အချေအတင်
Vol. 183 Ch. 2732
မိုချင်သည် တက္ကသိုလ်၏ အတွင်းဂိုဏ်းကနေ ထွက်ခွာပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ ကောင်းကင်မြေကြီးနန်းတော်ရှိရာသို့ တန်း၍သွားလိုက်သည်။
လမ်းတစ်လျှောက်မှာ သူမက လေးနက်စွာ စဥ်းစားတွေးတောနေသည်။
အစက သူမသည် ထိုအချက်ကို မယုံဿည်ခဲ့ပေ။
သို့သော်လည်း ဂျူနီယာမောင်ဆူက မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ဖြစ်သည်ကို သူမက ရှာဖွေတွေ့ရှိရသောအခါ သူမသည် ထိုအချက်များကို ဆက်စပ်ကြည့်မိနေ၏။
သူမဆရာသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အဖြစ် ဂျူနီယာမောင်ဆူ၏ သရုပ်သကန်ကို ရှာဖွေတွေ့ရှိသွားတာ ဖြစ်နိုင်မလား။
ထို့ကြောင့်ပင် သူသည် သားရဲများနှင့် မိစ္ဆာများကို သတ်ဖြတ်နှိမ်နှင်းရမည်ဟူသော ရှေးရိုးမူကို ကာကွယ်လိုသောကြောင့် တက္ကသိုလ်ကနေ ထုတ်ပယ်လိုက်တာလား။
ထိုအချက်ကြောင့်မဟုတ်လျှင် ဂျူနီယာမောင်ဆူအနေဖြင့် တက္ကသိုလ်နှင့် တကယ်ပဲ ခွာပြဲဖို့ လိုအပ်ခဲ့ရဲ့လား။ ဒါ့အပြင် သူမဆရာ၏ တွက်ချက်မှုများက အမြဲတမ်းဟာကွက်မဲ့ပြီး သူသည် အတိတ်ကနေပစ္စုပ္ပန်ထိ အရာရာတိုင်းကို သိရှိထားလေသည်။
သူသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အဖြစ် ဆူဇီမို၏ သရုပ်သကန်ကို ကောက်ချက်ချနိုင်ဖို့ တကယ်ပဲဖြစ်နိုင်ခြေများလေသည်။
သို့သော်လည်း ဂျူနီယာမောင်ဆူက အခုဘယ်နေရာကို ရောက်နေတာလဲ။ သူက ဘယ်လိုနေလဲ။
သူမဆရာက ဂျူနီယာမောင်ဆူကို တိုက်ခိုက်မည်ဆိုလျှင် သူက အသက်ရှင်နိုင်ပါ့မလား။
မိုချင်သည် ထိုအချက်ကို သူမကိုယ်တိုင်ပင် နားမလည်ပေ။
ဆူဇီမိုက တက္ကသိုလ်ကို သစ္စာဖောက်ခဲ့သည်ဟု သူမတွေးမိစဥ်မှာတောင် သူမသည် သူ့အပေါ် ရန်လိုစိတ်လုံးဝရှိမလာခဲ့ပေ။ ထိုအစား သူမက အတော်လေးစိုးရိမ်ပူပန်နေမိသည်။
သိပ်မကြာခင် မိုချင်သည် အမွေခံကုန်းမြေ၏ အနက်ပိုင်းထဲသို့ ရောက်ရှိလာ၏။
ရှေ့တည့်တည့်တိမ်စိုင်များကြားမှာ ရှေးကျ၍လျှို့ဝှက်ဆန်းကြယ်သော နန်းတော်တစ်ခုကို ခပ်ရေးရေးတွေ့မြင်နိုင်သည်။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မိုချင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကျယ်လောင်စွာ လှမ်းအော်ပြောလိုက်၏။
“ဆရာ... ကျွန်မမိုချင်ပါ ကျေးဇူးပြုပြီး ဆရာနဲ့တွေ့ခွင့်ပေးပါ”
သိပ်မကြာခင် နန်းတော်ထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။
“ဝင်ခဲ့လေ”
နောက်ခဏ၌ တိမ်စိုင်များက ဆင်းသက်လာပြီး မိုချင်နှင့် ကောင်းကင်မြေကြီးနန်းတော်ကြားမှာ ပေါင်းကူးပေးထားသည့် တံတားတစ်စင်း စုဖွဲ့လာခဲ့လေသည်။
မိုချင်သည် ပေါင်းကူးတံတားပေါ် တက်လှမ်းပြီး ကောင်းကင်မြေကြီးနန်းတော်ထဲသို့ ဝင်ရောက်လိုက်၏။
သူမ နန်းတော်ထဲသို့ ခြေချမိသည့်ခဏမှာပင် မိုချင်က မှင်တက်သွားရသည်။
