← Chapters

မိတ်ဆွေဟောင်းများ

Vol. 119 Ch. 1819

မိတ်ဆွေဟောင်းများ

Vol. 119 Ch. 1819

ဟွမ်ကောင်းကင်ဘုံဆီသို့ ခရီးစဉ်က အဆုံးသတ်သွားသည်။

ရွှီချင်းက ဟွမ်ကောင်းကင်ဘုံမှ ထွက်သွားသည်။

သူက ဆန်းကြယ်အလင်းနှင့် ရှေးခေတ်မိခင်ဂြိုလ်အား ဖွင့်လှစ်နိုင်သော သော့ကို သူနှင့်တစ်ပါတည်း ယူဆောင်သွားသည်။

ဟွမ်ကောင်းကင်ဘုံထဲမှာ ကျန်နေခဲ့သည်မှာ အိပ်မောကျနေသော အားညို၊ သတ္တမသခင်ကြီးနှင့် ဗလာသင်္ချိုင်းဂူ ဖြစ်သည်။

ဗလာသင်္ချိုင်းဂူကို သတ္တမသခင်ကြီးက ရွှီချင်းထံမှ အကူအညီနှင့် မည်သည့်နတ်ဘုရားအစွမ်းကိုမှ အသုံးမပြုဘဲ သူ့လက်များဖြင့် ကိုယ်တိုင်တည်ဆောက်ခဲ့သည်။

သူ၏ ဆရာက ဗလာသင်္ချိုင်းဂူကို ပြီးမြောက်စွာ တည်ဆောက်ခဲ့ပြီး ကမ္ဗည်းကျောက်တိုင်ပေါ်မှာ စာလုံးများ ရေးထွင်းခဲ့ကြောင်း ရွှီချင်း မြင်ခဲ့သည်။

ဆရာလင်းဖန်းဇီ၏ အုတ်ဂူ…

လင်းဖန်းဇီသည် သူတော်စင်ကုန်းမြေမှ ရှေးခေတ်အင်မော်တယ်၏ တာအိုဘွဲ့နာမည် ဖြစ်သည်။

ဤနေရာမှာ သတ္တမသခင်ကြီးက ကွယ်လွန်သွားခဲ့သော သူ့ဆရာအတွက် အုတ်ဂူကို ဆောက်လုပ်ခဲ့သည်။

သူက အုတ်ဂူအရှေ့မှာ ဒူးထောက်လိုက်သည့်အခါ သူ၏ အမူအရာမှာ နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်သွားသည်။ ဝမ်းနည်းမှုက အလွန်အားကောင်းလေရာ သူ၏ စိတ်ဝိညာဉ်အနက်ပိုင်းထဲထိ စိမ့်ဝင်လာသည်။

…..

ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သည်တော့…

၎င်းတို့၏ နတ်ဧကရာဇ်က ဟွမ်ကောင်းကင်ဘုံမှ ထာဝရ ပျောက်ကွယ်သွားပြီး ၎င်းတို့ကိုးကွယ်ပူဇော်သော ကနဦးအလင်းက ယခု ရွှီချင်း၏ စုပ်ယူခံလိုက်ရသည်။ သို့ဖြစ်၍ ၎င်းတို့မှာ အားကိုးစရာမရှိတော့ချေ။

ကျိုးကျန်းလီနှင့် တခြားလူများ၏ ဖိနှိပ်မှုအောက်မှာ မျိုးနွယ်ဝင်တချို့က သေဆုံးသွားကြသည်။

သို့သော်လည်း ရွှီချင်းဆီမှာ ဟွမ်ကောင်းကင်ဘုံမျိုးနွယ်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် ရည်ရွယ်ချက်မရှိပေ။ သို့ဖြစ်၍ သူက အသက်ရှင်ကျန်ရစ်သော မျိုးနွယ်ဝင်များကို အားညို၏ ဘေးမှာ လှည့်ပတ်နေထိုင်စေသည်။

