← Chapters

ဟွမ်ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်

Vol. 119 Ch. 1818

ဟွမ်ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်

Vol. 119 Ch. 1818

“ ဟွမ်ကောင်းကင်ဘုံ မွေးဖွားလာခဲ့တုန်းက ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ အလင်းရောင်… ”

ဟွမ်ကောင်းကင်ဘုံလောကထဲဝယ်…

ရွှီချင်းက နှစ်ချိုက်စွာ အိပ်မောကျနေသော အားညို၏ ဘေးမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှ အလင်းဘောလုံးကို စိုက်ကြည့်လိုက်သည်။ ယင်း၏ အလင်းပြန်မှုက သူ၏ သူငယ်အိမ်များကို ထွန်းလင်းသွားစေသည်။

သူ၏ ဘေးတွင် သတ္တမသခင်ကြီးသည်လည်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက ဖြည်းညင်းစွာ ပြောသည်။

“ မင်းလုပ်ချင်တာ လုပ်ပါ… ငါဒီနေရာမှာ စောင့်ကြပ်ပေးမယ် ”

“ ရှေးခေတ်ကတည်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်ခဲ့တဲ့ ဒီဆန်းကြယ်အလင်းထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ငါလည်း သိချင်တယ်… အကြီးအကဲတွေ ပြောတာတော့ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က ဒီအလင်းကနေ မွေးဖွားလာတာတဲ့ ”

သတ္တမသခင်ကြီး၏ အကြည့်က ရွှီချင်း၏ လက်ဖဝါးပေါ်မှ အလင်းဘောလုံးထံသို့ ကျရောက်သွားသည်။

အတိတ်မှာ သူတို့က ထိုအလင်းကို စူးစမ်းလေ့လာခဲ့သော်လည်း ယင်း၏ လျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်ခဲ့ကြပေ။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

အလင်းဘောလုံးအပေါ် သူ၏ ဖျစ်ညှစ်မှုကြောင့် ကြွပ်ဆတ်သောမြည်သံ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ အလင်းဇစ်မြစ်က တောက်ပသော အလင်းတန်းများအဖြစ် ခွဲထွက်သွားပြီး သူ၏ အရေပြားပေါ်သို့ ဖြတ်သန်းစီးဆင်းသွားကြသည်။ ထို့နောက် အလင်းတန်းများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသည်။

ယင်းတို့က သူ၏ အသွေးအသား၊ မရီဒျန်များနှင့် အရိုးများကို ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ အစိတ်အပိုင်းအားလုံးဆီသို့ ပျံ့နှံ့သွားကြသည်။

ထိုလုပ်ငန်းစဉ်အတွင်းမှာ ရွှီချင်း၏ မျက်လုံးများက ထွန်းလင်းတောက်ပလာသည်။ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။ လေကြမ်းများက သူ၏ ဘေးမှာ တိုက်ခတ်လာပြီး ကောင်းကင်ပေါ်မှ တိမ်တိုက်များက အဝေးသို့ လွင့်စင်သွားကြသည်။

ယင်းကို အနီးကပ် စောင့်ကြည့်နေသော သတ္တမသခင်ကြီးက လက်မြှောက်လိုက်ပြီး သူတို့၏ ဘေးပတ်ပတ်လည်မှာ ချိပ်တံဆိပ်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။

ထိုစဉ် ရွှီချင်းက အံ့ဩမှုကြောင့် နှလုံးတုန်လှုပ်သွားသည်။

“ မူလအနှစ်သာရလား ”

ဆန်းကြယ်အလင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်နှင့် အလွန်သန့်စင်သော မူလအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာနေကြောင်း ရွှီချင်း အာရုံခံမိသွားသည်။

ယင်း၏ တိုးပွားနှုန်းက နှေးကွေးသော်လည်း ယင်း၏ သန့်စင်မှုက အတိတ်မှာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်ထံမှ သူစုပ်ယူခဲ့ဖူးသော မူလအနှစ်သာရနှင့် နှိုင်းယှဉ်နိုင်သည်။

