← Chapters

ရှေးခေတ်အင်မော်တယ်၏ ကပ်ဘေး ပြီးဆုံးသွားခြင်း

Vol. 119 Ch. 1806

ရှေးခေတ်အင်မော်တယ်၏ ကပ်ဘေး ပြီးဆုံးသွားခြင်း

Vol. 119 Ch. 1806

ဝမ်ကူးကုန်းမြေ၏ အလွန်၊ နယ်နိမိတ်စည်းပေါ်တွင်…

ရွှီချင်းသည် ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်နေရင်း ခုနစ်ရောင်ခြယ်မီးအိမ်ကို ဆုပ်ကိုင်ထားသည်။

သူ၏ အရှေ့တွင် အကန့်အသတ်မဲ့စွာ ကျယ်ပြောသော အာကာသဟင်းလင်းပြင်ရှိပြီး သူ၏ အနောက်တွင် ရှေးဦးအပျက်အစီး အိပ်စက်နေသော ဝမ်ကူးကုန်းမြေ ရှိသည်။

သူက နယ်ခြားမျဉ်းပေါ်မှာ မတ်တတ်ရပ်နေရင်း အရှေ့သို့ အေးစက်စက် စိုက်ကြည့်လိုက်ပြီး မီးအိမ်ကို မြင့်မြင့်မြှောက်လိုက်သည်။

“ အခုကစပြီး… ဝမ်ကူးကုန်းမြေပေါ်က မင်းတို့ရဲ့ လျှို့ဝှက်အစီအစဉ်တွေနဲ့ စစ်တုရင်အရုပ်တွေအားလုံး ထွက်သွားကြရမယ် ”

“ ကျန်နေခဲ့တဲ့ လူတွေကတော့… သူတို့ကို တစ်ယောက်ချင်းစီ ငါအမြစ်လှန်ပစ်မယ် ”

သူ၏ အသံက အပြင်ဘက်သို့ တအိအိလှိုင်းထသွားသည်။ ယင်းထဲမှာ သူ၏ နတ်ဘုရားခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေမှ နတ်ဘုရားအခွင့်အာဏာလည်း ပါဝင်နေသည်။ သူ၏ အသံက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ နိယာမများပေါ်သို့ တိုက်ရိုက် တံဆိပ်ရိုက်ခတ်သွားသည်။

သူ၏ အာဏာစက်ဥပဒေသစွမ်းအားကြောင့် သူ၏ အသံက ဒိုင်မန်းရှင်းများမှတဆင့် ဖြတ်သန်းသွားပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်သာမက အချိန်စီးကြောင်းအားလုံး၊ အပြိုင်စကြာဝဠာအားလုံးနှင့် သက်ရှိအားလုံး၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။

သူ၏ လက်ထဲမှ မီးအိမ်သည် သူ၏ ကြေညာမှုကို တုံ့ပြန်လိုက်သည့်အလား ပိုပြီးထွန်းလင်းတောက်ပလာသည်။

မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်း၍ ရွှီချင်းပေါ်သို့ စုပြုံကျရောက်လာကြသည်။ ထို့နောက် ၎င်းတို့၏ နတ်ဘုရားစိတ်အာရုံက ရွှီချင်း၏ လက်ထဲမှ ခုနစ်ရောင်ခြယ်မီးအိမ်ပေါ်သို့ ရွှေ့ပြောင်းသွားကြသည်။

အနီးကပ် သေချာစစ်ဆေးကြည့်မည်ဆိုလျှင်…

မီးအိမ်၏ ဘောင်ကို မီးဖုတ်ထားသော အထူးရွှံ့ဖြင့် ပြုလုပ်ထားပြီး ယင်း၏ မျက်နှာပြင်ပေါ်မှာ ရှုပ်ထွေးနက်နဲသော မှော်အစီအရင်များ ရှိသည်။ ဤအခိုက်အတန့်မှာ လျှို့ဝှက်ဆန်းကြယ်သော အလင်းက ထိုမှော်အစီအရင်များပေါ်မှာ လှည့်ပတ်စီးဆင်းနေသည်။