နတ်ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားပြီး နက်ရှိုင်းစွာ အိပ်မောကျနေသော အားညိုက အသက်ရှင်ကျန်ရစ်သော ဟွမ်ကောင်းကင်ဘုံမျိုးနွယ်ဝင်များအတွက် ဧကရာဇ်အသစ် ဖြစ်လာလိမ့်မည်။

“ စီနီယာအကိုကြီး ပြန်နိုးလာဖို့ အချိန်တစ်ခု လိုအပ်တယ်… ”

ရွှီချင်းသည် ဟွမ်ကောင်းကင်ဘုံမှ မထွက်ခွာခင် ဗလာသင်္ချိုင်းဂူ၏ အရှေ့၌ ကျိုးကျန်းလီနှင့် တခြားလူများဖြင့် အတူမတ်တတ်ရပ်နေရင်း အဝေးမှာ အိပ်မောကျနေသော အားညိုကို ကြည့်လိုက်သည်။

အစောနက သူစုပ်ယူခဲ့သော အလင်းကြောင့် သူ၏ မျက်လုံးများက တလက်လက် ထွန်းလင်းနေသည်။

သို့တိုင် အလင်းက သူနှင့် အပြည့်အဝ မပေါင်းစပ်သေးချေ။

သူသည်လည်း အချိန်လိုအပ်သည်။

ထို့ကြောင့် ရွှီချင်းက တံခါးပိတ်ကျင့်ကြံရန် ရည်ရွယ်ထားသည်။

သတ္တမသခင်ကြီးသည်လည်း အားညိုကို ကြည့်လိုက်သည်။ ရံဖန်ရံခါ သူ၏ အကြည့်က အုတ်ဂူဆီသို့ ရွှေ့ပြောင်းသွားသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက နူးညံ့စွာ ပြောသည်။

“ ပြန်ရောက်ရောက်ချင်း တံခါးပိတ်ကျင့်ကြံခြင်းဝင်ဖို့ မင်းစီစဉ်ထားတာလား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

" ဝမ်ကူးကုန်းမြေက အန္တရာယ်အများစုကို ကျွန်တော် ဖြေရှင်းပြီးပါပြီ… ဒါကြောင့် လာမယ့်အချိန်မှာ… မိတ်ဆွေဟောင်းတွေဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်… ပြီးသွားရင် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်စု ကိုးကွယ်ပူဇော်တဲ့ အလင်းကို တံခါးပိတ်ကျင့်ကြံပြီး စုပ်ယူပါမယ် ”

“ တစ်ချိန်တည်းမှာပဲ… ဒီအလင်းထဲမှာ ကိန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေကို အသေးစိတ် စူးစမ်းရှာဖွေပါမယ် ”

“ ရှေးဦးအပျက်အစီးရဲ့ တည်ရှိမှုနဲ့… ကောင်းကင်ဘုံအလွန်က နတ်ဘုရင်တွေရဲ့ လျှို့ဝှက်အစီအစဉ်တွေကို ဖြေရှင်းဖို့ ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားက မလုံလောက်သေးပါဘူး ”

သတ္တမသခင်ကြီးက ယင်းကို နားထောင်ရင်း ရွှီချင်း၏ ပခုံးကို ပုတ်လိုက်သည်။ သူက ညှိုးမှိုင်သော အမူအရာဖြင့် နူးညံ့စွာ ပြောသည်။

“ ဒီဘဝမှာ ငါ့ရဲ့ အင်မော်တယ်တာအိုရဲ့ ကန့်သတ်ချက်တွေကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းက နောက်ဆုံးအကန့်အသတ်ကို ရောက်သွားပြီ… ငါလုပ်ပေးနိုင်တာက မင်းတံခါးပိတ်ကျင့်ကြံနေတဲ့အချိန် ဝမ်ကူးကုန်းမြေကို ကာကွယ်စောင့်ရှောက်ပေးတာပဲ ”

“ ဒီတော့… မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ… ဒီအတောအတွင်း ဒီမှာပဲ ငါရှိနေမယ်… ငါ့ရဲ့ စိတ်အာရုံကတော့ ဝမ်ကူးကုန်းမြေပေါ်မှာ ဖြန့်ကြက်နေလိမ့်မယ် ”

