← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း(၄၃၆) ညီအစ်ကိုအရင်းထက် ပိုရင်းနှီးတယ်

ဧကရာဇ်နန်းတော်ကို ချူးယွင်ဖန်း တည်ထောင်ခဲ့ခြင်းကိစ္စသည် တစ်ညတည်းအတွင်းတွင် လူများစွာထံသို့ရောက်ရှိသွား၏။ သို့သော် ချူးယွင်ဖန်းသည် ၎င်းကို ဂရုမစိုက်အားလှပေ။ ကျန်းလင်းရှောင်ကို အပြည့်အဝ ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်စဥ်ကတည်းက သူ တိတ်တဆိတ်လှုပ်ရှား၍ မရနိုင်တော့သည်မှာသေချာသည်။ လူများသည် လမ်းခွဲများကို ခဏတာ လျှောက်လှမ်းနိုင်သော်လည်း နောက်ဆုံးတွင်မူ လမ်းမကြီးကိုလျှောက်လှမ်းကြရဦးမည်ဖြစ်သည်။

ဧကရာဇ် နန်းတော်ကို တည်ထောင်ပြီးနောက်၊ ချူးယွင်ဖန်း ပထမဆုံး လုပ်သောအရာမှ လူသစ်စုဆောင်းခြင်းဖြစ်သည်။ မဟုတ်လျှင်၊ ဤအဖွဲ့အစည်းသည် အဆင့် ၀ ၌ ထာဝရတည်ရှိနေလိမ့်မည်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုရရှိနိုင်သည့် ပံ့ပိုးမှု၊ အထောက်အပံ့ပမာဏသည် အတန်းအစားအလိုက်ကွဲပြားသည်။ ကွဲပြားသောအဆင့်အတန်းများအားလုံးသည် ကွဲပြားစွာဆက်ဆံခြင်းခံရ၏။

ပထမဆုံး ချူးယွင်ဖန်း တွေးမိသောသူမှာ သူ့အချစ်ဆုံးသူငယ်ချင်း ဂေါင်ဟုန်ချီပင်ဖြစ်သည်။ ထိုအချိန်တွင်ပဲ ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းကို တိုက်ဆိုင်စွာ ဖုန်းခေါ်လာ၏။ စကားအနည်းငယ်ပြောပြီးနောက်၊ ချူးယွင်ဖန်း၏ မျက်နှာထက်တွင် ရှက်ရွံ့သောအမူအရာအချို့တွေ့လိုက်ရသည်။

“မင်းမရီးကို လာတွေ့လှည့်”

ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီတွင် ရည်းစားရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းတို့သည် အသက်အရွယ်တူသော်လည်း ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းထက် လအနည်းငယ်ကြီးသည်။

“‌ေသစမ်း မင်း မင်းရည်းစားရသွားပြီလား။ ဘယ်မိန်းကလေးက မင်းကို ခေါင်းမာပြီး ကြိုက်သွားရတာလဲ” ချူးယွင်ဖန်းက ထိတ်လန့်အံ့သြသွားပုံပေါ်သည်။

“စောက်ပါးစပ်ကြီးကို ပိတ်ထားလိုက်၊ ငါမင်းတို့ ဌာနက ကော်ဖီဆိုင်မှာ မင်းကို စောင့်နေတယ်။ မြန်မြန်လုပ်ပြီး မင်းဖင်ကြီးကို ဒီကို သယ်လာခဲ့” ဂေါင်ဟုန်ချီ အော်ဟစ်ကျိန်ဆဲလိုက်သည်။

ချူးယွင်ဖန်းက ပြုံး၍ ကော်ဖီဆိုင်သို့ ပြေးသွားလိုက်သည်။ မကြာခင်၌ပင်၊ ကော်ဖီဆိုင်၏ သီးသန့်ခန်းထဲတွင် ဂေါင်ဟုန်ချီကို တွေ့လိုက်ရ၏။

ကော်ဖီဆိုင်သည် မကြီးလှသော်လည်း လှပစွာ ပြင်ဆင်ထားသည်။ ဂေါင်ဟုန်ချီက သူ့ဖိနပ်များကို ချွတ်၍ နူးညံ့သောကူရှင်ထက်တွင် တင်ပျဥ်ခွေလျက် ထိုင်နေသည်။ သူသည် သောက်ဖွယ်ရာများကို သူကိုယ်တိုင်ထည့်ပေးလျက်၊ အလွန်ပီတိဖြစ်နေသည်။ သူ့ဘေးတွင် သိမ်မွေ့သောအသွင်အပြင်နှင့် လှပသည့် အမျိုးသမီးတစ်ယောက်ရှိသည်။ သူမသည် ဂေါင်ဟုန်ချီထက် အသက်အနည်းငယ်ကြီးပုံရသည်။

“ယွင်ဖန်း မင်းရောက်ပြီလား၊ မင်းနဲ့မိတ်ဆက်ပေးမယ်။ ဒါက မင်းရဲ့မရီး လီရှု့ယွင်တဲံ၊ သူက ဒုတိယနှစ်ကျောင်းသူမို့ ငါတို့ထက် တစ်နှစ်ကြီးတယ်” ဂေါင်ဟုန်ချီက မတ်တပ်ရပ်၍ အမျိုးသမီးကို မိတ်ဆက်ပေးလိုက်သည်။

“ရှု့ယွင် ဒါက ငါ့ညီကို ချူးယွင်ဖန်းပဲ”

ချူးယွင်ဖန်းက နွေးထွေးစွာပြုံးပြလိုက်သော်လည်း သူတစ်ခွန်းမျှပြန်မပြောမည်တွင် လီရှု့ယွင်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ရှင်က အဲ့ချူးယွင်ဖန်းပဲ”

လီရှု့ယွင်၏ ရန်လိုမှုကို ခံစားလိုက်ရသောအခါ၊ ချူးယွင်ဖန်း၏ မျက်နှာထက်မှ အပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။

“ဟုတ်တယ် ကျွန်တော်က ချူးယွင်ဖန်းပါ”

“ဘာလဲ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိတာလား” ဂေါင်ဟုန်ချီသည်လည်း ၎င်းတို့နှစ်ဦးကြားတွင် တစ်စုံတစ်ရာ လွဲမှားနေကြောင်းခံစားမိသည်။

“ငါမသိပါဘူး။ ငါမသိနိုင်ဘူးလေ” လီရှု့ယွင်၏ နှုတ်ခမ်းများတွန့်ကွေးသွားကာ လှောင်ပြုံးတစ်ခု ပေါ်လာသည်။

“ဘာတွေဖြစ်နေတာလဲ၊ ကောင်းကောင်းပြောစမ်း” ဂေါင်ဟုန်ချီက ပြောသည်။

“ငါတို့အားလုံးက သူငယ်ချင်းတွေလေ၊ မင်းဘာလို့ ဒီ‌လောက်ထူးဆန်းနေတာလဲ။ မင်းဘာကိုပြောချင်နေတာလဲ”

“ယွင်ဖန်း၊ လာ၊ ထိုင်”

ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းကို ထိုင်ရန် ခြေဟန်လက်ဟန်ပြ၍ ဆက်ပြောသည်။

“ရှု့ယွင်ကို မင်းနဲ့ မိတ်ဆက်ပေးဖို့ မင်းကို ဒီနေ့ ဒီကိုလာခိုင်းလိုက်တာပဲ။ ငါတို့ တွဲနေတာ တစ်လကျော်ခဲ့ပြီ၊ ငါတို့ ဆက်ဆံရေးလည်း တော်တော်‌ကောင်းနေပြီလို့ ငါထင်လို့ မင်းနဲ့မိတ်ဆက်ပေးဖို့ တွေးခဲ့တာ”

