← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း(၄၁၈) နတ်ဆိုးဂိုဏ်းမှ အဖွဲ့ဝင်နှင့် တွေ့ဆုံခြင်း

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အဘိုးအိုသည် ချူးယွင်ဖန်းကို ကပျာကယာဖြင့် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ ဒီကနေ သွားကြရအောင်။ သွေးညှီနံ့တွေနဲ့ဆိုရင် မွန်းစတားတွေ ထပ်ရောက်လာလိမ့်မယ်။ မဟုတ်ရင် ဒီမှာ ပိတ်မိပြီး သွားလို့မရဘဲဖြစ်သွားလိမ့်မယ်” ချူးယွင်ဖန်းသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

အဘိုးအိုသည် ချူးယွင်ဖန်း​၏ စကားကိုကြားသောအခါ သူ​၏မြေးကို အလျင်အမြန် ကောက်ချီ၍ ဒုတိယခံစစ်စည်းဆီသို့ ဦးတည်ထွက်သွားခဲ့သည်။

ချူးယွင်ဖန်းမှ ထင်ထားခဲ့သည့်အတိုင်း အဘိုးအို ထွက်သွားပြီးမကြာမီမှာတွင် မွန်းစတားအုပ်စုသည် သွေးညှီနံ့ကို ခြေရာခံ၍ တစ်ဟုန်ထိုး၍ ပြေးလာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အနည်းဆုံးဆယ်ပေခန့်မျှ ရှည်လျားသော ဧရာမ မွန်းစတားများဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သွေးများဖြင့် စွန်းထင်းနေ၍၊ ၎င်းတို့၏ သွားများကြားတွင်လည်း လူ့ခန္ဓာကိုယ် အပိုင်းအစများ ရှိနေသည်။ ၎င်းတို့သည် ငရဲမှ တွားသွား၍ ရောက်လာခဲ့သော နတ်ဆိုးများသကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ချူးယွင်ဖန်းသည် သူ​၏နောက်ကျောတွင်ရှိနေသော အရိပ်မဲ့ဓားကို ဆွဲထုတ်ကာ၊ သူ​၏ အရှေ့က မြင်ကွင်းကို တင်းမာသောအမူအရာဖြင့် ကြည့်၍ ပြောလိုက်သည်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ အချိန်ရောက်ပြီ”

ချူးယွင်ဖန်းသည် မွန်းစတားများ​၏ အလယ်ဗဟိုသို့ ချီတတ်ခဲ့သည်။ သူ​၏လက်ထဲတွင်ရှိနေသော ဓားရှည်ကို လေးလံသောတူကြီးကဲ့သို့ခုတ်ပိုင်းလိုက်ရာ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသော သားရဲများသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားတော့သည်။ တချို့သားရဲများသည်လည်း နှစ်ပိုင်းပြတ်၍ လွင့်ပျံထွက်သွားခဲ့သည်။

ချူးယွင်ဖန်းသည် မွန်းစတားများကို သုတ်သင်ခဲရာ၊ ဆယ့်ငါးမိနစ်အတွင်းး၌ပင် သူ​၏အပေါ်သို့ ခုန်ဝင်လာခဲ့သော မွန်းစတားများအားလုံးကို သတ်ပစ်ခဲ့သည်။ ဤအချိန်တွင် သူသည် သွေးသံရဲရဲဖြင့် တိုက်ပွဲဝင်နေခဲ့သဖြင့်၊ သူ​၏ ချပ်ဝတ်တန်ဆာသည်လည်း သွေးများစွန်းပေလျက်ရှိသည်။ ချူးယွင်ဖန်းသည် သွေးစွန်းနေသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အဘက်ဘက်မှမွန်းစတားများကိုသုတ်သင်နေခဲ့သည်။

ချူးယွင်ဖန်းသည် သတ်ဖြတ်ရန် တွန့်ဆုတ်ခြင်းမရှိပေ။ မွန်းစတားအနည်းငယ်ကို ပိုမို၍ သတ်နိုင်ခြင်းဖြင့် လူအနည်းငယ်ကို ပိုပို၍ကယ်တင်နိုင်မည်ဖြစ်သည်။

များစွာသော မွန်းစတားများသည် အဝေးမှပိုမို၍ ရောက်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ခံတပ်များသည်လည်း သိသိသာသာ ပြိုလဲလာခဲ့သည်။ မြို့ကို ဆက်လက်၍ ခုခံကာကွယ်ပေးရန် မတတ်နိုင်တော့ပေ။ ယင်းဖြစ်စဉ်ကြောင့် မြောက်များစွာသော မွန်းစတားများသည် ဒုတိယကာကွယ်ရေးစည်းသို့ တိုးဝင်လာကြသည်။ ဤကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ချူးယွင်ဖန်းသည်ပင် တောင်ခံထားနိုင်ခြင်း မရှိတော့ပေ။ တိုက်ခိုက်နေရင်းမှ အနောက်သို့ ဆုတ်ခွာသွားရုံသာ တတ်နိုင်တော့သည်။ နာရီဝက်ကျော်ခန့်ကြာသောအချိန်တွင်၊ သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် မွန်းစတားအကောင်ရေ ၂၀၀ ကျော်ကို သတ်ပစ်ခဲ့ကာ၊ သူ၏တိုက်ခိုက်နိုင်သော စွမ်းရည်ကို အပြည့်အဝပြသခဲ့သည်။

ခွန်းလွန်နယ်မြေတွင်၊ မွန်းစတားများ အလွန်များပြား၍၊ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ သတ္တဝါများထက် ပိုမို၍အားအင်ကြီးသော မွန်းစတားများ ဖြစ်ကြသည်။ သို့သော်၊ ဤမွန်းစတားအုပ်တွင်ရှိနေသော မွန်းစတားအများစုသည် စွမ်းအင်သန့်စင်ခြင်းအဆင့် သို့မဟုတ် ချီပင်လယ်အဆင့်တွင်သာ ရှိကြသည်။ အမြှောက်စာဖြစ်လာခဲ့သော ကိုယ်ခန္ဓာအဆင့် မွန်းစတားများစွာပင်ရှိသည်။

