အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အခန်း(၄၂၄) တိုက်ပွဲအပြီး၊ ကျန်းလင်းရှောင် ရောက်ရှိလာခြင်း
ဤသည်မှာ သိုင်းပညာတွင်ကျွမ်းကျင်သူ တစ်ဦးတစ်လေမျှမရှိခြင်းကြောင့်မဟုတ်ပေ။ ယေဘုယျအားဖြင့်ဆိုရလျှင်၊ လူတစ်ဦး၏ ခန္ဓာကိုယ်သည် မွန်းစတားများနှင့် တိုက်ရိုက်ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် လုံးဝကွဲပြားခြားနားနေသည့် တိုက်ခိုက်ရေးပုံစံကို ပြသလျက်၊ ထိုမွန်းစတားများထက် မနိမ့်ကျသော ကိုယ်ခန္ဓာကိုပြသခဲ့သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာအရ၊ မွန်းစတားများထက်ပင် ပို၍ သန်မာလှ၏။
သို့သော် ဤသည်မှာ ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ လူအများ၏ အမြင်တွင် ပြည်ထောင်စုတက္ကသိုလ်သည် သိုင်းပညာ၏ သန့်ရှင်းသော နယ်မြေဖြစ်သဖြင့်၊ ၎င်းတို့၏ ခန္ဓာကိုယ်များကို သန်မာစေနိုင်သည့် နည်းလမ်းများစွာရှိနေသည်မှာ သာမန်ပင်ဖြစ်သည်။
ညကောင်းကင်ယံ၏ အငွေ့အသက်များမထင်ဟပ်လာခင်အထိ တိုက်ပွဲဆက်ခဲ့ကြရာ၊ နေဝင်ချိန်ကို ကျော်လွန်သွားပြီးနောက်၊ တိုက်ပွဲသည် ကောင်းစွာပြီးဆုံးသွား၏။ ကြယ်များ လင်းလတ်လာသောအခါ၊ တိုက်ပွဲ၏အဆုံးသတ်သို့ရောက်ရှိလာသည်။ တိုက်ပွဲမှ လုံးလုံးလျားလျားပြီးဆုံးသွားခြင်းမဟုတ်သော်လည်း စစ်ကူများရောက်ရှိလာခြင်းဖြစ်သည်။ ဤစစ်ကူများကြောင့် ပြိုလဲလုနီးပါးဖြစ်နေသော ကာကွယ်ရေးစည်းကို ကယ်တင်နိုင်ခဲ့သည်။
“ဒါက လူသားမျိုးနွယ်ရဲ့ စစ်မှန်တဲ့စွမ်းအားပဲ” ချူးယွင်ဖန်းသည် အဝေးမှပျံသန်းလာသည့် အနှိုင်းမဲ့ကြီးမားသော လွန်းပျံယာဥ်ကြီးများကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သော အမြှောက်များစွာ လွင့်ပျံလာပြီးနောက်၊ တစ်ခဏချင်း၌ပင်၊ ရာနှင့်ချီသောပျံသန်းနေသည့် မွန်းစတားများစွာသည် အသားစိုင်များနှင့် သွေးများအဖြစ်ပေါက်ကွဲ ကြေမွသွားကြသည်။
လွန်းပျံယာဥ်ကြီးများထဲမှ တိုက်လေယာဥ်များ ပျံသန်းထွက်ပေါ်လာကြရာ၊ ၎င်းတို့သည် ဝေဟင်ထက်ရှိ ပျံသန်းနေသော မွန်းစတားများကြားထဲသို့ ပြေးဝင်၍ လျှပ်စီးသဖွယ်လျင်မြန်စွာတိုက်ခိုက်လိုက်ကြသည်။ ထိုတိုက်လေယာဥ်များသည် ပျံသန်းနေသည့် သတ္တဝါများအားလုံးကို တစ်ရှိန်ထိုးချေမှုန်းပစ်လိုက်ကြသည်။ ပေါက်ကွဲသံများ ကျယ်လောင်လျက်ရှိရာ၊ အဝေးမှပင်ကြားနိုင်၏။ မရေမတွက်နိုင်လောက်သည်အထိ များပြားလှသော ကြီးမားသည့်သံမဏိသားရဲကြီးများ ချဥ်းကပ်လာကြသည်။ လူသားမျိုးနွယ်၏ သံချပ်ကာတပ်သားများသည် နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်ရာ လူသားမျိုးနွယ်သည် နောက်ဆုံးတွင် မွန်းစတားများကို တွန်းလှန်နိုင်သည့် ၎င်းတို့၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ပြသနိုင်ခဲ့၏။
စိမ်းလန်းစိုပြည်သော မြို့တော်ကြီးကို တိုက်ခိုက်ခဲ့ကြသည့် မွန်းစတားအုပ်ကြီးသည် တစ်နာရီမပြည့်မီတွင် အစုလိုက်အပြုံလိုက်သုတ်သင်ခံလိုက်ရ၏။ ချူးယွင်ဖန်းနှင့် အခြားသူများအားလုံး၊ နောက်ဆုံးတွင် အနားယူခွင့်ရကြပြီဖြစ်၏။
ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းရန် မြေပြင်ပေါ်တွင် လဲလျောင်းလိုက်သည်။ ဧကရာဇ်ကိုယ်ခန္ဓာနည်းလမ်း ကို ကျင့်ကြံပြီးခဲ့စဥ်ကတည်းက၊ သူ၏ ခွန်အားများအားလုံး ကုန်ဆုံးသွားခဲ့သည်မှာ ဤသည်ကား ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ မွန်းစတားများ၏ ဝန်းရံခြင်းခံထားရသည့် အခြေအနေအောက်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာတစ်ခုလုံး ကွဲကြေသွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ ချီစွမ်းအင်များကို အဆက်မပြတ် ဖြန့်ကျက်လျက်ရှိရာ၊ သူ၏ ခုံခံကာကွယ်မှုသည် အလွန်အံ့သြဖွယ်ကောင်း၏။ အခြားသူသာဖြစ်လျှင်၊ လဲကျသွားနှင့်သည်မှာ ကြာလောက်ပြီဖြစ်သည်။
စစ်မြေပြင်တွင် တိုက်ပွဲတစ်ခု၏ ရလဒ်ကို ဤမျှရိုးရှင်းသည့်အရာဖြင့်၊ မဆုံးဖြတ်နိုင်ပေ။
မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်း၏ အနားတွင် ရပ်လျက်၊ အစောင့်အရှောက်နတ်ဘုရားတစ်ပါးနှယ် စောင့်ကြပ်ကာကွယ်လျက်ရှိသည်။ ပတ်ဝန်းကျင်မှလူများသည် ဤသည်ကို ကျင့်သားရနေသည်မှာ ကြာခဲ့ပြီဖြစ်၏။
