တကယ် ခြေတစ်လှမ်းပဲ လိုတော့တာ
Vol. 119 Ch. 1814
သူ၏ လက်ထဲမှ အလင်းရောင်ကို ကြည့်နေရင်း ရွှီချင်းက ဝမ်ကူးကုန်းမြေအလွန်မှ မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်နှင့် တိုက်ပွဲကို ပြန်အမှတ်ရသွားသည်။
အတိတ်မှာ သူက ရန်သူ၏ နတ်ဘုရားအခွင့်အာဏာကို ငှားယူ၍ ယင်းကို သူ၏ အာဏာစက်ဥပဒေသဖြင့် ပေါင်းစပ်ကာ သူ၏ နတ်ဘုရားစွမ်းရည်များ၏ ဇစ်မြစ်ကို ခြေရာခံခဲ့သည်။
ကျောက်ရှာအလင်းနှင့်ပတ်သက်၍ သူ့မှာ ဉာဏ်အလင်းတချို့ ရှိသည်။ ယင်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော ဆန်းကြယ်အလင်း၏ အစိတ်အပိုင်းတစ်ထောင်ထဲမှ တစ်ခုဖြစ်သည်။
ထိုဆန်းကြယ်အလင်းသည်တော့ အတိတ်မှာ သူ၏ ဇစ်မြစ်ခြေရာခံမှုအရ…
ယင်းက ဝမ်ကူးကုန်းမြေ ဖြစ်ပေါ်လာပြီးနောက် ပထမဆုံး ထွက်ပေါ်လာခဲ့သော အလင်းရောင်ဖြစ်သည်။
“ အခုပုံစံအရဆိုရင် ဒီအလင်းကို ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်တာက အကြောင်းအရင်းရှိလိမ့်မယ်… သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သလင်းကျောက်တွေရှိတယ်… ပြီးတော့ အရေးကြီးဆုံးက သူတို့ခေါင်းပေါ်က အလင်းကတော့ချွန်တွေပဲ ”
“ သူတို့က အမြဲတမ်း ဒီပုံစံအတိုင်း ရှိနေတာလား ဒါမှမဟုတ် အဲ့ဒီဆန်းကြယ်အလင်းကို ကိုးကွယ်ပူဇော်ပြီးတဲ့နောက်မှ အသွင်ပြောင်းသွားတာလား ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ ညာလက်ကို ဖမ်းဆုပ်လိုက်သည်။
သူ၏ လက်ထဲမှ အလင်းကတော့ချွန်များက ဖုန်မှုန့်အဖြစ် အက်ကွဲသွားကြသည်။
ယင်းတို့ထံမှ အလင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး သူ၏ ကျောက်ရှာအလင်းနှင့် ပေါင်းစပ်သွားသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက ခေါင်းမော့လိုက်ပြီး ဟွမ်ကောင်းကင်ဘုံတစ်လျှောက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဝင်စားသော အလင်းရောင် ပေါ်လျှိုးလာသည်။
ဤခရီးစဉ်အပေါ် သူ၏ မျှော်လင့်မှုက ပိုပြီးအားကောင်းလာသည်။
“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က သူတို့သေဆုံးသွားမှပဲ အဲ့ဒီအလင်းကို ထုတ်လွှတ်တယ် ”
“ အတိတ်မှာ ငါတို့က အဲ့ဒါကို စူးစမ်းလေ့လာခဲ့ပြီး အံ့ဖွယ်ကောင်းတာကို ရှာတွေ့ခဲ့တယ်… အဲ့ဒါရဲ့ အစိတ်အပိုင်းအများစုက မြန်မြန်ဆန်ဆန် လွင့်ပြယ်သွားလေ့ရှိတယ်… ဒါပေမဲ့ ရံဖန်ရံခါမှာ တချို့အစိတ်အပိုင်းတွေက ဝမ်ကူးကုန်းမြေရဲ့ မြင့်တတ်လာတဲ့ နေနဲ့ ပေါင်းစပ်သွားကြတယ် ”
