ရှောင်းနင်၏ တည်နေရာ
Vol. 183 Ch. 2733
တက္ကသိုလ်ဂိုဏ်းချုပ်၏ အန္တိမစွမ်းပကားကြောင့် တစ်ယောက်ယောက်က ထိုကောလာဟလများကို ကြားကြလျှင်တောင် တက္ကသိုလ်ဂိုဏ်းချုပ်ရှေ့မှာ ထုတ်ဖော်ပြောဆိုဖို့နေနေသာ မည်သူကမှ သူတို့အချင်းချင်းပင် အဲဒါကို ဆွေးနွေးပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်ကို မည်သူကမှ မေးခွန်းမထုတ်ရဲပေ။
ယန်လောရှုတစ်ယောက်တည်းကသာ ထိုသို့ပြောဝံ့လေသည်။
တက္ကသိုလ်မှာ တပည့်ဂိုဏ်းသားများစွာရှိသော်လည်း ယန်လောရှုတစ်ယောက်တည်းကသာ မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိအောင် ကျင့်ကြံထားနိုင်လေသည်။
ယန်လောရှုက ထိုသို့ပြောပြီးနောက် ကောင်းကင်မြေကြီးနန်းတော်က သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လေထုက တင်းကျပ်လေးလံ၍ မွန်းကျပ်ဖွယ်ရာကောင်းလာပြီး သတ်လိုဖြတ်လိုသော စိတ်ဆန္ဒတစ်ခုကပင် ပေါ်ထွက်လာလေသည်။
မိုချင်က စိုးရိမ်ပူပန်သောအမူအရာဖြင့် ယန်လောရှုကို တစ်ချက်လှမ်းကြည့်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ယခုတင် သူပြောခဲ့သောစကားကြောင့် သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး တက္ကသိုလ်ကနေ ထုတ်ပယ်ဖို့ ဖြစ်နိုင်ခြေများလေသည်။
သို့သော်လည်း ထိုလုပ်ရပ်သည် ကောလာဟလများကို ပို၍ခိုင်မာလာစေပေလိမ့်မည်။
ယန်လောရှုသည် ဖြောင့်ဖြောင့်ရပ်နေပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကို မမှိတ်မသုန်ကြည့်နေ၏။ သူ၏ အကြည့်က အနည်းငယ်ပင် ရိုင်းပျနေပြီး သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြည့်နှင့် အမူအရာမှ အဖြေတစ်ခုကို ရှာဖွေလိုနေသည်။
ကံဆိုးစွာနှင့်ပင် တက္ကသိုလ်ဂိုဏ်းချုပ်က နှုတ်ဆိတ်နေ၏။
သူ၏ မျက်လုံးများက ထိုမေးခွန်းကိုကြားရစဉ်က တည်ငြိမ်နေလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်ထံမှ မည်သည့်အရာကိုမှ မဖတ်နိုင်ပေ။
“မင်း ငါ့ကို သံသယဝင်နေတာလား”
တက္ကသိုလ်ဂိုဏ်းချုပ်က တည်ငြိမ်နေသော အကြည့်ဖြင့် ဖြည်းဖြည်းချင်းမေးလိုက်၏။
“ကျုပ် မဝံ့ရဲပါဘူး”
ယန်လောရှုက မဝံ့ရဲပါဘူးဟု ပြောဆိုလိုက်သော်လည်း သူ၏ လေသံက မည်သည့်အားနည်းမှုကိုမှ မပြသပေ။ သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်က အမှန်တရားကို သိချင်ရုံပဲ”
“အမှန်တရားလား”
“ဟုတ်ပါတယ်”
သူတို့နှစ်ယောက်က အလျှော့ပေးခြင်းမရှိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာပြုံးပြီး လက်ကာပြလိုက်၏။
“မင်း ငါ့ကို မယုံဘူးဆိုမှတော့ အဲဒါကို မင်းကိုယ်တိုင် အဖြေသွားရှာကြည့်ပေါ့”
ယန်လောရှုက တက္ကသိုလ်ဂိုဏ်းချုပ်ကို လေးနက်စွာကြည့်လိုက်၏။