ကောင်းကင်မြေကြီးနန်းတော်၏ အလယ်မှာ ခြေချိတ်ထိုင်နေသော တက္ကသိုလ်ဂိုဏ်းချုပ်အပြင် အဲဒီမှာ ခပ်ယဲ့ယဲ့ညှီနံ့ထွက်နေသည့် လက်တစ်ဖက်ပြတ်အမျိုးသားတစ်ယောက်ရှိနေ၏။
ထိုလူ၏ ထက်ရှမှုက ပျောက်ဆုံးသွားပြီဖြစ်ပြီး သူ၏ မျက်လုံးများက အတော်လေးမှေးမှိန်နေ၏။ သူသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အထီးကျန်သိုင်းသခင်၏ ထာဝရပျက်သုဥ်းခြင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသော ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ စွမ်းအားကြီးမားသောနည်းလမ်းများဖြင့် ဓားအင်မော်တယ်ယွဲ့ဟွားကို ကယ်တင်နိုင်ခဲ့သော်လည်း သူ၏ ထိခိုက်ဒဏ်ရာများက အခုချိန်ထိ သက်သာပျောက်ကင်းမလာသေးပေ။
သူ၏ ပြတ်သွားသောလက်က ပြန်မပေါက်နိုင်သည့်အပြင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပြန်လည်မကုသနိုင်သည့် ဒဏ်ရာများစွာရှိနေဆဲဖြစ်သည်။
ဆွေးရိနေသောအသားများက ဆက်လက်၍ဖြစ်ပေါ်နေပြီး ထို့ကြောင့်ပင် ညှီစို့စို့အနံ့တစ်ခုက ထွက်ပေါ်နေခြင်းဖြစ်သည်။
ဓားအင်မော်တယ်ယွဲ့ဟွားက အသက်ရှင်နိုင်ခဲ့သော်လည်း သူပုံစံက ဓားကျိုးတစ်လက်ကဲ့သို့ ဖြစ်နေသည်။
သူ့မှာ မျှော်လင့်ချက် မရှိတော့ပေ။
ဓားအင်မော်တယ်ယွဲ့ဟွားအပြင် နန်းတော်ထဲမှာ နောက်ထပ်အမျိုးသားတစ်ယောက်ရှိနေ၏။ သူက ဓားတစ်လက်ကဲ့သို့ အကြည့်နှင့်အတူ ဖြောင့်ဖြောင့်ရပ်နေပြီး မြင့်မြတ်သောအော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။ သူသည် နောက်ထပ် အမွေခံတပည့်တစ်ယောက် ဂျူနီယာမောင်ယန်လောရှုဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ ဓားအင်မော်တယ်ယွဲ့ဟွားသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ဘေးမှာ သူ၏ လက်ကို ဘေးသို့ချပြီး မတ်တတ်ရပ်နေ၏။
ယန်လောရှုကတော့ တက္ကသိုလ်ဂိုဏ်းချုပ်၏ ရှေ့တည့်တည့်မှာမတ်တတ်ရပ်ပြီး လေထုက အနည်းငယ်တင်းကျပ်လေးလံနေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က မိုချင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူကအပြုံးတစ်ခုနှင့်အတူ ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
“မိုချင်... နင်တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပေါ့... နင်ကလည်း ဆူဇီမိုကိစ္စနဲ့ပတ်သက်ပြီး ဒီကိုရောက်လာတာဖြစ်ရမယ်... ဟုတ်တယ်မလား”
“လောရှုကလည်း အဲဒီကိစ္စနဲ့ ဒီကို ရောက်လာတာပဲ”
“နင်ရောက်လာတာအချိန်မှန်ပဲ... နင့်မှာ မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် မေးလို့ရတယ်... ငါဖြေပေးမယ်”
မိုချင်က တွေဝေတုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။
“ဆရာ... အတွင်းဂိုဏ်းတပည့်တစ်ယောက်က ဂျူနီယာမောင်ဆူကို စွပ်စွဲပုတ်ခတ်ပြောဆိုနေတာ ကျွန်မအခုပဲကြားခဲ့ရတယ်... သူက တက္ကသိုလ်နဲ့ သူ့ဆရာကို သစ္စာဖောက်ခဲ့တယ်လို့တောင်မှ...”
