ကြယ်အလင်းရောင် ထွက်ပေါ်လာခြင်း… ကောင်းကင်ပေါ်မှ အမွှာနေနှစ်စင်း
Vol. 119 Ch. 1822
နေဝင်ဆည်းဆာ၏ နီညိုရောင်အလင်းက ကျောက်ရှာတောင်ပေါ်သို့ ဖြာကျလာသည်။
ထိုတောင်သည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ထွန်းလင်းတောက်ပမှုကို ဆုံးရှုံးခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကမှ တဖန် ပြန်ထွန်းလင်းလာခဲ့သည်။ ယခု နေဝင်ဆည်းဆာအလင်းရောင်အောက်မှာ တောင်က ရောင်စုံထွန်းလင်းတောက်ပနေသည်။
အလင်းရောင်က ပုံရိပ်နှစ်ခုကို ဖြည်းဖြည်းချင်း ခွဲခွာနေသည်။
တောက်ပသော အလင်းရောင်၏ အပြင်ဘက်တွင် ရွှီချင်းက အဝေးသို့ လျှောက်သွားနေသည်။
အလင်းရောင်ထဲတွင် ကျစ်ရွှမ်းက အဝေးသို့ ငေးကြည့်နေသည်။
“ သူပြောတာ မမှားဘူး… လျှို့ဝှက်ဆန်းကြယ်တဲ့ သူ့အကိုက သူ့ကို တကယ်ပဲ နှစ်တွေအကြာကြီး စောင့်နေခဲ့တာ ”
ကျောက်ရှာတောင်ပေါ်တွင် လေဟာနယ်လှိုင်းအတွန့်များ ထွက်ပေါ်လာသည်နှင့် သတ္တမသခင်ကြီးက ကျစ်ရွှမ်း၏ ဘေးမှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူက ကျစ်ရွှမ်းနည်းတူ အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
“ အဲ့ဒါက ကံတရားက စီမံထားတဲ့ တိုက်ပွဲပဲ… ကောင်းကင်ဝါးမျိုဒေသကြီးရဲ့ အပြင်ဘက်ကနေ ငါစောင့်ကြည့်ရသလောက်တော့ သူ့အကိုရဲ့ သည်းခံနိုင်စွမ်းက နောက်ဆုံးအကန့်အသတ်ကို ရောက်နေပြီ ”
“ ဒီတော့… ငါတို့လုပ်ရမှာက ဒီနေရာကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ပဲ ”
သတ္တမသခင်ကြီး၏ စကားဆုံးသွားသည့်အခါ ကျစ်ရွှမ်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ကျောက်ရှာတောင်၏ အပြင်ဘက်တွင် ကျိုးကျန်းလီ၊ ကြယ်တာရာစက်ဝန်း၊ ရှဲလင်းဇီနှင့် တခြားလူများက တခြားထောင်ထိပ်များပေါ်မှာ တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့အားလုံးက တရားထိုင်နေရင်း အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားကြသည်။
သူတို့က တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
…..