ချူးယွင်းဖန်းသည် တစ်သိန်း သို့မဟုတ် ရာထောင်ချီပေါင်းများစွာသော မွန်းစတားများ မရှိခဲ့သရွေ့ သူသည်လုံးလုံးလျားလျား ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။ အကယ်၍၊ သူသည် မွန်းစတားကောင်ရေ တစ်သောင်းကျော်နှင့် ကြုံတွေ့ခဲ့ရလျှင် သူသည် သေချာပေါက် ထွက်ပြေးရန်မှတပါး တခြားတတ်နိုင်မည်မဟုတ်ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်သည့်အလျောက် သူ့လမ်းကြောင်းတွင်ရှိနေသော မွန်းစတားများကိုသာ သတ်နိုင်မည်ဖြစ်ရာ၊ ၎င်းတို့​အားလုံး​၏ အရေအတွက်သည် အလွန်များပြားလှသောကြောင့် သူသည် ၎င်းတို့အားလုံးကို သတ်နိုင်ရန် မဖြစ်နိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် တိုက်ခိုက်လျက် တိုက်ပွဲမှ ဆက်လက် ဆုတ်ခွာသွားခဲ့သည်။ သူသာမက၊ မိုးကြိုးတောင်ပံသားရဲသည်လည်း သွေးများ စွန်းထင်နေ၍ အနံ့အသက်သည်လည်း အလွန်ပြင်းထန်နေသည်။ သို့သော်လည်း ချူးယွင်ဖန်းဖြစ်စေမူ၊ မိုးကြိုးတောင်သားရဲဖြစ်စေမူ၊ ၎င်းတို့သည် ဤအရာများကို ဂရုစိုက်ရန်ပင် အချိန်မရှိပေ။ ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့သည် မြို့၏အဆောက်အဦးများကြားမှ ဖြတ်သန်းသွားနေစဉ်တွင် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိသော ကလေး တချို့ကို ကာကွယ်ပေးနေသည့် တစ်စုံတစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုလူမှာ တခြားမဟုတ်၊ အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် တန်စီယုသာဖြစ်သည်။

၎င်းတို့ နှစ်ဦးမတွေ့ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူမကို ချက်ချင်း သတိထားမိလိုက်သည်။ တန်စီယု၏အရှေ့တွင် ရက်စက်ကြမ်းကြုတ်သော မွန်းစတားများစွာရှိနေသည်။ ဤသားရဲများသည် တောင်ငယ်များကဲ့သို့ပင် ကြီးမားလှသည်။

ခန့်ညားသော်လည်း ယုတ်မာသောရက်စက်သော နတ်ဆိုးလူငယ်တစ်ဦးသည် သားရဲတစ်ကောင်၏ ခေါင်းပေါ်တွင် ရပ်နေခဲ့သည်။

ဤလူငယ်သည် တန်စီယုကို ဝန်းရံတိုက်ခိုက်ရန် မွန်းစတားများကို အမိန့်ပေးနေသည်။ အချိန်အတော်ကြာ မတွေ့ခဲ့ကြရပြီးနောက်တွင် တန်စီယုသည် မရီးဒျန်သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ သို့သော်၊ ဤမွန်းစတားများသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေသည်။ မရီးဒျန်သန့်စင်ခြင်းမွန်းစတားများ၏ တိုက်ခိုက်မှုအောက်တွင် တန်စီယုသည် လွန်စွာပင်ပန်းလာတော့သည်။ သူမ၏ အနောက်တွင်ရှိနေသော ကလေးငယ်များ၏ ဘေးကင်းလုံခြုံရေးအတွက်၊ ထို့ဖိအားကို သူမတစ်ယောက်တည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည်။

“ပြည်ထောင်စုတက္ကသိုလ်မှာ မင်းလိုလူတစ်ယောက်ရှိမယ်လို့ မထင်ထားခဲ့ဘူး။ မင်းက ဒီက​လေး​တွေကို ကယ်​တင်​နိုင်​မယ်​လို့ ထင်​နေတာလား"

“မကယ်နိုင်ရင်တောင် ကယ်ရမှာပဲ။ ရှင်သူတို့ကို ခေါ်သွားချင်ရင် ကျွန်မကို သတ်ပြီးမှပဲ ခေါ်သွားလို့ရမယ်" တန်စီယုသည် အံကို တင်းတင်းကြိတ်၍ ပြော၏။

တန်စီယု၏လှပသောမျက်လုံးများသည် ပင်ပန်းနွမ်းနယ်နေသော အရိပ်အမြွက်များပြသနေခဲ့သည်။ သို့သော်လည်း သူမသာ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့လျှင် သူမရှေ့တွင်ရပ်နေသော လူငယ်သည် ဤကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သူမသိနေသည်။ ဤကလေးများသည် မည်သို့အဆုံးသတ်ရမယ်ကို မည်သူမျှသိနိုင်မည်မဟုတ်ပေ။

“ဟား ခေါင်းမာလိုက်တာ။ ဒီက​လေး​တွေက ငါ​နဲ့လိုက်​ကိုလိုက်ခဲ့ရမယ်​။ သူတို့သာ ငါ့ရဲ့ ပထမဆုံးအသုတ် လက်အောက်ငယ်သားတွေ ဖြစ်လာမယ်ဆိုရင် သူတို့ရဲ့ အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်ဘူး” နတ်ဆိုးလူငယ်က အေးစက်စွာ ဟစ်အော်လျက် ကြွေးကြော်ခဲ့သည်။

“ရှင်က သူတို့ကို ဦးနှောက်ဆေးမှာလေ။ ရှင်တို့ရဲ့ နတ်ဆိုးဂိုဏ်းထဲကိုသာ သိမ်းသွင်းခံရရင် သူတို့က ပုံမှန်ဖြစ်မလာတော့မှာ သေချာတယ်”

"ဒီ ကမောက်ကမဖြစ်နေတဲ့ လောကကြီးမှာ အဲ့ဒါက အရေးကြီးလို့လား။ ဦးနှောက်ဆေးတာပဲဖြစ်ဖြစ် ဦးနှောက်မဆေးတာပဲဖြစ်ဖြစ်၊ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲကွ”

