အသက်ဓာတ်ကြာလက်ချောင်း
Vol. 183 Ch. 2740
ကျန့်ချန်နှင့် အခြားသူများသည် သူတို့၏ ခေါင်းများကို အလိုလိုခါပြီး ဆူဇီမိုအပေါ် သူတို့၏ အကြည့်များက တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။
ဓားချီရေတစ်ပန်းကန်လုံးကို သောက်ပြီးတာတောင် ဤလူက အဆင်ပြေနေသေးလေသည်။
ကျန့်ချန်၏ ရင်ထဲမှာ မေးခွန်းများစွာ ရှိနေလေသည်။ ထိုအခိုက်အတန့်မှာ သူသည် စကားတစ်လုံးမှ မပြောနိုင်တော့ဘဲ သူ၏ အမျက်ဒေါသကို ချက်ချင်းပင် ဆုံးရှုံးသွားရ၏။
ထိုစဉ်မှာပင် ဓားသန့်စင်ကန်မှာ ပေမင်ရွှယ်သည် ထိုအရာကို တောင့်မခံနိုင်တော့ပုံရပြီး မသဲမကွဲ ညည်းတွားလာခဲ့သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး သူမမှာ နာကျင်နေသော အမူအရာရှိကာ အလွန်တရာ အားနည်း၍ သနားစရာကောင်းသည့်ပုံပေါ်နေသည်။
ကျန့်ချန်နှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့ရင်ထဲမှာ နာကျင်ကိုက်ခဲလာ၏။
ပေမင်ရွှယ်သည် ဆူဇီမိုကို အလိုလိုကြည့်ပြီး အနည်းငယ်မောဟိုက်နေကာ သူမ၏ မျက်လုံးထဲတွင် မေးခွန်းထုတ်လိုသော အကြည့်တစ်ခု ရှိနေ၏။
တကယ်ပင် သူမသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး သူမကို ထွက်လာခွင့် မပေးသေးပေ။
တကယ်တော့ ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်နှင့် စိတ်အာရုံသည် ပေမင်ရွှယ်အပေါ်မှာ တစ်ချိန်လုံးရှိနေပြီး သူမ၏ ကိုယ်ကာယအခြေအနေကို အာရုံစိုက်ထားလေသည်။
ပေမင်ရွှယ်က ယခုအချိန်ထိ သူမ၏ အကန့်အသတ်များသို့ မရောက်ရှိသေးပေ။
ဓားသန့်စင်ကန်မှာ ပေမင်ရွှယ်သည် အံကိုတင်းတင်းကြိတ်ထားသည်။ သူမ၏ သွေးသံရဲရဲခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေပြီး သူမ၏ အသက်ဓာတ်အားကပင် ဆုတ်ယုတ်လာခဲ့ပြီဖြစ်သည်။
သူမ၏ မျက်လုံးထဲရှိ ထက်ရှမှုကသာလျှင် လျော့ကျမသွားဘဲ သူမ၏ အကြည့်က မည်သည့်တွေဝေတုံ့ဆိုင်းမှုမှမရှိဘဲ တည်ကြည်ခိုင်မာနေ၏။
ဤသည်က ပေမင်ရွှယ်၏ စိတ်စွမ်းအားဖြစ်သည်။
ပေမင်မြို့မှာတုန်းက သူမ၏ ဒါန်ထျန် ကြေမွသွားစဉ်မှာတောင် ဤ ၁၅နှစ်အရွယ် မိန်းကလေးကို မည်သူကမှ အညံ့မခံစေနိုင်ခဲ့ပေ။
ဓားကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။
ချူးရွှမ်ပင်လျှင် သနားကရုဏာသက်သော အကြည့်တစ်ခုကို ထုတ်ဖော်လာ၏။
ကျန့်ချန်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ လေးနက်စွာဖြင့် ပြောလိုက်သည်။
“တာအိုရောင်းရင်းဆူ… ခင်ဗျားက ဓားသန့်စင်ကန်ရဲ့ ဓားချီကို ခံနိုင်ရည်ရှိတာနဲ့ပဲ ဂျူနီယာညီမပေမင်ကလည်း အဲဒါကို ခံနိုင်ရည်ရှိမယ်လို့ ပြောလို့မရဘူး”
“သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်နဲ့ တူညီရုံပဲရှိတယ်… ဒါပေမဲ့ ခင်ဗျားက ပကတိအင်မော်တယ်တစ်ဦးဖြစ်နေပြီ”
“အဲဒါ ဟုတ်တယ်”
“စီနီယာအစ်မပေမင် တစ်ခုခုဖြစ်သွားရင် ခင်ဗျားတာဝန်ခံနိုင်မှာလား”
ဓားကျင့်ကြံသူများစွာက ရှေ့သို့တက်လှမ်းပြီး နောက်တစ်ဖန် တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုလိုက်ကြ၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။
ထိုစဉ်မှာပင် ပေမင်ရွှယ်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ပုံရသည်။ သူမ၏ ခန္ဓာကိုယ်က ပျော့ခွေ၍ သူမ၏ မျက်လုံးများက မှိတ်သွားလေသည်။ သူမက နေရာမှာပင် သတိလစ်သွားပြီး ဓားသန့်စင်ကန်၏ အောက်ခြေသို့ တဖြည်းဖြည်းနစ်မြုပ်သွား၏။
“အား...”
