အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အခန်း(၄၂၇) မင်းရဲ့သိုင်းပညာကို ဖျက်ဆီးပြမယ်
ဘမ်း
ဤအပိုင်းအစများသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်သွားသည်။ ချူးယွင်ဖန်းသည် နာကျင်မှုကြောင့် ကျယ်လောင်စွာအော်ဟစ်လျက်၊ အဝေးသို့လွင့်စင်သွားရာ၊ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျသွား၏။
ချူးယွင်ဖန်း၏ ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာကာ၊ သူ့ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများ တုန်ခါသွားနေသကဲ့သို့ ခံစားနေရသည်။ ထိုအပိုင်းအစများ ထိုးဖောက်ခံလိုက်ရသည့် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ သွေးများ ပန်းထွက်လျက်ရှိသည်။ တစ်ခဏချင်း၌ပင် ဒဏ်ရာအပြင်းအထန်ရခဲ့ရာ၊ ဤသည်ကား သိုင်းကွက်တစ်ခုမျှသာဖြစ်သည်။
နှစ်ဖက်ကြား အင်အားကွာခြားချက်ကို ဤနေရာတွင် မြင်တွေ့နိုင်သည်။
ကျောင်းသားအများအပြားသည် ရေခဲဂူထဲသို့ ပြုတ်ကျသွားရသကဲ့သို့ တုန်ယင်လျက်ရှိကြသည်။ ကျန်းလင်းရှောင်သည် မျောက်များကို သတိပေးရန် ကြက်တစ်ကောင်ကို သတ်ပစ်လိုက်ခြင်းဖြစ်ရာ၊ ၎င်းတို့သည် မျောက်များဖြစ်ကြကြောင်း သေချာ၏။ အများစုသည် ချူးယွင်ဖန်းတမျှပင် မသန်မာကြပေ။
အထူးသဖြင့်၊ ချူးယွင်ဖန်းလုပ်ခဲ့သော ဓားချက်ကို ခံနိုင်ရည်ရှိလိမ့်မည်ဟု ယုံကြည်ချက်ရှိသူ အများအပြားမရှိပေ။ သို့သော် ကျန်းလင်းရှောင်နှင့် ရင်ဆိုင်ရသောအခါတွင် ချူးယွင်ဖန်းသည် သိုင်းကွက်တစ်ခုခန့်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
ဤဟန့်တားမှုသည် အခြားသူများအပေါ်သို့ မည်မျှ ပြင်းထန်သည်ကို တွေးကြည့်နိုင်၏။ လူတိုင်းသည် ချူးယွင်ဖန်းကို သနားစိတ်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ကျန်းလင်းရှောင်သည် သူ့ကို သာဓကအဖြစ်အသုံးပြု၍ သင်ခန်းစာပေးခဲ့သည်မှာ ထင်ရှားသိသာ၏။
ချူးယွင်ဖန်း၏ ပါးစပ်မှ သွေးများထွက်လာပြီးနောက်၊ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက်၊ ကျန်းလင်းရှောင်ကို အေးစက်စွာကြည့်လိုက်၏။ ကျန်းလင်းရှောင်သည် သူ့ကို သတ်ဝံ့လိမ့်မည်မဟုတ်ကြောင်း သူသိထားသည်။ ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားတစ်ဦးကို သတ်ဖြတ်ခြင်းကို မဆိုနှင့် တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းသည်ပင် အလွန် ကြီးမား၊ ပြင်းထန်သော ကိစ္စကြီးတစ်ခုဖြစ်သည်။ ကျန်းလင်းရှောင်သည် ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားကောင်စီ၏ ဥက္ကဌဖြစ်လျှင်ပင် ဤသို့ လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ ကျန်းလင်းရှောင်ပြောခဲ့သကဲ့သိုပင်၊ မွေးဖွားခြင်းနယ်မြေအဆင့် ကျောင်းသားတစ်ယောက် မဆိုနှင့်၊ နတ်စွမ်းရည်များရရှိထားသည့် ကျွမ်းကျင်သူများပင် ပြည်ထောင်စု၏ ဥပဒေများကို ဆန့်ကျင်၍ ရမည်မဟုတ်ပေ။
ကျန်းလင်းရှောင် တစ်ချက်ထိုးရုံဖြင့်၊ ချူးယွင်ဖန်းလွင့်ထွက်သွားခဲ့သော်လည်း ချူးယွင်ဖန်းသည် အလျှော့မပေးလိုသေးပေ။ ချူးယွင်ဖန်း၏ မျက်ခုံးများတွင် ခေါင်းမာမှုများပြည့်နေ၏။ ဤခံစားချက်သည် သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။ ၎င်းသည် သူ့ကို ခြိမ်းခြောက်နေသကဲ့သို့ ခံစားရစေ၏။
ကျန်းလင်းရှောင်သည် ချက်ချင်းဆိုသကဲ့သို့ပင် အသိစိတ်ပြန်ဝင်လာကာ၊ သူ ရူးနှမ်းစွာတွေးမိနေခြင်းဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ့ကို ဤသို့သော ကျောင်းသားသစ်တစ်ဦးက မည်ကဲ့သို့ ခြိမ်းခြောက်နိုင်လိမ့်မည်နည်း။ ဤသို့သော ခွန်အားမျိုးရှိသည့်သူ၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။ သူသည် ဤနှစ်၏ ထိပ်တန်းကျောင်းသား မေ့ဟိုက်ယွင်ကိုပင် မျက်လုံးထဲသို့ မထည့်ထားပေ။ ချူးယွင်ဖန်းသည် ကျောင်းသားတသစ်များကြားတွင် နံပါတ်တစ်ကျွမ်းကျင်သူပင်မဟုတ်သောကြောင့် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်လိမ့်မည်နည်း။