အချိန်က နှေးကွေးစွာ စီးဆင်းသွားသည်။
သုံးရက်ကုန်လွန်သွားသည်။
ရွှီချင်းသည် ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ ခြေတစ်လှမ်းတည်းဖြင့် သွားရောက်နိုင်သော်လည်း ထိုသို့မလုပ်ခဲ့ပေ။ ယင်းအစား သူက ဖြည်းညင်းစွာ လမ်းလျှောက်သွားရန် ရွေးချယ်ခဲ့သည်။
သူက လမ်းလျှောက်နေရင်း ဝမ်ကူးကုန်းမြေ၏ ကောင်းကင်နှင့်မြေပြင်ကို လေ့လာကြည့်ရှုနေကာ သူ၏ ငယ်ဘဝကို ပြန်စဉ်းစားလိုက်သည်။
ခရီးတစ်လျှောက်မှာ သူ၏ အစောပိုင်းနှစ်များနှင့် သူ့မိဘများ၏ ပုံရိပ်များက သူ၏ နှလုံးသားထဲမှာ ပြန်ထွက်ပေါ်လာသည်။
ထုံးစံအားဖြင့် ထိုမှတ်ဉာဏ်များထဲမှာ သူ့အကိုလည်း ပါဝင်သည်။
နောက်ဆုံးမှာတော့ တတိယမြောက်နေ့ ညနေခင်းအချိန်တွင် ရွှီချင်းက ကောင်းကင်ဝါးမျိုဒေသကြီး၏ မြောက်ပိုင်းနယ်စပ်ဒေသသို့ ရောက်ရှိသွားသည်။ ယင်းက ကျောက်ရှာတောင်ပေါ်မှ သူဆင်းလာခဲ့သည့်အချိန်နှင့် အတူတူသာ ဖြစ်၏။
အဆုံးမဲ့သော အနက်ရောင်တောင်တန်းက သူ၏ အရှေ့မှာ ဆန့်တန်းနေသည်။
တောင်ထွတ်တစ်ခုပေါ်မှာ ရွှီချင်းက မတ်တတ်ရပ်နေစဉ် ကောင်းကင်ဘုံလေက သူ၏ မျက်နှာကို ပွတ်သပ်သွားသည်။ သူက အဝေးသို့ ငေးကြည့်လိုက်သည်။
တောင်တန်း၏ အခြားတစ်ဖက်တွင် အနက်ရောင်မြူခိုးက ကောင်းကင်နှင့်မြေပြင်ကို အပြည့်ဖုံးလွှမ်းထားပြီး အရာအားလုံးကို ချိပ်ပိတ်ထားသည်။
ထိုမြူခိုးက ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးသို့ ပျံ့နှံ့နေသည်။ ရံဖန်ရံခါ စူးစူးဝါးဝါး အော်ဟစ်သံများက မြူခိုးထဲမှ ထွက်ပေါ်လာလေ့ ရှိသည်။ ဤသည်မှာ မရေမတွက်နိုင်သော မိစ္ဆာများနှင့် တစ္ဆေများက အပြင်လူများကို ခြောက်လှန့်နေသည့်အလားပင်။
ဤနေရာမှ ဒြပ်နှောများ၏ သိပ်သည်းမှုက ရွှီချင်း အလည်သွားရောက်ခဲ့ဖူးသော ဟွမ်ကောင်းကင်ဘုံထက်ပင် သာလွန်သည်။
ထို့ပြင် ဤနေရာမှ ဒြပ်နှောများက အသက်ရှိနေသည့်အလား ပရမ်းပတာ လူးလွန့်နေကြသည်။ ဤသည်မှာ ယင်းတို့က အရာအားလုံးကို ဝါးမျိုစားသောက်ရန် အသင့်ဖြစ်နေကြသည့်အလားပင်။
ရွှီချင်းအတွက်တော့ ယင်းက နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်ခဲ့စဉ်က ပျက်စီးသွားခဲ့သော ပြိုင်ဘက်ကင်းမြို့တော်နှင့် အနည်းငယ် ဆင်တူပေသည်။ အထူးသဖြင့် ယင်းထံမှ ထုတ်လွှတ်နေသော ချောက်ချားမှုဖြစ်သည်။
“ ဒီနေရာရဲ့ ဒေသခံသေမျိုးတွေက နတ်ဘုရားအရှိန်အဝါနဲ့ စွန်းထင်ခံလိုက်ကြရတယ်… အဲ့ဒါက မရေမတွက်နိုင်တဲ့ ဆန်းကြယ်သက်ရှိတွေကို မွေးထုတ်ပေးခဲ့တယ် ”
တိုးညင်းသော အသံက ရွှီချင်း၏ အနောက်မှ ပျံ့လွင့်လာသည်။
ယုလျှိုချန်း၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး ရွှီချင်း၏ ဘေးမှာ ရပ်လိုက်သည်။ သူက ဦးညွတ်လိုက်သည်။
