက် ဖိအားကြီးတစ်ခုဖြစ်စေခဲ့သည့် ရက်စက်ကြမ်းကြုတ်သော သားရဲကို ကြည့်၍ ရယ်မောလိုက်သည်။ နှစ်လအကြာတွင် သူသည် ပိုမိုသန်မာလာခဲ့ရာ၊ ယခု ၎င်းတို့ပြန်တွေ့ချိန်တွင်မူ၊ သာမန်အဆင့်သာရှိသည်ဟုခံစားမိသည်။
ချူးယွင်ဖန်းသည် သူ၏လက်သီးကို ကြည့်လိုက်သည်။ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်၏ ချွန်ထက်သော လက်သည်းများဖြင့် ထိပ်တိုက်ကုတ်ခြစ်ခံထားရသော်လည်း အဖြူရောင်အခြစ်ရာ အနည်းငယ်မျှသာရှိရာ၊ ၎င်းတို့သည်လည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ၏အရေပြားအဆင့်မျှသာရှိသေးသည်။ အသားနှင့် အရိုးအဆင့်အထိ အမှန်တကယ် ကျင့်ကြံခဲ့မည်ဆိုလျှင် မည်မျှ အစွမ်းထက်လိမ့်မည်နည်း။ ဤဖြစ်စဉ်၏ အကျိုးရလဒ်များကို သာမန်ရိုးရှင်းစွာခန့်မှန်းနိုင်ရန် ခက်ခဲလှသည်။
သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်သည် ဉာဏ်ရည်မပြည့်မီသော သတ္တဝါဖြစ်သော်လည်း ချူးယွင်ဖန်း၏မျက်လုံးများမှ အထင်သေးမှုကိုသတိပြုမိလိုက်ရာ၊ ချူးယွင်ဖန်းထံသို့ ဒေါသတကြီး ပြေးလာပြီးနောက် ထပ်မံ၍ ခုန်အုပ်လိုက်သည်။
အခန်း (၄၁၄) သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်များ အားလုံးကို နှိမ်နင်းခြင်း
သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်သည် တောင်ငယ်တစ်ခုပမာ ခုန်ဝင်လာခဲ့သည်။
ယခင်ကသာဆိုလျှင် ချူးယွင်ဖန်းသည် ခေါင်းဆောင်နှင့် ထိပ်တိုက် ရင်ဆိုင်ရန်ကြောက်ရွံ့ခြင်းမရှိသော်လည်း၊ ၎င်းနှင့် တိုက်ခိုက်ရာတွင် သူ၏အရှိန်အဟုန်ကိုသာ အားကိုးရပေလိမ့်မည်။
ယခုမည်ကား ချူးယွင်ဖန်းသည် သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်ထံသို့ ထိပ်တိုက်ချီတက်လိုက်ရာ၊ အမြှောက်ကျည်ဆံနှစ်ခုနှယ် ပြင်းထန်စွာထိတိုက်မိသွားကြသည်။
ဘုံး
မရေတွက်နိုင်သော လှိုင်းလုံးကြီးများကဲ့သို့ ချီစွမ်းအင်များ ထွက်လာခဲ့ရာ၊ အနီးအနားသို့ ကူညီရန် အပြေးအလွှားလာနေကြသောသွေးရောင်လည်ဆံမျောက်ဝံများသည်လည်း တုန်လှုပ်ခြောက်ခြားကုန်ကြသဖြင့် အရှေ့သို့ထပ်မံမချီတက်နိုင်ဘဲ နောက်သို့သာတပ်ဆုတ်ခဲ့ရသည်။ ဤသည်ကို ကြည့်လျှင်၊ ထိုဝင်တိုက်မှုသည် မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
၎င်းသည် ယခင်က တိုက်မိခြင်းနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ ဤတစ်ကြိမ်တွင်၊ သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်သည် ဟန်ချက်ထိန်းနိုင်ရန် ခြေလှမ်းပေါင်းများစွာနောက်ဆုတ်လိုက်ရ၏။
