နတ်ဧကရာဇ်ပြန်ရှင်လာခြင်း
Vol. 119 Ch. 1816
ရွှမ်ကမ္ဘာမြေ၏ မူလဇစ်မြစ်စွမ်းအားကို အပြင်ဘက်တွင် ဒြပ်ထည်ဖွဲ့စည်းသွားစေရန် ထုတ်လွှတ်ခြင်း…
ယင်းက ရွှမ်ကမ္ဘာမြေအင်မော်တယ်တစ်ပါး၏ အနှစ်သာရ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဟွမ်ကောင်းကင်ဘုံက တုန်လှုပ်သွားသည်။
သတ္တမသခင်ကြီး၏ ညာလက်က အောက်သို့ ကျဆင်းသွားသည်နှင့် ရွှမ်ကမ္ဘာမြေပုံရိပ်က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ အလောင်းဆီသို့ ဦးတည်သွားသည်။
ပုံရိပ် ကျဆင်းလာသည့်အခါ ယင်းက ဒြပ်နှောများနှင့် အထက်ကြယ်တာရာစက်ဝန်းမှ စွမ်းအင်အားလုံးကို တွန်းလှန်ပစ်မည့် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
သို့သော်လည်း ရွှမ်ကမ္ဘာမြေ၏ မူလဇစ်မြစ်စွမ်းအားက အထက်ကြယ်တာရာစက်ဝန်းမှ စွမ်းအင်များထက် နိမ့်ကျကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ယင်းတို့နှစ်ခု တွေ့ဆုံသွားသည့်အခိုက် ရွှမ်ကမ္ဘာမြေစွမ်းအားက ဆက်တိုက် ယိုယွင်းတိုက်စားခံလိုက်ရသည်။
သို့တိုင် ယင်းက အမြဲမပြတ် လွင့်ပြယ်သွားနေသည့်အချိန်မှာပင် ရွှမ်ကမ္ဘာမြေ၏ အနိုင်မခံအရှုံးမပေးသော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။
ယင်းက ရွှမ်ကမ္ဘာမြေ၏ အာကာသဟင်းလင်းပြင်ထဲမှာ နေထိုင်ကြသော သက်ရှိအားလုံး၏ စုပေါင်းစိတ်ဆန္ဒဖြစ်ပြီး ထိုထဲမှာ တိုက်ပွဲကျဆုံးသွားကြသော ရွှမ်ကမ္ဘာမြေကျင့်ကြံသူများ၏ စိတ်ဆန္ဒလည်း ပါဝင်သည်။
ထိုစိတ်ဆန္ဒ ပေါ်လျှိုးလာသည့်အခိုက် ရွှမ်ကမ္ဘာမြေစွမ်းအား၏ အရှိန်အဟုန်က ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေပြီး ယင်း၏ လမ်းကြောင်းအရှေ့မှ အရာအားလုံးကို အမြစ်ဖြတ်သုတ်သင်လိုက်သည်။
ဟွမ်ကောင်းကင်ဘုံက ယင်း၏ စွမ်းအားကြောင့် တုန်လှုပ်သွားသည်။
လေထဲမှာ မတ်တတ်ရပ်နေသော ရွှီချင်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ အတွေးနက်သွားသည်။
ထိုမြင်ကွင်းမှတဆင့် သူက ရွှမ်ကမ္ဘာမြေမှ ဟွမ်ကောင်းကင်ဘုံဆီသို့ တတ်လှမ်းလာကြသော ပထမမျိုးဆက် ကျင့်ကြံသူများ၏ ရည်မှန်းချက်နှင့် အမြော်အမြင်ကို အာရုံခံနိုင်သွားသည်။
သူတို့က ရွှမ်ကမ္ဘာမြေကို ဟွမ်ကောင်းကင်ဘုံဆီသို့ မြှင့်တင်ပေးချင်ပြီး ဟွမ်ကောင်းကင်ဘုံတစ်ခုလုံးဖြင့် အစားထိုးချင်ကြသည်။ ထိုနည်းဖြင့် သူတို့က ဤနေရာမှာ ကျင့်ကြံခြင်းအသီးအပွင့်ကို အပြည့်အဝ မွေးထုတ်ပေးနိုင်လိမ့်မည်။
