← Chapters

အလွတ်သုံးကွက်

Vol. 183 Ch. 2742

အလွတ်သုံးကွက်

Vol. 183 Ch. 2742

“ခင်ဗျားက ကျုပ်နဲ့ လက်ရည်စမ်းချင်တာလား”

ဆူဇီမိုက သူ့ရှေ့တည့်တည့်ရှိ နီချန်ဟု အမည်ရသော ရိုးသားသည့် ဓားကျင့်ကြံသူကိုကြည့်ကာ ဤလူက လူမှားရွေးမိသလား စဉ်းစားနေမိသည်။

သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်ရင် ကောင်းကင်ဘုံကမ္ဘာနှင့် ဓားကမ္ဘာက အရမ်းကိုဝေးကွာလေသည်။ ဓားကမ္ဘာမှ လူများသည် သူ့မှာ ဘာနည်းလမ်းများ ရှိသည်ကိုမပြောနှင့် သူက ဘယ်သူဆိုတာကိုပင် လုံးဝမသိရှိပေ။

ဤလူအနေဖြင့် လက်ရည်စမ်းဖို့ ရောက်လာသည်မှာ နားလည်လက်ခံ၍ ရလေသည်။

သို့သော်လည်း လက်ရှိဆူဇီမိုကတော့ ပကတိဧကနယ်ပယ်ကို ဝင်ရောက်ပြီးနောက် သူ၏ အဆင့် ၁၂ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ၎င်း၏ အထွတ်အထိပ်အထိ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။

သူ၏ မျိုးဆက်သွေး၊ နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်များကို အသုံးပြုခြင်းမရှိလျှင်တောင် သူသည် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသက်သက်နှင့်ပင် ပေါင်းစည်းခြင်း ပကတိအင်မော်တယ်များအားလုံးကို ဖိခြေနိုင်လေသည်။

ပေမင်ရွှယ်က လိုဏ်ဂူခန်းဝါထဲမှာ ရှိနေဆဲဖြစ်ပြီး ကုသဖို့အတွက် သူပြန်ရောက်အလာကို စောင့်ဆိုင်းနေ၏။

ဒါ့အပြင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ကြီးမားသော စွမ်းအင်ပမာဏတစ်ခုကို သူ၏ ကိုယ်ထဲမှာ စုဆောင်းထားလေသည်။

ကျိန်စာတစ်ခုကို ဖယ်ရှားပြီးနောက် သူသည် အာကာသသက်ရှိနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရန် ထိုစွမ်းအင်ကို စုပ်ယူသန့်စင်ဖို့ ပြင်ဆင်ထားလေသည်။ ယခု နီချန်က သူ့ကို စိန်ခေါ်ဖို့အတွက် ရောက်ရှိလာ၏။

ဆူဇီမိုက နှုတ်ဆိတ်နေသည်ကို ကျန့်ချန်တွေ့မြင်သောအခါ ဆူဇီမိုက စိုးရိမ်နေသည်ဟု သူက တွေးလိုက်၏။ ထို့ကြောင့် သူက ရှေ့သို့တက်လှမ်းပြီး ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျားက ဓားကမ္ဘာကို ရောက်လာတာ အချိန်တစ်ခုကြာသွားပြီ… ခင်ဗျားက ကောင်းကင်ဘုံကမ္ဘာက လာတယ်လို့ ကျုပ်ရဲ့ဂျူနီယာညီက ကြားတဲ့အခါ သူက ခင်ဗျားရဲ့ နည်းလမ်းတွေကို တွေ့မြင်ခွင့်ရဖို့ စိတ်ဝင်စားနေတာ”

“တာအိုရောင်းရင်းဆူ မပူပါနဲ့… ဂျူနီယာညီ နီချန်က သူ့အကန့်အသတ်ကို သူသိပါလိမ့်မယ်”