ကျန်းလင်းရှောင်က ချူးယွင်ဖန်းကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။
“မင်းမျက်လုံးထဲက အကြည့်တွေကို ငါမကြိုက်ဘူး။”
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ ကျန်းလင်းရှောင်၏ လက်ထဲတွင် အလွန်များပြားသော စွမ်းအင်များ စုစည်းမိလာကာ၊ ကြီးမားသော ခြေသည်းကြီးအဖြစ်ပြောင်းလဲသွားသည်။ ၎င်းသည် သူယခုလေးတင်အသုံးပြုခဲ့သည့် သိုင်းကွက်ဖြစ်သည့်၊ နဂါးလက်သည်းသိုင်းပင်ဖြစ်သည်။
“မင်းကို ငါမသတ်နိုင်လို့ မင်းရဲ့သိုင်းပညာကို မဖျက်ဆီးနိုင်ဘူးလို့ မင်းတကယ်တွေးနေတာလား”
“ရပ်လိုက်”
ထိုအချိန်တွင် တန်စီယုသည် ခုန်ထွက်လာ၏။ အစောပိုင်း တိုက်ခိုက်မှုကို သူမမတားနိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ၊ ချူးယွင်ဖန်း၏ ရှေ့၌ ရပ်လိုက်သည်။
“မင်းပဲ…” ကျန်းလင်းရှောင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ မှန်သည်။ သူ တန်စီယုကို ချက်ချင်း မှတ်မိ၏။ သူမသည် သူနှင့် စေ့စပ်ထားသူဖြစ်သော်လည်း လက်ရှိတွင် ချူးယွင်ဖန်း၏ဘက်တွင် ရပ်တည်ပေးနေ၏။ တန်စီယုအတွက် မည်သည့်ခံစားချက်မျှမရှိသော်လည်း ဤသည်ကို မြင်လိုက်ရသောအခါ၊ ကျန်းလင်းရှောင်၏ အကြည့်များ အေးခဲသွားသည်။
“မင်းဘာလုပ်နေလဲဆိုတာ မင်းသိလား” ကျန်းလင်းရှောင်က အေးစက်စွာပြောသည်။
“မင်း အမှားမလုပ်မိဖို့ ငါမျှော်လင့်ပါတယ်”
“ဘာအမှားလဲ။ ကျန်းမိသားစုရဲ့ ဆက်ခံသူသခင်လေးက ဒီလောက်တောင် ယုံကြည်ချက်မရှိဘူးလို့ မပြောနဲ့”
တန်စီယုက နာကျင်မှု၊ ဝမ်းနည်းမှုများနှင့်အတူ၊ ဒေါသတကြီးပြောလိုက်သည်။
“မင်းပဲ၊ တန်စီယု၊ မင်းက ငါနဲ့စေစပ်ထားတဲ့သူပဲ။ ငါတို့မိသားစုကို အရှက်ရစေမယ့် အရာ၊ ဘာတစ်ခုမှ မလုပ်မိဖို့ မျှော်လင့်တယ်။ မဟုတ်ရင် မင်းအတွက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး” ကျန်းလင်းရှောင်ကပြောသည်။
ယခုအချိန်တွင် ကျောင်းသားများအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ကျန်းလင်းရှောင်တွင် စေ့စပ်ထားသောသူရှိကြောင်း ၎င်းတို့အားလုံး ပထမဆုံးအကြိမ်ကြားသိရခြင်းဖြစ်သည်။ ထို့အပြင် တန်စီယုသည်လည်း ကျောင်းသူသစ်တစ်ဦးဖြစ်၏။ မိန်းကလေးအများအပြားသည် အသည်းကွဲနေပုံပေါ်သည်။ သို့သော် နောက်ဆုံးတွင် တစ်စုံတစ်ခုကို နားလည်သွားဟန်တူသော လူများပင်ရှိသေးသည်။ ဤကိစ္စသည် ထင်သလောက် မရိုးရှင်းလှပေ။
“မင်းကိုယ်မင်း သိပ်အရေးကြီးနေတယ်လို့ မထင်နဲ့။ ငါလိုအပ်တာက တန်မိသားစုနဲ့ လက်ထပ်ထိမ်းမြားဖို့ပဲ။ ငါဘယ်သူနဲ့ လက်ထပ်မလဲက အရေးမကြီးပါဘူး” ကျန်းလင်းရှောင်က အေးစက်စွာပြောလိုက်သည်။
“ဒီကိစ္စကို မင်းနဲ့ မင်းမိသားစုကို ရှင်းပြရမယ်၊ တစ်နှစ်အတွင်းစေ့စပ်ပွဲမတိုင်ခင်မှာ မင်းက မိန်းကလေးကောင်းတစ်ယောက်ဖြစ်ရမယ်”
“သူနဲ့ပတ်သက်ပြီးကတော့၊ မင်းသူ့နဲ့ထပ်တွေ့နေရင်၊ မင်းအဖေရဲ့ဒေါသကနေဖြစ်လာမယ့် အကျိုးဆက်ကို သူခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်” ကျန်းလင်းရှောင်က ချူးယွင်ဖန်းကို စိုက်ကြည့်၍ တုန်လှုပ်ခြောက်ခြားစွာပြောလိုက်သည်။
ကျန်းလင်းရှောင်နှင့် တန်စီယုတို့၏စေ့စပ်ပွဲအခမ်းအနားကို တစ်နှစ်အတွင်းကျင်းပတော့မည်ဖြစ်ကြောင်း ယခုမှ ချူးယွင်ဖန်း ပထမဆုံးအကြိမ်ကြားသိလိုက်ခြင်းဖြစ်သည်။
“ငါနားလည်တယ်။ ငါသူ့ကို နောက်တစ်နှစ်လုံး မတွေ့တော့ဘူး” တန်စီယုသည် ဤစကားကိုပြော၍ ပါးပြင်ထက်သို့ မျက်ရည်စီးကြောင်း နှစ်ကြောင်းစီးကျလာသည်။
တန်စီယုသည် ဤအိမ်ထောင်ရေးမဟာမိတ်ကို သူမ၏ ဖခင်မှ မည်မျှ တန်ဖိုးထားသည်ကို ကောင်းစွာသိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းကို ဝင်ရောက်စွက်ဖက်ပါက၊ တန်မိသားစု၏ ပြင်းထန်သော ထိုးနှက်ချက်နှင့် ရင်ဆိုင်ရမည်မှာ သေချာ၏။ ထိုအကျိုးဆက်သည် လက်ရှိ ချူးယွင်ဖန်း ခံနိုင်ရည်ရှိသောအရာမဟုတ်ပေ။
