ကံကြမ္မာအားပြိုင်မှု… ကံတရားက စီမံထားသော တိုက်ပွဲ
Vol. 119 Ch. 1821
ဖီးနစ်နန်းဆောင်၏ ဂိတ်တံခါးက ဖြည်းညင်းစွာ တွန်းပွင့်သွားသည်။
အပြင်ဘက်၌ လေမတိုက်နေသော်လည်း အချိန်စီးဆင်းမှုက ပွင့်သွားသော တံခါးနှင့်အတူ ခန်းမထဲသို့ တိတ်တဆိတ် ချဉ်းနင်းဝင်ရောက်လာသည်။ ယင်းက ခန်းမတစ်ခုလုံးကို အချိန်လေဟာနယ်မြစ်တစ်စင်းအသွင် ပြောင်းလဲသွားစေသည်။
အပြင်ဘက်မှ ပုံရိပ်က ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အချိန်နှင့် လေဟာနယ်က ခန်းမထဲမှာ ပရမ်းပတာ လှုပ်ခတ်သွားသည်။
ပထမဆုံး လှိုင်းဂယက်က ပျံ့နှံ့သွားသည့်အခါ အတိတ်မှ မြင်ကွင်းများက ခန်းမထဲမှာ ထွက်ပေါ်လာသည်။
ပုံရိပ်ပြန်နေသော ထိုမြင်ကွင်းထဲမှာ ဂိုဏ်းခုနစ်ဂိုဏ်းမဟာမိတ်၏ စိမ်းလန်းစိုပြေသော ကုန်းမြေက ထွက်ပေါ်လာသည်။ အမျိုးအစားစုံလင်သော ပန်းပင်များက နေရာတိုင်းမှာ ရှင်သန်ပေါက်ရောက်နေစဉ် ကျေးငှက်တေးသံများက သာယာစွာ ပျံ့လွင့်နေသည်။
အဝေးတွင် ချီယွဲ့ထုံဂိုဏ်းသားများက သူတို့၏ ဂိုဏ်းကို တည်ဆောက်နေကြသည်။ အနီးနားမှ ကောင်းကင်အောက်တွင် ပုံရိပ်နှစ်ခုက သူခိုးများသဖွယ် ရွှမ်ယုံဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ချဉ်းကပ်သွားနေကြသည်။
ယင်းက ဂိုဏ်းခုနစ်ဂိုဏ်းမဟာမိတ်ထဲသို့ ချီယွဲ့ထုံဂိုဏ်း ပူးပေါင်းဝင်ရောက်ခဲ့သော အစောပိုင်းနေ့ရက်များ ဖြစ်သည်။ ယင်းက ဟွမ်ရီခွန်းနှင့် လက်ချောင်းအရိုးများ ကုန်သွယ်ရန် အားညိုက ရွှီချင်းကို ဖိတ်ခေါ်ခဲ့သော အချိန်လည်း ဖြစ်သည်။
ထိုမြင်ကွင်းထဲမှာ အမျိုးသမီးတစ်ယောက်က ကောင်းကင်ပေါ်မှာ ကြော့ရှင်းတင့်တယ်စွာ မတ်တတ်ရပ်နေရင်း ပြုံးနေသည်။
သူ၏ ရှည်လျားနက်မှောင်သော ဆံပင်က သူ၏ ကျောနောက်မှာ ရေတံခွန်သဖွယ် ကျဆင်းနေပြီး ယင်းကို ပန်းရောင်ဖဲကြိုးဖြင့် သိမ်မွေ့စွာ စုချည်ထားသည်။ သူက ခရမ်းရောင်ကြယ်တာရာဝတ်စုံကို ဝတ်ဆင်ထားလေရာ ညကောင်းကင်ယံမှာ ထွန်းလင်းနေသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ မြူခိုးက ရစ်ဝဲနေလေရာ သူက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နယ်မိမယ်တစ်ပါးသဖွယ် အောက်မေ့ရသည်။
သူ၏ အကြည့်က မြေပြင်ပေါ်မှ ရွှီချင်းထံသို့ ကျရောက်သွားသည်။ သူက ညင်သာစွာ ရယ်လိုက်ပြီး အောက်သို့ ဆင်းသက်လာသည်။
ရွှီချင်းနှင့် အားညိုက ထိုမြင်ကွင်းကြောင့် ဆွံ့အသွားကြစဉ် အမျိုးသမီးက ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။ သူက သူ၏ သေးသွယ်သော လက်ချောင်းဖြင့် ရွှီချင်း၏ မေးစေ့ကို မြှောက်လိုက်ပြီး ပြောသည်။