သို့သော်လည်း ဟွမ်ကောင်းကင်ဘုံသည် အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ အမှတ်ကိုးကြယ်တာရာစက်ဝန်းသည်လည်း အထက်ကြယ်တာရာစက်ဝန်း(၃၆)ခုအနက် တစ်ခုသာ ဖြစ်သည်။
အထက်ကြယ်တာရာစက်ဝန်းများသည် နတ်ဘုရားများ၏ လောက ဖြစ်သည်။
ထိုခေတ်၏ ကျင့်ကြံခြင်းစနစ်တစ်ခုတည်းဖြင့် နတ်ဘုရားများ၏ အခြေခံအုတ်မြစ်ကို တွန်းလှန်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
ဝမ်ကူးကုန်းမြေကို ဖန်တီးခြင်းသည် သူတို့၏ အကန့်အသတ် ဖြစ်သည်။
သမိုင်းတစ်လျှောက်လုံးမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုတည်းသာ နတ်ဘုရားများ၏ အခြေခံအုတ်မြစ်ကို အမှန်တကယ် တွန်းလှန်နိုင်ခဲ့သည်။
ရွှီချင်းက နက်နက်နဲနဲ တွေးတောနေစဉ် သတ္တမသခင်ကြီး ထုတ်လွှတ်လိုက်သော ရွှမ်ကမ္ဘာမြေစွမ်းအားက နတ်ဧကရာဇ်အလောင်းပေါ်သို့ အပြည့်အဝ သက်ဆင်းသွားသည်။
ယင်းက အားညို၏ အသွေးအသားများမှ ဖွဲ့စည်းသွားသော ပိုးကောင်များအပေါ် လုံးဝ မသက်ရောက်သွားပေ။
ယင်းအစား ရွှမ်ကမ္ဘာမြေစွမ်းအားက အလောင်းထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ယင်းက ပိုးကောင်များ၏ ကိုက်စားဝါးမျိုမှုကို ပိုပြီးလွယ်ကူစေရန် အလောင်း၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ရက်စက်ကြမ်းကြုတ်စွာ ချေမွဖျက်ဆီးလိုက်သည်။
ထိုသို့ ပြင်ပစွမ်းအား၏ သက်ရောက်မှုအောက်မှာ နတ်ဧကရာဇ်အလောင်းက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ ၎င်းဆီမှာ အလိုအလျောက် တုံ့ပြန်မှုတချို့ ကျန်ရှိနေသေးသည့်အလားပင်။ ပြင်ပစွမ်းအား၏ ဖျက်ဆီးမှုကို အာရုံခံမိသောအခါ ခပ်အုပ်အုပ်မိုးခြိမ်းသံက ၎င်း၏ ရင်ဘက်ထဲမှ ပေါ်လျှိုးလာသည်။
ထိုအသံက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။
ယင်းက နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားသွေးကြောများ၏ သွေးခုန်သံ ဖြစ်သည်။
နတ်ဘုရားသွေးကြောများက တဒုန်းဒုန်း ခုန်မြည်သွားသည်နှင့်ချက်ချင်း ဟွမ်ကောင်းကင်ဘုံတစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။ အဆုံးမဲ့သော ဒြပ်နှောများက နေရာတိုင်းမှ ပေါ်လျှိုးလာပြီး ဟင်းလင်းပြင်ထဲ၌ သိပ်သည်းသော အလင်းကို စုစည်းလိုက်ကြသည်။