ထိုရှာတွေ့မှုက ရွှီချင်းအား အတွေးနက်သွားစေသည်။

အစောနက သူသည် ဟွမ်ကောင်းကင်ဘုံမျိုးနွယ်ဝင်များထံမှ အလင်းကတော့ချွန်များကို စုပ်ယူခဲ့သည်။ သို့သော်လည်း မူလအနှစ်သာရကို လုံးဝ သူမခံစားမိပေ။ ဆန်းကြယ်အလင်းဘောလုံးကို သူ၏ လက်ဖဝါးပေါ်မှာ ဆုပ်ကိုင်ထားခဲ့သည့်အချိန်မှာပင် မူလအနှစ်သာရကို သူမခံစားမိပေ။

“ စိတ်ဝင်စားစရာပဲ ”

အတွေးနက်သွားပြီးနောက် ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆန်းကြယ်အလင်းဆီသို့ ဖြန့်ကြက်လိုက်ပြီး နက်ရှိုင်းစွာ စူးစမ်းလေ့လာလိုက်သည်။

သို့တိုင် အတားအဆီးများက ရှိနေဆဲပင်။

ထိုအလင်းမှာ ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိသည့်အလား ယင်းက ရွှီချင်း၏ စူးစမ်းလေ့လာမှုကို တားဆီးနေပြီး ပေါင်းစပ်မှုကို ငြင်းဆန်နေသည်။

ယင်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကိုသာ အသိအမှတ်ပြုဟန် ရ၏။

ရွှီချင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ကျောက်ရှာအလင်းကို ထုတ်လွှတ်လိုက်ပြီး ထိုနှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားကြည့်သည့်တိုင် သူ၏ စူးစမ်းလေ့လာမှုက ခက်ခဲနေဆဲပင်။

ယင်းကို မြင်သောအခါ အေးတိအေးစက် စိတ်ဆန္ဒက ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

နောက်အခိုက်အတန့်မှာ အာဏာစက်ဥပဒေသက သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါ်လျှိုးလာပြီး လွှမ်းမိုးဖိနှိပ်သော အင်အားနှင့်တကွ ဆန်းကြယ်အလင်းကို ဖိချလိုက်သည်။

သူက ဆန်းကြယ်အလင်းကို တစ်စစီ ဖြိုခွဲပစ်ပြီး ယင်း၏ ဇစ်မြစ်ကို ရှာဖွေချင်သည်။

ချက်ချင်းဆိုသလို ဆန်းကြယ်အလင်းက သိမ့်သိမ့်တုန်သွားသည်။ ယင်းက အပြင်းအထန် ခုခံတားဆီးလိုက်သည်။

အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ပိုပြီးထင်ရှားလာသည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး အင်မော်တယ်အရှင်သခင်မီမင် ပေးထားသော ကြေးမုံအပိုင်းအစကို ထုတ်လိုက်သည်။ သူ၏ အကြည့်က ကြေးမုံမျက်နှာပြင်ကို ဖြတ်သန်း၍ သူ၏ ခန္ဓာကိုယ်အတွင်းဆီသို့ ဝင်ရောက်သွားသည်။

ကြေးမုံ၏ အစွမ်းက ဆန်းကြယ်အလင်းဆီသို့ တိုးဝင်သွားပြီး ရွှီချင်း၏ ဖိနှိပ်မှုကို ထပ်လောင်း အားဖြည့်ပေးလိုက်သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော အလင်းက ပိုပြီးလှုပ်ခတ်လာသည်။ သို့တိုင် ယင်းက ခေါင်းမာစွာ ဆက်ပြီး ခုခံနေဆဲပင်။

ယင်းကို မြင်သောအခါ ရွှီချင်းက သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြီး ဆရာသခင်ပိုင်ပေးထားသော နတ်ဘုရားမျက်လုံးမီးအိမ်ကို ဆင့်ခေါ်လိုက်သည်။

