← Chapters

ခြောက်ဘဝ စောင့်ဆိုင်းမှု

Vol. 119 Ch. 1810

ခြောက်ဘဝ စောင့်ဆိုင်းမှု

Vol. 119 Ch. 1810

ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံတာအိုများသည် အသစ်ပြန်လည်ဖွဲ့စည်းခံလိုက်ကြရသည်။ ယနေ့မှစ၍ တာအိုတစ်ခုက ထာဝရ ကာကွယ်ပေးသွားလိမ့်မည်။ ကျန်တာအို(၉၉)ခုသည်တော့ ပြတ်တောက်သွားသော ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်ဆက်ပေးကြလိမ့်မည်။

ဝမ်ကူးကုန်းမြေအတွက်တော့ ယင်းက ကြီးမားသော အောင်မြင်မှု ဖြစ်သည်။

အသင်္ချေမျိုးနွယ်စုများအတွက်တော့ ယင်းက မျှော်လင့်ချက် ဖြစ်သည်။

ကျင့်ကြံခြင်းလမ်းစဉ်က နောက်ဆုံးမှာ ပြန်ကောင်းမွန်သွားသည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ လိုချင်တပ်မက်မှုနှင့် အတိတ်မှာ နွေဦးအင်မော်တယ်တစ်ပါးဖြစ်ခဲ့သော ၎င်း၏ အဆင့်အတန်းက ယခု အမှောင်ထဲ၌ လမ်းပြပေးမည့် မီးအိမ်ရှင်ဖြစ်လာသည်။ ယင်းက မြူခိုးအားလုံးကို ဖယ်ရှားပေးပြီး အသင်္ချေမျိုးနွယ်စုများကို ပိုပြီးကောင်းမွန်သော ဘဝဆီသို့ လမ်းပြပေးလိမ့်မည်။

“ ငါဖြေရှင်းရမယ့် ကိစ္စတချို့ ကျန်နေသေးတယ် ”

ကောင်းကင်ပေါ်တွင် ရွှီချင်းက မြေပြင်ကို စိုက်ကြည့်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ကျိုးကျန်းလီနှင့် တခြားလူများက ရွှီချင်းနောက်သို့ လိုက်သွားကြသည်။

သုံးရက်ကုန်ဆုံးသွားသည်။

ဤသုံးရက်အတွင်းမှာ ရွှီချင်းက နေရာအများကြီးဆီသို့ သွားရောက်ခဲ့သည်။

သူ၏ ပုံရိပ်က အစွမ်းထက်နတ်ဘုရားများ၏ ပိုက်နက်များဆီသို့ ဆင်းသက်သွားခဲ့သည်။ သူက ပြင်ပအင်အားစုများ၏ လျှို့ဝှက်အကြံအစည်များရှိနိုင်သော နေရာတိုင်းကို သွားရောက်ခဲ့သည်။

နောက်ဆုံးမှာ သူက ပြင်ပအင်အားစုများ စိုက်ပျိုးထားသော စစ်တုရင်အရုပ်အားလုံးနီးပါးကို အမြစ်လှန်ပစ်ခဲ့သည်။

ထိုသို့လုပ်ဆောင်ပြီးသည့်နောက် သူ၏ အင်မော်တယ်နှင့် နတ်ဘုရား၏ ပေါင်းစပ်မှုက ယင်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သုံးရက်မြောက်နေ့ ညနေခင်းအချိန် တစ္ဆေအင်ပါယာတောင်ကုန်း၏ အရှေ့သို့ သူရောက်သွားသည့်အခါ ပေါင်းစပ်မှုက ကွဲထွက်သွားသည်။

နတ်ဘုရားခန္ဓာကိုယ်က အဝေးသို့ ခွဲထွက်သွားပြီး နတ်ဘုရားစွမ်းအင်အမြူတေနှင့် ပေါင်းစပ်သွားသည်။

အနှစ်သာရအားဖြင့်ဆိုရသော် ယခု ဤနတ်ဘုရားခန္ဓာကိုယ်ကို ရှေးဦးအပျက်အစီး၏ ကိုယ်ပွားတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

