အခန်း (၁၅၉၇-၁၆၀၂)
Vol. 101 Ch. 1597-1602
အခန်း ၁၅၉၇ လုံးဝကွဲပြားသော သဘောထားများ
"စားသောက်ဆိုင်ပိုင်ရှင်က သူ့ရဲ့ အဆက်အသွယ်တွေကို ဘာလို့ အကူအညီတောင်းရတာလဲဆိုတာကို ကျွန်မ နားလည်တယ်။ သူက သူ့ကိုယ်သူနဲ့ သူ့စီးပွားရေးကို ကာကွယ်ခဲ့တာပဲ။" ဟု ကုနင်းက
ပြောလိုက်သည်။
"မင်းမှန်တယ်…" ဟု ရှန့်ကွမ်ယန်က ထောက်ခံလိုက်သည်။
သူတို့ မြို့တော်ကောကို ရောက်သောအခါ ညနေ(၅)နာရီထိုးလုနီးပါးဖြစ်သောကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုဆီသို့ သူတို့ ဦးတည် သွားခဲ့ကြသည်။
ရှန့်ကွမ်ယန်၏ အိုင်ဒီကတ်လိပ်စာက လင်ရှောင်းထင်၏ ရှေးဟောင်းပုံစံဂေဟာတည်ရှိသောနေရာဖြစ်ပြီး သူ၏အသက်ကို (၆၈)နှစ်အဖြစ် ထည့်သွင်းခဲ့လေသည်။
ရှန့်ကွမ်ယန်၏ အိမ်လိပ်စာက မြို့တော်၏ အလယ်ဗဟို၌ ရှိနေတာကို တွေ့ရသောအခါ ရဲမှာ ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။ ထို့အပြင် သူနေထိုင်သောနေရာက အခြားသော တည်ဆောက်ပုံများနှင့် ကွဲပြားသော အဆောက်အအုံတစ်ခု ဖြစ်သည်မှာ သိသာပေသည်။
ရှန့်ကွမ်ယန်က အရေးကြီးသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း ရဲက သိသောကြောင့် သူက ဥပဒေရေးရာလုပ်ထုံးလုပ်နည်းများကို အမြန်ပြီးစီးအောင် အဆုံးသတ်ခဲ့သည်။ သူတို့သွားသောအခါ ရဲ၏ လုပ်ဖော်ကိုင်ဖက်က ပြက်လုံးထုတ်ခဲ့သည်။
"ရှောင်ကျန်း… မင်းက တကယ့်ကို ကျွမ်းကျင်တာပဲ။"
"အဘိုးကြီးက အရမ်းအရေးကြီးလား?" အခြားရဲက ပြောလိုက်သည်။
"မင်းမှန်တယ်။ အဘိုးကြီးက အရမ်းချမ်းသာတဲ့သူ မဟုတ်ရင် ဩဇာရှိတဲ့သူဖြစ်ရမယ်။ သူက မြို့တော်ရဲ့ အလယ်က သီးသန့် အဆောက်အအုံတစ်ခုမှာနေတာ။"
"ဘာ?"
"တကယ်လား?"
"ဝိုး… မြို့လယ်ခေါင်က သီးသန့်အဆောက်အအုံက ယွမ်တစ်ဘီလီယံကျော် တန်တယ်။"
“…”
လင်ရှောင်းထင်၏ ရှေးဟောင်းပုံစံဂေဟာက တကယ့်ကို ယွမ်တစ်ဘီလီယံကျော် တန်ဖိုးရှိလေသည်။
ထို့နောက် ကုနင်းက ရှန့်ကွမ်ယန်အတွက် စမတ်ဖုန်းတစ်လုံး ဝယ်ယူရန် သွားခဲ့သည်။ စမတ်ဖုန်းဆိုင်အပြင်ဘက်တွင် ကားထားရန် သူတို့အတွက် အဆင်မပြေသောကြောင့် လင်ရှောင်းထင်က အနီးနား၌ရှိသော ဟိုတယ်ရှေ့တွင် ကားထားရန် သွားခဲ့သည်။
ကုနင်းနှင့် ရှန့်ကွမ်ယန်တို့က ကားထဲမှ အတူ ထွက်လာခဲ့ကြပြီး စမတ်ဖုန်းဆိုင်ထဲသို့ လျှောက်လာခဲ့ကြသည်။
သူတို့ အထဲသို့ လျှောက်လာသောအခါ သူတို့က လုံးဝ ချမ်းသာပုံ မရသောကြောင့် အရောင်းစာရေးများက သူတို့အား ကြိုဆိုခြင်း (သို့မဟုတ်) ဝန်ဆောင်မှုပေးခြင်းများ မလုပ်ခဲ့ကြပေ။ ကုနင်းက မိန်းကလေးငယ်တစ်ယောက်မျှသာဖြစ်ပြီး ရှန့်ကွမ်ယန်က အသက်ကြီးလွန်းနေခဲ့သည်။ ရှန့်ကွမ်ယန်က ဈေးကြီးသော ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသော်လည်း ၎င်းက သူနှင့် သိပ်အဆင်မပြေလှပေ။
ထို့အပြင် မြို့တော်ကောက ခွန်းလွန်တောင်ထက် ပိုပူသောကြောင့် သူက အတော်လေး ထူးဆန်းသည့်ပုံစံ ဖြစ်နေခဲ့သည်။ သူက သင့်လျော်သော အဝတ်အစားများကို မတတ်နိုင်လျှင် စမတ်ဖုန်း တစ်လုံးကိုလည်း သူ တတ်နိုင်မည် မဟုတ်ပေ။
စမတ်ဖုန်းဆိုင်ထဲမှ အရောင်းစာရေးနှင့် စာရေးမများ အားလုံးတွင် တူညီသော ထင်မြင်ချက် ရှိကြသည်။
ပိုဆိုးတာက ရှန့်ကွမ်ယန်သည် ဤကဲ့သို့သော ဆိုင်ကို ယခင်က တစ်ခါမှ မမြင်ဖူးသလိုပုံစံဖြင့် သိချင်စိတ်ပြင်းပြစွာ လှည့်ပတ်ကြည့် နေခဲ့သည်။