“ရှု့ယွင်၊ ယွင်ဖန်းက ငါ့သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ အဘိုးကြီးက အမွေဆက်ခံသူတစ်ဦးမွေးထုတ်ပေးခဲ့ပြီးတော့ အဲ့တာ ငါပဲ။ ငါက တစ်ဦးတည်းသော ကလေးပဲ။ အဲ့တာကြောင့် ယွင်ဖန်းကို ငါ့ညီအစ်ကိုလို့ သဘောထားထားတယ်၊ တကယ်တော့ ညီအစ်ကိုအရင်းတွေထက်တောင် ပိုရင်းနှီးသေးတယ်” ဂေါင်ဟုန်ချီက လေးနက်စွာပြောသည်။

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ လီရှု့ယွင်၏ သူ့အပေါ်သို့ သဘောထားသည် အနည်းငယ်ထူးဆန်းနေသည်ကို ခံစားမိသောကြောင့် ယခုအချိန်တွင် သူမည်သည့်စကားတစ်ခွန်းမျှ မပြောချင်တော့ပေ။

အကယ်၍ ဂေါင်ဟုန်ချီကြောင့်သာမဟုတ်ပါက၊ ချူးယွင်ဖန်းသည် ချက်ချင်း ထထွက်သွားပေလိမ့်မည်ဖြစ်သည်။ သူသည် လူတိုင်းကို အကောင်းမြင်တတ်သောသူတစ်ဦးမဟုတ်သကဲ့သို့ စိတ်ရှည်သူတစ်ဦးလည်းမဟုတ်ပေ။ ပိုင်လင်အာမှာ သူ့ကို နားလည်ထားသည့်အတိုင်းပင်၊ သူသည် အပြင်ပိုင်းတွင် နူးညံ့သိမ်မွေ့ပုံပေါက်သော်လည်း ဒေါသမထွက်တတ်သောလူတစ်ဦးဟုထင်နေကြခြင်းက အမှားကြီးတစ်ခု ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ဂေါင်ဟုန်ချီသည် ၎င်းတို့နှစ်ဦးလုံး အလွန်ပျော်ရွှင်နေပုံမပေါ်ကြောင်း သတိထားမိသည်။ မည်သည်ကြောင့်ဖြစ်ကြောင်း သူနားမလည်လှသော်လည်း သူက မေးလိုက်သည်။

“ယွင်ဖန်း၊ မင်းငါ့ကို ပြောစရာရှိနေပုံပဲ၊ ဘာများလဲ”

“အင်း ငါက ဧကရာဇ်နန်းတော်လို့ ခေါ်တဲ့ ကျောင်းသားအဖွဲ့အစည်းတစ်ခု တည်ထောင်ထားတယ်၊ မင်း ပါဖို့စိတ်ဝင်စားလားမသိပေမယ့် မင်းငါ့ကိုလာပြီး ကူညီရမယ်။ ငါမင်းကို နန်းတော်သခင်ရဲ့ လက်ထောက်ရာထူးပေးမယ်” ချူးယွင်ဖန်းက ပြောသည်။ အခြားသူများသာ ဤအကြောင်းကြားမိပါက၊ ချူးယွင်ဖန်းကို အစွန်းရောက်သမားဟုထင်ကြပေလိမ့်မည်ဖြစ်သည်။

မှန်သည်။ ချူးယွင်ဖန်းသည် အစွန်းရောက်သူတစ်ဦးဖြစ်သည်။

ဆိုရိုးစကားအတိုင်းပင်၊ ညီအစ်ကိုများသည် ကျားကိုတိုက်ရန် အတူတကွရပ်တည်ရမည်ဖြစ်သည်။ ချူးယွင်ဖန်းသာ တစ်ခုခုလုပ်ချင်ပါက၊ သူအချစ်ဆုံးသူငယ်ချင်းကို ဦးစွာပထမစဥ်းစားမိပေလိမ့်မည်ဖြစ်ရာ၊ သူ့အတွက် ဂေါင်ဟုန်ချီသည် ညီအစ်ကိုအရင်းထက် ပိုရင်းနှီး၏။

ဂေါင်ဟုန်ချီသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့သောကြောင့် သူသည်လည်း သဘာဝအတိုင်းပင် ပါရမီပါလာသည်မှာ သေချာသည်။ ကျောင်းသားအဖွဲ့အစည်းတစ်ခုကိုလည်း သူ အလွယ်တကူ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ တစ်ခုတည်းသောပြဿနာမှာ သူ၏ ကျင့်ကြံရေးအဆင့် နိမ့်ကျနေခြင်းဖြစ်သည်။

ယခုအချိန်အထိ ဂေါင်ဟုန်ချီသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်၌သာရှိသေးသည်ဖြစ်ရာ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲများမဖြေဆိုမီက ချူးယွင်ဖန်း၏ အဆင့်သို့ပင် မရောက်ရှိလှသေးပေ။

တစ်နှစ်ခွဲနီးပါးပင်ရှိခဲ့ပြီဖြစ်ရာ၊ ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့သည် အဆင့်ချင်းအလွန်ဝေးကွာခဲ့ပြီဖြစ်သည်။ တကယ်တမ်းတွင် ဂေါင်ဟုန်ချီ၏ သိုင်းပညာဖြင့်၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏ အကူအညီဖြင့်သာ ဝင်ခွင့်ရခဲ့ခြင်းဖြစ်၏။

ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းနှင့် လေ့ကျင့်နေစဥ်ကာလ၌ ချူးယွင်ဖန်းကို အမှီမလိုက်နိုင်ခဲ့သော်လည်း ချူးယွင်ဖန်း၏ စွမ်းအားအဆုံးသတ်မျဥ်းကို မြင်နိုင်ခဲ့သေးသည်။ လမ်းခွဲခဲ့ကြပြီးနောက်၊ ချူးယွင်ဖန်းက အလွန်လျင်မြန်စွာပင် တိုးတက်လာခဲ့သည်။

“သေချာတာပေါ့” ဂေါင်ဟုန်ချီက စဥ်းစားခြင်းအလျင်းမရှိဘဲ၊ ပြောလိုက်သည်။ သူနှင့် ချူးယွင်ဖန်း၏ဆက်ဆံရေးတွင် ဤအရာကို ထည့်သွင်းစဥ်းစားနေရန်ပင် မလိုအပ်ပေ။

အတိတ်တွင် သူက ချူးယွင်ဖန်းကို ကူညီခဲ့သည်။ ထို့နောက်ပိုင်းတွင်မူ၊ ချူးယွင်ဖန်းက သူ့ကို ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်ရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်းက သူ့ကို ဒုက္ခရောက်စေလိမ့်မည်မဟုတ်သည်မှာ သေချာ၏။

“ဒါက လုံးဝမဆိုးပါဘူး” ဂေါင်ဟုန်ချီက ပြုံး၍ ပြောသည်။

“နန်းတော်သခင်ရဲ့ လက်ထောက်။ ဒီခေါင်းစဥ်က အထင်ကြီးစရာပဲ၊ ဟားဟားဟား”

“ခဏနေပါဦး” လီရှု့ယွင်က စကားဖြတ်ပြောလိုက်သည်။

“ဒီဧကရာဇ်နန်းတော်ဆိုတဲ့ဟာက အခွံသက်သက်ကြီးပဲလေ”

