← Chapters

ကြင်နာသော ဆရာနှင့် တာဝန်သိသော တပည့်

Vol. 119 Ch. 1811

ကြင်နာသော ဆရာနှင့် တာဝန်သိသော တပည့်

Vol. 119 Ch. 1811

အလွမ်းအဆွေးသီချင်းသံက လေထဲမှာ ပျံ့လွင့်နေစဉ် တတိယစီနီယာအကိုက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“ အနက်ရောင်မျှော်စင်က ငါ့ကို လှည့်စားခဲ့တယ်… ခေါ်သံက တစ္ဆေအင်ပါယာတောင်ကုန်းကနေ လာတာလို့ ငါ့ကို ယုံစားစေခဲ့တယ် ”

“ အဲ့ဒီခေါ်သံက… ဒီကနေ လာတာလို့ ငါတစ်ခါမှ မသိခဲ့ဘူး… ”

“ ငါအရင်က လီယုံကျောက်တိုင်ဆီ ရောက်ဖူးတယ်… ဒါပေမဲ့ ဒီနေ့လို ငါအာရုံမခံနိုင်ခဲ့ဘူး ”

သူ၏ စကားများက မုန်တိုင်းထဲမှ နှင်းပွင့်များသဖွယ် လွင့်မျောသွားသည်။ ယင်းက အနက်ရောင်မျှော်စင်၏ နတ်ဘုရင်စွမ်းအားကြောင့်ဖြစ်ကြောင်း ရွှီချင်း နားလည်သည်။

၎င်းက တတိယစီနီယာအကိုကို တစ္ဆေအင်ပါယာတောင်ကုန်းနှင့် ပေါင်းစပ်စေလိုသည်။

ထို့ကြောင့် ၎င်းက ဤနေရာမှ ခေါ်သံကို တစ္ဆေအင်ပါယာတောင်ကုန်းဆီသို့ လမ်းလွှဲပေးခဲ့ခြင်း ဖြစ်သည်။

အနက်ရောင်မျှော်စင်က အဘယ့်ကြောင့် တစ္ဆေအင်ပါယာကို တန်ဖိုးထားနေကြောင်း ရွှီချင်း မစဉ်းစားနိုင်ပေ။

တစ္ဆေအင်ပါယာက အဆင့်နိမ့်ကျင့်ကြံသူများအတွက် ရှိန်လောက်စရာကောင်းသော်လည်း အဆင့်မြင့်ကျင့်ကြံသူများအတွက်တော့ ၎င်း၏ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းက သာမန်မျှသာ ဖြစ်သည်။

“ ဖြစ်နိုင်တာက… ငါမသိသေးတဲ့ တခြားဆက်သွယ်မှုတချို့ ရှိနေတာလား… ”

ရွှီချင်းက တွေးတောနေစဉ် မိန်းမောနေသော သူ၏ တတိယစီနီယာအကိုက တစ္ဆေလှိုဏ်ဂူဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ထို့နောက် သူက လုံးဝ တုံ့ဆိုင်းမနေဘဲ အထဲသို့ ခုန်ချလိုက်သည်။

ရွှီချင်းက အနောက်မှ လိုက်သွားသည်။

အနက်ရောင်လှိုဏ်ဂူထဲတွင် သီချင်းသံက ပိုပြီးရှင်းလင်းပီသလာသည်။ တဖျပ်ဖျပ်လှုပ်ခတ်နေသော ဈာပနငွေစက္ကူများက လှိုဏ်ဂူ၏ အနက်ပိုင်းထဲမှ ပျံသန်းထွက်လာကြသည်။ ဒြပ်နှောများက ဤနေရာမှာ အတော်အသင့် သိပ်သည်းသည်။

သို့တိုင် တတိယစီနီယာအကိုက ယင်းတို့ကို ဂရုမစိုက်ပေ။ ယင်းတို့ကို သူ့အား အပြင်းအထန် ထိုးနှက်စေရန် ခွင့်ပြုထားသည်။ နောက်အခိုက်အတန့်မှာ သူက အရှိန်မြှင့်တင်လိုက်လေရာ သူ၏ နှလုံးခုန်သံက သူ၏ ခြေလှမ်းများထက် ပိုပြီးမြန်ဆန်သွားသည်။