ယခင်က မြို့ကို တစ်ခါမှ မရောက်ဖူးသော ဆင်းရဲသားတစ်ယောက်လို သူက ပြုမူခဲ့သည်။ ပြီးတော့ ကုနင်းက လှသော်လည်း ၎င်းက သူမ ချမ်းသာသည်ဟု မဆိုလိုပေ။
အားလုံးကို ခြုံကြည့်လျှင် ကုနင်းနှင့် ရှန့်ကွမ်ယန်တို့မှာ သူတို့၏ မျက်လုံးများထဲတွင် နွမ်းပါးသောအဘိုးအိုနှင့် မြေးမလေးသာ ဖြစ်နေတော့သည်။
ထိုအရောင်းစာရေးများနှင့် စာရေးမများသည် ယခင်က သူတို့လို ဆင်းရဲသားများကို မြင်ဖူးခဲ့ပြီး သူတို့သည် ဆင်းရဲသားများကို ရောင်းချရန် ဆန္ဒရှိမနေကြပေ။ သူတို့က လုံးဝကို ဘက်လိုက်ကြလေ သည်။
ကုနင်းက သူတို့၏ သဘောထားကို ဒေါသထွက်ခဲ့ပေမယ့် သူတို့အား နာကျင်အောင် ဘာမှမလုပ်ခဲ့သောကြောင့် ဘာမှ မပြောခဲ့ပေ။
"အဘိုးရှန့်ကွမ်… အဘိုးလိုချင်တဲ့ဟာ ဘာဘဲဖြစ်ဖြစ် ရွေးနိုင်ပါတယ်…" ဟု ကုနင်းက ပြောလိုက်သည်။
"ဝမ်းသာစရာပဲ…" ရှန့်ကွမ်ယန် စိတ်လှုပ်ရှားသွားတော့သည်။
"အိုး… ငါဒီတစ်ခုလိုချင်တယ်။ ဒီတစ်ခုက ကြည့်ကောင်းတယ်။" ရှန့်ကွမ်ယန်က နောက်ဆုံးဗားရှင်း စမတ်ဖုန်းတစ်လုံးကို ရွေးခဲ့သည်။
သူက ယခုခေတ် ငွေကြေးစနစ်၏ သဘောတရားကို မသိသောကြောင့် ၎င်းက ဈေးကြီးလား၊ ဈေးမကြီးဘူးလားဆိုတာကို သူ မသိခဲ့ပေ။ ရှန့်ကွမ်ယန်က ကလေးကြီးတစ်ယောက်လိုပါပဲ။
ကုနင်းနှင့် လင်ရှောင်းထင်တို့ နှစ်ယောက်စလုံးက အလွန်ချမ်းသာကြသောကြောင့် ဈေးနှုန်းနှင့်ပတ်သက်ပြီး ဂရုမစိုက်ခဲ့ကြပေ။ ထို့အပြင် ရှန့်ကွမ်ယန်က လင်ရှောင်းထင်၏ သီးသန့်ဆရာဖြစ်ပြီး သူက လင်ရှောင်းထင်ကို တန်ဖိုးမဖြတ်နိုင်သော အရေးကြီးသည့် အတတ်ပညာများစွာကို သင်ကြားပေးခဲ့သည်။
ထို့ကြောင့် စမတ်ဖုန်းတစ်လုံးက သိပ်ပြီးတန်ဖိုးမကြီးပဲ ၎င်းက ကုနင်း၏ မျက်လုံးများထဲတွင် ဘာမှမဟုတ်ခဲ့ပေ။ ရှန့်ကွမ်ယန် လိုချင်သမျှ ကာလပတ်လုံး ဆိုင်ထဲရှိ ဘယ်ဖုန်းကိုမဆို သူမ ဝယ်နိုင်သည်။
"ကောင်းတယ်… ဒီတစ်ခုကို ကျွန်မတို့ ဝယ်ကြမယ်။ ဒါပေမယ့် ခဏတော့ စောင့်ဖို့လိုတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
သူမသည် ထိုမျက်နှာကြီးရာဟင်းဖတ်ပါတတ်သော အရောင်းစာရေးများကို သူတို့အား ရောင်းချရန် ခွင့်မပြုချင်သောကြောင့် အခြားကောင်းသော အရောင်းစာရေးများ အားလပ်သည်အထိ ခဏမျှစောင့်ရန် ဆုံးဖြတ်ခဲ့သည်။
"ရတာပေါ့။" ရှန့်ကွမ်ယန်က ကုနင်း၏စကားကို နားထောင်ခဲ့သည်။
သို့သော် ထိုဘဝင်ကိုင်သော အရောင်းစာရေးနှစ်ယောက်က သူတို့၏ စကားကို ကြားပြီး တန်ဖိုးကြီးသောဖုန်းတစ်လုံးအား သူတို့ အမှန်တကယ် ဝယ်တော့မှာကို တွေ့သောအခါ သူတို့ထဲမှ တစ်ယောက်က ကုနင်းနှင့် ရှန့်ကွမ်ယန်ရှိရာသို့ လျှောက်လာခဲ့လေသည်။
"ကျွန်တော်တို့ရဲ့ဆိုင်က ကြိုဆိုပါတယ်။ ခင်ဗျားတို့အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ?"
အရောင်းစာရေးက သူတို့အား ပြုံးပြလာခဲ့ပြီး သူ၏ သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့သည်။
"မလိုပါဘူး… ကျွန်မ တခြားအရောင်းစာရေးရဲ့ ဝန်ဆောင်မှုကို စောင့်နိုင်ပါတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
ဤအရောင်းစာရေး၏ ဝန်ဆောင်မှုအား ကုနင်း ဘာကြောင့် ငြင်းပယ်ခဲ့ကြောင်းကို ရှန့်ကွမ်ရန် နားမလည်ပေမယ့် ကုနင်းက ရင့်ကျက်ပြီး ချင့်ချိန်တတ်သော မိန်းကလေးဖြစ်မှန်း သူသိထားသောကြောင့် ၎င်းနှင့်ပတ်သက်ပြီး သူဘာမှမပြောခဲ့ပေ။
***
အခန်း ၁၅၉၈ မင်းရဲ့ဝန်ဆောင်မှုကို ငါမလိုချင်ဘူး…
အရောင်းဝန်ထမ်းက ရှက်ကိုးရှက်ကန်းဖြစ်သွားတော့သည်။
"မစ္စ… ဘာကိုဆိုလိုတာလဲ?"