ခေါင်းဆောင်၏ မျက်လုံးများမှတဆင့် ထိတ်လန့်တုန်လှုပ်နေသော အရိပ်အမြွက်များ ထွက်ပေါ်လာခဲ့သည်။ မျောက်ဝံသည် ဤကဲ့သို့ အရေးနိမ့်ရလောက်သည်အထိ၊ အင်အားချင်းကွာခြားလာလိမ့်မည်ဟု တစ်ကြိမ်မျှ မတွေးခဲ့ဖူးပေ။ ဤဝင်တိုက်မှုသည် ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားသည်။ ဤတစ်ကြိမ်တွင် မျောက်ဝံခေါင်းဆောင်သည်သာအရေးနိမ့်ခဲ့၍ မည်သည့်အသာစီးမျှမရခဲ့ပေ။
ချူးယွင်ဖန်းသည် လျင်မြန်စွာ တုံ့ပြန်လိုက်ရာ၊ စက္ကန့်ပိုင်းအတွင်းတွင် သွေးရောင်လည်ဆံမျောက်ဝံ၏ အရှေ့သို့ ရောက်လာခဲ့သည်။ သူသည် တောဘုရင်သိုင်းကိုထပ်မံ၍ အသုံးပြုခဲ့သည်။ သူ၏လက်သီးများသည် လေးလံသောအမြောက်များနှင့်တူ၍ လက်သီးချက်တိုင်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းလျက်ရှိသည်။ ကျားဟိန်သံနှင့်လည်း ဆင်တူလှသည်။
ဤလက်သီးချက်သည် ခေါင်းဆောင်ကိုထပ်မံ၍ နောက်ဆုတ်သွားစေခဲ့သည်။ ခေါင်းဆောင်၏ လှုပ်ရှားမှုများတွင် သိုင်းပညာနှင့်ပတ်သက်သော အရိပ်အမြွက်များရှိနေသော်လည်း ၎င်းသည် သိုင်းပညာကိုသိသည်ဟု မဆိုလိုနိုင်ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ခေါင်းဆောင်သိုင်းပညာသည် ကနဦးအဆင့်တွင်သာရှိ၏။
ချူးယွင်ဖန်းသည် ထိုသို့သောအခြေအနေအထိ အတင်းအကျပ် တွန်းအားပေးပြီးနောက် မျောက်ဝံခေါင်းဆောင် သည် အသိစိတ်ပျောက်ဆုံးကာ၊ မဆင်မခြင် စတင်တိုက်ခိုက်လာခဲ့သည်။ ထိုနည်းလမ်းသည် သာမန်လူများအပေါ်တွင် ထိရောက်မှုရှိစမြဲဖြစ်သည်။ ဆိုရိုးစကားအတိုင်း၊ ကြုံရာကျပန်းထိုးနှက်ခြင်းသည် ကျွမ်းကျင်ပညာရှင်ကိုပင် သတ်နိုင်သည်။ သို့သော်လည်း ဤသားရဲ ရင်ဆိုင်နေရသည်မှာ ချူးယွင်ဖန်းဖြစ်နေသည်။ ချူးယွင်ဖန်း လျှောက်လှမ်းခဲ့သည့် လမ်းစဉ်သည် လက်သီးတစ်ချက်ဖြင့် ဆယ်ယောက်ကို နှိမ်နင်းသည့် လမ်းစဉ်ဖြစ်သောကြောင့် ဤနည်းလမ်းကို ကြောက်ရွံ့ခြင်းမရှိပေ။
သူ၏ လက်သီးတစ်ချက်အောက်တွင် အမျိုးမျိုးသော ဆိုးယုတ်သည့် လှည့်စားမှုများအားလုံး အသုံးဝင်လိမ့်မည်မဟုတ်ပေ။
ဘုံး
ဘုံး
ဘုံး
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ ထိုအသံတစ်ချက်စီနှင့်အတူ၊ သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်သည် တစ်ချက်ပြီးတစ်ချက် အရှိန်ပြင်းစွာထိုးနှက်ခံနေရသည်။ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းတက်ကြွနေသည့်နှယ်ခံစားနေရသည်။ သူ၏ ချီစွမ်းအင်နှင့် သွေးများသည် ပြင်းထန်စွာစီးဆင်းနေသောမြစ်ကဲ့သို့ ခန္ဓာကိုယ်တစ်လျောက် ဖြတ်သန်းစီးဆင်းနေသည်။ နှစ်လသာကြာမြင့်ခဲ့သော်လည်း အရာအားလုံးသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။
သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်သည်လည်း ယခင်ကဲ့သို့ မကြမ်းတမ်းလှတော့ပေ။ ၎င်းသည် အော်ဟစ်၍ ဆုတ်ခွာသွားသည်အထိ ချူးယွင်ဖန်းထံတွင် အဆက်မပြတ် ရိုက်နှက်ခံခဲ့ရသည်။ သို့သော်လည်း ၎င်းအပြုအမူသည် အသုံးဝင်ခြင်းမရှိ၊ မည်သည့်နေရာသို့ ဆုတ်ခွာပါစေ၊ ချူးယွင်ဖန်းသည် အနောက်မှ ထက်ကြပ်မခွာလိုက်နေခဲ့သည်။ ချူးယွင်ဖန်း၏ ပြင်းထန်လှစွာသော လက်သီးများသည် မျောက်ဝံခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ချက်ပြီး၊ တစ်ချက် ကျရောက်လာခဲ့သည်။
ထိုးချက်တိုင်းသည် ကြောက်မက်ဖွယ်ကောင်းလျက်ရှိရာ၊ သွေးရောင်လည်ဆံမျောက်ဝံကဲ့သို့ ရက်စက်သည့် သားရဲမျိုးပင် နောက်ဆုတ်ခဲ့သည်အထိ ရိုက်နှက်ခံခဲ့ရသည်။ ၎င်းသည် ချူးယွင်ဖန်းကို တန်ပြန် မခုခံနိုင်ခဲ့ပေ။ ချူးယွင်ဖန်းထံတွင် အထိုးခံရသည့်အကြိမ်တိုင်း၊ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသော စွမ်းအင်နဲ့ သွေးများ အပြင်းအထန်လှုပ်ရှားလာခဲ့ရာ၊ ခဏအကြာတွင် မျောက်ဝံခေါင်းဆောင်သည် ၎င်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်အထိ အရိုက်ခံလိုက်ရသည်။ နာကျင်မှုကြောင့် ၎င်းသည် ဆက်၍သာ အော်ဟစ်နေနိုင်ခဲ့သည်။
ဘေးတွင်ရှိနေသော သွေးရောင်လည်ဆံမျောက်ဝံ များသည်လည်း ယခင်ကကဲ့သို့ ပြင်းထန်ကြမ်းတမ်းခြင်းမရှိတော့ပေ။ ချူးယွင်ဖန်း၏ လုပ်ရပ်သည် ၎င်းတို့ကို ကြောက်လန့်သွားစေခဲ့သည်။ သူသည် အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးလာခဲ့သနည်း။
ဤလူသားငယ်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဘုံး
နောက်ဆုံးတွင်၊ ကျယ်လောင်သောပေါက်ကွဲသံတစ်ခု၏ နောက်၌၊ ချူးယွင်ဖန်းသည် သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်၏ခုခံမှုကို ဖြတ်ကျော်၍ ၎င်း၏ရင်ဘတ်တည့်တည့်သို့ လက်သီးဖြင့်ထိုးလိုက်သည်။ ဤအချိန်တွင် သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်သည် အော်ဟစ်၍ လွင့်ပျံသွားခဲ့သည်။ သွေးများအန်ထွက်ပြီးနောက် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း သူ့ရဲ့ လှုပ်ရှားမှုများသည် ယခင်ကကဲ့သို့ သွက်လက်နေခြင်းမရှိခဲ့ပေ။ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်မှာ သိသာထင်ရှားသည်။