ရွှီချင်းက သူ၏ ဆရာကို စူးစမ်းလေ့လာလိုက်သည့်အခါ သူ့ဆရာ၏ နှလုံးသားထဲမှာ စိတ်ခံစားချက်မျိုးစုံဖြင့် ပရမ်းပတာဖြစ်နေကြောင်း အာရုံခံမိသွားသည်။ ဟွမ်ကောင်းကင်ဘုံ၏ အဆုံးသတ်က သူ့အား နက်ရှိုင်းသော စိတ်ခံစားချက်များကို လှုံ့ဆော်ပေးခဲ့သည်။ သို့ဖြစ်၍ ယခုအချိန်မှာ တစ်ယောက်တည်း သီးသန့်နေခြင်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

ရွှီချင်းက နောက်ထပ် စကားမဆိုတော့ဘဲ လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သက်တံ့အလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

ကျိုးကျန်းလီနှင့် တခြားလူများက ရွှီချင်းနောက်သို့ မလိုက်သွားမီ သတ္တမသခင်ကြီးကို ဦးညွတ်လိုက်ကြသည်။

မကြာမီ သူတို့၏ ပုံရိပ်များက ကောင်းကင်ပေါ်မှာ သေးသထက် သေးငယ်သွားကြသည်။ နောက်ဆုံးမှာ ဝမ်ကူးကုန်းမြေဆီသို့ လမ်းကြောင်းက ပွင့်သွားသောအခါ သူတို့က ပျောက်ကွယ်သွားကြသည်။

သူတို့ထွက်ခွာသွားသည့်အခါ ဟွမ်ကောင်းကင်ဘုံက တိတ်ဆိတ်ခြောက်ကပ်သွားသည်။

သတ္တမသခင်ကြီးက ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး သင်္ချိုင်းဂူဆီသို့ လျှောက်သွားသည်။ သူက အုတ်ဂူအရှေ့မှာ တိတ်တဆိတ် ထိုင်လိုက်သည်။ သူက သေရည်တစ်အိုးကို ထုတ်လိုက်ပြီး တစ်ကျိုက်မော့လိုက်သည်။ လေပြေက သူ၏ ဆံပင်ကို ပွတ်သပ်သွားသည့်အခါ သူက နူးညံ့စွာ ပြောသည်။

“ ဆရာ… ”

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သူ၏ ဆရာသည် မထွက်သွားခင်မှာ တစ်နေ့ သူပြန်ရောက်လာမည်ဟု သူ့အား ကတိပေးခဲ့သည်။

ထို့ကြောင့် သတ္တမသခင်ကြီးက ဝမ်ကူးကုန်းမြေကို စောင့်ရှောက်ပေးခဲ့ပြီး တမူထူးခြားသော အင်မော်တယ်တာအိုကို ကျင့်ကြံခဲ့သည်။ ယင်းက သူ၏ သက်တမ်းကို ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းများမှတဆင့် ဆွဲဆန့်ပေးခဲ့သည်။ သူက တစ်ဘဝပြီးတစ်ဘဝ ပြန်လည်မွေးဖွားလာပြီး ကောင်းကင်ကို စောင့်ကြည့်ခဲ့သည်။

သူက သူ့ဆရာ၏ ပြန်ရောက်လာမှုကို စောင့်ဆိုင်းခဲ့သည်။

သို့သော်လည်း နောက်ဆုံးမှာ ပြန်ရောက်လာသူက သူ၏ ဆရာ မဟုတ်တော့ပေ။

သူ၏ မှတ်ဉာဏ်များကို လှုပ်ခါသွားစေမည့် ထိုအတွေးများက လေပြေ၏ သယ်ဆောင်မှုကြောင့် တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

…..