အရောင်းစာရေးသည် ကုနင်း ဘာကြောင့် သူ့အား မကျေမနပ်ဖြစ်ပြီး လူပုံအလယ်တွင် အရှက်ရစေမှန်း မသိခဲ့ပေ။
"ကျွန်မတို့ ဆိုင်ထဲကို ဝင်လာတဲ့အချိန်မှာ ရှင်က ကျွန်မတို့ကို မရောင်းပေးချင်လို့ အခု ရှင့်ရဲ့ဝန်ဆောင်မှုကို ကျွန်မတို့ မလိုအပ်ပါဘူး။" ဟု ကုနင်းက ပြောလိုက်သည်။
"မင်း…"
အရောင်းဝန်ထမ်းက အနည်းငယ် လန့်သွားပြီးနောက် ကုနင်း ဘာကြောင့် သူ့အား စိတ်တိုမှန်း သဘောပေါက်သွားတော့သည်။ တစ်ချိန်တည်းမှာပဲ သူတို့အား မသိကျိုးကျွန်ပြုမိတာကို နောင်တရသွားခဲ့သည်။ သို့သော် ၎င်းက ကြီးမားသော ကိစ္စတစ်ခုဟု သူမထင်ခဲ့ပေ။ သူ့မျက်လုံးများထဲတွင် ကုနင်းက သူ့အား အနည်းငယ် ကတ်သပ်နေသည်ဟု မြင်လေသည်။
သို့သော် အစောပိုင်းက ကုနင်းနှင့် ရှန့်ကွမ်ယန်ကို ဆင်းရဲသည်ဟု ထင်သောကြောင့် သူ တမင်သက်သက် မသိချင်ယောင် ဆောင်ခဲ့သဖြင့် ၎င်းက သူ၏အမှားပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ မှားယွင်းခဲ့လေသည်။ ကုနင်းက အလွန်အမင်း ချမ်းသာသော ကြောင့် သူ အလွန်မှားသွားခဲ့လေပြီ။
ထိုအချိန်၌ အရောင်းစာရေးမတစ်ယောက်က ဝယ်သူထံမှ လျှောက်လာတာကို ကုနင်း မြင်လိုက်ရသည်။
"ဟိုင်း… ဒီဖုန်းကို ဝယ်ဖို့ ရှင် ကျွန်မကို ကူညီနိုင်မလား?" ဟု ကုနင်းက သူမအား ပြောလိုက်သည်။
"ရတာပေါ့၊"
အရောင်းစာရေးမသည် အရောင်းဝန်ထမ်းကို တစ်ချက်ကြည့်ကာ ချီတုံချတုံ ဖြစ်သွားခဲ့သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်က ဝယ်သူကို ဝန်ဆောင်မှုပေးနေချိန်တွင် သူမက ထိုဝယ်သူကို ခေါ်ယူ၍မရနိုင်ပေ။
"ဘာလဲ? ရှင်က ကျွန်မတို့ကို ရောင်းဖို့ ငြင်းတာလား။" ကုနင်းက တမင်သက်သက် မေးလိုက်သည်။
"မဟုတ်ပါဘူး…"
အရောင်းစာရေးမက ချက်ချင်း ပြောလိုက်ပြီး ကုနင်းက သူမ၏ လုပ်ဖော်ကိုင်ဖက်အား သဘောမကျတာကို သတိပြုမိလိုက်သည်။
သူမသည် ထိုအရောင်းဝန်ထမ်းနှင့်အတူ တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ပြီး သူက ဘဝင်ကိုင်သော လူတစ်ယောက်ဖြစ်မှန်း သူမ သိထားခဲ့ သည်။ အရောင်းဝန်ထမ်းသည် ယခင်က သူ၏ မကောင်းသော သဘောထားကြောင့် ဝယ်ယူသူများစွာကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော်လည်း သူက ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။
သူမသည် သူမ၏ လုပ်ဖော်ကိုင်ဖက်များထံမှ ဈေးဝယ်များအား ခေါ်ယူတာကို လက်မခံပေမယ့် ဈေးဝယ်သူများ၏ တောင်းဆို ချက်များကိုမူ သူမ မငြင်းဆန်နိုင်ပေ။
"မစ္စ… ရှင့်အတွက် ကျွန်မ အခုချက်ချင်း ရောင်းပေးပါ့မယ်။" ဟု အရောင်းစာရေးမက ပြောလိုက်သည်။
" ကျွန်မ ဖုန်းကတ်တစ်ခုအတွက် မှတ်ပုံတင်ဖို့လည်း လိုတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး…" အရောင်းစာရေးမသည် ကောင်တာ၌ လုပ်ထုံးလုပ်နည်းများကို ပြီးအောင်လုပ်ဖို့ သူတို့အား ဖိတ်ခေါ်လိုက်သည်။
ကုနင်းနှင့် ရှန့်ကွမ်ယန်က သူမနောက်မှလိုက်လာသောအခါ အရောင်းဝန်ထမ်းအမျိုးသားသည် စိတ်ဆိုးမာန်ဆိုးနှင့် ကျန်နေခဲ့တော့သည်။ သို့သော် သူသည် ၎င်းအဖြစ်အပျက်ကို မမြင်ချင်သော်လည်း ယခုအခါ ၎င်းနှင့်ပတ်သက်ပြီး သူ ဘာမှ မလုပ်နိုင်တော့ပေ။
ကုနင်းက သူမ၏ နောက်ကျော၌ ကပ်ပါလာသော သူ၏ စူးစူးရဲရဲအကြည့်ကို ခံစားရပေမယ့် ၎င်းနှင့်ပတ်သက်ပြီး သူမ အရေးမစိုက်ခဲ့ပေ။ သို့သော် ရှန့်ကွမ်ယန်က ဒေါသထွက်ပြီး အရောင်းဝန်ထမ်းအား စူးရှသောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
ထိုအခါ အရောင်းဝန်ထမ်းသည် ထိတ်လန့်သွားပြီး သူ့မျက်လုံးများကို ချက်ချင်းလွှဲလိုက်သည်။
ထိုအခိုက်အတန့်တွင် လင်ရှောင်းထင်က အထဲသို့ ဝင်လာပြီး သူက အလွန်ချမ်းသာသော ပုံစံရှိသောကြောင့် အရောင်းဝန်ထမ်း၏ မျက်လုံးများက တောက်ပသွားတော့သည်။
"ဟိုင်း… ကျွန်တော်တို့ဆိုင်က ကြိုဆိုပါတယ်။ လူကြီးမင်းအတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ?"
