← Chapters

ကောင်းကင်ဘုံတာအိုများကို ပြန်လည်ဖွဲ့စည်းခြင်း

Vol. 119 Ch. 1809

ကောင်းကင်ဘုံတာအိုများကို ပြန်လည်ဖွဲ့စည်းခြင်း

Vol. 119 Ch. 1809

တစ်ချိန်က မည်းမှောင်နေခဲ့သော ဝိညာဉ်ချောက်နက်က ယခု ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ထွန်းလင်းတောက်ပသော ရွှေရောင်လောကတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်ထွန်းလင်းမှုအောက်မှာ နတ်ဘုရင်၏ မျက်လုံးထံမှ နတ်ဘုရားအခွင့်အာဏာအစွမ်းက ဒီရေလှိုင်းများသဖွယ် ပေါ်လျှိုးထွက်လာသည်။

ဒီရေလှိုင်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ရွှေရောင်အလင်းအောက်တွင် အရည်ပျော်သွားကြသည်။

ယင်းက ပုပ်သိုးဆွေးမြေ့ခြင်းမဟုတ်သလို ရွှီချင်း၏ အာဏာစက်ဥပဒေသကဲ့သို့ ပြန်လည်ခွဲထုတ်ခြင်းလည်း မဟုတ်ပေ။ ယင်းက တဖြည်းဖြည်း လျော့ချသွားသော လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော နတ်ဘုရားအခွင့်အာဏာမှလွဲလျှင် တခြားမည်သည့်အရာကမှ ထိုလျော့ချမှုကို ပြန်မပြောင်းလဲနိုင်ပေ။

အရာအားလုံးက ကပြောင်းကပြန်ဖြစ်သွားသည်။ ဟင်းလင်းပြင်ထဲမှ အရာအားလုံး၊ အသက်ဓာတ်ဖြစ်စေ၊ စွမ်းအင်ဖြစ်စေ၊ ပုံရိပ်ယောင်များဖြစ်စေ၊ အရာဝတ္ထုများဖြစ်စေ သို့မဟုတ် အချိန်နှင့် လေဟာနယ်ဖြစ်စေ ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက လျော့ချခံလိုက်ရပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြသည်။

ထို့ကြောင့် ရွှေရောင်မြေပုတ်သင်သည် နတ်ဘုရင်အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း ၎င်းနှင့်အဆင့်တူညီသော နတ်ဘုရားအခွင့်အာဏာ၏ သက်ရောက်မှုအောက်မှာ အချိန်ကြာကြာ မတောင့်ခံနိုင်ပေ။ အထူးသဖြင့် ဤနတ်ဘုရားမျက်လုံးက ဆရာသခင်ပိုင်၏ သန့်စင်ခြင်းကိုလည်း ခံထားရသေးသည်။

သို့ဖြစ်၍ ဤမီးအိမ်သည် လက်ရှိ ရွှီချင်းပိုင်ဆိုင်ထားသော ဓမ္မရတနာများအနက် အစွမ်းထက်ဆုံး ဓမ္မရတနာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှေရောင်အလင်းဖြင့် ထိတွေ့သွားသော အရာအားလုံးက ဗလာနတ္ထိအဖြစ် လျော့ချခံလိုက်ရသည်။ ထိုဗလာနတ္ထိထဲမှာ ရွှေရောင်မြေပုတ်သင်သည်သာ ဆက်ပြီး ကျန်ရှိနေသည်။ သို့တိုင် ၎င်း၏ ခန္ဓာကိုယ်က အလွှာအထပ်ထပ် ဖယ်ရှားခံနေရသည့်အလား မထင်မရှားဖြစ်နေသည်။ ၎င်း၏ နတ်ဘုရားစိတ်အာရုံက ဗလာနတ္ထိအဖြစ် ပြောင်းလဲနေသည်။

နောက်ဆုံးမှာတော့ ၎င်းက အကြွင်းမဲ့ မပျောက်ကွယ်သွားမီ ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