သတ္တမသခင်ကြီးသည် သူ၏ စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။
“ မင်းပိုင်ဆိုင်ထားတဲ့ ကျောက်ရှာအလင်းက ဆက်ပြီး အသက်ရှင်ခဲ့တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပဲ ”
“ ဒါပေမဲ့ အမှန်တော့ ဟွမ်ကောင်းကင်ဘုံမျိုးနွယ်ဝင်တွေ သေဆုံးသွားပြီးနောက် ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်က မူလဇစ်မြစ်ရဲ့ သန်းတစ်ထောင်ပုံ တစ်ပုံပဲ ရှိတယ်… တကယ့် မူလဇစ်မြစ်က ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ရဲ့ ထိန်းသိမ်းခံထားရတယ် ”
“ အနည်းဆုံးတော့… အဲ့ဒါက ငါတို့ရောက်လာတဲ့အခါမှာ ဖြစ်ပျက်ခဲ့တာတွေပဲ… ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အဲ့ဒီမျိုးနွယ်စုက… ဆန်းကြယ်အလင်းကနေ မွေးဖွားလာကြတဲ့ပုံပဲ ”
“ သူတို့က အဲ့ဒါကို… ကနဦးအလင်းလို့ ခေါ်တယ် ”
“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး ရွှမ်ကမ္ဘာမြေရဲ့ ချိပ်ပိတ်ခံလိုက်ရတာတောင် သူတို့က အဲ့ဒီအလင်းကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တယ် ”
“ ပြီးတော့ ငါတို့အနိုင်ရသွားခဲ့ပေမဲ့ ထိခိုက်ဆုံးရှုံးမှုက အရမ်းကြီးမားတယ်… ဒါကြောင့် အဲ့ဒါကို အတင်းအဓမ္မ ငါတို့မယူဆောင်ခဲ့ဘူး ”
သမိုင်း၏ အလေးချိန်တချို့ကို သယ်ဆောင်ထားဟန်ရသော သတ္တမသခင်ကြီး၏ အသံက လေထဲမှာ ပျံ့လွင့်သွားသည်။
ထို့နောက် သူက သူ့ခြေဖဝါးအောက်မှ လွင်ပြင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ခံစားချက်အမျှင်တန်းကို ဖြတ်တောက်လိုက်သည့်အလား အရှေ့သို့ ဆက်လျှောက်သွားသည်။
“ အဖိုးကြီးက သူ့ရဲ့ ဆရာကို သတိရနေတာ… သူက တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့တာ… ဒါပေမဲ့ ပြန်ရောက်လာတဲ့လူက သူ့ဆရာ အစစ်အမှန်မဟုတ်ဘူးဆိုတာကို နားလည်သွားတယ် ”
အားညိုက ရွှီချင်းနားသို့ ချဉ်းကပ်သွားပြီး သတ္တမသခင်ကြီး၏ နောက်ကျောကို ကြည့်လျက် လေးလေးနက်နက် ပြောသည်။
“ အဲ့ဒါ လောကဓံပဲ ”
သူက သက်ပြင်းချလိုက်သည်။ သူက ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ပြန်အမှတ်ရသွားသည့်အလား ညှိုးမှိုင်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
ရွှီချင်းသည်လည်း နှုတ်ဆိတ်သွားပြီး အချိန်လေဟာနယ်မုန်တိုင်းထဲမှ အပျက်အစီးများကြားထဲမှာ အော်ငိုနေခဲ့သော အားညိုကို ပြန်အမှတ်ရသွားသည်။
‘ ဆရာရဲ့ အတိတ်က လျှို့ဝှက်ချက်မဟုတ်တော့ဘူး… ဒါပေမဲ့ စီနီယာအကိုကြီးက… ’