ဤသည်မှာ တစ်ဘဝစာ စောင့်ဆိုင်းမှုက ဤအခိုက်အတန့်မှာ သူ့ကို လမ်းပြပေးနေသည့်အလားပင်။

ပျောက်ဆုံးနေသော မှတ်ဉာဏ်များနှင့် မေ့လျော့နေသော မျက်နှာများက အချိန်မြစ်ထဲမှ ပြန်ပေါ်လျှိုးလာသည့်အလား သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

ပြင်းထန်သော စိတ်ခံစားချက်များကြောင့် သူ၏ အမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

ယင်းကို မြင်သွားသောအခါ ရွှီချင်းက သူ၏ အတိတ်မှတ်ဉာဏ်များထဲမှ ပုံရိပ်တစ်ခုကို ပြန်အမှတ်ရသွားသည်။ ထိုလူက နန်းဟွမ်ကုန်းမြေ၏ ရတနာမုဆိုးစခန်းနားမှ တားမြစ်နယ်မြေထဲမှာ သူ့ချစ်သူနှင့် ပြန်လည်ဆုံစည်းခဲ့စဉ်က ထိုသို့ပြုမူခဲ့သည်။ သူ၏ မျက်နှာပေါ်မှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်က တုန်ရီနေသည်။

“ ခေါင်းဆောင်လဲ့… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက အနောက်မှ တိတ်တဆိတ် လိုက်သွားနေရင်း လှိုဏ်ဂူထဲမှ ဒြပ်နှောများကို ဖယ်ရှားလိုက်ကာ တတိယစီနီယာအကို၏ အလျင်ကို တိုးမြှင့်ပေးလိုက်သည်။

နောက်ဆုံးမှာတော့…

မည်းမှောင်နေသော တစ္ဆေလှိုဏ်ဂူ၏ အနက်ပိုင်းထဲတွင် အနီရောင်မီးအိမ်တစ်လုံးက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ မီးအိမ်နားသို့ ချဉ်းကပ်သွားသည်နှင့်အမျှ သစ်သားတဲအိမ်တစ်လုံးက တတိယစီနီယာအကို၏ မြင်ကွင်းထဲမှာ တဖြည်းဖြည်း ပေါ်လာသည်။

တဲအိမ်က ဟောင်းနွမ်းပျက်စီးနေသည်။ ဤသည်မှာ တဲအိမ်က နှစ်ပေါင်းမရေမတွက်နိုင်အောင် လေဒဏ်မိုးဒဏ်ကို တွေ့ကြုံခဲ့ရသည့်အလားပင်။ ယခု တဲအိမ်က ပျက်စီးလုနီးပါးအခြေအနေမှာ ရှိသည်။

သစ်သားတဲအိမ်က ပဉ္စဂံပုံသဏ္ဍာန်ဖြစ်သည်။

ထောင့်တစ်ခုစီမှာ မီးခိုးရောင်သံကြိုးတစ်ချောင်းရှိပြီး သံကြိုးအားလုံးက အဝေးမှ ရွှံ့နံရံနှင့် ဆက်သွယ်ထားကြသည်။

သံကြိုးအဆက်နေရာများဖြစ်သော တဲအိမ်၏ ထောင့်ငါးထောင့်တွင် ချောက်ချားဖွယ်လောင်းသော အလောင်းများက တင်းကျပ်စွာ ချည်နှောင်ခံထားကြရသည်။

အလောင်းတစ်လောင်းက ရေစိုရွှဲနေပြီး ပုပ်သိုးဆွေးမြေ့နေသည်။ ၎င်း၏ အနက်ရောင်ဝတ်စုံက အပိုင်းပိုင်းဆုတ်ပြဲနေပြီး အပေါက်များဖြင့် ဇကာပေါက်ဖြစ်နေသည်။ ဤသည်မှာ ၎င်းက ခေတ်အဆက်ဆက် နာကျင်ခံစားခဲ့ရသည့်အလားပင်။

