← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း(၄၂၁) ဓားချက်တစ်ချက်

ချူးယွင်ဖန်း၏ လက်သီးသည် ထိုနတ်ဆိုးလူငယ်ထံသို့ ပြင်းထန်သော အမြောက်တစ်စင်းနှယ် တစ်ရှိန်ထိုး တိုးဝင်သွားသည်။ သူ၏ လက်သီးသည် ပေါင်တစ်ထောင်ခန့်လေးလံကာ လေကို ခွင်းသွား၏။ နတ်ဆိုးလူငယ်သည် တုံ့ပြန်ရန် တုံ့ဆိုင်းနှေးကွေးနေခြင်းမရှိ၊ ချူးယွင်ဖန်း၏ အမြန်နှုန်းနှင့် လိုက်ဖက်ညီနေခဲ့သည်။

ယခုအချိန်တွင် နတ်ဆိုးလူငယ်သည် ယခင်ကကဲ့သို့ ချောမောခြင်းမရှိတော့ပေ။ အရပ်ပိုရှည်လာသည့်အပြင်၊ ခြေများလက်များလည်း ပို၍ ကြီးမားလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သိသာစွာပြောင်းလဲသွား၏။ နတ်ဆိုးလူငယ်၏ ကျင့်ကြံရေးအဆင့်သည် ချူးယွင်ဖန်းထက်မြင့်မားကာ၊ မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်တွင်ရှိသည်။ တူညီသော ကျင့်ကြံရေးအဆင့်ရှိသည့်သာမန်လူများသည် ချူးယွင်ဖန်းထံမှ သိုင်းကွက်သုံးကွက်ခန့်ကိုခံနိုင်ရည်မရှိပေ။

ဤအသွင်ပြောင်းလဲမှုသည် နတ်ဆိုးလူငယ်ကို အဆုံးထိတိုင်တိုက်ပွဲဝင်ရန် ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း သိသာထင်ရှား၏။ သွေးလင်းနို့နှင့် နှိုင်းယှဥ်ပါက နတ်ဆိုးလူငယ်သည် ပို၍ မြင့်မားသောအဆင့်တွင်ရှိနေကြောင်း ထင်ရှား၏။ ထို့အပြင်၊ ဘေးထွက်ဆိုးကျိုးများသည် အလွန်မပြင်းထန်ပါက၊ ပုံမှန်အားဖြင့် ဤကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ နတ်ဆိုးဂိုဏ်းတွင် ၎င်းတို့အားလုံးသည် အသွင်ပြောင်းမှုကို ခံယူကြရသည်မှာ ရှင်းလင်းသိသာ၏။ ထို့အတူ၊ ၎င်းတို့ကို မတူညီသောအဆင့်များခွဲခြားထားရာ၊ နတ်ဆိုးလူငယ်သည် အထက်တန်းအဆင့်တွင်ရှိသည်။

သို့သော် ဤကိစ္စကြောင့်ပင် ချူးယွင်ဖန်းသည် တစ်ဖက်ရန်သူကို ပို၍ သတ်ချင်လာရသည်။ နတ်ဆိုးဂိုဏ်း သည် ပြည်ထောင်စုအစိုးရ၏ ထူးချွန်သူများကို မကြာခဏ လုယူလေ့ရှိသကဲ့သို့ ပြည်ထောင်စုအစိုးရသည်လည်း၊ နတ်ဆိုးဂိုဏ်းမှ ထူးချွန်သူများကို တွေ့ပါက မကြာခဏ သတ်ပစ်လေ့ရှိသည်။

အကယ်၍ နတ်ဆိုးဂိုဏ်းသည် ပြည်ထောင်စုအစိုးရ၏ ခေါင်းဆောင်ဖြစ်လာပါက၊ ၎င်းတို့သည် မျက်မှောက်ခေတ်ရှိ အကြမ်းဖက်သမားများနှင့် တူနေပေလိမ့်မည်ဖြစ်သည်။ တကယ်တမ်းတွင် ၎င်းတို့သည် မျက်မှောက်ခေတ်မှ အကြမ်းဖက်သမားများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းစွာ ရူးနှမ်းနေကြပေလိမ့်မည်ဖြစ်၏။

နတ်ဆိုးလူငယ်သည်လည်း ဤအချက်ကို တွေးမိသည်မှာထင်ရှားသည်။ သူသည် ချူးယွင်ဖန်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ အလွန် သတ်ချင်စိတ်ပြင်းပျလျက်ရှိသည်။ ပြည်ထောင်စုတက္ကသိုလ်မှ မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာရှိသော ကျောင်းသားတစ်ဦးသည်သူ့ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။ လွန်ခဲ့သော တစ်နှစ်ခန့်က ချူးယွင်ဖန်းသည် ထည့်သွင်းဖော်ပြရန်ပင် အဆင့်မရှိကြောင်း သူမှတ်မိသည်။ ထိုအချိန်က သူသည် သုန်ဖန်းဟောက်နှင့် အခြားသူများကိုသာ ကြောက်ခဲ့သည်။ တကယ်တမ်းတွင် သူ့အသက်အရွယ်အားဖြင့်၊ သူသည် ထိုသူများနှင့် ဆင်တူ၏။ ၎င်းတို့ထက် ခြေတစ်လှမ်းနောက်ကျကျန်နေခဲ့သော်လည်း မဝေးလှပေ။

သုန်ဖန်းဟောက်နဲ့အခြားသူများသည် ပြည်ထောင်စုတက္ကသိုလ်ရှိ သန်းနှင့်ချီသော လက်ရွေးစင်များအထက်၊ အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြရာ၊ တစ်သန်းတွင် တစ်ယောက်သာတွေ့နိုင်မည့်ပုဂ္ဂိုလ်များဖြစ်ကြ၏။ တုန်ဖန်းအောက်၏ အရိပ်ကိုပင် အမှီမလိုက်နိုင်သည်မှာ အလွန်ရှက်ရွံ့ဖွယ်ကောင်းလှသည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် နတ်ဆိုးလူငယ်၏ မျက်လုံးထဲတွင် အသေးအမွှားမျှသာဖြစ်သည်။ သို့သော် ယခုလအနည်းငယ်ခန့်အကြာတွင် ချူးယွင်ဖန်းသည် သူနှင့်အတူ ပခုံးချင်းယှဥ်ရပ်တည်နိုင်ခဲ့ပြီဖြစ်၏။ သူ၏ ပြောင်းလဲမှုနှင့် ကွဲပြားခြားနားစွာဖြင့်၊ ချူးယွင်ဖန်း၏ ကျင့်ကြံခြင်းသည် စစ်မှန်သော တိုးတက်မှုတစ်ခုဖြစ်သည်။ ဤသို့သောသူကို ယခုမသတ်ပါက၊ နောင်တွင် ပြဿနာကြီးတစ်ခုဖြစ်လာမည်မှာ သေချာ၏။

