ဆရာလား
Vol. 183 Ch. 2736
လူတိုင်းက ချဥ်းကပ်လာစဥ် သူတို့သည် ဓားသန့်စင်ကန်၏ ဘေးမှာ စုဝေးရောက်ရှိနေသော ဓားကျင့်ကြံသူများစွာကို တွေ့မြင်လာရ၏။
သူတို့အများစုက သူတို့၏ နတ်ဓားများကို ဆေးကြောသန့်စင်ကာ မီးဆေးနေကြသည်။
ဓားသန့်စင်ကန်၏ ဘေးရှိ ထုံးကျောက်ပေါ်မှာ တင်ပျဥ်ခွေထိုင်နေသော အမျိုးသမီးငယ်တစ်ယောက်သာရှိလေသည်။ သူမက သူမ၏ ဒူးပေါ်မှာ ဓားတစ်လက်ကိုတင်ထားပြီး သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ကျင့်ကြံနေ၏။
သူတို့သည် တစ်ယောက်ကိုတစ်ယောက်မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုသည် တစ်ချက်ကြည့်ရုံနှင့် ပေမင်ရွှယ်ကို မှတ်မိလေသည်။
အောက်ဘုံလောကမှာနှင့်ယှဥ်လျှင် ပေမင်ရွှယ်သည် ယခုအခါပို၍ပင် ချောမောလှပလာပြီး သူမမှာ ရေခဲတမျှအေးစက်သော နောက်ထပ်အော်ရာတစ်ခုရှိလာသည်။ သူမ၏ ရုပ်ရည်ဖြစ်စေ၊ သူမ၏ သွင်ပြင်ဟန်ပန်ဖြစ်စေ သူမသည် မဟာနတ်မိမယ်လေးပါးထက် ဘယ်နည်းနှင့်မှ မနိမ့်ကျပေ။
ပေမင်ရွှယ်၏ ဘေးမှာ အဖြူရောင်ဝတ်ရုံနှင့် အရပ်ရှည်ရှည်အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေ၏။ သူက သန့်ရှင်းသပ်ရပ်နေပြီး သူ၏ ဆံပင်ရှည်က တစ်မူထူးခြားသော အော်ရာတစ်ခုနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။
အမျိုးသားသည် သူ့လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ပေမင်ရွှယ်ကို ဖျောင်းဖျဖို့ကြိုးစားနေသည့်အလား ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ထား၏။
သို့သော်လည်း ဓားချီရေတံခွန်၏ အသံအောက်မှာ အဲဒါကို ရှင်းရှင်းလင်းလင်းမကြားရနိုင်ပေ။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ပေမင်ရွှယ်ကို ဖြတ်သန်းသွားပြီး သူက စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။
သည်ဘက်မျိုးဆက်တွင် တက်လှမ်းလာသည့် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူများကြားမှာ သူကလွဲလျှင် ပေမင်ရွှယ်က အမြန်ဆုံးကျင့်ကြံသူဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်သည် အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်ထိ ကျင့်ကြံထားနိုင်ပြီဖြစ်သည်။
ဆူဇီမိုသည် သိုင်းတာအိုဓမ္မအစီအရင်၏ လျှို့ဝှက်အတတ် လေးနက်သိမ်မွေ့မှုများကို ပေမင်ရွှယ်အား သင်ကြားပို့ချပေးလိုက်သည်နှင့်အမျှ သူသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ တက်လှမ်းကာ အစစ်အမှန်သိုင်းတာအိုခန္ဓာတစ်ခုကို စုဖွဲ့နိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အခွင့်အလမ်းများနှင့် အတွေ့အကြုံကောင်းများစွာကို ရရှိထားခဲ့လေပြီ။ ထိုသို့ဆိုလျှင်တောင် သူသည် ယခုအချိန်မှာ ပေါင်းစည်းခြင်းပကတိဧကနယ်ပယ်ထိသာ ကျင့်ကြံထားပြီး အာကာသသက်ရှိနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းတော့မည့်ဆဲဆဲဖြစ်သည်။
ပေမင်ရွှယ်ကတော့ သူမ၏ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်များစွာနိမ့်ကျမနေပေ။