မီးအိမ်၏ အုပ်ဆောင်းကိုတော့ ခုနစ်ရောင်ခြယ်ပိုးမျှင်များဖြင့် ရက်လုပ်ထားပြီး ယင်းက အိမ်မက်ဆန်သော ရောင်ခြည်အလင်းများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ လောကတစ်သောင်း၏ အလင်းရောင်များက မီးအိမ်၏ အုပ်ဆောင်းပေါ်မှာ စုဝေးနေကြသည့်အလားပင်။

ယင်းသည် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ သူမထွက်လာခင် ဆရာသခင်ပိုင် သူ့အား ပေးခဲ့သော အင်မော်တယ်ဘုရင်အဆင့် ရတနာဖြစ်သည်။

သို့သော်လည်း ထိုရတနာ၏ အဓိကထူးခြားချက်က မီးအိမ်ထဲမှ မီးစာ ဖြစ်သည်။

မီးစာသည် နတ်ဘုရင်တစ်ပါး၏ မျက်လုံးဖြစ်သည်။

၎င်း၏ စွမ်းအားက အလွန်အံ့ဖွယ်ကောင်းသည်။ မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများက ၎င်းအား စူးစမ်းလေ့လာနေကြောင်း အာရုံခံမိသွားသောအခါ နတ်ဘုရင်မျက်လုံးက ရုတ်တရက် ဖွင့်လိုက်သည်။

နတ်ဘုရင်၏ နတ်ဘုရားအခွင့်အာဏာက တိတ်တဆိတ် ပျံ့နှံ့သွားသည်။

ဖရိုဖရဲတိုင်းတာမှု…

ဖရိုဖရဲတိုင်းတာမှုဆိုသည်မှာ အစီအစဉ်တကျရှိသော အရာအားလုံး ဖရိုဖရဲဖြစ်သွားခြင်း ဖြစ်သည်။ ယင်းက တည်ရှိမှုအားလုံး၏ မည်သည့်သဘာဝတရားကိုမဆို အတိုးအလျော့လုပ်နိုင်သော နတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။

ယခု နတ်ဘုရားအခွင့်အာဏာအစွမ်းက ပျံ့နှံ့သွားသည့်အခါ ၎င်းကို စူးစမ်းလေ့လာနေကြသော နတ်ဘုရားစိတ်အာရုံများ၏ (၉၉)ရာခိုင်နှုန်းက ချက်ချင်း ဖရိုဖရဲဖြစ်သွားပြီး လွင့်ပြယ်သွားသည်။ နာကျင်သော အော်ဟစ်ညည်းညူသံများက အာကာသဟင်းလင်းပြင်ထဲမှာ မသဲမကွဲ ပဲ့တင်ထပ်သွားသည်။

ရွှီချင်းသည် စိတ်ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အနောက်လှည့်လိုက်သည်။ သူက မီးအိမ်ကို ကိုင်ထားလျက် ဝမ်ကူးကုန်းမြေဆီသို့ ပြန်သွားသည်။

အဆုံးမဲ့အမှောင်ထုဖြင့် ဝန်းရံခံထားရသော ကြယ်တာရာကောင်းကင်ထဲတွင် မီးအိမ်မှ ထုတ်လွှတ်နေသော အလင်းရောင်အောက်၌ ရွှီချင်း၏ ပုံရိပ်သည် အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ အစွမ်းထက် တည်ရှိမှုအားလုံး၏ စိတ်အာရုံထဲတွင် ညကောင်းကင်ယံမှ လစန္ဒာအလား အောက်မေ့ရသည်။

