← Chapters

မုန်တိုင်း

Vol. 183 Ch. 2738

မုန်တိုင်း

Vol. 183 Ch. 2738

“အဲ့လိုလုပ်တာက မကောင်းဘူးမလား”

လမ်းတစ်လျှောက်မှာ ဆူဇီမိုက ရယ်ရမလား ငိုရမလား မသိတော့ဘဲ မေးမြန်းလိုက်၏။

ပေမင်ရွှယ်က သာမန်ကာလျှံကာ ပြောလိုက်သည်။

“ရပါတယ်… ကျွန်မလည်း အဲဒီနေရာမှာ ဆက်မနေနိုင်တော့လို့ လိုဏ်ဂူခန်းဝါကို ပြန်ဖို့ပြင်ထားတာ”

ခဏမျှရပ်တန့်ပြီးနောက် ပေမင်ရွှယ်က ဆက်ပြောလိုက်သည်။

“နောက်ပြီး သူတို့တွေက သိုင်းသိုင်းတာအိုအကြောင်း ဘာမှသိတာမဟုတ်ဘူး”

ဆူဇီမိုက ပြုံး၍မေးလိုက်၏။

“မင်းက သိုင်းတာအိုကို ကျင့်ကြံနေပြီးတော့ တာအိုသစ်သီးကို စုဖွဲ့ထားတဲ့ တခြားပကတိအင်မော်တယ်တွေကို အနိုင်ယူနိုင်မယ်လို့ သေချာပြောနိုင်လား”

“ကျွန်မမသိဘူး”

ပေမင်ရွှယ်က သူမ၏ ခေါင်းကို ညင်သာစွာခါပြီးနောက် ဆူဇီမိုကို ခိုင်မာသောအကြည့်ဖြင့် ကြည့်လိုက်၏။

“ဒါပေမဲ့ ဆရာ.. ကျွန်မ ရှင့်ကို ယုံတယ်”

ဤလောကမှာ ဆူဇီမိုတစ်ဦးတည်းကသာ သူမ ခြွင်းချက်မရှိ ယုံကြည်ရသောသူဖြစ်လေသည်။

ဆူဇီမိုက ပြုံးပြလိုက်၏။

“မပူပါနဲ့… ငါက သိုင်းတာအိုကံကြမ္မာစက်ကွင်းရဲ့ နောက်ဆက်တွဲ ဓမ္မအစီအရင်တွေကို ကောက်ချက်ချပြီးသွားပြီ… ငါ မင်းကို အဲဒါတွေ သင်ကြားပေးလိုက်တာနဲ့ မင်းရဲ့ နားလည်ဆင်ခြင်မှုနဲ့ဆို သေချာပေါက် အဆင့်ချိုးဖျက်တက်လှမ်းနိုင်လိမ့်မယ်”

ပေမင်ရွှယ်သည် အံ့အားသင့်သွားခြင်းမရှိသလို တုံ့ပြန်မှုများစွာ ရှိမလာခဲ့ပေ။

သူမ၏ ရင်ထဲမှာ သူတို့၏ ပြန်လည်ဆုံစည်းမှုနှင့်ယှဉ်လျှင် သိုင်းတာအို၏ အရေးကိစ္စက သိပ်ပြီးအရေးမပါတော့ပေ။

ဆူဇီမိုက ခဏမျှစဥ်းစားပြီး ပြောလိုက်၏။

“မင်းကလည်း မင်းရဲ့သိုင်းတာအိုကို ကောင်းကောင်းကျင့်ကြံထားတာပဲ… ဒါပေမဲ့ မင်းအနေနဲ့ နောက်ထပ်နယ်ပယ်ကို တက်လှမ်းဖို့က အချိန်မကျသေးဘူး”

“သိုင်းတာအိုကံကြမ္မာစက်ကွင်းနယ်ပယ်ပြီးရင် အစစ်အမှန်သိုင်းနယ်ပယ်လာတယ်… အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတွေရဲ့ ဓမ္မအစီအရင်တွေက ပကတိဧကနယ်ပယ်မှာ တာအိုသစ်သီးတွေကို စုဖွဲ့ကြတယ်… သိုင်းတာအိုကိုကျင့်ကြံသူတွေကတော့ အစစ်အမှန်သိုင်းနယ်ပယ်မှာ သူတို့ရဲ့ကံကြမ္မာစက်ကွင်းတွေကို ခြေမွှပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပုံသွင်းဖို့အတွက် မရေမတွက်နိုင်တဲ့ သိုင်းတာအိုမှော်စာလုံးတွေကို သူတို့ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးတို့နဲ့ ပေါင်းစည်းရမယ်”