ရွှီချင်းက အားညိုကို စူးစမ်းလေ့လာလိုက်သည်။ သို့သော်လည်း သူက အချိန်လေဟာနယ်မုန်တိုင်းထဲမှ ကိစ္စကို မမေးမြန်းပေ။
လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီနှင့် တာဝန်ကိုယ်စီရှိကြောင်း သူနားလည်သည်။
သတ္တမသခင်ကြီးသည် ထိုအတိုင်းဖြစ်သည်။ အားညိုသည်လည်း ထိုအတိုင်းပင်။
ရွှီချင်းက သူ့ကိုယ်ပိုင် ဤဘဝကို ပြန်သုံးသပ်လိုက်သည့်အခါ သူသည်လည်း ထိုအတိုင်းဖြစ်ကြောင်း နားလည်သွားသည်။
ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်နေစဉ် ရွှီချင်းက အားညို၏ ဘေးမှာ ရပ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က သတ္တမသခင်ကြီး၏ အနောက်မှ လိုက်သွားကြသည်။
ခြေတစ်လှမ်းပြီးတစ်လှမ်း…
မြင်ကွင်းတစ်ခုပြီးတစ်ခု…
နေရာဒေသ တစ်ခုပြီးတစ်ခု…
ထိုသို့ဖြင့် အတိတ်မှ မြေအောက်နန်းတော်ထဲမှ ခရီးစဉ်က သူတို့၏ စိတ်ထဲမှာ ပုံရိပ်ပြန်လာသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
တစ်နာရီကြာပြီးနောက် ကျိုးကျန်းလီနှင့် တခြားလူများက ဘုရားကျောင်းများကို ဖိနှိပ်နိုင်သွားပြီး ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ဝင်အားလုံးကို သုတ်သင်ပစ်နိုင်သွားကြသည်။ ယင်းက ဤနေရာမှ ဒြပ်နှောများကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
တစ်ချိန်တည်းမှာ ဆရာတပည့်သုံးယောက်က သူတို့၏ ပန်းတိုင်သို့ ရောက်ရှိသွားကြသည်။
ယင်းက အဆုံးမဲ့စွာ ကျယ်ပြောပြီး လှိုင်းတဝုန်းဝုန်းထနေသော ပင်လယ် ဖြစ်သည်။
ပင်လယ်က ဒေါသထွက်နေသော သားရဲတစ်ကောင်နှယ် မြည်ဟိန်းနေသည်။ ပင်လယ်ရေက မည်းနက်ပြီး သွေးရောင်တစ်စွန်းတစ်စ ရှိသည်။ ဤသည်မှာ အချိန်သည်ပင် ပင်လယ်၏ အရောင်နှင့် အနံ့ကို ယိုယွင်းမတိုက်စားနိုင်သည့်အလားပင်။
ထို့ပြင် ဤနေရာမှာ နတ်ဘုရားစွမ်းအားနှင့် အင်မော်တယ်စိတ်ဆန္ဒက ရေနှင့်မီးသဖွယ် ဆန့်ကျင်နေကြသည်။ ယင်းတို့၏ သဏ္ဍာန်မဲ့ တိုက်ခိုက်မှုက ကောင်းကင်နှင့် ပင်လယ်ကြားမှာ မုန်တိုင်းများကို အမြဲတစေ မွေးဖွားပေးနေသည်။
အားညို၏ မူလခန္ဓာကိုယ်က အဆုံးမဲ့ပင်လယ်၏ ကျွန်းစုတစ်ခုပေါ်မှာ တည်ရှိသည်။
“ အဲ့ဒီတောက်ပတဲ့ အလင်းရောင်ကြောင့် ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံက ဒီနေရာကို မထိုးဖောက်နိုင်ခဲ့ဘူး ”
ရွှီချင်းက ပင်လယ်ကို စူးစမ်းရင်း ကိုယ့်ဘာသာ တွေးတောနေစဉ် သတ္တမသခင်ကြီး၏ အသံက ပဲ့တင်ထပ်လာသည်။
“ စတုတ္ထတပည့်… တပည့်ကြီး… ဒီနေရာကို မှတ်ထားပါ ”
