← Chapters

ဓားတောင်ထွတ်ရှစ်ခု

Vol. 183 Ch. 2734

ဓားတောင်ထွတ်ရှစ်ခု

Vol. 183 Ch. 2734

ဓားကမ္ဘာတွင်...။

ဆူဇီမိုသည် ကျန့်ချန်နှင့် အခြားသော ဓားကျင့်ကြံသူများနောက်သို့ လိုက်ပြီး ဧရာမတောင်ထွတ်ရှိရာသို့ ဦးတည်လိုက်လေသည်။

သိပ်မကြာခင် သူတို့က ရောက်ရှိလာကြ၏။

အဝေးကနေကြည့်လျှင် သူတို့သည် ဤတောင်ထွတ်တစ်ခုတည်းကိုသာ တွေ့မြင်နိုင်သည်။

တကယ်တမ်းမှာ ဤနေရာသည် အဆုံးမဲ့ကုန်းမြေတိုက်တစ်ခုဖြစ်နေ၏။ ဤကုန်းမြေတိုက်ပေါ်မှာ ကြယ်တာရာကောင်းကင်များကို ထိုးဖောက်ထားသည့် အဆုံးမဲ့ထက်ရှမှုကို ထုတ်ဖော်ထားသော တောင်တစ်လုံးက ရပ်တည်နေ၏။

“တာအိုရောင်းရင်းဆူ”

ကျန့်ချန်က ပြောလိုက်၏။

“ကျုပ်တို့ဓားကမ္ဘာမှာ တောင်ထွတ်ရှစ်ခုရှိတယ်လို့ ဆိုကြတယ်... ခင်ဗျားအခုမြင်နေရတဲ့တောင်က တောင်ထွတ်ရှစ်ခုထဲကတစ်ခုဖြစ်တဲ့ အနိဋ္ဌာရုံဓားတောင်ထွတ်ပဲ”

“တောင်ထွတ်တစ်ခုချင်းစီက ဓားကုန်းမြေတိုက်တစ်ခုရဲ့ ဗဟိုချက်ဖြစ်တယ်”

ဆူဇီမိုက အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်၏။

တစ်နည်းအားဖြင့်ဆိုသော် ဤကြယ်တာရာကောင်းကင်ထက်မှာ တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသည့် ဧရာမဓားကုန်းမြေတိုက်ရှစ်ခုရှိပြီး လက်ရှိဓားကမ္ဘာကို ဖြစ်ပေါ်နေစေသည်။

“ကျေးဇူးပြုပြီး ကျုပ်နောက်ကလိုက်ခဲ့ပါ”

ကျန့်ချန်၏ ပုံရိပ်က အဆက်မပြတ်မြင့်တက်သွားပြီး ဆူဇီမိုက နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွား၏။

သိပ်မကြာခင် သူတို့နှစ်ယောက်သည် ကြယ်တာရာကောင်းကင်၏ အပေါ်သို့ ရောက်ရှိလာကြ၏။

ဤရှုထောင့်ကနေကြည့်လျှင် သူတို့သည် ဓားကမ္ဘာ၏ အရာရာတိုင်းကို အထက်စီးကနေ ကြည့်ရှုနိုင်လေသည်။

ဆူဇီမို၏ မြင်ကွင်းထဲမှာ ကြယ်တာရာကောင်းကင်၏ အစွန်အဖျားမှာ ချိတ်ဆက်ထားသည့် ဧရာမကုန်းမြေတိုက်ရှစ်ခုကို တွေ့မြင်ရသည်။

ကုန်းမြေတိုက်တစ်ခုချင်းစီမှာ အနိဋ္ဌာရုံဓားတောင်ထွတ်နှင့် ဆင်တူသော တောင်ထွတ်တစ်လုံးစီရှိနေ၏။

သို့သော်လည်း တောင်ထွတ်တစ်ခုချင်းစီ၏ ထက်ရှမှုက ကွဲပြားပြီး ထုတ်ဖော်ထားသော ဓားချီနှင့် ဓားစိတ်ဆန္ဒကလည်း မတူညီကြပေ။

