ဟွမ်ကောင်းကင်ဘုံ
Vol. 119 Ch. 1812
အညိုရောင်လေက အမှောင်ကောင်းကင်ယံမှာ တိုက်ခတ်သွားသည်။ လေဖြတ်သန်းသွားသည့်နေရာတိုင်း တအင့်အင့်ညည်းသံက ပျံ့လွင့်သွားသည်။
လေက သေခြင်းကို ဆောင်ကြဉ်းလာသည်။ လေက ဗလာနတ္ထိကို သယ်ဆောင်လာသည်။
ဖုန်မှုန့်က တလိပ်လိပ်မြှောက်တတ်သွားပြီး ရီဝေသော အလင်းရောင်အောက်မှာ ထွန်းလင်းသွားသည်။ ဤသည်မှာ အချိန်က အစက်အပြောက်များအဖြစ် ကွဲထွက်သွားသည့်အလားပင်။ အရိပ်များက ပုံပျက်တွန့်လိမ်သွားကြသည်။
လောကတစ်ခုလုံးက ကျိန်စာသင့်နေသည့်အလား အစွန်းရောက်ညှိုးမှိုင်မှုကို ထုတ်လွှတ်နေသည်။
ကောင်းကင်က ချေမွခံထားရသော မီးခိုးရောင်စက္ကူတစ်ရွက်နှင့် ဆင်တူသည်။
ဤသည်မှာ ဧရာမကျောက်လွှာထုတစ်ခုကို ကောင်းကင်ပေါ်မှာ မြင့်မြင့်ချိတ်ဆွဲထားသည့်အလား ကြီးမားသော ဖိအားက မြေကြီးပေါ်သို့ ကျဆင်းနေသည်။ ဤသည်မှာ ကျောက်လွှာထုက အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်သည့်အလား အရာအားလုံးကို အဆုံးမဲ့အမှောင်ထုထဲသို့ တွန်းပို့နေသည်။
လေထုထဲမှာ အလွန်သိပ်သည်းသော ဒြပ်နှောများက အခိုးအငွေ့သဖွယ် စုဝေးနေကြသည်။ ယင်းတို့က သက်ရှိနွယ်ပင်များကဲ့သို့ လူးလွန့်လှုပ်ရှားနေကြပြီး စိုထိုင်းသော မြူခိုးကို အရပ်မျက်နှာအသီးသီးဆီသို့ အဆုံးမဲ့စွာ ထုတ်လွှတ်နေသည်။
မြေကြီးသည် ဟိုးယခင်ကတည်းက အသက်ဓာတ်ကို ဆုံးရှုံးသွားခဲ့ဟန်ရပြီး ခြောက်သွေ့နေသည်။
အက်ကွဲရာများက မြေကြီးပေါ်မှာ ပြည့်နှက်နေပြီး ပေအနက်အမျိုးမျိုးရှိသော မြေပြင်အက်ကွဲကြောင်းများကို ဖန်တီးနေသည်။ ဤသည်မှာ ချောက်ချားဖွယ်ကောင်းသော ဧရာမပါးစပ်ပေါက်များက ကံကြမ္မာကို ကျိန်ဆဲနေကြသည့်အလားပင်။
သို့တိုင် ဤနေရာမှာ အသက်ဓာတ် လုံးဝ မရှိပေ။
ထိုမြေပြင်အက်ကွဲကြောင်းများထဲတွင် အပင်တချို့က ဇွဲကောင်းစွာ ပေါက်ရောက်ရှင်သန်နေကြသည်။ သို့တိုင် သဘာဝပတ်ဝန်းကျင်ကြောင့်ဖြစ်စေ သို့မဟုတ် ဒြပ်နှောများကြောင့်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ပင်ကိုယ်ဗီဇကြောင့်ဖြစ်စေ အပင်အားလုံးက ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
၎င်းတို့၏ အကိုင်းအခတ်များက မကျေမချမ်းဝိညာဉ်များသဖွယ် တွန့်လိမ်ကွေးကောက်နေကြပြီး အကိုင်းအခတ်တိုင်းမှာ ချွန်ထက်သော အဆူးများဖြင့် ဖုံးလွှမ်းနေကြသည်။ တချို့အပင်များဆိုလျှင် အပြင်မှ ကျူးကျော်ဝင်လာသူများကို တုန်လှုပ်ချောက်ချားစေမည့် အစိမ်းရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်နေကြသည်။