၎င်းကို ရှေးဦးအပျက်အစီး၏ အသွေးအသားများဖြင့် တည်ဆောက်ထားပြီး ယခု ၎င်းက ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေကိုလည်း ပိုင်ဆိုင်သွားသည်။ ၎င်းနှင့် ရွှီချင်းကြားမှာ ဆက်သွယ်မှုတစ်ခု ရှိနေသေးသော်လည်း ယင်းက မသေချာပေ။

ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို ဖုန်းဟိုင်ဒေသငယ်၏ မြေအောက်နန်းတော်ဆီသို့ ပြန်မစေလွှတ်ခဲ့ပေ။ ယင်းအစား ၎င်းကို ဝမ်ကူးကုန်းမြေ၏ အနက်ပိုင်းထဲသို့ နစ်မြုပ်သွားစေသည်။

ထို့နောက် အင်မော်တယ်အသွင်သဏ္ဍာန်သို့ ပြန်ပြောင်းလဲသွားသော ရွှီချင်းက ညနေခင်း ဆည်းဆာအလင်းအောက်မှာ တစ္ဆေအင်ပါယာတောင်ကုန်းကို ကြည့်လိုက်သည်။

သူ၏ အနောက်တွင် ကျိုးကျန်းလီနှင့် တခြားလူများက တိတ်ဆိတ်စွာ ရပ်နေကြသည်။

သူတို့၏ အရှေ့မှ တစ္ဆေအင်ပါယာတောင်ကုန်းပေါ်တွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။

သူ၏ ဝတ်စုံက အနည်းငယ် ညစ်ပတ်နေပြီး သူ၏ အမူအရာမှာ စိတ်ပျက်မှုဖြင့် ပြည့်နှက်နေသည်။ သူက မျက်လုံးမှိတ်ထားလျက် တရားထိုင်နေသည်။

" တတိယစီနီယာအကို "

ရွှီချင်းက နူးညံ့စွာ ပြောသည်။

တစ္ဆေအင်ပါယာတောင်ကုန်းပေါ်မှာ တင်ပျဉ်ခွေထိုင်နေသူသည် သတ္တမသခင်ကြီး၏ တတိယမြောက်တပည့်၊ ရွှီချင်း၏ တတိယစီနီယာအကိုမှလွဲ၍ တခြားလူမဟုတ်ပေ။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်မှာ ဝမ်ကူးကုန်းမြေက မဟာကပ်ဘေးဖြင့် ရင်ဆိုင်နေရသည့်အချိန် သတ္တမသခင်ကြီးက တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့ပြီး ရွှီချင်းက ဝမ်ကူးကုန်းမြေမှ ထွက်သွားခဲ့သည်။ အားညိုက ဟွမ်ကောင်းကင်ဘုံဆီသို့ စွန့်စားခရီးထွက်သွားပြီး ဒုတိယစီနီယာအမက ချီယွဲ့ထုံဂိုဏ်းထဲမှာ ကျန်နေခဲ့သည့်အချိန် တတိယစီနီယာအကိုက ဤနေရာသို့ ရောက်လာခဲ့သည်။

သူက တစ္ဆေအင်ပါယာတောင်ကုန်းပေါ်မှာ အနှစ်သုံးဆယ်နီးပါး တရားထိုင်နေခဲ့သည်။

ဤဘဝမှာ သူတန်ဖိုးထားရသော လူများကို ကာကွယ်ရန် သူ၏ အတိတ်ဘဝမှ စွမ်းအားကို ရှာဖွေခဲ့သည်။