"မလိုပါဘူး… ကျေးဇူးတင်ပါတယ်။" ဟု လင်ရှောင်းထင်က ပြောပြီး ကုနင်းထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ထိုအခါ အရောင်းဝန်ထမ်း၏ မျက်နှာပေါ်ရှိ အပြုံးက ရပ်တန့်သွား ယုံမှလွဲ၍ သူဘာမှ ထပ်မပြောတော့ပေ။ သို့သော် လင်ရှောင်းထင်က ကုနင်းနှင့် ရှန့်ကွမ်ယန်တို့ဆီသို့ လျှောက်သွားတာကို သူ တွေ့သောအခါ သူ့တွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်လာတော့သည်။
လင်ရှောင်းထင်က ဤနေရာသို့ ကုနင်းနှင့် ရှန့်ကွမ်ယန်တို့နှင့်အတူလာခဲ့သည်ဆိုခြင်းကို သူ မယုံကြည်နိုင်ခဲ့ပေ။
တကယ်တော့ အစောထဲက လင်ရှောင်းထင်သာ သူတို့နှင့်အတူ ဤဆိုင်ထဲသို့ ဝင်လာခဲ့လျှင် သူသည် သူတို့အပေါ် မကောင်းသော သဘောထား ရှိမည်မဟုတ်ပေ။ သူသည် သူ၏အပြစ်ကို အသိတရားရရန် တစ်ကိုယ်ကောင်းဆန်လွန်းတော့သည်။
…
ဖုန်းကတ်ပြီးသွားသောအခါ ကုနင်းက သူမနှင့် လင်ရှောင်းထင်၏ နံပါတ်ကို ရှန့်ကွမ်ယန်၏ ဖုန်းထဲသို့ မှတ်ထားပေးလိုက်သည်။ ထို့နောက် ရှန့်ကွမ်ယန်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် သူ၏ ဖုန်းအသစ်အား အသုံးပြုရန် သင်ယူခဲ့သည်။
ဖုန်းဝယ်ပြီးနောက် ရှန့်ကွမ်ယန်အတွက် အဝတ်အစားများ ဝယ်ယူရန် လိုအပ်သောကြောင့် သူ့အတွက် ကုဖန်းမှ အဝတ်အစားတစ်စုံကို ချက်ချင်း ဝယ်ပေးခဲ့သည်။
ရှန့်ကွမ်ယန်က ခေတ်ပေါ် အဝတ်အစားများကို ယခုထိ ကျင့်သားမရ သေးသော်လည်း သူက ၎င်းတို့ကို စမ်းဝတ်ကြည့်ချင်နေခဲ့သည်။
နောက်တော့ လင်ရှောင်းထင်က ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် အိပ်ခန်းသုံးခန်းပါသော သမ္မတဟိုတယ်ခန်းတစ်ခုကို ကြိုတင် ငှားထားလိုက်သည်။ ရှန့်ကွမ်ယန်၊ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယနေ့ညတွင် တစ်ခန်းထဲ၌ အတူမအိပ်နိုင်တော့ပေ။
ထို့နောက် သူတို့က ဟိုတယ်ရှိ စားသောက်ဆိုင်တွင် စားသောက်ရန် သွားခဲ့ကြသည်။
ရှန့်ကွမ်ယန်က သူအကြိုက်ဆုံး အသားမျိုးစုံပါသည့် ဟင်းပွဲများစွာ ကို မှာယူခဲ့ပေမယ့် ကုနင်းရော လင်ရှောင်းထင်ကပါ ၎င်းကို မငြိုငြင်ခဲ့ပေ။
စားပွဲထိုးများသည် သူတို့၏မျက်နှာပေါ်တွင် ဘာမှ မပြခဲ့ပေမယ့် စားပွဲကြီးပတ်ပတ်လည်တွင် သူတို့သုံးယောက်သာ ရှိသောကြောင့် သူတို့ တကယ့်ကို အံ့အားသင့်ခဲ့ရသည်။
လင်ရှောင်းထင်က ညစာအတွက် ဝိုင်ပုလင်းကောင်းကောင်းတစ်လုံးကိုလည်း မှာယူထားခဲ့သည်။ ကုနင်းနှင့် လင်ရှောင်းထင်က ညစာကိုသိပ်အများကြီး မစားခဲ့ပေမယ့် ရှန့်ကွမ်ယန်ကတော့ အများအပြားစားခဲ့လေသည်။ သူ့တွင် သူတို့ထက် ပိုကြီးသော အစာအိမ်တစ်ခု ရှိပြီး ဗိုက်ပြည့်တာကို လုံးဝ မခံစားခဲ့ရပေ။
စားသောက်နေစဉ်အချိန်အတွင်း ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ရှန့်ကွမ်ယန်နှင့်အတူ ဝိုင်ကို ဝေမျှသောက်ခဲ့ကြသည်။
သူတို့စားပြီးသောအခါ အခန်းရှိရာသို့ အတူ ပြန်လာခဲ့ကြသည်။
ရှန့်ကွမ်ယန်က သူ၏ဖုန်းအသစ် သုံးပုံသုံးနည်းကို ဆက်လက် သင်ယူခဲ့ပြီး လင်ရှောင်းထင်ကတော့ မနက်ဖြန်လေယာဉ်အတွက် လေယာဉ်လက်မှတ်များကို ကြိုတင်မှာယူခဲ့လေသည်။
***
အခန်း ၁၅၉၉ ဒါကို ငါစိတ်မဆိုးပါဘူး…
နောက်ဆုံးတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် သူတို့၏ကားကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်ရန် ခပ်ဝေးဝေးနေရာတစ်ခုကို ရှာဖို့ ဆုံးဖြတ်လိုက်ပြီးနောက် မနက်ဖြန်မနက်ပိုင်းတွင် ဟိုတယ်က စီစဉ်ပေးသောကားဖြင့် လေဆိပ်သို့ သူတို့ ဆင်းကြမှာဖြစ်သည်။
ညကိုးနာရီထိုးခါနီးအချိန်တွင် ကုနင်းက ရှန့်ကွမ်ယန်ကို အခန်းထဲတွင်နေဖို့နှင့် ခဏနေလျှင် သူတို့ ပြန်လာခဲ့မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အပြင်တွင် ကြာကြာမနေခဲ့ပဲ နာရီဝက် အကြာတွင် ပြန်ရောက်လာခဲ့သည်။
လင်ရှောင်းထင်က ကုနင်းနှင့်အတူ သီးသန့်အချိန်တချို့ ရှိချင်ခဲ့ပေမယ့် ရှန့်ကွမ်ယန်တစ်ယောက်ထဲ ဟိုတယ်တွင် ကြာကြာမထားခဲ့နိုင်ပေ။ ရှန့်ကွမ်ယန်က အရွယ်ရောက်သူတစ်ဦးဖြစ်ပေမယ့် ကမ္ဘာသစ်အကြောင်းကို သူ ဘာမှ သိမထားခဲ့ပေ။ သူသည် ခေတ်မီလူ့အဖွဲ့အစည်းအကြောင်း အများကြီးလေ့လာရန် လိုအပ်သေးသည်။