မွန်းစတားများကို ယဥ်ပါးစေနိုင်သူ အလွန်နည်းလှသည်။ သို့သော် ချူးယွင်ဖန်း၏ မိုးကြိုးတောင်ပံသားရဲသည် အခြားမွန်းစတားများထက် သိသာစွာကွဲပြားသည့်အပြင်၊ သိသိသာသာထူးခြား၏။ မိုးကြိုးတောင်ပံသားရဲ၏ တစ်ဖက်တွင် တန်စီယုသည် ၎င်းကို မှီ၍ အိပ်ပျော်နေခဲ့သည်။ တစ်နေ့ကုန်တိုက်ခိုက်ခဲ့ပြီးနောက်၊ ခွန်အားများ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
အသက်ရှင်ကျန်ရစ်ခဲ့ကြသည့်အတွက်၊ လူတိုင်းပျော်ရွှင်ဝမ်းသာလျက်ရှိကြသည်။ မကြာသေးမီနှစ်များအတွင်း လူသားများ၏ ခွန်အားများတိုးလာသည်နှင့်အမျှ၊ မြို့များကို တိုက်ခိုက်သည့် မွန်းစတားများ၏ တိုက်ခိုက်ခံခဲ့ရမှုအချို့ရှိခဲ့သည့်တိုင်၊ ၎င်းတို့ထဲမှ အနည်းငယ်သာရှင်ကျန်ရစ်ခဲ့ကြသည်။ ထိုသို့သော အခြေအနေမျိုးကြုံလာရပြီးနောက်တွင် ၎င်းတို့အသက်ရှင်ကျန်ရစ်နိုင်ခဲ့ခြင်းကပင် လုံလောက်နှင့်ပြီဖြစ်၏။
လူအများအပြားသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်လုပ်နိုင်ရန် ဖုန်းခေါ်လျက်ရှိကြသည်။ ၎င်းတို့အားလုံးသည် မိမိတို့ ချစ်ရသူများကို ဖုန်းခေါ်ဆို၍ ၎င်းတို့ ဘေးကင်းကြောင်း အတည်ပြုချင်ကြသည်။ သို့မဟုတ်၊ ပြင်ပကမ္ဘာမှလူများကို မိမိတို့ ဘေးကင်းကြောင်း အသိပေးလိုကြသည်။
အမျိုးမျိုးသော ဆွေးနွေးပွဲများပြုလုပ်လျက်ရှိကြရာ၊ တောထဲ၌ စခန်းချရန်သုံးပြုသည့် တဲများတည်ထောင်ရန် ကူညီပေးနေကြသူ အများအပြားရှိသည်။ ယနေ့တွင် ဤနေရာ၌ရှိသူများအနက်၊ လူတစ်ဝက်ခန့်သည် အိုးမဲ့အိမ်မဲ့ဘဝသို့ရောက်ရှိသွားကြပြီဖြစ်သဖြင့်၊ ထိုကဲ့သို့တဲမျိုးတွင် နေကြရတော့မည်ဖြစ်သည်။
ကောင်းကင်ယံတွင် ထောက်ပံ့ရေးပစ္စည်းများကို အဆက်မပြတ် ပစ်ချပေးနေသည့် လေယာဥ်များ ပျံဝဲလျက်ရှိသည်။ အဝေးမှလာခဲ့ကြသော ပင်မတပ်သားများသည် သဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေးပရောဂျက်ကို စနစ်တကျလုပ်ဆောင်နေကြသည်။
မှောင်မိုက်သော ည၏ ညို့မှိုင်းသောလရောင်အောက်တွင် လူတစ်ဦးသည် တဖြေးဖြေး လမ်းလျှောက်လာ၏။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် သူများ၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ အကယ်၍ ထိုသူကို မကြည့်ကြလျှင်ပင်၊ သူ၏ ခြေသံများမှာမူ၊ အလွန်အာရုံဖမ်းစားလျက်ရှိသည်။
မိုးကြိုးတောင်ပံသားရဲသည် ငိုက်မြည်းနေရာမှ နိုးထလာကာ၊ မျက်လုံးဖွင့်၍ ရှေ့မှလူကို စိုက်ကြည့်နေသည်။
ထိုသတ္တဝါ၏ ရှေ့မှလူသည် အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ဦးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ကိုယ်ရောင်ကိုယ်ဝါများသည် အလွန်စွမ်းအားပြင်းထန်လျက်ရှိသည်။
“မိုးကြိုးတောင်ပံသားရဲလား” လူငယ်၏ မျက်လုံးများတွင် အံ့အားသင့်မှုများပေါ်လာသည်။
မကြာမီတွင် မိုးကြိုးတောင်ပံသားရဲ၏ထူးဆန်းသော လှုပ်ရှားမှုများက အနားယူနေသော ချူးယွင်ဖန်းကို သတိပေးလိုက်သည်။ တောတွင်းအတွေ့အကြုံများကြောင့် ချူးယွင်ဖန်းသည် အိပ်ပျော်နေချိန်၌ပင် သတိရှိနေတတ်သည်မှာ ကြာပြီပင်ဖြစ်၏။
ချူးယွင်ဖန်းသည် သူ့ခွန်အားထက်ဝက်ကျော်ခန့်ကို ပြန်လည်ရရှိနေပြီဖြစ်သဖြင့်၊ အလျင်အမြန်ပင်၊ မတ်တပ်ထရပ်လိုက်သည်။ ပေါ်လာသည့်လူကို ကြည့်လိုက်ပြီးနောက်၊ ချူးယွင်ဖန်း ချက်ချင်းပင် ထိတ်လန့်သွားမိသည်။ ယင်းမှာ ကျန်းလင်းရှောင်မှတပါးအခြားသူမဟုတ်ပေ။
ထိုအချိန်တွင် ပြည်ထောင်စုတက္ကသိုလ်မှကျောင်းသားအများအပြားသည် ကျန်းလင်းရှောင်ကို သတိထားမိလိုက်ကြသဖြင့်၊ အနားသို့ဝိုင်းရံလာကြသည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းကို ထူးဆန်းသောအမူအရာများဖြင့် ကြည့်၍ မြင်လေ့မြင်ထမရှိသော ချူးယွင်ဖန်းကိုတစ်ချက်ကြည့်လိုက်ကြသည်။ ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းနှင့် မည်သို့မည်ပုံပတ်သက်နေကြောင်း ၎င်းတို့ မသိကြပေ။
သခင်ဖြစ်သူ၏ နှလုံးသားထဲမှ ရန်လိုမုန်းတီးမှုကို ခံစားလိုက်ရသဖြင့်၊ မိုးကြိုးတောင်ပံသားရဲသည် လေပေါ်သို့ ခုန်ပျံလိုက်ပြီးနောက်၊ ကျန်းလင်းရှောင်ကို အေးစက်စာကြည့်၍ ဟိန်းဟောက်လိုက်သည်။
“မင်္ဂလာပါ ဥက္ကဌကြီး”
ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားအများအပြားက သူ့ကို နှုတ်ဆက်ကြသည်။ ကျန်းလင်းရှောင်သည် ပြည်ထောင်စုတက္ကသိုလ်၏ စံနှုန်းများဖြင့်ပင်၊ အလွန် အာဏာကြီး၍ စွမ်းအားကြီးသူဖြစ်သဖြင့်၊ တက္ကသိုလ်တွင် နာမည်ကြီးသည်။
ကျန်းလင်းရှောင်က လူအုပ်ကို ခေါင်းညိတ်ပြလိုက်သည်။
“ဒီတစ်ကြိမ်၊ မွန်းစတားတွေက ငါတို့အငိုက်မှာ မြို့ကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် မင်းတို့အားလုံး ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ကြတယ်။ မင်းတို့တစ်ဦးစီတိုင်းက ပါဝင်ကူညီခဲ့ကြတယ်။ တက္ကသိုလ်က မင်းတတို့အားလုံးကို ဆုချီးမြှင့်ပေးမှာပါ။ ငါတို့ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ကမ္ဘာကို ပြနိုင်ခဲ့တယ်။ မင်းတို့အားလုံး တက္ကသိုလ်က ဂုဏ်ယူရအောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်”
“မင်းတို့ တစ်ဦးတစ်ယောက်စီတိုင်းမှာ မင်းတို့ရဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပေးထားတဲ့ မှတ်တမ်းတင်စနစ်ရှိတယ်။ မင်းတို့ မွန်းစတားများများသတ်လေ၊ အမှတ်များများရလေပဲ။ ငါအမိန့်ထုတ်လိုက်မယ်။ မင်းတို့အားလုံး အချိန်တန်ရင် အဲ့အမှတ်တွေကို အဖိုးတန်ဆေးဝါးတွေနဲ့ လဲလှယ်ခွင့်ပေးမယ်။ ဒီဆေးတွေက မင်းတို့ရဲ့ စွမ်းအားကို အများကြီး မြှင့်တင်ပေးနိုင်လိမ့်မယ်”
ဤသည်ကို ကြားလိုက်ရသည့်လူတိုင်းသည် ကျေနပ်စွာ အံ့အားကျေနပ်ကုန်ကြသည်။ ဤအဖိုးတန်ဆေးဖက်ဝင်ဆေးများကို ရရှိရန် မည်မျှခက်ခဲကြောင်း ၎င်းတို့အားလုံးသိထားကြသည်။ ဤသည်မှာ ဤဆေးများ၏ တန်ဖိုး အလွန်မြင့်မားနေခြင်းကြောင့်မဟုတ်ပေ။ ထိုအဖိုးတန်ဆေးများဖြင့် လဲလှယ်လိုပါက၊ ခွင့်ပြုချက်လိုအပ်သည်။ သာမန်ကျောင်းသားများသည် ထိုသို့သော ဆေးများနှင့် လဲလှယ်နိုင်သည့် အရည်အချင်းမရှိကြပေ။ ပြည်ထောင်စုတက္ကသိုလ်ကို ထူးချွန်စွာ ပံ့ပိုးကူညီမှုများလုပ်ပြီးမှသာလျှင်၊ ၎င်းတို့၏အဆင့်အတန်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ၎င်းတို့၏အဆင့်အတန်း တိုးမြင့်လာသောအခါမှသာလျှင်၊ ပိုမိုကောင်းမွန်သော ဆေးများနှင့် လဲလှယ်နိုင်မည်ဖြစ်ရာ၊ သို့မှသာ ၎င်းတို့၏ကျင့်ကြံရေးအဆင့်ကို မြှင့်တင်၍ ပြည်ထောင်စုတက္ကသိုလ်ကို ပိုမိုထောက်ပံ့နိုင်မည်ဖြစ်သည်။
လက်တွေ့တွင် ပြည်ထောင်စုတက္ကသိုလ်၏ ထူးချွန်ကျောင်းသားများအားလုံး ဤလုပ်ငန်းစဥ်တွင်ပါဝင်လျက်ရှိကြသည်။ ဤသည်ကား အလွန်အဆင့်အတန်းမြင့်မားသည့် စက်ဝန်းတစ်ခုဖြစ်၍ သာမန်ကျောင်းသားများသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ကြုံရမည်မဟုတ်ပေ။ ယခုအချိန်တွင် ကျန်းလင်းရှောင်သည် ဆုံးဖြတ်ချက်ကို ချလိုက်ပြီဖြစ်သဖြင့်၊ အဖိုးတန်ဆေးများကို ကိုယ်တိုင်ရရှိနိုင်မည့် အခွင့်အရေးမျိုးရလာကြပြီဖြစ်သည်။ လူများစွာ၏ မျက်နှာထက်တွင် ကျေးဇူးတင်ကြောင်း ပေါ်လွင်နေသည်။
“ကောင်းလိုက်တာ၊ ဒီနည်းနဲ့၊ ကျွန်တော်တို့ ခွန်အားတွေကို မြှင့်တင်နိုင်တော့မှာ”
“ဥက္ကဌက ကောလဟာလတွေထဲကလိုပဲ တကယ်မြင့်မြတ်တယ်”
“ဥက္ကဌကြီးဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ”
ဤကြေငြာချက်ကို ပြုလုပ်ပြီးနောက်၊ ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကို လှည့်ကြည့်၍ မေးလိုက်သည်။
“မင်းက ချူးယွင်ဖန်းလား”
အခန်း(၄၂၅) ကျန်းလင်းရှောင်ကို ဆုံးမခြင်း
“အင်း ဟုတ်တယ်” ချူးယွင်ဖန်းက တည်ငြိမ်စွာခေါင်းညိတ်ပြလိုက်သောလည်း သူ့နှလုံးသားထဲတွင် အလွန်နာကျင်နေသည်။ ကျန်းလင်းရှောင်သည် မကောင်းသော ရည်ရွယ်ချက်ဖြင့်၊ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူသိသည်။
ချူးယွင်ဖန်း၏ အနီးနားရှိ မိုးကြိုးတောင်ပံသားရဲသည်လည်း အန္တရာယ်ကို ခံစားလိုက်ရသည်။ ၎င်းသည် ကျန်းလင်းရှောင်ထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကို ခံစားမိသဖြင့်၊ ၎င်း၏ အမွှေးများအားလုံး ထောင်လျက်ရှိသည်။
“မင်းက တကယ့်ကို သတ္တိရှိတာပဲ” ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကို ရဲတင်းစွာစိုက်ကြည့်၍ ပြောလိုက်သည်။