သူ၏ အမြင်မှာ သူက တစ္ဆေအင်ပါယာ၏ ပြန်လည်မွေးဖွားမှု ဖြစ်သည်။

သူနှင့် တစ္ဆေအင်ပါယာတောင်ကုန်းကြားမှ ထိုဆက်သွယ်မှုကို သတ္တမသခင်ကြီးက ရှင်းလင်းစွာ သိထားသည်။ အတိတ်မှ မှတ်ဉာဏ်များက ရွှီချင်း၏ အသိစိတ်ထဲမှာ ပြန်ပေါ်လာသည့်အခါ သဲလွန်စတချို့ကို သူရှာတွေ့သွားသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက တစ္ဆေအင်ပါယာသည် ယင်ဟွမ်ပြည်နယ်မှာ သေဆုံးသွားခဲ့သည်။ သူ၏ ဝိညာဉ်သုံးခုက တောင်ကုန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ စိတ်ဝိညာဉ်ခုနစ်ခုက မကျေမချမ်းဝိညာဉ်များ ဖြစ်လာကြသည်။

သူ၏ ဝိညာဉ်စွမ်းအင်က အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ယင်ဟွမ်ပြည်နယ်မှ သက်ရှိများကို အာဟာရဖြည့်ပေးခဲ့သည်။

သူ၏ မူလအနှစ်သာရက ကုန်ခမ်းသွားပြီး သူ၏ ဝိညာဉ်က ပြန့်ကျဲသွားသည့်တိုင်အောင် သူ့မှာ ပြန်လည်မွေးဖွားနိုင်သည့် အခွင့်အရေးတစ်ခု ကျန်ရှိနေသေးသည်။ ဖြစ်နိုင်သည်မှာ ထိုပြန်လည်မွေးဖွားမှုက ပြင်ပအင်အားစုများ၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံခဲ့ရဟန် ရ၏။

နောက်ဆုံးမှာ နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် သူက ယင်ဟွမ်ပြည်နယ်မှာ ပြန်မွေးဖွားလာခဲ့သည်။

သူ၏ ကလေးဘဝမှာ အခက်အခဲများနှင့် လက်စားချေမှုများဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးမှာ အစေခံတစ်ဦးက သူ့ကို ချီယွဲ့ထုံဂိုဏ်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ထို့နောက် သူက သတ္တမသခင်ကြီးကို သူ၏ ဆရာအဖြစ် အရိုအသေပေးခဲ့သည်။

သတ္တမသခင်ကြီး၏ စောင့်ရှောက်မှုအောက်မှာ သူက တတိယမြောက်တပည့် ဖြစ်လာခဲ့သည်။

သို့တိုင် အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝကို ပိုင်းခြားထားသော သဏ္ဍာန်မဲ့ဆွဲဆောင်မှုက ကျန်ရှိနေဆဲပင်။ ပြန်လည်မွေးဖွားခြင်း၊ အမြစ်ဖြတ်ဖျက်ဆီးခြင်းနှင့် အတိတ်ဘဝမှ စွမ်းအားကို ရှာဖွေခြင်းသည် ရိုးရှင်းသော ကိစ္စများ မဟုတ်ပေ။

ဝိညာဉ်သုံးခုက ပြန်လာရန် ငြင်းဆန်ခဲ့ကြပြီး စိတ်ဝိညာဉ်ခုနစ်ခုက မလှုပ်မယှက် ရှိနေကြသည်။

မူလအနှစ်သာရသည်တော့ ယင်းက ထိုတစ္ဆေအင်ပါယာ၏ အနှစ်သာရသာ ဖြစ်သည်။

ထို့ကြောင့် တတိယစီနီယာအကိုက တစ္ဆေအင်ပါယာတောင်ကုန်းပေါ်မှာ အနှစ်သုံးဆယ်နီးပါး တရားထိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အကယ်၍ ရွှီချင်းသာ ပြန်ရောက်မလာလျှင် အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ နတ်ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သော အနက်ရောင်မျှော်စင်က ရှေးခေတ်အင်မော်တယ်၏ မဟာကပ်ဘေးအတွင်းမှာ တတိယစီနီယာအကိုနှင့် သူ့အတိတ်ဘဝ၏ ပေါင်းစပ်မှုကို အောင်မြင်စေရန် ကူညီပေးလိမ့်မည်။