အခြားအလောင်းတစ်လောင်းက ၎င်း၏ ဝမ်းဗိုက်ပေါ်သို့ လက်နှစ်ဖက် တင်ထားသည်။ ၎င်း၏ ဝမ်းဗိုက်သည်တော့ ဟောင်းလောင်းပေါက်ဖြစ်နေပြီး အထဲမှ ကိုယ်တွင်းအင်္ဂါများက ပျောက်ဆုံးနေသည်။

တတိယမြောက်အလောင်းက ပထမအလောင်းနှစ်လောင်းနှင့် ခြားနားသည်။ အနီရောင်နွယ်ပင်က ၎င်း၏ လည်ပင်းကို တင်းကျပ်စွာ ရစ်ပတ်ထားစဉ် နွယ်ပင်၏ အဆုံးများက အလောင်း၏ လက်နှစ်ဖက်ထဲမှာ ရှိနေကြသည်။ ဤသည်မှာ ၎င်းက ကိုယ့်ကိုယ်ကိုယ် အသက်သေသည်အထိ ဆွဲကြိုးချခဲ့သည့်အလားပင်။

စတုတ္ထမြောက်အလောင်းနှင့် ပဉ္စမမြောက်အလောင်းသည်လည်း ထူးခြားဆန်းကြယ်ကြသည်။

စတုတ္ထမြောက်အလောင်းက ဗလာဖြစ်နေသော အုတ်ဂူတစ်ခု၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ ၎င်း၏ ခြေဖဝါးအောက်မှာတော့ မွေးကင်းစကလေးတစ်ယောက်၏ အရိုးစုက လဲလျောင်းနေသည်။

ပဉ္စမမြောက်သည်တော့ မီးလောင်ကျွမ်းခံထားရသော အလောင်းတစ်လောင်းဖြစ်ပြီး ၎င်း၏ မျက်နှာကို ရွှီချင်း ရင်းနှီးကျွမ်းဝင်သည်။

၎င်းက အတိတ်မှာ သူမြင်တွေ့ခဲ့ဖူးသော တစ်ယောက် မဟုတ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ဤနေရာမှာ သေဆုံးသွားခဲ့သော ထိုက်စီရှန်းမုန့်ဂိုဏ်းမှ တာအိုကလေး၏ အကြွင်းအကျန် ဖြစ်သည်။

“ သတ္ထုဒြပ်စင်က ဗိုက်ဖောက်ခံထားရတဲ့ အလောင်းကို ကိုယ်စားပြုတယ်… သစ်သားဒြပ်စင်က ဆွဲကြိုးချသေဆုံးတဲ့ အလောင်းကို ကိုယ်စားပြုပြီး ရေဒြပ်စင်က ရေနစ်သေတဲ့ အလောင်းကို ကိုယ်စားပြုတယ်… မီးဒြပ်စင်က မီးလောင်ကျွမ်းတဲ့ အလောင်းကို ကိုယ်စားပြုပြီး မြေကြီးဒြပ်စင်က မြေမြှုပ်ခံထားရတဲ့ အလောင်းကို ကိုယ်စားပြုတယ် ”

ရွှီချင်းက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက သံကြိုးငါးချောင်းဖြင့် ချိတ်ဆွဲခံထားရသောကြောင့် လေထဲမှာ တန်းလန်းတည်ရှိနေသော သစ်သားတဲအိမ်ကို ကြည့်လိုက်သည်။

တဲအိမ်ထဲတွင် အနီရောင်မှိန်ဖျော့ဖျော့ တောက်ပသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်က ပြတင်းပေါက်စက္ကူပေါ်သို့ ကျရောက်နေသည်။

ပြတင်းပေါက်စက္ကူ၏ စုတ်ပြဲနေသော အပေါက်များမှတဆင့် ကြည့်မည်ဆိုလျှင် တဲအိမ်ထဲမှာ အနီရောင်ဇာတ်သမားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ပြတင်းပေါက်နားမှာ ထိုင်နေကြောင်း မြင်ရလိမ့်မည်။ သူ၏ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်က ဈာပနငွေစက္ကူများကို အပြင်ဘက်သို့ ဖြန့်ကျဲနေသည်။