“ရတယ်လေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူသည် ပေမင်ရွှယ်ကို ကုသပေးရန်နှင့် သူ၏ ကျင့်ကြံမှုကို ဆက်လက်မြှင့်တင်ရန် ကိစ္စများကို မြန်မြန်လက်စသတ်ကာ သူ၏ လိုဏ်ဂူခန်းဝါသို့ ပြန်လိုလေသည်။

ဤနီချန်က သူ့အတွက် စိန်ခေါ်မှုတစ်ရပ်ပင် မဟုတ်ပေ။

သူသည် ဓားကမ္ဘာအပေါ် ကောင်းမွန်သော ထင်မြင်ချက်ရှိလေသည်။ သူ့အနေဖြင့် လက်ရည်စမ်းဖို့ ရောက်လာသော လူတစ်ယောက်ကို ငြင်းပယ်ဖို့က မသင့်လျော်ပေ။

ဒါ့အပြင် ဓားကမ္ဘာသည် သူ့ကို အမြဲတလေးတစား ဆက်ဆံခဲ့သည်။ သူ့ကို စိန်ခေါ်ဖို့ ရောက်လာသော ဤလူပင်လျှင် ပေါင်းစည်းခြင်းပကတိဧကနယ်ပယ် ဓားကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။

ဆူဇီမိုက ချက်ချင်းသဘောတူလိုက်သည်ကို တွေ့မြင်သောအခါ ကျန့်ချန်က မှင်တက်၍ အံ့အားသင့်သွား၏။

ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက အနိဋ္ဌာရုံဓားတောင်ထွတ်၏ ဓားကျင့်ကြံသူ ထက်ဝက်ကျော်ကို ဆွဲဆောင်ခဲ့ပြီး သူတို့က အတူတကွစုဝေးရောက်ရှိနေကြ၏။ စိတ်လှုပ်ရှားတက်ကြွသော အမူအရာများနှင့်အတူ ဤနေရာသို့ စုဝေးရောက်ရှိလာသော လူများက ပို၍ပို၍များလာလေသည်။

နီချန်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျားက ဘာပဲပြောပြော အဝေးကလာတဲ့ ဧည့်သည်တစ်ဦးပဲ… ခင်ဗျား အရင်စပြီး တိုက်ခိုက်လို့ရတယ်… ကျုပ်က ခင်ဗျားကို အလွတ်လှုပ်ရှားကွက် သုံးကွက်ပေးမယ်”

ထိုနေရာအရောက်မှာ အော်ဟစ်အားပေးသံများက လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။

နီချန်သည် လက်ဦးမှုရယူခွင့်ကို စွန့်လွှတ်ပြီး တစ်ဖက်လူကို စတင်၍ တိုက်ခိုက်ခွင့်ပေးထားလေသည်။ ဓားကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ ဆူဇီမိုကို စိတ်ကြိုက်လှုပ်ရှားကွက် သုံးကွက်ပေးထားခြင်းသည် လုံလောက်သည့် လေးစားမှုကို ပြသပြီးလေပြီ။

“ခင်ဗျားက ကျုပ်ကို အရင်တိုက်ခိုက်စေချင်တာလား”

ဆူဇီမိုမှာ ထူးဆန်းသော အမူအရာတစ်ခု ရှိလာ၏။

နီချန်က ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျားက ခင်ဗျားစိတ်ရှိသလို တိုက်ခိုက်နိုင်တယ်… အဲဒီသုံးကွက်အတွင်း ကျုပ်က တုံ့ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး… ဒါပေမဲ့ အဲဒီသုံးကွက်ပြီးရင်တော့ ခင်ဗျား သတိထားရမယ်”

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

ကျန့်ချန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကြေညာလိုက်လေသည်။

“ခင်ဗျားတို့နှစ်ယောက် အဆင်သင့်ဖြစ်ပြီဆိုရင်… စ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက ရိပ်ခနဲလှုပ်ရှားသွားပြီး တစ်ခဏချင်းမှာပင် နီချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