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ဟွမ်ကောင်းကင်ဘုံမှ ရွှီချင်းထွက်သွားသည်မှာ တစ်လရှိသွားသည်။

ထိုအတောအတွင်းမှာ သူက လူသားနန်းမြို့တော်ဆီသို့ သွားရောက်ခဲ့သည်။

ထိုနေရာမှာ သူက ဧကရီ၏ ဦးဆောင်မှုအောက်မှာ တစ်ဟုန်ထိုး မြင့်တတ်လာသော လူသားမျိုးနွယ်ကို မျက်မြင်တွေ့ခဲ့သည်။

လူသားမျိုးနွယ်၏ ပညာရှိအမတ်အနေဖြင့် သူက နင်ယန်၏ အိမ်ရှေ့စံမင်းသားရာထူးခန့်အပ်ခြင်း ပွဲအခမ်းအနားကိုလည်း တတ်ရောက်ခဲ့သည်။

ကောင်းချီးမင်္ဂလာအလင်းက လူသားနန်းမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားနေစဉ် နင်ယန်နှင့်ပတ်သက်သော အတိတ်မှတ်ဉာဏ်များက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။ သူ၏ အကြည့်က နင်ယန်၏ ဝမ်းဗိုက်ပေါ်သို့ပင် ကျရောက်သွားသည်။

ထိုနေရာမှာ နွယ်ပင်အခွေရှိနေခဲ့ကြောင်း သူမှတ်မိသည်။

အတိတ်မှာ အားညိုသည် ရန်သူများကို ခုခံကာကွယ်ရန် နင်ယန်ကို ဒိုင်းကာတစ်ခုအဖြစ် မကြာခဏ အသုံးပြုခဲ့သည်။ ယင်းက အမြဲတမ်း အသုံးဝင်ခဲ့သည်။

ထိုအကြောင်းကို ပြန်တွေးမိသောအခါ အပြုံးက ရွှီချင်း၏ နှုတ်ခမ်းပေါ်မှာ ရေးတေးတေး ထွက်ပေါ်လာသည်။

ထိုစဉ် ပွဲအခမ်းအနားထဲမှာ ဒူးထောက်နေသော နင်ယန်သည်လည်း စိတ်ခံစားချက်မျိုးစုံကြောင့် နှလုံးခုန်မြန်နေသည်။ ဤတစ်ချိန်လုံးတွင် ရွှီချင်းကို သူလှမ်းကြည့်လိုက်သည့်အခါတိုင်း မိန်းမောသွားသည်။ ဤသည်မှာ အရာအားလုံးက အိမ်မက်တစ်ခု ဖြစ်သည့်အလားပင်။

ထိုမိန်းမောမှုက ပွဲအခမ်းအနားပြီးသွားသည်အထိ ကြာမြင့်ခဲ့သည်။

ပွဲပြီးသွားသည့်နောက် ရွှီချင်းက ထွက်ခွာသွားသည်။

သူက လပူဇော်ဒေသကြီးဆီသို့ ခရီးဆက်သွားသည်။ ထိုနေရာမှာ သူက ဆေးဆိုင်ဟောင်းဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး အိမ်ရှေ့စံမင်းသား၊ အဖွားသုံး၊ အဖွားငါး၊ အဖိုးရှစ်နှင့် အဖိုးကိုးတို့ဖြင့် ပြန်လည်ဆုံစည်းခဲ့သည်။

သူက လင်းအာနှင့်လည်း ပြန်လည်တွေ့ဆုံသွားသည်။

လင်းအာသည် ယခု ကြော့ရှင်းလှပသော မိန်းမပျိုလေးတစ်ယောက်အဖြစ် အရွယ်ရောက်လာသည်။ သူက ရွှီချင်းကို မြင်သွားသောအခါ ငိုယိုသွားပြီး ရွှီချင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။

ရွှီချင်းက လင်းအာကို ကြည့်လိုက်ပြီး ခါတိုင်းကဲ့သို့ သိမ်မွေ့စွာ ပြုံးလိုက်သည်။

သို့သော်လည်း သူ့မှာ အချိန်သိပ်မရှိသောကြောင့် လပူဇော်ဒေသကြီးထဲမှာ အချိန်ကြာကြာ မနေခဲ့ပေ။ သူက ရက်အနည်းငယ်ကြာပြီးနောက် လင်းအာ၏ မခွဲခွာနိုင်သော အကြည့်အောက်မှာ ထွက်သွားသည်။