“အင်း လက်ရှိတော့ အဖွဲ့ဝင်နှစ်ယောက်ပဲရှိသေးတယ်၊ တစ်ယောက်က ကျွန်တော်နဲ့ နောက်တစ်ယောက်က အဘိုးကြီး‌ဂေါင်ပဲ” ချူးယွင်ဖန်းက ခေါင်းညိတ်၍ ထိုအချက်ကို ဖုံးကွယ်ထားရန် စိတ်မဝင်စားလှပေ။

လီရှု့ယွင်က ဂေါင်ဟုန်ချီကို ကြည့်လိုက်သည်။ ဤအချက်ကြောင့် ဂေါင်ဟုန်ချီက ၎င်းကို ငြင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူသည် လုံးဝမတုံ့ပြန်ခဲ့ပေ။

“တောင်းပန်ပါတယ် ဟုန်ချီ၊ ငါနင့်ရဲ့ အဖွဲ့အစည်းထဲမဝင်နိုင်ဘူး”

“မင်းဘာတွေလုပ်နေတာလဲ၊ ဒီက ငါ့ညီကိုက ဧကရာဇ်နန်းတော်ကိုဝင်ဖို့ ငါ့ကို လာခေါ်တာ၊ အဲ့တာကို ဘာတွေ ကိစ္စကြီးနေတာလဲ” ဂေါင်ဟုန်ချီသည် လီရှု့ယွင်ကို မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။

ချူးယွင်ဖန်းက ဤသည်မှာ၊ ဂေါင်ဟုန်ချီဒေါသထွက်လာတော့မည့်အရိပ်အယောင်ဖြစ်ကြောင်း သိလိုက်သည်။

“ဟုန်ချီ နင်က ငတုံးလား၊ ဒီကမ္ဘာမှာ အလကားရတဲ့ နေ့လယ်စာရယ်လို့ မရှိဘူး။ ချူးယွင်ဖန်းက ငါတို့ ကျောင်းသားဥက္ကဌရဲ့ ရန်သူမှန်းနင်သိလား။ ကျောင်းသားဥက္ကဌကို ဆန့်ကျင်ဖို့အတွက် ဧကရာဇ်နန်းတော်ကို တည်ထောင်ခဲ့တာ။ ငါတို့ ကောင်စီဥက္ကဌက ဘယ်လိုလူလဲဆိုတာနင်သိလား။ သူ့ကို ဆန့်ကျင်တဲ့ကောင်က ကောင်းတဲ့အဆုံးသတ်ရမှာမဟုတ်တာ သေချာတယ်” လီရှု့ယွင်က ပြောသည်။

“နင် ငါ့ကို နင်နဲ့အတူဆွဲချချင်နေတာလား။ နင်ဆုံးဖြတ်ချက်ချပါ။ နင် ငါနဲ့နေမလား၊ ဒီပေါတောတော အဖွဲ့အစည်းကို ဝင်မလား၊ ဒုတိယတစ်ခုကို ရွေးမှာဆိုရင် ငါတို့ လမ်းခွဲကြမယ်”

“ဒါဆို လမ်းခွဲကြရအောင်” ဂေါင်ဟုန်ချီက ချက်ချင်းပင် အေးစက်စွာပြန်ဖြေလိုက်သည်။

“နင်ဘာပြောလိုက်တာလဲ” လီရှု့ယွင်က ပြန်အော်လိုက်သည်။ သူမ၏ အသံသည် အလွန်တုန်ယင်နေ၏။

“လမ်းခွဲမယ်ဆိုတဲ့ စကားအဓိပ္ပါယ်ကို မင်း နားမလည်ဘူးလား ခွေးမရဲ့၊ ယွင်ဖန်းက ငါ့အစ်ကို အရင်းထက်တောင် ရင်းနှီးတယ်လို့ ငါပြောထားတယ်လေ၊ ငါတို့နှစ်ယောက်ကို ရန်တိုက်ပေးချင်တာလား။ ကျန်းလင်းရှောင်ဖြစ်တော့ရော ဘာဖြစ်လဲ၊ ကျောင်းသားကောင်စီဥက္ကဌအဆင့်ပဲရှိတဲ့သူက ကောင်းကင်ကြီးတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်နိုင်မှာတဲ့လား”

‌‌ဂေါင်ဟုန်ချီက ရုတ်တရက် ပေါက်ကွဲသွားသည်။ သူ့ဒေါသများ တောက်လောင်လာကာ၊ ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းပုံပေါ်သည်။

အခန်း(၄၃၇) ဓားနာမည်က ကျူးချွဲ့

ဂေါင်ဟုန်ချီ၏ ရုတ်တရက် ပေါက်ကွဲသံကြောင့် လီရှု့ယွင် အလွန်အံ့အားသင့်သွားသည်။ ဂေါင်ဟုန်ချီကို သူမသိခဲ့စဥ်ကတည်းက သူ ဤမျှထိ ဒေါသထွက်သည်ကို မမြင်ခဲ့ဖူးပေ။ သူသည် မည်သည့်အရာကိုမဆို ရယ်မော၍ အရာရာကို ပေါ့ပေါ့တန်တန် သဘောထားတတ်သူဟု သူမထင်ခဲ့သည်။

“ မင်းက ကျောင်းသားကောင်စီကဆိုတာ ငါသိပါတယ်၊ အဲ့တော့ရော ဘာဖြစ်လဲ။ ကျောင်းသားကောင်စီက ကောင်းကင်တစ်ခုလုံးကို လက်တစ်ဖက်ထဲနဲ့ ဖုံးထားနိုင်လို့လား” ဂေါင်ဟုန်ချီက ဒေါသတကြီးအော်လိုက်သည်။

“သေချာစဥ်းစားကြည့်စမ်း၊ ဘယ်သူက ဘယ်သူနဲ့ပိုရင်းနှီးတာလဲ၊ ယွင်ဖန်းက ငါ့ညီကိုပဲ၊ တကယ်လို့ ငါမင်းနဲ့လက်ထပ်ရရင် သူက မင်းညီအစ်ကို ဖြစ်လာမှာပဲ။ ကျန်းလင်းရှောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ။ မင်းကျန်တဲ့ တစ်ဘဝလုံးကို သူနဲ့ ဖြတ်သန်းရမှာမို့လို့လား”

“သွားကြရအောင် ယွင်ဖန်း၊ ငါတို့ သွားကြမယ်”

ဂေါင်ဟုန်ချီသည် ဒေါသတကြီးဖြင့် ဖိနပ်စီး၍ ကော်ဖီဆိုင်မှ ထွက်လာခဲ့သည်။ တစ်ဖက်တွင်မူ၊ လီရှု့ယွင်သည် ကြောင်အန်းလျက်၊ အခန်းထဲတွင် ဆက်လက်ထိုင်နေ၏။ ဂေါင်ဟုန်ချီသည် ဤသို့ ရုတ်တရက် ပေါက်ကွဲသွားလိမ့်မည်ဟု သူမ မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။

ချူးယွင်ဖန်းက အလွန်လှပသော လီရှု့ယွင်ကို ကြည့်၍ သက်ပြင်းချလိုက်သည်။ ထို့နောက်၊ အပြင်သို့ ထွက်လာရာ၊ ထောင့်တစ်နေရာတွင် စီးကရက်တစ်လိပ်ကို ရှိုက်လျက်၊ စိတ်တည်ငြိမ်စေရန် အပြင်းအထန် ရှုရှိုက်နေသော ဂေါင်ဟုန်ချီကို မြင်လိုက်ရသည်။