နီချန်က တုန်လှုပ်သွား၏။

သူက အရမ်းကို မြန်ဆန်လေသည်။

သူက တစ်ဖက်လူကို လှုပ်ရှားကွက် သုံးကွက်ပေးမည်ဟု ယခုတင် ပြောဆိုထားသောကြောင့် နီချန်သည် တုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ နောက်သို့သာ အလိုလိုဆုတ်လိုက်လေသည်။

ဆူဇီမိုက လက်လှမ်းပြီး နီချန်၏ လက်ထဲရှိ ဓားကို ဖမ်းဆွဲလိုက်၏။

နီချန်က မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမို၏ လက်ဖဝါးက ဓားရိုးကို ဆုပ်မိသွားလေသည်။

ဇီး…

ရှင်းလင်းသော ဓားတေးသံနှင့်အတူတွဲဖက်၍ ဓားအလင်းတစ်ချက်က ဖျပ်ခနဲလက်သွား၏။

ဓားအလင်းက ဖျပ်နဲလက်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်ဟုသာ ဓားကျင့်ကြံသူများစွာက ခံစားလိုက်ရ၏။

နောက်ခဏ၌ ဆူဇီမိုသည် ဘယ်တုန်းကမှ မလှုပ်ရှားခဲ့သည့်အလား သူ့နဂိုနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူတို့နှစ်ယောက် ထိတွေ့မိသည့်အခိုက်အတန့်က အရမ်းကိုမြန်ဆန်ပြီး ဓားကျင့်ကြံသူများစွာသည် သူတို့အကြား ဖြစ်ပျက်ခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ခဲ့ပေ။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

နီချန်ကတော့ သူ၏ အမူအရာက ပျက်ယွင်းပြီး နှုတ်ဆိတ်နေလေသည်။

“စောစောက ဘာဖြစ်သွားတာလဲ”

“ငါလည်း သေချာမပြောတတ်ဘူး… အဲဒါက လှုပ်ရှားကွက်သုံးကွက် မပြည့်သေးဘူးနဲ့တူတယ်… သူတို့က ဘာလို့ဆက်ပြီး မတိုက်ခိုက်ကြတော့တာလဲ”

“စောစောက ဓားအလင်းရောင် ပေါ်ထွက်လာတယ်ဆိုတော့ စီနီယာအစ်ကို နီချန်က သူ့ကိုယ်သူ မချုပ်ထိန်းနိုင်ဘဲ အရင်စတင်ပြီး တိုက်ခိုက်ခဲ့မိတာလား”

ဓားကျင့်ကြံသူများစွာက ဆွေးနွေးပြောဆိုနေစဉ် နီချန်၏ နှာရောင်ကနေ သွေးတစ်စက ဖြည်းဖြည်းချင်း စိမ့်ထွက်လာ၏။

ထင်ရှားကာ နီရဲနေသည့်သွေးတစ်စက်က သူ၏ နှာခေါင်းပေါ်ကနေ ဖြည်းဖြည်းချင်း စီးကျလာလေသည်။

ဒါက...

သူတို့ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများက တဖြည်းဖြည်း ရပ်တန့်သွားသည်။

စောစောက တဒင်္ဂအခိုက်အတန့်မှာ နီချန်က အမှန်တကယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလား။

နီချန်နှင့် ဆူဇီမိုကလွဲလျှင် စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သောသူ များစွာမရှိပေ။

ဆူဇီမိုက အနားသို့ ချဉ်းကပ်လာပြီး နီချန်၏ လက်ထဲရှိ ဓားကို သူ့ရှေ့မှာပင် ဆွဲထုတ်ခဲ့လေသည်။ သူက နီချန်၏ နှာရောင်ကို ဓားနှင့်ထိုးပြီး အဲဒါကို ဓားအိမ်ထဲသို့ ပြန်ထည့်ပေးခဲ့သည်။

ထိုလှုပ်ရှားမှုအပြီး၌ ဆူဇီမိုမှာ သူ့ကိုသတ်ဖြတ်ဖို့ နည်းလမ်းတစ်ရာရှိနေသည်ကို နီချန်က ကောင်းကောင်းသိလိုက်၏။