ထို့နောက် အလင်းရောင်က နတ်ဧကရာဇ်အလောင်းဆီသို့ ဒလဟော တိုးဝင်သွားသည်။
ဤသည်မှာ နတ်ဧကရာဇ်အလောင်း၏ သဘာဝအလျောက် တုံ့ပြန်မှုက ရွှမ်ကမ္ဘာမြေစွမ်းအား၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံတားဆီးရန် ဟွမ်ကောင်းကင်ဘုံမှ စွမ်းအင်အားလုံးကို စုပ်ယူနေသည့်အလားပင်။
ယင်းကို မြင်သောအခါ ရွှီချင်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။
ဟင်းလင်းပြင်က ခဲပြုတ်ကျသွားသော ကန်ရေပြင်ပမာ လှိုင်းအတွန့်တွန့်ထသွားသည်။ ထို့နောက် အချိန်လေဟာနယ်များက အလွှာတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
တစ်ပုံစံတည်း တူညီသော သားရဲများက မရေမတွက်နိုင်သော အချိန်လေဟာနယ်ဒိုင်မန်းရှင်းများထဲမှ ပေါ်လျှိုးလာကြသည်။
“ ဖိနှိပ်စမ်း ”
ရွှီချင်း၏ တည်ငြိမ်သော အသံက ပျံ့လွင့်သွားသည်။
သူစကားပြောလိုက်သည့်အခိုက် အချိန်လေဟာနယ်ထဲမှာ လွင့်မျောနေကြသော သားရဲအားလုံးက တစ်ပြိုင်နက်တည်း အစွမ်းထုတ်လွှတ်လိုက်ကြပြီး အကန့်အသတ်မဲ့စွာ ကျယ်ပြောသော စည်းချအစီအရင်တစ်ခုကို ဖန်တီးလိုက်ကြသည်။
ယင်းကို (၄၉)တားမြစ်စည်းချအစီအရင်ဟု ခေါ်သည်။ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ပထမဆုံး ရွှီချင်းရောက်သွားခဲ့စဉ်က အုပ်ချုပ်သူတစ်ပါးထံမှ သူရရှိလာခဲ့သော အတတ်ပညာ ဖြစ်သည်။ ယင်းကို သူလေ့လာကြည့်လိုက်သည့်အခါ ယင်းက ပါးစပ်မှ ပြောလိုက်သော စကားလုံးများမှတဆင့် စည်းချအစီအရင်များကို ချက်ချင်း ဖန်တီးနိုင်ကြောင်း သူရှာတွေ့သွားသည်။
အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် စကားလုံးနှစ်လုံးတည်းဖြင့် စည်းချအစီအရင်များကို အသက်သွင်းနိုင်လိမ့်မည်။
ယင်း၏ အကန့်အသတ်က စကားလုံးနှစ်လုံးဖြစ်ရခြင်းမှာ စည်းချအစီအရင်၏ အခြေခံအုတ်မြစ်ကို ယင်နှင့်ယန်ဟူ၍ ခွဲခြားထားပြီး တားမြစ်ခြင်းကို သေခြင်းနှင့်ရှင်ခြင်းဟူ၍ သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို စကားလုံးတစ်လုံးတည်းဖြင့် အသက်မသွင်းနိုင်ပေ။
သို့သော်လည်း ရွှီချင်း၏ လက်ရှိကျင့်ကြံခြင်းဖြင့်ဆိုလျှင်၊ အထူးသဖြင့် သူ၏ အချိန်လေဟာနယ်အာဏာစက်နှင့် ဒိုင်မန်းရှင်းဥပဒေသအောက်မှာ (၄၉)တားမြစ်စည်းချအစီအရင်၏ နှစ်ပိုင်းကွဲထွက်နေသော အခြေခံအုတ်မြစ်က အလုံးစုံတစ်ခုတည်း ပြောင်းလဲသွားသည်။
သို့ဖြစ်၍ ယင်းကို စကားလုံးတစ်လုံးတည်းဖြင့် အသက်သွင်းနိုင်သွားသည်။