၎င်း၏ အေးတိအေးစက် အသံက ဗလာနတ္ထိထဲမှာ ပဲ့တင်ထပ်သွားသည်။

“ တစ်နေ့နေ့တော့ ဒီနေရာကနေ မင်းထွက်လာဦးမှာပါ ”

ထိုသို့ပြောပြီးနောက် ရွှေရောင်မြေပုတ်သင်က မျက်လုံးမှိတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းအောက်မှာ အရည်ပျော်သွားပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

၎င်းက ဖယ်ရှားခံလိုက်ရသည်။

၎င်း၏ နောက်ဆုံးစကားသံသည်သာ ဗလာနတ္ထိထဲမှာ ဆက်လက် ပဲ့တင်ထပ်နေပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ရွှီချင်းက ထိုအသံကို နားထောင်နေစဉ် သူ၏ အကြည့်က အေးစက်သွားသည်။ ယင်းက ရန်ငြိုးရန်စတစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း သူနားလည်လိုက်သည်။

တကယ်တော့ သူ့ဆီမှာ အင်မော်တယ်ဘုရင်အဆင့် မီးအိမ်ရှိနေလျှင်ပင် အစစ်အမှန်နတ်ဘုရင်တစ်ပါးကို သူမယှဉ်နိုင်ကြောင်း ရွှီချင်း ကောင်း‌မွန်စွာ သိသည်။ သူတို့ကြားမှ စွမ်းအားကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလှသည်။

သို့သော်လည်း သူတို့ကြားမှာ စစ်မှန်သောတိုက်ပွဲ မရှိလာနိုင်ပေ။

အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရင်လေးပါးသည် သူ၏ နယ်နိမိတ်စည်းကို မဖြတ်ကျော်ဝံ့ကြချေ။ အဘယ့်ကြောင့်ဆိုသော် ရှေးဦးအပျက်အစီးက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ဆက်ပြီး တည်ရှိနေသောကြောင့် ဖြစ်သည်။

၎င်းတို့က ဤနေရာသို့ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် မဆင်းသက်လာဝံ့သလို ၎င်းတို့၏ ကိုယ်ပွားများကိုပင် မစေလွှတ်ဝံ့ကြချေ။ ၎င်းတို့က အများဆုံးအနေဖြင့် နတ်ဘုရားစိတ်အာရုံများ သို့မဟုတ် စစ်တုရင်အရုပ်များကိုသာ စေလွှတ်နိုင်ကြသည်။

မီးအိမ်ကို ပိုင်ဆိုင်ထားသော ရွှီချင်းအတွက်တော့ ၎င်းတို့ကို ဖယ်ရှားခြင်းက ခက်ခဲသောအရာ မဟုတ်ပေ။

သို့ဖြစ်၍ နတ်ဘုရင်လေးပါးသည် ရွှီချင်း၏ လုပ်ဆောင်မှုများကို ရပ်ကြည့်နေရုံသာ တတ်စွမ်းကြသည်။

သို့သော်လည်း ရွှေရောင်မြေပုတ်သင် နောက်ဆုံးပြောသွားခဲ့သော စကားက အခြေအမြစ်မရှိသောအရာ မဟုတ်ပေ။ ရွှီချင်းက ဝမ်ကူးကုန်းမြေမှ မည်သည့်အခါမှ မထွက်ခွာဘူးဆိုလျှင် ကိစ္စမရှိပေ။ သို့သော်လည်း အပြင်သို့ သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က သူ့ကို ပြဿနာလာရှာကြလိမ့်မည်။

သူ့မှာ ရှေးဦးအပျက်အစီးနှင့် နက်ရှိုင်းသော ကမ္မဆက်နွယ်မှုရှိပြီး အတိတ်မှာ သူက ရှေးဦးအပျက်အစီးကို အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ပင် ဆင့်ခေါ်နိုင်ခဲ့သည်။ ထို့ကြောင့် နတ်ဘုရင်လေးပါးက သူ့ဆီသို့ ကိုယ်တိုင်မရောက်လာနိုင်ကြသော်လည်း ၎င်းတို့၏ လက်အောက်မှ နတ်ဘုရားအရှင်သခင်များ၏ စုပေါင်းတိုက်ခိုက်မှုက သူ့အား ဒုက္ခပေးနိုင်သည်။