“မင်းဘာပြောဖို့ ကြိုးစားနေတာလဲ စီနီယာကျန်း” ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို အမြင်မကြည်စွာကြည့်၍ ပြောလိုက်သည်။
“ဒီနေ့ မင်းက မြို့ကို မွန်းစတားတွေသိမ်းပိုက်တဲ့ရန်ကနေ တားမြစ်ပြီး တကယ့်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ငါ ဒီကိစ္စကို ကျောင်းကို အစီရင်ခံမှာပါ၊ ဒါပေမယ့် မင်းအရင်က တကယ်ကို သတ္တိရှိခဲ့တယ်။ ငါ့ဆင်ခေါ်ချက်ကို ငြင်းဆိုပြီးတော့၊ ငါ့ကျောင်းကောင်စီဝင်တွေကို ဒဏ်ရာရအောင်လုပ်ဖို့အထိ သတ္တိရှိလိုက်တာ။ မင်းဘယ်လောက်တောင် သတ္တိရှိသလဲစဥ်းစားကြည့်စမ်း၊ ပြင်ထောင်စုတက္ကသိုလ်ကို မင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့ မင်းအပိုင်လို့ ထင်နေတာလား” ကျန်းလင်းရှောင်က ကျယ်လောင်စွာပြောသည်။
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ဤသို့သော အဖြစ်အပျက်မျိုး ဖြစ်ခဲ့ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများအကြားတွင် ကျန်းလင်းရှောင်ကို အလွန်လေးစားကြသည်။ ချူးယွင်ဖန်းသည် ကျောင်းသားကောင်စီဥက္ကဌ ကျန်းလင်းရှောင်ကို ငြင်းဆိုရဲလိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။ တိကျသော ကဏ္ဍမှကြည့်လျှင်၊ ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်၏ အကြီးဆုံးကျောင်းသားအဖွဲ့အစည်းဖြစ်သည့် ကျောင်းသာ ကောင်စီကို ဆန့်ကျင်ခြင်းဖြစ်သည်။
“ချူးယွင်ဖန်း၊ ဒီနာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ ငါအခုမှတ်မိပြီ။ သူက ဆရာတွေအတွက် ပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့တာမလား”
“အင်း ဟုတ်သားပဲ၊ ငါအခုမှ မှတ်မိတယ်။ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်။ သူက ချန်ပီယံဖြစ်ပေမယ့်၊ စီနီယာကျန်းနဲ့ ယှဥ်နိုင်မယ်လို့ထင်လား”
“ကြည့်ရတာ၊ သူတကယ့်ကို မာန်တက်နေတဲ့ပုံပဲ။ သူက တကယ်ပဲ စီနီယာကျန်းကို ငြင်းရဲတယ်ပေါ့”
ကျောင်းသားများသည် တက်ကြွစွာဖြင့်၊ ဆွေးနွေးလျက်ရှိကြသည်။ ချူးယွင်ဖန်း၏ ဝိသေသလက္ခဏာများကို မှတ်မိသူများစွာရှိသည်။ သို့သော် များစွာသောသူတို့သည် သူ့ကို အထင်မကြီးကြပေ။ ၎င်းတို့အားလုံးသည် မောက်မာသည်ဟုသာ ထင်နေကြ၏။
ချူးယွင်ဖန်းသည် ဆရာများအတွက် ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ချန်ပီယံတစ်ဦးမျှသာဖြစ်သည်။ သာမန်ကျောင်းသားများနှင့် ယှဥ်လျှင်၊ သူသည် သာလွန်လှသော်လည်း ကျန်းလင်းရှောင်၏ရှေ့တွင်မူ၊ မည်သည့်အဆင့်မျှမရှိပေ။
“ငါ့ကို လာခေါ်တယ်ဟုတ်လား။ စီနီယာကျန်း၊ မင်းတစ်ခုခုတော့ နားလည်မှုလွဲနေတာဖြစ်ရမယ်။ ငါမှတ်မိသလောက်ဆိုရင်၊ ကျောင်းသားကောင်စီက တရားဝင်အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး။ အစိုးရရှေ့နေရုံးကပဲ ငါ့ကို ဆင့်ခေါ်ပိုင်ခွင့်ရှိတယ်။ မင်းတို့မှာ ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိဘူးလို့ ငါထင်ပါတယ်” ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ ကျန်းလင်းရှောင်သည် တရားဝင်လုပ်ငန်းတစ်ခုနှယ်ပြုမူနေသော်လည်း ချူးယွင်ဖန်း၏ စိတ်ထဲတွင်မူ၊ ထိုအရာသည် အရေးမပါလှပေ။
“မိုက်ရိုင်းလိုက်တာ။ မင်းကိုယ်မင်းကို ဘာကောင်ထင်နေတာလဲကွ၊ စီနီယာကျန်းကို မင်းဒီလိုပြောရဲတယ်ပေါ့” ဘေးတွင်ရပ်နေသောကျောင်းသားတစ်ယောက်က ဒေါသတကြီးပြောလိုက်သည်။
“ငါ့ကိုဖိနှိပ်ချင်လို့ ကျောင်းရဲ့စည်းကမ်းတွေကို အသုံးချနေတာလား။ မင်းက ကျောင်းသားသစ်လေးတစ်ယောက်သာသာပါပဲ၊ မင်းရဲ့ကျင့်ကြံရေးက သိပ်အဖြစ်မရှိပေမယ့် လျှာကတော့သွက်သားပဲ။ မင်းကို ခေါ်မယ့် ကိစ္စမေ့ထားလိုက်ပါ၊ ငါက သဘောထားကြီးတဲ့အတွက်၊ မင်းကို အပြစ်တင်နေမှာမဟုတ်ဘူး။ ဒါပေမယ့် ကျောင်းသားကောင်စီဝင်တွေကို ထိခိုက်စေတဲ့အတွက်ကြောင့် ငါမင်းကို ခွင့်မပြုဘူး။ ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေက စည်းလုံးကြတယ်။ မင်းတကယ်ပဲ မင်းရဲ့အတန်းဖော်တွေကို တိုက်ခိုက်ရဲတယ်ပေါ့။ ဒီကျောင်းမှာ မင်းကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူးလို့ထင်လား”