သူက အမှောင်ထုထဲမှ တစ်ခုတည်းသော အလင်းရောင်ဖြစ်သည်။

ယင်းက အံ့ဩမင်သက်ဖွယ်ကောင်းသည်။

ထို့ကြောင့် ကြယ်တာရာစက်ဝန်း၏ မြောက်ဘက်အရပ်တွင် ရွှေရောင်မိခင်မြစ်က လှိုင်းတဝုန်းဝုန်းထသွားသည်။ မြစ်ထဲမှ မရေမတွက်နိုင်သော ဧရာမရွှေရောင်နတ်ဘုရားမျက်လုံးများက တစ်ပြိုင်နက် ပွင့်သွားကြသည်။ ဤအခိုက်အတန့်မှာ မျက်လုံးအားလုံးက ဝမ်ကူးကုန်းမြေ၏ ဦးတည်ရာမှ ရွှီချင်းထံသို့ အေးတိအေးစက် စိုက်ကြည့်နေကြသည်။

လှိုင်းတဝုန်းဝုန်းထနေစဉ် ရောင်စုံကြာပန်းများက မြစ်ရေမျက်နှာပြင်ပေါ်မှာ နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကြသည်။ ထို့နောက် ကြာပန်းများပေါ်မှ မရေမတွက်နိုင်သော ပုံရိပ်များက တည်ကြည်လေးနက်စွာ မတ်တတ်ရပ်လိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က မိခင်မြစ်ထံမှ နတ်ဘုရားအမိန့်တော်ကို စောင့်ဆိုင်းနေကြသည့်အလားပင်။

ကြာပန်းအများစုမှာ အရောင်ငါးရောင်သာရှိပြီး ခြောက်ရောင်ရှိသော ကြာပန်းများက ရှားပါးကြသည်။ သို့သော်လည်း ခုနစ်ရောင်ခြယ်ကြာပန်းများက ပိုပြီးရှားပါးကြသည်။ ရှစ်ရောင်ခြယ်ကြာပန်းများသည်တော့ စုစုပေါင်း လေးပွင့်တည်းသာ ရှိကြသည်။

ရှစ်ရောင်ခြယ်ကြာပန်းလေးပွင့်အနက် တစ်ပွင့်တွင် ဆန္ဒနတ်ဘုရားက ဖြည်းညင်းစွာ ခေါင်းမော့လိုက်လေရာ ရွှေရောင်အလင်းက ၎င်း၏ မျက်လုံးများထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

သို့တိုင် နောက်ဆုံးမှာတော့ ဤနေရာမှာ စုဝေးနေကြသော နတ်ဘုရားများ၏ မျှော်လင့်ထားမှုနှင့် ဆန့်ကျင်ဘက် မိခင်မြစ်သည် ၎င်း၏ ဧရာမမျက်လုံးများကို ဖြည်းညင်းစွာ ပြန်မှိတ်လိုက်သည်။

လှိုင်းတဝုန်းဝုန်းထနေသော ရွှေရောင်မြစ်က တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။ သို့သော်လည်း ဝမ်ကူးကုန်းမြေထဲမှာ ၎င်းစိုက်ပျိုးထားခဲ့သော လျှို့ဝှက်အစီအစဉ်များက ပကတိအတိုင်း ဆက်လက် ရှိနေဆဲပင်။

တူညီသော မြင်ကွင်းက ကြယ်တာရာစက်ဝန်း၏ အရှေ့အရပ်တွင်လည်း ဖြစ်ပေါ်လာသည်။

ကြယ်တာရာစက်ဝန်း၏ အရှေ့အရပ်တွင် မည်သည့်ကြယ်ဂြိုလ်မှ မရှိသလို မည်သည့်အလင်းရောင်မှလည်း မရှိပေ။ အမှောင်ထုအသူရာချောက်နက်တစ်ခုသာလျှင် တည်ရှိသည်။ ထိုနေရာမှာ မည်သည့်အသံမှ မတည်ရှိသလို မည်သည့်အရောင်မှလည်း မတည်ရှိပေ။

အဆုံးမဲ့သော ကျိန်စာများသာလျှင် ဤနေရာမှာ စုဝေးနေကြပြီး ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။

အသူရာချောက်နက်၏ အတွင်းပိုင်းထဲတွင် ကျိန်စာအားလုံး၏ ဇစ်မြစ်ဖြစ်သော ဧရာမသားရဲတစ်ကောင်က နှစ်ချိုက်စွာ အိမ်မောကျနေသည်။