သူ၏ အမူအရာက တည်ကြည်လေးနက်နေသည်။
“ ဒီပင်လယ်က ရွှမ်ကမ္ဘာမြေရဲ့ ပထမအင်မော်တယ်နဲ့ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ် တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပဲ ”
“ သူတို့ရဲ့ တိုက်ပွဲက ခေတ်ပေါင်းများစွာ ကြာမြင့်ခဲ့တယ်… နောက်ဆုံးမှာ နတ်ဧကရာဇ်က ခေါင်းဖြတ်ခံလိုက်ရပြီး သူ့ရဲ့ ခန္ဓာကိုယ်က ပြိုကွဲသွားခဲ့တယ် ”
“ သူ့ရဲ့ ဦးခေါင်းက နွေဦးအင်မော်တယ်နန်းတော်ဆီ ယူဆောင်သွားတာ ခံလိုက်ရတယ်… သူ့ရဲ့ အလောင်းက ဒီနေရာကို ပြုတ်ကျသွားပြီး အနက်ရောင်ပင်လယ် ဖြစ်လာတယ် ”
“ ရွှမ်ကမ္ဘာမြေရဲ့ ပထမအင်မော်တယ်ကတော့… သူက ဒီနေရာမှာ သေဆုံးသွားခဲ့ပြီး ဝိညာဉ်အကြွင်းအကျန်တစ်ခုပဲ ချန်ထားနိုင်ခဲ့တယ်… နောက်ပိုင်းမှာ အဲ့ဒီဝိညာဉ်က ဝမ်ကူးကုန်းမြေရဲ့ ပထမကောင်းကင်ဘုံတာအို ဖြစ်လာတယ် ”
“ မင်းတို့သိထားရမှာက သူမရှိရင် ဝမ်ကူးကုန်းမြေဆိုတာ ရှိလာမှာ မဟုတ်ဘူး ”
သတ္တမသခင်ကြီးက အနက်ရောင်ပင်လယ်ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
ရွှီချင်းနှင့် အားညိုက သူ့အနောက်မှလိုက်၍ ဦးညွတ်လိုက်ကြသည်။
သူတို့အရိုအသေပေးလိုက်သည်နှင့် ပင်လယ်က နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လှိုင်းလုံးများက ပိုပြီးမြင့်သထက် မြင့်တတ်သွားကြသည်။ ပင်လယ်ထဲမှ အင်မော်တယ်စိတ်ဆန္ဒက ရုတ်တရက် ကျယ်ပြောလာပြီး သက်တံ့တစ်စင်းကို ထုတ်လွှတ်လိုက်သည်။
သက်တံ့က အနက်ရောင်ပင်လယ်ပေါ်မှ မိုးကောင်းကင်ကို ဆေးခြယ်ပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် အလင်းရောင်က မှိန်ဖျော့သွားသည်။
အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် ကျွန်းစုတစ်ခုက အဝေးမှာ ထွက်ပေါ်လာသည်။
“ ဆရာ… စီနီယာအကိုကြီးရဲ့ မူလခန္ဓာကိုယ်က အဲ့ဒီမှာပါ ”
ရွှီချင်း၏ အကြည့်က ကျွန်းစုပေါ်သို့ ကျရောက်သွားသည်။
သတ္တမသခင်ကြီးက ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။
“ မင်းရွေးချယ်ထားတဲ့ နေရာက ကောင်းသားပဲ ”
အားညိုက ပျော်ရွှင်သွားပြီး စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း သတ္တမသခင်ကြီးက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီ ဖြစ်သည်။
အားညိုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းဘက်သို့ လှည့်လိုက်သည်။
“ ချင်းလေး… မင်းရဲ့ စီနီယာအကိုကြီးက လိမ်ပြောနေတာ မဟုတ်ဘူးဆိုတာ မကြာခင် မင်းတွေ့ရလိမ့်မယ် ”