ထိုအတိုင်းသာဖြစ်လာမည်ဆိုလျှင် သူက အနက်ရောင်မျှော်စင်အတွက် ကြီးမားသော စစ်တုရင်အရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ထို့ပြင် တတိယစီနီယာအကိုက သူ့ကိုယ်သူ ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ချေ။

ရွှီချင်း၏ ပြန်ရောက်လာမှုနှင့် နယ်နိမိတ်စည်းရေးဆွဲမှုက ထိုကပ်ဘေးကို အဆုံးသတ်စေခဲ့သည်။ နတ်ဘုရင်လေးပါးထဲတွင် အနက်ရောင်မျှော်စင်တစ်ခုတည်းသာ ၎င်း၏ လျှို့ဝှက်အကြံအစည်အားလုံးကို အပြီးတိုင် ပြန်ရုပ်သိမ်းသွားခဲ့သည်။

ထို့ကြောင့် တတိယစီနီယာအကိုက လွတ်လပ်သွားသည်။

ယခု ရွှီချင်း၏ အသံက ပျံ့လွင့်သွားသည့်အခါ တစ္ဆေအင်ပါယာတောင်ကုန်းပေါ်မှ ပုံရိပ်က ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

“ စတုတ္ထဂျူနီယာညီလေး ”

သူ၏ အသံက အနည်းငယ် အက်ရှနေသည်။

ဒုတိယစီနီယာအမ၊ စီနီယာအကိုကြီးနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းနှင့် တတိယစီနီယာအကိုကြားမှ ဆက်ဆံရေးသည် အမြဲတမ်း အလှမ်းဝေးသည်။ သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန် ဆက်သွယ်မှုက မရှိသလောက် နည်းပါးသည်။

အထင်ရှားဆုံး မှတ်ဉာဏ်က ချီယွဲ့ထုံဂိုဏ်းမှာ ရွှီချင်းနေထိုင်ခဲ့သည့် အချိန်ကာလဖြစ်သည်။ ထိုအချိန်တုန်းက ရေသူမမင်းသမီးသည် ရွှီချင်း၏ လိုက်ဖမ်းမှုမှ ထွက်ပြေးသွားပြီး တတိယစီနီယာအကို၏ သင်္ဘောပေါ်မှာ ခိုလှုံခွင့်တောင်းခဲ့သည်။

တတိယစီနီယာအကိုက ပြုံးလျက် သနားကြင်နာသော သူ့လက်များဖြင့် ရေသူမမင်းသမီးကို ညင်သာစွာ လည်ပင်းညှစ်သတ်ခဲ့သည်။

ထိုအခိုက်အတန့်သည် ရွှီချင်း၏ စိတ်ထဲမှာ လေးနက်သောအမြင်ကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းက နောက်ပိုင်းတွင် သူတို့ကြားမှ ဆက်ဆံရေးကို တဖြည်းဖြည်း အလှမ်းဝေးသွားစေမည့် စိုးရိမ်ကြောင့်ကြမှုကို မျိုးစေ့ချပေးခဲ့သည်။

ယခု အတိတ်မှတ်ဉာဏ်များကို ပြန်စဉ်းစားရင်း ပစ္စုပ္ပန်ကို မြင်လိုက်ရသောအခါ ရွှီချင်းက စိတ်မကောင်းဖြစ်မှုကို ခံစားမိသွားသည်။

သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ တစ္ဆေအင်ပါယာတောင်ကုန်းပေါ်မှ တတိယစီနီယာအကို၏ ဘေးသို့ ရောက်ရှိသွားသည်။

တစ်ဖက်လူ၏ စိုးရိမ်ကြောင့်ကြသော မျက်နှာကို ကြည့်နေရင်း ရွှီချင်းက နူးညံ့စွာ ပြောသည်။

“ တတိယစီနီယာအကို… မင်းရဲ့ အတိတ်ဘဝကို ဖြေရှင်းဖို့ ငါ့ရဲ့ အကူအညီကို လိုအပ်လား ”

တတိယစီနီယာအကိုက နှုတ်ဆိတ်သွားပြီး သူ၏ မျက်လုံးထဲမှာ စိတ်ရှု်ပထွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ခေါင်းခါလိုက်သည်။

