အပြတ်အသတ်ရှုံးနိမ့်ခြင်း
Vol. 183 Ch. 2743
အစည်းအဝေးခန်းမထဲမှာ…
ဝမ်တုန်သည် ဝိုင်ကိုပြင်ဆင်ပြီး အောင်ပွဲနှင့်အတူပြန်လာမည့် နီချန်ကို စောင့်မျှော်နေ၏။ သူ၏ ထင်မြင်ချက်အရ ဤတိုက်ပွဲမှာ မည်သည့်မတော်တဆဖြစ်ရပ်မှ မရှိနိုင်ပေ။
နီချန်သည် သူ၏ တာအိုသစ်သီးကို စုဖွဲ့ပြီး ပကတိဧကနယ်ပယ်သို့ ဝင်ရောက်စဉ်က သူသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုကို ရရှိခဲ့လေသည်။
ဤသည်က ဓားကမ္ဘာမှာလည်း ရှားရှားပါးပါးဖြစ်သည်။
ဒါ့အပြင် နီချန်၏ တိုက်ခိုက်ရည်ခွန်အားသည် ပေါင်းစည်းခြင်းနယ်ပယ် ဓားကျင့်ကြံသူများကြားမှာ ထိပ်ဆုံးငါးယောက်ထဲတွင် ရပ်တည်လေသည်။
သူထင်မှတ်ထားသည့်အတိုင်းပင် သိပ်မကြာခင် နီချန်က အစည်းအဝေးခန်းမ၏ ဝင်ပေါက်ဝမှာ ပေါ်ထွက်လာ၏။
ဝမ်တုန်က သူ့ကိုပြုံး၍ကြိုဆိုပြီး ချီးကျူးလိုက်၏။
“အဲဒါက ငါးမိနစ်တောင်မကြာသေးဘူး… ဂျူနီယာညီနီ… မင်းက တော်တော်လက်သွက်တာပဲ”
နီချန်က ထိုစကားကိုကြားသောအခါ သူ၏ နှုတ်ခမ်းထောင့်က အထိန်းအကွပ်မဲ့စွာ တွန့်သွားလေသည်။
နီချန်၏ အမူအရာက သိပ်မကောင်းဘဲ အနည်းငယ်စိတ်ဓာတ်ကျနေသည်ကို တွေ့မြင်ရသောအခါ ဝမ်တုန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။
သူက အာရုံစိုက်၍ ကြည့်ရှုပြီးနောက် နီချန်၏ နှာရောင်ပေါ်တွင် ဓားအမှတ်နှစ်ခုရှိနေသည်ကို တွေ့ရှိလိုက်ရ၏။
ဒဏ်ရာများက သက်သာပျောက်ကင်းသွားပြီဖြစ်သော်လည်း ခပ်ဖျော့ဖျော့အမာရွတ်နှစ်ခုက ကျန်ရှိနေဆဲဖြစ်သည်။
“ဂျူနီယာညီနီ… မင်းရှုံးသွားတာလား”
ဝမ်တုန်က အကဲစမ်းမေးမြန်းလိုက်၏။
နီချန်က သက်ပြင်းချလိုက်၏။
“ကောင်းကင်ဘုံကမ္ဘာက အဲဒီကျင့်ကြံသူမှာ အစွမ်းအစတချို့ရှိနေတယ်… ကျုပ် သူ့ကိုမနိုင်ဘူး”
ဝမ်တုန်က နှစ်သိမ့်ပေးလိုက်၏။
“ရပါတယ်… ဂျူနီယာညီနီ… ဘာမှစိတ်မပျက်နဲ့… ငါတို့မျိုးဆက်က ကျင့်ကြံသူတွေအကုန်လုံးလည်း အရင်တုန်းက ရှုံးနိမ့်ခဲ့ကြဖူးတာပဲ”
နီချန်က ခါးသက်စွာပြုံးလိုက်၏။
တကယ်တော့ သူက ရှုံးနိမ့်ခဲ့ရုံသာဆိုလျှင် အဆင်ပြေပေလိမ့်မည်။
သို့သော်လည်း သူသည် တကယ့်ကိုဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရလေသည်။ တစ်ဖက်လူသည် လက်နက်တစ်ခုကိုပင် အသုံးမပြုခဲ့သော်လည်း သူက တစ်ချီပင် မခံနိုင်ခဲ့ပေ။
ဤသည်က သူ့အတွက်ကြီးမားသော ရိုက်ခတ်မှုတစ်ခုဖြစ်သည်။
နီချန်က စိတ်ဓာတ်ကျနေသည်ကို တွေ့မြင်ရသောအခါ ဝမ်တုန်က အားပေးလိုက်၏။