“အခြားတက္ကသိုလ်ကျောင်းသားတွေသာ ငါတို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဒီလို အပြုအမူတွေကို မြင်ရင် ကျောင်းသားတစ်ယောက်ကို ကောင်းကောင်း မစီမံနိုင်လို့လို့ထင်ပြီး ငါတို့ကို လှောင်ရယ်ကြလိမ့်မယ်။ ငါတို့ကို ဟာသကြီးတစ်ခုလိုပြောပြီး ရယ်ကြလိမ့်မယ်ကွ” ကျန်းလင်းရှောင်က လှောင်ရယ်၍ပြောလိုက်သည်။
“ဒါဆို ငါတို့ ဘယ်လိုဖြေရှင်းကြမလဲ” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။
“စီနီယာကျန်းက ရှင်းရှင်းလင်းလင်းပြောပြီးပြီမဟုတ်လား။ မင်းရဲ့ ပြစ်ဒဏ်ကို လက်ခံရမယ်၊ ဒီိလုိမှမဟုတ်ရင် ငါတို့ တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကို ထိလိမ့်မယ်ကွ” ကျောင်းသားတစ်ဦးက ပြောသည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျန်းလင်းရှောင်၏ အာဏာကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤကျောင်းသားများသည် ကျန်းလင်းရှောင်၏ မိသားစုမှ တိုက်ရိုက်မျိုးဆက်များမဟုတ်ကြောင်း ထင်ရှားသော်လည်း သူ့ကိုကာကွယ်ရန် မတ်တပ်ရပ်၍ ချူးယွင်ဖန်းကို ရန်သူအဖြစ်မှတ်ယူကြသည်။
“သမာဓိဆိုတာဘာလဲ။ ကျန်းလင်းရှောင်၊ ဘက်မလိုက်ချင်ယောင်ဆောင်မနေနဲ့၊ မင်းငါ့ကို ပစ်မှတ်ထားနေတယ်ဆိုတာ ငါမသိဘူးထင်နေလား။ မဟုတ်ရင် ကြီးမြတ်လှပါတယ်ဆိုတဲ့ ကျောင်းသားကောင်စီ ဥက္ကဌက ငါလိုကျောင်းသားသစ်လေးကို ဘာလို့ဂရုစိုက်ရမှာလဲ။ ငါ့ကို ဆင့်ခေါ်ဖို့ လွှတ်လိုက်တဲ့နှစ်ယောက်ကို ငါ့ကို ဖမ်းဖို့ အမိန့်ပေးထားတာ ရှင်းနေသားပဲ။ ငါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပြီး လက်တုံ့ပြန်ခဲ့ရုံပဲ။ ငါ့မှာ ထောက်လှမ်းရေးဗီဒီယိုဖိုင်ရှိတယ်။ အဲ့တာကို ဆွဲထုတ်ပြီး ကြည့်ကြည့်ကြမလား။ တစ်ခုခုပြောချင်ရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ခြုံပုတ်ထဲမှ ပုန်းနေစရာ ဘာစောက်ကြောင်းမှမရှိဘူး” ချူးယွင်ဖန်းက ပြောသည်။
“မင်းသေချင်လို့လား”
“မင်းသေချင်နေတာလားကွ”
“စီနီယာကျန်းကို ဒီလိုပြောရဲတာ မင်းကိုယ်မင်းဘာကောင်ထင်နေလဲ”
ကျောင်းသားများစွာသည် ဒေါသတကြီးအော်နေကြသော်လည်း ချူးယွင်ဖန်းက ၎င်းတို့ကို လျစ်လျူရှု့ထားကာ၊ သူ၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။
ဤသို့တွေးနေကြသော ကျောင်းသားအချို့လည်းရှိသည်။ ချူးယွင်ဖန်းအပေါ်သို့ ကျန်းလင်းရှောင်သည် မကောင်းသော အကြံအစည်များ ကြံစည်နေသည်မှာ ထင်ရှားသည်။ ဤသို့မှမဟုတ်ပါက၊ ချူးယွင်ဖန်းပြောသကဲ့သို့ပင်၊ ကျန်းလင်းရှောင်ကဲ့သို့ မြင့်မြတ်သော ကျောင်းသားကောင်စီဥက္ကဌသည် ချူးယွင်ဖန်းကဲ့သို့ ကျောင်းသားအသစ်တစ်ယောက်ကို အဘယ်ကြောင့် သတိထားမိလိမ့်မည်နည်း”
“မင်းကို ပစ်မှတ်ထားတယ်ဟုတ်လား။ မင်းကိုမင်း ဘာကောင်ထင်နေတာလဲကွ။ ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ပြီးတာနဲ့ မင်း ငါနဲ့ အဆင့်တူနိုင်မယ်ထင်နေတာလား”
ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကို ရှုတ်ချသည့်စိတ်ကို ဖုံးကွယ်ထားလိုစိတ်မရှိပေ။ သူ့မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် သူနှင့် မယှဥ်နိုင်ပေ။ ချူးယွင်ဖန်းကို ဆင့်ခေါ်ခိုင်းခြင်းသည် ကြွားဝါမှုသက်သက်သာဖြစ်၍ ချူးယွင်ဖန်းမှ သူ၏ ဆင့်ခေါ်မှုများကို လျစ်လျူရှု့ကာ၊ သူစေလွှတ်လိုက်သောသူများကို ဒဏ်ရာရစေလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။
ဤသည်မှာ စိမ်းလန်းသောမြို့ကို လာရသည့် ကျန်းလင်းရှောင်၏ အကြောင်းအရင်းအမှန်ပင်ဖြစ်သည်။ ချူးယွင်ဖန်း လုပ်လိုက်သည့်အရာသည် သူ့မျက်နှာသို့ တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်မှာ သေချာ၏။ တစ်စုံတစ်ယောက်မှ သူ့၏ အာဏာကို စိန်ခေါ်ရဲသည့်အချိန်မှာ၊ အလွန့်အလွန်ကြာမြင့်နေပြီဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းသည် ကျောင်းသားသစ်တစ်ဦးမျှသာဖြစ်သဖြင့်၊ ဆရာများပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့လျှင်ပင်၊ ကျန်းလင်းရှောင်၏ မျက်လုံးထဲတွင် ထိုအရာသည် ဘာမှမဟုတ်လှပေ။
