ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်
Vol. 119 Ch. 1813
“ ဝမ်ကူးကုန်းမြေမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ် ”
ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။
ထိုအခိုက်အတန့်မှာ မြေပြင်ပေါ်မှ အားညို၏ အော်သံက ရွှီချင်းနှင့် သတ္တမသခင်ကြီး၏ တွေးတောစဉ်းစားမှုကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။
“ အဖိုးကြီး… ချင်လေး… စဉ်းစားနေတာ တော်လိုက်တော့… ဒီနေရာကို ငါတို့ရောက်နေပြီဆိုမှတော့ ငါ့ရဲ့ မူလခန္ဓာကိုယ်ကို မြန်မြန် သွားရှာရအောင် ”
“ ငါ့ရဲ့ မူလခန္ဓာကိုယ်က အခုချိန်မှာ အတော်လေး ကောင်းစားနေတာကို ငါအာရုံခံနိုင်တယ်… ငါက ကိုယ်ပွားပဲဆိုပေမဲ့ ဒါမျိုးကိုတော့ လက်သင့်မခံနိုင်ဘူး ”
အားညိုက မြေပြင်ပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
လေထဲမှ သတ္တမသခင်ကြီးက အားညိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
“ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ… မင်းနဲ့ မင်းရဲ့ မူလန္ဓာကိုယ်က ဒင်္ဂါးပြားတစ်ပြားရဲ့ မျက်နှာပြင်နှစ်ဖက်လို ချိတ်ဆက်နေတာလေ ”
အားညိုက ကိုးရိုးကားရား ရယ်လိုက်သည်။
ထိုစဉ် ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ရုတ်တရက် ဖြန့်ကြက်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ခပ်အုပ်အုပ်မိုးခြိမ်းသံက ဟွမ်ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ယင်းက သူ၏ နတ်ဘုရားစိတ်အာရုံနှင့် ဒြပ်နှောများ၏ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသော ပေါက်ကွဲသံ ဖြစ်သည်။
မိုးခြိမ်းသံ ပဲ့တင်ထပ်သွားသည့်အခါ ဟွမ်ကောင်းကင်ဘုံ၏ ကောင်းကင်နှင့် မြေပြင်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ လေကြမ်းများက တိုက်ခတ်လာပြီး တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
သစ်ပင်အားလုံးက တုန်ယင်သွားကြပြီး နတ်ဘုရားသားရဲအားလုံးက အော်ဟစ်ညည်းတွားလိုက်ကြသည်။
ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံ ဖြန့်ကြက်မှုအောက်တွင် ဟွမ်ကောင်းကင်ဘုံထဲမှ အရာအားလုံးက သူ၏ စိတ်ထဲမှာ ရှင်းလင်းထင်ရှားသွားသည်။
အလွန်တောက်ပသော အလင်းရောင်ဖြင့် ဖုံးလွှမ်းခံထားရသည့် ဒေသကြီးတစ်ခုသည်သာ သူ၏ စူးစမ်းလေ့လာမှုကို ယာယီခုခံနိုင်ခဲ့သည်။
သို့တိုင် အားညို၏ မူလခန္ဓာကိုယ်က တောက်ပသော ထိုဒေသကြီးထဲမှာ မဟုတ်ပေ။ သို့သော်လည်း နီးစပ်သည်။ ထို့နောက် ရွှီချင်းက အားညို၏ မူလခန္ဓာကိုယ်ကို မြင်တွေ့သွားသည်။
သူ၏ အမူအရာက ထူးဆန်းသွားသည်။ ထို့နောက် သူက မြေပြင်ပေါ်မှ အားညို၏ ကိုယ်ပွားကို ကြည့်လိုက်သည်။
အားညိုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ရွှီချင်းကို ကောင်းမွန်စွာ နားလည်လေရာ တစ်ဖက်လူ၏ အမူအရာကို သူကြည့်လိုက်ရုံဖြင့် အကြောင်းအရင်းကို ချက်ချင်း ခန့်မှန်းနိုင်သွားသည်။
ထို့ကြောင့် သူက လည်ချောင်းရှင်းလိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။
“ ဘယ်လိုလဲ… ငါ့ရဲ့ မူလခန္ဓာကိုယ်ကို မင်းမြင်သွားပြီ မဟုတ်လား… မင်းကို ငါပြောခဲ့တယ်မဟုတ်ဘူးလား ချင်းလေး… အဲ့ဒါ ငါလေလုံးထွားနေတာ မဟုတ်ဘူး… မင်းရဲ့ စီနီယာအကိုကြီးက ဟွမ်ကောင်းကင်ဘုံကို ပေါင်းစည်းဖို့ တကယ် ခြေတစ်လှမ်းပဲ လိုတော့တာ ”
“ မင်းရဲ့ ပါးစပ်ကို ပိတ်ထားစမ်း ”
သတ္တမသခင်ကြီးက နောက်ထပ် သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်သည်။
အားညိုကို ကြိမ်းမောင်းပြီးနောက် သူက ရွှီချင်းဘက်သို့ လှည့်လိုက်ပြီး ချစ်ခင်ကြင်နာစွာ ပြုံးပြလိုက်သည်။
“ ချစ်တပည့်လေး… အဲ့အရူးကောင်ရဲ့ ကိစ္စက ဘာမှအရေးမကြီးဘူး… ဆရာတို့ ဒီကို ရောက်လာပြီဆိုမှတော့ အတူတူ လမ်းလျှောက်ကြရင်း မင်းမသိသေးတဲ့ ရှေးဖြစ်ကိစ္စတွေကို ဆရာပြောပြတာပေါ့ ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
သတ္တမသခင်ကြီးက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ့တပည့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းက သူ့အား ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်စေသည်။ အထူးသဖြင့် ရွှီချင်း၏ ကျင့်ကြံခြင်းက မည်မျှမြင့်မားကြောင်း သူသိထားသောအခါ ဖြစ်သည်။ သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။
သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ့ဆရာ၏ စိတ်ပျော်ရွှင်နေသော အခြေအနေကို ရွှီချင်း အာရုံခံမိသောအခါ သူက ပူးပေါင်းဆောင်ရွက်လိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး အချိန်လေဟာနယ်လှိုင်းများက ထွက်ပေါ်လာကြသည်။ ထို့နောက် ကျိုးကျန်းလီနှင့် တခြားလူများ၏ ပုံရိပ်များက သူဖွင့်လှစ်ထားသော အချိန်လေဟာနယ်လှိုင်းများမှတဆင့် ထွက်လာကြသည်။
“ ဒီကုန်းမြေတစ်လျှောက် ဖြန့်ကြက်ပါ… ဘုရားကျောင်းတွေကို ဖိနှိပ်ပြီး မူလအနှစ်သာရကို ဆွဲထုတ်ပါ ”
ကျိုးကျန်းလီနှင့် တခြားလူများက ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။ မူလအနှစ်သာရကို ဆွဲထုတ်ခြင်းက သူတို့၏ အထူးကျွမ်းကျင်မှု ဖြစ်သည်။ အထူးသဖြင့် သက်ရှိများထံမှ မူလအနှစ်သာရကို ဆွဲထုတ်ခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်မှာ သူတို့က အလင်းတန်းများသဖွယ် အဝေးမှ ဒေသကြီးများဆီသို့ ပျံသန်းသွားကြသည်။
သူတို့၏ ထွက်ခွာသွားမှုကို စောင့်ကြည့်ပြီးနောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး သတ္တမသခင်ကြီး၏ ဘေးသို့ လျှောက်သွားသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်က ဟွမ်ကောင်းကင်ဘုံထဲမှာ လမ်းလျှောက်လိုက်ကြသည်။
သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ဆရာတပည့်ထံမှ ထုတ်လွှတ်နေသော အင်မော်တယ်စွမ်းအင်အရှိန်အဝါကြောင့် လေထဲမှ ဒြပ်နှောအခိုးအငွေ့များက အရည်ပျော်သွားကြသည်။ မီးခိုးရောင်ကောင်းကင်သည်ပင် သူတို့၏ ကိုယ်ရောင်ကိုယ်ဝါကြောင့် ကြည်လင်တောက်ပသွားသည်။
မြေပြင်ပေါ်မှ သစ်ပင်များသည်တော့ တုန်ယင်သွားကြသည်။ အင်မော်တယ်စွမ်းအင်၏ ဖုံးလွှမ်းမှုအောက်မှာ အနက်ရောင်အရည်က ၎င်းတို့ထံမှ စိမ့်ထွက်လာသည်။ ဤသည်မှာ ၎င်းတို့က ညှိုးနွမ်းသွားကြသည့်အလားပင်။
ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသားရဲများသည်လည်း တူညီသော ကံကြမ္မာဖြင့် တွေ့ကြုံသွားကြသည်။ သူတို့နှစ်ယောက် ဖြတ်သန်းသွားသည့်နေရာတိုင်း မြေပြင်ပေါ်မှ သားရဲများက နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြပြီး ဖုန်မှုန့်ဖြစ်သွားကြသည်။
ထိုမြင်ကွင်းကို အနောက်မှာ ကျန်နေခဲ့သော အားညိုမြင်သွားသောအခါ သူက နောက်ထပ် မနာလိုမှုကို ခံစားမိသွားသည်။
“ သူတို့နှစ်ယောက်ကို ငါကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ ဆရာတပည့်ဆက်ဆံရေးကို ဘာလို့ ငါခံစားမိတာလဲ… မဖြစ်ဘူး… ငါ့ရဲ့ အစီအစဉ်ကို အရှိန်မြှင့်ရမယ်… မဟုတ်ရင် အဲ့အဖိုးကြီးက ချင်းလေးကို သူ့ရဲ့ တစ်ဦးတည်းသော တပည့်အဖြစ် အသိအမှတ်ပြုသွားလိမ့်မယ် ”
ထိုသို့တွေးမိသောအခါ အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူတို့အနောက်မှ အမြန်လိုက်သွားသည်။ သူက ထိုဆရာတပည့်ကြားထဲမှာ ဝင်ရောရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
သတ္တမသခင်ကြီးက အားညိုကို စိတ်ဆိုးသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း သူ၏ အလျင်ကို အနည်းငယ် နှေးကွေးစေသည်။ သူက အားညိုကို အမြဲတမ်း ဆူပူကြိမ်းမောင်းနေသော်လည်း သူ၏ နှလုံးသားထဲမှာတော့ ဤတပည့်ကြီးအပေါ် နှစ်သက်သဘောကျနေဆဲပင်။
ထိုစဉ် ရွှီချင်းက အင်မော်တယ်စွမ်းအင်အမျှင်တန်းတစ်ခုကို စေလွှတ်လိုက်ပြီး အားညို၏ အလျင်ကို တိုးမြှင့်ပေးလိုက်သည်။
ထိုသို့ဖြင့် သူတို့သုံးယောက်က ဟွမ်ကောင်းကင်ဘုံထဲမှာ ခရီးဆက်လိုက်ကြသည်။ သူတို့၏ ခြေလှမ်းများက နှေးကွေးဟန်ထင်ရသော်လည်း အသက်တစ်ခါရှူချိန်တိုင်းမှာ သူတို့၏ ခြေဖဝါးအောက်မှ ကုန်းမြေက အမြဲမပြတ် ပြောင်းလဲသွားသည်။
ထိုသို့လမ်းလျှောက်နေစဉ် သတ္တမသခင်ကြီး၏ အသံက ရံဖန်ရံခါ ထွက်ပေါ်လာပြီး အတိတ်မှ ခမ်းနားထည်ဝါသော မှတ်ဉာဏ်များကို ပြန်လည်ပြောပြသည်။
“ ဒီနေရာက… ရွှမ်ကမ္ဘာမြေက တာအိုကြယ် ပျက်စီးသွားတဲ့နေရာပဲ… ”
“ ဒီနေရာမှာ… ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ရဲ့ နဝမမြောက်ယဇ်ပလ္လင် တည်ရှိခဲ့တယ်… အဲ့ဒါကို ရွှမ်ကမ္ဘာမြေက စီနီယာယွင်လော့ဇီနဲ့ သူ့ရဲ့ မဟာမိတ်ကျင့်ကြံသူတွေက ဖျက်ဆီးခဲ့ကြတယ် ”