သူတို့ မြို့တော်ကို ရောက်ပြီးသည့်နောက်တွင် လင်ရှောင်းထင်က ရှန့်ကွမ်ယန်အတွက် ထမင်းချက်တစ်ယောက်နှင့် ဒရိုင်ဘာ တစ်ယောက်ကို ငှားမှာဖြစ်သည်။
ရှန့်ကွမ်ယန်က တိတ်ဆိတ်သောနေရာတွင် နေထိုင်ရန် နှစ်သက်သောကြောင့် သူ့နားတွင် လူအများကြီး ရှိမနေစေချင်ခဲ့ပေ။
လင်ရှောင်းထင်က မြို့တော်ကို ပြန်လာခဲသောကြောင့် ကုနင်းကပဲ ရှန့်ကွမ်ယန်ကို မကြာမကြာ သွားကြည့်မှာဖြစ်သည်။
ရှန့်ကွမ်ယန်သည် သူ၏နေ့စဉ်ဘဝတွင် တရားထိုင်ခြင်း၊ စာအုပ်များကို ဖတ်ခြင်း၊ သူ့ကွန်ပျူတာကို အသုံးပြုခြင်း (သို့မဟုတ်) သူ့ဒရိုင်ဘာ၏ အကူအညီဖြင့် လျှောက်သွားခြင်းများကို ပြုလုပ်နိုင် လေသည်။ သူသည် ယခင်က နှစ်ပေါင်းရာနှင့်ချီကြာအောင် မျှော်စင်တွင်နေခဲ့သောကြောင့် သူတစ်ယောက်ထဲ နေရချိန်တွင် ငြီးငွေ့မည် မဟုတ်ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့က ရှန့်ကွမ်ယန်အား သူ့ကိုယ်သူ ဂရုစိုက်ရန် သတိပေးခဲ့ပြီး ရှမ့်ကွမ်ယန်ကတော့ အရသာရှိသော အစားအစာများနှင့် သောက်စရာကောင်းကောင်းရှိသရွေ့ သူ့ဘဝကို အတော်လေး ကျေနပ်နေပြီဖြစ်သည်။
ရှန့်ကွမ်ယန်က လင်ရှောင်းထင်၏အလုပ်နှင့်ပတ်သက်ပြီးလည်း ကြားသိထားသောကြောင့် သူ၏ကျင့်ကြံခြင်းကို နေ့တိုင်းလေ့ကျင့်ရန် သူ့အား အတင်းအကြပ်လုပ်မည်မဟုတ်ပေ။ သို့သော်လည်း လင်ရှောင်းထင်တွင် သူ၏ရည်မှန်းချက်ပန်းတိုင်ရှိသောကြောင့် သူ ပျင်းရိမှာ မဟုတ်ပေ။
…
သူတို့အားလုံးတွင် မနက်စောစောထတတ်သော အလေ့အကျင့်ရှိသောကြောင့် နောက်တစ်ရက်မနက် မနက်(၆)နာရီ၌ သူတို့ နိုးလာခဲ့ကြသည်။ ထို့နောက် မနက်(၇)နာရီ၌ မနက်စာအတူတူ သွားစားခဲ့ကြသည်။
ထို့နောက် လင်ရှောင်းထင်က အခန်းပြန်အပ်လိုက်ပြီး ဟိုတယ်မှ စီစဉ်ပေးသော ကားဖြင့် သူတို့ လေဆိပ်သို့ ဆင်းလာခဲ့ကြသည်။
မနက်(၈)နာရီကို မိနစ်ပေါင်းများစွာကျော်လာခဲ့ပြီ ဖြစ်သောကြောင့် သူတို့၏လေယာဉ်ကို ဧည့်ခန်းထဲတွင် စောင့်နေခဲ့ကြသည်။
ရှန့်ကွမ်ယန်က လေထဲတွင် လေယာဉ်များ ပျံတက်နေတာကိုတွေ့သောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ တစ်ခါတရံတွင် သူသည် အခြားခရီးသည်များထံမှ စိတ်ဝင်စားမှုများစွာ ခံခဲ့ရသည်။
လင်ရှောင်းထင်က ဘယ်လိုမှ မခံစားခဲ့ရပေမယ့် ကုနင်းက အနည်းငယ်ရှက်ရွံ့ခဲ့ရသည်။
ကြင်နာမှုမရှိသော လူအချို့က ရှန့်ကွမ်ယန်ကို ရယ်နေခဲ့သည်။
"သူဘယ်နေရာက လာတာလဲ? လေယာဉ်တွေကို အရင်က မမြင်ဖူးဘူးလား?"
"သူက အရမ်း ရိုင်းတာပဲ။"
"သူက အော်ဟစ်နေတာပဲ။"
ထိုစကားကိုကြားသောအခါ ကုနင်းက သူတို့ကိုရင်ဆိုင်ရန် လှည့်လိုက်သည်။
"မညှာမတာမပြောပါနဲ့။ ကျွန်မအဘိုးက ပထမဆုံးအကြိမ် လေယာဉ်စီးရတာကို အရမ်း စိတ်လှုပ်ရှားနေတာ။"
ကုနင်းက ရှန့်ကွမ်ယန်အား အခြားလူများက အရှက်ခွဲတာကို မလိုချင်သောကြောင့် သူမက သူတို့နှင့် စကားများခဲ့သည်။
မနေ့က စမတ်ဖုန်းအရောင်းဆိုင်ထဲတွင် အရောင်းဝန်ထမ်းက အလားတူပြုလုပ်ခဲ့ပြီး ရှန့်ကွမ်ယန်ကလည်း သူမကို ကာကွယ်ခဲ့သည်။
"ရပါတယ်… ဒါကို ငါစိတ်မဆိုးပါဘူး ။" ဟု ရှန့်ကွမ်ယန်က ကုနင်းကို နှစ်သိမ့်ကာ ပြောခဲ့သည်။ ကုနင်းက သူ့အတွက် ရပ်တည်ပေးခဲ့မှန်းကို သူသိသော်လည်း သူက အခြားလူများ၏ သဘောထားနှင့် ပတ်သက်ပြီး တကယ့်ကို ဂရုမစိုက်ခဲ့ပေ။
"လူပုံအလယ်မှာ သူတို့က အဘိုးကို အရှက်ခွဲမှာ ကျွန်မ မလိုချင်ဘူး။" ဟု ကုနင်းက ပြောလိုက်သည်။
သူမ၏ မျက်လုံးထဲတွင် ရှန့်ကွမ်ယန်က အလွန်ကြင်နာတတ်သော အဘိုးအိုတစ်ယောက် ဖြစ်လေသည်။
ရှန့်ကွမ်ယန်က ဘာကိုမှ ရှည်ရှည်ဝေးဝေး မပြောပေမယ့် သူအနည်းငယ် ခံစားခဲ့ရသည်။ သူတို့ မထွက်ခွာမီ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။
သူတို့ လက်မှတ်ကြိုဝယ်တာက အနည်းငယ် နောက်ကျ သွားသောကြောင့် ပထမတန်းတွင် ထိုင်ခုံလွတ် မရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် တစ်တန်းထဲတွင် ထိုင်ခုံသုံးခုံကို အောင်မြင်စွာ ကြိုဝယ်နိုင်ခဲ့သောကြောင့် သူတို့ အတူတူ ထိုင်နိုင်ခဲ့ကြသည်။