သူက မထွက်သွားခင် လင်းအာ၏ သွေးမျိုးဆက်ထဲသို့ ရှေးဟောင်းဝိညာဉ်အင်ပါယာထံမှ သူဆွဲထုတ်ခဲ့သော ကံကြမ္မာကို ပေါင်းထည့်ပေးခဲ့သည်။ ယင်းက လင်းအာ၏ သွေးမျိုးဆက်ကို သန့်စင်သွားစေပြီး သူ့အား မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကို ပိုင်ဆိုင်သွားစေသည်။

ထို့နောက် သူက နန်းဟွမ်ကုန်းမြေဆီသို့ ထွက်သွားသည်။

အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းသည့် ခရီးစဉ်တွင် ရွှီချင်းက ယန်ယန်နေထိုင်သော ကျွန်းစုပေါ်မှာ ယာယီရပ်နားခဲ့သည်။ ရွှီချင်း၏ ကူညီပေးမှုအောက်မှာ ယန်ယန်သည် သူ့အပေါ်မှာ တစ်ချိန်လုံး စွဲကပ်နေသော အကြွင်းအကျန်နတ်ဘုရားစိတ်ဆန္ဒကို အပြည့်အဝ သန့်စင်နိုင်သွားသည်။

ယင်းက သူ၏ စိတ်ခံစားချက်များကို ပုံမှန်ပြန်ဖြစ်သွားစေသည်။

ထိုအတောအတွင်းမှာ ယန်ယန်သည် ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူက စကားပြောရန် အကြိမ်ကြိမ် ပါးစပ်ဟခဲ့သော်လည်း နောက်ဆုံးမှာ နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။

နန်းဟွမ်ကုန်းမြေတွင် ရွှီချင်းက မိတ်ဆွေဟောင်းအများကြီးဖြင့် တွေ့ဆုံခဲ့သည်။

ဆရာသခင်ပိုင်၏ တခြားတပည့်နှစ်ယောက်ဖြစ်သော ထင်ယုနှင့် ချန်းဖေးယွင်ကို သူမြင်သွားသည်။

သူက ဆရာသခင်ပိုင် သူ့အား ပေးခဲ့သော မျိုးစေ့ကို သူတို့နှစ်ယောက်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

“ ဆရာက အသက်ရှင်နေသေးတယ်… တကယ်လို့ ဆရာ့ကို တွေ့ချင်တဲ့ဆန္ဒ မင်းတို့မှာရှိရင် ဒီမျိုးစေ့ကို စိုက်ပျိုးပါ… မျိုးစေ့က ပန်းပွင့်လာတဲ့အခါ ပန်းရနံ့က ဆရာ့ဆီ မင်းတို့ကို လမ်းပြပေးလိမ့်မယ် ”

သူက ကျောက်ကျုံးဟမ်ကိုလည်း မြင်သွားသည်။

အချိန်က အရာအများကြီးကို ပြောင်းလဲစေခဲ့သော်လည်း ကျောက်ကျုံးဟမ်၏ အချစ်က မပြောင်းလဲဘဲ ဆက်ရှိနေသည်။ သူက ထင်ရွှယ်အပေါ် မျှော်လင့်ချက်မဲ့စွာ ဆက်ပြီး စောင့်ဆိုင်းနေဆဲပင်။ ယင်းက သူ့တာအိုနှလုံးသား၏ စွဲလန်းမှုဖြစ်ဟန် ရ၏။

ထင်ရွှယ်သည်လည်း သူ့နည်းတူပင်။ သူက ဘာမှမပြောင်းလဲသွားချေ။

ရွှီချင်းက သူလက်လှမ်းမမီနိုင်သော အမြင့်သို့ ရောက်ရှိနေကြောင်း သူသိသော်လည်း တစ်ချိန်က သူသိမ်းဆည်းခဲ့သော ခံစားချက်က သူ့နှလုံးသားထဲမှာ အမြဲတမ်း နစ်မြုပ်နေလိမ့်မည်။