“ မိတ်ဆွေလေး… ငါတို့ ထပ်တွေ့ကြပြန်ပြီ… ဒီလောက် ညဉ့်နက်နေမှ ရွှမ်ယုံဂိုဏ်းဆီ ရောက်လာတယ်… နင် လမ်းပျောက်နေတာလား ”
ယင်းက ကျစ်ရွှမ်းကို ပထမဆုံးအကြိမ် ရွှီချင်း မြင်လိုက်ရသော အခိုက်အတန့် ဖြစ်သည်။
အချိန်လှိုင်းများက ထွန်းလင်းတောက်ပလာသည့်အခါ မြင်ကွင်းက ပျောက်ကွယ်သွားသည်။ အချိန်မြစ်၏ အပြင်ဘက်တွင် ရွှီချင်းက သိမ်မွေ့စွာ ပြုံးလိုက်သည်။ ထိုမြင်ကွင်းထဲမှာ ရွှီချင်းက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ အမျိုးသမီးကို ကြည့်လိုက်ကာ နူးညံ့စွာ ပြောသည်။
“ ကျွန်တော် လမ်းမပျောက်ပါဘူး… ကျွန်တော့် နှလုံးသားထဲက သဏ္ဍာန်မဲ့ချည်မျှင်နောက်ကို လိုက်ရင်း ဒီရောက်လာတာပါ ”
ထိုစကားကို ကြားသောအခါ မြင်ကွင်းထဲမှ အမျိုးသမီးက တောင့်တင်းသွားသည်။
ပထမဆုံး လှိုင်းဂယက်က မှေးမှိန်သွားသည်။
အပြင်ဘက်တွင် ရွှီချင်းက ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။ ထိုအခါ ဒုတိယ လှိုင်းဂယက်က ဖီးနစ်ခန်းမဆောင်ထဲမှာ ထွက်ပေါ်လာသည်။
လှိုင်းဂယက်ထဲတွင် အင်မော်တယ်ကြွယ်ဝမြစ်က ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အချိန်က ညနေခင်းဖြစ်ပြီး နေလုံးက အနောက်အရပ်သို့ ဝင်ရောက်နေသည်။
ကြီးမားသော လှေတစ်စင်းက မြစ်ထဲမှာ တိတ်တဆိတ် ရွေ့လျားနေသည်။
လက်တန်းပေါ်မှာ ကျောမှီထားရင်း ကျစ်ရွှမ်းက နေဝင်ဆည်းဆာအလင်းနှင့် ပေါင်းစည်းသွားဟန် ရသည်။
ရွှီချင်းက အနီးနားမှာ ထိုင်နေရင်း စိတ်မသက်မသာဖြစ်သော အမူအရာကို ထုတ်ဖော်ထားသည်။
“ ရွှီချင်း… ငါ့အတွက် ဒီသီချင်းကို ဆိုပေးပါ… အဲ့ဒါကို ငါနားထောင်ချင်တယ် ”
ကျွစ်ရွှမ်း၏ အသံက သိမ်မွေ့နူးညံ့သည်။ မကြာမီ သာယာငြိမ့်ညောင်းသော ပုလွေသံက လေထဲမှာ ပျံ့လွင့်သွားသည်။
ပုလွေသံထဲမှာ သိုင်းလောက၏ အနှစ်သာရများ ကိန်းအောင်းနေသော်လည်း ယင်းက အထီးကျန်ခြင်းကိုသော်လည်းကောင်း သို့မဟုတ် ဝမ်းနည်းခြင်းကိုသော်လည်းကောင်း မဖော်ပြပေ။
ယင်းအစား ပုလွေသံထဲမှာ မျှော်လင့်ခြင်းနှင့် ကောင်းချီးပေးမှုက တစ်စွန်းတစ်စ ပါဝင်နေသည်။
ထိုမြင်ကွင်းထဲမှာ ကျစ်ရွှမ်းက တုန်ယင်သွားပြီး ရွှီချင်းထံသို့ လှည့်ကြည့်လိုက်သည်။
ရွှီချင်းက ကျစ်ရွှမ်း၏ အကြည့်နှင့် တွေ့ဆုံသွားပြီး ညင်သာစွာ ပြောသည်။
“ အတိတ်မှာ ဒီသီချင်းကို ' ဝမ်းနည်းစွာ ခွဲခွာခြင်း 'လို့ ခေါ်ခဲ့တယ်… အခုတော့ အဲ့ဒါက ' ပျော်ရွှင်စွာ ပြန်ဆုံစည်းခြင်း 'လို့ ပြောင်းသွားပြီ ”
…..