“ကျုပ်အဲဒါကို သေချာပေါက်လုပ်မှာပါ… ဂျူနီယာညီဆူက သေသွားပြီဆိုရင်တောင် ကျုပ်က သူ့အတွက် တရားမျှတမှုကို ရှာပေးရမယ်”
ထိုသို့ပြောရင်း ယန်လောရှုက လှည့်ထွက်သွား၏။
မိုချင်၏ အမူအရာက ပြောင်းလဲသွားလေသည်။
သူမမှာ မကောင်းသော ခံစားချက်တစ်ခုရှိနေပြီဆိုသော်လည်း ဂျူနီယာမောင်ဆူ၏ သေဆုံးမှုသတင်းကို ကြားရသောအခါ သူမက တုန်လှုပ်သွားရဆဲဖြစ်သည်။
“ဆ.. ဆရာ… ဂျူနီယာမောင်ဆူက တကယ်ပဲ…”
မိုချင်၏ အသံက တုန်ယင်နေ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဂျူနီယာညီမ… နင်သူ့ကို ဘယ်လိုတောင် ဂျူနီယာမောင်ဆူလို့ ခေါ်နေသေးတာလဲ… သူက သူ့ဆရာနဲ့ အရင်းအမြစ်ကို ပုန်ကန်ခဲ့တဲ့ ကောင်စုတ်ပဲ”
“သူက ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ဝါးမြိုခံရပြီး အထဲမှာ မြှုပ်နှံခံခဲ့ရတယ်… အဲဒါ သူလုပ်ခဲ့တဲ့ ကမ္မက သူ့ကို ပြန်ဒဏ်ခတ်တာပဲ”
မိုချင်၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွား၏။
“ကျွန်မ နားလည်ပါပြီ”
ခဏနေပြီးနောက် မိုချင်က သူမ၏ ခေါင်းကိုငုံ့ပြီး ပြောလိုက်၏။ သူမက ကောင်းကင်နှင့်မြေကြီးနန်းတော်ကနေ လှည့်ထွက်ပြီး သူမ၏ လိုဏ်ဂူခန်းဝါရှိရာသို့ ငေးငိုင်စွာဖြင့် လျှောက်လှမ်းသွားလေသည်။
ကောင်းကင်နှင့်မြေကြီးနန်းတော်မှာ…
ယန်လောရှုနှင့် မိုချင် ထွက်ခွာသွားပြီးနောက် ဓားအင်မော်တယ်ယွဲ့ဟွားက တက္ကသိုလ်ဂိုဏ်းချုပ်ကို မေးလိုက်၏။
“ဆရာ… ယန်လောရှုက စောစောက ခင်ဗျားကို ရိုင်းရိုင်းပျပျပြောဆိုခဲ့တယ်… သူ့ကို ဘာလို့မသတ်တာလဲ… အနည်းဆုံးတော့ ဂိုဏ်းစည်းမျဉ်းစည်းကမ်းအရဆို သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး တက္ကသိုလ်ကနေ ထုတ်ပယ်ရမယ်”
“သူက နုံအတဲ့ ပုရွက်ဆိတ်တစ်ကောင်ပါပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြောလိုက်၏။
“ဆူဇီမိုက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သေဆုံးသွားတယ်… ဘာသက်သေအထောက်အထားမှ မကျန်ခဲ့ဘူး… သူက အမှန်တရားကို ရှာဖွေချင်တာလား… ဒီလောကမှာ အမှန်တရားက ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ”
“ငါ့မှာ လုံလောက်တဲ့စွမ်းအားရှိနေသရွေ့ အမှန်တရားဆိုတာက ငါဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်”
“သူရရှိထားတဲ့ အရာရာတိုင်းက သူ့ကို ငါပေးထားတယ်ဆိုတာ သူသိအောင် ငါက သူ့ကို တက္ကသိုလ်မှာနေခိုင်းထားမယ်… ငါက သူ့ကို အဲဒါတွေပေးနိုင်တယ်ဆိုမှတော့ ငါက အဲဒါတွေအကုန်လုံးကိုလည်း ပြန်ယူနိုင်တာပေါ့”
ဓားအင်မော်တယ်ယွဲ့ဟွားက နားလည်သဘောပေါက်သွား၏။
“ကျုပ်နားလည်ပါပြီ”
“အင်း”
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာခေါင်းညိတ်ပြီး ချီးကျူးလိုက်၏။
“ဘယ်လောက်တောင် နာခံတတ်လိုက်သလဲ”
. . . . .
အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၊ တိုက်ပွဲနိုင်ငံတွင်…
လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံသည် သူတို့၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုနှင့်အတူ ပင်မခန်းမထဲမှာ ထိုင်နေကြ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဆူဇီမိုသစ္စာဖောက်ပြီး ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သေဆုံးခဲ့သည့်သတင်းသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ ပျံ့နှံ့နေဆဲဖြစ်သည်။
သူတို့သည် ဤကိစ္စ၏ အမှန်တရားကို အပြင်ဘက်မှာ ဖြန့်ပေးခဲ့သော်လည်း အဲဒါက သက်ရောက်မှုများစွာ ရှိမလာခဲ့ပေ။
ဤကိစ္စမှာ ပါဝင်ပတ်သက်ခဲ့သော အင်မော်တယ်ဘုရင်ချင်းယန်၊ ဘုရင်ကျင်းနှင့် အခြားသူများကလည်း အဲဒါကို ဝန်ခံလိမ့်မည်မဟုတ်ပေ။ ထိုအစား သူတို့သည် ဆူဇီမိုက တက္ကသိုလ်၏ သစ္စာဖောက်တစ်ယောက်ဖြစ်သည်ဟု တစ်လေသံတည်း ထုတ်ဖော်ပြောဆိုကြပေလိမ့်မည်။
ထိုသို့ဖြင့် သူတို့သည် ယခင်က တိုက်ပွဲနိုင်ငံသို့ ဆင်းသက်ပြီး လင်းကျန့်နှင့် တိုက်ခိုက်ခဲ့သည်ကို လုံလောက်သည့်အကြောင်းပြချက် ပေးနိုင်ပေလိမ့်မည်။
ဆူဇီမိုသည် အောက်ဘုံလောကကနေလာပြီး မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ မည်သည့်နောက်ခံမှမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူအများစုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ထုတ်ပြန်ချက်ကို ယုံကြည်လာကြပေလိမ့်မည်။
ရုတ်တရက် လင်းကျန့်က မေးလိုက်၏။
“မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးဘူးလား”
“ကျွန်မ သေချာမပြောတတ်ဘူး”
အင်မော်တယ်ဘုရင်ဗေလုံက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ယေဘုယျအားဖြင့်တော့ ကျွန်မပို့ပေးလိုက်တဲ့သတင်းက အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်ဆီကို ရောက်ရှိသွားလောက်ပြီ”
“အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်က ဒီကိစ္စကို ဆက်လိုက်ဖို့ စိတ်မရှိတော့ဘူးလား”
လင်းကျန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
အင်မော်တယ်ဘုရင်လင်းလုံက ခေါင်းခါပြလိုက်၏။
“အဲဒါက ယုတ္တိမတန်ဘူး… မဟာသူတော်စင်ကျောက်စိမ်းကျမ်းက အရမ်းကို အရေးပါတယ်… အဲ့ဒါက တဗူးဂမ္ဘီရကျင့်စဉ်တွေထဲက တစ်ခုပဲ… နောက်ပြီး သူ့သားကိုလည်း တက္ကသိုလ်ဂိုဏ်းချုပ်က သတ်ဖြတ်ခဲ့တယ်… သူက ဒီကိစ္စကို ဘယ်လိုလုပ် ဒီတိုင်းထားနိုင်ပါ့မလဲ”
ထိုသို့ဆိုသော်လည်း နောက်ဆုံးမှာ မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်မှာ မည်သည့်လှုပ်ရှားမှုမှ ရှိမလာခဲ့ပေ။
. . . . . .
ကျိရွှမ်အင်မော်တယ်နိုင်ငံ စာကြည့်တိုက်တွင်…
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဆူဇီမိုသစ္စာဖောက်ပြီး ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သေဆုံးခဲ့သည့်သတင်းက ပျံ့နှံ့လာသောအခါ ဆူဇီမိုသည် ယခင်တုန်းက သူနှင့်ထောင်ယောင်ကို ကျိရွှမ်အင်မော်တယ်နိုင်ငံသို့ သွားရောက်ရန် ဘာကြောင့်စီစဉ်ပေးခဲ့သလဲ လျှိုဖျင်က နောက်ဆုံးနားလည်သဘောပေါက်လာ၏။
ဤလုပ်ရပ်က သူတို့နှစ်ယောက်ကို ကာကွယ်ပေးဖို့ ဖြစ်လေသည်။
လျှိုဖျင်သည် ထိုကိစ္စနှင့်ပတ်သက်၍ ဒေါသချောင်းချောင်းထွက်နေ၏။
သူသည် ဆူဇီမိုနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီး ထိုသူသည် သူ့ဆရာနှင့်ဂိုဏ်းကို သေချာပေါက် သစ္စာဖောက်စရာအကြောင်းမရှိဟု ယုံကြည်ထားလေသည်။ ဤကိစ္စ၏ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခု ရှိနေရပေမည်။