“ ဝမ်ကူးကုန်းမြေကနေ ထွက်ခွာဖို့က… ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက မီးအိမ်ကို ဖြည်းညင်းစွာ အောက်ချလိုက်သည်။

၎င်း၏ နတ်ဘုရားစွမ်းအားက ပြန်ရုပ်သိမ်းသွားသည်နှင့် သူ၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်သွားသည်။ နာကျင်ရှုံ့မဲ့သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အင်မော်တယ်ဘုရင်အဆင့် ဓမ္မရတနာကို အသုံးပြုခြင်းသည် လွယ်ကူသောအရာ မဟုတ်ပေ။ ထိုအတွက် သူက ကြီးမားသော ပေးဆပ်မှုတစ်ခုကို ပြုလုပ်ရသည်။ သူ၏ လက်ရှိ အင်မော်တယ်နတ်ဘုရားအသွင်သဏ္ဍာန်ဖြင့်ပင် ယင်းကို ထပ်ခါတလဲလဲ သူအသုံးမပြုနိုင်ပေ။ သို့မဟုတ်လျှင် သူက ကြီးမားသော တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည်။

ဤတစ်ကြိမ်တွင် သူက မီးအိမ်ထဲမှ နတ်ဘုရားမျက်လုံး၏ နတ်ဘုရားအခွင့်အာဏာကို မဖြစ်မနေ အသက်သွင်းခဲ့ရသည်။ ထို့ကြောင့် သူ၏ စွမ်းအင်ကုန်ဆုံးမှုက အလွန်ကြီးမားသည်။

ထို့ကြောင့် ရွှေရောင်မြေပုတ်သင် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်းက သူ၏ စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ မီးအိမ်ထဲမှ မျက်လုံးက ပြန်မှိတ်သွားသည်။

ဝိညာဉ်ချောက်နက်ထဲမှ ရွှေရောင်အလင်းက လုံးဝ ပျောက်ကွယ်သွားသည်။

ဟင်းလင်းပြင်က အမှောင်ထုအဖြစ် ပြန်ပြောင်းလဲသွားသည်။

သို့သော်လည်း ယခုအချိန်မှစ၍ ထိုအမှောင်ထုက အကြွင်းမဲ့ဗလာနတ္ထိ ဖြစ်သွားလိမ့်မည်။

ယင်းက ထာဝရဖြစ်သည်။

တစ်နည်းဆိုရသော် ဝိညာဉ်ချောက်နက်က ဆက်ပြီး မတည်ရှိတော့ပေ။

ဗလာနတ္ထိထဲတွင် ပုပ်သိုးဆွေးမြေ့နေသော ဧရာမမြွေသည်သာ အပြင်းအထန် တုန်လှုပ်နေသည်။

အစောနက ရွှီချင်းသည် သူထုတ်လွှတ်ခဲ့သော ရွှေရောင်အလင်းအပေါ် ဂရုတစိုက် ထိန်းချုပ်ခဲ့သည်။ သို့ဖြစ်၍ ဧရာမမြွေနှင့် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးများက ရွှေရောင်အလင်း၏ ဖုံးလွှမ်းမှုအောက်မှ လွတ်မြောက်သွားခဲ့ကြသည်။

ကျိုးကျန်းလီနှင့် တခြားလူများသည် ဧရာမမြွေ၏ ဦးခေါင်းပေါ်မှ မဟာလောကထဲမှ ထွက်လာကြပြီး ရွှီချင်း၏ အနောက်မှာ ရပ်လိုက်ကြသည်။ အပြင်ဘက်မှ အဖြစ်အပျက်များကို အာရုံခံမိပြီးနောက် ယခု သူတို့၏ အကြည့်ထဲမှာ ပိုပြီးနက်ရှိုင်းသော ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်သွားသည်။