ပြည်ထောင်စုတက္ကသိုလ်အတွင်းရှိ အရေးကြီးပုဂ္ဂိုလ်များကို ဂိုဏ်းအတွင်းရှိ အရေးကြီးပုဂ္ဂိုလ်များကိုင်တွယ်လိမ့်မည်ဖြစ်ရာ၊ နတ်ဆိုးလူငယ်၏ ပြိုင်ဖက်များသည်မူ ချူးယွင်ဖန်းကဲ့သို့ သူနှင့် သက်တူရွယ်တူရှိသူများသာဖြစ်ပေလိမ့်မည်။ ဤသို့တွေးကာ နတ်ဆိုးလူငယ်၏ သတ်ဖြတ်လိုစိတ်သည် ပို၍ပင် ပူလောင်ပြင်းထန်လာ၏။

သို့သော် အဆိုးရွားဆု‌ံး အချက်မှာ နတ်ဆိုးလူငယ်မှ မည်မျှပင် သတ်ဖြတ်လို့စိတ်ပြင်းပျနေစေကာမူ၊ ချူးယွင်ဖန်း၏ နှိပ်ကွပ်ထိုးနှက်မှုကို ခံနေရ၏။ သူ၏ ခွန်အားသည့် မရီးဒျန်သန့်စင်ခြင်းအဆင့် တတိယအဆင့်ရှိသူများကြားတွင် အလွန်ပြင်းထန်ကြမ်းတမ်းလှသော်လည်း မရီးဒျန်သန့်စင်ခြင်း ပထမအဆင့် တက်ကာစကျောင်းသားလေးတစ်ဦးဖြစ်သည့် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါတွင်မူ၊ လုံးလုံးလျားလျား အရေးနိမ့်လျက်ရှိသည်။

နတ်ဆိုးလူငယ်သည် အရေးနိမ့်နေသော်လည်း သူအကောင်းဆုံးလုပ်နေခြင်းဖြစ်ကြောင်း သူသာလျှင် သိသည်။ သူသည် မျိုးစုံသော ခွန်အားမြှင့်တင်နည်းများစွာကို အသုံးပြုခဲ့‌သော်လည်း ချူးယွင်ဖန်းကို အနိုင်မယူနိုင်သေးပေ။ ဤသည်က အကြီးမားဆုံးသော ပြဿနာပင်ဖြစ်၏။ နတ်ဆိုးလူငယ်မှ ဤပြဿနာကို မကိုင်တွဲနိုင်လျက်ရှိသော်လည်း ချူးယွင်ဖန်းသည်မူ၊ ဤသို့သော ပြဿနာမျိုး မကြုံခဲ့ရပေ။

“ဟားဟား မင်းက မင်းခန္ဓာကိုယ်ကို ပိုသန်မာအောင်လုပ်နေလည်း လက်ဝှေ့အိတ်သာသာလောက်ပဲရှိတာကွ” ချူးယွင်ဖန်းကရယ်လျက်၊ နတ်ဆိုးလူငယ်ကို အဆက်မပြတ်ထိုးနှက်လျက်ရှိသည်။ လက်သီးတစ်ချက်စီသည် ပေါင်တစ်ထောင်နှင့် ညီမျှ၍ တူညီသော အဆင့်ရှိ မွန်းစတားများ၏ ခန္ဓာကိုယ်များသို့သာ ထိမှန်ပါက၊ ၎င်းတို့သည် ဤလက်သီးချက်များကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ သို့သော် နတ်ဆိုးလူငယ်သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများကို ဆက်လက် တားဆီးနိုင်ခဲ့သည်။ အခြားအရာများကို မဆိုနှင့်၊ ဤသို့သော ထိုးနှက်ချက်များကို ခံနိုင်ရည်ရှိနိုင်စွမ်းသည်ပင် ပထမတန်းစားဖြစ်၏။

ချူးယွင်ဖန်းသည် ဤလူကို အသက်ရှင်ခွင့်မပေးသင့်ကြောင်း ပို၍ ရှင်းလင်းစွာနားလည်လာသည်။ ဤသို့သော သူမျိုးကိုသာ ချူးယွင်ဖန်းမှတပါး၊ သာမန်လူတစ်ယောက်ကြုံတွေ့ရပါက၊ ဒုက္ခ‌ရောက်ရပေလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် ရှဖန်နှင့် အခြားသူများဖြစ်သည်။ ၎င်းတို့သည် လူသိများကျော်ကြားသော လက်ရွေးစင်များဖြစ်ကြသော်လည်း ဤသို့သော ပြိုင်ဖက်နှင့် ကြုံတွေ့ရလျှင်၊ ကြီးမားသော ဒုက္ခနှင့် ကြုံကြိုက်ရပေလိမ့်မည်ဖြစ်သည်။

အကယ်၍ ၎င်းသည် သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့်သာဖြစ်ခဲ့ပါက၊ ၎င်းတို့သည် ၎င်းတို့၏ ခွန်အားကို နှစ်ဆတိုးပေးမည်ဆိုလျှင်ပင်၊ ဤသို့သော နတ်ဆိုးလူငယ်ကို ထိခိုက်ဒဏ်ရာရစေရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ရန်ရည်ရွယ်ချက် အပြင်းအထန်ရှိကြရာ၊ နောက်ဆုံး၌ ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်ကုန်ကြသည်။

“ငရဲကိုသွားစမ်း”

ချူးယွင်ဖန်း၏ စကားများသည် နတ်ဆိုးလူငယ်၏ ဒေါသကို ပို၍ တောက်လောင်စေခဲ့ရာ၊ ကြုံးဝါးသံနှင့်အတူ၊ နတ်ဆိုးလူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အလွန် ထူးဆန်း၍ နတ်ဆိုးဆန်သော စွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များအားလုံးစုဝေး၍ ချူးယွင်ဖန်းထံသို့ တည့်တည့် တိုးဝင်သွားသည်။ နတ်ဆိုးလူငယ်သည် အနည်းဆုံး ချီစွမ်းအင်ထက်ဝက်ခန့်ကို ထုတ်လွှတ်လိုက်ခြင်းဖြစ်ရာ၊ ချူးယွင်ဖန်း အသတ်ခံရမည်ကို သေချာစေရန် သူသည် တစ်ချက်တည်းဖြင့် အပြီးသတ်နိုင်မည့် နည်းလမ်းကို အသုံးပြုခဲ့သည်။

“ငါမင်းကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးမယ်”