“မင်းက စက်ဆုပ်ဖို့ ကောင်းလိုက်တာ” ချူးယွင်ဖန်းက အော်လိုက်သည်။ ထို့နောက်၊ ချက်ချင်းပင် သူ့အဆုတ်ထဲမှ ဒဏ်ရာများကို ထိခိုက်သွားသဖြင့် ချောင်းတစ်ချက်ဆိုးသွားရသည်။
“ဟား သူ့ကြောင့် ငါမင်းကို ဒီနေ့မသတ်ဘူး။ ငါမင်းကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး မင်းရဲ့နည်းလမ်းတွေရဲ့ အမှားတွေကို နားလည်အောင်လုပ်ပေးမယ်”
ကျန်းလင်းရှောင်က ဤသို့ပြောပြီးနောက်၊ ချက်ချင်းပြေးထွက်လာကာ၊ ချူးယွင်ဖန်းကို နဂါးလက်သည်းဖြင့် ဖမ်းဆုတ်လိုက်သည်။
“မဖြစ်ဘူး”
တန်စီယုသည် ကျန်းလင်းရှောင်ကို တားချင်သော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် ချူးယွင်ဖန်းကို ကိုင်တွယ်ရန်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သဖြင့်၊ သူမကို အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ခွင့်ပြုလိမ့်နည်နည်း။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ နောက်မှ မိုးကြိုးတောင်ပံသားရဲသည် အလျင်အမြန်လှုပ်ရှားလိုက်သည်။ ၎င်းသည် အပြာရောင်မိုးကြိုးတစ်ခုအဖြစ်ပြောင်းလဲသွားကာ၊ အပြင်းအထန်ဒဏ်ရာရနေသည့် သခင်ဖြစ်သူ ချူးယွင်ဖန်းကို ကာကွယ်ပေးရန် ရှေ့သို့ ပျံသန်းသွားခဲ့သည်။
ထို့နောက်၊ ရုတ်တရက် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားတစ်စင်းသည် အဝေးမှ ပျံထွက်လာကာ၊ နဂါးလက်သည်းကို ထိုးဖောက်ဝင်ရောက်၍ ကျန်းလင်းရှောင်၏ ချီစွမ်းအင်များကို အချည်းအနှီးဖြစ်သွားစေသည်။
“ဘယ်သူလုပ်တာလဲ” ကျန်းလင်းရှောင်က ခေါင်းကို မော့၍ကြည့်လိုက်သောအခါ၊ အဝေးမှ ပျံသန်းလာသည့် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ချဥ်းကပ်လာသော ပုဂ္ဂိုလ်သည် အရပ်ရှည်ကာ၊ ကောင်းကင်ကို ထောက်ထားသော ထောက်တိုက်တစ်ခုနှယ် ဖြောင့်မတ်သည်။ ယင်းမှာ လအတော်ကြာပျောက်ကွယ်သွားခဲ့သည့် ကျန်းယွမ်ပင်မှတပါးအခြားသူမဟုတ်ပေ။
“ကျန်းလင်းရှောင်၊ မင်းက ငါ့တပည့်ကို ဖျက်စီးဖို့ သတ္တိတွေသိပ်ရှိနေတယ်ပေါ့”
ကျန်းယွမ်ပင်၏ အလွန်အမင်း ဒေါသထွက်နေသော အော်သံနှင့် အတူ ချီစွမ်းအင်များလည်း ပျံ့နှံ့လာကာ၊ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းသဏ္ဍာန် စက်ဝိုင်းတစ်ခုနှယ် ထွက်ပေါ်လာ၏။
လူတိုင်းသည် ဤလေလှိုင်းကြောင့် နောက်သို့ တွန်းခံလိုက်ရသည့်နှယ်ဖြစ်ကုန်သည်။ ကျန်းလင်းရှောင်သည် ကျန်းယွမ်ပင်ကို မြင်သောအခါ၊ သူ၏ အမူအရာသည် ချက်ချင်းပင် ပြောင်းသွား၏။။ သူ့မျက်လုံးထဲတွင် အကြောက်တရားများထင်ဟပ်လာသည်။
ကျန်းယွမ်ပင်သည် တစ်ခဏချင်း၌ပင် ချူးယွင်ဖန်း၏အနားသို့ရောက်ရှိလာ၏။
“မင်းအဆင်ပြေရဲ့လား ငါ့ကောင်” ကျန်းယွမ်ပင်က အလျင်စလိုမေးလိုက်သည်။
“ကျွန်တော် ပြေပါတယ်” ချူးယွင်ဖန်းက ခေါင်းကို ယမ်းလိုက်သည်။ သူ၏ဒဏ်ရာသည် ပေါ့ပေါ့ပါးပါးမဟုတ်လှသော်လည်း အခြားသူများထင်ထားသကဲ့သို့ မပြင်းထန်လှပေ။ ထို့အပိုင်းအစများသည် သူ့ခန္ဓာကိုယ်သို့ ထိမှန်သွားခဲ့သော်လည်း မနက်ရှိုင်းလှပေ။ ဧကရာဇ်ခန္ဓာနည်းစနစ်၏ ခုခံကာကွယ်ရေးစွမ်းရည်များသည် အပေါ်ယံမဟုတ်ပေ။
ချူးယွင်ဖန်း၏ ဒဏ်ရာများသည် ပြင်းထန်ပုံရသော်လည်း ၎င်းတို့သည် အပေါ်ယံဒဏ်ရာများသာဖြစ်သည်။ အပြင်းထန်ဆုံးသော ဒဏ်ရာမှာ သူ၏ ကိုယ်တွင်းအင်္ဂါများတုန်ခါသွားခြင်းဖြစ်၏။
အခန်း(၄၂၈) အခုကနေ တစ်နှစ်၊ မင်း မရဏသတ်ကွင်းထဲကို ဝင်ရဲလား
ချူးယွင်ဖန်း အဆင်ပြေကြောင်း မြင်လိုက်သောအခါ၊ ကျန်းယွမ်ပင်သည် ကျန်းလင်းရှောင်ကို ကြည့်၍ ပြောလိုက်သည်။
“မင်း ငါ့တပည့်ကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့လေ”
ကျန်းလင်းရှောင်သည် ကျန်းယွမ်ပင်ထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိနိုင်သော်လည်း နောက်ပြန်မဆုတ်ခဲ့ပေ။ သူသည်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ဆရာတစ်ဆူဖြစ်သဖြင့်၊ မာနရှိသည်။
“မစ္စတာကျန်း ကျုပ်သူ့ကို နာကျင်စေချင်လို့မဟုတ်ဘူး။ ဒီကောင်လေးက ကျုပ်ကျောင်းသားကောင်စီဝင်တွေကို ဒဏ်ရာရအောင်လုပ်ရဲခဲ့တယ်လေ။ ဒီကိစ္စက အဆောတလျင် မဖြေရှင်းရင် တက္ကသိုလ်ကို ထိခိုက်မှာစိုးရတယ်။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ကျောင်းသားတွေက စည်းကမ်းမရှိဘူးလို့ လူတွေထင်ကြလိမ့်မယ်”