ကြယ်တာရာစက်ဝန်းသည်ပင် တိတ်တဆိတ် အသိအမှတ်ပြုလိုက်သည့်သဘောဖြင့် ခေါင်းငုံ့ထားသည်။

သူတို့က ကြည်ညိုလေးစားနေကြစဉ် ရှေးဟောင်းဝိညာဉ်အင်ပါယာက အပြင်းအထန် တုန်ယင်နေသည်။ ဝိညာဉ်ချောက်နက်က ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ မှတ်ဉာဏ်များထဲမှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုက ဖယ်ရှားခံလိုက်ရကြောင်း ၎င်းမြင်တွေ့ခဲ့သည်။

သို့ဖြစ်၍ ယခု ၎င်း၏ မျက်လုံးတစ်လုံးစီမှာ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုက အထင်အရှား ထွက်ပေါ်နေသည်။

ဧရာမမြွေ၏ တုန်ယင်မှုနှင့် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ကြောက်လန့်မှုကို အာရုံခံမိသွားသောအခါ ရွှီချင်းက ခေါင်းခါလိုက်သည်။

“ တစ်ချိန်က ဝမ်ကူးကုန်းမြေကို တစ်စုတစ်စုတည်း ပေါင်းစည်းနိုင်ခဲ့တဲ့ ရှေးဟောင်းဝိညာဉ်အင်ပါယာက တမူထူးခြားတဲ့ စိတ်ဆုံးဖြတ်မှုကို ပိုင်ဆိုင်ထားသင့်တယ်… တကယ်ပဲ သူက အဲ့ဒီလိုလူပါ ”

“ ဒါပေမဲ့ သူက အဆင့်တတ်လှမ်းတာ ကျရှုံးသွားပြီးနောက် တကယ်ပဲ သေဆုံးသွားခဲ့တယ်… အခု မင်းက… သူ့ရဲ့ လိုချင်တပ်မက်မှုကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒတစ်ခုထက် မပိုဘူး… မင်းက နတ်ဘုရင်ရဲ့ အထောက်အပံ့ကြောင့်သာ အသက်ပြန်ရှင်လာတာ ”

“ ဘာပဲပြောပြော မင်းက ရှေးခေတ်တုန်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ မဟုတ်တော့ဘူး ”

ရွှီချင်း၏ အသံက တည်ငြိမ်သည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြသည်။ ထို့နောက် ၎င်းတို့က ခါးသီးမှုနှင့်အတူ မျက်လုံးမှိတ်လိုက်ကြသည်။ ခုခံခြင်းက အသုံးမဝင်ကြောင်း ၎င်းသိသည်။

ထို့ပြင် ရွှီချင်း၏ စကားများထဲမှာ ၎င်းတစ်ချိန်လုံး ငြင်းဆန်နေခဲ့သော အမှန်တရားတစ်ခု ပါဝင်နေသည်။

၎င်းက ရှေးခေတ်ဒဏ္ဍာရီများထဲမှ ရှေးဘုရင်တစ်ပါး မဟုတ်တော့ပေ။ ၎င်းက ဤဝိညာဉ်ချောက်နက်ထဲမှာ တွယ်ကပ်နေသော မကျေမချမ်းစိတ်ဆန္ဒတစ်ခုမျှသာ ဖြစ်သည်။ နတ်ဘုရင်ကြောင့် ၎င်းက အသက်ပြန်ရှင်လာသော်လည်း ၎င်းက အတိတ်မှ ရှေးဟောင်းဝိညာဉ်အင်ပါယာ မဟုတ်တော့ပေ။

“ ဒါပေမဲ့… မင်းက ရှေးဟောင်းအဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး ဝမ်ကူးကုန်းမြေနဲ့ နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိတယ်… ဒါ့အပြင် မင်းရဲ့ မူလခန္ဓာကိုယ်က အင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်… ”