“ကလေးတွေက သူတို့ဘာသာ ကောင်းကောင်း ရှင်သန်နိုင်တယ်။ ဒီကမောက်ကမဖြစ်နေတဲ့ လောကကြီးကို လက်တစ်ကမ်းတည်းနဲ့ ဖန်တီးခဲ့တဲ့က ရှင်တို့ပဲ”

“ကြီးကျယ်မြင့်မြတ်တဲ့အရာတွေကို ဖန်တီးနေတဲ့လူတွေက ဒီလိုအသေးအဖွဲ့လေးတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။ မင်းတို့လိုလူမျိုးတွေ နားလည်မှာမဟုတ်ဘူး။ မင်း ငါ့ကို စကားတွေပြောပြီး အချိန်ဆွဲနေတာကြာပြီ။ ဘာလဲ စစ်ကူတွေ လာမယ် ထင်နေလား။ ရယ်စရာကောင်းလိုက်တာ"

တန်စီယု၏အကြံအစည်ကို နတ်ဆိုးလူငယ်က ကြိုမြင်နေခဲ့သည်။ သူသည် တန်စီယု​၏ အကြံအစည် အောင်မြင်မည်မဟုတ်သည်ကို မြင်မိသောကြောင့် ရယ်စရာကောင်းသည်ဟု ခံစားရသည်။

"စစ်ကူတွေမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါတို့ ထပ်တွေ့ပြန်ပြီနော်"

ချူးယွင်ဖန်းသည် သူ​​၏လက်နှစ်ဖက်ကို နောက်ကျောဘက်တွင်ယှက်ထား၍ အထပ်မြင့်အဆောက်အဦး၏တစ်ဖက်တွင် ရပ်နေခဲ့သည်။ သူ​၏ဘေးတွင် အံ့ဖွယ်ကောင်းသော မိုးကြိုးတောင်ပံသားရဲရှိနေသည်။ ဤနတ်ဆိုးလူငယ်သည် စွန့်ပစ်မြေ ၆၆ တွင် ချူးယွင်ဖန်းတွေ့ဆုံခဲ့ဖူးသော မွန်းစတားဂိုဏ်း၏ သခင်လေးမှတပါးအခြားသူမဟုတ်ပေ။

ဤ နတ်ဆိုးလူငယ်ကိုတွေ့သောအခါ ချူးယွင်ဖန်းသည် မိမိမှအမှတ်မှားခဲ့ခြင်း မဟုတ်ကြောင်း သေချာသွားခဲ့သည်။ ယခုဖြစ်ရပ်သည် နတ်ဆိုးဂိုဏ်းနှင့် အမှန်တကယ်ကို သက်ဆိုင်နေသည်။ ချူးယွင်ဖန်း၏ အမူအရာမှာ ငြိမ်သက်နေသော်လည်း သူ​၏မျက်လုံးများတွင် ထိန်းသိမ်း၍မနိုင်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။ ကြီးကျယ်မြင့်မြတ်သော အရာများကို ဖန်တီးနေသောသူများသည် အသေးအဖွဲကိစ္စများကို ဂရုမစိုက်ကြောင်း ဤလူငယ်က ပြောသွားခဲ့ဖူးသည်။ ဤဖြစ်စဉ်ကြောင့် မရေမတွက်နိုင်သော လူများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းအစရှိသည့် ဆိုးယုတ်သော ကိစ္စပေါင်းများစွာဖြစ်လာခဲ့သည်။

နတ်ဆိုးဂိုဏ်းသည် ခွင့်မလွှတ်နိုင်သော အပြစ်များကိုကျူးလွန်ထားကြသည်။ မကြာမီတွင် ၎င်းတို့သည် သုတ်သင်ရှင်းလင်းခြင်းခံရပေလိမ့်မည်။

“ဪ မင်းကိုး”

နတ်ဆိုးလူငယ်၏အကြည့်သည် အထပ်မြင့်အဆောက်အအုံ၏ တစ်ဖက်ခြမ်းတွင်ရှိသော ချူးယွင်ဖန်းဆီသို့ ရောက်သွားခဲ့သည်။ သူ​၏မျက်နှာတွင် အနည်းငယ်မျှ အံ့အားသင့်သွားသည့် အမူအရာတချို့ ပေါ်လာခဲ့သည်။ သူသည် ချူးယွင်ဖန်းကို မှတ်မိနေသေးသည်။ ထိုအချိန်က ချူးယွင်ဖန်းသည် သူ့ထံမှ ထိုးနှက်ချက် တစ်ချက်ကိုမျှ မခံနိုင်ခဲ့ပေ။ လူငယ်သည် သုန်ဖန်းဟောက်၊ ကျန်းပိုင်‌ေဖးနှင့် အခြားလူများကိုသာ စိတ်ပူနေခဲ့သောကြောင့် ထိုအချိန်က အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

သို့သော် လူငယ်မှ နောက်တန်းတွင် အကာအကွယ်ပြုရန် ချန်ထားခဲ့သော သွေးလင်းနို့သည်မူ သဲလွန်စမရှိအောင် ပျောက်ကွယ်သွားခဲ့၏။

အခန်း(၄၁၉) မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား

သူ​၏မျက်လုံးထဲတွင် အရေးမပါသောလူဟုသာ သတ်မှတ်ထားခဲ့သော ဤလူသည် သူ​၏ အရှေ့တွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ဟုတ်တယ်၊ ငါပဲ။ မင်းငါ့ကို ပြန်တွေ့မယ်လို့ မထင်ထားဘူးမလား" ချူးယွင်ဖန်းသည် ရယ်မော၍ ပြောလိုက်သည်။

“ဟုတ်တယ်၊ မင်းလို အမှိုက်သရိုက်မျိုးက ငါ့ရှေ့မှာ ပေါ်လာမယ်လို့ တကယ်မထင်ထားဘူး။ မင်းကိုကြည့်ရတာ အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ပုံပဲ"