ချူးယွင်ဖန်းက ကြုံးဝါး၍ ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူ၏ မျက်လုံးများတွင် အလင်းရောင်တစ်ခုတောက်ပလျက်ရှိရာ၊ အရိပ်မဲ့ဓားကိုဆွဲထုတ်၍ သူ၏ စွမ်းအင်များအားလုံးကို ယင်းထဲတွင် စုစည်းလိုက်သည်။ တစ်ခဏချင်း၌ပင်၊ ကမ္ဘာတစ်ခုလုံးတွင်ရှိသော စွမ်းအင်များအားလုံးစုဝေးလာသည့်နှယ်၊ ချူးယွင်ဖန်းမှ ဓားကို ကြမ်းတမ်းစွာခုတ်ပိုင်းလိုက်သောအခါ၊ စွမ်းအားများသည် စိတ်ကူး၍မရနိုင်သောအတိုင်းအတာအထိ လွင့်ပျံ့လာ၏။

နှစ်ဖက်တိုက်မိမှုသည် တိုက်ပွဲကို အလွန်အရှိန်မြင့်သွားစေသည်။ ချီစွမ်းအင်များအားလုံး အဘက်ဘက်သို့ ပျံ့နှံ့သွားရာ၊ ကြမ်းပြင်ပေါ်ရှိ အမှုန်အမွှားများအားလုံးကို ရှင်းထုတ်ပစ်၍ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ယင်းနောက်၊ ချက်ချင်းဆိုသကဲ့သို့ပင်၊ ကျယ်လောင်သောအသံကြီးတစ်ခု ပေါ်ထွက်လာ၍၊ တိုက်ပွဲဖြစ်ပွားရာနေရာမှ လူတစ်ယောက်လွင့်ထွက်လာသည်။

ယင်းသည်ကား နတ်ဆိုးလူငယ်မှတပါးအခြားသူမဟုတ်ပေ။ သူ၏ ရင်ဘတ်ထက်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခုမှ သွေးများအဆက်မပြတ်ယိုစီးလျက် မြေပြင်ပေါ်တွင် နာကျင်စွာလူးလိမ့်နေ၏။ ချူးယွင်ဖန်း၏ ဓားစွမ်းအင်ကြောင့်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ဒဏ်ရာကြီးတစ်ခုပင်ဖြစ်သည်။ အကယ်၍ သူသာ ယင်းကို မတားဆီးနိုင်ခဲ့လျှင်၊ ရလဒ်သည် မုချ သူ၏ သေဆုံးခြင်းဖြစ်ပေလိမ့်မည်။

ဤပြင်းထန်သော တိုက်ပွဲကြားမှ ချူးယွင်ဖန်းသည်လည်း ခုန်ထွက်လာသည်။

“သေစမ်း” ချူးယွင်ဖန်းက ကြုံးဝါးလျက်၊ ထိုလူငယ်နောက်သို့ လိုက်လာသည်။

“အားး” နတ်ဆိုးလူငယ်သည် သားရဲတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာဟိန်းဟောက်လိုက်သောအခါ၊ မိုးကြိုးတောင်ပံသားရဲ၏ ဝန်းရံ တိုက်ခိုက်ခြင်းခံထားရသော မရီးဒျန်သန့်စင်ခြင်းအဆင့် သားရဲများအားလုံး အသက်စွန့်ကာ ချူးယွင်ဖန်းကို တားဆီးရန်ပြေးလာကြသည်။

“ထွက်သွားစမ်း”

ချူးယွင်ဖန်း အလွန်အမင်းဒေါသထွက်သွားရသည်။ သူသည် မွန်းစတားများကို တစ်ကောင်ပြီးတစ်ကောင်ခုတ်ပိုင်းပစ်လိုက်သည်။ ဤနတ်ဆိုးများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ချူးယွင်ဖန်း၏ ရှေ့တွင်မူ၊ ၎င်းတို့သည် မည်သို့မျှမဟုတ်ကြပေ။ ၎င်တို့သည် ချူးယွင်ဖန်း၏ ဓားချက်တစ်ချက်ခန့်ကိုပင် မတားဆီးနိုင်ခဲ့ကြပေ။

ထိုမွန်းစတားများအားလုံးကို အနိုင်ယူပြီးနောက်၊ ချူးယွင်ဖန်းသည် သူ့ထံသို့ ထပ်မံဦးတည်လားသော အခြား မွန်းစတားများကို သတိထားမိလိုက်သည်။

ဤအချိန်တွင် ချူးယွင်ဖန်းသည် ဤနတ်ဆိုးလူငယ်ကို သတ်နိုင်မည့် အကောင်းဆုံးအခွင့်အလမ်းကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။

အခန်း(၄၂၂) လူများကို ကယ်တင်ခြင်း

ချူးယွင်ဖန်းသည် ယခုနတ်ဆိုးလူငယ်နောက်သို့ လိုက်ခဲ့မည်ဆိုလျှင်၊ နောက်ထပ်သော မွန်းစတားများစွာနှင့် ဆက်လက်တိုက်ခိုက်ရမည်မှာ သေချာ၏။ သူသည် ထိုနတ်ဆိုးလူငယ်ကို သတ်ပြစ်ချင်နေသည့်တိုင် ဤသည်ကား အချိန်မကျသေးပေ။

“မင်းကိုယ်မင်း ကံကောင်းတယ်လို့ မှတ်ယူလိုက်ပေါ့”

ချူးယွင်ဖန်းက လှောင်ရယ်၍ပြောသည်။ သူ၏ အခွင့်အရေးကို ဆုံးရှုံးခဲ့ရသော်လည်း ချူးယွင်ဖန်းသည် ယင်းကို စိတ်ထဲမထားခဲ့ပေ။ ၎င်းတို့ စတွေ့ခဲ့သည်မှာ တစ်နှစ်ခွဲသာရှိသေးရာ၊ ထိုစဥ်က၊ သူ မိုးကြိုးတောင်ပံသားရဲကို မှီခို၍ တိုက်ခိုက်ခဲ့ရသူကို ယခုတွင်မူ ခုတ်ပိုင်းနိုင်ခဲ့ပြီဖြစ်သည်။ နတ်ဆိုးလူငယ်သည် ယခုအချိန်၌ ချူးယွင်ဖန်း၏ မျက်စိရှေ့၌ပင် ထွက်ပြေးသွားခဲ့သော်လည်း နောင်၊ ၎င်းတို့ ပြန်လည်ဆုံတွေ့ကြသောအချိန်တွင် ချူးယွင်ဖန်းတစ်ယောက် မည်သည့်အဆင့်သို့ရောက်နေလိမ့်မည်ကို မည်သူသိလိမ့်မည်နည်း။

ချူးယွင်ဖန်းသည် မိမိကိုယ်ကိုယ်ယုံကြည်ချက်ပြင်းပျလျက်ရှိသည်။ နတ်ဆိုးလူငယ်ကို အလွတ်ပေးလိုက်ခြင်းသည် နှမျောဖွယ်ကောင်းသော်လည်း ပြီးဆုံးသွားသော ကိစ္စတစ်ခုအတွက် နောင်တရနေခြင်းသည် အပိုသာဖြစ်သည်။