ရွှီချင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည့်အခါ သူ၏ အကြည့်က နက်ရှိုင်းလာသည်။

“ မင်းက ကောင်းကင်ဘုံတာအိုကို ပိုင်ဆိုင်ချင်တဲ့ ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ လိုချင်တပ်မက်မှုကနေ ပြန်ရှင်သန်လာတာဆိုတော့… ”

“ ဒီနေ့… ငါမင်းကို ကောင်းကင်ဘုံတာအိုအဖြစ် ချီးမြှောက်ပေးမယ် ”

ရွှီချင်းသည် စကားဆုံးသွားသည်နှင့် လက်ဆန့်ထုတ်လိုက်ပြီး ဧရာမအသားဘောလုံးနှင့် ဧရာမမြွေအလောင်းကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်းနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ပြန်ပေါ်လာသည်။

သူ၏ ကြေညာချက်က ဧရာမအသားဘောလုံးထဲမှ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးများကို မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားစေသည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

“ ဝမ်ကူးကုန်းမြေက ကျင့်ကြံသူတွေအတွက်တော့… ဝိညာဉ်စုစည်းခြင်းအဆင့်က လမ်းအဆုံး ဖြစ်တယ်… နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့် လမ်းကြောင်းက ဖြတ်တောက်ခံထားရတယ်… ဧကရာဇ်သွေးမျိုးဆက်နဲ့ ထူးခြားတဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတဲ့ လူတွေပဲ အုပ်ချုပ်သူအဆင့်ကို တတ်လှမ်းနိုင်ကြတယ်… ”

“ ဘာလို့ အဲ့ဒီလိုဖြစ်ရတာလဲဆိုတော့ ရှေးဦးအပျက်အစီးက ဝမ်ကူးကုန်းမြေဆီ ရောက်လာတဲ့အခါမှာ ကောင်းကင်ဘုံတာအိုအများကြီးကို ဝါးမျိုခဲ့လို့ပဲ… ကောင်းကင်ဘုံတာအိုတွေ မပြည့်စုံတာက ကျင့်ကြံခြင်းလမ်းစဉ်ကို ပြတ်တောက်စေခဲ့တယ် ”

ရွှီချင်းက စကားပြောလိုက်သည့်အခါ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

" ကောင်းကင်ဘုံတာအို "

ထိုစကားက သူ၏ နှုတ်မှ ထွက်သွားသည့်အခိုက် ကောင်းကင်ဘုံအမိန့်တော်များထက် ကျော်လွန်သွားပြီး ကောင်းကင်ဘုံအသံများထက် သာလွန်သွားသည်။ ယင်းက စက္ကန့်ပိုင်းလေးအတွင်းမှာ ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

မိုးခြိမ်းသံများက လောကတစ်ခွင် ပဲ့တင်ထပ်နေစဉ် မရေမတွက်နိုင်သော အံ့ဖွယ်ပုံရိပ်များက ရွှီချင်း၏ ဦးခေါင်းပေါ်မှ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

တချို့က လူသားများဖြစ်ကြပြီး တချို့က မျိုးနွယ်ခြားများ ဖြစ်ကြသည်။

၎င်းတို့က ဝမ်ကူးကုန်းမြေ၏ အကြွင်းအကျန်ကောင်းကင်ဘုံတာအိုများ ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့၏ အသွင်သဏ္ဍာန်က ဝေဝါးနေပြီး ၎င်းတို့၏ အရှိန်အဝါက မှေးမှိန်နေသည်။

“ ဒီနေ့… ရှေးဟောင်းဝိညာဉ်အင်ပါယာကို ငါချိပ်ပိတ်မယ်… မျက်လုံးတစ်လုံးက တာအိုတစ်ခု ဖြစ်လာမယ်… မျက်လုံး(၉၉)လုံးက ဝမ်ကူးကုန်းမြေအတွက် ကောင်းကင်ဘုံတာအို(၉၉)ခုကို ဖွဲ့စည်းပေးလိမ့်မယ် ”