မီးအိမ်က သူ၏ အရှေ့မှာ လွင့်မျောနေစဉ် နတ်ဘုရားမျက်လုံးက ဆတ်ခနဲ ပွင့်သွားသည်။

နတ်ဘုရားအလင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

မီးအိမ်၏ အစွမ်းအာနိသင်က အသက်ဝင်လာသည်နှင့် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ တောက်ပသော အလင်းပင်လယ်အဖြစ် ပြောင်းလဲသွားပြီး အလင်းဇစ်မြစ်ကို ဖိနှိပ်လိုက်သည်။

ထိုနှစ်ခုတွေ့ဆုံသွားသည့်အခိုက် တရှဲရှဲမြည်သံ ထွက်ပေါ်လာသည်။ ထို့နောက် တာအိုမြည်သံနှင့်ဆင်တူသော မျိုးနွယ်ခြားအော်သံက ဆန်းကြယ်အလင်းထဲမှ ပဲ့တင်ထပ်လာသည်။

ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ပိုပြီးဖရိုဖရဲဖြစ်လာသည်။ သို့တိုင် ရွှီချင်း၏ အကြင်နာမဲ့သော ဖိနှိပ်မှုအောက်မှာ ယင်း၏ ခုခံမှုက တဖြည်းဖြည်း ပျက်စီးလာသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

တစ်ရက်ကြာပြီးနောက်မှာ ယင်း၏ ရုန်းကန်မှုနှင့် ခုခံမှုက နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားသည်။

“ ဒီလိုအခြေအနေမှာတောင် တစ်ရက်လုံးလုံး တောင့်ခံနိုင်တယ်ဆိုတော့… ဒီအလင်းက တကယ် သာမန်မဟုတ်ဘူး… ”

ယင်းကို အာရုံခံမိသောအခါ ရွှီချင်းက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး အလင်း၏ နောက်ဆုံးခုခံမှုကို ဖျက်ဆီးပစ်ရန် သူ၏ အာဏာစက်ဥပဒေသကို ထပ်မံ ထုတ်လွှတ်လိုက်သည်။

မကြာမီ သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းက နောက်ထပ် မတောင့်ခံနိုင်တော့ပေ။

အလင်းက မှေးမှိန်သွားသည်။

အလင်းမှိန်ဖျော့သွားသည့်အခိုက် ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ထိုအလင်း၏ ဇစ်မြစ်ကို အတင်းအဓမ္မ ထိုးဖောက်သွားသည်။

သူ၏ စိတ်အာရုံက အထဲသို့ ဝင်ရောက်သွားသည်နှင့် ရွှီချင်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။

သူ၏ အသက်ရှူသံသည်ပင် မြန်ဆန်လာသည်။

“ အဲ့ဒါက… ”

သူ၏ စိတ်အာရုံထဲ၌ ထွက်ပေါ်လာသည်မှာ အဆုံးမဲ့သော မူလအနှစ်သာရပင်လယ် ဖြစ်သည်။

သူ၏ စိတ်အာရုံက မတည်မငြိမ်ဖြစ်သွားသည်။

ထိုမူလအနှစ်သာရသည် အလွန်အမင်း သန့်စင်သည်။

ထို့ပြင် ယင်း၏ ပမာဏက အလွန်အံ့ဖွယ်ကောင်းသည်။

ပင်လယ်၏ အောက်ခြေမှာပင် ထူထဲသော သလင်းကျောက်အလွှာများရှိကြောင်း ရွှီချင်း အာရုံခံနိုင်သည်။

ဤနေရာမှ မူလအနှစ်သာရက အလွန်သိပ်သည်းလေရာ ယင်းက အစိုင်အခဲပုံစံဖြင့်ပင် တည်ရှိနေသည်။

" အဲ့ဒါက.. "

ရွှီချင်း၏ အသက်ရှူသံက ပိုပြီးမြန်ဆန်လာသည်။

ယခု သူက ဆန်းကြယ်အလင်း၏ လျှို့ဝှက်ချက်တချို့ကို နားလည်သွားသည်။

“ တကယ်လို့ ဒီအလင်းက မီးအိမ်ဖြစ်မယ်ဆိုရင် မူလအနှစ်သာရက မီးအိမ်ရဲ့ မီးစာပဲ ”