“ဘာလို့ ရုတ်တရက် ဒီလောက်တောင် ဝုန်းဒိုင်းကြဲနေတာလဲ။ သူက မင်းအတွက် အကောင်းတွေးပေးတာလေ” ချူးယွင်ဖန်းက ဂေါင်ဟုန်ချီထံသို့လျှောက်သွား၍ ပြောလိုက်သည်။

“သူက ငါ့အတွက်တွေး‌ပေးတာဆိုရင် ဒီလောက်ကြီး နားမလည်နိုင်စရာအကြောင်းမရှိဘူးလေ။ ဘဝလက်တွဲဖော်ကို ရွေးတယ်ဆိုရင် မင်း ကောင်းတဲ့လူကို ရွေးသင့်တယ်။ အခြားလူတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ဘယ်လိုလုပ် ဒီလောက် အထင်သေးနေတာလဲ” ဂေါင်ဟုန်ချီတွင် ဒေါသအငွေ့အသက်များရှိနေသေးသည်။

ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို ကြည့်၍ သူ့တွင် အခြားသောပုံစံတစ်မျိုးရှိနေသည်ကို မြင်လိုက်ရ၏။ လအနည်းငယ်ကြာ မဆုံတွေ့ခဲ့ကြသည့် ကာလအတွင်းတွင် ဂေါင်ဟုန်ချီ ပြန်လည်မွေးဖွားလာပုံပေါ်သည်။ အကယ်၍ ဂေါင်ဟုန်ချီသည် ယခင်က ကောင်လေးတစ်ယောက်ဖြစ်ပါက၊ သူ၏ လုပ်ဆောင်မှုပုံစံသည် ယခုအခါတွင် ယောက်ျားတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။

ဂေါင်ဟုန်ချီ ရည်စားရပြီးနောက်တွင် ပြောင်းလဲသွားခြင်းဖြစ်နိုင်သလော။

မှန်သည်။ ဂေါင်ဟုန်ချီသည် သူ့အသွေးအသားထဲမှ ဖိုဝါဒီကိုမဖုံးကွယ်ထားနိုင်ခဲ့ပေ။ ဤခေတ်တွင် မည်သူကမျှ ဖိုဝါဒီကို မဝေဖန်ကြပေ။ အလွန်နိမ့်ကျသောအနေအထားတွင် ရှိနေသူများသာ ဖိုဝါဒီကို ဝေဖန်ကြပေလိမ့်မည်ဖြစ်သည်။

ဤခေတ်သည် တန်းတူညီတူမဟုတ်သေးသော်လည်း မျက်မှောက်ခေတ်ကကဲ့သို့ ခြားနားချက်သည် မသိသာလှပေ။ ကပ်ဆိုးအတွင်းတွင် လူသားများသည် ဆိုးရွားသော သက်ရောက်မှုများကို ခံစားခဲ့ကြရ၍ လူတိုင်းသည် အရေးပါသော ပုဂ္ဂိုလ်များဖြစ်လာခဲ့ကြသည်။ ဤသို့သောအခြေအနေမျိုးတွင် လူများအကြားမှ ခြားနားချက်သည် အလွန်လျင်မြန်စွာဖြင့် ပြိုကွဲသွားခဲ့၏။ ယခုခေတ်တွင် တသီးပုဂ္ဂလဝါဒကို ထောက်ခံကြသည်ဖြစ်ရာ၊ လူများစွာသည် လူမျိုးကြီးဝါဒကို ကျင့်သုံးလာကြသဖြင့်၊ မည်သူကမျှ မည်သူတစ်ဦးတစ်ယောက်ထက် မသာလွန်မမြင့်မြတ်ပေ။

“ဟားဟား အဖော်ကောင်းနဲ့လက်ထပ်စမ်းပါ၊ သူက မင်းကို ကူညီဖို့ကြိုးစားနေရုံလို့ထင်တာပဲ။ သူ့မှာ အပြစ်အထူးတလှယ်မရှိပါဘူး” ချူးယွင်ဖန်းက ရယ်မော၍ ပြောသည်။

“သူပြောတာ မှန်ပါတယ်။ ဧကရာဇ်နန်းတော်က အခွံချည်းသက်သက်ပဲရှိရုံတင်မဟုတ်ဘဲ၊ ပြဿနာလည်းတော်တော်များဦးမှဦ။ မင်း ငါနဲ့ လက်တွဲလုပ်ရင် တော်တော် ဒုက္ခရောက်လိမ့်မယ်”

“ငါ့ဖင်ကြီးကို ဒုက္ခရောက်ပါလား၊ ယွင်ဖန်းရ၊ မင်းမပြောရင်တောင် ငါနားလည်တဲ့အရာတွေ အများကြီးရှိပါတယ်။ ငါ့အရည်အချင်းက မင်းနဲ့ စီယုထက် အများကြီးနိမ့်ကျနေပြီး၊ ဒီနေရာကို ရောက်လာခဲ့တဲ့ ငါ့ခရီးက မလွယ်ပေမယ့် ဘယ်သူသိမလဲကွာ၊ သဘက်ခါလည်း ရောက်ရင်ရောက်သွားနိုင်တာပဲ။ ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော့ မတူဘူး။ မင်းတို့ရဲ့အနာဂတ်က အကန့်အသတ်မဲ့တယ်။ ငါမင်းကိုအများကြီးမကူညီနိုင်ဘူးလေ။ ပြဿနာအကြောင်း ပြောနေလို့ ဘာထူးမှာလဲ။ အရင်တုန်းက မင်းတို့နှစ်ယောက် ငါ့ကို ကျင့်ကြံဖို့ကူညီတုန်းကရော ငါ့ကို ပြဿနာလို့ ထင်ခဲ့ကြလား”

ဂေါင်ဟုန်ချီက ပြုံးစိစိဖြင့် ပြောသည်။ သူသည် ပျော်ပျော်နေတတ်သော အပေါင်းအဖော်တစ်ဦးဟု ထင်ရသော်လည်း ကိစ္စများစွာကို သူသိထားသည်။ သူ့ကဲ့သို့ အရူးတစ်ယောက်က ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်နိုင်လိမ့်မည်မဟုတ်ပေ။

“ကောင်းပြီ၊ မင်းစိတ်ပိုင်းဖြတ်ပြီးပြီဆိုမှ‌တော့ ငါမင်းကို မတားတော့ပါဘူး။ ငါ့ညီ၊ ငါမင်းကို ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိ ဒုက္ခများအောင်လုပ်မှာမဟုတ်ဘူး။ မင်းရဲ့အနာဂတ်က မင်းနဲ့ မင်းအဖေထင်ထားတာထက် ပိုကောင်းမှာသေချာတယ်။ ရှု့ယွင်က ငါ့ကို နားလည်မှုလွဲနေပေမယ့် မင်းကိုဆန့်ကျင်တာတော့ ဘာမှမရှိဘူးပဲ။ မင်းကတော့ ငါ့ကို ကောင်းကောင်းသိတယ်မလား။ တကယ်လို့ သူမင်းကို တကယ်စိတ်မဝင်စားဘူးဆိုရင် တစ်လကျော်ကြာတည်းနဲ့ ငါ့ကို သူနဲ့မိတ်ဆက်မပေးလောက်ဘူးမလား။ မင်းရဲ့ မာန်မာနတွေကို ဖယ်ပြီး သူ့ကို ချော့လိုက်ပါ။ အမျိုးသမီးတွေက ကောင်းတာတွေကြားချင်ကြတယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။