“အဲဒါက စွပ်စွဲပုတ်ခတ်ပြောဆိုတာ မဟုတ်ဘူး”
မိုချင်က စကားဆုံးအောင်မပြောရသေးခင်မှာပင် ဓားအင်မော်တယ်ယွဲ့ဟွားက ဖြတ်ပြောလိုက်၏။
“အဲဒါ တကယ့်အမှန်တရားပဲ”
မိုချင်က တွေဝေရှုပ်ထွေးစွာဖြင့် တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး အဖြေတစ်ခုကိုရယူလို၏။
တက္ကသိုလ်ဂိုဏ်းချုပ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ခေါင်းကိုသာညိတ်ပြလိုက်၏။
မိုချင်က ရင်ထဲမှာ ဆို့နင့်သွား၏။
ဘေးကနေ ယန်လောရှုက ရုတ်တရက်ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကျုပ်ပြောတဲ့စကား ရိုင်းပျသွားရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ယန်လောရှုသည် အမွေခံတပည့်တစ်ယောက်ဖြစ်သော်လည်း သူက တက္ကသိုလ်ဂိုဏ်းချုပ်၏ တပည့်ရင်းမဟုတ်ပေ။ ထို့ကြောင့် သူက တစ်ဘက်သူကို ဂိုဏ်းချုပ်ဟု ခေါ်ဆိုရဆဲဖြစ်သည်။
ယန်လောရှု၏ အမူအရာက တည်တံ့နေ၏။
“ဂျူနီယာညီဆူက တက္ကသိုလ်ကို ဝင်ရောက်လာပြီးကတည်းက သူက နှစ်တစ်သောင်းတွေ့ဆုံပွဲရဲ့ စမ်းသပ်စစ်ဆေးမှုမှာ သူ့ရဲ့ဂိုဏ်းသားရောင်းရင်းအဖော်တွေကို ကယ်တင်ပေးခဲ့တယ်... တကယ်ဆို သူ့ရဲ့ဂိုဏ်းသားရောင်းရင်းအဖော်တွေအတွက် သူက သူ့ကိုယ်သူသတ်ဖြတ်ခြင်းလက်နက်တစ်ခုလိုပြုမူပြီး ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးကိုတောင် သတ်ဖြတ်ခဲ့တယ်.. နောက်ပိုင်းမှာ သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကိုရခဲ့တယ်”
“နောက်ပိုင်း မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူက စီနီယာအစ်ကိုယွဲ့ဟွားနဲ့ တခြားသူတွေရဲ့ မတရားအမှုဆင်တာခံခဲ့ရတယ်... အဲဒီတုန်းက ခင်ဗျားကိုယ်တိုင် သူ့ကိုဝင်ပြီး ကယ်တင်ပေးခဲ့တယ်... သူက တက္ကသိုလ်ကို စိတ်မပျက်စေခဲ့ဘူး... နောက်ပိုင်းမှာ သူက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကိုရခဲ့တယ်”
“ဂျူနီယာညီဆူက တာအိုနှလုံးသားလှေခါးမှာ ဒသမမြောက်လှေခါးထစ်ကို စုဖွဲ့ခဲ့တယ်... အဲဒါက တကယ့်ကို မကြုံစဖူးထူးခြားတဲ့အောင်မြင်မှုပဲ”
“ဂျူနီယာညီဆူက တက္ကသိုလ်ကို ဝင်ရောက်ပြီးကတည်းက သူက တက္ကသိုလ်ကို စိတ်ပျက်အောင်လုပ်တာ ဒါမှမဟုတ် တက္ကသိုလ်ကို ထိခိုက်အောင်လုပ်တာ မရှိခဲ့ဘူး... သူက တက္ကသိုလ်ကို ဘယ်လိုသစ္စာဖောက်သွားသလဲ ကျုပ်နားမလည်နိုင်ဘူး”
ယန်လောရှု၏ မေးခွန်းက အလွန်တရာ တဲ့တိုးဆန်ပြီး တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိပေ။
တက္ကသိုလ်ဂိုဏ်းချုပ်ကို ဤကဲ့သို့ မေးခွန်ထုတ်ဖို့အတွက် အလွန်တရာသတ္တိကောင်းရမည်ကို သိထားရပေမည်။
အနည်းဆုံးတော့ မိုချင်သည် ထိုသို့တိုက်ရိုက်ပြောဆိုရဲခြင်း မရှိပေ။
တကယ်တော့... ထိုစကားလုံးများသည် သူမ၏ ရင်ထဲရှိ တူညီသောစကားလုံးများပင်ဖြစ်ပေသည်။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အဖြစ် သူ၏ သရုပ်သကန်အကြောင်းကို သိရှိသွားမည်ဆိုလျှင် ဂျူနီယာမောင်ဆူသည် တက္ကသိုလ်ကို သစ္စာဖောက်ဖို့ တကယ်ပဲဖြစ်နိုင်ခြေများလေသည်။