“ မူလအနှစ်သာရက အရမ်းသန့်စင်ပြီး အစိုင်အခဲပုံစံတောင် ပြောင်းနေတယ်… တမူထူးခြားတဲ့ အတွင်းပိုင်းအစီအရင်တွေကြောင့် အဲ့ဒါက အပြင်ဘက်မှာ အလင်းရောင်အဖြစ် ပေါ်လျှိုးလာတယ် ”

“ ဒါကြောင့် တစ်ယောက်ယောက်က နက်ရှိုင်းတဲ့ စူးစမ်းလေ့လာမှုကို မပြုလုပ်ဘူးဆိုရင် အလင်းထဲက မူလအနှစ်သာရကို အာရုံခံနိုင်မှာ မဟုတ်ဘူး ”

“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က ဒီအလင်းထဲကနေ မွေးဖွားလာတာလို့ ဆရာပြောခဲ့တာ မထူးဆန်းတော့ပါဘူး… ”

ရွှီချင်းက နားလည်သဘောပေါက်သွားသည်။

အမှတ်လေးကြယ်တာရာစက်ဝန်း၏ အချိန်လေဟာနယ်မုန်တိုင်းထဲမှ ပြန်ထွက်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းအခြေခံက နွေဦးအင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားခဲ့သည်။ သို့တိုင် သူ၏ အာဏာစက်ဥပဒေသက အင်မော်တယ်အရှင်သခင်အဆင့်သို့ ရောက်ရှိနေသည်။

ထို့ကြောင့် သူက ဥပဒေသစွမ်းအားကို ထုတ်ဖော်နိုင်သည်။

သူ၏ နတ်ဘုရားခန္ဓာကိုယ်နှင့် မပေါင်းစပ်လျှင်ပင် ရွှီချင်း၏ တိုက်ပွဲစွမ်းအားက ခြေလှမ်းဝက် အင်မော်တယ်အရှင်သခင်အဆင့်မှာ ရှိသည်။

နွေဦးအင်မော်တယ်အဆင့်မှ အင်မော်တယ်အရှင်သခင်အဆင့်သို့ သူတတ်လှမ်းနိုင်ရန် လိုအပ်နေသော တစ်ခုတည်းသောအရာမှာ မူလအနှစ်သာရ ဖြစ်သည်။

ထိုအတွက် လိုအပ်သော မူလအနှစ်သာရပမာဏက အလွန်ကြီးမားလေရာ သူ၏ ကျင့်ကြံခြင်းတိုးတတ်မှုက နွေဦးအင်မော်တယ်တစ်ပါးဖြစ်လာပြီးနောက် နှေးကွေးသွားခဲ့သည်။

မည်သို့ဖြစ်ပါစေ သူ၏ အာဏာစက်က အင်မော်တယ်အရှင်သခင်လမ်းကြောင်းပေါ်သို့ ရောက်နှင့်ပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်လာရန် သူ့အတွက် အချိန်ကာလတစ်ခုသာ လိုအပ်ပေသည်။

ရွှီချင်းက နှုတ်ခမ်းသပ်လိုက်သည်။ သို့သော်လည်း သူက အလင်းထဲမှ မူလအနှစ်သာရကို ချက်ချင်း စုပ်ယူရန် မစဉ်းစားပေ။ ယင်းအစား သူက သူ၏ နတ်ဘုရားစိတ်အာရုံကို မူလအနှစ်သာရပင်လယ်ထဲသို့ ပို့လွှတ်လိုက်ပြီး အနက်ပိုင်းထဲသို့ ဆက်လက် နစ်မြုပ်သွားစေသည်။

သူ၏ နတ်ဘုရားစိတ်အာရုံက ပင်လယ်အောက်မှ သလင်းကျောက်အလွှာနှင့် ထိတွေ့သွားသည့်အခိုက် ရွှီချင်း၏ အာဏာစက်ဥပဒေသအစွမ်း၊ မီမင်၏ အာဏာစက်ဥပဒေသအစွမ်းနှင့် နတ်ဘုရားမျက်လုံး၏ နတ်ဘုရားအခွင့်အာဏာအစွမ်းက တစ်ပြိုင်နက် ပေါ်လျှိုးလာကြသည်။