ဈာပနငွေစက္ကူများက တဲအိမ်အပြင်ဘက်မှာ တဖျပ်ဖျပ်လှုပ်ခတ်သွားစဉ် အေးစက်စက်လေက ယင်းတို့ကို အဝေးသို့ သယ်ဆောင်သွားသည်။

သို့တိုင်…

ဤအခိုက်အတန့်မှာ ပြတင်းပေါက်အပြင်သို့ ဆန့်ထုတ်ထားသော လက်က ရုတ်တရက် ရပ်တန့်သွားသည်။

သီချင်းဆိုမှုသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

“ ရှင်… ရောက်လာတယ်… ”

ခါးသီးမှုတစ်စွန်းတစ်စ ကိန်းအောင်းနေသော အသံက တဲအိမ်ထဲမှ သိမ်မွေ့စွာ ပျံ့လွင့်လာသည်။

တတိယစီနီယာအကိုက တုန်ယင်သွားပြီး ပြတင်ပေါက်စက္ကူပေါ်မှ ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။

“ ကိုယ်လာတာ… နောက်ကျသွားတယ်… ”

သူက နူးညံ့စွာ ပြောလိုက်ပြီး သစ်သားတံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း တံခါးက မပွင့်သွားချေ။

“ အပြင်မှာပဲ ထိုင်ပြီးတော့ ကျွန်မနဲ့ စကားပြောပေးပါ… အဲ့ဒါဆို လုံလောက်ပါပြီ… ”

အမျိုးသမီး၏ အသံသည်လည်း တုန်ယင်နေသည်။

တတိယစီနီယာအကိုက ခေါင်းညိတ်လိုက်ပြီး တဲအိမ်အပြင်ဘက်မှာ ထိုင်လိုက်ကာ ပြတင်းပေါက်စက္ကူပေါ်မှ ပုံရိပ်ကို ကြည့်လိုက်သည်။ ထိုစဉ် မှတ်ဉာဏ်အပိုင်းအစများက သူ၏ အသိစိတ်ထဲမှာ ဒလဟော ထွက်ပေါ်လာသည်။ သို့တိုင် ယင်းတို့က အနည်းငယ် ဝေဝါးနေဆဲပင်။

ခုနစ်ဘဝအချစ်က ဤအခိုက်အတန့်သို့ ဦးဆောင်ခဲ့သည်။

သို့သော်လည်း သူမှတ်မိသည်မှာ ခံစားချက်သာဖြစ်ပြီး လူပုဂ္ဂိုလ်မဟုတ်ကြောင်း နားလည်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ရွှီချင်းက စိတ်မကောင်းဖြစ်သွားသည်။

တစ္ဆေလှိုဏ်ဂူထဲမှ အမျိုးသမီးနှင့် တတိယစီနီယာအကိုကြားမှ ဇာတ်လမ်းကို သူမသိသော်လည်း တစ်ဖက်လူက အဘယ့်ကြောင့် တတိယစီနိယာအကိုနှင့် မျက်နှာချင်းမဆိုင်ချင်ကြောင်း သူနားလည်ပေသည်။

အဘယ့်ကြောင့်ဆိုသော် ပြတင်းပေါက်စက္ကူပေါ်မှ သူ့ပုံရိပ်က ကြော့ရှင်းတင့်တယ်ပြီး ထင်ရှားသော်လည်း…

တဲအိမ်ထဲမှ အမျိုးသမီးသည်တော့ အလောင်းတစ်လောင်းဖြစ်နှင့်နေပြီ ဖြစ်သည်။

ဤယဇ်ပလ္လင်နှင့် ဤရိုးရာဓလေ့သည် မည်သည့်အခါကမှ အလောင်းငါးလောင်း မဟုတ်ခဲ့ပေ။

အလောင်းက စုစုပေါင်း ခြောက်လောင်း ရှိသည်။

သူကိုယ်တိုင်က အချစ်ကြောင့် သေဆုံးသွားသော အလောင်းဖြစ်ပြီး ဤရိုးရာဓလေ့အတွက် ဆဌမမြောက်အလောင်း ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်၏ ပြန်ဆုံစည်းမှုအတွက် သီးသန့်အချိန် လိုအပ်သည်။