သူ၏ လေသံထဲမှာ နက်ရှိုင်းသော စိတ်ခံစားချက်များ ကိန်းအောင်းနေသည်။ သူ၏ ခြေဖဝါးအောက်မှ ကုန်းမြေက ဧရာမချောက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အခိုက် သူ၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။
ထိုချောက်နက်က မြှားတစ်စင်းသဖွယ် ဖြောင့်တန်းသည်။ ယင်းကို သာမန်မျက်စိဖြင့် ကြည့်မည်ဆိုလျှင် အဆုံးအစမဲ့စွာ ရှည်လျားကြောင်း ရှာတွေ့သွားလိမ့်မည်။ ယင်း၏ အနက်က အောက်ခြေမဲ့သည့်အလား အလွန်နက်ရှိုင်းသည်။ ရှေးဟောင်းဓားစွမ်းအင်သည် ချောက်နက်ထဲမှ အမြဲမပြတ် ပေါ်လျှိုးလာနေပြီး ဤနေရာမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းနေသော ဒြပ်နှောများကို ဖယ်ရှားပေးနေသည်။
“ ဒီနေရာက ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ရဲ့ ညီတော် ဟွမ်ဘုရင်ကို ရွှမ်ကမ္ဘာမြေက အင်မော်တယ်ထျန်းလင် သုတ်သင်ပစ်ခဲ့တဲ့ နေရာပဲ… ”
“ ဟွမ်ဘုရင်က အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ပြီး အရမ်းသန်မာတယ် ”
“ စီနီယာထျန်းလင်က ဟွမ်ဘုရင်ကို သတ်ပစ်ဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ ရွှမ်ကမ္ဘာမြေက ဓမ္မရတနာတွေကို စတေးခဲ့တယ်… သူ့ရဲ့ နောက်ဆုံးအစွမ်းထုတ်လွှတ်မှုက ဒီဓားချောက်နက်ကို ကျန်ရစ်စေခဲ့တယ် ”
သတ္တမသခင်ကြီးက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ချောက်နက်ကို ကြည့်လိုက်သည်။
ရွှီချင်းက အောက်သို့ ငုံ့ကြည့်လိုက်သည်။ ချောက်နက်ထဲမှ ပေါ်လျှိုးလာနေသော အံ့ဖွယ်ဓားစိတ်ဆန္ဒကို သူအာရုံခံမိသောအခါ ရွှီချင်းက တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။
ထိုအချင်းအရာကို မြင်သောအခါ သတ္တမသခင်ကြီး၏ နှလုံးသားက နွေးထွေးသွားသည်။
“ ဆက်လျှောက်ရအောင် ”
သူက အရှေ့သို့ လျှောက်သွားသည်။
သူတို့က တောင်တန်းများနှင့် ပင်လယ်များကို ဖြတ်လျှောက်သွားကြသည်။ သူတို့က နေရာဒေသအသီးသီးကို ဖြတ်ကျော်သွားကြစဉ် ရှေးခေတ်စစ်ပွဲနှင့်ပတ်သက်၍ သတ္တမသခင်ကြီး၏ ပြန်ပြောပြမှုက ရုပ်ပုံပန်းချီကားတစ်ချပ်သဖွယ် ရှင်းလင်းလာသည်။
နောက်ဆုံးမှာတော့ အလွန်ကျယ်ပြောသော လွင်ပြင်တစ်ခုပေါ်သို့ သူရောက်ရှိသွားသည့်အခါ သူ၏ အသံက ရပ်တန့်သွားပြီး စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီနေရာက… ငါ့ဆရာကို နာမည်ကျော်ကြားစေခဲ့တဲ့ နေရာပဲ ”
“ တစ်ချိန်က ဒီနေရာမှာ အဆုံးမဲ့တောင်တန်းဒေသတစ်ခု ရှိခဲ့တယ်… ငါ့ဆရာက အဲ့ဒီအချိန်တုန်းက အင်မော်တယ်တစ်ပါး မဟုတ်သေးဘူး… သူက ဒီနေရာမှာ အင်မော်တယ်အဖြစ် အဆင့်တတ်လှမ်းသွားပြီး ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က အစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲခဲ့တယ် ”