“မစ္စတာကျန်း အဲ့ဒီကောင်စီဝင်တွေကို ကျွန်တော် ခက်ခဲအောင်မလုပ်ချင်ခဲ့ပေမယ့် ဒီက ဥက္ကဌကျန်းက ကျွန်တော့်ကို ဆင့်ခေါ်ခိုင်းလိုက်တယ်လေ။ သူတို့ အားသုံးဖို့ ကြိုးစားခဲ့ကြတာ။ ဒီကိစ္စကို ကိုယ့်ကိုယ်ကိုယ်ခုခံတယ်လို့ ပြောလို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ချူးယွင်ဖန်းသည် ဤသို့ပြောပြီးနောက်၊ ချောင်းအနည်းငယ်ဆိုးသွားရသည်။
“ကျန်းလင်းရှောင်၊ မင်းကိုယ်မင်းအရမ်း စွမ်းအားကြီးနေပြီထင်နေတာလား။ ငါ့အစား ငါ့တပည့်တွေကို ဆုံးမဖို့ မင်းကိုလိုတယ်ထင်နေလား။ မင်းမှာလုပ်ပိုင်ခွင့်မရှိဘူး။ မင်းရဲ့ အဖွဲ့ဝင်တွေကသာ ငါ့ကျောင်းသားကို ချဥ်းကပ်ရဲတာသေချာတယ်။ သူတို့ ဒီလို အရိုက်ခံလိုက်ရတာနဲ့ပဲတန်တယ်။” ကျန်းယွမ်ပင်က ပို၍ပြင်းထန်စွာပြောလိုက်သည်။ သူ့တွက်မူ၊ ၎င်းမှာ သူ၏ တပည့်များမဟုတ်လျှင်ပင် အသေသတ်ပစ်နိုင်၏။
“မစ္စတာကျန်း ဒီကိစ္စက ခင်ဗျား ထိန်းချုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးဗျ” ကျန်းလင်းရှောင်က ကျန်းယွမ်ပင်ကို မျက်နှာချင်းဆိုင်လျက်၊ အလျော့မပေးဘဲ လှောင်ပြောင်ပြောဆိုလိုက်သည်။
“ခင်ဗျားက နည်းပြတစ်ယောက်ဖြစ်ပေမယ့် တက္ကသိုလ်က အထက်လူကြီးတွေသာ ခင်ဗျားကို မေးခွန်းထုတ်လာရင် ခင်ဗျား ခံနိုင်မှာမဟုတ်ဘူးလို့ထင်တယ်”
“ပါးစပ်ပိတ်ထား ငါအဲ့တာကို မသိဘူးလို့ မင်းတကယ်ထင်နေလား။ ငါလည်း ကျောင်းသားကောင်စီဥက္ကဌဖြစ်ဖူးတယ်ကွ။ ကျောင်းသားကောင်စီဆိုတာ ဘာလဲငါမသိဘူးထင်နေလား” ကျန်းယွမ်ပင်က ပြောသည်။
“မလိုတာတွေပြောပြီး အာရုံအနောက်မခံချင်တော့ဘူး။ ဒီနေ့ မင်း ငါ့တပည့်ကို လုပ်ခဲ့တဲ့ကိစ္စအတွက် ငါမင်းကို ပညာပြန်ပေးရမယ်။ မင်း သူ့သိုင်းပညာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တဲ့အတွက် မင်းရဲ့သိုင်းပညာကိုလည်း ငါဖျက်ဆီးပစ်မယ်။ ဒီလိုမှပဲ တရားမျှတလိမ့်မယ်”
“ငါ့ကို ပြဿနာရှာဖို့ ရောက်လာမယ့် အရာရှိတွေရှိရင်လည်း… လာပါစေ”
ကျန်းယွမ်ပင်သည် ဖြစ်လာမည့် ပြဿနာကို မကြောက်ပေ။ သူသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်သည်အထိ၊ ဒေါသထွက်နေခဲ့သည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည် သူ၏သဘောထားနှင့် ပတ်သက်၍ စိတ်ပျက်ခြင်းမရှိကြပေ။ ၎င်းတို့တွင်သည် ဤသို့သော ဆရာတစ်ယောက်ရှိမည်ဆိုပါက၊ အလွန်ပျော်မိမည်မှာ သေချာ၏။
“ကျန်းယွမ်ပင်၊ ခင်ဗျားရဲတင်းလှချည်လား”
ကျယ်လောင်သော ကြုံးဝါးသံတစ်ခု အဝေးမှ ထွက်ပေါ်လာကာ၊ ကျန်းယွမ်ပင်ထက် မနိမ့်ကျသော အရောင်အဝါတစ်ခု ချဥ်းကပ်လာရာ ချက်ချင်းပင် ၎င်းတို့ ကြားသို့ရောက်လာ၏။ ယင်းမှာ အနီရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်ရှိ အရပ်ရှည်ရှည်အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ မျက်နှာထက်တွင် ဆိုးယုတ်မှုများထင်ဟပ်လျက်ရှိကာ၊ ကျန်းယွမ်ပင်၏ ရှေ့၌ ရပ်နေ၏။
“ကျန်းယွမ်ပင်။ မင်းတကယ် သတ္တိရှိတာပဲ” လူလတ်ပိုင်းအရွယ်အမျိုးသား ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်၊ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
“ကျူးပုမီ၊ ငါ့တပည့်ပေါ်ကို လက်ပါရဲတဲ့ မင်းကျောင်းသားကို ငါကထိလို့မရဘူးလား” ကျန်းယွမ်ပင်က ကြောက်ရွံ့ခြင်းအလျင်းမရှိပြောလိုက်သည်။
“ဒါရိုက်တာ ကျူးပုမီမလား”
ဤနေရာရှိကျောင်းသားအများစုသည် ပြည်ထောင်စုတက္ကသိုလ်၏ ပညာရေးဆိုင်ရာဒါရိုက်တာ ကျူးပုမီကို ပထမဆုံးအကြိမ် တွေ့ဖူးကြခြင်းဖြစ်သည်။ ဤသူသည် ပညာရေးဒါရိုက်တာဖြစ်သူ၊ ပြည်ထောင်စုတက္ကသိုလ်၏ အဓိကအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည့်အပြင် ကျန်းလင်းရှောင်၏ ဆရာဖြစ်သူဖြစ်ကြောင်း ထင်ရှား၏။ ကျန်းလင်းရှောင်တစ်ယောက်၊ ကျောင်းသားကောင်စီ၏ ဥက္ကဌဖြစ်လာခြင်းမှာ အံ့သြဖွယ်မဟုတ်ပေ။ သူသည် သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော်လည်း ထိုကဲ့သို့ဆရာ၏ အကူအညီမပါပါက ဤသို့သော ရာထူးမျိုးကို လွယ်လင့်တကူရထားရန် မဖြစ်နိုင်ပေ။