ထိုစကားလုံး ထွက်ပေါ်လာသည့်အခိုက် ယင်းက လောက၏ နိယာမဖြစ်လာပြီး စကြာဝဠာ၏ ဥပဒေသ ဖြစ်လာသည်။
စည်းချအစီအရင်၏ စွမ်းအားက နတ်ဧကရာဇ်အလောင်းပေါ်သို့ သက်ရောက်သွားပြီး ဟင်းလင်းပြင်ထဲမှာ စုဝေးနေသော ဒြပ်နှောများကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။
ထိုနှောင့်ယှက်မှုက အပြင်ဘက်မှ တားဆီးပိတ်ဆို့ရုံမျှသာ မဟုတ်ပေ။ ယင်းက ဖိနှိပ်ခြင်းကိုလည်း လုပ်ဆောင်လိုက်သည်။
ထိုစကားလုံးတစ်လုံးကြောင့် ဟွမ်ကောင်းကင်ဘုံထဲမှာ ပရမ်းပတာ လှုပ်ခတ်နေသော ဒြပ်နှောများက နေရာမှာ ရပ်တန့်သွားကြသည်။
ယင်းတို့က ဆက်လက် မစီးဆင်းတော့သလို ဆက်လက် မရွေ့လျားတော့ပေ။ သို့ဖြစ်၍ ဒြပ်နှောများက နတ်ဘုရားအလောင်းကို အကူအညီမပေးနိုင်ကြတော့ပေ။
ထိုစဉ် အပြာရောင်ပိုးကောင်များက ပိုပြီးရူးသွပ်လာပြီး လောဘတကြီး ဝါးမျိုစားသောက်လိုက်ကြသည်။
သတ္တမသခင်ကြီးနှင့် ရွှီချင်း၏ ဖိနှိပ်ပေးမှုကြောင့် နတ်ဧကရာဇ်အလောင်းကို ဝါးမျိုခြင်းက အားညိုအတွက် ပိုပြီးလွယ်ကူသွားသည်။
ထိုသို့မဟုတ်ဘဲ သူတို့၏ ရည်ရွယ်ချက်က နတ်ဧကရာဇ်အလောင်းကို အလုံးစုံဖျက်ဆီးပစ်ရန်ဖြစ်လျှင်…
သတ္တမသခင်ကြီး၏ စွမ်းအားက ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်သော်လည်း ရွှီချင်းက အနည်းငယ် အားထပ်စိုက်လိုက်ရုံဖြင့် အလောင်းကို အမြစ်ဖြတ်ဖျက်ဆီးပစ်နိုင်လိမ့်မည်။
သူတို့နှစ်ယောက်၏ ဖိနှိပ်မှုအောက်မှာ အားညိုက အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
သူ၏ ကျန်ရှိသော ဦးခေါင်းက လေပေါ်သို့ ခုန်လိုက်ပြီး ဧရာမနတ်ဘုရားအလောင်းပေါ်သို့ ကျဆင်းသွားသည်။
ဦးခေါင်း၏ ပူးပေါင်းဝင်ရောက်လာမှုကြောင့် အပြာရောင်ပိုးကောင်များက ထူးဆန်းစွာ အသွင်ပြောင်းလဲသွားကြသည်။ နောက်အခိုက်အတန့်မှာ ပိုးကောင်တစ်ကောင်စီက အရေအတွက်များပြားသော ပိုးကောင်များကို ထပ်မံ ခွဲထုတ်လိုက်ကြသည်။
ဝါးမျိုခြင်းနှင့် ခွဲထုတ်ခြင်းကို ပြိုင်တူလုပ်ဆောင်နေစဉ် တချို့ပိုးကောင်များက ၎င်းတို့၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားကြသည်။ ထို့နောက် ၎င်းတို့က အပြာရောင်အသားအမျှင်များအဖြစ် ပြောင်းလဲသွားကြပြီး ဝါးမျိုခံလိုက်ရသော အစိတ်အပိုင်းများနေရာတွင် အစားထိုးလိုက်ကြသည်။
၎င်းတို့က နတ်ဘုရားအလောင်း၏ အသွေးအသားများကို အစားထိုးနေကြသည်။
