လွတ်လပ်မှုပေးခြင်း
Vol. 119 Ch. 1817
လျှို့ဝှက်ဆန်းကြယ်ပြီး ထွန်းလင်းတောက်ပသော အလင်းဘောလုံးက အားညို၏ ပစ်လွှတ်မှုကြောင့် ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သို့တိုင် ထိုသို့ပစ်လွှတ်ပြီးနောက် အားညို၏ အသံက ရုတ်ချည်း တိုးညင်းသွားသည်။
သူထိန်းချုပ်ထားသော ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ ဘယ်ဘက်လက်ပေါ်မှ အပြာရောင်အလင်းက အမြန်မှေးမှိန်သွားသည်။ တစ်ချိန်တည်းမှာ နတ်ဧကရာဇ်၏ နတ်ဘုရားအစွမ်းက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ၎င်း၏ နတ်ဘုရားစိတ်ဆန္ဒက အားညို၏ တည်ရှိမှုကို လွှမ်းမိုးဖိနှိပ်စွာ ဖယ်ရှားနေသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ သတ္တမသခင်ကြီး၏ ဘေးပတ်ပတ်လည်မှ ရွှမ်ကမ္ဘာမြေပုံရိပ်က ပိုပြီးထွန်းလင်းတောက်ပလာသည်။ ရွှမ်ကမ္ဘာမြေစွမ်းအားက ဟင်းလင်းပြင်ထဲမှ ဒြပ်နှောများကို တွန်းလှန်လိုက်ပြီး ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ ပြန်လည်ရှင်သန်မှုကို နှောင့်နှေးစေသည်။
တောက်ပသော အလင်းဘောလုံးက သူ့ထံသို့ ပျံသန်းလာနေစဉ် ရွှီချင်းက သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးထဲမှာ ကြေးမုံအပိုင်းအစတစ်ခု ရှိသည်။
ကြေးမုံအပိုင်းအစက ရွမ်းဗတ်ပုံသဏ္ဍာန်ရှိပြီး ယင်း၏ မျက်နှာပြင်ပေါ်မှာ တောက်ပသော အလင်းရောင်က ရွေ့လျားစီးဆင်းနေသည်။ ထို့ပြင် ကြေးမုံအပိုင်းအစက တည်ရှိမှုအားလုံးကို ယင်း၏ မျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်နိုင်ဟန် ရသည်။
နွေဦးအင်မော်တယ်ထက် သာလွန်ပြီး အင်မော်တယ်အရှင်သခင်အဆင့်သို့ ရောက်ရှိနေသော အာဏာစက်ဥပဒေသအရှိန်အဝါက ကြေးမုံအတွင်းမှာ လှည့်ပတ်နေသည်။ အမှန်မှာ သာမန်အင်မော်တယ်အရှင်သခင်များ၏ အာဏာစက်ဥပဒေသများက ယင်းကို မယှဉ်နိုင်ကြချေ။
ကြေးမုံအပိုင်းအစ ထွက်ပေါ်လာသည့်အခိုက် အင်မော်တယ်စိတ်ဆန္ဒက ဟွမ်ကောင်းကင်ဘုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ယင်းက အင်မော်တယ်အရှင်သခင်မီမင်၏ တာအိုလက်နက် ဖြစ်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ရွှီချင်းမထွက်သွားမီ မီမင်က သူ့ကိုယ်ပိုင် အာဏာစက်ဥပဒေသ၏ တစ်စိတ်တစ်ပိုင်းကို လက်ဆောင်ပေးခဲ့သည်။
တခြားလူများအတွက်တော့ ဤအာဏာစက်ကို ပိုင်ဆိုင်ထားခြင်းက ကြီးကြီးမားမား အကျိုးသက်ရောက်မှုမရှိပေ။