ဓားကျင့်ကြံသူများစွာက ထိတ်လန့်တကြားရေရွတ်ပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်လှမ်းကာ ပေမင်ရွှယ်ကို ကယ်တင်လိုကြလေသည်။
ထိုစဉ်မှာပင် ပုံရိပ်တစ်ခုက ဓားသန့်စင်ကန်ကို ဖြတ်ကျော်ပြီး သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းကာ ဒဏ်ရာရနေသော ပေမင်ရွှယ်ကို သဲ့ယူ၍ အဝေးသို့ ပြေးထွက်သွားလေသည်။
ထိုပုံရိပ်က အရမ်းကို မြန်ဆန်သည်။
လူတိုင်းက ဓားသန့်စင်ကန်အထက်သို့ ရောက်ရှိလာသည့်အချိန်မှာ ထိုပုံရိပ်က ပေမင်ရွှယ်နှင့်အတူ ထွက်ခွာပျောက်ကွယ်သွားခဲ့လေပြီ။
ကျန့်ချန်နှင့် အခြားသူများသည် စောစောက ပေမင်ရွှယ်ကို ကယ်တင်ခဲ့သော ပုံရိပ်က သူမ၏ဆရာ တာအိုရောင်းရင်းဆူဖြစ်သည်ကို မသဲမကွဲသာ တွေ့မြင်လိုက်ရသည်။
“ဂျူနီယာညီမပေမင်က ဒီလောက်ဒဏ်ရာအပြင်းအထန်ရထားပြီဆိုတော့ သူက တစ်ခုခုဖြစ်သွားမလား”
“ငါတော့ အဲ့လိုမထင်ဘူး”
ကျန့်ချန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဂျူနီယာညီမပေမင်ရဲ့ ကိုယ်ကာယနဲ့မျိုးဆက်သွေးက အရမ်းကို သန်မာတယ်… သူက တစ်နှစ်ခွဲလောက် ကျင့်ကြံပြီးရင် ပြန်ပြီးတော့ သက်သာကောင်းမွန်လာလိမ့်မယ်”
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့”
ချူးရွှမ်က အနည်းငယ် ဒေါသထွက်နေ၏။
“တကယ်ပါပဲ… တာအိုရောင်းရင်းဆူက ဘာလုပ်နေတာပါလိမ့်… အဲ့လိုပုံစံနဲ့ ဘယ်သူက ကျင့်ကြံနိုင်မှာလဲ… ဂျူနီယာညီမပေမင်ရဲ့ ကိုယ်ကာယက ဘယ်လောက်ပဲ သန်မာသန်မာ… သူက ဒီလိုမျိုး ညှင်းပန်းနှိပ်စက်မှုကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ”
ကျန့်ချန်က ပြောလိုက်သည်။
“ဂျူနီယာညီမပေမင်ရဲ့ ဒီတစ်ခေါက် ထိခိုက်ဒဏ်ရာရရှိမှုက သိပ်ပြီးဆိုးတဲ့အချက်တော့ မဟုတ်ဘူး… ငါတို့တွေက သူ့ကို အချိန်တစ်ခု အနားယူခိုင်းပြီးရင် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ ဆွေးနွေးရမယ်”
သုံးရက်ကြာပြီးနောက်…
ကျန့်ချန်နှင့် အခြားသူများသည် သူတို့၏ လိုဏ်ဂူခန်းဝါထဲမှာ ရှိနေစဉ် သူတို့က အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအသံကို ကြားလိုက်ရ၏။
“ဘာတွေဖြစ်နေတာလဲ”
ကျန့်ချန်က အလောတကြီးထွက်လာပြီး မေးလိုက်လေသည်။
“စီနီယာကိုကျန့်ချန်… သတင်းဆိုးပဲ”
ဓားကျင့်ကြံသူတစ်ယောက်က မောဟိုက်စွာဖြင့် ပြောလိုက်၏။
“စီနီယာအစ်မပေမင်က ကျင့်ကြံဖို့အတွက် ဓားသန့်စင်ကန်ကို နောက်တစ်ခါ သွားနေပြန်ပြီ”
“ဘာဖြစ်တယ်”
ကျန့်ချန်က တုန်လှုပ်သွားပြီး အလောတကြီးပြောလိုက်၏။