အချိန်လှိုင်းဂယက်များက ဆက်လက် ပျံ့နှံ့သွားသည်နှင့် မြင်ကွင်းတစ်ခုပြီးတစ်ခုက ဖီးနစ်ခန်းမဆောင်ထဲမှာ ထွက်ပေါ်လာကြသည်။
ရွှီချင်းက ကျစ်ရွှမ်းဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အချိန်မြစ်က သူတို့၏ အတိတ်အကြောင်းကို ပြန်ဖော်ပြပေးလိမ့်မည်။
ထိုအချိန်လှိုင်းဂယက်များထဲမှ တစ်ခုတွင် သူတို့နှစ်ယောက်က ဧရာမမြွေရုပ်တုပေါ်မှာ အတူတူ ထိုင်နေကြရင်း ပျော်ရွှင်စွာ စကားပြောနေကြသည်။
ထို့ပြင် ဖုန်းဟိုင်ဒေသငယ်၏ လျှို့ဝှက်အခန်းထဲမှာ ကျစ်ရွှမ်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ အကာအကွယ်မှော်သင်္ကေတများကို ရေးဆွဲပေးခဲ့သော မြင်ကွင်းသည်လည်း အချိန်လှိုင်းဂယက်များထဲမှာ ဝေဝေဝါးဝါး ပြန်ထွက်ပေါ်လာသည်။
လူသားနန်းမြို့တော်ထဲမှာ ရွှီချင်းက ကျစ်ရွှမ်းအတွက် မွန်မြတ်သော ခရမ်းရောင်ရွှမ်မီးအိမ်ကို ပြန်ယူပေးခဲ့သော အခိုက်အတန့်သည်လည်း ပါဝင်သည်။
ထိုမှတ်ဉာဏ်အားလုံးက အချင်းချင်း ယှက်ထွေသွားပြီး အချိန်ဒီရေအဖြစ် ပြောင်းလဲသွားကာ ဖီးနစ်ခန်းမဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
နောက်ဆုံးမှာတော့ အချိန်မြစ်၏ လှိုင်းဂယက်များကြားထဲတွင် ရွှီချင်းက ကျစ်ရွှမ်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
သူက ကျစ်ရွှမ်းအတွက် လက်ကမ်းပေးလိုက်သည်။
ကျစ်ရွှမ်း မျက်လုံးဖွင့်လိုက်သည့်အခိုက် လောကက သူ၏ သူငယ်အိမ်များထဲမှ ကြယ်အလင်းရောင်ကြောင့် ထွန်းလင်းသွားသည်။
ရွှီချင်း၏ ချဉ်းကပ်လာမှုက ထိုကြယ်အလင်းရောင်ထဲသို့ တခြားအရောင်များကို ထပ်ပေါင်းထည့်ပေးလိုက်သည်။ ယင်းက ဖီးနစ်ခန်းမဆောင်တစ်ခုလုံးကို ရောင်စုံလင်းထိန်သွားစေသည်။
ကျစ်ရွှမ်းက တုံ့ဆိုင်းမနေဘဲ ရွှီချင်း၏ လက်ကို ဖမ်းဆုပ်လိုက်သည်။
ရွှီချင်းက ကျစ်ရွှမ်းကို မတ်တတ်ရပ်နိုင်ရန် ကူညီပေးလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ကိုယ်ပြန်ရောက်လာပြီ ”
နောက်အခိုက်အတန့်မှာ ဖီးနစ်ခန်းမဆောင်တစ်ခုလုံးက ဖုန်းဟိုင်ဒေသငယ်၏ မြေအောက်ထဲတွင် တိတ်တဆိတ် ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။