“ငါ့မှာအခြားကိစ္စတွေရှိသေးလို့ ဒီကိစ္စတွေကို ဒီမှာပဲအဆုံးသတ်လိုက်ကြရ‌အောင်၊ ငါမင်းကို နောက်နေ့ကျ ထပ်လာရှာပါ့မယ်”

“ကောင်းပြီ၊ အခုပဲပြေးတော့” ဂေါင်ဟုန်ချီက ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို နှုတ်ဆက်ပြီးနောက်၊ အခြားသူအချို့ကို ရှာဖွေရန်ပြင်ဆင်လိုက်သည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်တွင် အဆက်အသွယ် အများအပြားမရှိသောကြောင့် သူပထမဆုံးသွားရှာသည့်သူများမှာ သူ၏အဖွဲ့သားများပင်ဖြစ်၏။

ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်ရှိ အခြားသူများထက် သူတို့နှင့် ပို၍ ရင်းနှီးသည်မှာ သေချာ၏။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ဧကရာဇ်နန်းတော်သို့ ခေါ်ယူလိုကြောင်း ကြားခဲ့ရပြီးနောက်၊ ရှဖန်နှင့် အခြားသူများ တုံ့ဆိုင်းသွားကြသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ကြသည်။ ကျန်းလင်းရှောင်အတွက် စိတ်ပူနေကြသည်မှာ ထင်ရှားသော်လည်း ၎င်းတို့၏ဆရာဖြစ်သူ ကျန်းယွမ်ပင်ကြောင့် သဘောတူလိုက်ကြသည်။

ထို့နောက်၊ ချူးယွင်ဖန်းသည် ယွင်နင်ခရိုင်ရှိ မူလထိပ်တန်းကျောင်းသားသုံးဦးဖြစ်သည့်၊ ယုရှင်းယွမ်နှင့် အခြားသုံးယောက်ကို ရှာဖွေခဲ့သော်လည်း ၎င်းတို့သုံးဦးသည် နောက်ဆုံးတွင် လိမ္မာပါးနပ်စွာဖြင့် ငြင်းဆိုခဲ့ကြသည်ဖြစ်ရာ၊ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့၏ ပွဲအကြောင်း ကြားသိခဲ့ရကြောင်း ထင်ရှား၏။

ချူးယွင်ဖန်းက သက်ပြင်းချလိုက်ပြီးနောက် လက်လျှော့လိုက်သည်။ လူသားတို့၏ ဆက်ဆံရေးသည် မှန်းဆ၍ မရနိုင်သည်မှန်သော်လည်း ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ သူငယ်ချင်းများဖြစ်ခဲ့ကြရာ၊ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို တိုက်ခိုက်ရာတွင် ကူညီရန် ထိုပမာဏဖြင့် မလုံလောက်ခဲ့ပေ။

ချူးယွင်ဖန်းသည် စိတ်ဓာတ်မကျခဲ့ပေ။ အနည်းဆုံး၊ ဂေါင်ဟုန်ချီ၊ ရှဖန်နှင့် အခြားသူများကို စုဆောင်းနိုင်ခဲ့သဖြင့်၊ ဧကရာဇ်နန်းတော်၏ ဂုဏ်သိက္ခာကို စတင်ပုံဖော်နိုင်ပြီဖြစ်သည်။ အခြားသူများကို အလျင်စလိုခေါ်ယူလိုခြင်းမရှိပေ။ နောက်ဆုံးတွင်မူ သန်မာသူများသည် ဤကမ္ဘာပေါ်တွင် အလေးစားခံရဆုံးပုဂ္ဂိုလ်များဖြစ်ကြရာ၊ ချူးယွင်ဖန်းက လုံလောက်သော ခွန်အားကို မပြသနိုင်ပါက၊ သူမည်သို့ပြောနေစေကာမူ၊ မည်သူမျှ လာရောက်ပူ‌ပေါင်းလိမ့်မည်မဟုတ်ပေ။ ယခုအရေးအကြီးဆုံးမှာ သူ့ပစ္စည်းများကို အဆင့်မြှင့်ရန်ပင်ဖြစ်သည်။ ကျန်းလင်းရှောင်နှင့် တိုက်ပွဲအပြီးတွင် ချူးယွင်ဖန်း၏အရိပ်မဲ့ဓားနှင့်၊ တိုက်ပွဲသံချပ်ကာ ကွဲကြေသွားခဲ့ရသဖြင့်၊ ၎င်းတို့ကို အမှိုက်ပုံးထဲသို့ ပစ်ခဲ့ရပြီးဖြစ်သည်။

ချူးယွင်ဖန်းသည် ပစ္စည်းကိရိယာများအဆင့်ကို မြှင့်တင်ရန်လည်းလိုအပ်နေသေး၏။ ထို့အပြင် ချူးယွင်ဖန်း၏အရိပ်မဲ့ဓားနှင့် တိုက်ပွဲသံချပ်ကာများသည် သူ၏ လက်ရှိ တိုးတက်မှုကို အမှီလိုက်နိုင်တော့မည်မဟုတ်ပေ။ အရိပ်မဲ့ဓားသည် အလွန်ရေပန်းစားသော်လည်း ၎င်းကို စွမ်းအင်မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် ကန့်သတ်ထားသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် ၎င်းသည် မလုံလောက်လှပေ။ မဟုတ်လျှင်၊ ကျန်းလင်းရှောင်၏ လက်ဗလာဖြင့် ချေမှုန်းခံရမည်ဖြစ်သည်။

ထို့အပြင် ဧကရာဇ်ခန္ဓာနည်းစနစ် ကိုကျွမ်းကျင်သွားပြီးနောက်၊ အရိပ်မဲ့ဓားသည် ချူးယွင်ဖန်းအတွက် မသင့်တော်တော့ပေ။ မျောက်ဘုရင် စွန်းဝူခုန်းသည် ရတနာများရှာဖွေရန် အရှေ့ပင်လယ်ရှိ နဂါးနန်းတော်သို့သွားခဲ့ရာ၊ သာမန်လက်နက်များသည် သူ့အတွက် အလွန်ပေါ့ပါးလွန်းလှသဖြင့်၊ ရူယီရွှေတုတ်တံသာလျှင် သင့်တော်ခဲ့သည်။

ချူးယွင်ဖန်းသည် ယခုအချိန်တွင် တူညီသောအခြေအနေတွင် ရှိနေ၏။ အရိပ်မဲ့ဓားသည် ကီလိုဂရမ်အနည်းငယ်မျှသာ အလေးချိန်ရှိသည်။ ထို့အပြင်၊ သာမန်လူများ တိုက်ပွဲရှည်တိုက်ခိုက်အပြီးတွင် သက်လုံမကျစေရန် ရည်ရွယ်ကာ၊ ၎င်းကို ထုလုပ်ခဲ့စဥ်က တမင်ရည်ရွယ်၍ ပေါ့ပါးစွာ ထုလုပ်ခဲ့သည်။