နေရာအနှံ့မှ ပျက်ဆီးဆုံးရှုံးမှုများနှင့် ပျက်စီးနေသော နံရံများကို ကြည့်၍၊ ချူးယွင်ဖန်း၏ မျက်လုံးများသည် ကြောက်မက်ဖွယ် ကြမ်းကြုတ်ရက်စက်မှုများနှင့် တောက်ပနေသည်။

‘နတ်ဆိုးဂိုဏ်း… တစ်နေ့ မင်းတို့အားလုံးကို ငါ အမြစ်ဖြုတ်ပြမယ်’ ချူးယွင်ဖန်းက နှလုံးသားထဲတွင်အရင်းတည်၍ တိုင်တည်လိုက်သည်။

“နင်အဆင်ပြေရဲ့လား” ချူးယွင်ဖန်းက တန်စီယု၏ အနားသို့အလျင်အမြန်ပြေးသွား၍ မေးလိုက်သည်။

“ကောင်းပါတယ်၊ ကုလို့မရတဲ့ဒဏ်ရာမရှိပါဘူး” တန်စီယုသည် မိမိကိုယ်မိမိ ကုသခဲ့ပြီးဖြစ်သဖြင့်၊ သွေးများအားလုံး တိတ်သွားခဲ့ပြီဖြစ်သည်။

“နင်ရောအဆင်ပြေရဲ့လား၊ အဲ့ကောင်က အရမ်းသန်မာလွန်းတယ်။ သူနဲ့ တစ်ချက်တိုက်ပြီးတော့၊ ငါ ဒဏ်ရာတော်တော်ကြီးရခဲ့တယ်။ သူက တော်တော်ကြီး စွမ်းအားကြီးတယ်” တန်စီယုက ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။ ချူးယွင်ဖန်း အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း သူမမြင်ခဲ့သော်လည်း နတ်ဆိုးလူငယ်မှ ဘေးထွက်ဆိုးကျိုးအချို့ကို ချန်ထားရစ်ခဲ့မည်ကို စိုးရိမ်နေသည်။

“ဘာမှမဟုတ်ပါဘူး၊ အစကနေအဆုံးထိ အသာစီးရခဲ့တာ ငါပဲလေ။ သူလွတ်သွားတာ နှမျောဖို့ကောင်းတယ်။ အဲ့ကောင်က ဂိုဏ်းရဲ့ အထူးပုဂ္ဂိုလ်တစ်ယောက်ယောက်ဖြစ်မယ်ထင်တယ်။ ဒီနေ့ ငါတို့ သူ့ကို မသတ်နိုင်ခဲ့တော့၊ နောင်မှာ သူ့ကြောင့် လူတွေအများကြီဂ ဒုက္ခရောက်ရတော့မှာ အသေအချာပဲ။ ငါတို့ ပတ်ဝန်းကျင်မှာ လက်ရှိအခြေအနေတွေ အရမ်းရှုပ်ထွေးနေလို့သာမဟုတ်ရင်၊ သူသေမှာ သေချာတယ်” ချူးယွင်ဖန်းက စိတ်ပျက်လက်ပျက်ပြောသည်။၊

“ဒီလို မတွေးပါနဲ့ နင် အကောင်းဆုံးလုပ်ခဲ့တာပဲလေ။ မဟုတ်ဘူးလား” တန်စီယုက ပြောသည်။

“နင်မပြောနဲ့ အစိုးရကတောင် ဂိုဏ်းကို ဘယ်လိုကိုင်တွယ်ရမလဲမသိဘူးလေ။ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့”

“အင်း ငါတို့ ဂိုဏ်းကို ဖျက်ဆီးချင်ရင် ရှည်ရှည်ဝေးဝေးစဥ်းစားရလိမ့်မယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါတို့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ လာ၊ သွားကြရအောင်။ နောက်ထပ် မွန်းစတားတွေအများကြီးလာတော့မယ်၊ မြန်မြန်ထွက်သွားကြရအောင်” ချူးယွင်ဖန်းက ခေါင်းညိတ်လျက်ပြောလိုက်သည်။ ဂိုဏ်းကို မုန်းတီးကြသော်လည်း ယခုအချိန်အတွင် ဤကိစ္စကို အလျင်စလို မလုပ်နိုင်ကြောင်း သူသိသည်။

နတ်ဆိုးဂိုဏ်းမှ တိုက်ခိုက်လာတိုင်း၊ မရေမတွက်နိုင်သော အသက်အိုးအိမ်၊ စည်းစိမ်များ၊ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့သည် လူ့အဖွဲ့အစည်းကြီး၏ အကြီးမားဆုံး ရန်သူဖြစ်သည်မှာ သေချာ၏။

“ဒီမိုးကြိုးတောင်ပံသားရဲကို နင်ယဥ်ပါးအောင်လုပ်ထားတာလား” ချူးယွင်ဖန်းသည် တန်စီယုကိုကြည့်၍ မေးလိုက်သည်။

တန်စီယုသည် မိုးကြိုးတောင်ပံသားရဲကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သော်လည်း ဤသတ္တဝါသည် မည်မျှ စွမ်းအားကြီးကြောင်း သူမသိထားသည်။ ၎င်းကို စွမ်းအင်အပြည့်ဖြင့် ကြီးထွားခွင့်ပေးထားပါက၊ ၎င်းသည် မြင့်မြတ်သော စွမ်းရည်များကို ထင်ရှားစွာပြသနိုင်သည့် စွမ်းအားရှင်တစ်ကောင်ဖြစ်လာလိမ့်မည်မှာ သေချာသည်။ ထိုသို့သော စွမ်းအားရှင်များသည် လူ့အဖွဲ့အစည်းအတွက်အလွန်အရေးကြီး၏။

“ဟုတ်တယ်” ချူးယွင်ဖန်းက ပြန်ဖြေ၏။ ယခင်က မိုးကြိုးတောင်ပံသားရဲကို လူသိထင်ရှား၊ မလွှတ်ပေးနိုင်သော်လည်း ယခုမူ လုပ်နိုင်ပြီဖြစ်၏။

“မြန်မြန်၊ ကလေးတွေကို မိုးကြိုးတောင်ပံသားရဲပေါ်တက်ခိုင်းလိုက်ပြီး ကယ်ကြရအောင်”

ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် ကလေးများကို မိုးကြိုးတောင်ပံသားရဲပေါ်သို့ အမြန်တက်နိုင်စေရန် ကူညီပေးခဲ့သည်။ အသက်ဆယ်နှစ်ကျော်ခန့်ရှိ မိန်းကလေးတစ်ဦးသည် ချူးယွင်ဖန်းနှင့် တန်စီယုတို့ကို ကြည့်၍ ရုတ်တရက် ပြောလိုက်၏။

“အစ်ကိုကြီးနဲ့ အစ်မကြီးက ပြည်ထောင်စုတက္ကသိုလ်ကကျောင်းသားတွေလား”

မီးခိုးများကြောင့် မိန်းကလေးငယ်၏ မျက်နှာသည် မည်းမှောင်နေလျက်၊ မျက်လုံးများသာ တောက်ပနေ၏။