ယင်းက ပြန်ပေါ်လာသည့်အခါ ဖုန်းဟိုင်ဒေသငယ်၏ မြို့တော်ထဲမှာ နောက်ထပ် မရှိတော့ပေ။ ယင်းအစား ဖီးနစ်ခန်းမဆောင်က အုတ်ဂူနှစ်ခုတည်ရှိသော ကျောက်ရှာတောင်ထိပ်ပေါ်မှာ ပြန်ပေါ်လာသည်။
ထိုနေရာသည် အတိတ်မှာ သူ့အိမ်အဖြစ် ရွှီချင်း ရွေးချယ်ခဲ့သောနေရာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ မိဘနှစ်ပါးက ဤနေရာမှာ အနားယူနေကြသည်။
သူ၏ မိဘနှစ်ပါးနှင့်ပတ်သက်သော မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ မထင်ရှားတော့သော်လည်း သူတို့၏ တည်ရှိမှုက အမြဲထာဝရ ဖြစ်သည်။ သူ့မိဘနှစ်ပါးက ရှေးဦးအပျက်အစီးထံ ယဇ်ပူဇော်ခံလိုက်ရသောကြောင့် သူတို့ကို အချိန်မြစ်ထဲမှ ပြန်ခေါ်ရန် မဖြစ်နိုင်ပေ။
သူက ကျစ်ရွှမ်းကို ကျောက်ရှာတောင်ပေါ်မှာ သူနှင့်အတူ နေထိုင်စေသည်။
ထိုသို့ဖြင့် နောက်ထပ် အနှစ်သုံးဆယ် ကုန်ဆုံးသွားသည်။
ထိုအနှစ်သုံးဆယ်အတွင်းမှာ ဝမ်ကူးကုန်းမြေက အမှန်တကယ် ရွှေခေတ်သို့ ရောက်ရှိသွားသည်။
ကျိုးကျန်းလီနှင့် တခြားလူများက ဝမ်ကူးကုန်းမြေနှင့် အပြည့်အဝ လိုက်လျောညီထွေဖြစ်သွားကြပြီး ကုန်းမြေတစ်လျှောက် ဖြန့်ကြက်သွားကြသည်။ တချို့က တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြပြီး တချို့က သူတို့၏ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးရန် ဂိုဏ်းတော်များ တည်ထောင်လိုက်ကြသည်။
လူတိုင်းက ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြသည်။
ကောင်းကင်ပေါ်မှ ရှေးဦးအပျက်အစီးသည်တော့ ထုံးစံအတိုင်း မျက်လုံးမှိတ်နေဆဲပင်။
သို့တိုင် ဓားနှစ်လက်က ကျောက်ရှာတောင်ပေါ်မှ ဆင်းသက်လာခဲ့သည်။
ပထမအကြိမ်သည် လွန်ခဲ့သော(၂၇)နှစ်က ဖြစ်သည်။ ထိုစဉ်က နတ်ဘုရားတစ်ပါးသည် ဝမ်ကူးကုန်းမြေအလွန်မှ ကြယ်တာရာကောင်းကင်ပေါ်မှာ ရွှီချင်း ရေးဆွဲထားသော နယ်နိမိတ်စည်းကို ဖြတ်သန်းသွားခဲ့သည်။
ထိုအခါ ဓားတစ်လက်က ကျောက်ရှာတောင်ပေါ်မှ ပေါ်လျှိုးလာပြီး ကောင်းကင်ဘုံကို ဖောက်ထွင်းသွားကာ ကြယ်တာရာကောင်းကင်ဆီသို့ ပျံတတ်သွားသည်။ ဓားက စည်းကျော်လာသော နတ်ဘုရားကို အမြစ်ဖြတ်သုတ်သင်လိုက်သည်။