ဆူဇီမိုသည် အခြားသောတောင်ထွတ်များနှင့် ဝေးကွာလွန်းပြီး သူတို့ကို ရှင်းရှင်းလင်းလင်း အာရုံမခံနိုင်ပေ။

ဓားကုန်းမြေတိုက်ရှစ်ခု၏ အလယ်မှာ တောင်ထွတ်ပေါင်းသောင်းချီနှင့်အတူ ပို၍ပင်ကြီးမားသော ကုန်းမြေကြီးတစ်ခုရှိနေသည်။

“အဲဒါက အသင်္ချေဓားနန်းတော်ပဲ”

ကျန့်ချန်က ဓားတောင်ထွတ်ရှစ်ခုဖြင့် ဝန်းရံထားသော ကုန်းမြေကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါက ကျုပ်တို့ဓားကမ္ဘာရဲ့ ဗဟိုချက်နယ်မြေလည်းဖြစ်တယ်... စိတ်မကောင်းစွာနဲ့ပဲ အပြင်ကျင့်ကြံသူတွေက အဲဒီထဲကို မဝင်ရောက်နိုင်ကြဘူး”

ဆူဇီမိုက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူ၏ မြင်ကွင်းထဲမှ တောင်ထွတ်ရှစ်ခုနှင့် အသင်္ချေဓားနန်းတော်ကြားတွင် လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသော ဝင်္ကပါတစ်ခုရှိနေသည်ကို သူက ခပ်ရေးရေးအာရုံခံမိနိုင်သည်။

ဓားတောင်ထွတ်တစ်ခုက တိုက်ခိုက်ခံရသည်နှင့် ဝင်္ကပါက ချက်ချင်းအသက်ဝင်လာလိမ့်မည်ဖြစ်ပြီး စွမ်းအားကြီးမားသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ပေလိမ့်မည်။

“တာအိုရောင်းရင်းဆူ... ရှင်ဘယ်လိုခံစားရလဲ”

ဘေးမှာရှိသော ပကတိအင်မော်တယ်အမျိုးသမီးက မနေနိုင်ဘဲမေးလိုက်၏။

“ဘာကိုလဲ”

ဆူဇီမိုက အနည်းငယ်မှင်တက်သွားပြီး အမျိုးသမီး၏ စကားကို နားမလည်ပေ။

အမျိုးသမီးမှာ ထူးဆန်းသောအမူအရာတစ်ခုရှိလာပြီး ဆူဇီမိုကို နောက်တစ်ဖန်အကဲခတ်ကြည့်လိုက်၏။

“တာအိုရောင်းရင်းဆူ... ရှင်က သက်တောင့်သက်သာမရှိတာမျိုး မခံစားရဘူးလား”

ဆူဇီမိုကပြုံး၍ ခေါင်းခါပြလိုက်၏။

တကယ်တော့ ဓားတောင်ထွတ်နှင့်နီးကပ်လာလေလေ ဘေးပတ်ဝန်းကျင်မှာရှိသော ဓားချီက ပိုမိုထက်ရှလာလေဖြစ်သည်။

ဤနေရာမှာ ကောင်းကင်ဘုံကမ္ဘာ၏ တည်ဆောက်သူသစ်ပင်နှင့် ဆင်တူသော ကောင်းကင်နှင့်မြေကြီးအမြုတေချီများစွာကို စုစည်းပေးနိုင်သည့် လောကဆိုင်ရာပစ္စည်းတစ်ခုလည်းရှိနေ၏။

သို့သော်လည်း ဓားကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အလွန်တရာထူးခြားလေသည်။

ဓားတောင်ထွတ်တစ်ခုချင်းစီမှာ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော ဓမ္မတာအိုတစ်ခုနှင့်အတူ ချိပ်ပိတ်ထားသော အလွန်တရာစွမ်းအားကြီးမားသည့် ဓားစိတ်ဆန္ဒတစ်ခုစီ ပါဝင်နေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဓားကမ္ဘာမှာစုစည်းနေသော ကောင်းကင်နှင့်မြေကြီးအမြုတေချီသည် တောင်ထွတ်ရှစ်ခု၏ ဆေးကြောသန့်စင်မှုအပြီး၌ အလွန်တရာထက်ရှသော ဓားချီများအဖြစ် ပြောင်းလဲသွားသည်။