ကြည့်ရသည်မှာ ကျန့်ချန်နှင့်အခြားသူများက ချဲ့ကားပြောဆိုနေခဲ့ခြင်း လုံးဝမဟုတ်ပေ။
ပေမင်ရွှယ်သည် ဓားကမ္ဘာမှာ ဂရုစိုက်မှု အတော်များများကို ရရှိထားရပေမည်။
မရေမတွက်နိုင်သော ကျင့်ကြံရေးအရင်းအမြစ်များ၊ ကံအကြောင်းအခွင့်တိုက်ဆိုင်သော ကြုံကြိုက်မှုများနှင့် သူမ၏ ပါရမီအရည်အချင်းက သူမကို ဤအဆင့်ထိ တက်လှမ်းလာစေ၏။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ပေမင်ရွှယ်၏ ဘေးမှာရှိသော အမျိုးသားကို ဖြတ်သန်းသွား၏။
သုခဘုံလေဟာနယ် ပကတိဧကနယ်ပယ်...။
ပကတိဧကနယ်ပယ်ကို ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ ဗလာနယ်ဝိညာဥ်နှင့် သုခဘုံလေဟာနယ်ဟူ၍ ခွဲခြားထားလေသည်။
ဤလူသည် ပကတိဧကနယ်ပယ်၏ အထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူသည် ဓားအင်မော်တယ်ယွဲ့ဟွား၊ စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့် အခြားသူများနှင့် တူညီသောအဆင့်မှာရှိလေသည်။
အမျိုးသားသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဆူဇီမိုရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲမှာ ဓားအလင်းက ဖျတ်ခနဲလက်သွား၏။
“သူက ပညာရှင်တစ်ဦးပဲ”
ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။
ထိုအမျိုးသား၏ ခန္ဓာကိုယ်ထဲမှာ ထက်ရှမှုကို ချုပ်ထိန်းထားလေသည်။ သူသည် ဓားတာအိုကို ရိုးရှင်း၍ တီထွင်ကြံဆဖော်ကောင်းသော အဆင့်တစ်ခုထိ ကျင့်ကြံထားပြီးသည်မှာ သိသာလေသည်။
သူ့မျက်လုံးထဲရှိ ဓားအလင်းသည် ဖုံးကွယ်ထားသော ထက်ရှမှုနှင့်အတူ တဖျတ်ဖျတ်လက်ပြီး သူက စွမ်းအားကြီးမားသောတိုက်ခိုက်မှုတစ်ရပ်ကို အချိန်မရွေးထုတ်ဖော်နိုင်သည်။
ဆူဇီမိုငည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး ပကတိအင်မော်တယ်ပညာရှင်များနှင့် ယခုအချိန်ထိ မတိုက်ခိုက်ရသေးပေ။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ပကတိအင်မော်တယ်ပညာရှင်များစွာနှင့် အရင်က တိုက်ခိုက်ခဲ့ဖူးပြီး သူက ဤနယ်ပယ်နှင့်ပတ်သက်၍ စိမ်းသက်မနေပေ။
ကျန့်ချန်၏ မျက်နှာပေါ်တွင် အထင်ကြီးလေးစားသော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“ဒါက ကျုပ်တို့ အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ အကြီးဆုံးစီနီယာအစ်ကို ဝမ်တုန်ပဲ... သူက အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ နံပါတ်တစ်ဓားအင်မော်တယ်ဆိုလည်းဟုတ်တယ်”
“မင်္ဂလာပါ စီနီယာအစ်ကို”
ကျန့်ချန်နှင့်အခြားသူများက သူ့ကိုဦးညွှတ်ပြီး တစ်ပြိုင်နက်တည်းနှုတ်ဆက်လိုက်ကြ၏။
ဝမ်တုန်က ညင်သာစွာခေါင်းညိတ်ပြီ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။ သူက ပြုံး၍ ပြောလိုက်သည်။
“လက်စသတ်တော့ ဂျူနီယာညီကျန့်ချန်နဲ့ ဂျူနီယာညီမချူးရွှမ်တို့ပဲ... အခုလိုယဥ်ကျေးပြနေစရာ မလိုပါဘူး”
ပေမင်ရွှယ်က ထုံးကျောက်ပေါ်မှာ ထိုင်နေဆဲဖြစ်ပြီး သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ကျင့်ကြံနေ၏။ သူမသည် အပြင်ဘက်ရှိ မည်သည့်အသံကိုမှ မကြားရသည့်အလား ထရပ်လာဖို့ စိတ်ကူးမရှိပေ။
“ဒါက...”