၎င်းတို့၏ အရွက်များသည်လည်း ထူးခြားဆန်းပြားသည်။ တချို့က ထန်းရွက်များသဖွယ် ကျယ်ပြောပြီး အရွက်ပေါ်မှာ အပေါက်များဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ အရွက်များက သဏ္ဍာန်မဲ့သော တည်ရှိမှုများ၏ ကိုက်စားခံထားရသည့်အလားပင်။ တချို့အရွက်များသည်တော့ ဓားများသဖွယ် သေးသွယ်ပြီး အဖျားချွန်ထက်ကြသည်။ လေတိုးဝှေ့သွားသည့်အခါတိုင်း ဓားအရွက်များက တုန်လှုပ်သွားလေရာ ယင်းတို့က ဓားအလင်းများသဖွယ် ပျံသန်းထွက်သွားတော့မည့်ဟန် အောက်မေ့ရသည်။
ထိုအပင်များ၏ အခြားတစ်ဖက်တွင် ယိုယွင်းပျက်စီးနေသော စွန့်ပစ်ကုန်းမြေတစ်ခု တည်ရှိသည်။ ထိုကုန်းမြေပေါ်မှာ အန္တရာယ်များသော ဧရာမနတ်ဘုရားသားရဲများက ကျင်လည်ကျက်စားနေကြသည်။
၎င်းတို့၏ အသွင်သဏ္ဍာန်က ပိုပြီးထူးဆန်းသည်။
တချို့အကောင်များမှာ မရေမတွက်နိုင်သော မျက်လုံးများရှိပြီး မျက်လုံးတစ်လုံးစီက ချောက်ချားဖွယ်ကောင်းသော အေးစက်စက်အလင်းကို ထုတ်လွှတ်နေကြသည်။ ဤသည်မှာ ၎င်းတို့က ပုံရိပ်ယောင်အားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
တချို့သားရဲများမှာတော့ တလက်လက်တောက်ပသော သံမဏိအကြေးခွံများ ရှိကြသည်။ ၎င်းတို့က အရွယ်အစား အလွန်ကြီးမားလေရာ ၎င်းတို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း မြေကြီးပေါ်မှာ နက်ရှိုင်းသော ခြေရာများ ကျန်ရစ်သွားကြသည်။
တချို့သားရဲများမှာ ယိုယွင်းပျက်စီးခြင်းအရှိန်အဝါကို ဆောင်ကြဉ်းပေးနိုင်သော ဧရာမအတောင်ပံများ ရှိကြသည်။ ၎င်းတို့ အတောင်ပံခတ်လိုက်သည့်အခါတိုင်း အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က ထွက်ပေါ်လာသည်။
သို့တိုင် ထိုစွန့်ပစ်ကုန်းမြေပေါ်မှာ မျက်စိဖမ်းစားနိုင်ဆုံးအရာသည် ထိုနတ်ဘုရားသက်ရှိများ မဟုတ်ကြချေ။
ယင်းအစား ဟောင်းနွမ်းပျက်စီးနေကြသော ဘုရားကျောင်းများ ဖြစ်ကြသည်။
ဘုရားကျောင်းတစ်ခုစီက ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။ ဤသည်မှာ ယင်းတို့က ရှေးခေတ်ကတည်းက တည်ရှိနေခဲ့သည့်အလားပင်။ ဘုရားကျောင်းအားလုံး၏ အသွင်သဏ္ဍာန်က တစ်ပုံစံတည်းဖြစ်ပြီး ယင်းတို့က နေရာအနှံ့မှာ ပြန့်ကျဲတည်ရှိနေကြသည်။
ဘုရားကျောင်းနံရံများကို ဧရာမကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ယင်းတို့အပေါ်မှာ ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများကို ရေးထွင်းထားသည်။ ဤသည်မှာ မှော်သင်္ကေတစ်ခုစီက လောက၏ အသက်ရှူငွေ့ ဖြစ်သည့်အလားပင်။
မျှော်စင်သဖွယ် ရှည်လျားသော ဂိတ်တံခါးများပေါ်မှာ အနုလက်ရာမြောက်သော ပန်းချီပုံရိပ်များကို ရေးဆွဲထားပြီး စုတ်ချက်တိုင်းမှာ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်က တောက်ပနေသည်။
ဤသည်မှာ အလင်းက ထိုဘုရားကျောင်းများ၏ ကိုးကွယ်ပူဇော်သော ပစ္စည်းတစ်ခု ဖြစ်သည့်အလားပင်။
ဤနေရာကို ဟွမ်ကောင်းကင်ဘုံဟု ခေါ်သည်။