၎င်းက မျက်လုံးမဖွင့်ပေ။ သို့သော်လည်း ၎င်း၏ ဘေးပတ်ဝန်းကျင်မှ ကျိန်စာများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ တောင်ဘက်အရပ်တွင် အနက်ရောင်မျှော်စင်ရှည်တစ်ခုက ထောင်မတ်နေသည်။ နတ်ဘုရားတီးတိုးရေရွတ်သံများက မျှော်စင်အတွင်းမှ ပဲ့တင်ထပ်နေသည်။ ယင်းက ဖော်မပြနိုင်အောင် နက်နဲသိမ်မွေ့ပြီး ထူးခြားအံ့ဖွယ်ကောင်းသည်။ ဤသည်မှာ မရေမတွက်နိုင်သော နတ်ဘုရားများက ဟင်းလင်းပြင်ထဲမှာ ဓမ္မတေးကို သံပြိုင်သီဆိုနေကြသည့်အလားပင်။

ကမ္မချည်မျှင်များသည် မျှော်စင်ထဲမှ ဆန့်တန်းနေကြပြီး ဝမ်ကူးကုန်းမြေနှင့် ချိတ်ဆက်ထားကြသည်။ ချည်မျှင်တစ်မျှင်စီက ဝမ်ကူးကုန်းမြေအပေါ် ခေတ်အဆက်ဆက် ၎င်းမျိုးစေ့ချထားခဲ့သော လျှို့ဝှက်အစီအစဉ်များကို ကိုယ်စားပြုသည်။

သို့သော်လည်း ယခုအခါ ထိုချည်မျှင်များက တုန်ယင်သွားကြပြီး တစ်မျှင်ပြီးတစ်မျှင် ပြတ်တောက်သွားကြသည်။

ချည်မျှင်တစ်မျှင် ပြတ်တောက်သွားသည့်အခါတိုင်း ဝေဝါးသော ပုံရိပ်များ ထွက်ပေါ်လာကြသည်။ ၎င်းတို့ထဲမှာ လူသားများ၊ မျိုးနွယ်ခြားများနှင့် ဓမ္မလက်နက်များပင် ပါဝင်ကြသည်။ ယခု အနက်ရောင်မျှော်စင်နှင့် ၎င်းတို့ကြားမှ ကမ္မဆက်သွယ်မှုများက အပြီးတိုင် ပြတ်တောက်သွားကြသည်။

မိခင်မြစ်၊ ဧရာမသားရဲ၏ ရွေးချယ်မှုနှင့် မတူညီစွာ အနက်ရောင်မျှော်စင်သည် ဝမ်ကူးကုန်းမြေမှ ၎င်း၏ လျှို့ဝှက်အစီအစဉ်အားလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။

ဝေဝါးနေသော ပုံရိပ်များစွာထဲတွင် ရွှီချင်း ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

ထိုသူက ရွှီချင်း၏ တတိယစီနီယာအကို ဖြစ်သည်။

အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲတွင် စုစုပေါင်း နတ်ဘုရင်လေးပါး တည်ရှိကြသည်။

ယခု မိခင်မြစ်၊ ဧရာမသားရဲနှင့် အနက်ရောင်မျှော်စင်က ၎င်းတို့၏ ရွေးချယ်မှုကို အသီးသီးပြုလုပ်လိုက်ကြသော်လည်း ကြယ်တာရာစက်ဝန်း၏ အနောက်အရပ်မှ ဈာပနအဆောင်ပုံရိပ်သည်တော့ လှုပ်ရှားမှုကင်းမဲ့စွာ တရားထိုင်နေဆဲပင်။