“ အဲ့ဒီတိုက်ပွဲပြီးဆုံးသွားတဲ့နောက် တောင်တန်းဒေသက ပျောက်ကွယ်သွားပြီး မြေပြင်က ခြောက်သွေ့သွားတယ်… အစစ်အမှန်နတ်ဘုရား ကျဆုံးသွားတဲ့နောက် ငါ့ဆရာရဲ့ အင်မော်တယ်ဂုဏ်သတင်းက ရွှမ်ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့သွားတယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သတ္တမသခင်ကြီး၏ လေသံထဲမှာ အတိတ်ကို လွမ်းဆွေးသော အရိပ်အမြွက်တစ်စွန်းတစ်စ ကိန်းအောင်းနေကြောင်း သူသတိပြုမိသည်။
အားညိုသည်ပင် ခါတိုင်းကဲ့သို့ ကြားဝင်မပြောရဲဘဲ သူ့ဆရာကို အတိတ်မှတ်ဉာဏ်များထဲမှာ နစ်မြုပ်သွားစေရန် ခွင့်ပြုထားသည်။
သို့သော်လည်း ဆရာတပည့်က လေထဲမှာ ရပ်လိုက်သည့်အခိုက် သူတို့ထံမှ အင်မော်တယ်စွမ်းအင်က လွင်ပြင်ပေါ်မှ အပင်များကို ညှိုးခြောက်သွားစေပြီး သားရဲများကို အော်ဟစ်ညည်းတွားသွားစေသည်။
မကြာမီ လွင်ပြင်ပေါ်မှာ တည်ရှိနေကြသော ဘုရားကျောင်းများက နောက်ထပ် မတောင့်ခံနိုင်ကြတော့ချေ။
ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ဘုရားကျောင်းများက ပြိုကျပျက်စီးသွားကြသည်။
ထို့နောက် ပြိုကျသွားသော ဘုရားကျောင်းများထဲမှ နတ်ဘုရားရုပ်တုများက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး ကျောက်တုံးအဖြစ်မှ အသွေးအသားအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုနောက် ၎င်းတို့က နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားအစွမ်းနှင့် ဒြပ်နှောများကို ဒလဟော ထုတ်လွှတ်လိုက်ကြသည်။
၎င်းတို့၏ အမူအရာက ရက်စက်ကြမ်းကြုတ်ပုံပေါ်သော်လည်း ၎င်းတို့၏ မျက်လုံးများက ညှိုးမှိုင်နေသည်။ ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အသိစိတ်က ထိန်းချုပ်ခံထားရသည့်အလားပင်။ စွမ်းအားကွာခြားမှုက အလွန်ကြီးမားလေရာ ရွှီချင်းတို့အုပ်စုထံသို့ ခုန်အုပ်ခြင်းက ကိုယ့်ဘာသာ သတ်သေခြင်းနှင့် မခြားပေ။
သူ့နတ်ဘုရားစိတ်အာရုံ၏ ဖြန့်ကြက်မှုကို ထည့်မတွက်လျှင် ရွှီချင်းသည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်မှ မျိုးနွယ်ဝင်သုံးဦးတည်းကိုသာ ကိုယ်တိုင်တွေ့ဆုံဖူးသည်။
တစ်ယောက်က နီလာနတ်သမီးဖြစ်သည်။
နောက်တစ်ယောက်က လီဇီဟွားဖြစ်သည်။
နောက်ဆုံးတစ်ယောက်က ရွှေကျီးကန်းအိမ်ရှေစံမင်းသား ဖြစ်သည်။
ပထမနှစ်ယောက်က ဝမ်ကူးကုန်းမြေဆီသို့ တတ်လှမ်းလာခဲ့ကြသူများ ဖြစ်သည်။ နီလာနတ်သမီးသည် အနီရောင်လနှင့် ပေါင်းစပ်ခဲ့ပြီး နတ်ဘုရားတစ်ပါးဖြစ်လာရန် ရွေးချယ်ခဲ့သည်။ လီဇီဟွားသည်တော့ သူ၏ နတ်ဘုရားစွမ်းအင်ကို ဖြတ်တောက်ပြီး သူ၏ မွေးရာပါအရည်အချင်းများကို စွန့်လွှတ်ခဲ့သည်။
ရွှေကျီးကန်းအိမ်ရှေ့စံမင်းသားသည်တော့ ယာယီပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။