သာမန်ကျင့်ကြံသူများက ဤနေရာကို ရောက်ရှိလာသည့်အခါ သူတို့သည် ထက်ရှသော ကောင်းကင်နှင့်မြေကြီးအမြုတေချီနှင့် ရင်ဆိုင်ရချိန်မှာ သက်တောင့်သက်သာမရှိမှုကို ခံစားရပေမည်။

သို့သော်လည်း ဤကောင်းကင်နှင့်မြေကြီးအမြုတေချီက ဓားကျင့်ကြံသူများအတွက် ကျင့်ကြံဖို့အသင့်လျော်ဆုံးဖြစ်သည်။

သာမန်ကျင့်ကြံသူများက ဤကဲ့သို့ထက်ရှသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူမည်ဆိုလျှင် သူတို့၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးများက ခံနိုင်ရည်မရှိဘဲ သူတို့က ချီသွေဖယ်ခြင်းကိုပင် ခံစားရနိုင်လေသည်။

ထို့ကြောင့်ပင် ဓားကျင့်ကြံသူအမျိုးသမီးက စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

ဆူဇီမို၏ ဖြူဖျော့နေသောမျက်နှာနှင့် အားနည်းနေသော အော်ရာကို သူမတွေ့မြင်ခဲ့စဥ်က သူသည် ဓားကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ခံနိုင်ရည်မရှိလောက်ဟု သူမက တွေးမိခဲ့၏။

သို့သော်လည်း ဆူဇီမိုက ပုံမှန်အတိုင်းရှိနေရုံသာမက သူ့မျက်နှာပေါ်ရှိ အသားရောင်ကိုပင် ပြန်လည်ရရှိလာနေပြီဖြစ်သည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ဤထက်ရှသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက သာမန် ကောင်းကင်နှင့်မြေကြီးအမြုတေချီနှင့် မကွာခြားပေ။

အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက အရာရာတိုင်းကို ဝါးမျိုသန့်စင်နိုင်၏။

“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ”

ဆူဇီမိုက အဆင်ပြေသည်ကို တွေ့ရသောအခါ ကျန့်ချန်ကလည်း တိတ်တဆိတ်အံ့အားသင့်သွား၏။

ထို့နောက် သူသည် ဆူဇီမိုကို အနိဋ္ဌာရုံဓားကုန်းမြေတိုက်ရှိရာသို့ ခေါ်ဆောင်သွားလေသည်။

ဤကုန်းမြေတိုက်မှာ ဆူဇီမိုသည် လူတိုင်း၏ နောက်ကနေ လိုက်ပါလာခဲ့လေသည်။ ဓားကျင့်ကြံသူများက နေရာတိုင်းမှာ ထက်ရှသောချီများနှင့်အတူ လျှောက်လှမ်းနေကြ၏။

ဓားကျင့်ကြံသူများက ဆူဇီမိုကို တွေ့မြင်သောအခါ သူတို့က စူးစမ်းလိုသောအမူအရာများကို ထုတ်ဖော်လိုက်ကြသည်။

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် ရုတ်တရက်ပြောလိုက်၏။

“တာအိုရောင်းရင်းကျန့်ချန်... ဓားကမ္ဘာမှာ ကျင့်ကြံတဲ့ ဓမ္မတာအိုတွေက အင်မော်တယ်တာအိုပဲလား”

ဆူဇီမိုသည် ထိုစကားကို မေးခြင်းမှာ ပေမင်ရွှယ်၏ တည်နေရာကို ရှာဖွေစုံစမ်းချင်သောကြောင့်ဖြစ်လေသည်။ သို့သော်လည်း သူသည် ဓားကမ္ဘာမှာ ပေမင်ရွှယ်၏ အခြေအနေကိုမသိရဘဲ သူက မဆင်မခြင်မေးမြန်းစုံစမ်းလျှင် ပြဿနာတစ်ခုခုတက်မည်ကို စိုးရိမ်နေ၏။