ဟွမ်ကောင်းကင်ဘုံသည် ဝမ်ကူးကုန်းမြေ၏ အောက်မှာ တည်ရှိပြီး ယင်း၏ အကျယ်အဝန်းကို အပေါ်မှ ကုန်းမြေနှင့် မှန်းဆတိုင်းတာနိုင်သည်။ သမိုင်းမှတ်တမ်းများအရ ဟွမ်းကောင်းကင်ဘုံက စစ်မှန်သော ဝမ်ကူးကုန်းမြေ ဖြစ်သည်။
ယင်းက ရွှမ်ကမ္ဘာမြေကြယ်တာရာစက်ဝန်းမှ တတ်လှမ်းလာကြသော ကျင့်ကြံသူများ ပထမဆုံးရှာတွေ့ခဲ့သော နယ်မြေ ဖြစ်သည်။
ရှေးခေတ်ကာလမှာ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်နှင့် ကျင့်ကြံသူများကြားတွင် အမြစ်ဖြတ်သုတ်သင်ခြင်းစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲမှာ ကျင့်ကြံသူများက အကျအဆုံးများခဲ့သော်လည်း နောက်ဆုံးမှာ အောင်ပွဲရရှိသွားကြသည်။
အောင်မြင်မှုအသီးအပွင့်သည် အလွန်ချိုမြိန်ပြီး သိမ်မွေ့နက်နဲသည်။ ယင်းက ကျင့်ကြံသူများကို အထက်ကြယ်တာရာစက်ဝန်းထဲမှာ ဇာတိမြေတစ်ခု ရှိလာစေသည်။ ထိုဇာတိမြေက ဝမ်ကူးကုန်းမြေ၏ ဖန်တီးမှု ဖြစ်သည်။
ဝမ်ကူးကုန်းမြေက ဟွမ်ကောင်းကင်ဘုံ၏ မိုးကောင်းကင်ဖြစ်လာသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က ကျရှုံးသွားခဲ့သည်။ နတ်ဘုရားအများစုက ဖိနှိပ်ခံလိုက်ကြရပြီး ၎င်းတို့၏ တော်ဝင်သွေးမျိုးဆက်က ချိပ်ပိတ်ခံလိုက်ရသည်။ ၎င်းတို့၏ အိမ်ရှေ့စံမင်းသားသည်သာ ရွှေကျီးကန်းနေလုံးအဖြစ် ဆက်လက် ရှင်သန်နိုင်ခဲ့သည်။
ဟွမ်ကောင်းကင်ဘုံတစ်ခုလုံးက ဝမ်ကူးကုန်းမြေ၏ အောက်မှာ မြေမြှုပ်ခံလိုက်ရသည်။
အသစ်ပြန်လည်ဖွဲ့စည်းထားသော ဝမ်ကူးကုန်းမြေက ဟွမ်ကောင်းကင်ဘုံ၏ အထက်မှာ ထာဝရ တည်တံ့သွားသည်။
ကောင်းကင်ဘုံတာအိုများ၏ အားဖြည့်ပေးမှုကြောင့် ကျင့်ကြံခြင်းလမ်းစဉ်က အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ ပထမဆုံး ပေါ်ထွန်းလာသည်။ ဟွမ်ကောင်းကင်ဘုံသည်တော့ ထာဝရ ချိပ်ပိတ်ခံထားရဟန် ကံပါလာသည်။
သို့ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ ဟွမ်ကောင်းကင်ဘုံက ဒဏ္ဍာရီတစ်ခုအဖြစ် မှေးမှိန်သွားသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သည်ပင် သမိုင်းထဲမှာသာ ကျန်ရှိတော့သည်။
ကျင့်ကြံသူအနည်းငယ်သာလျှင် ဤနေရာသို့ ရောက်လာနိုင်ကြသည်။
သို့သော် ယနေ့မှာတော့…
သာမန်မဟုတ်သော ကျင့်ကြံသူများက ဟွမ်ကောင်းကင်ဘုံဆီသို့ ရောက်လာကြသည်။
အရင်ဆုံး ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့်အခါ အော်ဟစ်ညည်းညူသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ထို့နောက် တစ်ခါမှမဖြစ်ဖူးသော ကောင်းကင်ဘုံအက်ကွဲသံက မီးခိုးရောင် မိုးကောင်းကင်ထံမှ ထွက်ပေါ်လာသည်။
ဗုန်း…
နားကွဲလုမတတ် ကျယ်လောင်သော မြည်ဟိန်းသံက ဟွမ်ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထိုအသံ ပျံ့လွင့်သွားသည်နှင့် ကောင်းကင်က သဏ္ဍာန်မဲ့လက်နှစ်ဖက်ဖြင့် ဆုတ်ဖြဲခံလိုက်ရသည့်အလား ဟက်တက်ကွဲထွက်သွားသည်။