သူ့အနေဖြင့်တော့.. သူက အဲဒါကို လုံးဝ မရှောင်တိမ်းနိုင်ခဲ့ပေ။

ကွာဟချက်က အရမ်းကို ကြီးမားနေ၏။

တစ်ဖက်လူက တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် သူက သူ့ဓားကို ဆွဲထုတ်ဖို့ပင် အခွင့်အရေး ရလိမ့်မည်မဟုတ်ပေ။

နီချန်က သုန်မှုန်နေသော အမူအရာဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျားအရင်စပြီး တိုက်ခိုက်မည်ဆိုလျှင် ကျုပ် ခင်ဗျားကို မနိုင်ဘူးဆိုတာ တကယ်ပဲဝန်ခံပါတယ်”

ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။

ဤဓားကျင့်ကြံသူက အတော်လေး ရိုးဖြောင့်ပြီး အရှက်ရကာ ရှုံးမဲမဲခြင်းမရှိပေ။

ထိုအစား သူက ရှုံးနိမ့်ကြောင်းကို ဝန်ခံလိုက်လေသည်။

နီချန်က ပြောလိုက်၏။

“ဒါပေမဲ့ ကျုပ်ရဲ့နည်းလမ်းတွေအားလုံးက ဒီဓားပေါ်မှာ အခြေခံထားတာပဲ… ကျုပ်က ခင်ဗျားကို ထပ်ပြီးတော့ စိန်ခေါ်ချင်တယ်… ဒီတစ်ခါတော့ ဘာအလျှော့အတင်းမှ လုပ်မှာမဟုတ်တော့ဘူး… တာအိုရောင်းရင်း… ကျေးဇူးပြုပြီး ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးပါ”

ဤတစ်ခေါက်မှာ နီချန်သည် သူ၏ ရင်ထဲရှိ မောက်မာဝင့်ကြွားမှုကို လုံးဝလွှတ်ချလိုက်ပြီး လုံးဝပေါ့ပေါ့ဆဆ မပြုမူရဲတော့ပေ။

“ရတယ်လေ”

ဆူဇီမိုက သာမန်ကာလျှံကာ ခေါင်းညိတ်ပြလိုက်၏။

ဇီး...

ဤတစ်ခေါက်မှာ နီချန်က သူ၏ ဓားကို ချက်ချင်းပင် ဆွဲထုတ်ပြီး သူ၏ ရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ်ထားလိုက်၏။ သူ၏ ခန္ဓာကိုယ်က ဓားတာအို၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်ထားသည်။

နီချန်သည် ဆူဇီမိုကို သူ့ဘဝမှာ အသန်မာဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပြီး လုံးဝ ထိန်ချန်မထားရဲတော့ပေ။

ဆူဇီမိုထံမှာ မလိုအပ်သော မည်သည့်လှုပ်ရှားမှုမှ ရှိမလာသေးပေ။ သူက အေးအေးလူလူ လျှောက်လှမ်းနေသည့်အလား ရှေ့သို့ခြေတစ်လှမ်းယူပြီး နီချန်၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။

ထိုခြေနင်းကွက်က သာမန်ကာလျှံကာဖြစ်သည်ဟု ထင်ရသော်လည်း အဲဒါသည် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများနှင့် ကောင်းကင်ထယ်သွားခြေလှမ်း၏ ဓမ္မတာအိုများကို ပေါင်းစည်းထားခြင်းဖြစ်လေသည်။

သူသည် လေဟာနယ်ကို ချက်ချင်းဖြတ်ကျော်လိုက်ရုံသာမက ဝိညာဉ်ကိုပင် လှုပ်ခတ်စေသည့် မမြင်ရသော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးကို မပြောနှင့်… အာကာသသက်ရှိ ပကတိအင်မော်တယ်များပင်လျှင် ဤကဲ့သို့သော အခြေအနေမှာ လက်ဦးမှု ရယူနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက နီချန်၏ လက်ထဲရှိ ဓားကို ဖမ်းဆွဲလိုက်၏။