“ အင်မော်တယ်အရှင်သခင်ကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး ယုလျှိုချန်းကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ထွက်ပေါ်လာမှုကို သူမအံ့ဩပေ။ သူက ဤခရီးစဉ်ကို မဖုံးကွယ်ထားသလို ယုလျှိုချန်း၏ အဆင့်တတ်လှမ်းမှုက သူနှင့်ဆက်စပ်နေကြောင်း ကောင်းမွန်စွာ နားလည်ထားသည်။
“ ကျုပ်က အင်မော်တယ်အရှင်သခင်မဟုတ်ဘူး ”
ရွှီချင်းက ခေါင်းခါလိုက်သည်။
ယုလျှိုချန်းသည်လည်း ခေါင်းခါလိုက်သည်။
“ အမည်အရသာ မဟုတ်တာပါ… အနှစ်သာရအရဆိုရင်… ခြားနားမှုက မပြောပလောက်ပါဘူး ”
ရွှီချင်းက နောက်ထပ် မပြောတော့ပေ။ သူက ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။
ယုလျှိုချန်းက ဆက်ပြောသည်။
“ နတ်ဘုရားတွေ သွားရောက်တဲ့ နေရာတိုင်းကို ဆန်းကြယ်သက်ရှိတွေက သေချာပေါက် လိုက်ကြလိမ့်မယ် ”
“ ဆန်းကြယ်သက်ရှိတွေက နတ်ဘုရားတွေရဲ့ အပေါင်းအဖော်တွေလို့ သေမျိုးတွေနဲ့ ကျင့်ကြံသူအများစုက အထင်လွဲမှားနေကြတယ်… နတ်ဘုရားအများစုကတောင် အဲ့ဒီလို တွေးကြတယ်… ဒါပေမဲ့ အမှန်တရားက အဲ့လိုမဟုတ်ဘူး… အင်မော်တယ်အရှင်သခင်လည်း အဲ့ဒါကို သတိထားမိမှာပါ… ”
“ ဆန်းကြယ်သက်ရှိတွေက နတ်ဘုရားတွေရဲ့ အပေါင်းအဖော်တွေ မဟုတ်ကြဘူး ”
“ တစ်နည်းပြောရရင် သူတို့ကို နတ်ဘုရားတွေအပေါ် ကျရောက်နေတဲ့ ကျိန်စာလို့တောင် ဆိုနိုင်တယ် ”
ရွှီချင်းက ယုလျှိုချန်း၏ စကားကို နားထောင်နေရင်း ပြောသည်။
“ ခင်ဗျားက ဆန်းကြယ်ဘုံအကြောင်း ပြောနေတာလား ”
ယုလျှိုချန်း၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ထွန်းလင်းလာသည်။
“ ဆန်းကြယ်သက်ရှိတွေက နတ်ဘုရားတွေထက် ပိုပြီးရှေးကျတယ်… သူတို့က နတ်ဘုရားတွေကြောင့် အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရတယ်… အဲ့ဒါကြောင့် သူတို့က ကျိန်စာအရိပ်တွေ ဖြစ်လာကြပြီး နတ်ဘုရားတွေနဲ့ အတူနေထိုင်ကြတယ် ”
“ ဒါကြောင့်မို့လို့… နတ်ဘုရားယဇ်ပလ္လင်အဆင့်နဲ့ အထက်အဆင့် နတ်ဘုရားတွေမှာ… ”
“ …မရှိဘူး ”
ထိုသို့ပြောလိုက်သည့်အခိုက် ယုလျှိုချန်းက တန်ပြန်ဆိုးကျိုးဖြင့် သက်ရောက်ခံလိုက်ရသည့်အလား အပြင်းအထန် တုန်ယင်သွားပြီး ရွှေရောင်သွေးကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။
“ အထက်ကြယ်တာရာစက်ဝန်းတွေရဲ့ နိယာမတွေက ဒီအမှန်တရားကို မပြောနိုင်အောင် ငါ့ကို တားမြစ်နေကြတယ်… အဲ့ဒါက အထက်ကြယ်တာရာစက်ဝန်းတွေအားလုံးဆီမှာ ဖုံးကွယ်ထားတဲ့ အဖြေတစ်ခု ဖြစ်တယ်… ငါ့ရဲ့ ထူးခြားတဲ့ နတ်ဘုရားအခွင့်အာဏာကြောင့်သာ အဲ့ဒါကို ဝေဝေဝါးဝါး မြင်နိုင်ခဲ့တာ ”