တစ်ဖက်မှာတော့ ထောင်ယောင်က အတော်လေးတည်ငြိမ်နေပုံရသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက သေဆုံးသွားပြီဆိုလျှင်တောင် ဆူဇီမိုတွင် အနာဂတ်မှာ ကောင်းကင်ဘုံကမ္ဘာသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်လာမည့် သိုင်းတာအိုပင်မခန္ဓာ ရှိနေသေးသည်ကို သူသိထားသောကြောင့်ဖြစ်သည်။
ယွင်ကျူးကလည်း သူမ၏ စိတ်ကို အလျင်အမြန်တည်ငြိမ်စေလိုက်၏။
သူမသည်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို သိရှိထားပြီး တစ်နေ့မှာ ဆူဇီမိုသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ တစ်ကျော့ပြန်ဆင်းသက်လာလိမ့်မည်ကို ယုံကြည်ထားလေသည်။
ဤနေ့မှာ သူမသည် ယုံကြည်ရသော လက်ထောက်တစ်ဦးထံမှ သတင်းတစ်ခုကို လက်ခံရရှိခဲ့သည်။
ထိုသတင်းကို တွေ့မြင်သောအခါ ယွင်ကျူးမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိလာပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
သည့်ယခင်က ဆူဇီမိုသည် သူမကို အကူအညီတစ်ခု တောင်းထားခဲ့သည်။ သူသည် ဆူရှောင်းနင်ဟုအမည်ရသော ကျင့်ကြံသူတစ်ယောက်၏ တည်နေရာကို ရှာဖွေလိုခဲ့လေသည်။
ဆူရှောင်းနင်၏ တည်နေရာကို နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ရှာဖွေတွေ့ရှိခဲ့ရသည်ဟု သတင်းက ဖော်ပြထားလေသည်။
ကံဆိုးစွာနှင့်ပင် ဆူဇီမိုက သေဆုံးသွားခဲ့ပြီဖြစ်သည်။
မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကိုတော့ သူမက ဆက်သွယ်နိုင်ခြင်းမရှိပေ။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ယွင်ကျူးက စာတစ်စောင်ရေးကာ အဲဒါကို ပြန်ပို့လိုက်၏။
သူမသည် စာထဲမှာ ဆူရှောင်းနင်ကို တိတ်တဆိတ်စောင့်ရှောက်ပေးပြီး လောလောဆယ်မှာ သူ့ကို မျက်နှာထွက်မပြဖို့ ထိုလူကို မှာကြားထားခြင်းအပြင် များများစားစား ရေးသားထားခြင်းမရှိပေ။
ဆူရှောင်းနင်သည် နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အထိုင်ကျနေခဲ့ပြီဖြစ်ပြီး သူမကို ကျိရွှမ်အင်မော်တယ်နိုင်ငံသို့ ခေါ်ဆောင်ဖို့ ယွင်ကျူးမှာ အကြောင်းပြချက်မရှိပေ။
ဒါ့အပြင် ဆူရှောင်းနင်အတွက် နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက သူမ၏ ကျင့်ကြံမှုအတွက် ပိုမိုသင့်လျော်လေသည်။
အတန်ကြာအောင် စဉ်းစားတွေးတောပြီးနောက် ယွင်ကျူးက နောက်ထပ်သတင်းပို့အဆောင်တစ်ခုကို ထုတ်ယူကာ တစ်စုံတစ်ရာကို ရေးသားလိုက်၏။
“မောင်လေး… နင်ထွက်သွားပြီးတဲ့နောက် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့တယ်… ဆူဇီမိုရဲ့ ဖန်တီးခြင်းကြာပဒုမ္မာမျိုးဆက်သွေးက ပေါက်ကြားသွားပြီး သူက တက္ကသိုလ်ဂိုဏ်းချုပ်နဲ့ တခြားသူတွေရဲ့ ပူးပေါင်းသတ်ဖြတ်တာကို ခံခဲ့ရတယ်… နောက်ဆုံးမှာ သူက ဧကရာဇ်ဂူသင်္ချိုင်းထဲကို ခုန်ချသွားပြီး အဲဒီမှာမြှုပ်နှံခံခဲ့ရတယ်”
“နင်က အဲဒီမှာ အခြေကျနေပြီဆိုမှတော့ အဲဒီမှာ အေးအေးဆေးဆေးကျင့်ကြံပြီးတော့ ကြိုးစားအားထုတ်… ပြီးရင် တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့… ကျန်တဲ့သူတွေအကုန်လုံးကတော့ အဆင်ပြေပါတယ်… ဘာမှစိုးရိမ်မနေနဲ့”
ထို့နောက် ယွင်ကျူးသည် သတင်းပို့အဆောင်ကို ပစ်ထုတ်ပြီး တစ်ခဏချင်း ပျောက်ကွယ်သွားစေ၏။
ယွင်ထင်နှင့် ဆူဇီမိုသည် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုထားသည်ကို ယွင်ကျူးက သိရှိထားလေသည်။
ယွင်ထင်၏ ရင်ထဲမှာ သူသည် ဆူဇီမိုကို ရန်သူတစ်ယောက်အဖြစ်မဟုတ်ဘဲ သူ၏ အသန်မာဆုံးပြိုင်ဘက်တစ်ယောက်အဖြစ် အမြဲတမ်းရှုမြင်ထားခဲ့လေသည်။
ယွင်ကျူး၏ ထင်မြင်ချက်အရ ဤသတင်းကို ယွင်ထင်က သိရှိသင့်လေသည်။