“ စတုတ္ထဂျူနီယာညီလေး… ငါ့ရဲ့ ပုံပြင်ကို မင်းနားထောင်ချင်လား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

တတိယစီနီယာအကိုက နှစ်ချို့သေရည်တစ်အိုးကို ထုတ်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက အက်ရှရှအသံဖြင့် ပြောသည်။

“ ငါက ယင်ဟွမ်ပြည်နယ်မှာ မွေးဖွားခဲ့တယ်… အစတော့ ငါ့မှာ တစ္ဆေအင်ပါယာနဲ့ ဆက်သွယ်မှုရှိတာကို ငါမသိခဲ့ဘူး ”

“ ဒါပေမဲ့… အသံတစ်သံက အမြဲတမ်း ငါ့ကို ခေါ်နေတယ် ”

“ အဲ့ဒီအသံက ငါ့ကို ဒီတောင်ဆီ ခေါ်လာခဲ့တယ် ”

“ ငါအရွယ်ရောက်လာတာနဲ့ ခေါ်သံက ပိုပြီးအားကောင်းလာတယ်… ဒီတောင်က ငါဖြစ်တယ်လို့တောင် ခံစားမိလာတယ် ”

“ ဆရာ တံခါးပိတ်ကျင့်ကြံသွားတဲ့အချိန် ခေါ်သံက အမြဲတစေ ထွက်ပေါ်လာတယ်… အဲ့ဒါကြောင့် ဒီကို ငါလာခဲ့တယ် ”

“ မင်းက ပျောက်သွားသလို စီနီယာအကိုကြီးကလည်း ပျောက်သွားတယ်… မင်းတို့အားလုံးက ဆရာ့ကို ကူညီဖို့ နည်းလမ်းရှာနေတယ်ဆိုတာ ငါသိတယ်… ဒီတော့ ငါလည်းပဲ ဆရာ့ကို အကူအညီပေးချင်တယ်… ”

“ ဒီတော့… ဒီနေရာမှာ ငါတရားထိုင်ပြီး တောင်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့တယ်… အဲ့ဒီလို လုပ်ဆောင်နေတဲ့အချိန်… အနက်ရောင်မျှော်စင်တစ်ခုကို ငါမြင်ခဲ့တယ် ”

“ သူပြောတာက ဒီနှစ်တွေမှာ ငါ့ကို တစ်ချိန်လုံး ခေါ်နေတဲ့ အသံက တစ္ဆေအင်ပါယာတောင်ကုန်း မဟုတ်ဘူးတဲ့… သူကိုယ်တိုင်လို့ ပြောတယ်… သူက ငါ့ကို ခေါ်ပြီး ငါ့ရဲ့ ဝိညာဉ်၊ ငါ့ရဲ့ အသွေးအသားနဲ့ ငါ့ရဲ့ အရာအားလုံးကို တောင်းဆိုခဲ့တယ်… အပြန်အလှန်အနေနဲ့ ချီယွဲ့ထုံဂိုဏ်းကို သူကာကွယ်ပေးမယ်လို့ ကတိပေးတယ် ”

“ အဲ့ဒါကို ငါသဘောတူခဲ့တယ် ”

တတိယစီနီယာအကို၏ အသံက တိုးညင်းသွားသည်။

“ တကယ်တော့… ငါက တစ္ဆေအင်ပါယာရဲ့ ပြန်လည်မွေးဖွားမှု ဟုတ်မဟုတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မသေချာဘူး ”

“ ဒါပေမဲ့… ငါကြိုးစားကြည့်ရမယ်… အနက်ရောင်မျှော်စင်ပြောတဲ့အတိုင်း တောင်ကုန်းနဲ့ ငါစတင်ပေါင်းစပ်ခဲ့တယ်… အဲ့ဒါက နှစ်တွေအများကြီး ကြာမြင့်ခဲ့တယ်… နောက်ဆုံးအချိန်မှာ ငါမင်းကို မြင်လိုက်ရတယ် စတုတ္ထဂျူနီယာညီလေး… မင်းက ကြယ်တာရာကောင်းကင်ပေါ်မှာ နယ်နိမိတ်စည်း ရေးဆွဲလိုက်တာကို ငါမြင်ခဲ့တယ် ”