သို့သော်လည်း ရွှီချင်းက ခြားနားသည်။
သူက အတိတ်မှာ မီမင်၏ မှတ်ဉာဏ်များထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။ သူက ကြေးမုံသမိုင်းပုံရိပ်ထဲမှာ မီမင်၏ သရုပ်ကိုပင် ရရှိခဲ့ပြီး မီမင်အဖြစ် နေထိုင်ခဲ့ဖူးသည်။
ထိုအတွေ့အကြုံများကြောင့် ရွှီချင်းက အထက်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ မီမင်၏ အာဏာစက်ကို အပြည့်အဝ အသုံးပြုနိုင်သော တစ်ဦးတည်းသောလူ ဖြစ်သည်။
ဆရာသခင်ပိုင်ပေးခဲ့သော နတ်ဘုရားမျက်လုံးမီးအိမ်မှလွဲလျှင် ယင်းက ယခု ရွှီချင်းပိုင်ဆိုင်ထားသော ဓမ္မရတနာများထဲမှာ အစွမ်းထက်ဆုံး ဖြစ်သည်။
သူ၏ လက်ဖဝါးထဲမှ ကြေးမုံအပိုင်းအစက ထွန်းလင်းလာသည်နှင့် ဟွမ်ကောင်းကင်ဘုံ၏ ကောင်းကင်က ဖရိုဖရဲဖြစ်သွားပြီး မြေပြင်က တုန်လှုပ်သွားသည်။
မီမင်၏ အာဏာစက်သည် ယင်း၏ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းအရ အရာအားလုံးကို ဖိနှိပ်လိုက်သည်။
အထူးသဖြင့် ပြန်ရှင်သန်လာနေသော ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ပင်။
ကြေးမုံက ၎င်းကို အလင်းပြန်လိုက်သည်နှင့် နတ်ဧကရာဇ်၏ ဧရာမခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။
ရွှေရောင်မြူခိုးက ကြေးမုံအတွင်းမှာ မြန်ဆန်စွာ စုဝေးသွားသည်။ ထို့နောက် ဝေဝါးသော လူပုံသဏ္ဍာန်က ကြေးမုံပေါ်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ယင်းကို ဘေးမှ စောင့်ကြည့်နေသော သတ္တမသခင်ကြီးက မြင်သွားသောအခါ နှလုံးတုန်ယင်သွားသည်။
ရွှီချင်း၏ လက်ဖဝါးပေါ်မှ ကြေးမုံက မည်မျှသာလွန်ထူးခြားကြောင်း သူအာရုံခံနိုင်ပြီး ယင်းပေါ်မှ ဝေဝါးသော ပုံရိပ်ကို ချက်ချင်း သူမှတ်မိသွားသည်။
၎င်းက ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ် ဖြစ်သည်။
ပိုပြီးအံ့ဩစရာကောင်းသည့်အချက်မှာ အစစ်အမှန်နာမည်တစ်ခုက ပုံရိပ်အတွင်းမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
“ ဒီကြေးမုံက… နတ်ဘုရားတွေကို ဖိနှိပ်တဲ့နေရာမှာ အထူးသက်ရောက်မှုရှိတဲ့ပုံပဲ ”
သတ္တမသခင်ကြီးက သူ၏ စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ရွှီချင်းက သတ္တမသခင်ကြီး၏ အမူအရာကို သတိထားမိသွားပြီး သူ၏ အတွေးများကို နားလည်သွားသည်။
သတ္တမသခင်ကြီးသည် မီမင်၏ အင်မော်တယ်အရှင်သခင်အဖြစ် တတ်လှမ်းပုံကို မမြင်တွေ့ခဲ့ပေ။