သို့တိုင် ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့အာကာသဟင်းလင်းပြင်ကို ကိုယ်စားပြုသော အဆောင်စာရွက်တစ်ခုထဲဝယ် မရေမတွက်နိုင်သော စက္ကူပုံရိပ်များက ချေမွဖျက်ဆီးခံထားရသော စက္ကူကြယ်ဂြိုလ်များထံမှ ထွက်လျှောက်လာကြသည်။ ထို့နောက် ၎င်းတို့အားလုံးက စကြာဝဠာတစ်ခုစီ၏ အလယ်ဗဟိုဆီသို့ စုဝေးသွားကြသည်။

“ ငါ့ရဲ့ လမ်းစဉ်က တခြားလူတွေနဲ့ ကွဲပြားတယ် ”

“ အနောက်ဆုတ်စရာ မလိုဘူး ”

စက္ကူချင်း ပွတ်တိုက်သံက စက္ကူလောကများထဲမှာ ပဲ့တင်ထပ်သွားသည်။

ထိုစဉ် ဝမ်ကူးကုန်းမြေထဲမှာ…

သေမျိုးများဖြစ်စေ သို့မဟုတ် ကျင့်ကြံသူများဖြစ်စေ သူတို့၏ နတ်ဘုရားစိတ်အာရုံက ကောင်းကင်ဘုံချိပ်တံဆိပ်ကို မထိုးဖောက်နိုင်ကြချေ။ သို့ဖြစ်၍ သူတို့က ကောင်းကင်ဘုံအလွန်မှ တိုက်ပွဲကို အာရုံမခံနိုင်ကြပေ။

သို့သော်လည်း နတ်ဘုရားများသည်တော့ ၎င်းတို့၏ တမူထူးခြားသော သဘာဝကြောင့် အရာအားလုံးကို အာရုံခံနိုင်ကြသည်။

ထို့ကြောင့် ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ နတ်ဘုရားအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။

၎င်းတို့က ၎င်းတို့၏ နတ်ဘုရားအရှိန်အဝါကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြသည်။ အစွမ်းထက်မျိုးနွယ်စုကြီးများ၏ ကိုးကွယ်ပူဇော်ခြင်းခံရသော နတ်ဘုရားများသည်ပင် ချွင်းချက်မဟုတ်ကြချေ။

ရွှီချင်း ထုတ်ဖော်ခဲ့သော စွမ်းအားက နတ်ဘုရားများကိုပင် တုန်လှုပ်ချောက်ချားသွားစေသည်။

“ ဝမ်ကူးကုန်းမြေရဲ့ စည်းမျဉ်းတွေက… ပြောင်းလဲတော့မယ် ”

နတ်ဘုရားများက တီးတိုးရေရွတ်လိုက်ကြစဉ်၊ အသင်္ချေမျိုးနွယ်စုများက နှလုံးတင်းကျပ်နေကြစဉ်၊ လူသားကျင့်ကြံသူများက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြစဉ်…

အားလှိုင်းဂယက်များက လူသားနန်းမြို့တော်၏ ကောင်းကင်ယံမှာ ပျံ့နှံ့သွားကြသည်။

ရောင်စုံအလင်းက ကောင်းကင်ဘုံအလွန်မှ ဆင်းသက်လာပြီး သက်ရှိအားလုံးပေါ်သို့ လွှမ်းခြုံသွားသည်။

ထိုအလင်းရောင်ကြားထဲ၌ ရွှီချင်း၏ ပုံရိပ်က အရှေ့သို့ ထွက်လျှောက်လာသည်။ သူက ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားပြီး ကောင်းကင်ဘုံချိပ်တံဆိပ်ကို ကျော်လွှားသွားကာ လူသားနန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

သူက နေရာမှာ မတ်တတ်ရပ်နေရင်း မြေပြင်ပေါ်မှ သူရင်းနှီးကျွမ်းဝင်သော မျက်နှာများကို ဝေ့ဝိုက်ကြည့်လိုက်ကာ နူးညံ့စွာ ပြောသည်။

“ ရှေးခေတ်အင်မော်တယ်ရဲ့ ကပ်ဘေးက… ပြီးဆုံးသွားပြီ ”