“ကံကြမ္မာစက်ကွင်းနယ်ပယ်မှာ မင်းရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးရဲ့ အခြေခံအုတ်မြစ်က ပိုပြီးတော့ ခိုင်မာလေလေ… မင်းက သိုင်းတာအိုမှော်စာလုံးတွေနဲ့ တတ်နိုင်သမျှများများ ပေါင်းစည်းနိုင်ပြီး အစစ်အမှန်သိုင်းနယ်ပယ်ကို တက်လှမ်းပြီးတဲ့နောက် ပိုပြီးတော့ သန်မာတဲ့ အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပုံသွင်းနိုင်လိမ့်မယ်”

ပေမင်ရွှယ်အတွက်တော့ သိုင်းတာအို၏ ဓမ္မတာအိုများက နားလည်ဖို့ မခက်ခဲပေ။

သူမသည် သိုင်းတာအို၏ အစစ်အမှန်အမွေအနှစ်ကို ရရှိထားပြီး အဲဒါကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကာ သူမသည် အသိအမြင်များစွာကို ရရှိထားခဲ့ပြီးသားဖြစ်သည်။

ဆူဇီမိုက သူမကို လမ်းညွှန်မှုတချို့ပေးလိုက်သည်နှင့် သူက အသေးစိတ်ရှင်းပြနေစရာပင်မလိုဘဲ သူမသည် လေးနက်သိမ်မွေ့မှုများ၏ အနှစ်သာရကို နားလည်ဆင်ခြင်နိုင်လာပေလိမ့်မည်။

လမ်းတစ်လျှောက်မှာ ဆူဇီမိုသည် သူမအား မည်သည့်ထိန်ချန်မှုမှမရှိဘဲ အစစ်အမှန်သိုင်းနယ်ပယ်၏ သိုင်းတာအိုလေးနက်သိမ်မွေ့မှုများကို သင်ကြားပို့ချပေးနေ၏။

ပေမင်ရွှယ်က အာရုံစူးစိုက်ကာ နားထောင်နေပြီး အရမ်းကို ငြိမ်သက်နေ၏။ သူမသည် ရံဖန်ရံခါ တာအိုကို သင်ကြားပေးနေသည့် ဆူဇီမိုကို တစ်ချက်တစ်ချက် လှမ်းကြည့်ပြီး ပြုံးမိလေသည်။

ထိုအခိုက်အတန့်မှာ သူမသည် အရင်က မခံစားခဲ့ရသည့် လုံခြုံစိတ်ချရမှုကို ခံစားနေရ၏။

အချိန်က နောက်ပြန်စီးဆင်းသွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ အချိန်များသို့ သူမက ပြန်လည်ရောက်ရှိသွားသည့်အလားပင်။

“ဆရာ ကျွန်မတို့ရောက်ပြီ”

ပေမင်ရွှယ်က ဆူဇီမိုကို လိုဏ်ဂူခန်းဝါတစ်ခုထဲသို့ခေါ်ပြီး ရပ်တန့်လိုက်၏။

ဆူဇီမိုက ပေမင်ရွှယ်ကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲဒါကြောင့် နောက်လာမယ့် အချိန်တစ်ခုအတွင်း အဆင့်ချိုးဖျက်တက်လှမ်းဖို့ကို အလောတကြီး လုပ်မနေနဲ့… မင်းက မင်းရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးကို ဆက်ပြီးမီးဆေးရမယ်… မင်းက ကံကြမ္မာစက်ကွင်းနယ်ပယ်မှာ မင်းရဲ့အခြေခံအုတ်မြစ်ကို အကောင်းဆုံးတည်ဆောက်ဖို့ ကြိုးစားရမယ်”

“ဟုတ်ကဲ့”