မီမင်သည် အဆင့်ချိုးဖြတ်ရန် အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်အပေါ် မှီခိုအားထားခဲ့သည်။ အရင်ဆုံး သူက ကြယ်ဂြိုလ်ထဲသို့ သူ့ကိုယ်သူ နစ်မြုပ်သွားစေပြီး နတ်ဘုရားအရှင်သခင်တစ်ပါး၏ အဆင့်အတန်းကို ရယူခဲ့ကာ သူ၏ အစစ်အမှန်နာမည်ကို ရေးထွင်းခဲ့သည်။
ထို့နောက် သူက အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာ၏ ကူညီပေးမှုအောက်မှာ နတ်ဘုရားအရှင်သခင်တစ်ပါးမှ အင်မော်တယ်အရှင်သခင်တစ်ပါးအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
ထိုသို့အဆင့်တတ်လှမ်းမှုကြောင့် မီမင်က နတ်ဘုရားတစ်ပါးဖြစ်ခဲ့သလို အင်မော်တယ်တစ်ပါးလည်း ဖြစ်သည်။
သို့ဖြစ်၍ သူ၏ အာဏာစက်ထဲမှာ နတ်ဘုရားများအပေါ် အလိုအလျောက်ဖိနှိပ်မှုက ပါဝင်နေသည်။
နောက်ပိုင်းမှာ ရွှီချင်းက မီမင်၏ အဆင့်တတ်လှမ်းမှုကို သေသေချာချာ သုံးသပ်ခဲ့သည်။ ရှေးခေတ်မိခင်ဂြိုလ်ကို မှီခိုအားထားခြင်းသည် အလွန့်အလွန်မြင့်သော စမှတ်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ မည်သို့ဖြစ်ပါစေ ရှေးခေတ်မိခင်ဂြိုလ်က စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
သို့တိုင် မီမင်၏ အန္တိမရွေးချယ်မှုမှာ နောင်တရစရာတချို့ ရှိနေဆဲပင်။
သူက ရှေးခေတ်မိခင်ဂြိုလ်နှင့် ယာယီသာ ပေါင်းစပ်နိုင်ခဲ့သည်။ သူက ရှေးခေတ်မိခင်ဂြိုလ်ကို မဝါးမျိုနိုင်ခဲ့ပေ။ အကယ်၍ သူသာ ထိုသို့လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင် သမိုင်းက ပိုပြီးအံ့ဩစရာကောင်းသော ဇာတ်လမ်းဖြင့် ပြန်ပြင်ရေးသားခံရလိမ့်မည်။
သို့သော်လည်း ထိုရွေးချယ်မှုက လုံးဝမဖြစ်နိုင်လုနီးပါး ခက်ခဲကြောင်း ရွှီချင်း နားလည်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရင်၏ တားဆီးမှုဖြစ်စေ၊ ရှေးခေတ်မိခင်ဂြိုလ်၏ ဆန့်ကျင်မှုဖြစ်စေ မီမင်၏ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ကြောင့်ဖြစ်စေ သေးငယ်သော အမှားအယွင်းလေးတစ်ခုက အင်မော်တယ်ဘုရင်၏ အစီအစဉ်တစ်ခုလုံးကို ပျက်စီးစေနိုင်သည်။
ယင်းက ပင့်ကူအမျှင်ပေါ်မှာ လမ်းလျှောက်နေရခြင်းနှင့် ဆင်တူသည်။
ထို့ကြောင့် မီမင်က အောင်မြင်နိုင်ခြေအများဆုံးနှင့် ဘေးအကင်းဆုံး နည်းလမ်းဖြစ်သော ယာယီပေါင်းစပ်ခြင်းကိုသာ ရွေးချယ်ခဲ့သည်။ အစီအစဉ်ပြီးဆုံးသွားပြီးနောက် သူက ရှေးခေတ်မိခင်ဂြိုလ်နှင့် ပေါင်းစပ်မှုကို ကိုယ့်ဘာသာ ပြန်ခွဲထုတ်ခဲ့သည်။