ရွှီချင်းက အကြည့်ရွှေ့ပြောင်းလိုက်ပြီး တဲအိမ်အောက်သို့ ကြည့်လိုက်သည်။

တခြားလူများ မမြင်နိုင်သောအရာက သူ၏ အကြည့်အောက်မှာ သလင်းကျောက်သဖွယ် ရှင်းလင်းထင်ရှားသည်။ ယခု သူ၏ အကြည့်က တစ္ဆေလှိုဏ်ဂူ၏ မြေအောက်ထဲမှ တုန်ယင်နေသော မျက်လုံးပေါ်သို့ ကျရောက်သွားသည်။ ၎င်းက အလွန်ကြောက်ရွံ့နေလေရာ မျက်လုံးပင် မဖွင့်ဝံ့ချေ။

အတိတ်မှာ ထိုတည်ရှိမှု၏ မျက်လုံးဖွင့်လှစ်မှုက ရွှီချင်းအား သေခြင်းရှင်ခြင်းအခြေအနေသို့ တွန်းပို့ခဲ့သည်။ အကယ်၍ သူသာ ထိုအချိန်တုန်းက အကူအညီမရခဲ့လျှင် ယိုယွင်းပျက်စီးပြီး သေဆုံးသွားလိမ့်မည်။

သို့သော်လည်း ယခုတော့ ထိုမျက်လုံးက ရွှီချင်း၏ အကြည့်အောက်မှာ ပုရွက်ဆိတ်နှင့် မခြားပေ။

“ ဒီတော့… အဲ့ဒါက ဟွမ်ကောင်းကင်ဘုံကနေ ရောက်လာတာကို ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။ ရွှေကျီးကန်းအိမ်ရှေ့စံမင်းသား၏ သွေးမျိုးဆက်အရှိန်အဝါနှင့် တူညီသော အားလှိုင်းအတတ်အကျကို ထိုမျက်လုံးထံမှ သူအာရုံခံမိသည်။

သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တုန်ယင်နေသော နတ်ဘုရားမျက်လုံးက မြန်ဆန်စွာ ကျုံ့သွားပြီး လက်သီးဆုပ်အရွယ် ဘောလုံးတစ်လုံးအဖြစ် သိပ်သည်းသွားသည်။ ထို့နောက် ဘောလုံးက ရွှီချင်း၏ လက်ဖဝါးဆီသို့ ပျံသန်းလာသည်။

ရွှေရောင်မျက်လုံးက ပိုပြီးပြင်းထန်စွာ တုန်ယင်သွားသည်။

ရွှီချင်းက ၎င်းကို နောက်ထပ် အရေးမစိုက်ဘဲ သိမ်းဆည်းလိုက်သည်။ မူလဇစ်မြစ်ပျောက်ဆုံးသွားသည့်အခါ တစ္ဆေလှိုဏ်ဂူထဲမှ ဒြပ်နှောများက မြန်ဆန်စွာ လျော့ပါးသွားသည်။

ယိုယွင်းပျက်စီးနေသော သစ်သားတဲအိမ်သည်ပင် အသက်ဓာတ်တချို့ ပြန်ရလာသည်။

ရွှီချင်းသည် တဲအိမ်ထဲမှ ပုံရိပ်နှင့် တတိယစီနီယာအကိုကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်ပြီးနောက် တိတ်တဆိတ် ပြန်ဆုတ်ခွာသွားသည်။ သူက မြေပြင်ပေါ်သို့ ပြန်လျှောက်သွားသည်။

တစ္ဆေလှိုဏ်ဂူထဲမှ သူထွက်သွားတော့မည့်အချိန် သူ၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။ သူက လှိုဏ်ဂူနံရံပေါ်မှ ထောင့်တစ်နေရာဆီသို့ ခေါင်းလှည့်လိုက်သည်။ ထိုနေရာမှာ ပုံရိပ်တစ်ခုက သူ့အား တုန်တုန်ယင်ယင် စိုက်ကြည့်နေသည်။