ပေမင်ရွှယ်က ခေါင်းညိတ်ပြပြီး ပြောလိုက်၏။

“ဆရာ… ကျင့်ကြံဖို့ကို လောတကြီးလုပ်နေစရာမလိုပါဘူး… ရှင်တက်လှမ်းလာပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တဲ့အရာတွေအကြောင်း ပြောကြရအောင်… ရှင်က ဓားကမ္ဘာကို ဘာလို့ရောက်လာတာလဲ”

ပေမင်ရွှယ်၏ မျက်လုံးများက စူးစမ်းလိုမှုနှင့် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေ၏။

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ပြောရမှာတော့ အရှည်ကြီးပဲ”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ပေမင်ရွှယ်ကို ကြည့်ကာ ပြုံးပြလိုက်၏။

“မင်းက ဓားကမ္ဘာကို တက်လှမ်းပြီးတဲ့နောက် ဒီမှာရှိတဲ့လူတွေက မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြပြီး တန်ဖိုးထားကြတယ်လို့ ငါကြားမိတယ်”

“ဟုတ်ပါတယ်”

ပေမင်ရွှယ်က ပြောလိုက်၏။

“ဆရာ… လိုဏ်ဂူခန်းဝါထဲကို အရင်ဝင်ကြရအောင်… ဒီနှစ်တွေအားလုံးထဲ ဓားကမ္ဘာမှာ ကျွန်မရဲ့အတွေ့အကြုံကို ရှင့်ကိုပြောပြမယ်”

တကယ်တော့ ပေမင်ရွှယ်သည် စကားပြောသိပ်မကောင်းပေ။

သို့သော်လည်း သူမမှာ ဆူဇီမိုကို ပြောစရာစကားများစွာ ရှိနေပုံရသည်။

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သိုင်းတာအိုကို ကျင့်ကြံဖို့ တကယ်ပင် လောတကြီးလုပ်နေစရာမလိုပေ။

သူသည် ပေမင်ရွှယ်ထံမှ ဖုံးကွယ်ထားစရာ ဘာမှမရှိဘဲ သူ တက်လှမ်းပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို သူမထံ ပြောပြနိုင်လေသည်။

ဆရာတပည့်နှစ်ယောက်သည် နှစ်ပေါင်းများစွာကြာပြီးမှ ပြန်လည်ဆုံစည်းရပြီး ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါထဲမှာ သုံးရက်သုံးည စကားပြောဆိုနေခဲ့ကြလေသည်။

သူတို့သည် ဤနှစ်များမှာ ပေမင်ရွှယ်၏ အတွေ့အကြုံများအကြောင်း ပြောခဲ့ကြပြီး ဆူဇီမိုတက်လှမ်းလာပြီးနောက် သူတွေ့ကြုံခဲ့ရသော ကြောက်စရာကောင်းသည့် အန္တရာယ်များလည်း ပါဝင်လေသည်။

ဆရာနှင့်တပည့် လိုဏ်ဂူခန်းဝါထဲမှာ ကုန်ဆုံးခဲ့သော သုံးရက်က သိပ်မကြာပေ။ သို့သော်လည်း ပြီးခဲ့သည့် ထိုသုံးရက်အတွင်း ဓားကမ္ဘာမှာ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်လာခဲ့လေသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်သာလျှင် မဟုတ်ဘဲ ဓားတောင်ထွတ်ရှစ်ခုမှ ဓားကျင့်ကြံသူများအားလုံးက ထိုအကြောင်းကို ကြားသိသွားကြသည်။

အောက်ဘုံလောကမှ ပေမင်ရွှယ်၏ ဆရာက ဓားကမ္ဘာကို ရောက်လာခဲ့လေသည်။

ပေမင်ရွှယ်သည် ဓားကမ္ဘာမှာ အလွန်တရာ ကျော်ကြားနေခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ တောင်ထွတ်သခင်ရှစ်ဦး၏ အသိအမှတ်ပြုမှုကို ရရှိနိုင်သောလူက ဓားကမ္ဘာမှာ များများစားစားမရှိပေ။

ဒါ့အပြင် ပေမင်ရွှယ်သည် သာမန်တပည့်များကြားမှာ အသန်မာဆုံးတိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။

အင်မော်တယ်၊ ဗုဒ္ဓနှင့်် မိစ္ဆာတာအိုများမှ မည်သည့်ကောင်းကင်အင်မော်တယ်ဓားကျင့်ကြံသူကမှ ပေမင်ရွှယ်နှင့် သူမ၏ သိုင်းတာအိုကို အနိုင်မရနိုင်ပေ။