“ဆိုတော့၊ ဒီလူက ကျူးပူမီပေါ့၊ အခုမှ သတိရတယ်။ ချူးယွင်ဖန်းရဲ့ဆရာနာမည်က ကျန်းယွမ်ပင်ပဲ။ တက္ကသိုလ်မှာ သူတို့အကြောင်း ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ ကျောင်းသားဘဝတုန်းက ပြိုင်ဘက်တွေဖြစ်ခဲ့ကြတယ်။ အခု ကျူးပုမီက အုပ်ချုပ်ရေးဌာနက အကြီးအကဲဖြစ်ပြီး၊ ကျန်းယွမ်ပင်ကတော့ ပြည်ထောင်စုတက္ကသိုလ်ရဲ့ဆရာတစ်ယောက်ဖြစ်လာတယ်”
ကျောင်းသားတစ်ဦးသည် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ၎င်းတို့နှစ်ဦးအကြောင်း စတင်ပြောလာသည်။ ဤလူနှစ်ဦးသည် နာမည်ကြီးသော်လည်း ၎င်းတို့မည်သို့မည်ပုံရှိကြောင်း လူတိုင်းမသိကြပေ။
ဆရာများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများပေါင်းလိုက်ပါက၊ ပြည်ထောင်စုတက္ကသိုလ်တွင် နေထိုင်သူပေါင်း တစ်သန်းကျော်ရှိသည်။ အဓိပတိကဲ့သို့ အလွန်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပါက အခြားသူများ မည်သည့်ပုံစံရှိသည်ကို မည်သူမျှ သေချာမသိကြပေ။
“ကျန်းလင်းရှောင်က အရင်နှစ်တွေတစ်လျှောက်လုံးမှာ ငါ့ရဲ့ အထူးချွန်ဆုံးတပည့်ပဲ။ မင်း သူ့ကို လက်ပါရဲတယ်ပေါ့။ အသက်မရှင်ချင်တော့ဘူးထင်တယ်။ ငါဒီကိစ္စကို ဒီတိုင်းလွှတ်မပေးလိုက်နိုင်ဘူး။ ဒါကို လာမယ့် ဝန်ထမ်းအစည်းအဝေးမှာ တင်ပြမယ်။ မင်းစောင့်နေလိုက်” ကျူးပုမီက ကြိမ်းဝါးသည်။
“နှစ်တွေအများကြီးကုန်သွားပေမယ့် မင်းလုပ်နိုင်တာက ကွန်ပလိန်းတက်ဖို့ပဲ။ နည်းနည်းမှ မတိုးတက်သေးဘူး။ ပြီးတော့ ငါအလည်း အဲ့က ချမှတ်မယ့် စီရင်ချက်ကို မြင်ချင်တယ်ကွ။ မင်းရဲ့တပည့်ကို ငါလက်မတင်ရသေးပေမယ့် မင်းတပည့်ကြောင့် ငါ့တပည့် ဒဏ်ရာအကြီးအကျယ်ရသွားတယ်။ ဒီကိစ္စက မင်းပြောတဲ့အတိုင်းပဲပေါ့၊ ဒါကို လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရနိုင်ဘူး” ကျန်းယွမ်ပင်သည် ကျောင်းတွင် သီးခြားရာထူးမရှိသည့်တိုင် ထိပ်တန်းဆရာတစ်ယောက်ဖြစ်သဖြင့်၊ နိုင့်ထက်စီးနင်းအပြုခံမည်သူမဟုတ်ပေ။
“ကောင်းပြီ” ကျူးပုမီက အေးစက်စွာပြုံး၍ ပြောသည်။
“ဒီကိစ္စက မပြီးသေးဘူး။ ဝန်ထမ်းအစည်းအဝေးလုပ်တဲ့အခါ၊ မင်းမှာ ဘာပြောစရာများရှိမလဲဆိုတာ ကြည့်ချင်သေးတယ်”
“သွားကြစို့” ကျူးပုမီက ကျန်းလင်းရှောင်ကို ပြောလိုက်သည်။
“နေပါဦး”
၎င်းတို့ကို ရပ်ရန်ပြောလိုက်သည့် အော်သံကိုကြားလိုက်ရသဖြင့်၊ အားလုံးက လှည့်ကြည့်လိုက်ကြသောအခါ၊ ထိုသူသည် အခြားသူမဟုတ်၊ ချူးယွင်ဖန်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် မြေပြင်ပေါ်မှ ခက်ခဲစွာ ကုန်းထလာသည်ကို ၎င်းတို့ ကြည့်နေကြသည်။ ထို့နောက်၊ သူ၏ ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေသော အရိပ်မဲ့ဓားအပိုင်းအစများကို ဆွဲထုတ်လိုက်သည်။ တစ်ချက်ဆွဲထုတ်လိုက်သည့်အခါတိုင်း သွေးများပန်းထွက်လာသည်။
ဘေးနားရှိလူများအားလုံး ထိတ်လန့်အံ့အားသင့်ကုန်ကြသော်လည်း ချူးယွင်ဖန်းသည်မူ၊ မျက်မှောင်ပင်မကြုတ်ခဲ့ပေ။ ချူးယွင်ဖန်း၏သွေးများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ စီးကျလာသည်။ သူသည် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့ရသကဲ့သို့ထင်ရသည်။ အပြင်းအထန်ဒဏ်ရာရခဲ့သော်လည်း ခေါင်းမာစွာဖြင့် ထလာခဲ့သည်။ ထို့နောက်၊ ကျူးပုမီနှင့် ကျန်းလင်းရှောင်တို့ကို စူးရဲစွာစိုက်ကြည့်၍ ပြောလိုက်သည်။
“ကျန်းလင်းရှောင်၊ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ဒီနေ့မင်းငါ့ကို စော်ကားခဲ့တာတွေအတွက်၊ နောင်အနာဂတ်မှာ နှစ်ဆပြန်ပေးဆပ်ရမယ်။ ကျန်းလင်းရှောင်၊ မင်း မရဏသတ်ကွင်းထဲကို ဝင်ရဲလား။ အခုကနေစပြီး တစ်နှစ်ကြာရင်၊ သူသေကိုယ်သေ တိုက်ကြရအောင်။ သတ္တိရှိလား”