ချူးယွင်ဖန်း၏ အမူအရာသည် ပြောင်းလဲသွားခြင်းမရှိသည့်အပြင်၊ တင်းတင်းဆုပ်ထားသည့် လက်သီးများသည် သူ၏စိတ်ကို ထင်ရှားစွာပြသနေ၏။ ချူးယွင်ဖန်းသည် ကံကြမ္မာကောင်းတစ်ခုနှင့် ကြုံ၍ ပြန်လည်မွေးဖွားလာခဲ့သည်။ တစ်ချိန်က သူ့ကို တစ်ယောက်ပြီးတစ်ယောက် နှိမ်ချခဲ့သည့် ပါရမီရှင်များထက်ပင် သာလွန်လာခဲ့ရာ၊ ပါရမီရှင်များပင် မဝင်နိုင်ခဲ့သည် ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ရောက်နိုင်ခဲ့သည်။
ချူးယွင်ဖန်း တည်ထောင်ခဲ့သည့် ရှန်ဟဲဆေးကုမ္ပဏီသည်လည်း တောမီးကဲ့သို့ ကြီးမားကျယ်ပြန့်လာခဲ့သည်ဖြစ်သည်။ သို့သော် ယခုမူ၊ ထိုပုဂ္ဂိုလ်ကြီးများ၏ အမြင်တွင် သူသည် ယခင်ကနှင့် လုံးဝ ကွဲပြားခြင်းမရှိကြောင်း သူသဘောပေါက်နားလည်သွား၏။
လက်ရွေးစင်များ၏ တက္ကသိုလ်အဖြစ်သတ်မှတ်ခြင်းခံထားရသည့် ပြည်ထောင်စုတက္ကသိုလ်တွင်ပင် ကျောင်းသားများကို အဆင့်အမျိုးမျိုးခွဲခြားထားသည်။ ကျန်းလင်းရှောင်သည် အမြင့်ဆုံးအဆင့်တွင်ရှိ၍ အခြားသူများအားလုံးကို အထက်စီးမှ အထင်သေးစွာကြည့်သည်။ ကျန်းလင်းရှောင်၏ မျက်လုံးထဲတွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ထက် ထူးမခြားနားလှပေ။
“အခြားအရာတွေအားလုံးကိုထားပါတော့၊ ဒါပေမယ့် မင်းက ကျောင်းသားကောင်စီဝင်တွေကို ဒဏ်ရာရအောင်လုပ်ဖို့ သတ္တိရှိတဲ့အတွက်၊ မင်းကို သင်ခန်းစာတစ်ခုမပေးရင် ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေရဲ့ ယုံကြည်မှုကို ဘယ်လိုလုပ်ရနိုင်ပါ့မလဲ” စကားအဆုံးတွင် ကျန်းလင်းရှောင်၏ မျက်လုံးများသည် ကြောက်မက်ဖွယ်အရှိန်အဝါများဖြင့်လင်းလက်နေသည်။
အခန်း(၄၂၆) အခြားသူတွေရဲ့ စွမ်းအားကို အားကိုးနေတာလား
ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။ ခြေလှမ်းတိုင်းသည် လူအများ၏ နှလုံးသားကို တုန်လှုပ်စေ၏။ ယခုအချိန်တွင် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လူများပိုများလာရာ၊ ၎င်းတို့အားလုံးသည် ကျန်းလင်းရှောင်၏ လုပ်ရပ်များကို စိုးရိမ်နေကြသည်။
“ငါမင်းကို ပစ်မှတ်ထားနေတယ်လို့ မင်းအခုပဲ ပြောလိုက်တယ်မလား။ တကယ့်ဟာသပဲ။ ငါက မင်းကို ပစ်မှတ်ထားစရာလိုလား။ သိပ်မကြာခင်က ငါ့တက္ကသိုလ်ရဲ့ အငွေ့အသက်တွေဆိုးရွားလာတယ်။ ကျောင်းသားတွေက သူတို့လုပ်ချင်တာ လုပ်နိုင်တယ်လို့ ထင်နေကြတယ်။ အထူးသဖြင့် မင်းတို့လို လူသစ်လေးတွေပေါ့။ ပြည်ထောင်စုတက္ကသိုလ် တက်ခွင့်ရလို့ လုပ်ချင်တိုင်းလုပ်လို့ရပြီလို့ မင်းထင်နေတာ။ စည်းကမ်းဆိုတာ ဘာကို ဆိုလိုလဲဆိုတာ ရှင်းရှင်းလင်းလင်းနားမလည်သေးဘူး” ကျန်းလင်းရှောင်က လှောင်ရယ်၍ ပြောလိုက်သည်။
“ကျောင်းသားကောင်စီအဖွဲ့ဝင်တွေကို မင်းက ဒဏ်ရာရအောင်လုပ်ရဲတယ်ဆိုတော့၊ မင်းရဲ့ စိတ်ဓာတ်ကို ငါပြင်ပြမယ်။ ကျောင်းသားကောင်စီဆိုတာ မင်းတို့ရှုပ်ချင်တိုင်းရှုပ်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာ လူတိုင်းကို သိစေချင်တယ်။ ဒီလောကမှာ စည်းကမ်းဆိုတာ ရှိသေးတယ်ကွ။ မင်းလိုကောင်မပြောနဲ့၊ နတ်စွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေတောင်၊ ပြည်ထောင်စုရဲ့ ဥပဒေတွေကို လိုက်နာရမယ်ကွ”
“မင်းက ချူးမိသားစုက မျိုးဆက်ဖြစ်ရုံနဲ့ အခြားသူတွေရဲ့ စွမ်းအားတွေကို အားကိုးပြီး မင်းစိတ်တိုင်းကျပြုမူနိုင်မယ့် ခွေးတစ်ကောင်လို နေလို့ရတယ်လို့ မထင်နေနဲ့”
“သူများစွမ်းအားကို အားကိုးတဲ့ ခွေးလား” ချူးယွင်ဖန်း၏ အမူအရာသည် ပို၍ အေးစက်လာ၏။ သူသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်လာခဲ့စဥ်ကတည်းက ချူးမိသားစု၏ မျိုးဆက်အဖြစ် သူ၏ အဆင့်အတန်းကို အားကိုးမှီခိုသော မည်သည့်အရာကိုမျှ မလုပ်ခဲ့ဖူးပေ။
“ပညာရှင်တစ်ယောက်ကို သတ်လို့ရပေမယ့် စော်ကားလို့တော့မရဘူးကွ။ ကျန်းလင်းရှောင် မင်း ဒီနေ့ ငါ့ကို စော်ကားတာများနေပြီ” ချူးယွင်ဖန်းသည် အံကို ကြိတ်လျက်ပြောလိုက်ရာ၊ ထိုစကားလုံးများသည် သူ့သွားများအကြားမှ တစ်လုံးချင်းထွက်လာ၏။
“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲကွ။ မင်းနဲ့ ထိုက်တန်တယ်ထင်လို့လား။ ဒီနေ့ ငါမင်းကို ဥပမာအနေနဲ့သုံးလိုက်မယ်။ နောင်မှာ ဘယ်သူတွေကများ ဒီလောက် ရမ်းကားပြီး စည်းကမ်းတွေကို စိန်ခေါ်ရဲမလဲဆိုတာ ကြည့်ကြရအောင်” ကျန်းလင်းရှောင်က အေးစက်စွာရယ်မောလျက်ပြောလိုက်သည်။