ရွှီချင်း၏ အသံက အင်ပါယာအမိန့်စွမ်းအားကို သယ်ဆောင်ထားဟန် ရ၏။ သို့ဖြစ်၍ သူစကားပြောလိုက်သည်နှင့်ချက်ချင်း ကောင်းကင်ဘုံက တုန်လှုပ်သွားပြီး ဝမ်ကူးကုန်းမြေ၏ ကံကြမ္မာက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ကောင်းချီးမင်္ဂလာပုံရိပ်များက နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။

အကြွင်းအကျန်ကောင်းကင်ဘုံတာအိုများက ဦးညွတ်လိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။ ၎င်းတို့က ၎င်းတို့၏ ရာထူးကို အပြီးတိုင် စွန့်လွှတ်လိုက်ကြသည်။

ရွှီချင်း၏ အကြည့်က ရှေးဟောင်းဝိညာဉ်အင်ပါယာထံသို့ ရွှေ့ပြောင်းသွားသည်။

၎င်း၏ မျက်လုံးတစ်လုံးစီက ကျေးဇူးတင်သော အရိပ်အမြွက်ဖြင့် မီးဟုန်းဟုန်းတောက်နေကြသည်။

“ ကျေးဇူးကြီးလှပါတယ်… ဝမ်ကူးအရှင်သခင် ”

ထိုသို့ပြောပြီးနောက် ၎င်းက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ဧရာမမြွေအလောင်းနှင့် ပြန်ပေါင်းစပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမမြွေအလောင်းက အပိုင်း(၉၉)ပိုင်း ကွဲထွက်သွားပြီး အပိုင်းတစ်ပိုင်းစီက မျက်လုံးအသစ်တစ်လုံးကို မွေးဖွားပေးလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ မျက်လုံး(၉၉)လုံးက တစ်ပြိုင်နက်တည်း ပွင့်သွားကြသည်။

ထို့နောက် ၎င်းတို့အားလုံးက မိုးကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

မျက်လုံးတစ်လုံးစီက တာအိုတစ်ခုဖြစ်လာကြသည်။ သို့ဖြစ်၍ မိုးကောင်းကင်ပေါ်တွင် ကောင်းကင်ဘုံတာအို(၉၉)ခုက စုဝေးသွားကြသည်။

ဝမ်ကူးကုန်းမြေတစ်ခုလုံးက ပရမ်းပတာ တုန်ယင်သွားသည်။

ဉာဏ်အလင်းရသော စိတ်ခံစားမှုက ဝိညာဉ်စုစည်းခြင်းအဆင့်မှာ နှစ်ပေါင်းများစွာ ရပ်တန့်နေကြသော ကျင့်ကြံသူများ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာသည်။ အုပ်ချုပ်သူအဆင့်ဆီသို့ တတ်လှမ်းနိုင်မည့် နားလည်သဘောပေါက်မှုက သူတို့၏ အသိစိတ်ထဲမှာ ပေါ်လျှိုးလာသည်။

ယင်းက ဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူများကို ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားသွားစေသည်။

ထိုဉာဏ်အလင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အဆင့်အတန်း၊ ၎င်းနှင့် ဝမ်ကူးကုန်းမြေကြားမှ ဆက်သွယ်မှုနှင့် ၎င်း၏ ရှေးခေတ်ကျင့်ကြံခြင်းစွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်သည်။

၎င်း၏ တည်ရှိမှုက ရှေးခေတ်ကာလနှင့် မျက်မှောက်ကာလကို ဆက်သွယ်ပေးမည့် တံတားတစ်စင်း ဖြစ်လာသည်။ သို့ဖြစ်၍ အတိတ်မှာ ဖြတ်တောက်ခံလိုက်ရသော ကျင့်ကြံခြင်းလမ်းစဉ်က ယခု ပြန်ကောင်းမွန်လာသည်။