ဝမ်တုန်၏ အကြည့်က ဆူဇီမိုထံ ရောက်ရှိသွားပြီး မေးမြန်းလိုက်၏။
ကျန့်ချန်က အလောတကြီး ပြောလိုက်၏။
“ဒါက ကောင်းကင်ဘုံကမ္ဘာက တာအိုရောင်းရင်းဆူပဲ... သူက ဓားကမ္ဘာကို အလည်လာတာ အဲဒါကြောင့် ကျုပ်က သူ့ကို လှည့်ပတ်ပြီး ပြပေးနေတာပဲ”
ပေမင်ရွှယ်က တာအိုရောင်းရင်းဆူဟူသောအသံကို ကြားရချိန်မှာ ရင်တစ်ချက်ထိတ်သွား၏။
သို့သော်လည်း သူမက တစ်ဖန်ပြန်စဥ်းစားကြည့်ရင်း တွေးလိုက်လေသည်။
'အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လောကမှာ မျိုးရိုးနာမည်ဆူနဲ့ ကျင့်ကြံသူတွေက အများကြီးရှိနေမှာပဲ... ဒီလိုမျိုးတိုက်ဆိုင်မှုတစ်ခုက ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ... ငါက အထူးတဆန်း ပြုမူနေမိတာပဲ'
'အာ... ဒီနှစ်တွေထဲမှာ ဆရာ့ရဲ့သတင်းကို မကြားရဘူး... သူကအထက်ဘုံကိုတက်လှမ်းလာပြီးတဲ့နောက် ဘယ်နေရာကို ရောက်သွားတာပါလိမ့်.. သူအခုဘယ်လိုနေမလဲ'
ပေမင်ရွှယ်၏ မျက်လုံးများက မှိတ်ထားဆဲဖြစ်သော်လည်း သူမသည် တာအိုရောင်းရင်းဆူဟူသောစကားမှာ စိတ်အာရုံပျံ့လွင့်သွားပြီး ဆက်လက်၍ မကျင့်ကြံနိုင်တော့ပေ။
“ကောင်းကင်ဘုံကမ္ဘာက တာအိုရောင်းရင်း ကြိုဆိုပါတယ်”
ဝမ်တုန်က ညင်သာစွာပြုံးပြလိုက်၏။
“ဓားကမ္ဘာက ကျင့်ကြံသူအများစုကတော့ တိုက်လိုခိုက်လိုစိတ် ပြင်းပြကြတယ်... တာအိုရောင်းရင်းဆူ... ခင်ဗျားလက်ရည်စမ်းချင်တယ်ဆိုရင် အချိန်မရွေးကြိုဆိုပါတယ်”
ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
ချူးရွှမ်က နှစ်သက်သဘောကျသောအကြည့်နှင့်အတူ ဝမ်တုန်ကိုကြည့်ပြီး ညင်သာစွာမေးလိုက်၏။
“စီနီယာအစ်ကိုဝမ်... ရှင်ဒီမှာ ဘာလုပ်နေတာလဲ”
ဝမ်တုန်က သူ၏ ခေါင်းကိုညင်သာစွာခါပြီး ဘာမှမတတ်နိုင်သော အမူအရာဖြင့် သူ့ဘေးမှာရှိသော ပေမင်ရွှယ်ကို ကြည့်လိုက်၏။
“ငါက... ဂျူနီယာညီမပေမင်ကို သိုင်းတာအိုကိုလက်လျှော့ဖို့ ဖျောင်းဖျချင်လို့ ဒီကိုရောက်လာခဲ့တာပဲ”
“သူက သိုင်းတာအိုကိုလက်လျှော့လိုတာနဲ့ သူက အစကနေပြန်ပြီးကျင့်ကြံရမယ်ဆိုရင်တောင် သူ့ရဲ့အနာဂတ်အောင်မြင်ပေါက်မြောက်မှုက အကန့်အသတ်မဲ့လာလိမ့်မယ်”
ကျန့်ချန်က အကဲစမ်းမေးမြန်းလိုက်၏။
“စီနီယာအစ်ကိုဝမ်... ကြည့်ရတာတော့ ခင်ဗျား ဒီတစ်ခေါက်လည်း မအောင်မြင်ဘူးနဲ့တူတယ်”
“အာ...”