“မင်းဘယ်လိုတောင်ရဲတင်းနေတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ တစ်ဘက်တည်းသောလက်ကို ဆန့်ထုတ်ပြီး ယန်လောရှုကို လက်ညှိုးထိုးကာ တင်းမာခက်ထန်စွာ ပြောလိုက်၏။
“ယန်လောရှု... မင်းက ဂိုဏ်းချုပ်ကို သံသယဝင်နေတာလား”
“ကျုပ်မဝံ့ရဲပါဘူး”
ယန်လောရှုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ကျုပ်က စဥ်းစားမရဖြစ်နေလို့ အမှန်တရားကို သိချင်ရုံပါပဲ... ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ကျုပ်ကို ဉာဏ်အလင်းပြပါဦး”
ဓားအင်မော်တယ်ယွဲ့ဟွားက ထပ်မံ၍ကျိန်ဆဲတော့မည်ရှိစဥ်မှာပင် တက္ကသိုလ်ဂိုဏ်းချုပ်က တွေဝေရရှုပ်ထွေးသောအမူအရာဖြင့် လက်ကာပြလိုက်၏။
သူက ညင်သာစွာသက်ပြင်းချကာ ပြောလိုက်လေသည်။
“အဲဒါနဲ့ပတ်သက်ပြီး ငါလည်း တကယ့်ကို ယူကျုံးမရဖြစ်ရတယ်”
“စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး ဆုံးဖြတ်ဖို့က ခက်ခဲတယ်... ဒီကောင်လေးမှာ ပင်ကိုယ်ဗီဇအရ တော်လှန်ပုန်ကန်တတ်တဲ့စိတ်ရှိနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး... သူက ငါ့အပေါ်မှာ သတ်ဖြတ်လိုစိတ်တကယ်ပဲထားပြီး သူ့ဆရာကို သစ္စာဖောက်တဲ့ပြစ်မှုကို ကျူးလွန်ခဲ့တယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ထိုအချက်နှင့်ပတ်သက်၍ လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။
ထိုစဥ်တုန်းက ဆူဇီမိုသည် သူ့ကို တကယ်ပင် သတ်ဖြတ်လိုခဲ့လေသည်။
ယန်လောရှုက မျက်မှောင်ကြုတ်လိုက်၏။
မိုချင်၏ ရင်ထဲတွင်လည်း တွေဝေရှုပ်ထွေးမှုက ပေါ်ထွက်လာ၏။
ကြည့်ရသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အဖြစ် ဂျူနီယာမောင်ဆူ၏ သရုပ်သကန်ကို မသိရှိထားလောက်ပေ။ မဟုတ်ပါက တက္ကသိုလ်ဂိုဏ်းချုပ်အနေဖြင့် ထိုအချက်ကို ဖုံးကွယ်ထားစရာမလိုပေ။
သို့သော်လည်း မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အဖြစ် သူ၏ သရုပ်သကန်ကြောင့်မဟုတ်လျှင် ဂျူနီယာမောင်ဆူက တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ပဋိပက္ခတစ်ခုဘာ့ကြောင့်ဖြစ်လာရမှာလဲ။
အဲဒါက အဓိပ္ပါယ်မရှိဘူးထင်ရသည်။
ယန်လောရှုက ခဏမျှစဥ်းစားတွေးတောပြီးနောက် မေးလိုက်သည်။
“ဂိုဏ်းချုပ်... ဂျူနီယာညီဆူရဲ့ကျင့်ကြံမှုက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာပဲ... သူက ကြီးမားတဲ့အခွင့်အလမ်းတချို့ကို ရရှိပြီး ပကတိအင်မော်တယ်တစ်ဦးဖြစ်လာခဲ့မယ်ဆိုရင်တောင် သူနဲ့ခင်ဗျားကြား ကွာဟချက်က မိုးနဲ့မြေလို့ပဲ”
“ကျုပ်တကယ်ပဲ နားမလည်နိုင်ဘူး... ဂျူနီယာညီဆူက သူ့ကိုယ်သူသတ်သေချင်တာမဟုတ်သရွေ့ သူက ခင်ဗျားပေါ် ဘာလို့သတ်ဖြတ်လိုစိတ် ထားရမှာလဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က မပြောရသေးခင်မှာပင် ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာပြောလိုက်၏။