ယခုအချိန်တွင် ၎င်းတို့အနီးမှ ကျောင်းသားတစ်ယောက်သည် ကျောရိုးတစ်ခုလုံး အေးဆိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းလင်းရှောင်သည် မျောက်များကို သင်ပြရန် ကြက်တစ်ကောင်ကို သတ်တော့မည်ဖြစ်ကြောင်း ၎င်းတို့ နားလည်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ကြက်တစ်ကောင်ဖြစ်၍ ၎င်းတို့သည်မူ မျောက်များဖြစ်၏။
သို့သော် ပို၍ နက်ရှိုင်းသောအဆင့်တွင်မူ ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကို ပစ်မှတ်ထားရန် ဦးတည်နေခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ၊ ကျောင်းသားကောင်စီဥက္ကဌတစ်ဦးအနေဖြင့် သူသည် အရာအားလုံးကို မှန်ကန်ဖြောင့်မတ်စွာလုပ်ဆောင်ရမည်ဖြစ်ရာ၊ အကြောင်းပြချက်မရှိဘဲ၊ ကျောင်းသားသစ်တစ်ဦးကို ပစ်မှတ်ထား၍မရပေ။
ကျန်းလင်းရှောင်သည် စကားဆုံးသည်နှင့် စတင်လှုပ်ရှားလိုက်ရာ၊ လက်ဖဝါးကို ရှေ့သို့ထုတ်၍ ချက်ချင်းဆိုသကဲ့သို့ပင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်မှ ဆံပင်များအားလုံး ထောင်ကုန်သည်။ လေသည် အေးခဲသွား၍ မရပ်တန့်နိုင်မည့် စွမ်းအားတစ်ခုက သူ့ဆီသို့ တိုးဝင်လာသကဲ့သို့ခံစားလိုက်ရသည်။
ကျန်းလင်းရှောင်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနှင့်ပြီးပြီလို့ ကောလဟာလများထွက်ပေါ်လျက်ရှိရာ၊ ဤသည်ကို မြင်လိုက်ရသည်နှင့် ထိုကောလဟာလများမှာ အမှန်ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ ချူးယွင်ဖန်သည် ဤစွမ်းအားအောက်တွင် သူရှုံးနိမ့်သွားနိုင်ကြောင်း ကောင်းစွာသိသည်။
ချူးယွင်ဖန်းသည် ယင်းကို အချိန်မီမတုံ့ပြန်ခဲ့ပေ။ သာမန်ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ဤသို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရပါက၊ ထိုနေရာတွင် ရပ်မြဲရပ်လျက်၊ လှုပ်ခြားလှုပ်ရှားလျှင်၊ သေသည်အထိ အရိုက်ခံလိုက်ရမည်မှာ သေချာ၏။
ဤသည်ကား မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကငျ်သူတစ်ဦးသာ လုပ်နိုင်သောအရာဖြစ်သည်။
ကျန်းလင်းရှောင်သည် မလိုအပ်သဖြင့် သူ၏ ခွန်အားအပြည့်အဝကို အသုံးမပြုခဲ့ပေ။ စည်းမျဥ်းများအတိုင်းသာလုပ်ဆောင်နေသရွေ့ ချူးယွင်ဖန်းသည် သူ့ကို တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှု၏ စွမ်းအားများ သူ၏ ရိုးတွင်းချင်ဆီထဲသို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်သည် မဖော်ပြနိုင်သော တောက်ပမှုတစ်ခု ထွက်ပေါ်လာ၏။ ယင်းသည် ကြီးမားသော ခွန်အားများနှင့် ရင်ဆိုင်ရသောအခါ ဧကရာဇ်ခန္ဓာနည်းစနစ် မှ အလိုအလျောက် တုံ့ပြန်တိုက်ခိုက်မှုဖြစ်သည်။
ဧကရာဇ်ခန္ဓာနည်းစနစ် ကို အသက်သွင်းလိုက်သောအခါ၊ နတ်ဘုရားကျင့်စဥ်သည်လည်းစတင်လည်ပတ်လာ၏။ ၎င်းတို့သည် ဤတိုက်ခိုက်မှု၏ ဖိအားကို စတင်တိုက်ခိုက်တွန်းလှန်လာကြသည်။
“ငါအစွမ်းကုန်တိုက်မယ်”
ချူးယွင်ဖန်းက ကြုံးဝါး၍ အရိပ်မဲ့ဓားကို ဆွဲထုတ်လိုက်သည်။ ကျယ်လောင်သောအသံနှင့်အတူ၊ ဓားသွားသည် အနက်ရောင်အလင်းတန်းတစ်ခုထွက်လာသည်။
“ကျိုးပဲ့ဓားချက်”
ချူးယွင်ဖန်းသည် ကျယ်လောင်စွာ ကြုံးဝါး၍ သူ့ထံသို့ ဦးတည်လာသော များပြားလှသည့် စွမ်းအင်များကို သူ့လက်နက်ဖြင့် တားဆီ၍ ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။ အကယ်၍ ၎င်းသည်သာ သာမန်မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်ဖြစ်ခဲ့မည်ဆိုပါက၊ ဤတိုက်ခိုက်မှုကို တားဆီးရန်အလွန်အမင်း ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ယင်းတွင် သဘာဝစွမ်းအင်များ ရောထွေးနေလျက်ရှိရာ၊ လူ့စွမ်းအားကို ကန့်သတ်ထားသော်လည်း သဘာဝစွမ်းအင်သည်မူ၊ အကန့်အသတ်မရှိပေ။ ဤသည်ကား လက်တွေ့ပင်ဖြစ်၏။
ထို့ကြောင့်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များသည် အနှိုင်းမဲဖြစ်နေကြရခြင်းဖြစ်သည်။ ၎င်းတို့သည် မွန်းစတားပေါင်းများစွာကို ကိုယ်တိုင် သုတ်သင်နိုင်ကြ၏။
ဘမ်း