နတ်ဆိုးလူငယ်၏ ဆိုးယုတ်သော အပြုံးနှင့်အတူ ပြင်းပျသောသတ်ဖြတ်လိုစိတ်သည် မျက်နှာထက်တွင် သိသာထင်ရှားစွာထင်ဟပ်လာ၏။

“အသက်ရှင်ရတာ ဘယ်သူက ငြီးငွေ့တယ်ဆိုတာ ပြောဖို့ကခက်သား။ အဲ့ဒီအချိန်တုန်းက မင်း ငါ့ဆီက လွတ်အောင် ပြေးနိုင်တယ်ဆိုတိုင်း၊ ဒီတစ်ခါလည်း ငါ မင်းကို လွှတ်ပေးမယ်လို့ ထင်နေလား"

နတ်ဆိုးလူငယ် ကြောက်ရွံ့နေသည့် တစ်ခုတည်းသောအရာသည် ချူးယွင်ဖန်း​၏ ဘေးတွင် ရပ်နေသော မိုးကြိုးတောင်ပံသားရဲသာဖြစ်သည်။ သူ​၏ ချူးယွင်ဖန်းအပေါ် စိတ်ပူခြင်းသည် မရှိသလောက်နည်းပါးသည်။ လွန်ခဲ့သည့်လအနည်းငယ်က နတ်ဆိုးလူငယ်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသော်လည်း ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်ရှိခဲ့သေးပေ။ ချူးယွင်ဖန်းသည် သူ့ကို မည်သို့မျှ ခြိမ်းခြောက်နိုင်မည်နည်း။

ပျောက်ကွယ်သွားသော သူ၏လက်အောက်ငယ်သား သွေးလင်းနို့ကို မိုးကြိုးတောင်ပံသားရဲမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းရန် ခက်ခဲမည်မဟုတ်ပေ။ မည်သို့ဆိုသော် ထိုအချိန်တွင် ချူးယွင်ဖန်းသည် သွေးလင်းနို့ကို အနိုင်ယူနိုင်မည့် ခွန်အားမရှိခဲ့ပေ။

"ဟားဟားဟားဟား" နတ်ဆိုးလူငယ်သည် အသက်ရှူမဝလောက်အောင် ပြင်းထန်စွာ ရယ်မောခဲ့သည်။

"မင်းတို့ ပြည်ထောင်စုတက္ကသိုလ်ကို အခုမှ ဝင်ကြတာမလား။ မင်းတို့ ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေ အကုန်လုံး ဒီလိုပဲ မောက်မာပြီးတော့ မိုက်မဲကြတာလား။ ငါ့ကိုသတ်ချင်ရင် လာလေ။ ဒါပေမယ့် ရင်းရင်းနှီးနှီး သတိပေးလိုက်မယ်။ မင်း ငါ့ကိုမသတ်နိုင်ရင် မင်းရှေ့မှာ ဒီကလေးတွေရဲ့ဦးခေါင်းတွေကို တစ်ယောက်ပြီးတစ်ယောက် လိမ်ချိုးပစ်လိုက်မယ်။ အမှန်ဆိုရင် သူတို့ကအသက်ရှင်နိုင်ပေမယ့် အခု မင်းဝင်ပြီးစွက်ဖက်လို့ သူတို့အားလုံး သေရတော့မယ်”

နတ်ဆိုးလူငယ်သည် အလွန်ကြောက်စဖွယ် ပြူးကျယ်သော မျက်လုံးများဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်နေခဲ့သည်။

တန်စီယု၏အနောက်ကွယ်တွင် ပုန်းအောင်းနေသော ကလေးများသည် အလွန်ကြောက်လန့်နေပုံပေါ်သည်။ ယခင်က သူတို့သည် ငြိမ်းချမ်းသောကမ္ဘာတွင် နေထိုင်ခဲ့ကြ၍ စိုးရိမ်စရာမရှိစွာ ကြီးပြင်းလာခဲ့သဖြင့်၊ တစ်နေ့တွင် ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားကြပေ။

ယခု အရာအားလုံးပြောင်းလဲသွား၍၊ နေရာတိုင်းတွင် သေခြင်းများနှင့် သတ်ဖြတ်ခြင်းများဖြင့်သာ ပြည့်နှက်နေတော့သည်။

"မင်းကများ” ချူးယွင်ဖန်းက အော်လိုက်သည်။

"သတိထားနော် ယွင်ဖန်း။ အဲ့ဒီ့လူက အရမ်းသန်မာတယ်” တန်စီယုသည် ချူးယွင်ဖန်းကို သတိပေးလိုက်သည်။

"အို မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေတာလား။ ပိုကောင်းတာပေါ့။ ဒါမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာ” နတ်ဆိုးလူငယ်က ချူးယွင်ဖန်းကို ကြည့်၍ စိတ်ဝင်စားစရာ တစ်ခုခုကို တွေးနေသကဲ့သို့ စူးစူးဝါးဝါး ရယ်မောလိုက်သည်။

"သူ့ကို ဘယ်လိုသတ်မလဲ သေချာကြည့်ထား" ချူးယွင်ဖန်းသည် အေးစက်စွာပြောလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်း၏ခြေဖဝါးအောက်တွင် အက်ကွဲကြောင်းများ ပေါ်လာတော့သည်။ သွေးနီရောင်အရာ တစ်ခုသည် ထိုအက်ကွဲကြောင်းအတွင်းမှ ခုန်ထွက်လာ၍ ချူးယွင်ဖန်းဆီသို့ ချက်ချင်း ခုန်အုပ်ခဲ့သည်။

တိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ ခြေဖဝါးအောက်မှ စတင်ခဲ့ခြင်းဖြစ်သည်။

"သတိထား"

နတ်ဆိုးလူငယ်မှ ရက်စက်ကြမ်းကြုတ်၍ ကျေနပ်နေသော အပြုံးဖြင့် ပြုံးလိုက်ချိန်တွင် တန်စီယုသည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ရှင်းလင်းစွာပင်၊ သူသည် အချိန်ဆွဲရန်အတွက် ထိုစကားများကို ပြောနေခဲ့ခြင်းဖြစ်သည်။