သို့ဖြစ်၍ ဧရာမအက်ကွဲကြောင်းတစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
မကြာမီ ပုံရိပ်နှစ်ခုက အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာကြသည်။
သူတို့ထွက်ပေါ်လာသည့်အခိုက် ဟွမ်ကောင်းကင်ဘုံထဲမှ ဒြပ်နှောများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ ဆန်းသစ်သော တည်ရှိမှုအငွေ့အသက်က ထိုနှစ်ယောက်ထံမှ ထွက်ပေါ်လာပြီး ကုန်းမြေတစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုတည်ရှိမှုအငွေ့အသက် ဖြတ်သန်းသွားသည့်နေရာတိုင်း ဒြပ်နှောများက စတင်အရည်ပျော်သွားသည်။
ယင်းက အင်မော်တယ်များ၏ အရှိန်အဝါ ဖြစ်သည်။
ဟွမ်ကောင်းကင်ဘုံက ဖိနှိပ်ခံလိုက်ရသည်။
ထိုအရှိန်အဝါ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လောကတစ်ခုလုံးက ဖရိုဖရဲအခြေအနေသို့ ကျရောက်သွားသည်။
ကောင်းကင်က ပုံပျက်တွန့်လိမ်သွားသည်။
ယိုယွင်းတိုက်စားမှုက ပျောက်ကွယ်သွားသည်။
သစ်ပင်များက တုန်ယင်သွားကြသည်။
သားရဲများက မြေပြင်ပေါ်မှာ ဝပ်တွားလိုက်ကြသည်။
အများဆုံး သက်ရောက်ခံလိုက်ရသည်မှာ စွန့်ပစ်ကုန်းမြေပေါ်မှ ဘုရားကျောင်းပျက်များ ဖြစ်ကြသည်။
ဤသည်မှာ ယင်းတို့က အသက်ဓာတ်ဖြင့် သွတ်သွင်းခံလိုက်ရသည့်အလား အပြင်းအထန် တုန်ယင်သွားကြသည်။
နက်ရှိုင်းသော ပေါက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေသော ရှေးဟောင်းလောကက ယခု ပြန်နိုးထလာသည့်အလားပင်။
တဖြည်းဖြည်း ကောင်းကင်ဘုံတုန်လှုပ်စေနိုင်သော ဟိန်းသံက ထွက်ပေါ်လာသည်။
ထိုဘုရားကျောင်းများထဲမှ နတ်ဘုရားရုပ်တုများက အပြင်းအထန် တုန်ယင်သွားကြသည်။
ရုပ်တုများထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ရှိန်လောက်စရာကောင်းပြီး သေမျိုးများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သို့တိုင် ဤအခိုက်အတန့်မှာ ရုပ်တုအများစုသည် ကောင်းကင်ပေါ်မှ ဖိအားကို မတောင့်ခံနိုင်သောကြောင့် စတင်အက်ကွဲသွားကြသည်။
ထိုအရာအားလုံး၏ ဇစ်မြစ်က ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာကြသော ပုံရိပ်နှစ်ခုကြောင့် ဖြစ်သည်။
“ အဲ့ဒါက… ဟွမ်ကောင်းကင်ဘုံ ”
သတ္တမသခင်ကြီးက သူ၏ ခြေဖဝါးအောက်မှ ကုန်းမြေကို ကြည့်လိုက်ပြီး ဘုရားကျောင်းပျက်များနှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို အာရုံခံလိုက်သည်။ သူ၏ လေသံထဲမှာ အတိတ်ကို လွမ်းဆွေးသော အရိပ်အမြွက်တစ်စွန်းတစ်စ ပါဝင်နေသည်။
“ အတိတ်မှာ ငါက အကြီးအကဲတွေနောက်ကို လိုက်ပြီး ဒီကို ရောက်လာခဲ့တယ်… ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်နဲ့ စစ်ပွဲမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တယ် ”
ထို့နောက် သူက ရွှီချင်းထံသို့ လှည့်လိုက်သည်။ သူ၏ မျက်နှာက တည်ကြည်သွားသည်။