“ယန်လောရှု... မင်းက တက္ကသိုလ်ဂိုဏ်းချုပ်ကို ထပ်တလဲလဲမေးခွန်းထုတ်နေတာပဲ... မင်းကလည်း တက္ကသိုလ်နဲ့ မင်းရဲ့အရင်းအမြစ်ကို ပုန်ကန်သစ္စာဖောက်ချင်နေတာလား”
“စီနီယာအစ်ကိုယွဲ့ဟွား... ဒါက ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး”
ယန်လောရှုက သူ့ကို ခပ်စိမ်းစိမ်းကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားကျုပ်ကို လာခြောက်နေစရာမလိုဘူး... ခင်ဗျားမှာ အဲလိုတာဝန်လည်းမရှိဘူး”
သူ၏ ကျင့်ကြံမှုနယ်ပယ်က ဓားအင်မော်တယ်ယွဲ့ဟွားကို မယှဥ်နိုင်သော်လည်း သူသည် သူ၏ မှန်ကန်ဖြောင့်မတ်မှုနှင့်အတူ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်မရှိပေ။
ယန်လောရှုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြတ်သားသောအကြည့်နှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကို ခပ်စိမ်းစိမ်းနောက်တစ်ဖန်ကြည့်လိုက်၏။
“ဂိုဏ်းချုပ်... ကျုပ် ကောလာဟလတချို့ကြားထားတာရှိတယ်... ဂျူနီယာညီဆူရဲ့ မျိုးဆက်သွေးက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်တယ်လို့ပြောကြတယ်... သူက ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီးတဲ့နောက် သူက ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းခန္ဓာအပေါ် အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိလာခဲ့တယ်”
“ခင်ဗျားက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေးကိုလိုချင်လို့ ဂျူနီယာညီဆူကို တိုက်ခိုက်ခဲ့တာလို့ ပြောကြတယ်”
“ဂျူနီယာညီဆူက တက္ကသိုလ်နဲ့သူ့ဆရာကို ပုန်ကန်သစ္စာဖောက်ခဲ့တယ်ဆိုတာ သူက ဒီနေရာကနေ ထွက်သွားဖို့ကလွဲပြီး သူ့မှာ တခြားဘာရွေးချယ်စရာမှ မရှိခဲ့လို့ပဲ”
ဆူဇီမိုသည် ဂိုဏ်းနှင့် သူ့ဆရာကို သစ္စာဖောက်ခဲ့သည်ဟု တက္ကသိုလ်ဂိုဏ်းချုပ်က သတင်းဖြန့်လိုက်ပြီးနောက် လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကလည်း အဖြစ်အပျက်များ၏ တကယ့်အမှန်တရားကို ဖြန့်ပေးခဲ့လေသည်။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မြှုပ်နှံထံခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံသည် သူ့ကို အသရေဖျက်စော်ကားပြောဆိုနေကြသည်ကို မလိုလားပေ။
ဘယ်ဟာကအမှန် ဘယ်ဟာက အမှားဖြစ်သည်ကို လောကက သူတို့ဘာသာသူတို့ ဆုံးဖြတ်ကြပေလိမ့်မည်။
မိုချင်က ထိုစကားကို ကြားသောအခါ သူမက တုန်လှုပ်ချောက်ချားသွား၏။
ဂျူနီယာမောင်ဆူသည် အကြောင်းအရင်းမရှိဘဲ သူ့ဆရာနှင့်ဂိုဏ်းကို သစ္စာဖောက်လိမ့်မည်မဟုတ်ဟု သူမက ယုံကြည်ထားခဲ့သည်။
သို့သော်လည်း ယန်လောရှုပြောသည်က အမှန်ဆိုလျှင် အဖြစ်အပျက်များက ယုတ္တိတန်လာခဲ့လေသည်။