အတိတ်မှာ ရွှီချင်းသည် ကျင့်ကြံခြင်းစွမ်းအား မလုံလောက်မှုကြောင့် ၎င်းတို့၏ စစ်မှန်သော အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။
သို့ဖြစ်၍ ဤတစ်ကြိမ်က စစ်မှန်သော ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်ကို ပထမဆုံးအကြိမ် သေသေချာချာ သူမြင်ဖူးခြင်း ဖြစ်သည်။
ထိုနတ်ဘုရားမျိုးနွယ်သည် အမှန်တကယ် ထူးခြားသည်။
၎င်းတို့၏ ခန္ဓာကိုယ်ကို ရှုပ်ထွေးနက်နဲသော အာရုံကြောအမျှင်များနှင့် သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ ရုပ်သဏ္ဍာန်မရှိသော်လည်း ၎င်းတို့က စစ်ဆေးလေ့လာသူ၏ အသိစိတ်ကို တုန်လှုပ်ချောက်ချားသွားစေမည့် ရုပ်သဏ္ဍာန်ကို ပြောင်းလဲထုတ်ဖော်နိုင်ကြသည်။
၎င်းတို့၏ ဦးခေါင်းသည် ဖရိုဖရဲဖြစ်နေသော မြေစက်ဝိုင်းတစ်ခု ဖြစ်သည်။ ထိုမြေစက်ဝိုင်းပေါ်မှာ အလင်းကတော့ချွန်များက မှော်အစီအရင်သဖွယ် လွင့်မျောနေကြသည်။ ထို့ပြင် ကတော့ချွန်အရေအတွက်က တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားကြသည်။ သူတို့အဖွဲ့ထံသို့ ပျံသန်းလာနေကြသည့် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားများထဲတွင် အရေအတွက်အများဆုံးက အလင်းကတော့ချွန်ဆယ့်နှစ်ခု ဖြစ်သည်။
ထိုအလင်းကတော့ချွန်များသည် သူတို့၏ ဦးခေါင်းခွံကို ဖောက်ထွင်း၍ ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ ထိုအလင်းရောင်အောက်မှာ ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများက ၎င်းတို့၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာကြသည်။ ထို့ပြင် မှော်သင်္ကေတများက အချိန်တိုင်း ပုံသဏ္ဍာန်ပြောင်းသွားလေ့ ရှိသည်။
အလင်းဝဲကတော့ချွန်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြစဉ် ၎င်းတို့က ဝိညာဉ်နာကျင်စေမည့် စူးစူးဝါးဝါးအော်သံကို ထုတ်လွှတ်လိုက်ကြသည်။ သို့တိုင် ၎င်းတို့က ရွှီချင်းနှင့် ပေတစ်ထောင်အကွာသို့ ရောက်ရှိသွားကြသည့်အခိုက်…
ရွှီချင်းက ၎င်းတို့ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ ထိုအကြည့်အောက်မှာ…
အချိန်လေဟာနယ်က ပြိုကွဲသွားသည်။
အပေါ်သို့ ပျံသန်းလာကြသော ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ဝင်များက တုန်ယင်သွားကြပြီး သလင်းကျောက်ဖုန်မှုန့်အဖြစ် ချက်ချင်း ပြိုကွဲပျက်စီးသွားကြသည်။
၎င်းတို့၏ အလင်းကတော့ချွန်များသာလျှင် အကောင်းတိုင်း ကျန်ရှိကြသည်။ ရွှီချင်း၏ စိတ်အာရုံအောက်မှာ ယင်းတို့က ရောင်ခြည်တန်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ဖဝါးဆီသို့ ပျံသန်းလာကြသည်။
ယင်းတို့က အာရုဏ်ဦး၏ ပထမဆုံးအလင်းရောင်နှင့် ဆင်တူသည်။
ထိုအလင်းကတော့ချွန်များကို စစ်ဆေးလေ့လာနေရင်း ရွှီချင်းက လေးနက်စွာ တီးတိုးရေရွတ်လိုက်သည်။
“ ကျောက်ရှာအလင်း ”