“ ကောင်းကင်ဘုံတာအိုတွေက အရေအတွက်တစ်ရာပြည့်မှ ပြီးပြည့်စုံတာ ”

ရွှီချင်းသည် မိုးကောင်းကင်ပေါ်မှ ရှေးဟောင်းဝိညာဉ်အင်ပါယာကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ဖုန်းဟိုင်ဒေသငယ်နားမှ ကုန်းမြေတစ်ခုပေါ်သို့ ကျရောက်သွားသည်။

ကုန်းမြေပေါ်တွင် သေမျိုးများ၏ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော ဧရာမကလေးငယ်တစ်ယောက် ရှိသည်။ ယခု ထိုကလေးငယ်က ရွှီချင်းကို ကြောင်တောင်တောင် ပြုံးပြနေသည်။

သို့တိုင် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ဆိုးဝါးပြင်းထန်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ၎င်းက ရှေးခေတ်အင်မော်တယ်၏ ဆင်းသက်လာမှုတွင် ကြီးကြီးမားမား ဒဏ်ရာရရှိသွားခဲ့ကြောင်း ထင်ရှားသည်။

ကလေးငယ်ကို မြင်သွားသောအခါ ရွှီချင်း၏ အကြည့်က သိမ်မွေ့သွားသည်။

“ အကြွင်းအကျန်ကောင်းကင်ဘုံတာအိုတွေ… မင်းတို့ရဲ့ ဌာနေကို ပြန်ကြမယ် ”

သူ၏ စိတ်ဆန္ဒကို သယ်ဆောင်ထားသော ထိုစကားက ကောင်းကင်ဘုံတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ထိုအခါ ရာထူးစွန့်လွှတ်ခဲ့ကြသော အကြွင်းအကျန်ကောင်းကင်ဘုံတာအိုများက ကလေးငယ်ဆီသို့ ကြယ်ဥက္ကာပျံများသဖွယ် ပျံသန်းသွားကြသည်။

ကောင်းကင်ဘုံတာအိုတစ်ခုပြီးတစ်ခုက ကလေးငယ်နှင့် ပေါင်းစပ်သွားကြသည်။

ထိုအခါ ကလေးငယ်၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ၎င်း၏ ဒဏ်ရာများက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။

နောက်ဆုံးမှာတော့ ၎င်း၏ ခန္ဓာကိုယ်က ထွန်းလင်းတောက်ပသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်း၏ မျက်စိအောက်မှာတင် မြန်ဆန်စွာ ကြီးထွားလာသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ ၎င်းက ခုနစ်နှစ်အရွယ်သို့ ရောက်ရှိသွားသည်။

၎င်း၏ မျက်နှာက ပြည့်ဝန်းသော ဖိုးလမင်းနှင့် ဆင်တူပြီး ၎င်း၏ အသားအရေက နှင်းထက်ပင် ပိုပြီးဖြူဖွေးသည်။

၎င်း၏ မျက်လုံးများက နွေဦးစမ်းရေသဖွယ် ကြည်လင်ပြီး အောက်ခြေမဲ့သော ရေကန်သဖွယ် အလွန်နက်ရှိုင်းသည်။ ၎င်း၏ မျက်လုံးများက ကြယ်ကလေးများသဖွယ် တလက်လက်တောက်ပနေပြီး အပြစ်ကင်းစင်မှုကို ဖော်ပြနေသည်။

၎င်းကို မြင်လိုက်ရသူတိုင်းက ဝမ်းသာပျော်ရွှင်မှုကို အလိုအလျောက် ခံစားကြရလိမ့်မည်။ ဤသည်မှာ ၎င်းက ကောင်းချီးမင်္ဂလာကို ပိုင်ဆိုင်ထားသည့်အလားပင်။

ဤအခိုက်အတန့်မှာ ကလေးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ၎င်း၏ သေးသွယ်သော လက်နှစ်ဖက်ဖြင့် ရွှီချင်းကို တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ ဒီကလေးက ပထမအဖေကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းက နူးညံ့စွာ ပြုံးလိုက်သည်။