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ပေါ်လျှိုးလာနေစဉ် သူ၏ အကြည့်က မြေပြင်ပေါ်မှ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ပေါ်သို့ ကျရောက်သွားသည်။
နတ်ဧကရာဇ်၏ ဖွင့်ထားသော မျက်လုံးက နောက်တစ်ကြိမ် ပြန်မှိတ်သွားသည်။ သို့သော်လည်း ၎င်း၏ အရှိန်အဝါက ဖရိုဖရဲ လှုပ်ခတ်နေဆဲပင်။ ၎င်း၏ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေလေရာ ၎င်းက ရုန်းကန်ချင်နေသေးကြောင်း ထင်ရှားသည်။ သို့တိုင် မီမင်၏ အာဏာစက်အောက်မှာ ၎င်း၏ ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်သွားသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်သည် ၎င်း၏ အထွတ်အထိပ်အခြေအနေမှာပင် မီမင်၏ လက်ရှိစွမ်းအားကို မတောင့်ခံနိုင်ပေ။ ယခု ၎င်းက တစ်ပိုင်းတစ်စသာ ပြန်ရှင်သန်ရသေးပြီး ၎င်းမျိုးနွယ်စု ကိုးကွယ်ပူဇော်သော ကနဦးအလင်းကိုလည်း ဆုံးရှုံးထားလေရာ မီမင်၏ အာဏာစက်ကို မည်သို့ခုခံနိုင်လိမ့်မည်နည်း။
သို့ဖြစ်၍ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်သည် ရွှီချင်း၏ လက်ဖဝါးထဲမှ ကြေးမုံအာဏာစက်က ၎င်း၏ နတ်ဘုရားဝိညာဉ်အား ဆွဲထုတ်သွားနေသည်ကို အကူအညီမဲ့စွာသာ ကြည့်နေရသည်။
ထိုလုပ်ငန်းစဉ်အတွင်းမှာ အားညိုက စိတ်ဓာတ်တတ်ကြွသွားသည်။ နတ်ဧကရာဇ်ထံမှ ခုခံတွန်းလှန်မှုက မြန်ဆန်စွာ လျော့နည်းသွားကြောင်း သူအာရုံခံနိုင်သည်။
သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ နတ်ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် နောက်တစ်ကြိမ် ပေါင်းစပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နတ်ဧကရာဇ်၏ ဘယ်ဘက်လက်မှ မှေးမှိန်နေသော အပြာရောင်အလင်းက ရုတ်ချည်း ထွန်းလင်းလာပြီး ခန္ဓာကိုယ်တစ်လျှောက်သို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ အပြာရောင်အလင်းက နတ်ဧကရာဇ်၏ ခန္ဓာကိုယ်တစ်ဝက်ကို သိမ်းပိုက်နိုင်သွားသည်။ ထို့ပြင် ယင်းက မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ ကျန်တစ်ဝက်ကို ဆက်လက် သိမ်းပိုက်လိုက်သည်။
ယခုကဲ့သို့ အခြေအနေမှာပင် နတ်ဧကရာဇ်က ခေါင်းမာစွာ ဆက်လက် ခုခံနေဆဲပင်။ ၎င်းက မီမင်၏ ကြေးမုံအပိုင်းအစကြောင့် အကူအညီမဲ့နေသော်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မည့် လက္ခဏာကို ဖော်ပြလာသည်။