ဒါ့အပြင် ပေမင်ရွှယ်ကျင့်ကြံသော ဓမ္မတာအိုက အလွန်တရာထူးခြားနေသည်။

အဲဒါကို သိုင်းတာအိုဟုခေါ်ပြီး မည်သူကမှ မကြားဖူးခဲ့သော ဓမ္မအစီအရင်တစ်ခု ဖြစ်လေသည်။

ပို၍ပြောစရာဖြစ်သည်မှာ ပေမင်ရွှယ်သည် အလွန်တရာချောမောလှပပြီး ထူးချွန်ထက်မြက်သော အော်ရာတစ်ခု ရှိလေသည်။ သူမသည် ဓားကမ္ဘာရှိ ဓားကျင့်ကြံသူများစွာ၏ ရင်ထဲမှာ မြင့်မားသော အဆင့်အဆန်းတစ်ခုကို ရရှိထားသည်။

ပေမင်ရွှယ်၏ ကျင့်ကြံမှုနယ်ပယ်ကြောင့် မဟုတ်လျှင် ဓားကျင့်ကြံသူများစွာသည် သူမကို ဓားကမ္ဘာ၏ နံပါတ်တစ်ဓားအင်မော်တယ် ထိပ်သီးအချောအလှ လင်းရွှင်ကျန်းနှင့် ယှဉ်နိုင်သည်ဟု တွေးမိကြပေလိမ့်မည်။

လင်းရွှင်ကျန်းသည် ဖြတ်တောက်ဓားတာအိုကို ကျင့်ကြံထားပြီး သူမ၏ စိတ်ခံစားချက်များနဲ့ စိတ်ဆန္ဒများအားလုံးကို ဖြတ်တောက်ထားလေသည်။ သူမသည် လူတိုင်းအပေါ် အေးစက်ပြီး ချဥ်းကပ်၍မရနိုင်သည့် အော်ရာတစ်ခုကို ထုတ်ဖော်ထားလေသည်။

လင်းရွှင်ကျန်းနှင့် ယှဥ်လျှင် ပေမင်ရွှယ်က အတော်လေးသာမန်သာဖြစ်လေသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ နံပါတ်တစ်၊ သူတို့၏ အကြီးဆုံးစီနီယာအစ်ကိုနှင့် အမွေခံတပည့်တစ်ဦးဖြစ်သော ဝမ်တုန်သည် သာမန်တပည့်တစ်ဦးကို လာရောက်ဖျောင်းဖျလိုသည့် အချက်သည် တစ်စုံတစ်ရာကို သက်သေပြပေးနေပြီဖြစ်သည်။

ဓားကမ္ဘာသို့ ဆူဇီမိုရောက်ရှိလာသည့် ပထမနေ့မှာ…

“မင်းကြားပြီးပြီလား… ဂျူနီယာညီမပေမင်ရဲ့ဆရာက ငါတို့ဓားကမ္ဘာကို ရောက်လာတယ်”

“သူ့ဆရာက အောက်ဘုံလောကကနေ လာတာမလား… သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ”

“သူက ပေါင်းစည်းခြင်းပကတိနယ်ပယ်မှာ ရှိတယ်လို့ပြောတယ်… အဲဒါက ဂျူနီယာညီမလေးပေမင်နဲ့ သိပ်မကွာဘူးပဲ”

“အဲဒါက တကယ့်ကို သာမန်ပါပဲ… ငါတို့ အနိဋ္ဌာရုံဓားတောင်ထွတ်က အမွေခံတပည့်တော်တော်များများက သူ့အထက်မှာ ရပ်တည်နိုင်ကြတယ်”

“...........”