“ မင်းက သဏ္ဍာန်မဲ့တည်ရှိမှုဖြစ်ပေမဲ့ ကောင်းကင်ဘုံတာအိုအဖြစ် မွေးဖွားလာဖို့ အခွင့်အရေးရရှိခဲ့တယ်… မင်းက ရှေးဟောင်းအဆင့်အတန်းကိုလည်း ပိုင်ဆိုင်ထားတယ် ”

“ ဒီနေ့… ငါမင်းကို ဝမ်ကူးကုန်းမြေရဲ့ ပထမကောင်းကင်ဘုံတာအိုလို့ နာမည်ပေးလိုက်မယ် ”

“ ရှေးဟောင်းဝိညာဉ်ရဲ့ ကောင်းကင်ဘုံတာအို(၉၉)ခုကို အမိန့်ပေးပါ ”

“ အခုကစပြီး… ဝမ်ကူးကုန်းမြေကို ကာကွယ်စောင့်ရှောက်ပါ ”

ဝမ်ကူးကုန်းမြေ၏ ကံကြမ္မာမှ ထောက်ပံ့ပေးမှုအောက်မှာ ရွှီချင်း၏ အသံက သူ့အာဏာစက်ဥပဒေသ၏ အခွင့်အာဏာနှင့် ပေါင်းစပ်သွားပြီး သက်ရှိအားလုံး၏ နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားသည်။ သူ၏ စကားက ကောင်းကင်ဘုံအမိန့်တော်အဖြစ် ပြဌာန်းခံလိုက်ရသည်။

ကောင်းချီးမင်္ဂလာအလင်းက ကောင်းကင်ပေါ်မှာ ပျံ့နှံ့သွားစဉ် မိုးနှင့်မြေက ဝမ်းမြောက်ဝမ်းသာ ချီးမြှောက်လိုက်ကြသည်။

ကောင်းချီးမင်္ဂလာအလင်းအောက်မှာ ကလေးက ရွှီချင်းကို တည်ကြည်လေးနက်စွာ ကြည့်လိုက်ပြီး စိတ်ဓာတ်ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

“ ဒီကလေးက ပထမအဖေရဲ့ စကားကို နာခံပါတယ်… ဒီနေ့ကစပြီး ကျွန်တော်က ဝမ်ကူးကုန်းမြေကို ကာကွယ်စောင့်ရှောက်ပေးပါမယ် ”

“ ကျွန်တော်အသက်ရှင်နေသရွေ့ ဝမ်ကူးကုန်းမြေ တည်ရှိနေရမယ် ”

“ ကျွန်တော် သေဆုံးရမယ်ဆိုရင်တောင် ဝမ်ကူးကုန်းမြေ ဆက်ပြီး တည်ရှိနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားပေးသွားမယ် ”

ရွှီချင်းက ထိုကတိကို အသိအမှတ်ပြုလိုက်သည်။

ကလေးက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဝေးမှ ၎င်း၏ ဒုတိယအဖေဆီသို့ လှမ်းကြည့်လိုက်သည်။ ၎င်းက ဦးညွတ်အရိုအသေပေးပြီးနောက် ကောင်းချီးမင်္ဂလာအလင်းအောက်မှာ ကောင်းကင်ပေါ်သို့ ဆန်တတ်သွားသည်။

ရှေးဟောင်းဝိညာဉ်မှ ကောင်းကင်ဘုံတာအို(၉၉)ခု၏ ဦးညွတ်မှုအောက်မှာ ကလေးက ဝမ်ကူးကုန်းမြေ၏ ပထမကောင်းကင်ဘုံတာအိုဟူသော ၎င်း၏ ရာထူးကို ယူဆောင်လိုက်သည်။

ရာထူးကို ၎င်းယူလိုက်သည့်အခိုက် ဝမ်ကူးကုန်းမြေ၏ နိယာမများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

All Chapters