“ဟုတ်တယ်” ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းညိတ်လိုက်ကြသည်။

“ညီမလေးတို့ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားဖြစ်လာရင် သမီးတို့ မိဘတွေရော ကိုယ့်ကိုယ်ကိုယ်ရောကာကွယ်နိုင်မှာလား” မိန်းကလေးက မေးသည်။

“သမီး ပြည်ထောင်စုတ္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်လာရင် သမီးမိဘတွေကို ကာကွယ်နိုင်တယ်” ချူးယွင်ဖန်းက ကောင်မလေးကို ကြည့်၍ပြောလိုက်သည်။ “ပြောလက်စနဲ့၊ သမီး မိဘတွေ ဘယ်မှာလဲ”

“သမီးရဲ့ အစ်မကြီးပြောတာတော့၊ သူတို့က အဝေးတစ်နေရာကို ထွက်သွားကြတာတဲ့၊ သူတို့ တကယ်သေသွားကြပြီလား” မိန်းကလေးငယ်က သူမ၏ ဝန်းဝိုင်းသော မျက်လုံးကြီးများကို ပုတ်ခပ်ပုတ်ခပ်လုပ်၍ ပြောသည်။

“တကယ်တော့ သမီးသိပါတယ်၊ သမီးအကုန်လုံးကို မြင်လိုက်တယ်”

ကလေးမလေးသည် ငယ်ရွယ်သော်လည်း ဤအရွယ်တွင် ကလေးများသည် အကြောင်းအရာများစွာကို သိထားနှင့်ပြီးသားဖြစ်ရာ၊ လူတချို့ထင်နေသကဲ့သို့ မာန်တက်နေကြခြင်းမဟုတ်ပေ။

ချူးယွင်ဖန်းသည် ကလေးမလေးကိုကြည့်၍ စိတ်ထဲတွင် နာကျင်လာသည်။ ဤသို့သော ကလေးငယ်ငယ်လေးသည် မည်သို့သော ကိစ္စများကြုံတွေ့ခဲ့ရသနည်း။ ကလေးမလေး’ မိဘများ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း သူနားလည်ထားခဲ့သည်။ ခေတ်မီလူ့အဖွဲ့အစည်း၏ ကောင်းကျိုးတစ်ခုအနေဖြင့်၊ မိဘမဲ့ကလေးများကို ကောင်းမွန်စွာပြုစုစောင့်ရှာက်ပေးကြသော်လည်း မိဘအရင်းများ၏ မေတ္တာကို အစားထိုးနိုင်သည့်အရာဟူ၍ မရှိပေ။

“အစ်ကိုကြီးနဲ့ အစ်မကြီး၊ သမီးလေ၊ ပြည်ထောင်စုတက္ကသိုလက်တက်နိုင်အောင်ကြိုးစားပါ့မယ်”

ကလေးမလေးသည် ဤစကားဆုံးသည်နှင့် မည်သည့်စကားတစ်ခွန်းမျှ ဆက်မပြောတော့ပေ။ သူမ၏ တိတ်ဆိတ်မှုသည် ကြေကွဲဖွယ်ကောင်း၏။ သို့သော် ဤအခြေအနေတွင် ခံစားချက်ပြင်းပျနေရန် အချိန်မရှိပေ။ ချူးယွင်ဖန်းသည် တန်စီယုကို မိုးကြိုးတောင်ပံသားရဲ၏ နောက်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက်၊ သူ့အတွက် နေရာမရှိတော့သဖြင့်၊ လမ်းလျှောက်လိုက်ရုံသာ တတ်နိုင်တော့မည်ဖြစ်သည်။

ထို့အပြင်၊ ချူးယွင်ဖန်းသည် လမ်းတစ်လျှောက်တွင် ကြုံတွေ့ရမည့် မွန်းစတားများကိုလည်း ရင်ဆိုင်ချေမှုန်းရန်လိုအပ်သောကြောင့်၊ ဤသည်မှာ အထူးတလှည်မဟုတ်ပေ။ သေချာစွာပင် ချူးယွင်ဖန်းသည် နှေးကွေးမနေခဲ့ပေ။ မိုးကြိုးတောင်ပံသားရဲ၏ အရှိန်ကိုပင် သူသည် နတ်ဘုရားကိုးသွယ်အသွင်ပြောင်းရွေ့လျားရေးနည်းစနစ်ကို အသုံးပြု၍ အမှီလိုက်နိုင်၏။

မကြာခင်တွင် ဒုတိယကာကွယ်ရေးစည်းကို မြင်လာရသည်။ ကျည်ဆံများသည် မွန်းစတားများကို တ္တုမိုးသီးများနှယ်၊ ချေမှုန်းပစ်လျက်ရှိရာ၊ ပထမဆုံး မွန်းစတားအုပ်တစ်အုပ် ကျရှုံးလုနီးနေပြီဖြစ်၏။ သတ္တုမိုးသီးများ နှေးကွေးလာရာ၊ ဤသည်မှာ ၎င်းတို့ လမ်းကို ဆက်သွားရမည့် အချိန်ကောင်းပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် လမ်းထောင့်ကို ဖြတ်သွားစဥ် သွေးအိုင်ထဲလဲနေသော လူငယ်တစ်ခုကို တွေ့လိုက်ရ၏။ သူသည် ကျက်သရေရှိသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ၊ အလွန်ခက်ခဲသော တိုက်ပွဲတစ်ခု ကြုံတွေ့ခဲ့ရကြောင်းထင်ရှား၏။

“စီယု၊ ကလေးတွေကို ဒုတိယကာကွယ်ရေးစည်းဆီ ခေါ်သွားပါ။ ဒီတစ်ယောက်ကို ကယ်နိုင်မလား ကြည့်လိုက်ဦးမယ်။ ငါ့အထင်တော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲဖြစ်မယ်ထင်တယ်” ချူးယွင်ဖန်းက ပြောသည်။

“သတိထားပါ” တန်စီယုက ခဏတာမျှစဥ်းစားပြီးနောက် ပြောလိုက်သည်။

“သွားမယ်”

ချူးယွင်ဖန်းသည် တန်စီယုနှင့် ကလေးများကို မိုးကြိုးတောင်ပံသားရဲနှင့် ပြန်ခိုင်းလိုက်ပြီးနောက်၊ သွေးအိုင်ထဲတွင် လဲကျနေသော ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားထံသို့ ဦးတည်သွားလိုက်သည်။

လူငယ်သည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိပုံရ၍ သူ၏ အသွင်အပြင်သည် သာမန်ထက် သာလွန်လှသော်လည်း ခန္ဓာကိုယ်မှ အရောင်အဝါများသည်မူ၊ အဆက်မပြတ်ဖြာထွက်လျက်ရှိသည်။ ထို့အပြင်၊ ၎င်း၏ သူ၏ ရင်ဘတ်တွင် လှံရှည်ဖြင့် ထုတ်ချင်းပေါက်ထားသော ဒဏ်ရာတစ်ခုရှိရာ၊ ချပ်ဝတ်တန်ဆာအထက်တွင် အက်ကွဲကြောင်း များစွာရှိနေ၏။ ဤသည်ကိုကြည့်လျှင်၊ သူသည် ကြီးကျယ်ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ကြုံတွေ့ခဲ့ရကြောင်း ထင်ရှား၏။