နတ်ဧကရာဇ်က ၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ကို စွန့်လွှတ်မည့်အစား ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ရန် ပိုပြီးဆန္ဒရှိဟန် ရ၏။
ယင်းကို မြင်သောအခါ သတ္တမသခင်ကြီး၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော်လည်း ရွှီချင်းက သူ့အောက်မှ နတ်ဧကရာဇ်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ တကယ်လို့ မင်းရဲ့ သရုပ်ဆောင်မှုက အရမ်းလွန်သွားပြီး ငါ့စီနီယာအကိုကြီးရဲ့ ပေါင်းစပ်မှုကို နှောင့်နှေးစေမယ်ဆိုရင် မင်းရဲ့ အလိမ်အညာကို အစစ်အမှန်ဖြစ်လာအောင် ငါလုပ်ပေးမယ် ”
ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း တုန်ယင်နေသော နတ်ဧကရာဇ်က ရုတ်တရက် ငြိမ်သက်သွားသည်။
ရွှီချင်းက တည်ငြိမ်စွာ ဆက်ပြောသည်။
“ မင်းက ငါ့စီနီယာအကိုကြီးကို အသုံးချပြီး အထူးနည်းလမ်း၊ အထူးနေရာ၊ အထူးဆင့်ခေါ်မှုနဲ့ မင်းပြန်ရှင်သန်လာနိုင်ဖို့ ထူးခြားတဲ့ ရိုးရာဓလေ့တစ်ခုကို ဖန်တီးခဲ့တယ် ”
“ အပေါ်ယံမှာတော့ အဲ့ဒါက ယုတ္တိရှိတယ်… တကယ်လို့ ငါပြန်ရောက်မလာခဲ့ရင် မင်းအောင်မြင်လောက်တယ် ”
“ ဒါပေမဲ့… ဟွမ်ကောင်းကင်ဘုံအလွန်က ကိစ္စတွေကို မင်းသတိမပြုမိဘူးဆိုတာ ငါမယုံဘူး ”
“ ဒါမှမဟုတ်… လက်ရှိအခြေအနေအရ တကယ်လို့ မင်းပြန်ရှင်သန်လာမယ်ဆိုရင်တောင် နောက်ဆုံးမှာ ငါ့ရဲ့ ဖိနှိပ်ခံရမယ်ဆိုတာကို မင်းမသိတာလား ”
“ သိတယ်ဆိုရင် မင်းဘာလို့ ရုန်းကန်နေသေးလဲ… ”
ရွှီချင်း၏ အကြည့်က နတ်ဧကရာဇ်အလောင်းကို ဖောက်ထွင်းသွားသည်။
“ မင်းက ငါ့ဆရာနဲ့ ငါ့ရဲ့ ကမ္မကို အသုံးပြုပြီး ဒီနေရာမှာ အပြီးတိုင် ပျောက်ကွယ်သွားချင်တယ်… အဲ့ဒါမှ မင်းက အထူးနည်းလမ်းတွေကနေတဆင့် တခြားကြယ်တာရာစက်ဝန်းဆီမှာ ပြန်ရှင်သန်လာနိုင်မှာ ”
“ မင်းက မင်းရဲ့ အကြံအစည် ဖော်ထုတ်ခံရမှာကို ကြောက်လို့ ရုန်းကန်ချင်နေတဲ့ပုံ ဟန်ဆောင်ပြနေတယ်… တစ်ချိန်တည်းမှာ မင်းက ဟွမ်ကောင်းကင်ဘုံထဲမှာ ပြန်ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်ထားနေသေးတယ်… မင်းက နည်းလမ်းနှစ်ခုစလုံးကို တစ်ပြိုင်နက် ကြိုးစားကြည့်ချင်နေတယ် ”