“ဂျူနီယာညီမပေမင်က လွန်ခဲ့တဲ့ သုံးရက်ကတင် ဒဏ်ရာအပြင်းအထန်ရထားတယ်… အခု သူက ဓားသန့်စင်ကန်ကို ထပ်သွားပြန်ပြီလား… သူက သေချင်နေတာလား”
ထိုစကားကို ကြားသောအခါ ဓားကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။ သူက အထစ်ထစ်အငေါ့ငေါ့နှင့် တွေဝေတုံ့ဆိုင်းနေလေသည်။
ကျန့်ချန်က ဓားသန့်စင်ကန်ရှိရာသို့ လျှောက်လှမ်းသွားရင်း အော်ငေါက်လိုက်လေသည်။
“မင်း ပြောစရာရှိတာ ပြောစမ်း… ဘာကို လာပြီးတော့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာလဲ”
ဓားကျင့်ကြံသူက ညင်သာစွာ ချောင်းဟန့်ပြီး ပြောလိုက်၏။
“စီနီယာအစ်မပေမင်ရဲ့ လွန်ခဲ့တဲ့သုံးရက်က ထိခိုက်ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားပါပြီ”
“ဟမ်...”
ကျန့်ချန်က ဒယီးဒယိုင်ဖြစ်သွားပြီး သူ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားလေသည်။
“သူက ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေကနေ သုံးရက်အတွင်းနဲ့ သက်သာပျောက်ကင်းလာတာလား… အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဓားကျင့်ကြံသူက ခါးသက်စွာ ပြုံးလိုက်၏။
“ကျုပ်လည်း သေချာမပြောတတ်ဘူး… တခြားပကတိအင်မော်တယ် စီနီယာအစ်ကိုတွေကလည်း အဲဒါကို သိရှိပြီးတဲ့နောက် မယုံကြည်နိုင်ဖြစ်နေကြတယ်”
ကျန့်ချန်က စဉ်းစားရခက်သွားသည်။
ဓားကမ္ဘာ၏ ဆေးလုံးများအားလုံးကို ပုံချပေးမည်ဆိုလျှင်တောင် ပေမင်ရွှယ်သည် သုံးရက်အတွင်း ဤကဲ့သို့ပြင်းထန်သော ဒဏ်ရာများကနေ သက်သာပျောက်ကင်းလာနိုင်မည် မဟုတ်ပေ။
ပေမင်ရွှယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သန်မာသော်လည်း သူတို့က ထိုမျှအထိတော့ မသန်မာနိုင်ပေ။
“ဘာတွေဖြစ်နေတာလဲ”
ရုတ်တရက် အစိမ်းရောင်ဝတ်လူတစ်ယောက်က ကျန့်ချန်၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။
အဲဒါက သူနဲ့ပတ်သက်ဆက်စပ်နေမလား…
ကျန့်ချန်က သူ့ခေါင်းကိုခါယမ်းပြီး သူ့ဘာသာသူတွေးလိုက်၏။
သူက ပကတိအင်မော်တယ်တစ်ဦးပဲ… သူက ဆေးပညာမှာ ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုရင်တောင် သူက ဂျူနီယာညီမပေမင်ကို သုံးရက်တည်းနဲ့ ကုသပေးနိုင်မှာမဟုတ်ဘူး…
တကယ်တော့ ပေမင်ရွှယ်၏ ထိခိုက်ဒဏ်ရာများကို ကုသပေးခဲ့သည့်သူက တကယ်ပင် ဆူဇီမိုဖြစ်လေသည်။
သူ၏ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့်-၁၂သို့ ဝင်ရောက်လာပြီးနောက် သူ၏ မျိုးဆက်သွေးက သိပ်သည်းပြင်းထန်ကြီးမားသော အသက်ဓာတ်အားတစ်ခုကို ထုတ်ဖော်ပေးနိုင်လာသည်။