ရွှီချင်းက ပြုံးလိုက်သည်။ ထို့နောက် သူနှင့် အားညိုက ခြေတစ်လှမ်းတည်းဖြင့် ပင်လယ်ကို ဖြတ်ကျော်သွားကြသည်။
သူတို့က သတ္တမသခင်ကြီးနှင့်အတူ ကျွန်းပေါ်မှာ ပြန်ပေါ်လာကြသည်။ သူတို့၏ အရှေ့တွင် ဘုရားကျောင်းပျက်တစ်ခုက ထောင်မတ်နေသည်။
ဘုရားကျောင်းသည် အတိတ်မှာ ခမ်းနားထည်ဝါခဲ့ဟန် ရ၏။ သို့သော်လည်း ယခုအခါ ယင်း၏ နံရံများက ပြိုကျပျက်စီးနေကြပြီး ဂိတ်တံခါးက ဟောင်းနွမ်းဆွေးမြေ့နေသည်။ သို့ဖြစ်၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘုရားကျောင်း၏ အထဲကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
ပြိုကျပျက်စီးနေသော အုတ်ပုံပေါ်မှ ရုပ်တုအပျက်တစ်ခု၏ ဘေးတွင် ဧရာမဦးခေါင်းတစ်ခုက အနားယူနေသည်။
၎င်းက အားညို၏ ဦးခေါင်း ဖြစ်သည်။
ဦးခေါင်း၏ ဘေးတွင် အမွှေးမဲ့သော ကြွက်တစ်ကောင်က ပျင်းရိစွာ ထိုင်နေသည်။ ရံဖန်ရံခါ ၎င်းက ၎င်း၏ အမြှီးဖြင့် အသားခြောက်များကို ချိတ်၍ ဦးခေါင်း၏ ပါးစပ်ထဲသို့ ပစ်ထည့်ပေးလေ့ ရှိသည်။
သူတို့အုပ်စု၏ ရောက်ရှိလာမှုက ကြွက်ကို ထိတ်လန့်သွားစေသည်။ ၎င်းက မျက်လုံးပြူးကျယ်သွားသည်။ ထို့ကြောင့် နောက်အခိုက်အတန့်မှာ ၎င်းက ဦးခေါင်းပေါ်သို့ ခုန်တတ်လိုက်ပြီး ၎င်းလေ့ကျင့်ထားသည့်အတိုင်း တကျီကျီမြည်သံဖြင့် အချက်ပေးကာ ထွက်ပြေးရန် ပြင်လိုက်သည်။
“ ချင်းလေး… ထွက်မပြေးနဲ့… ငါပါဟ ”
ကြွက် ထွက်ပြေးတော့မည်ကို မြင်သောအခါ အားညိုက အလျင်စလို အော်ပြောလိုက်သည်။
ယင်းကို ကြားသောအခါ ရွှီချင်းက မျက်ခုံးပင့်တင်လိုက်သည်။
ညစ်ပတ်နေသော ကြွက်စုတ်က ရပ်လိုက်ပြီး အားညိုကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
အားညိုက အရှေ့သို့ အမြန်ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ်က အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မျက်လုံးမှိတ်နေသော ဦးခေါင်းနှင့် ပေါင်းစပ်သွားသည်။
မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားက ပြန်ပေါင်းစည်းသွားသည်။
ဦးခေါင်းက တုန်ယင်သွားသည်။ ထို့နောက် သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။
ကြွက်က ဝမ်းသာပျော်ရွှင်သွားသည်။
“ မင်းရဲ့ အသွေးအသားတွေက ဘယ်ရောက်ကုန်တာလဲ ”
သတ္တမသခင်ကြီးက ဘုရားကျောင်းပျက်ထဲသို့ ဝင်ရောက်သွားပြီးနောက် မြေပြင်ပေါ်မှ ဦးခေါင်းကို မြင်သွားသောအခါ သက်ပြင်းချလိုက်သည်။
အားညိုက ချောင်းဟန့်လိုက်ပြီး ရှင်းပြရန် ပြင်လိုက်စဉ်…