ထိုအစွမ်းသုံးမျိုး၏ ပေါင်းစပ်မှုအောက်မှာ သူ၏ နတ်ဘုရားစိတ်အာရုံက သလင်းကျောက်အလွှာနှင့် ဝင်ဆောင့်သွားသည်။

သူက သလင်းကျောက်အလွှာ၏ အောက်ဘက်မှ အရာကို ထွင်းဖောက်ကြည့်ချင်သည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက သလင်းကျောက်အလွှာကို ဝင်ဆောင့်သွားသည်နှင့် သလင်းကျောက်အလွှာက သိမ့်သိမ့်တုန်သွားသည်။

အစတွင် ထိုလုပ်ငန်းစဉ်က အဆင်ပြေချောမွေ့သည်။ သို့သော်လည်း အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ သလင်းကျောက်အလွှာက ပိုပြီးအားကောင်းသော ခုခံမှုကို ထုတ်လွှတ်လာသည်။ ဤသည်မှာ ဆန်းကြယ်အလင်း၏ အန္တိမလျှို့ဝှက်ချက်က ရွှီချင်း၏ စူးစမ်းလေ့လာမှုကို တားဆီးချင်နေသည့်အလားပင်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ရုတ်ချည်း ရပ်တန့်သွားသည်။ ငြင်းပယ်ခံရသော လက္ခဏာများသည်ပင် စတင်ထွက်ပေါ်လာကြသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက စိတ်ထဲမှာ ခေါ်လိုက်သည်။

“ ဆရာ ”

အပြင်ဘက်တွင် ကာကွယ်စောင့်ကြပ်နေသော သတ္တမသခင်ကြီးက ရွှီချင်း၏ ဆင့်ခေါ်မှုကို ချက်ချင်း အာရုံခံမိသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အော်ပြောလိုက်သည်။

“ ရွှမ်ကမ္ဘာမြေ ”

နောက်အခိုက်အတန့်မှာ ရွှမ်ကမ္ဘာမြေပုံရိပ်က လေထဲမှာ ထွက်ပေါ်လာပြီး ရွှမ်ကမ္ဘာမြေကြယ်တာရာစက်ဝန်း၏ စွမ်းအားကို ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းပေးလိုက်သည်။

ရွှမ်ကမ္ဘာမြေစွမ်းအားက တိုးဝင်လာသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ အသစ်တိုးပွားလာသော အရှိန်အဟုန်နှင့်အတူ သူ၏ နတ်ဘုရားစိတ်အာရုံက မူလအနှစ်သာရပင်လယ်အောက်မှ ငြင်းပယ်မှုကို ခုခံလိုက်ပြီး အောက်သို့ ဆက်လက် နစ်မြုပ်သွားသည်။

ယင်းက နောက်ဆုံးမှာ သဏ္ဍာန်မဲ့အတားအဆီးကို ဝင်ဆောင့်လိုက်ပြီး ဖြိုခွဲလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံက သူ၏ ဝိညာဉ်အတွင်းမှာ ထွက်ပေါ်လာသည်။ ယင်းက စကြာဝဠာတစ်ခု၏ မွေးဖွားမှုနှင့် ဆင်တူသည်။

နောက်ဆုံးမှာ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက အတားအဆီးကို ချိုးဖြတ်သွားသည်။

ထိုအခါ သူမြင်လိုက်ရသည်မှာ…

တမူထူးခြားသော အသွေးအသားဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ဘုံခန္ဓာကိုယ်တစ်ခု ဖြစ်သည်။

အလွန်သိပ်သည်းသော မူလအနှစ်သာရက ဖော်မပြနိုင်အောင် များပြားလှသော ဒြပ်နှောများနှင့် ရောယှက်နေသည်။ တစ်ချိန်တည်းမှာ အမှန်တရားကို ကြိုးကိုင်ခြယ်လှယ်နိုင်သော နတ်ဘုရားအသံများက မရေမတွက်နိုင်အောင် ပဲ့တင်ထပ်လာသည်။