တစ်ဆယ်ရာခိုင်နှုန်း… နှစ်ဆယ်ရာခိုင်နှုန်း… သုံးဆယ်ရာခိုင်နှုန်း…
အပြာရောင်အသွေးအသားက နတ်ဘုရားအလောင်းတစ်လျှောက် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ နတ်ဘုရားအလောင်း၏ အပြင်ဘက်မှာသာမက ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာလည်း ထိုအတိုင်း ဖြစ်သည်။
မကြာမီ လေးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။
အားညို၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
နောက်ဆုံးမှာ ငါးဆယ်ရာခိုင်နှုန်းထိ တိုးမြှင့်သွားသည်။
နတ်ဘုရားအလောင်းတစ်ဝက်၏ ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်ဘက်မှာ အပြာရောင်အသွေးအသားဖြင့် အပြည့်အဝ အစားထိုးခံလိုက်ရသည်။
အထူးသဖြင့် ဘယ်ဘက်လက် ဖြစ်သည်။ ယင်းက မူလအစမှတ်ဖြစ်ဟန် ရ၏။ ဤအခိုက်အတန့်မှာ အလောင်း၏ ဘယ်ဘက်လက်တစ်ခုလုံးက အပြာရောင်ရေခဲသလင်းကျောက်များဖြင့် ပြည့်နှက်နေသည်။
အသွင်ပြောင်းလဲမှုက ဆက်ပြီး ပျံ့နှံ့သွားနေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ…
သတ္တမသခင်ကြီး၏ မျက်လုံးထဲတွင် အံ့ဩသော အလင်းရောင် ထွက်ပေါ်လာသည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
အပြောင်းအလဲတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။
မှေးမှိန်သော အလင်းရောင်က နတ်ဧကရာဇ်၏ ရင်ဘက်ထဲမှ ပေါ်လျှိုးလာသည်။
ထို့နောက် ကောင်းကင်ဘုံတုန်လှုပ်စေနိုင်သော ရှေးဟောင်းအရှိန်အဝါက ပေါ်လျှိုးလာသည်။
ထိုအရှိန်အဝါ၏ အနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားက လိုက်ပါလာသည်။ ယင်းက အလောင်းထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။
ကောင်းကင်က အသွင်ပြောင်းလဲသွားသည်။
အလောင်း၏ ရင်ဘက်ထဲမှ နတ်ဘုရားသွေးကြောများ၏ တဒုန်းဒုန်း ခုန်မြည်သံက ပိုပြီးကျယ်လောင်လာပြီး ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဟွမ်ကောင်းကင်ဘုံထဲတွင် ရွှီချင်း၏ ဖိနှိပ်ခံထားရသော ဒြပ်နှောများက ယခု ပရမ်းပတာ လှုပ်ခတ်လာကြသည်။ ဤသည်မှာ ယင်းတို့က ချုပ်နှောင်မှုမှ ရုန်းထွက်ချင်နေသည့်အလားပင်။
မြေကြီးက ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ထို့နောက် ရှေးကျသော နတ်ဘုရားတီးတိုးရေရွတ်သံက ပဲ့တင်ထပ်လာသည်။
“ နတ်ဘုရားသွေးပင်လယ်… အထူးနေရာ ”