နီချန်က သူ၏ တာအိုသစ်သီးကို ရူးသွပ်စွာ လှည့်ပတ်ပြီး သူ၏ ဦးခေါင်းနောက်ဘက်မှာ ရောင်လျှံစက်ဝန်းများ ပေါ်ထွက်လာစေ၏။ သူ့လက်ထဲရှိ ဓားက လည်ပတ်သွားပြီး အလွန်တရာ ထက်ရှသော ဓားအရှိန်အဟုန်ကို ထုတ်ဖော်လိုက်လေသည်။

သို့သော်လည်း ဆူဇီမိုက ပို၍ပင် မြန်ဆန်လေသည်။

နီချန်က သူ၏ ဓားအရှိန်အဝါကို အပြည့်အဝမထုတ်ဖော်နိုင်ခင်မှာပင် ဆူဇီမိုက သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ညင်သာစွာ ဖျစ်ညှစ်လိုက်၏။

နီချန်က နာကျင်မှုကို ခံစားလိုက်ရပြီး ဖမ်းဆုပ်ထားသော သူ့လက်က ပြေလျော့သွား၏။ ဓားက ဆူဇီမို၏ လက်ထဲသို့ ဆင်းသက်သွားခဲ့လေပြီ။

ဆူဇီမိုက ဓားကိုလှည့်ပြီး ဓားအလင်းတစ်ခု ပေါ်ထွက်လာစေပြီးနောက် အဲဒါက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

သူ၏ ပုံရိပ်က သူ့နဂိုနေရာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။

သူတို့နှစ်ယောက်သည် ပေတစ်ရာအကွာအဝေးမှာ မတ်တတ်ရပ်နေကြဆဲဖြစ်၏။ နီချန်က မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား သူ့လက်ထဲရှိ ဓားရှည်တစ်လက်ကို ကိုင်စွဲထားလေသည်။

သို့သော်လည်း သူ၏ နှာရောင်ပေါ်မှာ နောက်ထပ် သွေးရောင်ဒဏ်ရာတစ်ခု ပေါ်ထွက်လာ၏။

ဓားက ထပ်မံ၍ နက်ရှိုင်းခဲ့မည်ဆိုလျှင် သူက နေရာမှာပင် သေဆုံးသွားရပေလိမ့်မည်။

“ကျုပ်ရှုံးသွားပြီ”

အတန်ကြာ ငြိမ်သက်နေပြီးမှ နီချန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

ထို့နောက် သူက ဆူဇီမိုရှိရာဘက်သို့ လက်နှစ်ဖက်ကိုယှက်ပြပြီး တိတ်တဆိတ် လှည့်ထွက်သွားလေသည်။

ဘေးပတ်ဝန်းကျင်လူအုပ်ကြားထဲမှာ သက်ပြင်းချသံများ ထွက်ပေါ်လာ၏။

ကျန့်ချန်၏ မျက်လုံးထဲတွင်လည်း သနားကရုဏာသက်သော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ ပေါင်းစည်းခြင်းပကတိအင်မော်တယ် နီချန်ကလည်း ဤလူကို အနိုင်မယူနိုင်ပေ။

ဒါ့အပြင် ယခုတင် ဤလူထုတ်ဖော်ပြသခဲ့သောနည်းစနစ်က တကယ့်ကို ကြောက်စရာကောင်းလေသည်။ သူ၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာ မြန်ဆန်ရုံသာမက သူ၏ ကိုယ်ကာယကလည်း စွမ်းအားကြီးမားလေသည်။

သူသည် လက်ဗလာဖြင့် ဓားတစ်လက်ကိုင်စွဲထားသော နီချန်ကို အမှန်တကယ်ပင် အနိုင်ရခဲ့လေသည်။

ဆူဇီမိုနှင့်ရင်ဆိုင်ရသောလူက သူဖြစ်နေမည်ဆိုလျှင် သူက အနိုင်ရဖို့အတွက် ယုံကြည်မှုရှိပါ့မလား ကျန့်ချန်က စဉ်းစားတွေးတောနေမိသည်။

All Chapters