ယုလျှိုချန်းက သူ၏ နှုတ်ခမ်းပေါ်မှ သွေးစကို သုတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ အာဏာစက်ဥပဒေသကို ဤဧရိယာတစ်ဝိုက်အား ဖုံးလွှမ်းသွားစေသည်။ ထို့နောက် သူက ယုလျှိုချန်းကို ခေါင်းညိတ်ပြလိုက်သည်။
“ နောက်တစ်ကြိမ် ထပ်ပြောကြည့်ပါ ”
ယုလျှိုချန်းက သူ၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက တိုးညင်းစွာ ပြောသည်။
“ အင်မော်တယ်အရှင်သခင် သေချာစဉ်းစားကြည့်ပါ… နတ်ဘုရားယဇ်ပလ္လင်အဆင့်နဲ့ အထက်အဆင့် နတ်ဘုရားတွေမှာ… အရိပ်ရှိတာကို မင်းမြင်ဖူးလား ”
ထိုစကားကို ပြောလိုက်သည့်အခိုက် နားလည်သဘောပေါက်သော အရိပ်အမြွက်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘာလို့လဲဆိုတော အရိပ်တွေက ဆန်းကြယ်ဘုံရဲ့ သွေးကြောတွေပါ… ပြီးတော့ အဲ့ဒါတွေက နတ်ဘုရားတွေအပေါ် ကျိန်စာလည်း ဟုတ်ပါတယ် ”
“ အဲ့ဒါက အထက်ကြယ်တာရာစက်ဝန်းတွေရဲ့ နိယာမတွေ ဖုံးကွယ်ထားတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်… သူတို့က ဒီအမှန်တရားကို ဘယ်သူမှ မသိနိုင်အောင် အာရုံလွှဲပြောင်းထားကြပါတယ် ”
ယုလျှိုချန်းက စကားပိုပြောလိုက်တိုင်း သူ၏ ခန္ဓာကိုယ်က ပိုပြီးတုန်ယင်လာသည်။ ချွေးသီးချွေးပေါက်များသည်ပင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းက အတွေးနက်သွားသည်။ အတိတ်မှာ သူမြင်ခဲ့ဖူးသော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများကို ပြန်စဉ်းစားလိုက်သည့်အခါ ယုလျှိုချန်း၏ စကားက မှန်ကန်ကြောင်း နားလည်သွားသည်။ ၎င်းတို့ဆီမှာ အရိပ်မရှိကြပေ။ သို့သော်လည်း ထိုကိစ္စကို တစ်ခါမှ သူသတိမထားမိပေ။
“ စိတ်ဝင်စားစရာပဲ… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
“ ခင်ဗျားက ဘာလို့ ဒီအကြောင်းကို ကျုပ်ကို လာပြောပြတာလဲ ”
ယုလျှိုချန်းက လေးနက်စွာ ဦးညွတ်လိုက်သည်။
“ အင်မော်တယ်အရှင်သခင်က တစ်နေ့မှာ ကောင်းကင်ဝါးမျိုဒေသကြီးဆီ သွားရောက်လိမ့်မယ်လို့ ငါမျှော်လင့်ထားပြီးသားပါ… အဲ့ဒါကြောင့် ဒီနှစ်တွေမှာ ငါက ဒီနေရာနဲ့ပတ်သက်ပြီး ပုံပြင်သုံးသိန်းခုနစ်သောင်းကို ဖန်တီးခဲ့ပါတယ်… ”
“ ဒါပေမဲ့ ပုံပြင်အားလုံးက ဇာတ်လမ်းတစ်ဝက်မှာတင် ဆန်းကြယ်သက်ရှိတွေရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် ပျက်စီးသွားခဲ့ပါတယ်… အဲ့ဒါကြောင့် ငါက ပုံပြင်တစ်ပုဒ်ကိုမှ အဆုံးမသတ်နိုင်ခဲ့ပါဘူး ”
“ ငါ့အမြင်မှာ ဒီဒေသကြီးက ဆန်းကြယ်ဘုံနဲ့ ချိတ်ဆက်နေလောက်ပါတယ်… အင်မော်တယ်အရှင်သခင်… မင်းရဲ့ အကိုက သရုပ်တစ်ခုထက်ပိုပြီး ဖုံးကွယ်ထားလောက်ပါတယ် ”
ရွှီချင်းကို ယုလျှိုချန်းကို အချိန်အတော်ကြာ လေ့လာကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