“ ပြီးတော့… အနက်ရောင်မျှော်စင်က ငါနဲ့ ပတ်သက်တဲ့ ကမ္မဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ပြီး ငါ့ကို လွတ်လပ်မှု ပြန်ပေးခဲ့တယ် ”

" ဒါပေမဲ့... "

သူက ခေါင်းမော့လိုက်ပြီး ရွှီချင်းနှင့် အကြည့်ချင်း ဆုံလိုက်သည်။

“ အနက်ရောင်မျှော်စင်ထွက်သွားတဲ့အချိန်မှာ တစ်စုံတစ်ခုကို ငါနားလည်လိုက်တယ်… ကလေးဘဝကနေစပြီး ငါ့ဘဝတစ်လျှောက်လုံး လိုက်ပါနေခဲ့တဲ့ အဲ့ဒီခေါ်သံက ဒီနေရာမှာ ဆက်ရှိနေတုန်းပဲ ”

“ ငါက အနက်ရောင်မျှော်စင်ကလူ မဟုတ်ဘူး… ပြီးတော့ ငါက ဒီတောင်နဲ့လည်း ဘာမှမသက်ဆိုင်ဘူး… အနက်ရောင်မျှော်စင်က ငါ့ကို လှည့်စားခဲ့တာ ”

“ အဲ့ဒီခေါ်သံက… ဟိုနေရာကနေ လာတာ ”

သူက တုန်တုန်ယင်ယင် လက်မြှောက်လိုက်ပြီး မြောက်ဘက်သို့ ညွှန်ပြလိုက်သည်။

“ တစ်စုံတစ်ယောက်က အဲ့ဒီမှာ ငါ့ကို စောင့်နေတယ်… အချိန်တွေအကြာကြီးပဲ ”

ရွှီချင်း၏ အကြည့်က တတိယစီနီယာအကို၏ ညွှန်ပြမှုနောက်သို့ လိုက်သွားသည့်အခါ နှလုံးတုန်သွားသည်။

ထိုဦးတည်ရာက လီယုံကျောက်တိုင်အောက်မှ တစ္ဆေလှိုဏ်ဂူ ဖြစ်သည်။

“ မင်းငါ့ကို တစ္ဆေအင်ပါယာနဲ့ ပေါင်းစပ်မလားလို့ မေးခဲ့တယ်… ငါမလုပ်ချင်ဘူး… စတုတ္ထဂျူနီယာညီလေး အဲ့ဒီကို ငါသွားချင်တယ်… အဲ့ဒီအသံရဲ့ ဇစ်မြစ်ကို ငါရှာဖွေချင်တယ်… ငါ့ကို ခေါ်နေတဲ့ လူက ဘယ်သူလဲဆိုတာ ငါတွေ့ချင်တယ် ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ ”

သူလက်ဝှေ့ယမ်းလိုက်သည့်အခါ လောကက ပုံပျက်တွန့်လိမ်သွားသည်။ နောက်အခိုက်အတန့်မှာ သူနှင့် တတိယစီနီယာအကိုက တစ္ဆေအင်ပါယာတောင်ကုန်းပေါ်မှ ပျောက်ကွယ်သွားကြသည်။

သူတို့က ယင်ဟွမ်ပြည်နယ်၏ မြောက်ပိုင်းရေခဲလွင်ပြင်ပေါ်မှာ ပြန်ပေါ်လာကြသည်။ နှင်းက ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းထားစဉ် ကောင်းကင်နှင့် ထိစပ်နေသော လီယုံကျောက်တိုင်က ထိုနေရာမှာ ထီးထီးမားမား ထောင်မတ်နေသည်။

သူတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်နေခဲ့သော ဧရာမကျောက်တိုင်က ရုတ်တရက် တုန်ယင်သွားသည်။