ထို့နောက် အအလေးလည်း ရှိသည်။ အအလေးက ရွှီချင်းမြင်ခဲ့ဖူးသမျှ လူများထဲမှာ ဝိညာဉ်ပါရမီအမြင့်ဆုံးလူ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက ယခု ရွှေအမြူတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

သူတို့၏ အတိတ်အကြောင်းကို ပြန်အမှတ်ရသွားသောအခါ ရွှီချင်းက သူ့ကို ဝိညာဉ်နတ်သူငယ်အဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုကို ပေးအပ်လိုက်သည်။

ရွှီချင်းနှင့် အားညိုကို နောက်ခံယူထားပြီး ဘဝင်မြင့်နေသော ကျန်းစန်းသည် သူတို့၏ ပြန်လည်ဆုံစည်းမှုမှာ စိုးရိမ်ကြောင့်ကြနေသည်။ နောက်ပိုင်းမှ သူက တဖြည်းဖြည်း စိတ်အေးသွားသည်။

ကျန်းစန်းက ရွှီချင်းကို သူ၏ မဟာရည်မှန်းချက်အား ဖွင့်ဟပြောသည်။

“ ဝမ်ကူးကုန်းမြေတစ်လျှောက် ငါခရီးထွက်ချင်တယ် ”

“ ဒီကုန်းမြေရဲ့ နေရာတိုင်းမှာ ငါ့ရဲ့ စီးပွားရေးကို ဖြန့်ကြက်ချင်တယ် ”

ကျန်းစန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ရွှီချင်းက ပြုံးလိုက်ပြီး သူ့ကို ကောင်းချီးပေးလိုက်သည်။ ညနေခင်းအချိန် မိုးသည်းထန်စွာ ရွာသွန်းလာသည်နှင့် ကျန်းစန်းက ပြန်သွားသည်။ ရွှီချင်းက ကျန်းစန်း၏ နောက်ကျောကို ကြည့်နေရင်း ရုတ်တရက် အကြည့်ပြန်ရုပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်ပေါ်တွင် မီးတောက်ဖီးနစ်က လှည့်ပတ်ပျံသန်းနေရင်း ရွှီချင်းထံသို့ ၎င်း၏ နတ်ဘုရားအသံကို ပို့လွှတ်လိုက်သည်။

၎င်း၏ ကျောပေါ်မှ ဒုတိယစီနီယာအမက ရွှီချင်းထံသို့ လက်ဝှေ့ယမ်းပြနေသည်။

သူတို့က နန်းဟွမ်ကုန်းမြေမှ အချိန်တစ်ခဏကြာ ထွက်သွားပြီး တခြားဒေသကြီးများဆီသို့ ခရီးလည်ပတ်ရန် ရည်ရွယ်ထားကြသည်။

သူတို့၏ အနောက်တွင် သေးငယ်သော ငှက်တစ်ကောင်က မီးတောက်ဖီးနစ်၏ အမြှီးကို ခေါင်းမာစွာ တွယ်ကပ်ထားရင်း ဒေါသတကြီး အတောင်ပံတဖျပ်ဖျပ်ခတ်နေသည်။

ထိုမြင်ကွင်းက ရွှီချင်းကို သဘောကျစွာ ရယ်မောသွားစေသည်။

အချိန်အတော်ကြာပြီးနောက် အနည်းငယ် မိုးစဲသွားသည့်အခါ ရွှီချင်းက ဆိပ်ကမ်းပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး ခေါင်းလှည့်လိုက်သည်။

အနီးနားမှ နေအိမ်တစ်ခု၏ တံစက်မြိတ်အောက်တွင် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက လက်ထဲမှာ ဆီစက္ကူထီးကို ကိုင်ထားလျက် သူ့အား စိုက်ကြည့်နေသည်။

“ မတွေ့တာကြာပြီ ချင်းချိုး ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။