“ဂျူနီယာညီနီ… မင်းကိုယ်မင်း သိပ်ပြီးဖိအားမပေးနဲ့… အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ ဓားကျင့်ကြံသူတွေရဲ့ ဓားတာအိုက သတ်ဖြတ်ဖို့အတွက် ရည်ရွယ်တာပဲ”
“သူက အဝေးကလာတဲ့ ဧည့်သည်ပဲ… မင်းက မင်းကိုယ်မင်း ချုပ်ထိန်းထားတဲ့အတွက် အနိဋ္ဌာရုံဓားတာအိုရဲ့ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ဘူး… အဲဒါကြောင့် မင်းရှုံးနိမ့်သွားရတာက နားလည်လက်ခံလို့ရတယ်”
“အဲဒါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဆိုရင် အခြေအနေတွေက ကွဲပြားခြားနားသွားမယ်လို့ ငါထင်တယ်”
နီချန်က သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး တစ်ခုခုပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
သူသည် သူ၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်ချင်သောကြောင့်မဟုတ်ဘဲ ဆူဇီမိုက သူ့ကို အခွင့်အရေးလုံးဝမပေးခဲ့သောကြောင့်ဖြစ်သည်။
အဲဒါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုသာ ဖြစ်ခဲ့မည်ဆိုလျှင် သူက အကြိမ်ပေါင်းများစွာ သေခဲ့ရပေလိမ့်မည်။
သူတို့နှစ်ယောက်က စကားကောင်းကောင်းမပြောရသေးခင်မှာပင် ဓားကျင့်ကြံသူတစ်ယောက်က အပြင်ဘက်ကနေ ရုတ်တရက်အလောတကြီးပြေးလာပြီး အနည်းငယ်မောဟိုက်နေ၏။
“စီနီယာအစ်ကိုဝမ်…. စီနီယာအစ်ကိုနီ ရှုံးနိမ့်သွားပြီးတဲ့နောက် ချူးရွှမ်နဲ့ တခြားစီနီယာအစ်ကိုတွေ၊ စီနီယာအစ်မတွေက ဆက်ပြီးသည်းမခံနိုင်တဲ့အတွက် အဲဒီလူကို တစ်ယောက်ပြီးတစ်ယောက် ထွက်ပြီးစိန်ခေါ်ခဲ့ကြတယ်”
“မင်းတို့ဟာက မဟုတ်တာကွာ”
ဝမ်တုန်က အော်ငေါက်လိုက်၏။
“သူတို့က လက်ရည်စမ်းချင်တယ်ဆိုရင် အဲဒါကို မျှမျှတတလုပ်မှပေါ့… ဂျူနီယာညီနီက ဒီနေ့ပဲ သူ့နဲ့လက်ရည်စမ်းထားတယ်… ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ထပ်ပြီးစိန်မခေါ်ခင် သူ့ကို အနားယူချိန်တစ်ရက်တော့ ပေးရမှာပေါ့”
“သူတို့တွေက သူ့ကို ခြေကုန်လက်ပန်းကျအောင်လုပ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တောင် အဲဒါက ကျင့်ဝတ်ထုံးတမ်းကို ဖောက်ဖျက်ရာကျနေတယ်… ဒီစကားသာ ပျံ့နှံ့သွားမယ်ဆိုရင် ငါတို့ဓားကမ္ဘာက အပြင်လူတွေကို အနိုင်ကျင့်တယ်လို့ သူများတွေက ဆိုကုန်မှာပေါ့”
ဓားကျင့်ကြံသူမှာ ရှက်ရွံ့သောအမူအရာရှိနေပြီး သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် တီးတိုးရေရွတ်နေ၏။
“ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ ကျုပ်လဲ မသိတော့ဘူး”
“မင်း ဘာတွေတတွတ်တွတ်ပြောနေတာလဲ”
ဝမ်တုန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဂျူနီယာညီမ ချူးရွှမ်နဲ့ တခြားသူတွေကို မြန်မြန်သွားပြီးတားစမ်း… တစ်ဖက်လူက ဂျူနီယာညီမပေမင်ရဲ့ ဆရာပဲ… ရိုင်းရိုင်းပျပျမလုပ်ကြနဲ့… ငါတို့တွေက သူ့ကို တစ်ယောက်ပြီးတစ်ယောက် မတိုက်ခိုက်သင့်ဘူး”
ဓားကျင့်ကြံသူမှာ အိုးတိုးအမ်းတမ်းအမူအရာတစ်ခုရှိနေ၏။
“စီနီယာအစ်ကိုဝမ်… ခင်ဗျား ဒီစကားကိုပြောတာ နောက်ကျသွားပြီ… ကျုပ်ဒီကိုလာတဲ့အချိန်မှာ အကုန်လုံးက ပြီးသွားပြီ”
“အဲဒါ ပြီးသွားပြီလား”
ဝမ်တုန်က အနည်းငယ်စိတ်တိုနေပြီး မေးလိုက်၏။
“မင်းတို့တွေက တာအိုရောင်းရင်းဆူကို ထိခိုက်အောင်လုပ်ခဲ့တာလား”
ထိုစကားကို ကြားသောအခါ နီချန်၏ နှုတ်ခမ်းထောင့်က ထပ်မံ၍ အနည်းငယ်တွန့်သွားလေသည်။
“အမ်… အဲဒါက...”
ဓားကျင့်ကြံသူက မျက်လုံးစွေကြည့်လိုက်၏။
“စီနီယာအစ်ကိုဝမ်… ခင်ဗျားက တာအိုရောင်းရင်းဆူရဲ့ နည်းလမ်းတွေကို အခုချိန်မှာ သိမှာမဟုတ်လောက်သေးဘူး… စီနီယာအစ်မ ချူးရွှမ်နဲ့ တခြားဓားကျင့်ကြံသူဆယ်ယောက်ကျော်က ရှေ့ကိုတက်လှမ်းသွားပေမဲ့ သူတို့တွေက တစ်ချီတောင်မခံဘဲ ရှုံးနိမ့်ခဲ့ကြတယ်”
“ဟမ်”
ဝမ်တုန်က သူ၏ မျက်ခုံးကို ပင့်လိုက်၏။
ဂျူနီယာညီမ ချူးရွှမ်နဲ့ ဓားကျင့်ကြံသူဆယ်ယောက်ကျော်က ဤလူကို တစ်ယောက်ပြီးတစ်ယောက်စိန်ခေါ်ခဲ့ပြီး အကုန်လုံးရှုံးနိမ့်ခဲ့ကြတာလား။
ဝမ်တုန်က နီချန်ကို အလိုလိုလှည့်ကြည့်လိုက်၏။
နီချန်က ညင်သာစွာ ချောင်းဟန့်လိုက်၏။
“စောစောက ကျုပ်ပြောဖို့မေ့သွားတယ်… ကျုပ်လည်း အဲဒီလူနဲ့ ရင်ဆိုင်တုန်းက တစ်ချီတောင်မခံနိုင်ခဲ့ဘူး”
“သူက အဲ့လောက်တောင် သန်မာတာလား”
ဆူဇီမိုနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့သည့်မြင်ကွင်းက ဝမ်တုန်၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။ သူသည် တစ်ဖက်လူထံမှ မည်သည့်ခြိမ်းခြောက်မှုကိုမှ မခံစားခဲ့ရသည့်ပုံပင်။
ဝမ်တုန်က ခဏမျှစဉ်းစားတွေးတောပြီး မေးလိုက်၏။
“အဲဒီလူက စွမ်းအားကြီးမားတဲ့ စိတ်ဝိညာဉ်ရတနာတချို့ကို အသုံးပြုခဲ့တာလား”
နီချန်က ပြောလိုက်၏။
“သူ ကျုပ်နဲ့တိုက်ခိုက်တုန်းက သူက ကျုပ်ရှေ့မှာပဲ ကျုပ်ရဲ့ဓားကို လက်ဗလာနဲ့လုယူပြီး ကျုပ်ကိုထိခိုက်အောင်လုပ်ခဲ့တယ်… နှစ်ကြိမ်ပါ”
သူက ဓားကျင့်ကြံသူတစ်ယောက်၏ ဓားကို လက်ဗလာနှင့် လုယူခဲ့တာလား…