“ အစိတ်အပိုင်းတွေ ပြန်စုစည်းခြင်း… အထူးနည်းလမ်း ”
“ အခြေမဲ့ဝိညာဉ်… အထူးဆင့်ခေါ်မှု ”
“ ဒါကြောင့်… ပြန်ရောက်လာမှု စတင်စေ ”
ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ထိုအသံက ရှေးခေတ်ကာလမှ ပျံ့လွင့်လာဟန်ရပြီး အလွန်အားကောင်းသော ပြန်လည်ရှင်သန်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ထားသည်။
ဟွမ်ကောင်းကင်ဘုံတစ်ခုလုံး တုန်ယင်သွားသည်။
ကျိုးကျန်းလီနှင့် တခြားလူများ မဖျက်ဆီးရသေးသော ဘုရားကျောင်းများထဲမှ နတ်ဘုရားရုပ်တုများက ချက်ချင်း ဒူးထောက်လိုက်ကြသည်။
အက်ရှရှအသံက ၎င်းတို့၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။
“ ငါတို့ရဲ့ ဧကရာဇ် နိုးထလာပြီ ”
“ ငါတို့ရဲ့ ဧကရာဇ် နိုးထလာပြီ ”
ထိုမြည်ဟိန်းသံက တဖြည်းဖြည်း ပိုကျယ်လောင်လာသည်။ မကြာမီ ယင်းက ခေါင်းလောင်းမြည်သံပမာ ပဲ့တင်ထပ်သွားသည်။
တစ်ချိန်တည်းမှာ အလင်းကတော့ချွန်များက နတ်ဧကရာဇ်အလောင်း၏ ပြတ်တောက်နေသော လည်ပင်းထဲမှ ပေါ်ထွက်လာကြသည်။
အလင်းကတော့ချွန်များက စုစုပေါင်း သုံးဆယ့်ခြောက်ခု ရှိကြသည်။
ယင်းတို့က အချင်းချင်း ယှက်ထွေသွားကြပြီးနောက် ပုံရိပ်ယောင်မျက်နှာတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
သတ္တမသခင်ကြီးသည် ထိုမျက်နှာကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မြင်ခဲ့ဖူးသည်။
နောက်အခိုက်အတန့်မှာ…
ပုံရိပ်ယောင်မျက်နှာပေါ်မှ မျက်လုံးများက ဆတ်ခနဲ ပွင့်သွားကြသည်။
ရွှေရောင်အလင်းက မျက်လုံးများထဲမှ ပေါ်လျှိုးလာသည့်အခါ လောကတစ်ခုလုံး ရွှေရောင်စွန်းထင်သွားသည်။
နတ်ဧကရာဇ်က ပြန်ရှင်သန်လာသည်။
၎င်းက အားညိုကို အသုံးချ၍ ပြန်ရောက်လာသည်။
အထူးနေရာ၊ အထူးနည်းလမ်းနှင့် အထူးဆင့်ခေါ်မှုမှတဆင့်…
၎င်း၏ ပြန်လည်ရှင်သန်ခြင်းရိုးရာက အထမြောက်သွားသည်။
ထို့ပြင် ၎င်းနိုးလာသည့်အခိုက် မှိန်ဖျော့သော အလင်းရောင်က ၎င်း၏ ရင်ဘက်ထဲမှ ပေါ်လျှိုးလာသည်။
ထို့နောက် အလင်းရောင်က အပြင်သို့ ပျံ့နှံ့သွားသည်။
သက်တံ့ရောင်ခြည်က ထိုအလင်းရောင်ထဲမှာ လှည့်ပတ်နေပြီး အဆုံးမဲ့သော ထူးခြားဆန်းကြယ်မှုကို မွေးဖွားပေးနေသည်။
ထိုအလင်းရောင်သည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော ကနဦးအလင်းရောင် ဖြစ်သည်။