ချူးယွင်ဖန်းသည် လူငယ်ကို စောင့်ကြည့်ပြီးနောက်၊ အသက်ရှုနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ အတိအကျဆိုရလျှင်၊ သူသည် သေခြင်းတရားနှင့် လက်တစ်ကမ်းအလိုတွင်သာ ရှိနေခြင်းဖြစ်၏။

ချူးယွင်ဖန်းသည် လူငယ်ကို သွေးတိတ်စေရန် အနာကျက်ဆေးဖြန်းပေးပြီးမှ ကုသဆေးကျွေးလိုက်သည်။ ထို့နောက်၊ သူသည် လူငယ်ကို တွဲမလျက်၊ ဒုတိယကာကွယ်ရေးစည်းဆီသို့ ဦးတည်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ထိုနေရာနှင့် မဝေးလှပေ။ ချူးယွင်ဖန်းသည် လူငယ်ကို တွဲကူလျက်၊ သိပ်မကြာမီ၌ပင် ၎င်းတို့သည် ဒုတိယကာကွယ်ရေးစည်းသို့ရောက်ရှိခဲ့ကြသည်။ ဒုတိယကာကွယ်ရေးစည်းသည် ကြီးမားသော တပ်စခန်းတစ်ခုပင်ဖြစ်သည်။ မွန်းစတားများထံမှ လွတ်မြောက်နိုင်ခဲ့သူအများအပြားသည် မြို့ရိုးအောက်တွင် စုဝေးလျက်ရှိကြသည်။ တခါတရံတွင်မှသာ၊ လူသစ်အဖွဲ့များ ရောက်လာတတ်၏။

သိပ်မကြာခင်၌ ချူးယွင်ဖန်း ကယ်တင်လာခဲ့သော လူငယ်က အသိပြန်ဝင်လာသည်။ ထို့နောက်၊ သူ့ပတ်ဝန်းကျင်အခြေအနေကို ကြည့်၍ ချူးယွင်ဖန်းကို ပြောလိုက်သည်။

“မင်း ငါ့ကို ကယ်ခဲ့တာလား”

အခန်း(၄၂၃) ကြီးမားသော အခက်အခဲကြုံနေရသည့် မြို့ကို ကာကွယ်ခြင်း

“ဟုတ်တယ်၊ ငါကယ်ခဲ့တာ။ မင်းအသက်ရှုနေသေးလို့ကံကောင်းတာ မဟုတ်ရင် ငါဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး” ချူးယွင်ဖန်းက ပြုံး၍ ပြောသည်။

ချူးယွင်ဖန်းသည် သူတော်စင်မဟုတ်ပေ။ သူ့အစွမ်းအစနှင့် လူတိုင်းကို ကယ်တင်ရန် မဖြစ်နိုင်သောကြောင့်၊ သူတတ်နိုင်သမျှ ကယ်တင်ခဲ့သည်။ ဤသည်က၊ ဘာမှမလုပ်သည်ထက် ပို၍ ကောင်း၏။

“မင်းကို အသက်တစ်ခု အကြွေးတင်သွားပြီ၊ ငါပြန်ဆပ်မှာပါ” လူငယ်က ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက်၊ ပြောလိုက်သည်။

အဆိုပါလူငယ်ကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် ခေါ်ဆောင်သွားကြသည်။ ဒုတိယကာကွယ်ရေးစည်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင့်တစ်ခုနှယ် အလုပ်များလျက်ရှိသည်။ အထူးသဖြင့်၊ အဝေးမှ ဒုတိယမွန်းစတားအုပ်ကြီး ၎င်းတို့ထံပြေးလာသော အချိန်တွင်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်၊ ဒုတိယကာကွယ်ရေးစည်းတံခါးကို အမြန်ဖွင့်ပြီးနောက်၊ လူတိုင်းသည် နံရံတစ်ဖက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ မွန်းစတားနောက်တစ်အုပ်သည် ၎င်းတို့နောက်သို့တွယ်ကပ်နေသည့် အရိပ်တစ်ခုသဖွယ်ပင်ဖြစ်ရာ၊ ချက်ချင်းဆိုသကဲ့သို့ပင် အနားသို့ရောက်ရှိလာ၏။ သန်းပေါင်းများစွာသော မွန်းစတားများသည် မြို့ရိုးကို ပုရွက်ဆိတ်များသဖွယ်တိုက်ခိုက်နေကြသညမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။

သူ့ရှေ့တွင်မြင်နေရသော မွန်းစတားများနှင့် ယှဥ်လျှင်၊ ချူးယွင်ဖန်း ယခင်က ရင်ဆိုင်ခဲ့ရသမျှသည် ဘာမှမဟုတ်လှပေ။ ထိုအရာများသည် တူညီသော အဆင့်တွင်မရှိနေသည့်အပြင်၊ နှိုင်းယှဥ်၍လည်းမရနိုင်ပေ။ မွန်းစတားများသည် ကောင်းကင်တွင်ပျံသန်းလျက်၊ မြေပြင်ကို ဖြတ်ပြေးကြသည်။ မရေမတွက်နိုင်သောမွန်းစတားများစွာရောက်ရှိလာပြီးနောက်၊ ကောင်းကင်ယံထက်တွင် နေကွယ်သွား၏။

လူသားတို့ဘက်ခြမ်းမှမူ၊ မရေမတွက်နိုင်သော သတ္တုကျည်ဆံများထွက်လာသည်။ ကျည်ဆန်များသည် သေးငယ်လှသော်လည်း အထူးပြုလုပ်ထားသည့် သံမဏိကျည်ဆန်များဖြစ်ကြသည်။ မွန်းစတားများ၏ ထူထဲလှသော သံချပ်ကာအသားအရည်ကြီးများဖြင့်ပင်၊ ဤကျည်ဆန်များကို တားဆီးနိုင်ရန် ခဲယဥ်းပေလိမ့်မည်ဖြစ်သည်။ ယနေ့ကျင့်ကြံရေးခေတ်ထဲတွင် ဤကျည်ဆန်များသည် တိုင်ကီများထဲသို့ပင် ထိုးဖောက်ဝင်ရောက်နိုင်၏။ ဒုံးကျည်များစွာသည် ဝေဟင်တွင် ပျံတက်၍ မွန်းစတားများကို ဖောက်ခွဲပစ်လျက်ရှိရာ၊ အချက်တိုင်းသည် မွန်းစတားများစွာကို သေဆုံးစေနိုင်ခဲ့၏။