ရှန့်ကွမ်ယန်က ပြတင်းပေါက်ဘေးမှ ထိုင်ခုံတွင် ထိုင်ခဲ့ပြီး လင်ရှောင်းထင်က အလယ်ခုံနှင့် ကုနင်းက လမ်းဘေးရှိထိုင်ခုံတွင် ထိုင်ခဲ့သည်။
လေယာဉ်တံခါးကို စပိတ်လိုက်ချိန်တွင် လေယာဉ်မယ်တစ်ယောက် သည် ခရီးသည်များအား ဖုန်းများကို စက်ပိတ်ထားရန် သတိပေးလိုက်သည်။
ကုနင်းက ရှန့်ကွမ်ယန်အား သူ၏ဖုန်းကို ပိတ်ထားရန် ပြောလိုက်ပြီး လေယာဉ်ထွက်ခါနီးအချိန်တွင် ထိုသို့ ဘာကြောင့်လုပ်သင့်သည် ဆိုခြင်းကို သူ့အား ပြောပြခဲ့သည်။
ရှန့်ကွမ်ယန်၏ မျက်လုံးများထဲတွင် အရာအားလုံးက အသစ်အဆန်းဖြစ်နေသဖြင့် သူမသည် သူ့အား အရာရာတိုင်းကို ရှင်းပြရန် လိုအပ်ခဲ့သည်။
ရှန့်ကွမ်ယန် လေယာဉ်စီးဖူးတာက ပထမအကြိမ်ဖြစ်ပေမယ့် မကြာမီ ၎င်းကို သူ ကျင့်သားရလာခဲ့သည်။
တစ်နာရီခွဲနီးပါးကြာပြီးနောက် သူတို့သည် ချင်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ချင်မြို့မှ မြို့တော်သို့သွားမည့် သူတို့၏ နောက်ထပ်လေယာဉ်အတွက် နောက်ထပ်နှစ်နာရီကြာ စောင့်ဆိုင်းရန် လိုအပ်ခဲ့သည်။
ဤအချိန်အတောအတွင်း သူတို့၏ နေ့လည်စာကို စားရမှာဖြစ်သည်။ သူတို့တွင် အချိန်သိပ်မရှိသောကြောင့် ဟော့ပေါ့စားရန် သွားခဲ့ကြသည်။ အစားအသောက်များကို သူတို့ မှာသောအခါ လူသုံးယောက်စားနိုင်သော ပမာဏထက် ပိုများသော အစားအစာ များကို သူတို့ မှာခဲ့သောကြောင့် စားပွဲထိုးမှာ အံ့အားသင့်သွားတော့သည်။ သို့သော် ၎င်းက များလွန်းသည်ဟု စားပွဲထိုးက ထင်ခဲ့သော်လည်း ထိုအကြောင်းနှင့််ပတ်သက်ပြီး သူဘာမှ မပြောခဲ့ပေ။
***
အခန်း ၁၆၀၀ သခင်ကြီးလင် မနာလိုဖြစ်သည်…
ရှန့်ကွမ်ယန်က ထုံးစံအတိုင်း အစားအစာအများစုကို စားခဲ့ပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့ကတော့ ပုံမှန်အတိုင်း စားခဲ့ကြသည်။ သူတို့သည် မိနစ်(၄၀)အတွင်း နေ့လည်စာစားတာကို ပြီးဆုံးစေခဲ့ပြီး သူတို့၏ နောက်ထပ်လေယာဉ်ကို စီးရန် သွားခဲ့ကြသည်။
ပထမတန်းအတွက် လေယာဉ်လက်မှတ်များ မရသဖြင့် နောက်တန်းတွင် အတူတူ ထိုင်ခဲ့ကြသည်။ သုံးနာရီနီးပါးကြာပြီးနောက် သူတို့သည် မြို့တော်လေဆိပ်သို့ ရောက်လာခဲ့ကြသည်။
ကုနင်းက သူမ၏ဖုန်းကို ဖွင့်လိုက်သည်နှင့် ယုကျီထံမှ မစ်ကော(လ်)များစွာကို သူမတွေ့လိုက်ရပြီး ယုကျီက သူမထံ မက်ဆေ့(ချ်)တစ်ခုကိုလည်း ပို့ထားခဲ့သည်။
သူမ၏ဒီဇိုင်းများကို ပဲရစ်ဖက်ရှင်သီတင်းပတ်က ရွေးချယ်ခဲ့ကြောင်း ကုနင်းအား သူမက ပြောထားပြီး ၎င်းက အလွန်ကောင်းမွန်သော သတင်းတစ်ခုပင် ဖြစ်တော့သည်။
ဂျေဆန်က သူမကို အများကြီး ကူညီပေးခဲ့တာ သေချာပေသည်။
ယနေ့ခေတ်၏ လူ့ဘောင်အဖွဲ့အစည်းတွင် တစ်ဦးတစ်ယောက်၏ ဆက်နွယ်မှုများသည် သူ(သို့မဟုတ်) သူမ၏ အရည်အချင်း များလောက်ကို အရေးကြီးပေသည်။ တကယ်တော့ ဖိုင်နယ်ပွဲ၌ မည်သည့်ဒီဇိုင်နာ၏ ဒီဇိုင်းကမှ မညံ့ခဲ့ပေ။
ဂျေဆန်က ကျော်ကြားသော အင်တာနေရှင်နယ် အဝတ်အစားဒီဇိုင်နာဖြစ်သောကြောင့် ဖက်ရှင်လောကက ယုကျီ၏ ဒီဇိုင်းများကို သတိထားမိခဲ့ကြသည်။
ယုကျီ၏ အောင်မြင်မှုအတွက် ကုနင်း အလွန်ပျော်ရွှင်ခဲ့ရပြီး သူမအားဂုဏ်ပြုရန် မက်ဆေ့(ချ်) တစ်စောင် ပို့လိုက်လေသည်။
ယုကျီ၏ အောင်မြင်ကလည်း ကုနင်း၏ အထောက်အပံ့ပေါ်တွင် အမှီပြုရလေသည်။ ကုနင်းကြောင့် မဟုတ်ခဲ့လျှင် သူမသည် ဂျေဆန်နှင့် ဆုံတွေ့ပြီး နောက်ဆုံး၌ ဖက်ရှင်လောကတွင် နေရာတစ်ခုကို ရရှိနိုင်မည်မဟုတ်ချေ။
ယုကျီသည် ကုနင်းနှင့် မတွေ့လျှင်တောင်မှ ကောင်းမွန်သော ဘဝဖြင့် နေထိုင်နိုင်သော်လည်း သူမ၏ဘဝသည် ကုနင်း၏ အကူအညီမပါပဲ ဤမျှ ထင်ရှားလာမည် မဟုတ်ပေ။ ယုကျီက ၎င်းကို ရှင်းရှင်းလင်းလင်း သိသောကြောင့် အနာဂတ်တွင် သူမ မည်မျှ အောင်မြင်လာပါစေ ကုနင်းကို ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ပေ။ သူမက Charmကို တည်ထောင်ထားသော်လည်း အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ထက် ပိုကောင်းသော ဒီဇိုင်နာတစ်ယောက် ဖြစ်ခဲ့လေသည်။
…