ယုလျှိုချန်းသည် သူ၏ လာရင်းရည်ရွယ်ချက် ပြီးမြောက်သွားသည့်အခါ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ သူက နောက်ထပ် ဆက်မနေတော့ဘဲ ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။
သူ၏ နောက်ဆုံး ကောင်းချီးပေးမှုသည်သာ ရွှီချင်း၏ နားထဲသို့ ပျံ့လွင့်လာသည်။
“ အင်မော်တယ်အရှင်သခင်ရဲ့ ခရီးစဉ် အဆင်ပြေချောမွေ့ပါစေ… မင်းရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ ”
တောင်ထွတ်ပေါ်တွင် လေပြင်းက အကြမ်းပတမ်း တိုက်ခတ်လာသည့်အခါ ရွှီချင်းက သူ့ဘာသာ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
“ ငါ့ရဲ့ လိုအင်ဆန္ဒတွေ… ပြည့်ဝမယ်… ”
အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။
သူက ကောင်းကင်ဝါးမျိုဒေသကြီး၏ အနက်ရောင်မြူခိုးထုထဲသို့ ဝင်ရောက်သွားသည်။
သူက ကျစ်လွီဆဲ့တိုင်းပြည်ထဲသို့ ခြေချလိုက်သည်။
သူထွက်ပေါ်လာသည့်အခိုက် ကမ္ဘာမြေက ပရမ်းပတာ တုန်လှုပ်သွားသည်။
ကောင်းကင်ဝါးမျိုဒေသကြီးထဲမှ အဆုံးမဲ့သော အနက်ရောင်မြူခိုးက ပရမ်းပတာ လှုပ်ခတ်သွားပြီး လှိုင်းတဝုန်းဝုန်းထနေသော အနက်ရောင်ပင်လယ်အဖြစ် အသွင်ပြောင်းလဲသွားသည်။
လှိုင်းလုံးတစ်ခု ပေါ်လျှိုးလာသည့်အခါတိုင်း စူးစူးဝါးဝါး အော်ဟစ်သံများက နေရာတိုင်းသို့ ပဲ့တင်ထပ်သွားသည်။ ရန်လိုမှုနှင့် ချောက်ချားဖွယ်ကောင်းသော တွန်းကန်အားက မြူခိုးအတွင်းမှ ပေါ်လျှိုးလာပြီး ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
မရေမတွက်နိုင်သော မိစ္ဆာအရှိန်အဝါများက မြူခိုးထဲမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က ရူးသွပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို သယ်ဆောင်လျက် ရွှီချင်းထံသို့ တစ်ဟုန်ထိုး ဦးတည်သွားကြသည်။
မြူခိုးထဲတွင် ရွှီချင်းက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် သူ၏ ညာခြေထောက်ကို မြှောက်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဖနောင့်ပေါက်လိုက်သည်။
ဝုန်း…
ကောင်းကင်ဘုံမိုးကြိုးသွားတစ်သန်းက တရစပ် ပေါက်ကွဲသွားသည့်အလား ကျယ်လောင်သော မြည်ဟိန်းသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ဘုံမြည်ဟိန်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားနေစဉ် တမူထူးခြားသော ကံကြမ္မာက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်လျှိုးလာပြီး သူ၏ ဦးခေါင်းထက်မှာ ဧကရာဇ်သရဖူတစ်ဝက်ကို ဒြပ်ထည်ဖွဲ့စည်းပေးလိုက်သည်။
သဏ္ဍာန်မဲ့ဖိအားက အပြင်သို့ ပျံ့နှံ့သွားပြီး သူ၏ လမ်းကြောင်းအရှေ့မှ အရာအားလုံးကို ဖိနှိပ်လိုက်သည်။