ကျန့်ချန်က ပြောလိုက်၏။

“အင်မော်တယ်တာအိုပဲ ဘယ်ဟုတ်ပါ့မလဲ တကယ်ဆို ဓားကမ္ဘာရဲ့တောင်ထွတ်ရှစ်ခုက မတူညီတဲ့ ဓားတာအိုရှစ်ခုကို ကိုယ်စားပြုတာပဲ”

“အဲဒီမှာ အင်မော်တယ်တာအိုနဲ့ မိစ္ဆာတာအိုရဲ့ ကျင့်ကြံရေးနည်းစနစ်တွေရှိတယ်... ဥပမာ တောင်ထွတ်ရှစ်ခုထဲမှာ မိစ္ဆာဓားတောင်ထွတ်ဆိုတာရှိတယ်”

“အဲဒီမှာ ဗုဒ္ဓကျောင်းတော်က ဓားတာအိုကိုကျင့်ကြံကြတဲ့ ဇင်ဓားတောင်ထွတ်လည်းရှိတယ်”

အမျိုးသမီးသည် ဆူဇီမိုစိုးရိမ်ပူပန်နေသည့်အရာကို တွေးမိပုံရပြီး ပြုံးပြလိုက်၏။

“ကျွန်မတို့ဓားကမ္ဘာမှာ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတွေကြား ခွဲခြားမှုမရှိဘူး... အင်မော်တယ်ပဲဖြစ်ဖြစ်.. ဗုဒ္ဓပဲဖြစ်ဖြစ်... မိစ္ဆာပဲဖြစ်ဖြစ် သူတို့တွေက နောက်ဆုံးမှာ ဓားတာအိုကို ကျင့်ကြံကြတာပဲလေ”

“အင်မော်တယ်.. ဗုဒ္ဓနဲ့ မိစ္တာအပြင် တခြား ဘာဓမ္မအစီအရင်မှ မရှိတော့ဘူးလား”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“တခြားဓမ္မအစီအရင်လား”

ကျန့်ချန်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။

“ဘယ်ရှိပါ့မလဲ... လူသားကျင့်ကြံသူတွေကပဲ ဓားတာအိုကို ကျင့်ကြံကြတာလေ... လူသားမျိုးနွယ်ရဲ့ ဓမ္မအစီအရင်တွေကတော့ အဲဒီမှာ အင်မော်တယ်.. ဗုဒ္ဓနဲ့ မိစ္ဆာတာအိုပဲ...”

ထိုစဥ်မှာပင် အမျိုးသမီးက ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟကာ တစ်စုံတစ်ရာပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။

အမျိုးသမီး၏ အမူအရာ အပြောင်းအလဲကို အာရုံခံမိသွားပြီး ဆူဇီမိုကပြုံး၍မေးလိုက်၏။

“တာအိုရောင်းရင်း... ခင်ဗျားစောစောက တစ်ခုခုပြောချင်နေတဲ့ပုံပဲ”

အမျိုးသမီးက ခဏမျှတွဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“အင်မော်တယ်.. ဗုဒ္ဓနဲ့ မိစ္ဆာတာအိုအပြင် အဲဒီမှာ နောက်ထပ်ဓမ္မအစီအရင်တစ်ခုရှိတယ်”

ထိုစကားကိုကြားသောအခါ ကျန့်ချန်က နားလည်သဘောပေါက်သွားပုံရပြီး ရယ်မောကာ ပြောလိုက်၏။

“မင်းက သိုင်းတာအိုကိုပြောနေတာပဲ... အဲဒါက တစ်ပိုင်းတစ်ပျက်ဓမ္မအစီအရင်တစ်ခုပဲ... အဲဒါကဘာမှသုံးစားမရဘူး... အဲဒါက အင်မော်တယ်.. ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ ဓမ္မတာအိုနဲ့ ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ”