ကျယ်လောင်သော ကောင်းကင်ဘုံမိုးခြိမ်းသံက ကျွန်းစု၏ အခြားတစ်ဖက်မှ ပေါ်ထွက်လာသည်။
ပင်လယ်ရေက အပြင်သို့ ပရမ်းပတာ လှုပ်ခတ်သွားသည့်အခါ ကုန်းမြေတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။ ထို့နောက် ယခင်ထက် ပိုပြီးမြင့်သော လှိုင်းလုံးများက ပေါ်လျှိုးလာကြသည်။
ထို့နောက် အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ပင်လယ်က စတင်နိမ့်ဆင်းသွားသည်။
လျော့နည်းသွားသည့် အလျင်က အလွန်မြန်ဆန်လေရာ ပင်လယ်ရေကို တစ်စုံတစ်ယောက်က စုပ်ယူမျိုချနေသည့်အလားပင်။
နောက်အခိုက်အတန့်မှာ ပင်လယ်အောက်ခြေနှင့် ရေအောက်တောင်တန်းဒေသများက ထွက်ပေါ်လာကြသည်။
တကယ်တော့ သူတို့ရပ်နေသည့် ကျွန်းစုသည် အရွယ်အစား အလွန်ကြီးမားသော တောင်တစ်လုံး၏ ထိပ်ဖျားသာ ဖြစ်သည်။
ထိုတောင်တန်းများ၏ အောက်ခြေတွင် ဖော်မပြနိုင်အောင် အလွန်ကြီးမားသော ဦးခေါင်းမဲ့အလောင်းတစ်လောင်း ရှိသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ စုစည်းထားဟန် ရသည်။
တောင်တန်းဒေသများက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးထွားနေကြသည်။
ပင်လယ်သည် ၎င်းအတွက် သောက်ရေ ဖြစ်သည်။
နတ်ဘုရားစွမ်းအင်က ၎င်းထံမှ ပေါ်လျှိုးနေပြီး ကောင်းကင်ပေါ်မှ ဒြပ်နှောများကို ဖရိုဖရဲ လှုပ်ခတ်သွားစေသည်။
သို့တိုင် ယင်းက အံ့ဖွယ်အကောင်းဆုံးအရာ မဟုတ်သေးပေ။
အံ့ဖွယ်အကောင်းဆုံး မြင်ကွင်းမှာ အလောင်း၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များက လူးလွန့်ရွေ့လျားနေကြခြင်း ဖြစ်သည်။
တချို့ပိုးကောင်များဆိုလျှင် အလောင်း၏ ဒဏ်ရာများထဲသို့ အတင်းတိုးဝင်သွားကြပြီး အရူးအမူး ဝါးမျိုစားသောက်နေကြသည်။
သတ္တမသခင်ကြီးက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ရွှီချင်း၏ သူငယ်အိမ်များက ကျုံ့သွားကြသည်။
ထိုစဉ် အားညို၏ ဦးခေါင်းက ရွှီချင်း၏ ပခုံးပေါ်သို့ ခုန်တတ်လိုက်ပြီး အောင်နိုင်သူအမူအရာဖြင့် အော်ရယ်လိုက်သည်။
“ အဖိုးကြီး… ငါ့ရဲ့ အသွေးအသားတွေ ဘယ်မှာလဲလို့ မင်းမေးတယ်မဟုတ်လား… သူတို့က အဲ့ဒီမှာ ”
“ ပြီးတော့ ချင်းလေး… မင်းမြင်ပြီမလား… မင်းရဲ့ စီနီယာအကိုကြီးက လိမ်မပြောဘူး ”
“ ငါသာ အချိန်အလုံအလောက်ရမယ်ဆိုရင် ပြန်ရှင်သန်လာနေတဲ့ ဒီဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ကို ဝါးမျိုပြီး ဟွမ်ကောင်းကင်ဘုံတစ်ခုလုံးကို ပေါင်းစည်းနိုင်လိမ့်မယ် ”
“ အဲ့ဒီလိုလုပ်ဖို့ ငါက… တကယ် ခြေတစ်လှမ်းပဲ လိုတော့တာ ”