ချူးယွင်ဖန်း၏ စကားကြောင့် အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ လူအားလုံးသည် ချူးယွင်ဖန်းကို ထိတ်လန့်စွာစိုက်ကြည့်နေကြ၏။ ပြည်ထောင်စုတက္ကသိုလ်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရဖြစ်စေ၊ ၎င်းတို့ အားလုံးတွင် တင်းကြပ်သော စည်းမျဥ်းများရှိကြသည်။ လေ့ကျင့်တိုက်ခိုက်ခြင်းကို ခွင့်ပြုထားသော်လည်း လူတစ်ဦး၏ အက်နှင့် ပတ်သက်လာပါက၊ မည်သည့်အခြေအနေမျိုးတွင်မဆို ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ချွင်းချက်တစ်ခုသာရှိရာ၊ ၎င်းသည်ကား၊ မရဏသတ်ကွင်းသာဖြစ်သည်။
ဤကွင်းထဲသို့ ဝင်ရောက်ခြင်းသည် အသက်စွန့်လွှတ်ခြင်းစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် ညီမျှ၏။ မရဏသတ်ကွင်းအတွင်းရှိ တိုက်ပွဲကို မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိသည့်အပြင်၊ တိုက်ပွဲပြီးနောက်၊ လက်စားချေခြင်းကိုလည်း ခွင့်မပြုထားပေ။ အလားတူပင်၊ လူတစ်ဦးသည် မရဏသတ်ကွင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်၊ ဖြစ်နိုင်သော အဆုံးသတ်တစ်ခုသာရှိသည်။ ၎င်းမှာ၊ နှစ်ယောက်ထဲမှ တစ်ယောက်သေဆုံးခြင်း၊ သို့မဟုတ်၊ နှစ်ဦးစလုံး သေဆုံးခြင်းတို့ပင်ဖြစ်၏။
နှစ်ဦးနှစ်ဖက်အကြားတွင် နက်ရှိုင်းသော မုန်းတီးမှုမရှိပါက၊ မည်သူတစ်ဦးတစ်ယောက်သည်မျှ မရဏသတ်ကွင်းထဲသို့ ဝင်ရောက်လာကြမည်မဟုတ်ပေ။ ၎င်းတို့ ဝင်ပြီးလျှင် နောက်ပြန်ဆုတ်နိုင်သည့် အခွင့်အလမ်းမရှိပေ။
ကျန်းလင်းရှောင်က ခဏတာ စဥ်းစားပြီးနောက်၊ ချူးယွင်ဖန်းကို လှောင်ရယ်၍ ပြောလိုက်သည်။
“မင်းသေချင်နေတယ်ဆိုမှတော့၊ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရတော့မှာပေါ့”
အခန်း(၄၂၉) ကျန်းလင်းရှောင်၏ အစီအစဥ်
“ဒီကနေ တစ်နှစ်ကြာရင် မရဏသတ်ကွင်းမှာ လူတိုင်း ငါတို့ကို သက်သေခံရမယ်” ကျန်းလင်းရှောင်က လှောင်ရယ်လိုက်ပြီးနောက်၊ ကျူးပုမီနှင့်အတူ ထွက်သွားသည်။
“မင်း အရမ်းလောလွန်းတယ်။ ငါဒီနှစ် ဆရာပြိုင်ပွဲကို ကြည့်လိုက်ရတယ်။ ဒီကလေးက တော်တော် သန်မာပြီး အလားအလာရှိတယ်။ မရဏသတ်ကွင်းမှာ တစ်ခုခုဖြစ်သွားရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ညအမှောင်အောက်တွင် နှစ်ယောက်သားရပ်သွားကြပြီးနောက်၊ ကျူးပုမီက ကျန်းလင်းရှောင်ကို မေးခွန်းထုတ်လိုက်သည်။
“သူ့မှာ အလားအလာရှိတော့ရော ဘာဖြစ်လဲ။ သူတစ်နှစ်အတွင်း မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နိုင်လို့လား။ ဟာသပဲ။ ဒီလောက်တောင် ယုံကြည်ချက်မရှိရင် ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေကို ဘယ်လို အမိန့်ပေးနိုင်မှာလဲ” ကျန်းလင်းရှောင်က လျစ်လျူရှု့၍ ပြောသည်။
“ဒါ့အပြင် သူကကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တဲ့အတွက်၊ ကျွန်တော် နှစ်ယောက်တိုက်ဖို့ သဘောတူခဲ့တာ။ အခုသာ သူ့ကို သတ်လိုက်ရင် ကျန်းယွမ်ပင်က ငြိမ်ခံနေမှာမဟုတ်ဘူး။ ဒါပေမယ့် မရဏသတ်ကွင်းမှာသာ သူ့ကို သတ်လိုက်ရင် ကျန်းယွမ်ပင်လည်း ချီးတစ်ခွန်းတောင် ပြောနိုင်တော့မှာမဟုတ်ဘူး”
“ဒီကောင် ဘာတွေတွေးနေလဲဆိုတာ ကျွန်တော်သိတယ်၊ အခုကနေစပြီး တစ်နှစ်အကြာမှာ တိုက်ခိုက်ဖို့ သတ်မှတ်ထားတယ်။ သူက တန်စီယုနဲ့ ကျွန်တော်လက်ထပ်တာကို တားဖို့ ကြိုးစားနေတာပဲ။ ဒါပေမယ့် သူ့ကို သတ်ပစ်ဖို့ ကျွန်တော်လည်း အကြောင်းပြချက်တစ်ခု လိုနေသေးတယ်”
ကျူးပုမီက ခေါင်းညိတ်လိုက်သည်။
“မင်း ဒီလိုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုမှတော့ ငါဆက်မပြောတော့ဘူး။ သူက မင်းအာရုံစိုက်ဖို့တောင် မတန်တဲ့ ပမွှားလေးတစ်ကောင်ပဲ။ မင်းတစ်နှစ်အတွင်း ပိုကြိုးစားဖို့လိုတယ်။ ကျန်းယွမ်ပင်က ပြည်ထောင်စုတက္ကသိုလ်ရဲ့စည်းကမ်းတွေကိုတောင် လျစ်လျူရှု့ပြီး သူ့ခွန်အားနဲ့ စိတ်ကြိုက်လုပ်ခဲ့တယ်။ မင်းရဲ့ခွန်အားသာ သူနဲ့နှိုင်းယှဥ်လို့ရမယ်ဆိုရင် မင်းသူ့ကို ကြောက်နေစရာမလိုတော့ဘူး”