ယင်းက နတ်ဧကရာဇ်ချိပ်ပိတ်ခံရပြီးနောက် မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ယခု နတ်ဧကရာဇ် ပြန်ရှင်သန်လာသည့်အခါ ထိုအလင်းက ပြန်ရောက်လာပြီး နောက်တစ်ကြိမ် ထွန်းလင်းတောက်ပလာသည်။
ကနဦးအလင်းရောင် ထွန်းလင်းသွားသည့်အခိုက် နတ်ဧကရာဇ်၏ ခန္ဓာကိုယ်တစ်ဝက်ကို အစားထိုးထားသော အားညို၏ အသွေးအသားက စတင်အရည်ပျော်သွားသည်။
အရည်ပျော်သွားသောနှုန်းက အလွန်မြန်ဆန်လေရာ အပြာရောင်အလင်းက သိသိသာသာ လျော့နည်းသွားသည်။
၎င်း၏ မူလအစမှတ်ဖြစ်သော ဘယ်ဘက်လက်သည်ပင် စတင်သန့်စင်ခံနေရသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ…
ရူးသွပ်သော နတ်ဘုရားစိတ်အာရုံက နတ်ဧကရာဇ်၏ ဘယ်ဘက်လက်ထဲမှ ပေါ်လျှိုးလာသည်။
“ မင်းက ငါ့ကို လှည့်စားခဲ့တယ်… ဒါပေမဲ့ ငါလည်းပဲ မင်းကို လှည့်စားခဲ့တယ် ”
“ သောက်ရူးနတ်ဧကရာဇ်အိုကြီး… အစက ငါက အဖိုးကြီးကို ကူညီပေးချင်လို့ မင်းရဲ့ နတ်ဘုရားအရင်းအမြစ်ကိုပဲ ခိုးယူပြီး ငါ့ကိုယ်ငါ သန်မာလာအောင် လုပ်မယ်လို့ စီစဉ်ထားခဲ့တာ ”
“ ဒါပေမဲ့ အခု ဝမ်ကူးကုန်းမြေက ဘေးကင်းသွားပြီ… ဒီတော့ မင်းရဲ့ တစ်ကိုယ်လုံးကို ငါဝါးမျိုပစ်မယ်… မင်းရဲ့ အလင်းကတော့… ”
“ အဲ့ဒီအလင်းက မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံး ကိုးကွယ်ပူဇော်တဲ့အရာပဲ… ချင်းလေးက အဲ့ဒါကို စုပ်ယူနိုင်မှတော့ အဲ့ဒါက သူ့အတွက် အကျိုးရှိလိမ့်မယ် ”
“ ချင်းလေး… မီမင်ဆိုတဲ့ကောင်က မင်းကို နတ်သမီးတချို့ပဲ လက်ဆောင်ပေးနိုင်တာ… စီနီယာအကိုကြီးအနေနဲ့ ငါက မင်းကို ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်တဲ့ ဒီအလင်းရောင်ကို လက်ဆောင်ပေးမယ် ”
ထိုနတ်ဘုရားစိတ်အာရုံ ပျံ့လွင့်သွားသည်နှင့် အားညို၏ ရူးသွပ်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထို့နောက် သူက နတ်ဧကရာဇ်၏ ဘယ်ဘက်လက်ကို ထိန်းချုပ်လိုက်ပြီး အလောင်း၏ ရင်ဘက်ဆီသို့ ထိုးစိုက်လိုက်သည်။
အသွေးအသားများက အပြင်သို့ ပြန့်ကျဲသွားစဉ် ဘယ်ဘက်လက်က ရှေးကျပြီး ထူးခြားဆန်းကြယ်သော အလင်းရောင်၏ ဇစ်မြစ်ကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ယင်းက အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။
ဘယ်ဘက်လက်က အလင်းရောင်ကို မြင့်မြင့်ဆုပ်ကိုင်ထားရင်း အားကုန်သုံး၍ ယင်းကို ရွှီချင်းထံသို့ ပစ်လွှတ်လိုက်သည်။
“ ချင်းလေး… ဖမ်းလိုက် ”
“ ပြီးတော့… ငါ့ကို ကယ်ပါဦး ”