ဝမ်တုန်က အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။
ဤလူမှာ တကယ်ပင်အစွမ်းအစရှိနေလေသည်။
ဝမ်တုန်က ထပ်မံ၍ မေးလိုက်၏။
“သူက ဘာနတ်ဘုရားစွမ်းအားတွေ… ဒါမှမဟုတ် ဘာလျှို့ဝှက်အတတ်တွေကို သုံးခဲ့တာလဲ”
“ဘာတစ်ခုမှမဟုတ်ဘူး”
ဓားကျင့်ကြံသူက ခေါင်းခါပြလိုက်၏။
“မင်းစကားက ဘာအဓိပ္ပာယ်လဲ”
ဝမ်တုန်က နားမလည်နိုင်ဘဲ အလိုလိုမေးလိုက်၏။
“မင်းတို့တွေက သူဖော်ထုတ်ခဲ့တဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေရဲ့ ဇာစ်မြစ်ကို မသိကြဘူးလား”
ဓားကျင့်ကြံသူက ရိုးသားစွာပြန်ဖြေလိုက်၏။
“သူက ဘာနတ်ဘုရားစွမ်းအား… ဒါမှမဟုတ် ဘာလျှို့ဝှက်အတတ်ကိုမှ မထုတ်ဖော်ခဲ့ဘူး”
ဝမ်တုန်က မှင်တက်သွားပြီးနောက် ခဏကြာသည်အထိ မတုံ့ပြန်နိုင်ပေ။
ပကတိအင်မော်တယ်များကြား တိုက်ပွဲတစ်ခုမှာ သူက ဘာလျှို့ဝှက်အတတ်၊ ဘာနတ်ဘုရားစွမ်းအားကိုမှ အသုံးမပြုခဲ့ဘူးလား။
ဓားကျင့်ကြံသူက ပြောလိုက်၏။
“အဲဒီလူက သူ့ရဲ့ တဲ့တိုးဆန်တဲ့ ထိုးချက်၊ ကန်ချက်တွေကိုပဲ သုံးပြီး စီနီယာအစ်မ ချူးရွှမ်နဲ့ တခြားသူတွေကို အနိုင်ယူခဲ့တယ်”
ထိုစဉ်မှာပင် နောက်ထပ်ဓားကျင့်ကြံသူတစ်ယောက်က အပြင်ဘက်ကနေ အသည်းအသန်ပြေးလာနေ၏။
သူက ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ထိုဓားကျင့်ကြံသူက အော်ပြောလိုက်၏။
“စီနီယာအစ်ကိုဝမ်… အဲဒီလူက ဓားကျင့်ကြံသူ အယောက်၄၀ကျော်ကို ဆက်တိုက်အနိုင်ယူခဲ့ပြီ”
ဝမ်တုန်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အသက်ရှူသံက အနည်းငယ် မတည်မငြိမ်ဖြစ်လာခဲ့၏။
ချူးရွှမ်နှင့် ဓားကျင့်ကြံသူ ဆယ်ယောက်ကျော်က ယခုတင် ရှုံးနိမ့်သွားသည်ဟု သူကြားခဲ့ရသည်။ ဘယ်လောက်မှ မကြာသေးခင်မှာပင် သူက ဓားကျင့်ကြံသူ နှစ်ဆယ်ကျော်ကို ထပ်မံအနိုင်ယူခဲ့ပြီလား။
သူနှင့် အဆက်မပြတ်တိုက်ခိုက်ခဲ့သည်က လုံလောက်အောင် ရှက်စရာကောင်းနေခဲ့ပြီဖြစ်သည်။
သို့သော်လည်း သူတို့သည် သူနှင့် အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးတာတောင် ဤကဲ့သို့ ရှုံးနိမ့်ခဲ့ရသည့်အချက်သည် ဓားကမ္ဘာမှာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ နာမည်ဂုဏ်သတင်းကို ပျက်စီးသွားစေပေတော့မည်။
ထိုအခိုက်အတန့်မှာ ဝမ်တုန်က ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။