ထိုကံကြမ္မာသည် ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာမှလွဲ၍ တခြားမဟုတ်ပေ။
သူဖြတ်သန်းသွားသည့်နေရာတိုင်း အနက်ရောင်မြူခိုးက အနောက်သို့ တလိပ်လိပ်ဆုတ်ခွာသွားသည်။ ထိုအခါ ယိုယွင်းပျက်စီးနေသော ကုန်းမြေနှင့် ဖရိုဖရဲဖြစ်နေသော လောကက ထင်ရှားစွာ ထွက်ပေါ်လာသည်။
မြူခိုးထဲမှ ပေါ်လျှိုးလာနေသော မိစ္ဆာအရှိန်အဝါများသည်လည်း မြန်ဆန်စွာ လွင့်ပြယ်သွားကြသည်။ ယင်းတို့၏ ရန်လိုမှုက ဝမ်းမြောက်ဝမ်းသာကြိုဆိုမှုအဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်း၏ ဦးခေါင်းပေါ်မှ ဧကရာဇ်သရဖူတစ်ဝက်သည် အတိတ်မှာ သူ့ဆရာ လုယက်ပေးခဲ့သော ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာတစ်ဝက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ယခု ထိုကံကြမ္မာတစ်ဝက်က ကျစ်လွီဆဲ့တိုင်းပြည်ဆီသို့ ပြန်ရောက်လာသည်။ ဤသည်မှာ ဧကရာဇ်တစ်ပိုင်းက သူ၏ တိုင်းပြည်ဆီသို့ ပြန်ကြွလာသည့်အလားပင်။
ထို့ကြောင့် ကောင်းကင်ဝါးမျိုဒေသကြီးကို အစားထိုးသွားခဲ့သော ရှေးဟောင်းကျစ်လွီဆဲ့တိုင်းပြည်က ပရမ်းပတာ တုန်လှုပ်သွားသည်။ ဒေသကြီးအတွင်းမှ အနက်ရောင်မြူခိုးသည်လည်း အပြင်းအထန် လူးလွန့်သွားသည်။
ထိုအခြေအနေက ဤဒေသကြီးဆီသို့ ကျစ်လွီဆဲ့တိုင်းပြည် ပထမဆုံးအကြိမ် ဆင်းသက်လာခဲ့စဉ်ကနှင့် အတူတူသာ ဖြစ်သည်။
တိုင်းပြည်က ပရမ်းပတာ တုန်လှုပ်နေစဉ် ရွှီချင်းက ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။
ထိုခြေတစ်လှမ်းဖြင့် သူက အလွန်ကျယ်ပြောသော အကွာအဝေးကို ဖြတ်ကျော်သွားပြီး ကျစ်လွီဆဲ့တိုင်းပြည်၏ နန်းမြို့တော်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ထိုနေရာမှာ သူက ဒြပ်နှောများနှင့် ဖုံးလွှမ်းခံထားရသော မြို့တော်ကို မြင်သွားသည်။ မြို့တော်ထဲမှ တိုင်းသူပြည်သားများသည်လည်း အနက်ရောင်မြူခိုးဖြင့် ဖုံးလွှမ်းခံထားကြရသည်။
သို့ဖြစ်၍ မြို့တော်က အနက်ရောင်ပန်းချီကားတစ်ချပ်နှင့် ဆင်တူသည်။ ယင်း၏ အသွင်သဏ္ဍာန်က ဝေဝါးနေသည့်တိုင် ရှေးဟောင်းဗိသုကာလက်ရာများကိုတော့ ရှင်းလင်းစွာ မြင်နေရဆဲပင်။ တိုင်းသူပြည်သူများသည်လည်း ထို့အတူပင်။ သူတို့က လူကြီးလူငယ်၊ ယောင်္ကျားမိန်းမနှင့် ကလေး အစရှိသော အနက်ရောင်ပန်းချီပုံရိပ်များသာ ဖြစ်ကြသည်။
ရွှီချင်း၏ ရောက်ရှိလာမှုက ထိုအနက်ရောင်ပန်းချီကားကို ဆေးရောင်အသစ်တစ်ခု ထပ်ပေါင်းထည့်ပေးလိုက်ဟန် ရ၏။ သူက လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားသည်။