လင်ရှောင်းထင်၊ ကုနင်းနှင့် ရှန့်ကွမ်ယန် တို့ လေဆိပ်မှ ထွက်လာသောအချိန်တွင် အပြင်ဘက်၌ သူတို့ကို စောင့်နေသော ကားတစ်စီးကို တွေ့လိုက်ရသည်။
တကယ်တော့ ကုနင်း၏ စိတ်စွမ်းအင်အာကာပြင် ထဲတွင် ကားနှစ်စီးရှိပေမယ့် အခုချက်ချင်း ထိုကားများကို ထုတ်ယူဖို့က သူမအတွက် အဆင်သိပ်မပြေလှပေ။ ရှန့်ကွမ်ယန်၏ သီးသန့်ကားဖြစ်မည့် ကားက အနက်ရောင် LandRoverကားဖြစ်သည်။ သူ၏ဒရိုင်ဘာက ရှစ်ခယ်ဖြစ်သည်။ သူ၏နာမည်ပြောင်က ကျောက်ခဲဖြစ်ပြီး အငြိမ်းစား စစ်သည်တစ်ဦးဖြစ်လေသည်။
"တွေ့ရတာဝမ်းသာပါတယ် မစ္စကု၊ သခင်လေးလင်၊ သခင်ကြီး ရှန့်ကွမ်…" ဟု ကျောက်ခဲက သူတို့အား တရိုတသေ ပြောလိုက်သည်။
သူက ရှန့်ကွမ်ယန်၏ ကိုယ်ပိုင်ဒရိုင်ဘာဖြစ်သောကြောင့် သူက ရှန့်ကွမ်ယန်၏ အမည်ကို သိထားရမှာဖြစ်သည်။
"ဒါက ရှစ်ခယ်ပါ။ ဒါပေမယ့် အဘိုးက သူ့ကို ကျောက်ခဲလို့လဲ ခေါ်နိုင်ပါတယ်။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ကျောက်ခဲ။"
ကုနင်းနှင့် ရှန့်ကွမ်ယန်တို့က သူ့အား နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့သည် ကားထဲသို့ အတူတူ ဝင်လိုက်ကြသည်။
လင်ရှောင်းထင်၏ ရှေးဟောင်းပုံစံဂေဟာကို တစ်ချိန်လုံး သန့်ရှင်းထားခဲ့ပေမယ့် မည်သူမှ မနေခဲ့သောကြောင့် ရှန့်ကွမ်ယန် အထဲတွင် မနေမီ သူတို့ ပစ္စည်းတချို့ကို ဝယ်ယူရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ရှော့ပင်းမော(လ်) တစ်ခုဆီသို့ ဦးစွာ သွားခဲ့ကြသည်။
ဂေဟာတွင် လင်ရှောင်းထင် စီစဉ်ထားသော ထမင်းချက်တစ်ယောက်ကလည်း သူတို့ကို စောင့်နေခဲ့သည်။
ကုနင်းကလည်း ကုဖန်းဆိုင်၌ ရှန့်ကွမ်ယန်အတွက် အဝတ်အစားအစုံပေါင်းများစွာကို ပြင်ဆင်ထားရန် သူမ၏ လူများအား ပြောထားခဲ့လေသည်။ ယခုအခါ ရှန့်ကွမ်ယန် လိုချင်သမျှကို ဝယ်ယူရန်သာ သူတို့ လိုအပ်တော့သည်။
သို့သော် သူတို့ ရှော့ပင်းမော(လ်) မှ ထွက်လာသောအချိန်တွင် လင်ရှောင်းထင်သည် သခင်ကြီးလင်ထံမှ ဖုန်းကို ရရှိခဲ့သည်။ သူက ကုနင်းနှင့် ရှန့်ကွမ်ယန်ကို ရှောင်ဖို့ ဂရုမစိုက်ပဲ ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။
"နေကောင်းလား အဘိုး?"
သူ ထိုသို့ ပြောပြီးသည်နှင့် သခင်ကြီးလင်က ဖုန်းဖြင့် မကျေမနပ်ပြောတော့သည်။
"ရှောင်းထင်… မြို့တော်မှာ အဘိုးတစ်ယောက် ရှိတယ်ဆိုတာကို မင်း သတိရသေးရဲ့လား? မင်းနဲ့ ဈေးဝယ်နေတဲ့ လူကြီးက ဘယ်သူလဲ? မင်း ငါနဲ့ အရင်ဘယ်တုန်းကမှ ဈေးဝယ်မထွက်ဖူးပါဘူး။"
အခြားလူနှင့် သူ ဈေးဝယ်နေတာကို သခင်ကြီးလင် ဘယ်လို တွေ့သွားမှန်း သူမသိသောကြောင့် လင်ရှောင်းထင် အံ့အားသင့် သွားခဲ့ရသည်။ သခင်ကြီးလင်က ဈေးဝယ်ရန် အပြင်ထွက်ခဲသောကြောင့် သူ၏ မိတ်ဆွေများက သူတို့အား မြင်သွားတာဖြစ်ရမည်ဟု လင်ရှောင်းထင် ခန့်မှန်းလိုက်သည်။
သူ့အထင်အတိုင်းပင်။ သခင်ကြီးလင်၏ မိတ်ဆွေများထဲမှ တစ်ယောက်က ရှော့ပင်းမော(လ်)ထဲတွင် ရှန့်ကွမ်ယန်နှင့်အတူ ကုနင်းနှင့် လင်ရှောင်းထင်တို့ ဈေးဝယ်ထွက်နေခြင်းကို အမှတ်တမဲ့ တွေ့သွားပြီး သခင်ကြီးလင်ထံ ချက်ချင်း ဖုန်းဆက်ခဲ့တာဖြစ်သည်။
လင်ရှောင်းထင်သည် ယခင်က သူနှင့်အတူ ဈေးဝယ်မထွက်ဖူးသောကြောင့် ထိုစကားကို ကြားသောအခါ သခင်ကြီးလင်မှာ မနာလို ဖြစ်သွားတော့သည်။ ထို့အပြင် အဘိုးကြီးက ထန်ဟိုင်ဖုန်း မဟုတ်သလို သူသိသော မည်သူမှ မဟုတ်ခဲ့ပေ။
ကုနင်းနှင့် လင်ရှောင်းထင်က သူနှင့်အတူ ဈေးဝယ်ဖို့ ဆန္ဒရှိနေသဖြင့် လူစိမ်းအဘိုးအိုက သူတို့နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိမှာဖြစ်သည်။
လင်ရှောင်းထင်က ကုနင်းနှင့် ရှန့်ကွမ်ယန်ကို မရှောင်ခဲ့သောကြောင့် သခင်ကြီးလင်၏ ဒေါသသံကို ဖုန်းထဲမှ သူတို့ ကြားခဲ့ကြသည်။ ကုနင်းက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပေမယ့် ရှန့်ကွမ်ယန်ကတော့ လုံးဝ စိတ်မဆိုးခဲ့ပေ။ ထိုအစား သူက ၎င်းကို အတော်လေးရယ်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။
သခင်ကြီးလင်က သူ၏အဝတ်အစားများအတွက် အပြင်ထွက်ဝယ်ရန် မလိုအပ်သောကြောင့် လင်ရှောင်းထင်က တကယ့်ကို အပြစ်ရှိသလို မခံစားခဲ့ရပေ။