“ကျန်းယွမ်ပင်က ဘာမှမဟုတ်ပါဘူး။ သူက ကျွန်တော့်ထက် နှစ်နည်းနည်းစောပြီး ကျင့်ကြံခဲ့တယ်။ အချိန်တန်ရင် ကျွန်တော် သူ့အဆင့်ကိုရောက်သွားမှာပဲ။ နည်းနည်းခက်ခဲမယ့်အပိုင်းက နတ်စွမ်းရည်တွေ ကျင့်ကြံဖို့ပဲ။ ကျွန်တော်သာ နတ်စွမ်းရည်တွေရလာရင် ကျွန်တော့်လက်နှစ်ဖက်နဲ့တင် သူ့ကို ဖိနှိပ်လို့ရတယ်” ကျန်းလင်းရှောင်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။
“မင်းပြောတာ မှန်တယ်၊ တန်စီယုနဲ့ မင်းသာ လက်ထပ်ပြီးရင် အဲ့ပစ္စည်းက ငါတို့ လက်ထဲကို ရောက်လာလိမ့်မယ်။ အဲ့ကျရင် ငါတို့ နှစ်ယောက်လုံး အဆင့်တက်နိုင်မှာ။ ပြည်ထောင်စုတက္ကသိုလ်ထဲမှာ ငါတို့ကို ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ အဓိပတိတောင်မှ ငါတို့ကိုလေးစားရလိမ့်မယ်” ကျူးပုမီက နတ်စွမ်းရည်များပိုင်ဆိုင်နေသည့် သူ့ပုံရိပ်ကိုမြင်ယောင်လျက် ပြောလိုက်သည်။ ထိုပုံရိပ်တွင် ထောင်ပေါင်းများစွာသော လူများကို လူတစ်ဦးတည်းမှ ဖိနှိပ်နေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
“ဒါပေမယ့် တန်ရှန်လျို့က တစ်ခုခု လွဲနေတာကို ခံစားမိပုံပေါ်တယ်။ သူ ငါ့ကိုစုံစမ်းနေတယ်။ သူ့ပထမသမီး သေရတာဟာ ငါတို့နဲ့ ပတ်သက်နေတယ်လို့ သံသယရှိနေတယ်ထင်တယ်”
“အဲ့တာ အရေးမကြီးပါဘူး။ သူ ကျွန်တော်တို့ကို သံသယရရှိတော့ရော ဘာဖြစ်လဲ။ သက်သေခိုင်ခိုင်လုံလုံမရှိရင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ အဲ့အပြင်၊ တန်မိသားစုရဲ့အခြေအနေက အခုအချိန်မှာ တောက်လောင်နေတဲ့ မီးဖိုကြီးပေါ်က ပွက်ပွက်ဆူနေတဲ့ ဆီအိုးနဲ့တူတယ်။ သူ့မှာ အခြားရွေးချယ်စရာရှိသေးလို့လား” ကျန်းလင်းရှောင်က စိတ်အားထက်သန်စွာဖြင့်ပြောသည်။
“ကျွန်တော့် နတ်စွမ်းအင်တွေ ဖွံ့ဖြိုးလာတဲ့အထိ စောင့်ကြည့်ပါ။ အဲ့ခွေးအိုကြီးက နောက်ဆုံးကျရင် သက်တမ်းကုန်ပြီး လဲကျသွားမှာပဲ။ အချိန်တန်ရင် တန်မိသားစုက သူတို့ သားမက်ဖြစ်တဲ့ ကျုပ်ကို ဧကန်မုချ ကိုးကွယ်လာကြလိမ့်မယ်။ အဲ့ကျမှ တန်မိသားစုတစ်ခုလုံးကို တစ်ချက်တည်း သိမ်းပိုက်ဖို့ အခွင့်အရေးရှာမယ်။ ကျန်းမိသားစုနဲ့ တန်မိသားစုရဲ့ ခွန်အားတွေ စုပေါင်းလိုက်ရင် ကျွန်တော်က ပြည်ထောင်စုတစ်ခုလုံးမှာ အသန်မာဆုံးဖြစ်လာလိမ့်မယ်။ အဲ့ကျရင် ကျွန်တော် သမ္မတရာထူးတောင် ဝင်ပြိုင်နိုင်မယ်ထင်တယ်”
“အဲ့မတိုင်ခင်၊ တန်စီယုကျတော့ရော၊ တကယ်လို့ သူသာ အဲ့ကောင်လေးနဲ့ ရှုပ်နေရင် မင်းနာမည်ပျက်သွားလိမ့်မယ်” ကျူးပုမီက ကျန်းလင်းရှောင်ကို သတိပေးလိုက်သည်။
“အခု ဒီမှာ ကျွန်တော်တို့ သတင်းတွေ ပေါက်ကြားသွားလောက်ပြီဆိုတော့ ကျွန်တော်တို့ ဝင်စွက်ဖက်စရာမလိုလောက်တော့ပါဘူး။ တန်မိသားစုက အဲ့လိုမျိုးဖြစ်လာဖို့ ဘယ်တော့မှာ ခွင့်ပြုမှာမဟုတ်ဘူး။ အဲ့ပစ္စည်းကြောင့်သာမဟုတ်ရင် သူ့လို တရားမဝင်ကလေးတစ်ယောက်က ကျွန်တော်ကို လက်ထပ်ဖို့ထိုက်တန်မှာလား”
“ဒါပေမယ့် တန်းရှန်လျို့က ငတုံးမဟုတ်ဘူး။ တန်စီယုရဲ့ အမေဘက်က မိသားစုကို ငါတို့ဆန့်ကျင်ဖို့ ကြိုးစားနေတယ်လို့ သံသယဝင်နေတာ သေချာတယ်။ သူတို့က အဲ့တာတွေကို အရမ်းဂရုစိုက်တယ်။ ငါတို့ လူတွေတောင် အဲ့ပစ္စည်းကို ရအောင်ယူဖို့ နည်းလမ်းမရှိဘူး။ မဟုတ်ရင် နောက်ထပ်တစ်နှစ် ထပ်စောင့်ဖို့တောင် မလိုဘူး” ကျူးပုမီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“တကယ်လို့ တန်ရှန်လုသာ အဲ့ပစ္စည်းရဲ့ မှော်အစွမ်းတွေအကြောင်း သေချာသိနေရင် သူ ဒီလောက်နှစ်တွေအကြာကြီး ဒီအဆင့်မှာပဲရှိနေမှာမဟုတ်ဘူး။ ကျွန်တော်သာ ရှေးစာအုပ်တွေကို အမှတ်တမဲ့ဖတ်မကြည့်ခဲ့မိရင် အဲ့ပစ္စည်းအကြောင်း သိမှာမဟုတ်ဘူး။ သူ ကျွန်တော်တို့ကို သံသယဝင်ချင်တယ်ဆိုရင်လည်း ဝင်ပါစေ၊ ဘာပဲဖြစ်ဖြစ်၊ တစ်နှစ်အတွင်း ဒီပစ္စည်းက ကျွန်တော်လက်ထဲရောက်လာလိမ့်မယ်။ ကျုပ်အတွက် အဲ့ပစ္စည်းကို ထိန်းသိမ်းထားခိုင်းတဲ့သဘောပါပဲ” ကျန်းလင်းရှောင်က ရယ်မောလိုက်သည်။