ချူးယွင်ဖန်း၏ ဓားသည် ကျန်းလင်းရှောင်၏ လက်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးကို သာမန်သူတစ်ဦးသာ ခံရမည်ဆိုပါက၊ ၎င်းတို့၏ လက်တစ်ဖက်လုံး ပြတ်တောက်သွားနိုင်ဖွယ်ရှိသည်။ သို့သော် ကျန်းလင်းရှောင်သည်မူ ကွဲပြားသည်။ သူ၏ လက်မှ ချီစွမ်းအင်များ ချက်ချင်းပေါက်ကွဲထွက်လာကာ၊ ကြီးမားသော လက်သည်းကြီးသဖွယ်ပြောင်းလဲသွားသည်။
ဤလက်သည်းကြီးသည် ချူးယွင်ဖန်း၏ ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဤတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်ပေါက်ကွဲမှုသည် အလွန် ပြင်းထန်လျက်ရှိရာ၊ စွမ်းအင်များ အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
လူတိုင်း ထိတ်လန့်ကုန်ကြသည်။ အိပ်ပျော်နေသော တန်စီယုသည် ဤတိုက်ခိုက်မှုကြောင့် လန့်နိုးသွားရ၏။ မိုးကြိုးတောင်ပံသားရဲသည် ဤစွမ်းအင်ပေါက်ကွဲမှု၏ သက်ရောက်မှုအများစုကို တားဆီးထားသော်လည်း ၎င်းသည် သူမကို ချက်ချင်း လန့်နိုးသွားစေခဲ့သည်။ ထို့နောက်၊ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ ထိပ်တိုက်တိုက်ခိုက်နေကြသည်ကို သူမမြင်လိုက်ရ၏။
“ဒါက နဂါးလက်သည်းလို့ခေါ်တဲ့ ရှေးဟောင်းသိုင်းပညာတစ်မျိုးပဲ။ လူတော်တော်များများက ဒီသိုင်းကွက်ကို ဘယ်လိုသုံးရမလဲဆိုတာသိပေမယ့် စီနီယာကျန်းလိုမျိုး ဒီလို ပြီးပြည့်စုံတဲ့အတိုင်းအတာအထိ သုံးနိုင်တဲ့လူမရှိသေးဘူး”
“ဒီသိုင်းကို ငါကြားဖူးတယ်။ အဲ့တာ အရမ်းအစွမ်းကြီးတဲ့ သိုင်းတစ်မျိုးပဲ၊ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက နဂါးလက်သည်းသိုင်းကို အားကိုးပြီး တစ်ကမ္ဘာလုံးကို ချေမှုန်းခဲ့တယ်။ သူ့ကို ဘယ်သူမှ မယှဥ်နိုင်ခဲ့ဘူး။ သူ့ရှေ့မှာ ဘယ်လို လက်နက်မျိုးဖြစ်ဖြစ်၊ နတ်လက်နက်ဖြစ်နေရင်တောင် အသုံးမဝင်ဘဲ ကွဲထွက်ပျက်ဆီးကုန်ကြတယ်။ အဲ့အချိန်က သိုင်းကို လက်ရှိပုံစံနဲ့ နှိုင်းယှဥ်လို့မရပေမယ့်၊ အဲ့သိုင်းပညာရှင်က မရီးဒျန်သန့်စင်ခြင်းအဆင့်မှာပဲရှိသေးတယ်။ စီနီယာကျန်းက မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီ”
“ဒီအဆင့်မှာ သူ့စွမ်းအားကို မှန်းဆဖို့ခဲ့တယ်။ အဲ့အချိန်တုန်းက လူသားတွေက မွန်းစတားတွေကို တိုက်ခိုက်ဖို့ နတ်လက်နက်တွေကို မှီခိုအားထားခဲ့ကြတယ်။ အခု ရှောင်တခင်ထုတ်သုံးလိုက်တဲ့ သိုင်းကွက်က အရမ်းခွန်အားရှိတယ်။ ငါတို့အဲ့စွမ်းအင်ကို သုံးပြီးတော့ အကာအကွယ်အတားအဆီးတွေတောင် ဆောက်လို့ရတယ်။ အဲ့ကျရင် ငါတို့ လူသားတွေအတွက် မွန်းစတားတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြဿနာမရှိလောက်ဘူး”
ဤသိုင်းကွက်ကို မြင်သောအခါ၊ လူအုပ်ကြီးမှ စိတ်လှုပ်ရှားစွာဆွေးနွေးနေကြသည်။
ကျန်းလင်းရှောင်သည် ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားကို ဖမ်းမိခဲ့သည်။ ချူးယွင်ဖန်းကို စိုက်ကြည့်နေသည့် သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။
“အသေးအဖွဲလှည့်ကွက်တွေပဲ မင်း ငါ့ရှေ့မှာ မင်းကိုယ်မင်းအရှက်ခွဲရဲတယ်ပေါ့” ကျန်းလင်းရှောင်သည် ချူးယွင်ဖန်း၏ ကျိုးပဲဓားချက်ကြောင့် အနည်းငယ်မျှပင် စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေ။
ကျိုးပဲ့ဓားကွက်သည် ချူးယွင်ဖန်းကို စွမ်းအင်သန့်စင်ခြင်းအဆင့်မှာ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းစေနိုင်ခဲ့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရှိနေသော ကျန်းလင်းရှောင်အတွက်မူ၊ မည်သည့်သက်ရောက်မှုမျှမရှိပေ။
ကျန်းလင်းရှောင်မှ ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ၊ ရှေးဟောင်း သတ္တုစပ်တစ်မျိုးနှင့်ရောစပ်ထားသည့် အလွန်ခိုင်ခံ့သော အရိပ်မဲ့ဓားသည် လုံးဝကွဲအက်သွား၏။ ထို့နောက်၊ ထိုကျိုးပဲ့နေသော အစိတ်အပိုင်းများသည် ချူးယွင်ဖန်းထံသို့ ဥက္ကပျံများကဲ့သို့ လွင့်ပျံလာသည်။
“ချီးပဲ”
ထိုအချိန်တွင် ချူးယွင်ဖန်းသည် တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤအပိုင်းအစများသည် မျက်လုံးများရှိနေသည့်နှယ် သူ၏ ထွက်ပေါက်အားလုံးကို ပိတ်ထား၏။ နောက်ဆုံးတွင် သူ နောက်ဆုတ်ရန် နည်းလမ်းမရှိတော့သဖြင့်၊ မျက်စိတစ်မှိတ်အတွင်း၌ပင် သူ၏ ခန္ဓာကိုယ်သို့ ထိမှန်သွားသည်။