ဝမ်တုန်က သက်ပြင်းချပြီး ခါးသက်စွာ ပြုံးလိုက်၏။
“ဂျူနီယာညီမပေမင်က အရမ်းကိုခေါင်းမာလွန်းတယ်... ငါက သူ့ကို ဘယ်လိုပဲဖျောင်းဖျဖျောင်းဖျမရဘူး... ငါတကယ်ပဲ နားမလည်နိုင်ဘူး... အဲဒါက သိုင်းတာအိုတစ်ခုပဲကို ဘာတွေများ ဖက်တွယ်စရာရှိလို့လဲ”
“ဟုတ်ပါတယ်”
ကျန့်ချန်က ထပ်ပြောလိုက်၏။
“သိုင်းတာအိုက တစ်ပိုင်းတစ်လစ်နဲ့ ဂျူနီယာညီမပေမင်က ဆက်ပြီး ကျင့်ကြံနေမယ်ဆိုရင်တောင် ဘာမျှော်လင့်ချက်ကိုမှ တွေ့မြင်ရမှာမဟုတ်ဘူး”
ဝမ်တုန်က ပြောလိုက်၏။
“တကယ်တော့ သိုင်းတာအိုက ပြီးပြည့်စုံတဲ့ ဓမ္မအစီအရင်တစ်ခုဖြစ်မယ်ဆိုရင်တောင် ငါကအဲဒါကို ကျင့်ကြံဖို့ မထောက်ခံဘူး”
“သိုင်းတာအိုရဲ့ဓမ္မတာအိုကို အောက်ဘုံလောကရဲ့ ကျင့်ကြံသူတစ်ယောက်က ဖန်တီးခဲ့တာပဲ... သူ့ရဲ့အနာဂတ် အောင်မြင်ပေါက်မြောက်မှုက အကန့်အသတ်ရှိနေလိမ့်မယ်... အဲဒါက ရှေးပဝေသဏီတွေကတည်းက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အင်မော်တယ်... ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေလို ဓမ္မအစီအရင်တွေကို ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ”
ရုတ်တရက်ပေမင်ရွှယ်က ပြောလိုက်၏။
“ဒါပေမဲ့ ဓားကမ္ဘာမှာ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေကို ကျင့်ကြံထားတဲ့ ဘယ်ကောင်းကင်အင်မော်တယ် ဓားကျင့်ကြံသူကများ ကျွန်မလက်ထဲကဓားကို အနိုင်ရခဲ့ဖူးလို့လဲ”
ထိုစကားကိုကြားချိန်မှာ ဝမ်တုန်၊ ကျန့်ချန်နှင့် အခြားသူများက ခဏမျှဆွံ့အသွားလေသည်။
ခဏမျှငြိမ်သက်နေပြီးနောက် ဝမ်တုန်က ပြောလိုက်၏။
“အဲလိုဆိုပေမယ့် မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က ကောင်းကင်နယ်ပယ်မှာပဲ ရပ်တန့်နေပြီ... မင်းမှာ ဘာအနာဂတ်ရှိတော့လို့လဲ”
“မင်းက သိုင်းတာအိုကိုကျင့်ကြံနေမယ်ဆိုရင် တာအိုသစ်သီးတစ်လုံးကို ဘယ်တော့မှ စုဖွဲ့နိုင်မှာမဟုတ်ဘူး... အဲလိုနဲ့ မင်းက တာအိုသစ်သီးတွေကို စုဖွဲ့ထားတဲ့ ပကတိအင်မော်တယ်တွေကို အနိုင်ရနိုင်မှာမဟုတ်ဘူး... အဲဒါက အဓိကအချက်ပဲ”
“အဲလိုပြောလို့ ဘယ်ရပါ့မလဲ”
ထိုစဥ်မှာပင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဆူဇီမိုက ရုတ်တရက်စကားပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ဝမ်တုန်၊ ကျန့်ချန်၊ ချူးရွှမ်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။