သို့သော် ဤသို့သော လက်နက်မျိုးသည် ချူးယွင်ဖန်း၏ အင်အားကို အပြည့်အဝမပြသနိုင်ပေ။ နတ်ဘုရားကျင့်စဥ်ရှိနေခြင်း၏ အားသာချက်ဖြင့်၊ သူသည် လက်နက်ကြီးများကို အသုံးမပြုပါက၊ နှမျောဖွယ်ကောင်းပေလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် လက်ထဲတွင် ငွေအမြောက်အများမရှိသော်လည်း သူ့တွင် ပိုအသုံးဝင်သော ပြည်ထောင်စုတက္ကသိုလ်မှ အမှတ်ငါးသန်းရှိထားသည်။ ပြည်ထောင်စုတက္ကသိုလ်၏ အမှတ်ဖလှယ်ရေးဝဘ်ဆိုဒ်တွင် နတ်လက်နက်များစွာရှိသည်။ တက္ကသိုလ်ပြင်ပတွင် ရောင်းချသော ပစ္စည်းများဖြင့် နှိုင်းယှဥ်ပါက၊ ပို၍ အဆင့်မြင့်သည်။ နောက်ဆုံးပေါ်နည်းပညာကိုအသုံးပြု၍ ထုလုပ်ထားသော နတ်လက်နက်များသာမက၊ ရှေးခေတ်မှ ကျန်ရစ်ခဲ့သော နတ်လက်နက်များလည်းရှိသေး၏။

ချူးယွင်ဖန်းသည် ဝဘ်ဆိုဒ်စာမျက်နှာတစ်ခုပြီးတစ်ခုကို ကြည့်လိုက်ရာ၊ ရုတ်တရက်၊ နတ်လက်နက်တစ်ခု၏ မိတ်ဆက်စာပိုဒ်သည် သူ့အာရုံကို ဖမ်းစားသွားခဲ့၏။ ၎င်းသည် ကြီးမားသော ဓားတစ်လတ်ဖြစ်သည်။ ၎င်း၏ ကိုယ်ထည်သည် အလွန်ကျယ်ပြန့်၍ သာမန်လူတစ်ဦး နောက်ကျောအကျယ်၏ လေးပုံသုံးပုံခန့်ရှိရာ၊ ကိုယ်ထည်တစ်ခုလုံးသည် ငွေမှင်ရောင်ဖြစ်’။ အလယ်တွင်ကြီးမား၊ တောက်ပသော သွေးနီရောင် အကွက်တစ်ခုရှိသည်။ ချွန်ထက်သော သာမန်ဓားများနှင့် မတူသည်မှာ၊ ဤဓားကြီးသည် အလွန်ကြီးမား၍ လေးလံသော ခံစားချက်ကို ပေးစွမ်းနိုင်၏။

ချူးယွင်ဖန်းသည် ဤသည်ကား သူရှာနေသော လက်နက်ဖြစ်သည်ဟု ရုတ်တရက် နားလည်သွားသည်။

ဓားအမည်မှာ ကျူးချွဲ့ဖြစ်သည်။

အခန်း(၄၃၈) သီးသန့်ကျင့်ကြံခြင်း၏ လဝက်

ကျူးချွဲ့သည် ကျော်ကြားသော ရှေးဟောင်းဓားတစ်မျိုးဖြစ်ရာ၊ နွေဦးနှင့် ဆောင်းဦးကြား ကာလတွင် ဒဏ္ဍာရီလာအကျော်ဇေယျ တစ်ဦးဖြစ်သည့် အို့ယဲ့ကျီမှ ထုလုပ်ခဲ့သည်ဟု သိရသည်။ ၎င်းသည် အရောင်မွဲ၍ လေးလံကာ၊ အလွန်မာကြောသည်။ ထို့ကြောင့် ၎င်းကို ‘ကျူးချွဲ့ (အမြင့်ဆုံးဖြစ်တည်မှု)’ ဟု ခေါ်ဆိုခြင်းဖြစ်ရာ၊ အခြားဓားများသည် ၎င်းနှင့် မယှဥ်ဝံ့ပေ။

ကျူးချွဲ့၊ ချန်ယင်း၊ ချွန်ကျွင်း၊ ယွီချန်၊ တိုင်အာ၊ ကျန်းလု၊ လုံယွမ်နှင့် ကုန်းပုတို့ကို “မရဏဓားရှစ်ချောင်း’ဟု ခေါ်ကြသည်။

ကျူးချွဲ့သည် တရုတ်သမိုင်းတွင် အလွန်ကျော်ကြားသော ရှေးဟောင်းဓားတစ်လတ်ဖြစ်သည်။ မှန်သည်။ ဤကျူးချွဲ့သည် သမိုင်းမှ ကျူးချွဲ့မဟုတ်ပေ။ သို့သော် ရှေးဟောင်းလူသားများကာလ၏ သန့်စင်ခြင်း နည်းပညာသစ်များနှင့် ‌ခေတ်မီနည်းပညာကို အသုံးပြု၍ တုပထုလုပ်ထားခြင်းဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်ရှိ အမှတ်များနှင့် လဲလှယ်နိုင်သော လက်နက်များထဲတွင် ၎င်းသည် ထိပ်တန်းလက်နက်များထဲမှ တစ်ခုဖြစ်ရာ၊ ၎င်းသည် သန်းတစ်ရာခန့်ကုန်ကျ၏။ အခြားလက်နက်ကြီးများစွာထက် များစွာတန်ဖိုးကြီးသည်ဖြစ်၍ စျေးနှုန်းကို ကုမ္ပဏီကြီးတစ်ခုဖြင့်ပင် နှိုင်းယှဥ်၍ ရနိုင်သည်။

ဤလက်နက်သည် အရိပ်မဲ့ဓားကဲ့သို့ အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားသော လက်နက်မျိုးမဟုတ်ပေ။ ၎င်းသည် တစ်ခုတည်းသော အစမ်းပြုလုပ်ထားသည့်ဓားတစ်လတ်ဖြစ်ရာ၊ ၎င်းကို ပြုလုပ်သည့် အသုံးပြုရမည့် နည်းပညာကို စစ်ဆေးရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို ရှေးဟောင်းဒဏ္ဍာရီများမှ ကျူးချွဲ့၏ သဘောသဘာဝကို ကိုးကား၍ ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ရာ၊ ၎င်းကို ယနေ့ အဆင့်အမြင့်ဆုံး နည်းပညာဖြင့် ပြုလုပ်ထားသည်။

ထိုသို့သော လက်နက် စုစုပေါင်းရှစ်ခုကို ထုလုပ်ထားခဲ့ရာ၊ ၎င်းတို့သည် ကျော်ကြားသော မရဏဓားရှစ်လတ်ဖြစ်သည်။ သို့သော် ဤသို့သော လက်နက်များသည် တစ်ချောင်းပြီးတစ်ချောင်း ရောင်းထွက်သွားခဲ့ပြီးဖြစ်သဖြင့်၊ ကျူးချွဲ့သည်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် စျေးနှုန်းအလွန်မြင့်လှသဖြင့် ရောင်းရန်မလွယ်ကူပေ။ သန်းရာနှင့်ချီသော အမှတ်များသည် နာမည်ကြီးလှသော အရိပ်မဲ့ဓားထက် အဆပေါင်းဆယ်ဆပိုများသည်။