“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို လျော့မတွက်နဲ့… သူတို့က တခြားအစွမ်းထက် နတ်ဘုရားတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းတယ်လို့ ထင်ရပေမဲ့… ”
“ သူတို့က ဝိညာဉ်ပါရမီကို ပိုင်ဆိုင်ထားကြတဲ့ ရှားပါးတဲ့ နတ်ဘုရားမျိုးနွယ်စုတွေထဲက တစ်ခုပဲ… ပြီးတော့ ဝိညာဉ်ပါရမီရှိတဲ့ လူတွေက မျိုးနွယ်ဝင်အနည်းစုပဲ မဟုတ်ဘူး… သူတို့တစ်မျိုးနွယ်လုံးက ဝိညာဉ်ပါရမီရှိကြတယ် ”
“ ငါ့ဘဝတစ်လျှောက်လုံးမှာ ဝိညာဉ်ပါရမီရှိတဲ့ နောက်ထပ် နတ်ဘုရားတစ်ပါးကို တစ်ခါမှ မမြင်ဖူးဘူး ”
ယင်းကို ကြားသောအခါ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
ဝိညာဉ်ပါရမီရှိသော နတ်ဘုရားများက အလွန်အမင်း ရှားပါးကြသည်။ သူသည်ပင် နတ်ဘုရားနှစ်ပါးကိုသာ မြင်ဖူးသည်။
တစ်ယောက်က အားညို၏ ဝါးမျိုခံခဲ့ရသော အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဧကရာဇ်ချီအူဇီဖြစ်သည်။
တခြားတစ်ယောက်က ယခု ရွှီချင်း၏ သိုလှောင်အိတ်ထဲမှာ အနားယူနေသော ကြယ်တာရာမျက်လုံးနတ်သမီး ဖြစ်သည်။
“ ဒါကြောင့် သူတို့ကို ဆန့်ကျင်တဲ့ စစ်ပွဲမှာ ငါတို့ဘက်က ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံခဲ့ရတယ်… အဲ့ဒါက ရွှမ်ကမ္ဘာမြေကြယ်တာရာစက်ဝန်းတစ်ခုလုံးကို သက်ရောက်သွားစေတဲ့အထိပဲ… ငါတို့ အနိုင်ရသွားတဲ့နောက်မှာ အကြီးအကဲတွေက အဲ့ဒီမျိုးနွယ်စုအကြောင်း သုတေသနပြုလုပ်ခဲ့ကြတယ် ”
“ ငါ့ရဲ့ အဆင့်အတန်းရယ်… စစ်ပွဲမှာ ပါဝင်ဖူးတာကြောင့်ရယ် နောက်ဆုံးအနှစ်ချုပ်ကို အနည်းအကျဉ်း ငါသိခဲ့ရတယ် ”
“ ဟွမ်ကောင်းကင်ဘုံကိုယ်တိုင်က… သာလွန်ထူးခြားတဲ့ ဝိသေသလက္ခဏာတစ်ရပ်ကို ဖမ်းဆုပ်ထားတယ် ”
“ ဒီဟွမ်ကောင်းကင်ဘုံက ဒီကြယ်တာရာစက်ဝန်းထဲမှာ ပထမဆုံးမွေးဖွားလာခဲ့တဲ့ ကြယ်ဂြိုလ်ဖြစ်မယ်လို့ ငါတို့ခန့်မှန်းခဲ့ကြတယ် ”
“ ပြီးတော့… ဟွမ်ကောင်းကင်ဘုံမျိုးနွယ်က ဒီကြယ်ဂြိုလ်ရဲ့ ပထမဆုံး ဒေသခံမျိုးနွယ်ဖြစ်တယ် ”
“ အဲ့ဒါကြောင့်မဟုတ်ရင်… ဘာလို့ ရှေးဦးအပျက်အစီးက ဒီနေရာကို ဆင်းသက်လာမှာလဲ ”
ရွှီချင်းက ထိုစကားများကို ကြားသွားသောအခါ သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
“ ရှေးခေတ်မိခင်ဂြိုလ် ”
သူက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ မိခင်ဂြိုလ်အကြောင်းကို ချက်ချင်း တွေးမိသွားသည်။ သို့သော်လည်း အသေးစိတ် ချင့်ချိန်စဉ်းစားလိုက်သည့်အခါ ထိုနှစ်ခုက မအပ်စပ်ကြောင်း သူရှာတွေ့သွားသည်။
“ ရှေးခေတ်မိခင်ဂြိုလ်ဆိုတာ နတ်ဘုရားတွေရဲ့ ပြန်လည်ရှင်သန်ခြင်းလျှို့ဝှက်ချက်နဲ့ သက်ဆိုင်တဲ့နေရာပဲ… ပြီးတော့ အဲ့ဒီမှာ နတ်ဘုရားအပြစ်သားတွေ ရှိတယ်… ဒါပေမဲ့ ဒီနေရာကတော့ အဲ့ဒါတွေနဲ့ တစ်ခုမှ မကိုက်ညီဘူး ”