သူ့ကို ခုန်အုပ်ခဲ့သည့် ဤသွေးနီရောင်အရာကို ရင်ဆိုင်လျက် ချူးယွင်ဖန်းက အေးစက်စွာပြုံးလိုက်သည်။ ချူးယွင်ဖန်းသည် လက်ငါးချောင်းကို လက်သည်းသဏ္ဍာန်ပုံဖော်လျက်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးနီရောင်အရာကို ဖမ်းဆုပ်လိုက်သည်။

ဘမ်း

ကျယ်လောင်သော အသံနှင့်အတူ ချူးယွင်ဖန်းသည် သွေးနီရောင်အရာကို လည်ပင်းမှ ချက်ချင်း ဆုပ်ကိုင်ထားလိုက်သည်။ ဤအခိုက်အတန့်တွင် ဤသွေးနီရောင်အရာသည် သွေးနီရောင် လင်းနို့အတောင်ပံတစ်စုံရှိသော လူသားတစ်ဦးဖြစ်ကြောင်း မြင်တွေ့ခဲ့ကြသည်။ ၎င်းသည် လူသားပုံသဏ္ဍာန်ရှိသော မွန်းစတား၊ တစ်နည်းအားဖြင့်၊ မျိုးစပ်ထားသော မွန်းစတားတစ်ကောင်ဖြစ်သည်။

ထိုသည်မှာ အခြားသော သွေးလင်းနို့တစ်ကောင်ဖြစ်သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် သွေးလင်းနို့​၏ လည်ပင်းကို ဆုပ်ကိုင်ထားသည်။ သွေးလင်းနို့သည် ၎င်း​၏ ခွန်အားများ ဆုံးရှုံးသွားသည့်နှယ် အသက်မရှူနိုင်ဖြစ်၍ ၎င်း​၏မျက်လုံးများ ပြုတ်ထွက်လာတော့မည့်နှယ်ဖြစ်နေသည်။ ၎င်း၏လက်သည်းများဖြင့် ချူးယွင်ဖန်း​၏ လက်ကို ကုတ်ခြစ်နေသော်လည်း ထိုလုပ်ရပ်သည် အသုံးဝင်ခြင်းမရှိဘဲ ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။ ထိခိုက်ခြင်းရှိခဲ့လျှင်ပင် အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ရစ်မည်ဖြစ်သည်။ သွေးလင်းနို့သည် ဆက်လက်ရုန်းကန်နေသော်လည်း တဖြည်းဖြည်း အင်အားနည်းလာခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းကို အရေးကြီးသောနေရာမှ ဆုပ်ကိုင်ထားခြင်းဖြစ်သည်။

ချူးယွင်ဖန်း အဆင်ပြေသည်ကို တန်စီယုက မြင်သောအခါ သူမသည် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သွေးနီရောင်ပုံရိပ်သည် အလွန်လျင်မြန်လှသဖြင့် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ အဆင့်ဖြတ်ကျော်ခဲ့သော သူမသည်ပင် ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် သွေးလင်းနို့ကို လွယ်လင့်တကူ ဖမ်းယူခဲ့သည်။

"ဒါက မင်းရဲ့ ဝှက်ဖဲလား။ နှစ်ဝက်လောက်ကြာပြီးတာတောင် လုံးဝကို မတိုးတက်သေးဘူး။ မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား"

ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။ သူသည် စကားပြောပြီးသည်နှင့် သွေးလင်းနို့​၏လည်ပင်းကို ဆက်ခနဲလိမ်ချိုးလိုက်သည်။ ထို့နောက် ချူးယွင်ဖန်းသည် သွေးလင်းနို့​၏ အလောင်းကို လွှင့်ပစ်လိုက်ရာ၊ ၎င်း​၏အသွေးအသားများသည် မြေပြင်ပေါ်သို့ လွင့်စဉ်ပြုတ်ကျသွားတော့သည်။

"ဒါပဲလားကွ။ ပျော့လိုက်တာ"

နတ်ဆိုးလူငယ်၏ မျက်နှာပေါ်တွင်ရှိနေသော အပြုံးသည် အေးခဲသွားခဲ့သည်။ ချူးယွင်ဖန်း​၏ ထိုစကားလုံးများသည် သူ့ကိုအရှက်ရစေခဲ့သည်။ ချူးယွင်ဖန်းသည် မျိုးစပ်ထားသော မွန်းစတားကို ပြောနေခြင်းမဟုတ်ဘဲ သူ့ကို ပျော့ညံ့သည်ဟု ပြောနေခြင်းဖြစ်သည်။

“တော်တယ်။ မင်း အရမ်းတော်တယ်။ ငါ ထင်ထားတာထက်ကို ပိုသန်မာတယ်၊ ဒါပေမယ့် အဲ့လိုဆိုရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ ငါ့ရှေ့ဆိုရင် မင်းမှာအသက်ရှင်ဖို့ အခွင့်အရေးမရှိသလောက်ပဲ"

နတ်ဆိုးလူငယ်သည် ရက်စက်ယုတ်မာစွာ ရယ်မောလိုက်၏။ သူသည် ချူးယွင်ဖန်းကို လျှော့တွက်ခဲ့မိကြောင်း ဝန်ခံရပေလိမ့်မည်။ သို့သော် သူ​၏မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် သူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိသော သွေးလင်းနို့ကို ချက်ခြင်းသတ်ဖြတ်ခြင်းဖြင့် သူ​၏ ခွန်အားကို ပြသခဲ့သော်လည်း နတ်ဆိုးလူငယ်သည် ချူးယွင်ဖန်းကို လုံးဝအထင်မကြီးပေ။

"မင်းက ငါ့ကို လုံးဝဒေါသထွက်အောင် လုပ်နိုင်ခဲ့တာပဲ။ မင်း သိပ်တော်တယ်။ ငါ့ကို ရန်စရင်ရတဲ့ အကျိုးဆက်ကို မင်းသိစေရမယ်” နတ်ဆိုးလူငယ်က အေးစက်စက်အပြုံးဖြင့် ပြောလိုက်သည်။