အကြွင်းမဲ့ တိတ်ဆိတ်ငြိမ်သက်မှု…

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထို့နောက် တစ်ခါမှမဖြစ်ပေါ်ဖူးသော ဆူပူအုံကြွမှုက ဖြစ်ပေါ်လာသည်။ ဝမ်းမြောက်ဝမ်းသာသော ချီးမြှောက်သံများက နေရာတိုင်းမှ ထွက်ပေါ်လာသည်။

သူတို့၏ နှလုံးသားထဲမှ မွန်းကြပ်မှုက ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုက အစားထိုး ထွက်ပေါ်လာသည်။ စိတ်ပျက်အားလျော့မှုက မျှော်လင့်ချက်အလင်းရောင်အဖြစ် ပြောင်းလဲသွားစဉ် လွှမ်းမိုးဖိနှိပ်မှုက ဖော်မပြနိုင်သော ဝမ်းသာမှုအဖြစ် ပြောင်းလဲသွားသည်။

ကျိုးကျန်းလီနှင့် တခြားလူများက ကြည်ညိုလေးစားသော အမူအရာဖြင့် အရင်ဆုံး ဒူးထောက်လိုက်ကြသည်။

ထို့နောက် ဧကရီအပါအဝင် လူသားအားလုံးနှင့် ဝမ်ကူးကုန်းမြေပေါ်မှ အသင်္ချေမျိုးနွယ်စုများက ကောင်းကင်ထံသို့ ဦးညွတ်အရိုအသေပေးလိုက်ကြသည်။

သတ္တမသခင်ကြီးက ကောင်းကင်ပေါ်မှ ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော ဂုဏ်ယူဝမ်းမြောက်မှုနှင့် အဆုံးမဲ့သော စိတ်ခံစားချက်များက အထင်အရှား ထွက်ပေါ်လာကြသည်။ သူ့တပည့်၏ အနာဂတ်လမ်းကြောင်းက သူစိတ်ကူးမယဉ်နိုင်သည်အထိ အံ့ဖွယ်ကောင်းလိမ့်မည်ဟု သူသိလိုက်သည်။

ထိုအတွေးက သူ့အား ဂုဏ်ယူဝင့်ကြွားစေသလို နှလုံးနာကျင်စေသည်။

သူက လက်မြှောက်လိုက်ပြီး အားညို၏ ဇတ်ပိုးကို ရိုက်လိုက်သည်။

“ ဘာမှသောက်သုံးမကျဘူး… မင်းလုပ်တတ်တာဆိုလို့ စားတာပဲ ရှိတယ်… ဒီလောက် အချိန်တွေကြာသွားတာတောင် မင်းက ဘာမှမဖြစ်ထွန်းလာဘူး ”

အားညိုက ဇတ်ပုဝင်သွားပြီး ခံပြင်းဒေါသထွက်သွားသည်။

ရွှီချင်းက ထိုအဖြစ်အပျက်ကို မြင်သွားသော်လည်း သူ၏ နတ်ဘုရားစိတ်အာရုံက ဝမ်ကူးကုန်းမြေတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးပြီ ဖြစ်သည်။

သူက ဖုန်းဟိုင်ဒေသငယ်ကို ကြည့်လိုက်ပြီး သူ၏ မိတ်ဆွေဟောင်းများကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ကျစ်ရွှမ်း ဖြည်းညင်းစွာ မျက်လုံးပွင့်သွားသော ဖီးနစ်နန်းဆောင်ဆီသို့ ကျရောက်သွားသည်။

ထို့နောက် သူက ယင်ဟွမ်ပြည်နယ်ကို ကြည့်လိုက်သည်။ ထိုမှတဖန် သူက လပူဇော်ဒေသကြီးဆီသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။

ဘဝကံကြမ္မာဆိုးတောင်တန်းပေါ်မှ ဆေးဆိုင်ရှေ့တွင် မတ်တတ်ရပ်နေကြသော အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို သူမြင်သွားသည်။ သူ၏ အကြည့်က လင်းအာပေါ်မှာ ရစ်ဝဲသွားသည်။