ဤအကွာအဝေးတွင် ရာနှင့် ချီသောစက်လက်နက်များသည် လေထဲသို့ ပျံတက်၍ မွန်းစတားများနှင့်ထိပ်တိုက်ရင်ဆိုင်လျက်ရှိသည်။

လူသားများသည် ၎င်းတို့၏ အပြင်းထန်ဆုံးသော ပစ်ခတ်စွ၎်းအားကို ဤကာကွယ်ရေးစည်းတွင် ထားရှိလျက်ရှိသော်လည်း မရေမတွက်နိုင်သော မွန်းစတားများစွာ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင်၊ အခြေအနေသည် ဆိုးရွားစပြုလာ၏။

ဤမြို့ရိုးသည် အလွန်မြင့်မားလှသော်လည်း အသတ်ဖြတ်ခံရသော မွန်းစတားအသေလောင်းများစုပြုံလာသောအခါ၊ တောင်ကြီးတစ်ခုနှယ်မြင့်မားလာ၍ မကြာခင်၌ပင်၊ မြို့ရိုးတမျှမြင့်မားလာခဲ့သည်။ မြို့ရိုးကို ချက်ချင်း မြှင့်လိုက်ကြသော်လည်း အလောင်းပုံများ၏ အမြင့်သည်လည်း ပို၍ မြင့်မားလာ၏။

ကျန်ရှိသော မွန်းစတားများသည် ၎င်းတို့၏ အပေါင်းအဖော်များ၏ အလောင်းများကို နင်း၍ မြို့ရိုးဆီသို့ အပြေးတက်လာကြသည်။ မြို့တော်ကာကွယ်ရေးအတွက် အခက်ခက်ဆုံးသော ဖြစ်စဥ်တစ်ခု စတင်နေပြီဖြစ်၏။ စစ်တပ်ထဲတွင် မရေမတွက်လောက်သည်အထိ၊ များပြားလှသော ကျွမ်းကျင်သူများရှိသော်လည်း အများစုသည် ပျံသန်းနေသော မွန်းစတားများကိုရင်ဆိုင်ရန် ၎င်းတို့၏ ယာဥ်များကို စီးနင်းကြရသည်။ ဝင်လာသော မွန်းစတားများကို သတ်ဖြတ်ရန် ပြေးထွက်လာသည့် လက်ကျန်တပ်သားများလည်း ကျန်ရှိနေသေး၏။ ဤသို့ဖြင့်ဆိုလျှင်ပင်၊ မလုံလောက်သေးပေ။

စစ်တပ်သည် ချူးယွင်ဖန်းကို ရှေ့တန်းသို့ လျင်မြန်စွာ တပ်ဖြန့်လိုက်သည်။ မြို့တော်ကာကွယ်ရေးတွင် သူကိုယ်တိုင်အပြင်၊ အနည်းဆုံး ထောင်သောင်းချီသော ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ ပါဝင်ခဲ့ကြသည်။

ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည် အခြားကျောင်းသားများထက် သာလွန်သော အရင်းအနှစ်များကို ရရှိထားသဖြင့်၊ အခြားသူများထက် များစွာပိုလွန်သော တန်ရာတန်ကြေးကိုလည်း ပေးကြရမည်ဖြစ်သည်။ ထို့အပြင် အခြေအနေသည် အလွန်အရေးကြီးနေပြီဖြစ်သောကြောင့် အဘက်ဘက်အရပ်ရပ်မှ အရပ်သားများသည်လည်း မြို့တော်ကာကွယ်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းတို့သည် သာမန်လူများဖြစ်သော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြဖြင်းဖြစ်သဖြင့်၊ ၎င်းတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် မွန်းစတားများထက် မနိမ့်ကျလှပေ။ ၎င်းတို့သည် နှစ်များတစ်လျှောက် ငြိမ်းချမ်းသော ဘဝဖြင့် နေထိုင်ခဲ့ကြဖြင့်၊ ၎င်းတို့၏တိုက်ပွဲအတွေ့အကြုံများသည် အလွန်နည်းပါးလှသောကြောင့်၊ လေ့ကျင့်ချိန် ခပ်များမာျး မရခဲ့ကြပေ။

ထို့အပြင် ၎င်းတို့သည် ကျောင်းတွင် လေ့လာခဲ့ကြသော လေ့ကျင့်ရေးများစွာကိုလည်း မေ့လျော့နေကြပြီဖြစ်သောကြောင့်ထိုသူများကိုသာ ရှေ့တန်းသို့ပိုဆောင်ခဲ့ပါက၊ အလွန်အမင်းအန္တရာယ်များပေလိမ့်မည်ဖြစ်သည်။ အသေအပျောက်အရေအတွက်သည်လည်း နည်းပေလိမ့်မည်မဟုတ်ပေ။

သို့‌သော် ဤအခိုက်အတန့်တွင် ၎င်းတို့ နောက်ပြန်ဆုတ်နေ၍ မဖြစ်တော့ပေ။ ဤမွန်းစတားများသည် ဤကာကွယ်ရေးစည်းကို ဖြတ်ကျော်လာလျှင်၊ လူအားလုံးအတွက် ဘေးဥပဒ်ဖြစ်ရပေလိမ့်မည်ဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်။ ယခင်မွန်းစတားများ စုပြုံချီတက်လာစဥ်က၊ ဒုတိယကာကွယ်ရေးစည်းသို့ ပြန်မဆုတ်နိုင်ခဲ့သည့် လူဦးရေသည်၊ အနည်းဆုံး တစ်သန်းကျော်ခန့်ရှိသည်။ ဒုတိယကာကွယ်ရေးစည်းသာ ကျဆုံးသွားပါက၊ အကျိုးဆက်ကို တွေးကြည့်၍ပင် ရနိုင်လိမ့်မည်မဟုတ်ပေ။ အသေအပျောက်အရေအတွက်သည် အနည်းဆုံး နှစ်ဆခန့်ပိုများပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူကြုံခဲ့ဖူးသမျှ အခက်ခဲဆုံးသော တိုက်ပွဲကို ကြုံတွေ့နေရသည်။ အဆုံးမဲ့သော မွန်းစတားများစွာသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံဖုံးလွှမ်းသွာားသည်။ ကံကောင်းထောက်မစွာဖြင့်၊ သူ့သည် တန်စီယု၏ အကူအညီကို ရရှိထားသည်။ သူတို့နှစ်ဦးသည် အလွန်ကျွမ်းကျင်ကာ၊ နှစ်ဦးကြား ပြတ်ပြတ်သားသား နားလည်မှုရှိသည်။ ယခင်ကလည်း အကြိမ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြသည်။ ယခုမူ မိုးကြိုးတောင်ပံသားရဲ၏ အကူအညီဖြင့်၊ တောင့်ခံထားနိုင်ခဲ့ကြသည်။

ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် မွန်းစတားတစ်ကောင်ကို မြေပြင်ပေါ်သို့ ခုတ်လှဲလိုက်သည်။ သူသည် ပြင်းပြင်းထန်ထန်မောဟိုက်နေလျက်၊ လက်တစ်ဖက်လုံး ထုံကျင်နေသကဲ့သို့ ခံစားနေရသည်။ ကျင့်ကြံရေးတွင် အောင်မြင်ကြသည့် သိုင်းပညာကျွမ်းကျင်သူများသည်ပင်၊ ထောင်ပေါင်းများစွာသော တပ်သားများနှင့် ရင်ဆိုင်ရပါက၊ ထွက်ပြေးရုံသာပြေးနိုင်ခဲ့ကြကြောင်း ရှေးဟောင်းတိုက်ပွဲစာအုပ်အချို့တွင် မှတ်တမ်းများရှိခဲ့သည်ကို သူနောက်ဆုံးတွင် နားလည်ခဲ့သည်။ ဝိုင်းရံခံလိုက်ရပါက၊ နောက်ဆုံးရလဒ်သည် သေခြင်းတရားသာဖြစ်ပေလိမ့်မည်။

အကယ်၍ လူတစ်ဦးသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရှိ၍ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံခါးကို ဖွင့်နိုင်ပါက၊ ထို ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို ငှားရမ်းနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ထိုသူ၏ ခွန်အားများ တိုးလာရုံသာမက၊ ခံနိုင်ရည်အားသည်လည်း အလွန်အမင်းတိုးတက်လာလိမ့်မည်ဖြစ်သည်။ သို့မှသာလျှင်၊ စစ်တပ်တစ်ခုလုံးကို သတ်ပစ်နိုင်လိမ့်မည်ဖြစ်၏။ ဤသို့မဟုတ်ပါက၊ လူတစ်ယောက်တွင် မြင့်မားသော စွမ်းအင်၊ ခွန်အားများရှိနေလျှင်ပင်၊ ပင်ပန်းနွမ်းနယ်၍ သေဆုံးရပေလိမ့်မည်ဖြစ်သည်။

နာရီအနည်းငယ်ကြာသော တိုက်ပွဲသည် တစ်စက္ကန့်မျှပင် မရပ်တန့်သွားခဲ့ပေ။ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော မွန်းစတားများသည် အဆက်မပြတ် တိုက်ခိုက်လျက်ရှိရာ၊ ချူးယွင်ဖန်းကို တစ်စက္ကန့်မျှပင် အသက်ရှုခွင့်မပေးကြပေ။ ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် မွန်းစတားများကို အဆက်မပြတ်သုတ်သင်လျက်ရှိသည်။ ဤပြင်းထန်သော တိုက်ပွဲတွင် ဓားကိုင်ဆောင်သူမှ ဆက်လက် ထိန်းထားနိုင်လျှင်ပင်၊ အရိပ်မဲ့ဓားသည် ပို၍ ကြာကြာ ထိန်းထားနိုင်တော့မည်မဟုတ်ပေ။

ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲတွင် အင်အားသုံးစွဲမှုသည် ပုံမှန်ထက် အဆပေါင်းများစွာပိုများသည်။ အများစုသည် တိုက်ပွဲစတင်ပြီး အနည်းငယ်အကြာတွင် မိမိတို့ ကိုယ်ကို ပြန်လည် ဖွဲ့စည်းရန် ဆုတ်ခွာသွားကြသည်။ ဤတိုက်ပွဲအလယ်တွင် ချူးယွင်ဖန်းသည် ပင်အပ်တစ်ချောင်းသဖွယ် နေရာ၌ အခိုင်အမာအမြစ်တွယ်နေ၏။ မည်သို့သော မွန်းစတားမျိုးပင်ဖြစ်စေကာမူ၊ သူ့ကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။

မှန်သည်။ မွန်းစတားအစုအဝေးတွင် အလွန်အစွမ်းထက်လှသော မွန်းစတားများစွာ မရှိပေ။

ထိုသို့အစွမ်းထက် မွန်းစတားများ ပေါ်လာလျှင်ပင်၊ ပြည်ထောင်စု၏ ကျွမ်းကျင်ပညာရှင်များ၏ လက်ထဲတွင် သတ်ဖြတ်ခံရမည်ဖြစ်သည်။ ၎င်းတို့သည် ကာကွယ်ရေးစည်းကို အပြည့်အဝထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပေ။

ဤကြောက်မက်ဖွယ်ကောင်းသော မွန်းစတားများသည် အလွန် စွမ်းအားကြီးလွန်းသည်။ တစ်ချက်တည်းဖြင့်ပင်၊ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားသည် ကာကွယ်ရေးစည်းတစ်ခုလုံးကို ဖြတ်‌ကျော်သွားနိုင်၏။ ယခုအချိန်တွင် ချူးယွင်ဖန်းဆယ်ယောက်ရှိလျှင်ပင်၊ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတစ်ကောင်ကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအင်အားကြီးမားသော မွန်းစတားများကို ကိုင်တွယ်ဖြေရှင်းရန် ပြည်ထောင်စုတပ်မတော်မှ ကျွမ်းကျင်သူများစွာရှိသည်။

ယခုအချိန်တွင် ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်ရှိလူများသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားကြပြီဖြစ်သည်။ အများစုသည် ဒဏ်ရာရရှိခဲ့၍ ပြန်လည်သက်သာရန်ဆုတ်ခွာသွားရပြီဖြစ်ရာ၊ ချူးယွင်ဖန်းတစ်ဦးသည်သာ၊ နောက်ပြန်မဆုတ်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ အရိပ်မဲ့ဓဦးသည် ပုံသဏ္ဍာန်ပျက်ယွင်းသွားခဲ့ပြီဖြစ်ရာ၊ သူသည် လက်နက်ကို ပစ်ချ၍ မွန်းစတားများကို လက်ဗလာဖြင့် စတင်တိုက်ခိုက်တော့သည်။

လူတိုင်း ထိတ်လန့် ကြောင်အကုန်ကြသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးနည်းစနစ်များသည် ဤမျှ ကြမ်းတမ်းနေလိမ့်မည်ဟု ၎င်းတို့ ဘယ်သောအခါမှ မမျှော်လင့်ထားကြပေ။ သို့သော် မကြာခင်၌ပင်၊ ၎င်းတို့၏ မျက်လုံးများ မျက်လုံးအိမ်ထဲမှ ပြူးထွက်လာရ၏။ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သူနှင့် တိုက်ခိုက်နေသော မွန်းစတားးသည် အနောက်သို့ လွင့်စင်သွားရသော်လည်း၊ သူသည်မူ အဆင်ပြေပုံရနေသေး၏။

ယင်းကြောင် ချူးယွင်ဖန်း နေရာတဝိုက်က ကာကွယ်ရေးစညး်၏ မီတာတစ်ထောင်အကွာအဝေးအတွင်းတွင် အံ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်လာသည်။

All Chapters