ဒုတိယနေ့မှာ…

“ဂျူနီယာညီမပေမင်က သူ့ဆရာနဲ့ အရမ်းကို ရင်းနှီးမှုရှိပြီး အဲဒီနေ့က စီနီယာအစ်ကိုဝမ်ကိုတောင်မှ ပြစ်တင်ကြိမ်းမောင်းခဲ့တယ်လို့ ငါကြားရတယ်”

“စီနီယာအစ်ကိုဝမ်က ဘာပြောလိုက်လဲ”

“ဘာပြောရမလဲ… စီနီယာအစ်ကိုဝမ်က ဘာပဲပြောပြော အထွတ်အထိပ်ပကတိအင်မော်တယ်တစ်ဦးပဲ… သူက အဲဒီလူရဲ့အဆင့်နဲ့ ဘယ်ဖက်ပြိုင်နေပါ့မလဲ… နောက်ပြီး သူက ကောင်းကင်ဘုံကမ္ဘာက လာတာဆိုတော့ သူ့ကို ငါတို့ဓားကမ္ဘာရဲ့ ဧည့်သည်တော်တစ်ဦးလို့ ဆိုနိုင်တယ်”

“. . . . . . . .”

တတိယမြောက်နေ့မှာ…

“ဘာတွေဖြစ်နေတာလဲ… ဂျူနီယာညီမပေမင်နဲ့ သူ့ဆရာက သုံးရက်သုံးညလုံးလုံး ထွက်မလာဘဲ လိုဏ်ဂူခန်းဝါထဲမှာ နေနေတာလား… အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က…”

“ပေါက်ကရတွေ မပြောစမ်းနဲ့…ဘာပဲပြောပြော သူတို့က ဆရာနဲ့တပည့်ပဲ”

“ဘာဆရာနဲ့တပည့်လဲ… ဟမ့်… ရောင်းရင်းဆူကို ငါ အဲဒီတုန်းက တွေ့ဖူးလိုက်တယ်… သူက အသက်ငယ်ငယ်နဲ့ စာပေသမားတစ်ယောက်လို ကြော့ရှင်းသန့်ပြန့်တဲ့ သွင်ပြင်ရှိတယ်… သူနဲ့ ဂျူနီယာညီမပေမင်နဲ့က အတူယှဥ်ရပ်နေမယ်ဆိုရင် သူတို့က ဆရာနဲ့တပည့်နဲ့ လုံးဝမတူဘူး… သူတို့က အင်မော်တယ်စုံတွဲတစ်တွဲလိုပဲ”

“အဲဒီရောင်းရင်းဆူက ဂျူနီယာညီမပေမင်ကို မထိပါးလောက်ဘူးမလား… သူ့ကို ပထမဆုံးတွေ့မြင်ကတည်းက သူက လူကောင်းတစ်ယောက်မဟုတ်ဘူးလို့တော့ ငါခံစားနေမိတယ်… သူက သိုးရေခြုံထားတဲ့ ဝံပုလွေဖြစ်နိုင်တယ်”

“သွားကြရအောင်… ဂျူနီယာညီမပေမင်ရဲ့ လိုဏ်ဂူခန်းဝါကို တစ်ချက်လောက် သွားကြည့်ကြရအောင်”

ပြီးခဲ့သည့် သုံးရက်အတွင်း ဆူဇီမိုနှင့် ပေမင်ရွှယ်သည် လိုဏ်ဂူခန်းဝါထဲမှာ လွတ်လွတ်လပ်လပ် စကားပြောဆိုနေကြ၏။ သို့သော်လည်း အပြင်ဘက်မှ ဆွေးနွေးပြောဆိုသံများနှင့် ပိုမိုပြင်းထန်လာသော ကောလာဟလများကို မသိရှိကြပေ။

ဝမ်တုန်နဲ့ အခြားသောအမွေခံတပည့်များကလည်း ဤကိစ္စနှင့်ပတ်သက်၍ အလွန်တရာ စိုးရိမ်ပူပန်နေကြ၏။

သို့သော်လည်း သူတို့၏ အဆင့်အတန်းကြောင့် သူတို့က ပေါ်ထွက်မလာနိုင်ကြပေ။

စတုတ္ထမြောက်နေ့မှာ ဓားကျင့်ကြံသူများစွာသည် ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါအနီးအနားမှာ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လူအရေအတွက်က ပို၍တိုးလာနေသည်။

တစ်ယောက်ယောက်က အမိန့်ပေးလိုက်မည်ဆိုလျှင် ဤဓားကျင့်ကြံသူအုပ်စုက လိုဏ်ဂူခန်းဝါထဲသို့ အတင်းဝင်ရောက်ကြပေလိမ့်မည်။

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါတံခါးက ပွင့်သွားလေသည်။

ပေမင်ရွှယ်က အထဲကနေ လျှောက်လှမ်းထွက်လာ၏။

All Chapters