ရွှီချင်းက စကားဆုံးသည်နှင့် သူ၏ လက်ဖဝါးပေါ်မှ ကြေးမုံအပိုင်းအစကို ငုံ့ကြည့်လိုက်သည်။ ကြေးမုံ၏ မျက်နှာပြင်ပေါ်မှ နတ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်နှင့် အစစ်အမှန်နာမည်က လိုက်လျောညီထွေဖြစ်ဟန် ထင်ရသော်လည်း မီမင်၏ အာဏာစက်အစွမ်းက အာရုံခံရန် မဖြစ်နိုင်လုနီးပါး အလွန်သေးငယ်သော မညီညွတ်မှုကို ဖော်ထုတ်ပေးခဲ့သည်။
ထိုအစစ်အမှန်နာမည်က ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ အစစ်အမှန်နာမည် မဟုတ်ပေ။
“ စီနီယာလီဇီဟွားက ဘယ်တော့မှ တကယ် ပြန်ရောက်လာမှာ မဟုတ်ဘူး… ဝမ်ကူးကုန်းမြေဆီ တတ်လှမ်းသွားခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်နဲ့ နောက်ဆက်တွဲကိစ္စအားလုံးက… အဲ့ဒါတွေရဲ့ ရည်ရွယ်ချက်က… ”
“ မင်းကို လွတ်မြောက်အောင် ကူညီပေးဖို့ ဖြစ်တယ် ”
ရွှီချင်း၏ အသံက အေးစက်နေသည်။ အစက ယင်းကို သူမသေချာပေ။ သို့သော်လည်း ဟွမ်ကောင်းကင်ဘုံထဲမှ သူ၏ အတွေ့အကြုံများနှင့် ကြေးမုံမျက်နှာပြင်ပေါ်မှ ဖော်ပြမှုများက သူ၏ ခန့်မှန်းမှုကို အတည်ပြုပေးခဲ့သည်။
အဓိကအရေးကြီးဆုံးမှာ တစ်ချိန်က ဂုဏ်သတင်းကျော်ဇောခဲ့သော နတ်ဧကရာဇ်က ၎င်းအတွက် လွတ်လမ်းမချန်ထားဘဲ သေဆုံးသွားလိမ့်မည်ဟု ရွှီချင်း လုံးဝ မယုံကြည်ချေ။
ရွှီချင်း၏ စကားများက ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
မြေပြင်ပေါ်တွင် နတ်ဧကရာဇ်၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ဆတ်ခနဲ ပြန်ပွင့်သွားသည်။
၎င်းက ကောင်းကင်ပေါ်မှ ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ ရွှေရောင်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
ရွှီချင်းက သတ္တမသခင်ကြီးထံသို့ လှည့်လိုက်သည်။
“ ဆရာ… တပည့်ကို ဒီကကိစ္စတွေကို ဖြေရှင်းခွင့်ပေးပါ ”
သတ္တမသခင်ကြီးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ရွှီချင်း၏ ဆုံးဖြတ်ချက်ကို သူခန့်မှန်းမိပြီးပြီ ဖြစ်သည်။
ရွှီချင်းက ဦးညွတ်လိုက်ပြီး မြေပြင်ပေါ်မှ နတ်ဧကရာဇ်ကို ကြည့်လိုက်သည်။
“ အတိတ်တုန်းက ကိစ္စတွေမှာ စီနီယာလီဇီဟွားအပေါ် ငါအကြွေးတင်ခဲ့တယ်… သူက မင်းရဲ့ အစစ်အမှန်နာမည်ကို ယူဆောင်သွားခဲ့မှတော့… မင်းရဲ့ နောက်ဆုံးခုခံမှုကို ကိုယ်တိုင်ဖြတ်တောက်ပစ်ပြီး ငါ့စီနီယာအကိုကြီးရဲ့ ပေါင်းစပ်မှုကို ပြီးမြောက်ခွင့်ပေးလိုက်ပါ ”
“ အပြန်အလှန်အနေနဲ ငါမင်းကို လွတ်လပ်ခွင့်ပေးမယ် ”
“ ဒီနေ့ကစပြီး အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲကို မင်းခြေမချဘူးဆိုရင် မင်းရဲ့ ကိစ္စတွေက ငါနဲ့ ဘာမှမသက်ဆိုင်တော့ဘူး ”