ယင်ယန်အဆောင်သုတ္တန်ထဲမှာ ဆူဇီမိုသည် ကုသရေးလျှို့ဝှက်အတတ်တစ်ခု၊ အသက်ဓာတ်ကြာလက်ချောင်းကို နားလည်ဆင်ခြင်ထားခဲ့လေသည်။ အဲဒါကို သူ၏ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးဖြင့်သာ အသုံးပြုနိုင်သည်။
ယင်ယန်တာအိုထဲမှာ ယင်သည် သတ်ဖြတ်ခြင်းကို အုပ်စိုးပြီး ယန်က အသက်ဓာတ်ကို အုပ်စိုးလေသည်။
အသက်ဓာတ်ကြာလက်ချောင်းသည် အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကနေ ထုတ်ပေးသည့် သိပ်သည်းပြင်းထန်ကြီးမားသော အသက်ဓာတ်အားကို ပေမင်ရွှယ်၏ အသားထဲမှာ ချိပ်ပိတ်ထည့်သွင်းရန် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုနိုင်လေသည်။
ပေမင်ရွှယ်သည် အဆင့် ၁၂ ဖန်ဆင်းခြင်းကြာပဒုမ္မာ မျိုးဆက်သွေး၏ အားဖြည့်ထောက်ပံ့မှုကို အတိုင်းအတာတစ်ခုအထိ လက်ခံရရှိပြီး သူမ၏ ထိခိုက်ဒဏ်ရာများက အလွန်တရာမြန်ဆန်စွာ သက်သာပျောက်ကင်းလာခဲ့သည်။ သူမသည် သုံးရက်အကြာမှာ သူမ၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပေမင်ရွှယ်ကို ဤကဲ့သို့သောပုံစံဖြင့် ကျင့်ကြံခိုင်းသည်မှာ ဆူဇီမိုတွင် နောက်ချန်အစီအစဉ်တစ်ခု ရှိထားသောကြောင့် ဖြစ်လေသည်။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် ဓားသန့်စင်ကန်သို့ ပေမင်ရွှယ်နှင့်အတူ လိုက်ပါလာခြင်းမရှိပေ။ ထိုအစား သူက ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါထဲမှာနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာနှစ်ခု၏ လက်ကျန်စွမ်းအားကို ဖယ်ရှားနေ၏။
ဓားသန့်စင်ကန်ဘေးတွင်…
ကျန့်ချန်နှင့် အခြားသူများသည် နောက်ဆုံးမှာ ရောက်ရှိလာပြီး ပေမင်ရွှယ်ကို ထပ်မံ၍ ဖျောင်းဖျကြသော်လည်း သူမက ဆွံ့အနားမကြားချင်ယောင်ဆောင်နေ၏။
သူမသည် ဒဏ်ရာများဖြင့် ပြည့်နှက်၍ အသက်ကို မျှင်းမျှင်းသာရှူနိုင်တော့သည်အထိ ကျင့်ကြံပြီးမှသာ ပေမင်ရွှယ်က ဓားသန့်စင်ကန်ထဲကနေ ဒယီးဒယိုင်ထွက်ခွာပြီး သူမ၏ လိုဏ်ဂူခန်းဝါရှိရာသို့ သူမဘာသာသူမ လျှောက်လှမ်းသွားလေသည်။
ဆူဇီမိုက သူမကို ကူညီဖေးမပေးပြီး သူမ၏ ထိခိုက်ဒဏ်ရာများကို ကုသကာ သူမ၏ မျိုးဆက်သွေးကို နောက်တစ်ဖန် ဆေးကြောသန့်စင်ပေးရန် အသက်ဓာတ်ကြာလက်ညှိုးကို အသုံးပြုလေသည်။
ဖျက်ဆီးခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် ကိုယ်ကာယကို ပြန်လည်မွမ်းမံခြင်းသည် လျှို့ဝှက်အတတ်တစ်ခု၏ ပေါင်းစပ်မှုနှင့်အတူ ပေမင်ရွှယ်၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးကို အမြန်ဆုံးနှုန်းထားဖြင့် သန်မာကာ အသွင်ပြောင်းလဲလာစေလေသည်။