"မင်းရဲ့အသားကို အပိုင်းပိုင်းဖြတ်ပြီး မင်းရှေ့မှာတင် မျိုချပြမယ်။ မြေရှင်ပဒေသရာဇ်ခေတ်က လူတစ်ယောက်ကို ခုတ်ထစ်နှိပ်စက်ဖို့ နည်းလမ်းပေါင်း ထောင်နဲ့ချီရှိခဲ့ရင်တောင်၊ မင်းသိထားရမှာက ငါကအဲ့ဒီထက် အများကြီး ပိုပြီးရက်စက်နိုင်တယ်ဆိုတာပဲ"

"ဖြစ်ချင်တော့ မင်းလည်း ငါ့ကို တော်တော် ဒေါသထွက်အောင် လုပ်ထားတယ်ကွ။ အဲ့ဒီ့တော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့ ဟုတ်ပြီလား၊ မဟုတ်ရင် အရမ်းပျင်းစရာကောင်းနေမှာ” ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် နတ်ဆိုးလူငယ်ဆီသို့ အမြောက်ကျည်ကဲ့သို့ ပျံသန်းသွားရာ၊ ကောင်းကင်မှ ဆင်းသက်လာသော ကြယ်တံခွန်နှင့်ပင် ဆင်တူသည်။

မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်း၏ အနောက်သို့ လိုက်၍ နတ်ဆိုးလူငယ်၏ ဦးတည်ရာသို့ ပျံသန်းသွားခဲ့သည်။ ချူးယွင်ဖန်းသည် ပေါင်တစ်ထောင်ဆင်းသက်ခြင်းကို အသုံးပြု၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်သဖြင့်၊ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားတော့သည်။ သိပ်မကြာခင်၌ပင် မိုးကြိုးတောင်ပံသားရဲသည်လည်း သူ​၏အနောက်မှ ဆင်းသက်လာခဲ့သည်။

“အဲ့ဒီ့ကောင်ကို ငါ့ တာဝန်ထားလိုက်။ မင်း စီယုကိုသွား ကူညီလိုက်”

ချူးယွင်ဖန်းသည် သူ​၏အနောက်တွင်ရှိနေသော မိုးကြိုးတောင်ပံသားရဲကို ပြောလိုက်သည်။

ထိုအချိန်တွင် သူမရှေ့တွင်ရှိနေသော မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားများကို တိုက်ခိုက်နေသည့် တန်စီယု၏ အခြေအနေသည် ပိုမို၍ ဆုတ်ယုတ်လာခဲ့သည်။

အခန်း(၄၂၀) ရေတွင်းအောက်ခြေမှ ဖားသည် မည်သည့်အရာကိုမှ မသိပေ။

မိုးကြိုးတောင်ပံသားရဲသည် တွန့်ဆုတ်ခြင်းအလျင်းမရှိ၊ ချက်ချင်းပင် တန်စီယုထံသို့ ပျံသန်းသွားကာ၊ မရီးဒျန်သန့်စင်ခြင််းအဆင့် မွန်းစတားများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ မိုးကြိုးတောင်ပံသားရဲ၏ အကူအညီဖြင့် တန်စီယုသည် ချက်ချင်းပင် စိတ်သက်သာရာရသွား၏။

မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းပြီးနောက်၊ တန်စီယုသည် မြန်ဆန်မှုလမ်းစဥ်ကို လျှောက်လှမ်းခဲ့ရာ၊ ထိပ်တိုက်ရင်ဆိုင်ရခြင်းသည် သူမအတွက်မသင့်တော်ပေ။ သို့သော် ဤကလေးများကို ကာကွယ်ရန် သူမတွင် အခြားရွေးချယ်ရန်လမ်းမရှိပေ။ ဤမွန်းစတားများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်သာတတ်နိုင်တော့သည်။ အချိန်အချို့ကြာပြီးနောက်၊ သူမ၏ ခွန်အားသည် အလွန်ဆိုးရွားစွာ ကျဆင်းလာခဲ့သည့်အပြင်၊ လက်များသည်လည်း သွေးချင်းချင်းနီလျက်ရှိ၏။ ဤမွန်းစတားများကြောင့် သူမ၏ လက်ဝါးပြင်တစ်ခုလုံး ကွဲပြဲလျက်၊ သွေးများ တစ်စက်စက်ကျနေ၏။ ချူးယွင်ဖန်း ရောက်ရှိလာချိန်တွင် သူမသည် သူမ၏လုပ်နိုင်သောအတိုင်းအတာကို ကျော်လွန်နေပြီဖြစ်သည်။

“ဟူး…ဟူး…ဟူး”

တန်စီယု၏ အသက်ရှုသံသည် အလွန်ပြင်းထန်လျက်ရှိကာ၊ မောပန်းနေပုံပေါ်သည်။ နောက်ဆုံးတွင်မူ သူမ သက်ပြင်းချနိုင်ခဲ့ပြီဖြစ်ရာ၊ ချီဖြည့်တင်းဆေးတစ်လုံးကို အမြန်မြိုချလိုက်ပြီးနောက်၊ သူမ၏ ခွန်အားနှင့် ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန်အတွက် စွမ်းအင်ဖြည့်ဆေးရည်တစ်ပုလင်းကို သောက်ချလိုက်သည်။

မိုးကြိုးတောင်ပံသားရဲသည် တန်စီယုနှင့် ကွဲပြားစွာ ပို၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။ ၎င်းသည် ပတ်ပတ်လည်ရှိ မွန်းစတားများအားလုံးကို တိုက်ထုတ်လိုက်နိုင်ခဲ့၏။ ၎င်းတို့အားလုံးသည် တူညီသော ကျင့်ကြံရေးအဆင့်တွင်ရှိကြသည့်တိုင် မိုးကြိုးတောင်ပံသားရဲသည် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာထင်ရှား၏။ ထိုမွန်းစတားများနှင့် မိုးကြိုးတောင်ပံသားရဲတို့သည် အဆင့်အတန်းမတူကြပေ။