နတ်ဘုရားသွေးက ကြယ်တာရာကောင်းကင်ပေါ်မှာ မိုးရေစက်များသဖွယ် ပြန့်ကျဲသွားသည်။
ဝမ်ကူးကုန်းမြေပေါ်မှ သက်ရှိအားလုံးက ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်ကြသည်။
ဒုတိယဓားသည် နောက်ငါးနှစ်ကြာပြီးနောက် ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ဓားက ကြယ်တာရာကောင်းကင်ဆီသို့ ပျံတတ်မသွားပေ။ ယင်းအစား ဓားက အပြင်ပိုင်းပင်လယ်ဆီသို့ ပျံသန်းသွားသည်။
ထိုနေရာတွင် တခြားကြယ်တာရာစက်ဝန်းမှ နတ်ဘုရားတစ်ပါးက ဖရိုဖရဲပင်လယ်ကို ဖြတ်သန်း၍ ဝမ်ကူးကုန်းမြေဆီသို့ ဝင်လာရန် ကြိုးစားနေသည်။
၎င်းက ဓားဖြင့် သုတ်သင်ခံလိုက်ရသည်။
ထိုဓားနှစ်ချက်က ဝမ်ကူးကုန်းမြေအလွန်မှ စောင့်ကြည့်နေကြသော နတ်ဘုရားများကို တုန်လှုပ်ချောက်ချားသွားစေသည်။
သို့ဖြစ်၍ စစ်မှန်သော သူတော်စင်ကုန်းမြေက ဝမ်ကူးကုန်းမြေမှာ ထွက်ပေါ်လာခဲ့သည်။
လူအများစုက ကျောက်ရှာတောင်ပေါ်သို့ တတ်ရောက်ရန် ကြိုးစားခဲ့ကြသော်လည်း လူအနည်းစုသာ အပေါ်သို့ ရောက်ရှိနိုင်ကြသည်။
ကျောက်ရှာတောင်ပေါ်မှာ အချိန်လေဟာနယ်၏ အနှစ်သာရက ကိန်းအောင်းနေသည်။ ဤသည်မှာ တောင်က အချိန်၏ အပြင်ဘက်မှာ တည်ရှိနေသည့်အလားပင်။
ဤအခိုက်အတန့်မှာ လူတစ်ယောက်က တောင်ပေါ်သို့ တတ်နိုင်သော်လည်း မတတ်သွားပေ။
သူက တောင်၏ အပြင်ဘက်မှာ အချိန်အတော်ကြာ မတ်တတ်ရပ်နေပြီး အပေါ်သို့ မော့ကြည့်နေသည်။ နောက်ဆုံးမှာ သူက ထွက်သွားရန် ရွေးချယ်လိုက်သည်။
ထိုလူက လင်းအာ ဖြစ်သည်။
ဤလောကမှာ တချို့ကိစ္စများကို တွန်းအားပေး၍ မရပေ။ အထူးသဖြင့် နှလုံးသားရေးရာကိစ္စများ ဖြစ်သည်။
ကျောက်ကျုံးဟမ်ကဲ့သို့ပင် အချစ်က သူဖမ်းဆုပ်နိုင်သောအရာ မဟုတ်ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ရွှီချင်းနှင့်အတူ လပူဇော်ဒေသကြီးဆီသို့ သူခရီးထွက်သွားခဲ့စဉ်က ရွှီချင်းက ပါးစပ်မှ ထုတ်မပြောခဲ့သော်လည်း ဆေးဆိုင်အတွင်းမှ သူတို့၏ နေ့ရက်များက လင်းအာကို ရှင်းလင်းစွာ နားလည်စေခဲ့သည်။
…..
နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပြန်သည်။
တစ်နေ့တွင် ညနေခင်းအလင်းရောင်က လောကကို ဖြန့်ကြက်သွားစဉ် တောက်ပသော အလင်းရောင်က ကျောက်ရှာတောင်ပေါ်သို့ ကျဆင်းလာသည်။
မှိန်ဖျော့သော ထိုအလင်းရောင်ကြားထဲမှာ ပုံရိပ်တစ်ခုက တောင်ပေါ်မှ ဆင်းလာသည်။
သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ခရမ်းရောင်ဆံပင်ရှည်က ပခုံးထက်သို့ ကျဆင်းနေသည်။ သူက တည်ငြိမ်အေးချမ်းစွာ လမ်းလျှောက်နေစဉ် နေဝင်ဆည်းဆာအလင်းအောက်မှာ လျှို့ဝှက်ဆန်းကြယ်သော အရိပ်တစ်ခု မွေးဖွားလာဟန် ရ၏။
ထိုလူက ရွှီချင်း ဖြစ်သည်။
သူ၏ အနောက်တွင် အိမ်ထောင်ရှင်မဝတ်စုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် ကျစ်ရွှမ်းက မတ်တတ်ရပ်နေသည်။
သူ၏ အဝတ်အစားက သာမန်သာဖြစ်သော်လည်း သူ၏ အလှက မမှေးမှိန်သွားပေ။ သို့သော်လည်း ယခု သူ၏ ချောမောလှပသော မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှု တစ်စွန်းတစ်စရှိနေသည်။ သူက ရွှီချင်း၏ နောက်ကျောကို ကြည့်နေရင်း စကားပြောရန် တုံ့ဆိုင်းနေသည်။
သူ၏ အနောက်တွင် ကျင်းကန်းဂိုဏ်းဘိုးဘေးက ခန္ဓာကိုယ်အပြည့်ဖြင့် မတ်တတ်ရပ်နေသည်။ ယခု သူက ဝိညာဉ်မဟုတ်တော့ပေ။
ဤနှစ်များမှာ သူက ကံကြမ္မာကောင်းများစွာကို ရရှိခဲ့ပြီး ကျောက်ရှာတောင်၏ အိမ်တော်ထိန်းဖြစ်လာသည်။ ယခု သူက ဝမ်ကူးကုန်းမြေ၏ မည်သည့်နေရာကိုမဆို ဂုဏ်ယူဝင့်ကြွားစွာ သွားလာနိုင်ပြီ ဖြစ်သည်။
သူက အားလပ်သည့် အချိန်များမှာ ဝတ္ထုများကို ရေးသားလိမ့်မည်။
အိမ်တော်ထိန်းရာထူးအတွက် သူ၏ တစ်ဦးတည်းသော ပြိုင်ဘက်က အရိပ်လေး ဖြစ်သည်။
သို့သော်လည်း ယနေ့မှာ သူက ခါတိုင်းကဲ့သို့ ဂုဏ်ယူဝင့်ကြွားမနေပေ။ သူက ကျစ်ရွှမ်းကဲ့သို့ပင် စိုးရိမ်ပူပန်နေသည်။
သို့တိုင် ယခုအချိန်က စကားပြောရန် အချိန်ကောင်းမဟုတ်ကြောင်း သူသိသည်။ သူက ရွှီချင်းနှင့် ကျစ်ရွှမ်း၏ ခွဲခွာမှုမှာ ဝင်မနှောင့်ယှက်ချင်ပေ။ သို့ဖြစ်၍ သူက တိတ်တဆိတ် အနောက်ဆုတ်သွားသည်။
ကျစ်ရွှမ်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေးကို လျစ်လျူရှုထားလျက် ရွှီချင်းဆီသို့ ချဉ်းကပ်သွားသည်။ သူက ရွှီချင်း၏ အဝတ်အစားကို သေသပ်စွာ ပြုပြင်ပေးလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ရှင် တကယ်ပဲ သွားမှဖြစ်မှာလား ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ လှည့်ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“ အဲ့ဒါကို ဖြေရှင်းမှရမယ်… သူက ငါ့ကို နှစ်တွေအကြာကြီး စောင့်ဆိုင်းနေခဲ့တာ ”