ရွှီချင်း၏ အသံထဲမှာ ကောင်းကင်ဘုံအမိန့်တော်၏ အလေးချိန်က ပါဝင်နေသည်။
“ တစ်ခုကို လိုချင်ရင် အရင်ဆုံး ကိုယ့်ဘက်က လက်လွှတ်ရမယ် ”
နတ်ဧကရာဇ်က နှုတ်ဆိတ်သွားသည်။
ရွှီချင်း၏ စကားများက ၎င်း၏ အကြံအစည်ကို အကုန်ဖော်ထုတ်သွားခဲ့သည်။ အစက ၎င်းက လောဘကြီးသော ထိုကျင့်ကြံသူကို အသုံးချ၍ ဟွမ်ကောင်းကင်ဘုံမှာ ပြန်လည်ရှင်သန်နိုင်ရန် အမှန်တကယ် ကြံစည်ခဲ့သည်။
သို့သော်လည်း ဟွမ်ကောင်းကင်ဘုံအပြင်ဘက်မှ အပြောင်းအလဲများကြောင့် ၎င်းက တခြားလမ်းကြောင်းများကို ဦးစားပေးရွေးချယ်ရန် တွန်းအားပေးခြင်းခံခဲ့ရသည်။
အတိတ်မှာ ဟွမ်ကောင်းကင်ဘုံမှ ထွက်ခွာသွားခဲ့ကြသော လီဇီဟွားနှင့် နီလာနတ်သမီးသည် ၎င်းနှင့် သဘောတူညီမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။
သို့ဖြစ်၍ ၎င်းတို့ထွက်ခွာသွားပြီးနောက်ပိုင်း ၎င်းက ဘာမှဝင်မစွက်ဖက်ခဲ့ပေ။ ၎င်းက ဟွမ်ကောင်းကင်ဘုံမှ ထွက်ခွာသွားကြသော မျိုးနွယ်ဝင်အားလုံးကို မှာကြားချက်တစ်ခုသာ ပေးခဲ့သည်။
ယင်းက ၎င်းကို ကယ်တင်ပေးရန် ဖြစ်သည်။
၎င်းတို့ထဲမှာ ကိုယ်ပိုင်ထွန်းလင်းတောက်ပမှုကို ရရှိခဲ့သော လီဇီဟွားက အောင်မြင်နိုင်ခြေအများဆုံး ဖြစ်သည်။
၎င်းလုပ်ဆောင်ရမည်မှာ ဟွမ်ကောင်းကင်ဘုံနှင့်ဆက်နွယ်နေသော ၎င်း၏ ကမ္မချည်မျှင်အားလုံးကို အပြီးတိုင် ဖြတ်တောက်ပစ်ရန် ဖြစ်သည်။
သို့တိုင် ၎င်း၏ နှလုံးသားထဲမှာ တွန့်ဆုတ်မှုသေးသေးလေး ကျန်ရှိနေဆဲပင်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်…
သက်ပြင်းချသံက ၎င်း၏ ဘေးပတ်ဝန်းကျင်မှာ ပျံ့လွင့်သွားသည်။
၎င်းက ၎င်း၏ နှလုံးသားထဲမှ နောက်ဆုံးဆန္ဒမရှိမှုကို စွန့်လွှတ်လိုက်ပြီး ပြန်မျက်လုံးမှိတ်လိုက်သည်။
၎င်း၏ ရုန်းကန်မှုနှင့် ခုခံမှုက ပျောက်ကွယ်သွားသည်။
ချက်ချင်းဆိုသလို ၎င်း၏ နတ်ဘုရားဝိညာဉ်က ရွှီချင်း၏ ကြေးမုံပေါ်မှာ အပြည့်အဝ ဒြပ်ထည်ဖွဲ့စည်းသွားသည်။ တစ်နည်းဆိုရသော် ၎င်း၏ ဝိညာဉ်က ရုပ်ခန္ဓာကိုယ်ထဲမှ အပြီးတိုင် ခွဲထွက်သွားသည်။
ထိုစဉ် အားညို၏ ပေါင်းစပ်မှုက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အပြာရောင်အလင်းက နတ်ဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် သူက နက်ရှိုင်းစွာ အိပ်မောကျသွားပြီး နောက်ဆုံးအမြစ်ဖြတ်သုတ်သင်ခြင်းကို စတင်လိုက်သည်။