တံစက်မြိတ်အောက်မှ အမျိုးသမီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရတနာမုဆိုးစခန်းထဲမှ ကလေးမလေး ဖြစ်သည်။ ချင်းချိုးက ရွှီချင်း၏ အရှေ့သို့ ဖြည်းဖြည်းချင်း တိတ်တဆိတ် လျှောက်လာသည်။

ထို့နောက် သူတို့နှစ်ယောက်က အကြည့်ချင်းဆုံသွားကြသည်။

ရွှီချင်းက အချိန်လေဟာနယ်ထဲသို့ လက်ထည့်လိုက်ပြီး သကြားလုံးတစ်လုံးကို ဆွဲထုတ်လိုက်ကာ ချင်းချိုးကို ကမ်းပေးလိုက်သည်။

ချင်းချိုးက သကြားလုံးကို ကြည့်နေရင်း အချိန်တစ်ခဏကြာ နှုတ်ဆိတ်သွားသည်။ နောက်ဆုံးမှာ သူက သကြားလုံးကို လက်ခံလိုက်ပြီး သူ၏ လက်ထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူက နောက်ဆုံးအနေနှင့် ရွှီချင်းကို ကြည့်လိုက်ပြီး အနောက်သို့လှည့်ကာ အဝေးသို့ လျှောက်သွားသည်။

ခြေလှမ်းတစ်ရာ လျှောက်ပြီးသည့်နောက် သူ၏ ပုံရိပ်က မိုးရေထဲမှာ ဝေဝါးလာနေစဉ် သူ၏ အသံက ရွှီချင်း၏ နားထဲသို့ ပျံ့လွင့်သွားသည်။

“ အကိုလေး ”

“ တကယ်လို့ အတိတ်တုန်းက ရတနာမုဆိုးစခန်းထဲမှာ ငါ့ရဲ့ အကိုက ငါ့ကို မခေါ်သွားခဲ့ဘူးဆိုရင်… တကယ်လို့ ငါက နင်နဲ့အတူ ချီယွဲ့ထုံဂိုဏ်းကို သွားခဲ့မယ်ဆိုရင်… ငါတို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားမလဲ ”

ရွှီချင်းက ဘာမှပြန်မပြောချေ။

ချင်ချိုးက တစ်ခဏ စောင့်ဆိုင်းပြီးနောက် သကြားလုံးကို သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မိုးရေထဲမှာ ပျောက်ကွယ်သွားသည်။

ချင်းချိုး၏ ထွက်ခွာသွားမှုကို ကြည့်ပြီးနောက် ရွှီချင်းက ချီယွဲ့ထုံဂိုဏ်းထဲမှာ လှည့်ပတ်သွားလိုက်သည်။ သူက ရင်းနှီးကျွမ်းဝင်သော လမ်းများပေါ်မှာ လျှောက်သွားနေရင်း သူမှတ်မိသော ဈေးဆိုင်များကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက လမ်းပေါ်မှ လမ်းသွားလမ်းလာများကို လေ့လာလိုက်သည်။

ဤအခိုက်အတန့်မှာ သူက သေမျိုးတစ်ယောက်နှင့် မခြားပေ။

သူလမ်းလျှောက်နေစဉ် အတိတ်မှ မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။ ရင်းနှီးကျွမ်းဝင်သော နေရာများသို့ သူရောက်သွားသည့်အခါတိုင်း သူ၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်ယောင်လာသည်။

တဖြည်းဖြည်း သူ၏ နှလုံးသားက အနည်ထိုင်သွားပြီး ငြိမ်သက်သွားသည်။

နောက်ဆုံးမှာ သူက ဆိပ်ကမ်းအမှတ်(၁၇၆)သို့ ရောက်ရှိသွားသည်။ ထိုနေရာသို့ ရောက်သွားသည့်အခါ အတိတ်မှာ ပထမဆုံး သူရရှိခဲ့သော ဓမ္မလှေကို အချိန်မြစ်ထဲမှ ပြန်ဆွဲထုတ်လိုက်ပြီး ပင်လယ်ထဲမှာ ရွက်လွှင့်လိုက်သည်။

သူက လှေ၏ ဝမ်းဗိုက်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

သူက တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

All Chapters