မျောက်ဝံ၏ ရိုးရှင်းသောစိတ်တွင် အဘယ်ကြောင့် ချူးယွင်ဖန်းသည် အချိန်နှစ်လအတွင်းတွင် ဤမျှ ကြောက်ခမန်းလိလိ အင်အားကြီးလာသည်ကို နားလည်နိုင်ခြင်းမရှိပေ။
ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားဖြင့် စတင်တိုက်ခိုက်လိုက်ရာ၊ ချက်ချင်းဆိုသလိုပင် သွေးများ စီးကျလာပြီးနောက်၊ သွေးရောင်လည်ဆံမျောက်ဝံကို လွယ်လင့်တကူ ခေါင်းဖြတ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် တိုက်ပွဲတွင် အလွယ်တကူ အသာစီးရယူနိုင်ခဲ့သည်။
သူသည် နှစ်လကျော်ကြာမျှ အသက်ရှုကြပ်နေသကဲ့သို့ ခံစားနေရ၍၊ နောက်ဆုံးတွင် သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက်၊ ဘေးဘီဝဲယာသို့ကြည့်လိုက်သောအခါ၊ မိုးကြိုးတောင်ပံသားရဲသည် အခြားသော သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်ကို တွန်းလှန်တိုက်ခိုက်နေခဲ့သည်။
၎င်းတို့သည် တူညီသော ကျင့်ကြံခြင်းအဆင့်များရှိကြသော်လည်း သွေးရောင်လည်ဆံမျောက်ဝံသည် မိုးကြိုးတောင်ပံသားရဲကို မည်သည့်နည်းဖြင့်မှ ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ မိုးကြိုးတောင်ပံသားရဲသည် မြင့်မြတ်သောစွမ်းရည်များရရှိနိုင်မည့် အလားအလာရှိသော သားရဲဖြစ်၍ သွေးရောင်လည်ဆံမျောက်ဝံ သည်မူ သာမန်မွန်းစတားတစ်ကောင်သာဖြစ်သည်။
ဤသည်မှာ နှိုင်းယှဉ်၍ပင်မရနိုင်ပေ။
သို့သော်လည်း ဂူအတွင်းမှ အခြေအနေသည် သိသာထင်ရှားစွာ ဆိုးရွားနေသဖြင့်၊ ချူးယွင်ဖန်းသည် တိုက်ပွဲကို လျင်လျင်မြန်မြန် အဆုံးသတ်ရန် ရည်ရွယ်ထားသည်။
ချူးယွင်ဖန်းသည် တိုက်ပွဲ၏ အစွန်းဆီသို့ ပြေးသွားကာ၊ တွေးတောနေခြင်း အလျင်းမရှိ၊ လက်သီးကို တင်းတင်းဆုပ၍ တစ်ချက်ထိုးသွင်းလိုက်၏။ ထိုလက်သီးချက်သည် အခြားသော သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်၏ အရှေ့တည့်တည့်သို့ရောက်ရှိသွားခဲ့ရာ၊ မျောက်ဝံခေါင်းဆောင်က ချူးယွင်ဖန်းကို လက်သည်းဖြင့် ကုတ်ခြစ်၍ အလျင်အမြန်တုံ့ပြန်ခဲ့သည်။
ဘမ်း
လက်သီးချက်နှင့် လက်သည်းများ တိုက်မိချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအသံ၏ အနောက်တွင် မျောက်ဝံခေါင်းဆောင်၏ ဆိုးရွားစွာ အော်ဟစ်ခဲ့သောအသံလိုက်ပါလာ၍၊ တုံ့ဆိုင်းခြင်းမရှိ၊ အနောက်သို့ဆုတ်ခွာသွားခဲ့သည်။ ၎င်း၏ လက်တစ်ချောင်းလုံး ကျိုးကြေသွားသည့်ပုံပေါ်ကာ၊ လက်မောင်းတစ်ဖက်လုံးသည် အောက်သို့ တွဲလဲကျနေ၏။