၎င်း၏စျေးနှုန်းကြောင့် ကျူးချွဲ့ကို အစုလိုက်အပြုံလိုက် ပမာဏများများ ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ ၎င်းသည် တက္ကသိုလ်တွင်း လဲလှယ်ခြင်းဖြစ်သောကြောင့် တက္ကသိုလ်ပြင်ပတွင် ပေးရမည့် ပမာဏထက် များစွာသက်သာသည်။ ဤသို့မှမဟုတ်ပါက၊ ဤနည်းပညာမြင့်လက်နက်မျိုးကို အနည်းဆုံး ယွမ်သန်းငါးရာဖြင့် ရောင်းချနိုင်သည်။ ချူးယွင်ဖန်းက ၎င်းကို ကြည့်၍ ကျူးချွဲ့သည် သူအလိုရှိသော လက်နက်ဖြစ်ကြောင်း အတည်ပြုကာ၊ ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် ချူးယွင်ဖန်းသည် လေးလံသော ကျူးချွဲ့ကို ပြောင်းလဲအသုံးပြုရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သောကြောင့် သူအသုံးပြုနေကျ ဓားသိုင်းများကို အသုံးမပြုနိုင်တော့ပေ။ ချူးယွင်ဖန်းသည် ဓားသမားတစ်ယောက်မဟုတ်သောကြောင့် ၎င်းကို အမှန်တကယ်ပင် ဂစိုက်နေခြင်းမရှိပေ။ သူ့အတွက်၊ လက်နက်များသည် လက်နက်ကိရိယာများသာဖြစ်သည်။ သိုင်းပညာသည် လက်နက်အားလုံးကို ထိန်းချုပ်နိုင်သည့် မြင့်မြတ်သော တာအိုဖြစ်သည်။

ဧကရာဇ်တိုက်ပွဲစာအုပ်တွင်၊ လေးလံသောဓားအသုံးပြုမှုကို မှတ်တမ်းတင်ထားသည့် ဓားသိုင်းတစ်ခုရှိရာ ၎င်းကို ကမ္ဘာ့အရှင်ဟု ခေါ်သည်။ ဤဓားသိုင်းကို လေးလံသောဓားနှင့် တွဲဖက်အသုံးပြုပါက ၎င်း၏ စွမ်းအားသည် အကန့်အသတ်ရှိလိမ့်မည်မဟုတ်ပေ။ ကမ္ဘာ့အရှင်သည် ဓားသိုင်းအစုတစ်ခုဖြစ်သော်လည်း ၎င်းကို အပိုင်းနှစ်ပိုင်းခွဲခြားနိုင်သည်ဖြစ်ရာ၊ တစ်ခုမှာ ကောင်းကင်ဓားသိုင်းဖြစ်၍ တစ်ခုသည်မူ ကမ္ဘာမြေဓားသိုင်းဖြစ်သည်။

ကမ္ဘာမြေဓားသိုင်းနောက်တွင် ကောင်းကင်ဓားသိုင်းရှိ၏။ ကမ္ဘာမြေဓားသိုင်းတွင် ပုံစံကိုးမျိုးရှိ၍ ကောင်းကင်ဓားသိုင်းတွင် ပုံစံသုံးမျိုးရှိသည်။ စုစုပေါင်း ဓားသိုင်းကွက် ဆယ့်နှစ်ခုရှိသည်။

၎င်းတို့အနက်မှ ကမ္ဘာမြေဓားသိုင်းများသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ဓားသိုင်းများဖြစ်သော်လည်း ကောင်းကင်ဓားသိုင်းများသည်မူ မွေးဖွားခြင်းနယ်မြေအဆင့် ဓားသိုင်းများဖြစ်ကြသည်။ ၎င်းတို့ကို အသုံးပြုသည်နှင့် ထိုမှ ရနိုင်မည့် စွမ်းအားသည် အဆုံးမဲ့ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ဤဓားသိုင်းသည် ရန်သူတစ်ထောင်ကို ဒဏ်ရာရစေနိုင်သော အမျိုးအစားမျိုးဖြစ်သော်လည်း အသုံးပြုသူကိုလည်း ထိခိုက်စေနိုင်သည်။ တစ်နည်းအားဖြင့် လူတစ်ဦး၏ ကိုယ်ခန္ဓာအရည်အသွေး မကောင်းပါက၊ ဤဓားသိုင်းသည် အသုံးပြုသူကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ကိုယ်ခန္ဓာအဆင့်တွင်သာရှိခဲ့စဥ်က တောဘုရင်သိုင်း၏ နောက်ဆုံးသိုင်းကွက်ဖြစ်သည့် ကျားဆိုးလက်သီးကို အပြင်းအထန်အသုံးပြုခဲ့သောကြောင့် ဒဏ်ရာရရှိခဲသကဲ့သို့ပင်ဖြစ်ရာ၊ ခန္ဓာကိုယ်သည် ကျင့်ကြံရေးအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ လေ့ကျင့်မှုနောက်သို့ ချက်ချင်းလိုက်ရမည့်အစား၊ သီးသန့်ကျင့်ကြံခြင်း၏ ဒုတိယပိုင်းကို စတင်ကျင့်ကြံခဲ့သည်။ သူသည် ကမ္ဘာ့အရှင်ဓားသိုင်းကို တတ်နိုင်သမျှ အချိန်တိုအတွင်းအပြီးသတ်ချင်လျက်ရှိသည်။ သူ၏ တိုက်ခိုက်ရေးအင်အားကို တတ်နိုင်သမျှ အမြန်ဆုံး သန်မာလာစေလိုသည်။

နောက်နေ့နံနက်ခင်းတွင်၊ ကျူးချွဲ့ကို ချူးယွင်ဖန်း၏ တံခါးဝသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထို့နောက် အထုတ်ကို အမြန်ဖွင့်၍ ကြီးမားသော ဓားရှည်ကြီးကို ထုတ်ယူလိုက်သည်။ သူ ၎င်းကို ကိုင်လိုက်သောအခါ၊ ၎င်းသည် အမှန်တကယ်ပင် သာမန်ဓားများနှင့် ဓားရှည်များထက် များစွာပို၍ လေးလံကြောင်း တွေ့ရှိခဲ့သည်။

ဧကရာဇ်ခန္ဓာနည်းစနစ် ကို ကျွမ်းကျင်သွားခဲ့ပြီးနောက်၊ ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို ကိုင်ဆောင်ထားသောအခါ၊ လေကို ကိုင်ထားသကဲ့သို့ ခံစားခဲ့ရသော်လည်း ကျူးချွဲ့သည်မူ ကွဲပြား၏။ ချူးယွင်ဖန်းသည် ၎င်း၏ လေးလံသော အလေးချိန်ကို ရှင်းလင်းစွာ ခံစားသိရှိနေနိုင်၏။

ထို့အပြင် ကျူးချွဲ့သည် ၎င်း၏ အလေးချိန်ကို ချိန်ညှိနိုင်စေရန် ဆွဲငင်အားစနစ်လည်း တပ်ဆင်ထားသည်။ ၎င်းသည် အမှန်ပင် နောက်ဆုံးပေါ်၊ အတိုးတက်ဆုံးနည်းပညာ၏ အထွဋ်အထိပ်ပင်ဖြစ်သည်။

ထို့ကြောင့် ၎င်းကို ဝယ်ယူရန် ငွေအမြောက်အမြားကုန်ကျသည်မှာ အံ့သြဖွယ်တစ်ခု မဟုတ်လှပေ။