“ငါအကုန်စီစဥ်ပြီးပြီ၊ စိမ်းလန်းမြို့တော်ပြန်လည်မတည်ရေးအတွက် ငါတို့ အဖွဲ့က လူအင်အားနဲ့ အရင်းအမြစ်တွေအားလုံးကို စုစည်းလိုက်မယ်။ တစ်ဖက်မှာ ငါတို့ သိက္ခာကို မြှင့်တင်နိုင်လိမ့်မယ်။ အခြားတစ်ဖက်မှာတော့၊ ဒီကြီးမားတဲ့ ပြန်လည်မတည်ရေးက ငါတို့ အဖွဲ့အတွက် အကျိုးအမြတ်တွေအများကြီးယူဆောင်လာမှာ သေချာတယ်” ကျူးပုမီက ပြောသည်။
“မစ္စတာကျူး၊ ဆရာလုပ်တဲ့ အစီအစဥ်တွေအတိုင်း ကျွန်တော် တသွေမသိမ်းလိုက်လုပ်ပါ့မယ်။ အစောပိုင်းတိုက်ပွဲမှာ နတ်ဆိုးဂိုဏ်းက အလင်းမဲ့တောင်က တစ္ဆေလေးကောင်ကို တွေ့ခဲ့တယ်။ သူတို့တွေ အများကြီးသတ်ခဲ့ကြတာပဲ။ ဒီအတောအတွင်း ရထားခဲ့တဲ့ အရာတွေကို တစ်နေရာရာမှာတော့ ဖွက်ထားမယ်ထင်တယ်။ အခုအချိန်က ခေါင်းမော့ပြီး သူတို့ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ရမယ့်အချိန်ပဲ” ကျန်းလင်းရှောင်က ခေါင်းညိတ်၍ ပြောသည်။ “ဆရာနာမည်ကိုသုံးပြီး ကျောင်းသားကောင်စီ ဥက္ကဌဖြစ်လာတယ်လို့ တက္ကသိုလ်ထဲမှာ တော်တော်များများပြောနေကြတာ၊ ကျွန်တော်သာ ကြီးကြီးမားမား မကူညီပေးရင် ဒီအဓိပ္ပါယ်မရှိတဲ့သတင်းတွေကို ဘယ်လို ဖျောက်နိုင်မှာလဲ”
“အလင်းမဲ့တောင်က တစ္ဆေလေးကောင်က မရီးဒျန်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်မှာပဲရှိသေးတယ်ဆိုပေမယ့်၊ အတူပူးတွဲတိုက်ခိုက်ရင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်နဲ့ယှဥ်နိုင်တယ်။ အဲ့တာကြောင့် သူတို့တွေက မင်းအတွက် ပြဿနာရှိလောက်တယ်။ အဲ့တစ္ဆေလေးကောင်ရဲ့ခေါင်းပေါ်မှာ အမှတ်တစ်ဘီလီယံလောက်ရှိနေတယ်၊ ဒါက မသိချင်ယောင်ဆောင်လို့ရတဲ့ ပမာဏမဟုတ်ဘူး။ ဒါပေမယ့် တစ္ဆေလေးကောင်က အမြဲသတိထားပြီး ပုန်းကွယ်နေတတ်တာကြောင့် သူတို့ကို ရှာတွေ့ဖို့ဆိုတာ လွယ်မှာတော့မဟုတ်ဘူး”
“ကျွန်တော်သူတို့ကို ခြေရာခံထားပါတယ်။ အခုမရှာတွေ့သေးရုံပါပဲ၊ ဒါပေမယ့် အဲ့လေးကောင် ဒီနေ့ သေရမှာ သေချာပါတယ်” ကျန်းလင်းရှောင်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
“ကောင်းပြီ၊ အဲ့တာဆို ဆက်လုပ်ချေ၊ ငါဒီကကိစ္စတွေကို ကြီးကြပ်မယ်” ကျူးပုမီက ခေါင်းညိတ်သည်။
ထို့နောက်၊ ကျူးပုမိသည် လှည့်ထွက်သွားကာ၊ ညအမှောင်အောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ကျန်းလင်းရှောင်ထွက်သွားပြီးနောက်၊ စိမ်းလန်းမြို့တော်တွင်မူ၊ လူတိုင်းသည် ဤကိစ္စပြီးသွားကြောင်းသိလိုက်ရသည့်အတွက် ဆက်လက်စောင့်ကြည့်ရန် စိတ်မဝင်စားကြတော့ပေ။ ပြင်းထန်လှသော တိုက်ပွဲအပြီးတွင် ၎င်းတို့အားလုံးအနားယူရန် နေရာရှာရန် မြန်ဆန်စွာထွက်သွားကြသည်။
ကျန်းယွမ်ပင်၏ အကူအညီဖြင့် ချူးယွင်ဖန်းသည် ဆေးကုခန်းထဲသို့ ရောက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဒဏ်ရာသည် မပြင်းလှပေ။ ခဏအကြာတွင် မည်သည့်အရာမျှ မဖြစ်သကဲ့သို့ နတ်ဘုရားကျင့်စဥ်၏ အံ့အားသင့်ဖွယ်ရာ ပြန်လည်နာလန်ထူနိုင်စွမ်းရည်များကို ပေါင်းစပ်၍ ချူးယွင်ဖန်း၏ ပါးပြင်ထက်တွင် သွေးရောင်ပြန်သန်းလာသည်။
ဤအခိုက်အတန့်တွင် ကျန်းယွမ်ပင်နှင့် တန်စီယုသည်သာ သူ့ဘေးတွင်ရှိနေ၏။
“နင်ဘာလို့ ဒီလောက်မိုက်မဲရတာလဲ။ ကျန်းလင်းရှောင်က မွေးဖွားခြင်းနယ်မြေအဆင့်ရောက်နေပြီ။ သူနင့်ကို သတ်ဖို့ အခွင့်အရေးရှာနေတာ အသိသာပဲကို၊ နင်ကသွားပြီး မရဏသတ်ကွင်းမှာ တိုက်ဖို့ အကြံပေးလိုက်တယ်” တန်စီယု၏ လှပဝန်းဝိုင်းသော မျက်လုံးလေးများတွင် မျက်ရည်များပြည့်နှက်နေသည်။
“အခြားနည်းလမ်းရှိသေးလို့လား” ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
“ကျန်းလင်းရှောင်က အရမ်းစွမ်းအားကြီးကောင်းကြီးလိမ့်မယ်။ ဒါပေမယ့် ငါ့ကို လျှော့မတွက်နဲ့”
ချူးယွင်ဖန်း၏ မျက်လုံးများသည် ကြည်လင်ပြတ်သားမှုများဖြင့်ပြည့်နေသည်။ မရဏသတ်ကွင်းကို အဆိုပြုရသည့်အကြောင်းပြချက်မှာ၊ သူ့ကိုယ်သူ ယုံကြည်မှုရှိခြင်းကြောင့်ဖြစ်သည်။ ကျန်းလင်းရှောင်သည် မိမိက ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ကြုံစည်နေသည်ဟု ထင်ခဲ့သော်လည်း ချူးယွင်ဖန်းသည်လည်း သူ့ကို တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်။