မည်သို့ပင်ဆိုစေ ဆူဇီမိုသည် ကောင်းကင်ဘုံကမ္ဘာကနေ ရောက်လာခဲ့သည်။ ဓားကမ္ဘာက ဓားကျင့်ကြံသူများအနေဖြင့် သူတို့က အားနည်းမှုကို ပြသလို့ မရနိုင်ပေ။
ဝမ်တုန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဂျူနီယာညီ ပူယောင်နဲ့ ဂျူနီယာညီ ဝမ်ကျန့်ကို ငါ့ကိုလာတွေ့ဖို့ သွားခေါ်လိုက်”
“စီနီယာအစ်ကို ပူယောင်နဲ့ စီနီယာအစ်ကို ဝမ်ကျန့်က အဲဒီသတင်းကိုကြားတဲ့အတွက် အဲဒီကို သွားနေပါပြီ”
ဓားကျင့်ကြံသူက အလောတကြီးပြန်ဖြေလိုက်၏။
ဝမ်တုန်က စိတ်သက်သာစွာ သက်ပြင်းချပြီး ညင်သာစွာ ခေါင်းညိတ်လိုက်၏။
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့”
နီချန်နှင့် အခြားသော ဓားကျင့်ကြံသူများက အကြည့်ချင်းဖလှယ်ပြီး မအီမသာခံစားနေရ၏။
သူတို့သည် ဆူဇီမို၏ နည်းလမ်းများကို ကိုယ်တိုင်မြင်တွေ့ထားခဲ့ပြီး ထိုပြိုင်ဘက်ကင်းစွမ်းပကားကို အမှန်တကယ်တွေ့ကြုံခဲ့ရလေသည်။
ပူယောင်နှင့် ဝမ်ကျန့်သည် အနိဋ္ဌာရုံဓားတောင်ထွတ်မှာ ပေါင်းစည်းခြင်းပကတိအင်မော်တယ်များကြား ထိပ်သီးပညာရှင်များဖြစ်သော်လည်း ဤလူကို အနိုင်ရယူဖို့က ပြောသလောက် မလွယ်ကူပေ။
ဝမ်တုန်ကလည်း ဒီတိုင်းထိုင်မနေနိုင်တော့ပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။
“သွားကြတာပေါ့… အဲဒီလူက ဘယ်လောက်အစွမ်းထက်သလဲ သွားကြည့်ကြမယ်… ငါက ဂျူနီယာညီပူယောင်နဲ့ ဝမ်ကျန့်ကို စောင့်ကြည့်ပေးရမယ်”
ဝမ်တုန်နှင့်အခြားသူများက အစည်းအဝေးခန်းမထဲကနေ လျှောက်လှမ်းမထွက်ရသေးခင်မှာပင် နောက်ထပ်ဓားကျင့်ကြံသူတစ်ယောက်က အဝေးကနေ အသည်းအသန်ပြေးလာနေ၏။
ထိုလူ၏ ထိပ်ထိပ်ပျာပျာ အမူအရာကို တွေ့မြင်သောအခါ ဝမ်တုန်က ရင်ထဲမှာ ဆို့နင့်သွား၏။
“စီနီယာအစ်ကိုဝမ်… သတင်းဆိုးပဲ”
ထိုဓားကျင့်ကြံသူက ဝမ်တုန်ကို တွေ့မြင်သောအခါ အော်ပြောလိုက်၏။
“စီနီယာအစ်ကိုပူယောင်နဲ့ စီနီယာအစ်ကိုဝမ်ကျန့်က အဲဒီလူရဲ့ ရိုက်ချက်နှစ်ချက်နဲ့ လဲကျသွားပြီ… သူတို့က သူတို့ရဲ့ဓားကိုတောင် ဆွဲမထုတ်နိုင်ခဲ့ကြဘူး”
ဤသတင်းသည် ဝမ်တုန်ကို ပစ်ချလိုက်သော မိုးကြိုးတစ်စင်းကဲ့သို့ဖြစ်ပြီး သူက အနည်းငယ်မူးဝေထုံထိုင်းသွားလေသည်။
ပူယောင်နှင့် ဝမ်ကျန့်ပင်လျှင် ဤမျှအထိ မြန်မြန်ဆန်ဆန်ရှုံးနိမ့်သွားရတာလား။
ဓားကျင့်ကြံသူများအနေဖြင့် သူတို့သည် သူတို့၏ ဓားကိုပင် ဆွဲမထုတ်နိုင်ခဲ့ပေ။ ဤစကားသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူတို့သည် ဓားတောင်ထွတ်ရှစ်ခုကြားမှာ ပြက်ရယ်ပြုစရာ ဖြစ်လာတော့မည် မဟုတ်ပါလား။