၎င်းက အတိတ်မှာ သူ့အသက်ကို ကယ်တင်ပေးခဲ့သော ကင်းခြေများအမျိုးသမီး ဖြစ်သည်။

ရွှီချင်း၏ အကြည့်က ပျော့ပျောင်းသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်အမျှင်တန်းတစ်ခုက ကင်းခြေများအမျိုးသမီးဆီသို့ ပျံသန်းသွားပြီး ၎င်း၏ အခြေခံအုတ်မြစ်ကို ပြန်တည်ဆောက်ပေးလိုက်သည်။

ကင်းခြေများအမျိုးသမီးက အပြင်းအထန် တုန်ယင်သွားသည်။ နောက်တစ်ကြိမ် ၎င်းခေါင်းမော့လိုက်သည့်အချိန်မှာ ရွှီချင်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

…..

နှင်းမုန်တိုင်းက ဆက်လက် တိုက်ခတ်နေဆဲပင်။

အချိန်က မြေပြင်ပေါ်သို့ ကျဆင်းသွားနေသော နှင်းပွင့်များနှင့်အတူ ကုန်ဆုံးသွားသည်။

ရွှီချင်း၏ ဝမ်ကူးကုန်းမြေကို ရှင်းလင်းခြင်းက အဆုံးသတ်သွားသည်။ သူက တခြားလူများ၏ အရှေ့မှာ နောက်ထပ် ထွက်ပေါ်မလာတော့ချေ။

သို့တိုင် ယခု လူသားမျိုးနွယ်၏ မြင့်တတ်မှုက ရပ်တန့်မရတော့ပေ။ ဧကရီ၏ ဦးဆောင်မှုအောက်မှာ မျိုးနွယ်စုအားလုံးက အညံ့ခံသွားကြသည်။ ထိုထဲမှာ နတ်ဘုရားများပင် ပါဝင်ကြသည်။

နတ်ဘုရားအများစုသည် ထွက်ပြေးမည့်အစား တံခါးပိတ်ကျင့်ကြံခြင်းဝင်ရန် ရွေးချယ်လိုက်ကြသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည်သာ ဆက်ပြီး တည်တံ့နိုင်ပေသည်။ ရွှံ့မြေခွေးကိုယ်ပွား ပြန်ရောက်လာပြီးနောက်ပိုင်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ပိုပြီးအင်အားကြီးမားလာသည်။ ထို့ပြင် မီးလျှံကြယ်သည် ကိုယ်ပွားနှင့် ပေါင်းစပ်ပြီးနောက် နေနတ်ဘုရားနှင့် လနတ်ဘုရား၏ အထက်သို့ ရောက်ရှိသွားကာ လူသားမျိုးနွယ်နှင့် မဟာမိတ်ဖွဲ့လိုက်သည်။

လူသားမျိုးနွယ်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပူးပေါင်းမှုက ခေတ်သစ်တစ်ခုကို အစပျိုးလိုက်သည်။

မှန်ပေသည်။ ဆန့်ကျင်သူများက ရှိနေဆဲပင်။ ရှေးဦးအပျက်အစီး ဆင်းသက်လာပြီးနောက် ဝမ်ကူးကုန်းမြေသည် ဖရိုဖရဲဖြစ်သွားပြီး အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ တခြားအင်အားစုများ၏ ထိုးဖောက်ဝင်ရောက်ခြင်း ခံခဲ့ရသည်။ တစ်နည်းဆိုရသော် ဝမ်ကူးကုန်းမြေက ပြင်ပအင်အားစုအသီးသီး၏ ခိုလှုံရာနေရာ ဖြစ်သည်။