ထိုမျက်လုံးများထဲမှာ မုန်းတီးမှုနှင့် ရန်လိုမှုဖြင့် ပြည့်နှက်နေသည်။ သို့တိုင် ယင်းတို့ထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင်တစ်စွန်းတစ်စလည်း ပါဝင်နေသည်။
ဤသည်မှာ သူတို့က တိုက်ခိုက်ခြင်းနှင့် ဦးညွတ်ခြင်းကြားမှာ ဝေခွဲမရဖြစ်နေကြဟန် ရ၏။ သို့သော်လည်း တိုင်းပြည်၏ ကံကြမ္မာအစွမ်းအောက်မှာ သူတို့က ခေါင်းငုံ့ရန်မှတပါး တခြားရွေးချယ်စရာ မရှိကြချေ။
ရွှီချင်းက အရာအားလုံးကို တိတ်တဆိတ် စစ်ဆေးကြည့်ပြီးနောက် အဝေးမှ တော်ဝင်နန်းတော်ဆီသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။ ထို့နောက် သူက တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်သည်။
ထိုခြေလှမ်းကြောင့် သူက နန်းမြို့တော်၏ အလယ်ဗဟိုဖြစ်သော…
တော်ဝင်နန်းတော်၏ အရှေ့သို့ ရောက်ရှိသွားသည်။
သူက ခမ်းနားမြင့်မြတ်သော ဧရာမရုပ်တုတစ်ခု တည်ရှိသည့် မြေကွက်လပ်တစ်ခုမှာ မတ်တတ်ရပ်လိုက်သည်။
ယင်းက ဤလောကထဲမှာ တစ်ခုတည်းသာရှိသော ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တု ဖြစ်သည်။
ရုပ်တုသည် အသက်ရှိနေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။ နန်းတော်သည်တော့ သုသာန်တစပြင်ပမာ တိတ်ဆိတ်ခြောက်ကပ်နေသည်။
ရုပ်တု၏ အနောက်တွင် ခမ်းနားထည်ဝါသော တော်ဝင်ခန်းမမှ ဂိတ်တံခါးများက ကျယ်ဝန်းစွာ ပွင့်နေကြသည်။
တော်ဝင်ခန်းမထဲမှ ထိပ်ဆုံးနေရာပေါ်ရှိ နဂါးရာဇပလ္လင်ပေါ်တွင် ပုံရိပ်တစ်ခုက ထိုင်နေသည်။
သူက ဧကရာဇ်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး ဧကရာဇ်သရဖူကို ဆောင်းထားသည်။ ခရမ်းရောင်ဆံပင်ရှည်က သူ၏ ကျောနောက်တွင် ရေတံခွန်သဖွယ် ကျဆင်းနေလေရာ သူ၏ အသွင်သဏ္ဍာန်က ပြိုင်ဘက်ကင်းသော ဂုဏ်ကျက်သရေကို ဖော်ဆောင်နေသည်။
သို့တိုင် ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်က သူ့ထံမှ ထွက်ပေါ်နေသည်။
သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဇီချင်း ဖြစ်သည်။
ဇီချင်းသည် မေးပေါ် လက်တင်ထားလျက် မြေကွက်လပ်ပေါ်မှ ရွှီချင်းကို သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
ထို့နောက် နွေးထွေးကြင်နာသော သူ့အသံက ချောက်ချားဖွယ်ကောင်းသော လေထုကို ဖြတ်သန်းသွားသည်။
“ ငါ့ရဲ့ ထက်မြက်တဲ့ ညီလေး… မင်းက ငယ်ငယ်တုန်းကလို ဉာဏ်ကောင်းနေတုန်းပဲ ”
“ မင်းက ငါ့ရဲ့ အရှေ့မှာ အင်မော်တယ်နတ်ဘုရားအသွင်သဏ္ဍာန်နဲ့ မထွက်ပေါ်လာသလို မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ကိုလည်း ငါတို့ရဲ့ တိုင်းပြည်ဆီ မခေါ်ဆောင်လာခဲ့ဘူး… မင်းက တကယ်ပဲ ဉာဏ်ကောင်းလွန်းတယ် ”
“ ဒါပေမဲ့ အဲ့ဒါက အသေးအမွှားကိစ္စလေးပါ… အရေးကြီးတာက… နောက်ဆုံးတော့ မင်းရောက်လာပြီ ငါ့ရဲ့ ညီလေး ”