ကျောက်တိုင်ပေါ်မှ မှေးမှိန်နေသော ကျောက်စာများနှင့် သင်္ကေတအက္ခရာများက တစ်ခုပြီးတစ်ခု ထွန်းလင်းတောက်ပလာကြသည်။ နောက်ဆုံးမှာ ကျောက်တိုင်တစ်ခုလုံးက အချက်ပြမျှော်စင်တစ်ခုသဖွယ် ထိန်းလင်းသွားသည်။

သို့တိုင် တတိယစီနီယာအကိုက ကျောက်တိုင်ကို ဂရုမစိုက်ပေ။ သူ၏ အကြည့်က ကျောက်တိုင်အောက်မှ မြေအောက်ဆီသို့ စွဲမြဲစွာ ကျရောက်နေသည်။ ထိုနေရာက တစ္ဆေလှိုဏ်ဂူဆီသို့ ဝင်ပေါက် ဖြစ်သည်။

“ နှစ်တွေအကြာကြီးပဲ… ခေါ်သံက အဲ့ဒီနေရာကနေ ထွက်ပေါ်လာတယ်… ”

သူ၏ အသံက အနည်းငယ် တုန်ယင်နေသည်။ နောက်အခိုက်အတန့်မှာ သူက လီယုံကျောက်တိုင်နားသို့ ချဉ်းကပ်သွားသည်။

ဖြစ်နိုင်သည်မှာ တစ္ဆေအင်ပါယာတောင်ကုန်းနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းစပ်ခဲ့သော သူ၏ ကြိုးစားအားထုတ်မှုကြောင့်လော သို့မဟုတ် ဖြစ်နိုင်သည်မှာ အနက်ရောင်မျှော်စင်၏ ကြားဝင်နှောင့်ယှက်မှုက သူနှင့် လီယုံကျောက်တိုင်ကြားမှ ဆက်သွယ်မှုကို မြှင့်တင်ပေးလိုက်ခြင်းလော မသေချာသော်လည်း ဤအခိုက်အတန့်မှာ သူချဉ်းကပ်သွားသည်နှင့် လီယုံကျောက်တိုင်က တစ်ခါမှမဖြစ်စဖူး ထွန်းလင်းတောက်ပလာသည်။

ကျောက်တိုင်က ဝုန်းခနဲ မြည်ဟိန်းသံဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။

အနီးနားမှ တဲအိမ်များထဲမှ ကျင့်ကြံသူများက အံ့ဩထိတ်လန့်သွားကြသည်။ သို့တိုင် နောက်ဖြစ်လာမည့်အရာက သူတို့ကို ပိုပြီးထိတ်လန့်သွားစေသည်။

နောက်အခိုက်အတန့်မှာ ဧရာမကျောက်တိုင်က လေထဲသို့ စတင်မြှောက်တတ်သွားသည်။ အစတွင် ယင်းက နှေးကွေးသည်။ သို့သော်လည်း မကြာမီ ကျောက်တိုင်က ကမ္ဘာမြေတုန်ဟီးစေနိုင်သော မြည်ဟိန်းသံနှင့်တကွ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ရေခဲလွင်ပြင်က တသိမ့်သိမ့်တုန်ယင်သွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ ယင်းက အနီးနားမှ တဲအိမ်များကို အဝေးသို့ လွင့်စင်သွားစေသည်။ ထိုထဲမှာ ဒေသခံကျင့်ကြံသူများလည်း ပါဝင်ကြသည်။

ဓားကိုင်များက အံ့ဩဆွံ့အသွားကြသည်။ ထိုအဖြစ်အပျက်က သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ကျောက်တိုင်က အပေါ်သို့ ပျံတတ်သွားသည်နှင့် မြေပြင်ပေါ်တွင် အရွယ်အစားကြီးမားသော အနက်ရောင်တွင်းပေါက်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက တစ္ဆေလှိုဏ်ဂူ ဖြစ်သည်။

အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က လှိုဏ်ဂူ၏ အနက်ပိုင်းထဲမှ စိမ့်ထွက်လာသည်။ တစ်ချိန်တည်းမှာ အမျိုးသမီးတစ်ယောက်၏ သီချင်းဆိုသံသည်လည်း လှိုဏ်ဂူထဲမှ ပျံ့လွင့်လာသည်။

“ အတိတ်ဘဝဆိုတာ ဒီမှာ မရှိပါ… နောင်ဘဝကတော့ အမြဲ အဲ့မှာပါ… စွဲလန်းမှုကို ငါဖြတ်တောက်ပစ်ပြီး သေမျိုးလောကကို ရေးဆွဲတယ်… ”

“ ဒီဘဝမှာ လေလွင့်နေတယ်… ငါ့တစ်ဘဝလုံးကို မြှုပ်နှံထားတယ်… သံသရာစက်ဝန်းထဲမှာ ဘယ်သူက စောင့်နေတာလဲ… ”

သီချင်းသံက အနည်းငယ် ချောက်ချားဖွယ်ကောင်းသော်လည်း သံစဉ်တစ်ခုစီမှာ ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ထိုသီချင်းက ဘဝပေါင်းများစွာမှ နောင်တများနှင့် ခေတ်အဆက်ဆက်မှ အထီးကျန်မှုများကို စုပေါင်းရေးစပ်ထားသည့်အလားပင်။

စာလုံးတစ်လုံးစီကို အဆုံးမဲ့သော စွဲလန်းမှုနှင့် လွမ်းဆွေးမှုဖြင့် ဖွဲ့စည်းထားသည်။ ယင်းတို့က လေထဲမှာ တစ်ဖက်သတ်အချစ်ကြိုးမျှင်များသဖွယ် လှည့်ပတ်နေကြပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော လောကတစ်ခုကို ဖန်တီးနေကြသည်။

ယင်းက ဆုံးရှုံးသွားသော အခွင့်အရေးများ၊ အချိန်မြစ်ထဲမှာ ချိပ်ပိတ်ခံလိုက်ရသော အချစ်ဇာတ်လမ်းများနှင့် ကံကြမ္မာလေပြေထဲမှာ လွင့်ပြယ်သွားသော သံယောဇဉ်များအကြောင်းကို ပြန်ပြောပြနေသည်။

သီချင်းသံက နိမ့်ချည်မြင့်ချည် ပျံ့လွင့်သွားနေသည်။

“ သုံးကြိမ်မြောက်ဘဝမှာ ဝေးကွာခဲ့ပြန်တယ်… မှတ်ဉာဏ်ဟောင်းတွေ မပျက်စီးသွားဖို့ ကြိုးစားခဲ့ပေမဲ့ လေနဲ့အတူ လွင့်ပြယ်သွားတုန်းပဲ… ”

“ လေးကြိမ်မြောက်ဘဝမှာ သောကပူဆွေးမှုတွေနဲ့ အဆုံးသတ်ခဲ့တယ်… စွဲလန်းမှုက ဘာအဓိပ္ပာယ်မှ မရှိဘူး… မျက်ရည်တွေက မြေအောက်လောကမြစ်ကမ်းပါးဆီ စီးဆင်းသွားတယ်… ”

“ ငါးကြိမ်မြောက် ပြန်လည်မွေးဖွားမှုဟာလည်း အချည်းနှီးပဲ… ကမ္မချည်မျှင်တွေက စောစောစီးစီး ပြတ်တောက်သွားခဲ့တယ်… ရေခဲလှိုဏ်ဂူထဲမှာ ငါတစ်ယောက်တည်း အထီးကျန်နေရင်း သီချင်းညည်းနေတယ်… ”

“ ခြောက်ကြိမ်မြောက်ဘဝမှာတော့… အတိတ်က အိမ်မက်တွေက အခု ဝေဝါးနေပြီ… ငါ့ရဲ့ အလှတရားတွေ ပျောက်ဆုံးသွားပြီဆိုပေမဲ့ ငါ့ရဲ့ အချစ်တွေကတော့ ရှင်သန်နေတုန်းပါပဲ…"

All Chapters