ဤသည်မှာ တူညီသော အဆင့်တွင်ရှိနေကြသော်လည်း သန်မာမှုချင်း၊ ခွန်အားချင်းကွာခြားသည့် ချူးယွင်ဖန်းနှင့် ရှဖန်တို့အကြား ကွာခြားချက်ကဲ့သို့ပင်ဖြစ်သည်။

တစ်ဖက်တွင်မူ၊ ချူးယွင်ဖန်းသည် နတ်ဆိုးဆန်သော လူငယ်၏ အနီးသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

“ဒီမှာ ကိုယ့်သေတွင်းကိုယ်တူးဖို့ အပြေးအလွှားရောက်လာမယ့်သူရှိမယ်လို့ ငါမမျှော်လင့်ထားဘူး” နတ်ဆိုးကဲ့သို့သောလူငယ်က ချူးယွင်ဖန်းကို ကြည့်၍ ဆိုးယုတ်စွာပြုံးလိုက်သည်။

“နတ်ဆိုးဂိုဏ်း မင်းတို့အားလုံးကို ငါမသုတ်သင်ပစ်ဘူးဆိုရင် မင်းတို့ကြောင့် သေခဲ့ရတဲ့ မရေမတွက်နိုင်အောင်များတဲ့လူတွေကို စွန့်လွှတ်လိုက်သလိုဖြစ်နေမှာပေါ့” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

“ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုမျိုးရဖို့အတွက်၊ ဒါက လိုအပ်တဲ့ စတေးမှုတစ်ခုပဲ” နတ်ဆိုးလူငယ်က လှောင်ရယ်၍ ဆက်ပြောသည်။

“ငါတို့ရဲ့ သန့်ရှင်းတဲ့ဂိုဏ်းအတွက်သေရတာ၊ ငါအ့တွက်တော့ ဂုဏ်ယူစရာပဲကွ”

“မင်းက လူသားတစ်ယောက်မှန်းသိသာနေတာကို ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ။ မင်းကိုဘယ်သူလုပ်ခိုင်းတာလဲ။ မဟုတ်ရင် မင်းရဲ့ ဦးနှောက်က တစ်ခုခုများ လွဲနေသလား” ချူးယွင်ဖန်းက လှောင်ရယ်လိုက်၏။ ယခု သူသည် နတ်ဆိုးလူငယ်ရှေ့တွင် ရပ်နေ၏။

“ဟားဟား… ငရဲဘုရင်နဲ့တွေ့ရင်သုံးဖို့ မင်းရဲ့ စာနာထောက်ထားလှပါတယ်ဆိုတဲ့စိတ်ကြီးကို သိမ်းထားသင့်တယ်”

နတ်ဆိုးလူငယ်၏ အသံသည် ရုတ်တရက်အက်ရှရှဖြစ်ကာ၊ ချူးယွင်ဖန်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။ သာမန်လူတစ်ဦးအတွက်သာဆိုလျှင်၊ သူ လုံးဝပျောက်ကွယ်သွားသကဲ့သို့ဖြစ်နေလိမ့်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ၊ စစ်မှန်သော ဖောက်ထွင်းအမြင်ရှိသည်။ တစ်ချက်ကြည့်လိုက်သည်နှင့်၊ နတ်ဆိုးလူငယ်ပျောက်ကွယ်သွားခြင်းမဟုတ်ကြောင်း ပြောနိုင်သဖြင့်၊ သူ့ထံသို့ ချက်ချင်း ပြေးသွားလိုက်သည်။

နတ်ဆိုးလူငယ်သည် ချူးယွင်ဖန်း၏ရှေ့တွင်ပေါ်လာသည်။ နတ်ဆိုးလူငယ်၏ လက်တစ်ဖက်တွင် လက်သည်းများ‌ပေါ်ထွက်လာရာ၊ မည်သည့်အချိန်ကတည်းက ထွက်လာခဲ့မှန်းမသိနိုင်ခဲ့ပေ။ ထိုသံမဏိကဲ့သို့ ချွန်ထက်မာကြောသော လက်သည်းများအားလုံးကို ချီစွမ်းအင်ဖြည့်ထားခြင်းဖြစ်ရာ၊ ၎င်းတို့အားလုံးကြီးထွားလာ၍ ချူးယွင်ဖန်း၏ မျက်လုံးများတည့်တည့်သို့ ထိုးသွင်းလိုက်သည်။

လူငယ်၏မျက်နှာထက်တွင် ဆိုးယုတ်လှသော အပြုံးတစ်ခု ပေါ်လာသည်။ ချူးယွင်ဖန်းက ပြုံးရုံသာ ပြုံးလိုက်သည်။ ဤတိုက်ခိုက်မှုသည် သူ့ကို တစ်ချက်တစ်လေလေးမျှပင် မတုန်လှုပ်သွားစေနိုင်ခဲ့ပေ။

ဘမ်း

ချူးယွင်ဖန်းသည် ဝင်လာသော တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။ ထိုလူငယ်သည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ၎င်းကို ကျော်လွှားနိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်မှုကို အလွယ်တကူတားဆီးနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူတိုက်ခိုက်ခဲ့ရာတွင် အရှိန်သာမက၊ ခွန်အားကိုလည်း ထိန်ချန်မထားခဲ့သော်လည်း ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် မတုန်လှုပ်ခဲ့ပေ။

နတ်ဆိုးလူငယ်၏ တိုက်ခိုက်မှုမှ သက်ရောက်လာသော စွမ်းအင်များသည် မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားတစ်ကောင်၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဥ်၍ ရနိုင်သည်ဖြစ်ရာ၊ ၎င်းတို့အားလုံး ချက်ချင်းပင် လွင့်ထွက်သွားနိုင်၏။ အကယ်၍ လက်သည်း၏ ကုတ်ခြစ်မှုကြောင့် မသေနိုင်ခဲ့လျှင်ပင်၊ ဒဏ်ရာအပြင်းအထန်ရရှိမည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ဤသို့ဖြစ်လာမည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ပေ။