သို့သော်လည်း ရွှံ့မြေခွေး၏ ကြားဝင်ဖျန်ဖြေပေးမှုကြောင့် ဆန့်ကျင်သူအားလုံးက မြန်ဆန်စွာ ငြိမ်ဝပ်ပိပြားသွားကြသည်။ အပြင်ဘက်မှ အင်အားစုများနှင့် အဆက်အသွယ်ရှိကြသော မျိုးနွယ်စုများသည်ပင် ကျိုးကျန်းလီနှင့် တခြားလူများ၏ ဆင်းသက်လာမှုကြောင့် ငြိမ်သက်သွားကြသည်။

သို့ဖြစ်၍ ဝမ်ကူးကုန်းမြေက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားသည်။

ထိုအတောအတွင်းမှာ ရွှီချင်းက သူ၏ မိတ်ဆွေဟောင်းများဖြင့် သွားမတွေ့နိုင်ခဲ့ပေ။ အားညို၏ နားပူနားဆာလုပ်မှုကြောင့် သူတို့က လူသားနန်းမြို့တော်အောက်၌ ချိပ်ပိတ်ထားသော ဟွမ်ကောင်းကင်ဘုံ၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားကြသည်။

ဝမ်ကူးကုန်းမြေတစ်လျှောက်တွင် ရွှီချင်းက ကောင်းကင်ဝါးမျိုဒေသကြီးမှလွဲ၍ ကျန်ဒေသကြီးအားလုံးကို တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ စစ်ဆေးလေ့လာပြီးပြီ ဖြစ်သည်။

ကုန်းမြေအောက်မှ ဟွမ်ကောင်းကင်ဘုံသည်တော့…

ယခုက ယင်းကို စစ်ဆေးလေ့လာရမည့်အချိန် ဖြစ်သည်။

ထို့ပြင် စီနီယာအကိုကြီး၏ အစစ်အမှန်ခန္ဓာကိုယ်က ဟွမ်ကောင်းကင်ဘုံထဲမှာ ဖြစ်သည်။

“ သေချာနားထောင်ပါ ချင်းလေး… အခုချိန်မှာ မင်းက ထင်ပေါ်ကျော်ကြားနေလိမ့်မယ်… ဒါပေမဲ့ မင်းရဲ့ စီနီယာအကိုကြီးကလည်း ဟွမ်ကောင်းကင်ဘုံထဲမှာ ကိစ္စကြီးတစ်ခုကို လုပ်ဆောင်နေပါတယ် ”

ချိပ်ပိတ်ထားသော ဝင်ပေါက်အရှေ့မှာ အားညိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ တစ်စုံတစ်ယောက်က သူ၏ ခေါင်းကို ကြမ်းတမ်းစွာ ခေါက်လိုက်သည်။

“ ဘာကို ကိစ္စကြီးလဲ… မင်းက ကိစ္စကြီးကို ဆောင်ရွက်နေတယ်ဆိုရင် ဘာလို့ ကိုယ့်ဘာသာ မလွတ်မြောက်နိုင်တာလဲ… ရယ်စရာကောင်းလိုက်တာ… ကိုယ်ပွားတစ်ခုပဲ အပြင်ထွက်လာနိုင်ပြီးတော့ ဘာကို လေကျယ်နေတာလဲ ”

သတ္တမသခင်ကြီးက အားညိုကို စိုက်ကြည့်လိုက်သည်။

ဟွမ်ကောင်းကင်ဘုံဆီသို့ ဤခရီးစဉ်မှာ သတ္တမသခင်ကြီးသည်လည်း လိုက်ပါလိမ့်မည်။

အားညို၏ စိတ်ဆိုးနေသော အမူအရာကို လျစ်လျူရှုထားလျက် သတ္တမသခင်ကြီးက ရွှီချင်းဘက်သို့ လှည့်လိုက်ပြီး ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေလေရာ ရွှီချင်းတစ်ယောက်တည်းသာ သူ့တပည့်ဖြစ်သည့်အလားပင်။

“ ငါ့ရဲ့ ချစ်တပည့်လေး… ဆရာက ဟွမ်ကောင်းကင်ဘုံနဲ့ ပိုပြီးရင်းနှီးတယ်… ခရီးစဉ် ပိုပြီးအဆင်ပြေချောမွေ့အောင် ဆရာ မင်းကို လမ်းပြပေးမယ် ”