သူတို့အားလုံးကို တိတ်တဆိတ် သူကြည့်ပြီးနောက် အပြင်ပိုင်းပင်လယ်ဆီသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။

ထိုနေရာတွင် အထီးကျန်လှေငယ်လေးတစ်စင်း လွင့်မျောနေသည်။

လှေပေါ်တွင် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အားလှိုင်းအတတ်အကျများက စတင်ပေါ်လျှိုးနေသည်။ ဤသည်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါး ပေါ်ထွန်းလာရန် သိပ်မလိုတော့သည့်အလားပင်။

ယုလျှိုချန်း၏ ပုံပြင်ထဲမှ တစ်စိတ်တစ်ပိုင်းက အောင်မြင်သွားခဲ့သည်။

အစက သူသည် နတ်ဘုရားယဇ်ပလ္လင်၏ အထွတ်အထိပ်မှာ ဖြစ်သည်။ ယခု သူက အဆင့်တတ်လှမ်းရန်အတွက် လိုအပ်သော ရိုးရာဓလေ့အားလုံးနီးပါးကို အောင်မြင်စွာ ဆောင်ရွက်ပြီးပြီ ဖြစ်သည်။

သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်ဆီသို့ စတင်ခြေချနေပြီ ဖြစ်သည်။

နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြည့်က…

တစ်နှစ်ပတ်လုံး မြူဖုံးလွှမ်းနေသော ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ ကျရောက်သွားသည်။

ထိုဒေသကြီးထဲမှာ လျှို့ဝှက်ဆန်းကြယ်သော တိုင်းပြည်တစ်ခု တည်ရှိသည်။

ယင်းက ရှေးခေတ်မှ ပြန်ရှင်သန်လာသော တိုင်းပြည် ဖြစ်သည်။ ထိုတိုင်းပြည်မှ ပြည်သူပြည်သားများသည်လည်း ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းမှ ပြန်ရောက်လာကြသည်။

ယင်း၏ နာမည်က ကျစ်လွီဆဲ့တိုင်းပြည် ဖြစ်သည်။

ကျစ်လွီဆဲ့တိုင်းပြည်၏ နန်းတော်အရှေ့ဝယ် ဧရာမရုပ်တုတစ်ခုက ထောင်မတ်နေသည်။

၎င်းက ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တု ဖြစ်သည်။

ရုပ်တု၏ အနောက်မှ နန်းတော်ထဲတွင် ခမ်းနားထည်ဝါသော ခန်းမတစ်ခု တည်ရှိသည်။ ခန်းမထဲမှ ရာဇပလ္လင်ပေါ်ဝယ်…

တော်ဝင်ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက လက်တစ်ဖက်ဖြင့် မေးထောက်ထားလျက် အိပ်စက်နေသည်။

သူ၏ မျက်နှာအသွင်သဏ္ဍာန်က ရွှီချင်းနှင့် အတော်လေး ဆင်တူသော်လည်း သူ့ဆီမှာ ချောက်ချားဖွယ်ကောင်းသော ကိုယ်ပိုင်အရှိန်အဝါ ရှိသည်။

ရွှီချင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်သွားသည့်အခိုက် ရာဇပလ္လင်ပေါ်မှ ပုံရိပ်က ခပ်ရေးရေး ပြုံးလိုက်သည်။

သူက ဖြည်းညင်းစွာ လက်မြှောက်လိုက်ပြီး ပျင်းရိလေးဖင့်စွာ အကြောအခြင်ဆန့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ရွှီချင်းကို ကြည့်လိုက်သည်။

သူက နူးညံ့စွာ ရယ်လိုက်သည်။

“ ညီလေး… နောက်ဆုံးတော့ မင်းက ဒီအခြေအနေထိတောင် အရွယ်ရောက်လာပြီပဲ ”

“ အကိုကြီးက… အဲ့ဒီနေ့အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တာ ”

“ မင်းရောက်လာမှာကို အကိုကြီးစောင့်နေမယ် ”

All Chapters