အရာအားလုံးက ပြောင်းလဲခံလိုက်ရသည်။

ထိုသို့ပတ်ဝန်းကျင်နှင့် ကောင်းကင်ဘုံခန္ဓာကိုယ်၏ ရင်းနှီးကျွမ်းဝင်သော အသွင်သဏ္ဍာန်ကို သူမြင်သွားသောအခါ နာမည်တစ်ခုက ရွှီချင်း၏ အသိစိတ်ထဲမှာ လျှပ်စီးလက်သွားသကဲ့သို့ ထွက်ပေါ်လာသည်။

“ ရှေးခေတ်မိခင်ဂြိုလ် ”

“ ဟွမ်ကောင်းကင်ဘုံက… အမှတ်ကိုးကြယ်တာရာစက်ဝန်းရဲ့ ရှေးခေတ်မိခင်ဂြိုလ်ပဲ ”

သို့သော်လည်း သူ့ကို အမှန်တကယ် နှလုံးတုန်သွားစေသည်မှာ…

သူ၏ မျက်စိအရှေ့တွင် ရှေးခေတ်မိခင်ဂြိုလ်က တစ်ခုတည်းရှိနေခြင်း မဟုတ်ပေ။

ယင်းအစား နှစ်ခု ဖြစ်သည်။

ရှေးခေတ်မိခင်ဂြိုလ်နှစ်ခုက အမွှာကြယ်သဖွယ် ပူးကပ်နေကြသည်။

ယင်းက ဆန်းကြယ်အလင်း၏ အန္တိမလျှို့ဝှက်ချက် ဖြစ်သည်။

ထိုသို့ သူနားလည်သွားသည့်အခိုက် အမွှာရှေးခေတ်မိခင်ဂြိုလ်က ရုတ်တရက် တုန်ယင်သွားသည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော တွန်းကန်အားက တမူထူးခြားသော ကောင်းကင်ဘုံခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်းမှ ရှေးခေတ်မိခင်ဂြိုလ်ထက် အများကြီး သာလွန်သည်။

တောင်တန်းဒေသများကို ပြိုကျပျက်စီးစေနိုင်ပြီး ပင်လယ်သမုဒ္ဒရာများကို ခမ်းခြောက်စေနိုင်သော အင်အားက ရွှီချင်းထံသို့ အကြင်နာမဲ့စွာ ရိုက်ခတ်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက အပြင်းအထန် တုန်ယင်သွားပြီး အမြန်အနောက်ဆုတ်သွားသည်။ ထိုအင်အားဖြင့် ရိုက်ခတ်မခံရမီ သူ၏ နတ်ဘုရားစိတ်အာရုံက သူ၏ ခန္ဓာကိုယ်ဆီသို့ ပြန်ဆုတ်ခွာသွားသည်။

နတ်ဘုရားစိတ်အာရုံ ပြန်ရောက်လာသည့်အခိုက် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

သတ္တမသခင်ကြီးသည်လည်း တုန်ယင်သွားသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

“ အဲ့ဒီနေရာက… ”

ရွှီချင်းနှင့် သူ့ကြားမှ ဆက်သွယ်မှုကြောင့် သူ့တပည့်မြင်ခဲ့သော အရာကို သူသည်လည်း ဝေဝေဝါးဝါး မြင်တွေ့သွားခဲ့သည်။

“ ရှေးခေတ်မိခင်ဂြိုလ်… ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။ ထို့နောက် သူက ဉာဏ်အလင်းရသွားသည်။

“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်တဲ့ ဒီအလင်းက ဟွမ်ကောင်းကင်ဘုံရဲ့ ပထမဆုံး အလင်းရောင် တကယ်ပဲ ဟုတ်တယ်… ပြီးတော့ အဲ့ဒါက… ရှေးခေတ်မိခင်ဂြိုလ်ကို ဖွင့်လှစ်နိုင်တဲ့ သော့လည်း ဟုတ်တယ် ”

All Chapters