သုံးရက်ကြာပြီးနောက် ပေမင်ရွှယ်သည် ပြန်လည်သက်သာပျောက်ကင်းလာပြီး နောက်တစ်ဖန်ကျင့်ကြံရန် ဓားသန့်စင်ကန်သို့ ပြန်လည်ဝင်ရောက်သွားလေသည်။
ဤကဲ့သို့ ဆက်လက်ဖြစ်ပွားနေသည်။
သုံးရက်ကြာပြီးတိုင်း ပေမင်ရွှယ်သည် ဓားသန့်စင်ကန်မှာ နောက်တစ်ဖန် လာရောက်ကျင့်ကြံတတ်လေသည်။
တစ်လကြာပြီးနောက် ဓားသန့်စင်ကန်ထဲရှိ ပြင်းထန်ကြမ်းတမ်းသော ဓားချီများသည် ပေမင်ရွှယ်၏ ခန္ဓာကိုယ်ကို မည်သည့် ပျက်စီးထိခိုက်မှုမှ ဆက်လက်၍ မဖြစ်စေနိုင်တော့ပေ။
သူမသည် မည်သည့်ထိခိုက်ဒဏ်ရာမှ မရှိဘဲ တစ်ရက်လုံးလုံးကြာအောင် ဓားသန့်စင်ကန်ထဲမှာ ကျင့်ကြံနိုင်လေသည်။
ပေမင်ရွှယ်၏ ကျင့်ကြံမှုနယ်ပယ်က လုံးဝတိုးတက်မလာသေးဘဲ သူမ၏ ရုပ်ရည်သွင်ပြင်က မည်သည့်ပြောင်းလဲမှုမှ မရှိပေ။
သို့သော်လည်း တကယ်တမ်းမှာတော့ သူမ၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးသည် သိပ်သည်းပြင်းထန်ကြီးမားသည့် အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်ကျော်နေ၏။
အခြားသူများသည် ဤကျင့်ကြံရေးနည်းလမ်းကို သိရှိထားမည်ဆိုလျှင်တောင် သူတို့သည် အဲဒါကို တုပနိုင်လိမ့်မည် မဟုတ်ပေ။
ပထမအချက်… ထိုသို့ပြုလုပ်ဖို့အတွက် ကျင့်ကြံသူများ၏ စိတ်စွမ်းအားက အလွန်တရာ သန်မာနေဖို့ လိုအပ်လေသည်။
ဒုတိယအချက်… ထိုသို့ပြုလုပ်ဖို့အတွက် သူ၏ အမြုတေသွေးပမာဏများစွာ ကုန်ဆုံးခြင်းကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ တစ်ဖက်သူကို ကူညီပေးမည့် အဆင့် ၁၂ ဖန်ဆင်းခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနှင့်အတူ ကျင့်ကြံသူတစ်ယောက်ရှိနေဖို့ လိုအပ်လေသည်။
တကယ်တော့ မည်သည့်ဓားကျင့်ကြံသူကမှ အဲဒါနှင့်ပတ်သက်၍ များစွာမစဉ်းစားကြပေ။
ဂျူနီယာညီမပေမင်သည် နတ်မိမယ်တစ်ပါးကဲ့သို့ ပကတိကြည်လင်သန့်စင်၍ ချောမောလှပလေသည်။ ဤကဲ့သို့သော အနှိုင်းမဲ့အချောအလှတစ်ဦးက ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသည့် ဆင်းရဲဒုက္ခများကို ဘာကြောင့် ခံစားနေရမှာလဲ။
ဒါ့အပြင် သိုင်းတာအိုကို ဤမျှအထိ ကျင့်ကြံပြီးတာတောင် သူမ၏ ကျင့်ကြံမှုနယ်ပယ်က ရပ်တန့်နေဆဲဖြစ်သည် မဟုတ်ပါလား။
အချိန်ကြာလာသည်နှင့်အမျှ ဤကိစ္စသည် အနိဋ္ဌာရုံဓားတောင်ထွတ်မှာ ရုတ်ရုတ်သဲသဲဖြစ်လာရုံသာမက အခြားသော ဓားတောင်ထွတ်ခုနှစ်ခုမှ ဓားကျင့်ကြံသူများကိုပင် သတိထားမိလာစေလေသည်။