“ အတိတ်မှာ အဲ့ဒီရှေးခေတ်အင်မော်တယ်တွေက ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ကို မသတ်နိုင်ခဲ့ကြဘူး… ဒါကြောင့် သူတို့က နတ်ဧကရာဇ်ကို ဟွမ်ကောင်းကင်ဘုံထဲမှာ ချိပ်ပိတ်ခဲ့ကြတယ် ”

“ ငါ့အထင် အဲ့ဒီကောင်က အသက်ရှင်နေသေးလောက်တယ်… ငါ့ရဲ့ နောက်ပိုင်းသုံးသပ်မှုတွေအရ အဲ့ဒီနတ်ဧကရာဇ်က နတ်ဘုရားအရှင်သခင်အဆင့်မှာ မဟုတ်ဘူး… ဒါပေမဲ့ အရမ်းနီးစပ်တယ် ”

ရွှီချင်း၏ ခေါင်းညိတ်လိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ ဒါဆိုရင် ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ် ”

“ ဘာကို ဒုက္ခလဲ… အဲ့ဒါက အတိတ်မှာ မြေအောက်နန်းတော်ဆီ ငါမင်းကို ခေါ်သွားခဲ့တုန်းကလိုပေါ့… ဒီတစ်ကြိမ်တော့ ဟွမ်ကောင်းကင်ဘုံဆီ ငါမင်းကို ခေါ်သွားမယ် ”

သတ္တမသခင်ကြီးက သဘောထားကြီးသော အမူအရာဖြင့် လက်ခါလိုက်သည်။ သူ၏ မျက်နှာပေါ်မှ အပြုံးသည်ပင် ပိုပြီးထင်ရှားလာသည်။

ထိုစဉ် လျစ်လျူရှုခံထားရသော အားညိုက မနာလိုမှုကို ခံစားမိသွားသည်။

" ဆရာ… မင်းက အရမ်းဘက်လိုက်တာပဲ… အတိတ်မှာ မင်းက ငါရော ချင်းလေးကိုရော မြေအောက်နန်းတော်ဆီ ခေါ်သွားခဲ့တာပါ… ဘာလို့ အခု ငါ့အကြောင်းကို ထည့်မပြောတာလဲ ”

“ ပြီးတော့… ငါက ဟွမ်ကောင်းကင်ဘုံအကြောင်းကို မင်းထက် ပိုသိတယ်… နတ်ဧကရာဇ်ကို မင်းမြင်ဖူးလို့လား… ငါမင်းကို ပြောလိုက်မယ် အဖိုးကြီး… နတ်ဧကရာဇ် ချိပ်ပိတ်ခံထားရတဲ့ နေရာကိုတောင် ငါရောက်ဖူးတယ်… အဲ့ဒီမှာ… ”

အားညို၏ စကားမဆုံးခင်မှာ သတ္တမသခင်ကြီးက သူ့ကို ဝင်ပေါက်တည့်တည့်ဆီသို့ ဆောင့်ကန်လိုက်သည်။

“ ခွေးကောင်… မင်းက ငါ့ကို အဖိုးကြီးလို့ ခေါ်မှတော့ နောက်ဘယ်တော့မှ ဆရာလို့ မခေါ်နဲ့… မင်းက ဟွမ်ကောင်းကင်ဘုံအကြောင်း ကောင်းကောင်း သိတယ်ဟုတ်လား… ဒါဆိုရင် အရှေ့ကနေ ကင်းထောက်ပေးစမ်း ”

အားညိုက ဝင်ပေါက်ထဲသို့ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားသည့်အခါ အော်ဟစ်ညည်းတွားလိုက်သည်။ သတ္တမသခင်ကြီးက သူ့ကို သနားသော အကြည့်ဖြင့် တစ်ချက်ပင် မကြည့်ဘဲ ရွှီချင်း၏ လက်ကို နွေးထွေးကြင်နာစွာ ဆုပ်ကိုင်လိုက်သည်။

“ လာ လာ… ငါ့ရဲ့ ချစ်တပည့်လေး… ဆရာတို့ အတူသွားကြစို့ ”

All Chapters