“ကောင်းလိုက်တဲ့ ခွန်အား၊ ဒီလိုမျိုး ခွန်အားမျိုးနဲ့ မင်းလည်း ပြောင်းလဲမှုတစ်ခုလုပ်ခဲ့တယ်ဆိုတာ သိသာတယ်” ချူးယွင်ဖန်းသည် နတ်ဆိုးလူငယ်ကို အလောင်းကောင်ကဲ့သို့သတ်မှတ်ကာ၊ ဘာသိဘာသာကြည့်၍ မျက်နှာထက်တွင် ခံစားချက်ကင်းမဲ့နေ၏။

“ဒီလို ခွန်အားလေးရဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် လူမဟုတ်၊ သားရဲမဟုတ် အကောင်အဖြစ်ပြောင်းလဲလိုက်တာလား”

နတ်ဆိုးလူငယ်၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေ၏။ ချူးယွင်ဖန်း၏ အေးဆေးစွာစကားပြောသည့်ပုံစံက သူ့နှလုံးသားကို မီးကဲ့သို့တောက်တောက်လောင်စေခဲ့သည်။

“မင်းဘာသိလို့လဲ။ ခွန်အားရဖို့ နည်းတစ်နည်းတည်းရှိတာမဟုတ်ဘူးကွ။ ကိုယ်ခန္ဓာဆိုတာ အသားအိတ်တစ်အိတ်သာသာပဲ။ မင်းအနာဂတ်က ဒီမှာအဆုံးသတ်သွားပြီ၊ အခု ငါ့ကို တွေ့ရတဲ့အတွက်၊ မင်းမှာ အနာဂတ်မရှိတော့ဘူး”

“ကိုယ်ခန္ဓာက အသားအိတ်သာသာပဲဟုတ်လား။ ဟားဟားဟားဟား မင်းက ငါ့ကို သင်ခန်းစာပေးဖို့ ကြိုးစားနေတာလား၊ မင်းက ကောင်းတဲ့ကောင်မှမဟုတ်တာ၊ မင်းနားမလည်သေးဘူးကွ၊ ကိုယ်ခန္ဓာက အသားအိတ်တစ်အိတ်ပဲမဟုတ်ဘူး။ ဒါဟာ ငါတို့ယုံကြည်မှုတွေပေါ်မူတည်နေတယ်။ ငါတို့က လူသားတွေကွ၊ မင်းလိုမျိုး မွန်းစတားမဟုတ်ဘူး”

“မင်းက ငါ့ကို မွန်းစတားလို့ခေါ်ရဲတယ်ပေါ့။ မင်း သေချင်နေတာပဲ” လူငယ်သည် စိတ်ထဲတွင် အလွန်အမင်းဒေါသဖြစ်လျက် ကြုံးဝါးလိုက်သည်။

“ဝိဉာဥ်ဖြိုခွင်းသိုင်း”

ချောမောသော နတ်ဆိုးလူငယ်၏ အော်သံနှင့်အတူ၊ သူ့လက်တစ်ချောင်းလုံး ရုတ်တရက်ကြီးမားလာသည်။ သူ့လက်မောင်းပေါ်ရှိ အရွတ်များနှင့် သွေးကြောများအားလုံး ပေါက်ကွဲထွက်လျက်၊ လက်ဖဝါးတစ်ခုလုံးသည် သားရဲလက်သည်းကြီးတစ်ခုအဖြစ်ပြောင်းလဲ၍ ချူးယွင်ဖန်းထံသို့ ဦးတည်သွားသည်။

ကြောက်မက်ဖွယ် ချီစွမ်းအင်များသည် အရပ်ရပ် အဘက်ဘက်သို့ ပျံ့နှံ့သွား၏။

ချူးယွင်ဖန်းထံသို့ ရက်စက်စွာ ဦးတည်လာသော လက်သည်းသည် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ ဤသိုင်းကွက်၏ စွမ်းအားသည် အမှန်တကယ်ပင် အံ့သြဖွယ်ဖြစ်ရာ၊ သတိမထားပါက၊ ချက်ချင်းဆိုသကဲ့သို့ပင်၊ အပိုင်းပိုင်းကွဲထွက်သွားပေလိမ့်မည်ဖြစ်သည်။

ချွန်ထက်လှစွာသော လက်သည်းကြောင့် ထွက်ပေါ်လာသည့် လေလှိုင်းများသည် ချူးယွင်ဖန်း၏ ဆံပင်များကို ရိုက်ခတ်၍ လေထဲလွင့်နေစေသည်။ သို့သော် ချူးယွင်ဖန်းသည် ကြောက်ရွံ့ခြင်းအလျင်းမရှိ၊ လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ တစ်ချက် ပစ်ထိုးလိုက်သည်။

ဘမ်း

ချူးယွင်ဖန်း၏ လက်သီးနှင့် လူငယ်၏ လက်သည်းတို့ ပြင်းထန်စွာရိုက်ခတ်မိသောအခါ၊ သတ္တု ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။

ချူးယွင်ဖန်း၏ ခွန်အားကြောင့် လူငယ်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၍ ဟန်ချက်ပြန်ထိန်းလိုက်ရသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းဒီလောက် ခွန်အားမျိုး ဘယ်လိုလုပ်ရနိုင်မှာလဲ။ မင်းလည်း အသွင်ပြောင်းမှုတစ်ခုခုလုပ်ထားတာဖြစ်ရမယ်” နတ်ဆိုးလူငယ်က အံ့သြတုန်လှုပ်စွာဖြင့် ပြောသည်။

“ရေတွင်းအောက်ခြေက ဖားက ဘာမှ မသိဘူးကွ။ စွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် လူလိုလို သရဲလိုလို အကောင်မျိုး ပြောင်းပစ်စရာမလိုဘူး” ချူးယွင်ဖန်းသည် ဤသို့ကြုံးဝါးကာ၊ သူရပ်နေသော နေရာမှ ပျောက်သွား၏။

ထို့နောက်၊ နတ်ဆိုးလူငယ်၏ တည့်တည့်တွင် ချူးယွင်ဖန်းတစ်ယောက်၊ ချက်ချင်းပြန်ပေါ်လာသည်။

All Chapters