ပေမင်ရွှယ်က ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏ လှပသောမျက်လုံးများထဲမှာ မယုံကြည်နိုင်မှုနှင့်အတူ သူမ၏ မျက်လုံးနှစ်ဖက်ကို ရုတ်တရက်ဖွင့်လိုက်၏။
ဤအသံက...။
ဝမ်တုန်နှင့် အခြားသူများက မတုံ့ပြန်ခင်မှာပင် ပေမင်ရွှယ်က ရုတ်တရက်မတ်တတ်ထရပ်ပြီး အသံထွက်ပေါ်လာရာဘက်သို့လှည့်ကာ ဆူဇီမိုနှင့်အကြည့်ချင်းဆုံသွားသည်။
ပေမင်ရွှယ်သည် စိတ်လှုပ်ရှားတက်ကြွသော အမူအရာတစ်ခုနှင့်အတူ သူမ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။ သူမ၏ မြင်ကွင်းက ဝေဝါးလာပြီး သူမရှေ့မှလူက အိပ်မက်ဆန်ဆန်ဖြစ်လာလေသည်။
ဝမ်တုန်နှင့် အခြားသူများက ပေမင်ရွှယ်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြ၏။
သူတို့သည် ပေမင်ရွှယ်ထံမှ ဤကဲ့သို့မြင့်မားသည့် စိတ်ခံစားချက်အတက်အကျကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ပေမင်ရွှယ်သည် ဓားကမ္ဘာမှာ တစ်ချိန်လုံး တည်ငြိမ်သောအမူအရာကို ပိုင်ဆိုင်ထားလေသည်။ သူမသည် ဓားတာအိုကို ကျင့်ကြံပြီး မည်သူနှင့်မဆို သူမ၏ ဆက်ဆံမှုက အေးတိအေးစက်သာဖြစ်လေသည်။
သူမသည် ကောင်းကင်ဘုံကမ္ဘာမှ တာအိုရောင်းရင်းဆူကို တွေ့မြင်ချိန်မှာ ဤကဲ့သို့ မြင့်မားသော စိဆ်ခံစားချက်အတက်အကျကို ထုတ်ဖော်လာခဲ့လေသည်။
“ဒါက... တကယ်ပဲလား”
ပေမင်ရွှယ်က ခဏကြာသည်အထိ အဲဒါကို မယုံကြည်နိုင်ပေ။
သူမက နီရဲလာသော သူမ၏ မျက်လုံးများကို ပွတ်သပ်ပြီး နောက်တစ်ဖန် အာရုံစိုက်ကာကြည့်လိုက်၏။
မလှမ်းမကမ်းရှိ ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်နှင့် အစိမ်းရောင်ဝတ်အမျိုးသားက သူ့မျက်နှာပေါ်ရှိ ခပ်ဖျော့ဖျော့အပြုံးတစ်ခုနှင့်အတူ သူမကို ပြန်ကြည့်နေ၏။
ချက်ချင်းပင် ပေမင်ရွှယ်သည် သူမ၏ မှတ်ဉာဏ်များထဲမှာ နစ်မျောသွား၏။ သူမသည် ဤလူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဥ်က အတိတ်ကာလကို ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
“ဆရာလား”
သူမက ညင်သာစွာခေါ်လိုက်၏။
“ငါပါ”
ဆူဇီမိုက ညင်သာစွာခေါင်းညိတ်ပြလိုက်လေသည်။