ချူးယွင်ဖန်းသည် ကျူးချွဲ့ကို လက်ထဲတွင်ကိုင်၍ ဝှေ့ယမ်းလိုက်သည်။ ဤသို့လုပ်လိုက်သည်နှင့် လေထုတစ်ခုလုံးကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရကာ၊ လေပြင်းတိုက်သံများပင်ကြားလိုက်ရသည်။ ဤသည်က အမှန်တကယ်ပင် ခြားနားသော ဓားတစ်တစ်စင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ကျူးချွဲ့ကို လ်ကထဲတွင် ကိုင်လျက်၊ ထိုနေရာတွင် မလှုပ်မရပ် ရပ်နေ၏။ သူ့စိတ်တွင်မူ၊ ဧကရာဇ်တိုက်ပွဲစာအုပ်ထဲမှ ကျူးချွဲ့နှင့် ပတ်သက်သည့် မှတ်တမ်းအမျိုးမျိုးကို ပြန်စဥ်းစားနေသည်။ သူ့မျက်လုံးရှေ့တွင် မရေမတွက်နိုင်အောင် များပြားလှသော စကားလုံးများပေါ်လာသကဲ့သို့ထင်ရသည်။ သူသည်၎င်း၏ အဓိပ္ပါယ်ကို လျင်မြန်စွာနားလည်သောအခြေအနေတွင်ရှိနေသောကြောင့် ဤစကားလုံးများသည် အလျင်အမြန်ပင် ရွေ့လျားနေသော ရုပ်ပုံများအဖြစ်ပြောင်းလဲသွားသည်။ သူလုပ်ဆောင်နေသည်မှာ ကမ္ဘာ့အရှင်ဓားသိုင်းဖြစ်သည်။

ပုံရိပ်များသည် ချူးယွင်ဖန်း၏ စိတ်ထဲတွင် ပေါင်းစပ်သွား၏။ သူစတင်၍ လှုပ်ရှားလိုက်သောအခါ၊ သူ့လက်ထဲမှ ဓားရှည်ကြီးသည်လည်း စတင်ကခုန်လာသည်။ ချက်ချင်းဆိုသကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၍ ကျူးချွဲ့၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချူးယွင်ဖန်းက ယင်းကို ခုတ်ပိုင်းလိုက်သောအခါ၊ သူ့ရှေ့မှ လေထုတစ်ခုလုံး ကွဲကြေသွား၍ ကြီးမားသော လေလှိုင်းတစ်ုခ ထွက်ပေါ်လာသည်။

အကယ်၍ ၎င်းသာ လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းသွားလျှင်၊ ဤလှုပ်ရှားမှဒသည် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်ဖြစ်သည်။

ဤသိုင်းကွက်ကို ပြုလုပ်ပြီးနောက်၊ ချူးယွင်ဖန်းသည် အရှိန်မလျှော့သေးပေ။ ဓားကို ပြန်ဆွဲလိုက်ကာ၊ နောက်ထပ်တစ်ကြိမ် ဓားကို ထပ်မံဝှေ့ယမ်းလိုက်ပြန်၏။ သူသည် လျင်မြန်လှသော်လည်း လျှပ်စီးတမျှလျင်မြန်ပေါ့ပေါးသော သာမန်ဓားမျှကဲ့သို့ မဟုတ်ပေ။ ၎င်းသည် ဥက္ကာပျံကဲ့သို့ သက်ဆင်းလာခြင်းပင်ဖြစ်သည်။

ဘွန်း

ဘွန်း

လေကို ဦးစွာ ဖြိုခွင်းသွားပြီးနောက်၊ ကျူးချွဲ့သည် ချီစွမ်းအင်များဖြင့် အပြင်းအထန်ပေါက်ကွဲသွားသည်။ ဤကဲ့သို့ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုမျိုး၌ပင် ဤမျှထိကြီးမားသော စွမ်းအားများပါရှိသည်။ ချူးယွင်ဖန်း၏ သိုင်းကွက်များကို ညီမျှသည်ဟု ဆို၍မရသော်လည်း ၎င်းတို့သည် အလွန်အမင်းစွမ်းအားပြင်းလှသည်။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ကြည့်ပြီးသည့်နောက်၊ ချူးယွင်ဖန်းသည် သူ၏ ခွန်အားအမြောက်အမြားကို အသုံးပြုခဲ့သည်။ ဤသည်မှာ လတ်တလော အရိပ်မဲ့ဓားကို သူအသုံးပြုခဲ့စဥ်က မခံစားရသည့်အရာဖြစ်သည်။ ကျူးချွဲ့သည် ၎င်း၏ စွမ်းရည်ကို ပိုမို မြင့်မားလာစေရန် ကူညီပေးကြောင်း ထင်ရှား၏။

အသက်ပြင်းပြင်းအနည်းငယ်ရှုပြီးနောက်၊ ချူးယွင်ဖန်းသည် သူ၏ ခွန်အား ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။ ဧကရာဇ်ခန္ဓာနည်းစနစ် ၏ စွမ်းအားပြန်လည်ဖြည့်တင်းနိုင်စွမ်းသည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်း၏။

ထို့နောက် ချူးယွင်ဖန်းသည် နောက်ထပ်သော သိုင်းကွက်များကို ပြုလုပ်ခဲ့သည်။ အကယ်၍ ချူးယွင်ဖန်းသည် ယခုအချိန်တွင် သူ၏ ဓားသိုင်းလေ့ကျင့်မှုကိုသာ တစ်စုံတစ်ဦးမြင်ပါက၊ သူ၏ ပထမအကြိမ်ကြိုးစားခဲ့သော သိုင်းကွက်များသည် အနည်းငယ်မျှ ရှုပ်ထွေးနေကြောင်းနှင့် ဒုတိယအကြိမ်လေ့ကျင့်မှုတွင် သူ၏သိုင်းကွက်များ ပို၍ ချောမွေ့ကာ ရှင်းလင်းလာကြောင်း သတိထားမိပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏ အံ့သြဖွယ် နားလည်နိုင်စွမ်းနှင့် ဓာတ်ပုံမှတ်ဉာဏ်ကို

အပြည့်အဝထုတ်သုံး၍ ခန္ဓာကိုယ်၏ အတုယူနိုင်စွမ်းကိုလည်း အပြည့်အဝပြသလိုက်သည်။

ဒုတိယအကြိမ်လေ့ကျင့်မှုတွင် ချူးယွင်ဖန်း၏ အသက်ရှုသံသည် ပို၍ချောမွေ့လာသည်။

တတိယအကြိမ်လေ့ကျင့်မှုတွင် ချူးယွင်ဖန်းသည် နောက်ထပ်သော သိုင်းကွက်အနည်းငယ်ကိုပင် အကောင်အထည်ဖော်နိုင်ခဲ့သည်။

ထို့နောက် စတုတ္ထအကြိမ်…။

ပဥ္စမအကြိမ်…။

ဆဋ္ဌမအကြိမ်…။

ချူးယွင်ဖန်းသည် ဒဿမမြောက်အကြိမ် သိုင်းကွက်များကို ပြုလုပ်သောအခါ၊ သူသည် ကမ္ဘာ့အရှင်သိုင်းစဥ်ထဲမှ ကမ္ဘာမြေဓားသိုင်းများကို ချော့မွေ့စွာ ပြုလုပ်နိုင်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် ကမ္ဘာမြေဓားသိုင်းကို ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီးဖြစ်၏။

ဤသို့သော အရှိန်အဟုန်မျိုးကိုသာ ကမ္ဘာက သိသွားမည်ဆိုလျှင်၊ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်လှုပ်သွားမည်မှာ သေချာ၏။ ချူးယွင်ဖန်းသည် မည်သည့် သိုင်းပညာကိုမဆို လျင်မြန်စွာ ကျွမ်းကျင်နိုင်၏။ ၎င်းကို ကျွမ်းကျင်သည်နှင့်တစ်ပြိုင်နက်၊ သူသည် ယင်းကို အလွန်လျင်မြန်စွာအသားကျလာမည်ဖြစ်၏။

ဤသီးသန့်ကျင့်ကြံမှုကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်း၌ပင် လတစ်ဝက်ခန့် ကုန်လွန်သွား၏။

All Chapters