အမျိုးသမီးက ပြောလိုက်၏။

“အဲလိုဆိုပေမယ့် ဂျူနီယာညီမပေမင်ရဲ့ ကျင့်ကြံမှုက သိုင်းတာအိုနဲ့အလျင်အမြန် တကယ်ပဲတိုးတက်လာခဲ့တယ်... သူက သာမန်တပည့်တွေကြားမှာ အသန်မာဆုံးဖြစ်နေပြီ”

“အဲဒါက ဘာသုံးစားလို့ ရမှာလဲ”

ကျန့်ချန်က ခေါင်းခါပြလိုက်၏။

“ဂျူနီယာညီမပေမင်က အလွန်ဆုံး ကောင်းကင်အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်ရှိနိုင်မယ်... သူက ခေါင်းမာလွန်းပြီး သိုင်းတာအိုကိုပဲ အမြဲတမ်းကျင့်ကြံနေတယ်... သူ့အနေနဲ့ တာအိုသစ်သီးတစ်လုံးကိုစုဖွဲ့ပြီး ပကတိဧကနယ်ပယ်ကို ဝင်ရောက်ဖို့... ဓားကမ္ဘာရဲ့အမွေခံတပည့်ဖြစ်လာဖို့ မျှော်လင့်ချက်မရှိတော့ဘူး”

“အာ...”

ထိုစကားကိုပြောချိန်မှာ ကျန့်ချန်က ညင်သာစွာသက်ပြင်းချလိုက်၏။

“ဂျူနီယာညီမပေမင်ရဲ့ ပါရမီအရည်အချင်းကို ဒီလိုမျိုး ဖြုန်းတီးပစ်လိုက်ရတာ နှမြောစရာပဲ”

“ဟုတ်တယ်”

အမျိုးသမီးကလည်း စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။

“ဂျူနီယာညီမပေမင်က သူတွေ့ဖူးသမျှ ဓားကျင့်ကြံသူတွေထဲမှာ ပါရမီအရှိဆုံးဖြစ်တယ်လို့ တောင်ထွတ်သခင်ကတောင် ပြောခဲ့သေးတယ်”

“အဲဒါတင်ဘယ်ကမလဲ”

ကျန့်ချန်က ပြောလိုက်၏။

“တစ်ခါတုန်းက တောင်ထွတ်သခင်ရှစ်ဦးက သိုင်းတာအိုကို စွန့်လွှတ်ပြီး ပြောင်းလဲကျင့်ကြံဖို့ သူ့ကို ဖျောင်းဖျခဲ့ကြသေးတယ်”

“သူက ကျင့်ကြံမှုကို အစကနေ ပြန်စတင်ချင်တယ်ဆိုရင် သူ့ရဲ့အနာဂတ်အောင်မြင်ထွန်းပေါက်မှုက အကန့်အသတ်မဲ့လာလိမ့်မယ်... သူက တောင်ထွတ်ရှစ်ခုထဲက ဘယ်တစ်ခုကိုမဆို ဝင်ရောက်နိုင်မယ်”

“ဒါပေမဲ့... သူက အဲဒီသုံးစားမရတဲ့ သိုင်းတာအိုကိုပဲ မရမကဖက်တွယ်နေတယ်... အဲဒီသိုင်းတာအိုမှာ နောက်ဆက်တွဲဓမ္မအစီအရင်တစ်ခုတောင် မရှိဘူး... သူက ဘာလို့အဲလောက်ထိ ခေါင်းမာနေသေးတာလဲမသိဘူး”

အမျိုးသမီးက ပြောလိုက်၏။

“အဲဒါက ဂျူနီယာညီမပေမင်ရဲ့ အရင်ဆရာနဲ့ တစ်နည်းတစ်ဖုံပတ်သက်နေတယ်လို့ ကျွန်မကြားထားတယ်”

“အဓိပ္ပါယ်မရှိတာ”

ကျန့်ချန်က သူ၏ နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။

“ဂျူနီယာညီမပေမင်က အောက်ဘုံလောကကနေလာခဲ့တာပဲ... သူ့ဆရာဆိုတဲ့လူက ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားနေမှာလဲ... အခုလောက်ဆို အဲဒီလူက သူ့ထက်တောင်မှ အားနည်းနေလောက်ပြီ။”

All Chapters