သူ၏ စီနီယာအကိုကြီးက ပြန်နိုးထရန် အချိန်တစ်ခုလိုအပ်ကြောင်း ရွှီချင်း အာရုံခံမိသောအခါ သူက သူ့လက်ဖဝါးထဲမှ ကြေးမုံအပိုင်းအစကို ဖျစ်ညှစ်လိုက်သည်။
နူးညံ့သော ကြွပ်ဆတ်သံနှင့်အတူ နတ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ အစစ်အမှန်နာမည်သည်လည်း လုံးဝ ပျောက်ကွယ်သွားသည်။
ဟွမ်ကောင်းကင်ဘုံ၊ ဝမ်ကူးကုန်းမြေနှင့် ပတ်သက်ဆက်နွယ်သော ၎င်း၏ ကမ္မချည်မျှင်အားလုံးက ဖြတ်တောက်ခံလိုက်ရသည်။
၎င်းနှင့်ပတ်သက်သော မှတ်ဉာဏ်များသည်လည်း ဖယ်ရှားခံလိုက်ရသည်။
ဟွမ်ကောင်းကင်ဘုံနှင့် ဝမ်ကူးကုန်းမြေတစ်လျှောက်တွင် ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ တည်ရှိမှုနှင့်ပတ်သက်သော အရာအားလုံးက တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။
မည်သူမှ ၎င်းကို မမှတ်မိကြတော့ချေ။ မည်သူမှ ၎င်းကို မခေါ်နိုင်ကြတော့ချေ။
၎င်းက လွတ်မြောက်သွားသည်။
ရွှီချင်းပြောခဲ့သလိုပင်...
“ တစ်ခုကို လိုချင်ရင် အရင်ဆုံး ကိုယ့်ဘက်က လက်လွှတ်ရမယ် ”
ဤနေရာမှ အရာအားလုံးကို လက်လွှတ်လိုက်သည့်အခါ ၎င်းက ကိုယ်ပိုင်လွတ်လပ်မှုကို ရရှိသွားသည်။
“ လွတ်လပ်မှု… အဲ့ဒါက သူ့အတွက် အကောင်းဆုံး ဖြစ်လောက်တယ်… အဲ့ဒီစစ်ပွဲမှာ ငါတို့အနိုင်ရခဲ့ပေမဲ့ ဒီကုန်းမြေက ဘယ်တော့မှ အမှန်တကယ် မစည်းလုံးသွားခဲ့ဘူး… ဟွမ်ကောင်းကင်ဘုံတည်ရှိနေသေးသရွေ့ ရွှမ်ကမ္ဘာမြေက ဘယ်တော့မှ အမှန်တကယ် အနိုင်မရဘူး ”
သတ္တမသခင်ကြီးက သူ၏ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ထိုကြေညာမှုက သူ၏ အတိတ်ကို နိဂုံးချုပ်သွားစေသည်။
“ ဟွမ်ကောင်းကင်ဘုံရဲ့ အဲ့ဒီအလင်းရောင်က… ”
သတ္တမသခင်ကြီးက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက လက်ဆန့်ထုတ်လိုက်ပြီး သူ၏ အရှေ့မှာ မျောလွင့်နေသော အလင်းဘောလုံးကို ဖမ်းဆုပ်လိုက်သည်။ သူက တစ်ခဏကြာ တွေးတောစဉ်းစားပြီးနောက် နူးညံ့စွာ ပြောသည်။
“ ဆရာ… စီနီယာအကိုကြီး နိုးထလာဖို့ အချိန်လိုအပ်ပါတယ် ”
“ ပြီးတော့ ဒီအလင်းက သာလွန်ထူးခြားပါတယ်… အဲ့ဒီထဲမှာ ဟွမ်ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒနဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေပါတယ် ”
“ အဲ့ဒါကို ဒီနေရာမှာ ငါစုပ်ယူပြီး အဲ့ဒီထဲက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ပါတယ် ”