သို့သော်လည်း ၎င်းမှ မတုံ့ပြန်နိုင်မီတွင် ချူးယွင်ဖန်းသည် စိတ်ခြင်းဆက်သွယ်ထားသည့် မိုးကြိုးတောင်သားရဲသည် ယင်းအခွင့်အရေးကို ဆုပ်ကိုင်၍၊ ၎င်း၏ချွန်ထက်သောလက်သည်းများဖြင့် မျောက်ဝံခေါင်းဆောင်ကို တိုက်ခိုက်စေခဲ့သည်။ ၎င်းတိုက်ခိုက်မှုသည် မျောက်ဝံခေါင်းဆောင်၏ အရေခွံနှင့် အသားစိုင်ကြီးများကို ဆုတ်ပြဲသွားစေ၏။ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ချက်ချင်းဆိုသကဲ့သို့ပင် သွေးများပန်းထွက်လာရာ၊ နေရာအနှံ့သို့ သွေးများ ပြန့်ကျဲလျက်ရှိသည်။
မျောက်ဝံခေါင်းဆောင်သည် ဒဏ်ရာပြင်းထန်စွာခံစားခဲ့ရပြီးနောက် မတ်မတ်ပင် မရပ်နိုင်ခဲ့ပေ။ ယင်းကို အခွင့်ကောင်းယူ၍ ချူးယွင်ဖန်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ သွေးရောင်လည်ဆံမျောက်ဝံဆီသို့ ပြေးဝင်သွားခဲ့သည်။ အရိပ်မဲ့ဓားသည် နောက်ထပ်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာ၏။
အနက်ရောင် ဓါးသွား၏အလင်းသည် ဤနက်မှောင်သော တောအုပ်နှင့် ပိုင်းခြားရန် ခက်ခဲသည့်အပြင်၊ အလွန်လျင်မြန်လွန်းလှသည်။ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်သည် ၎င်း၏လက်ကို မြှောက်၍ ခုခံခဲ့သော်လည်း ချူးယွင်ဖန်း၏ ဓါးချက်သည် ယင်းကို ခုတ်ပိုင်းလိုက်ရာ၊ လက်တစ်ဖက်လုံး လွင့်ထွက်သွားရ၏။
“ဝေါင်း”
ဒဏ်ရာရသွားသော မျောက်ဝံခေါင်းဆောင်သည် နာကျင်စွာ အော်ဟစ်ခဲ့သည်။ တစ်ချိန်တည်း၌ပင်၊ မိုးကြိုးတောင်ပံသားရဲသည် အပြာရောင်မိုးကြိုးတစ်စင်းကဲ့သို့ ပြေးဝင်လာကာ ၎င်း၏ရှည်လျားသော လက်သည်းများဖြင့်၊ မျောက်ဝံခေါင်းဆောင်၏ခေါင်းကို ချိန်ရွယ်ခဲ့သည်။
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်၏ ဦးခေါင်းသည် လွင့်ပျံထွက်သွားရ၏။ တိကျစွာပြောရမည်ဆိုလျှင်၊ မိုးကြိုးတောင်ပံသားရဲ၏ ချွန်ထက်သောလက်သည်းများဖြင့် အရှင်လတ်လတ်ဖြတ်တောက်ခံရခြင်းဖြစ်သည်။
သွေးများ လွင့်စင်ထွက်လာခဲ့ရာ၊ ဦးခေါင်းသည်လည်း တစ်ဖက်သို့ လိမ့်သွားခဲ့သည်။ ဤအခိုက်အတန့်တွင်၊ သွေးရောင်လည်ဆံမျောက်ဝံ၏ ကြီးမားသောခန္ဓာကိုယ်သည် ပြိုလဲကျသွား၏။
နောက်ဆုံးကျန်နေသော သွေးရောင်လည်ဆံမျောက်ဝံ ခေါင်းဆောင်သည် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီဖြစ်သည်။ အခြားသော သွေးရောင်လည်ဆံမျောက်ဝံများသည် မသိနားမလည်ကြသော်လည်း ၎င်းတို့၏ထောက်တိုင်ကြီး ပြိုလဲသွားသည့်နောက်၊ မျောက်ငယ်များကဲ့သို့ အစုကွဲကုန်ကြသည်။
မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့သည် ထွက်ပြေးတိမ်းရှောင်သွားခဲ့၏။