သခင်ကြီးလင်၏ လူနေမှုအခြေအနေကို ထည့်သွင်းစဉ်းစားပါက သူသည် မလိုအပ်ပါက လူမြင်ကွင်းနေရာ၌ မကြာခဏ ပေါ်လာလေ့ မရှိပေ။ ထို့အပြင် သခင်ကြီးလင်တွင် သူလိုချင်သမျှ ကာလပတ်လုံး ဒီဇိုင်နာတိုင်း၏ အဝတ်အစားများ ရှိနိုင်သည်။
"အင်း… ဒါက ကျွန်တော့်ရဲ့ သီးသန့်ဆရာပါ။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။
***
အခန်း ၁၆၀၁ ငါက ကလေးမဟုတ်ပါဘူး
"မင်းအဘိုးထက် မင်းဆရာနဲ့ ဈေးဝယ်ရတာ ပိုကြိုက်တာလား?" သခင်ကြီးလင် က မေးခွန်းထုတ်သည်။
“ကျွန်တော့်ရဲ့ ဆရာက ဒီနေ့မှ မြို့တော်ကို လာတာပါ သူ့မှာ အဝတ်အစားလည်း မရှိသေးလို့ အခု အတူတူ ဈေးဝယ်ထွက်နေတာ။ အဘိုး အခုချက်ချင်း ရှော့ပင်ထွက်ချင်ရင် အဘိုးရဲ့ ဒါရိုက်ဘာကို ဒီကို မောင်းခိုင်းလို့ရတယ်လေ။ နင်းနင်းနဲ့ ကျွန်တော် အဘိုးကို စောင့်လို့ရပါတယ်။” ဟု လင်ရှောင်းထင်က ပြောလိုက်သည်။
စောနေသေးသည့်အတွက် အိမ်ပြန်ရန် အလျင်စလို မဖြစ်ပေ။ ထို့အပြင် လင်ရှောင်းထင်သည် သခင်ကြီးလင်နှင့် ရှမ့်ကွမ်ယန်တို့သည် သူငယ်ချင်းဖြစ်နိုင်သည့်အတွက် တွေ့ဆုံရန် လိုအပ်သည်ဟု ယူဆသည်။
ရှမ့်ကွမ်ယန်သည် သူ၏ သီးသန့်ဆရာဖြစ်သောကြောင့် သူ့မိသားစုနှင့် မိတ်ဆက်ပေးလိုစိတ်လည်း ရှိသည်။
"ဘာလဲ? မင်းက ငါကို ငါ့ဘာသာလာစေတာချင်လား?" သခင်ကြီးလင်က ပိုလို့တောင် မကျေမနပ်ဖြစ်သွားသည်။
"ကျွန်တော်အဘိုးကို လာခေါ်လို့ရပါတယ်။"
“ထားလိုက်ပါ၊ ငါ အခု ဈေးဝယ်ထွက်ဖို့ စိတ်မ၀င်စားဘူး။ မင်းဘာသာမင်းသာ ပျော်နေလိုက်။" လို့ သခင်ကြီးလင် ကပြောပြီး လင်ရှောင်းထင်၏ ဖုန်းကိုချလိုက်သည်။
သခင်ကြီးလင်သည် သည်းမခံနိုင်ခြင်း မဟုတ်ပဲ လင်ရှောင်းထင်သည် ယနေ့ သူ၏ ဆရာကို ပြုစုရမည်ဆိုတာကို သူနားလည်သည်။ သူသည် လင်ရှောင်းထင် တို့နှင့် ဈေးဝယ်ရန် ငြင်းဆိုရခြင်းမှာ ၎င်းသည် အကြံဉာဏ်ကောင်းမဟုတ်ဘဲ သူ့ကိုယ်သူ လူသိရှင်ကြား ပြသရန် အဆင်မပြေသောကြောင့် ဖြစ်သည်။
"အဘိုး ကျွန်မတို့ကို စိတ်ဆိုးသွားတာလား?" ကုနင်းက စိုးရိမ်စိတ်ဖြင့် မေးသည်။
"အဲ့လိုတော့ မဟုတ်ပါဘူး။ အဘိုးက စိတ်တော့မဆိုးဘူး ဒီတိုင်း ကိုယ့်ကိုခေါ်ဖို့ အကြောင်းပြချက် ပေးရုံပါပဲ။ ကိုယ်ဒီရက်ပိုင်း အလုပ်မရှုပ်ဘူးဆိုတာ သူသိတယ်လေ။" လင်ရှောင်းထင်က ရှင်းပြသည်။ သာမာန်အားဖြင့် သူသည် အလွန်အလုပ်များပြီး အရေးတကြီး တစ်စုံတစ်ရာ ပေါ်ပေါက်မှသာ သခင်ကြီးလင်က သူ့ကိုခေါ်လေ့ရှိသည်။
"အိုး ကျွန်မ အဘိုးလင် အတွက် ကုဖန်းကနေ အဝတ်အစားတွလေည်း ပြင်ထားတယ်။ နောက်ကျရင် ရှင် အိမ်ပြန်ပြီး အဘိုးနဲ့ ထမင်းတတူတူစားရင်းနဲ့ ကျွန်မလက်ဆောင်ကို ပေးလိုက်ပါလား" ကုနင်း က ပြောသည်။ "ကျွန်မ ဒီမှာနေပြီး အဘိုးရှမ့်ကွမ်ကို ပြုစုစောင့်ရှောက်လို်က်မယ်။”
သခင်ကြီးလင်ဟာ အသက်အရွယ်ကြီးရင့်တဲ့ အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အတွက် သူ့မြေးတွေကို မကြာခဏတွေ့ချင်နေတာကို နားလည်နိုင်ပါသည်။ လင်ရှောင်းထင် သည် သူအမြဲမရှိပေးနိုင်သောကြောင့် အပြစ်ရှိသလိုပင်ခံစားရသည်။
“မနက်ဖြန် ကိုယ်တို့ သူ့ကို အတူတူ သွားကြည့်လို့ရတာပဲ။ မင်းကိုယ်တိုင် လက်ဆောင်ပေးလိုက်ရင် သူပိုလို့တောင် ပျော်အုံးမယ်။” ဟု လင်ရှောင်းထင်က ပြောသည်။
“ကောင်းတယ်၊ မင်းတို့ နှစ်ယောက်လုံး အခုပဲ အိမ်ပြန်လိုက်ကြပါ။ ငါ့မှာ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဖျော်ရည်ကောင်းကောင်းတွေရှိတာပဲ တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်။” ရှမ့်ကွမ်ယန် က သူတို့စကားကို ဖြတ်ပြောလာသည်။ ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း နေရတာကို ပိုသဘောကျသည်။
“အင်း…” လင်ရှောင်းထင် တုံ့ဆိုင်းသွားသည်။
“အဆင်ပြပေါတယ်။ ငါက ကလေးမှမဟုတ်တာ။” ဟု ရှမ့်ကွမ်ယန်က ပြောသည်။
သူတစ်ယောက်ထဲနေချင်တာဖြစ်တဲ့ အတွက် ကုနင်းသည် သူ့အကြံဉာဏ်ကို လက်ခံခဲ့တယ်။ "ဟုတ်ကဲ့ပါ အခုက စောနေသေးတယ်။ ကျွန်မတို့ အဘိုးကို စစ်ဟယ်ယွမ်ကို အရင်ပို့ပေးမယ်။"
“ဟုတ်ပြီ” ရှမ့်ကွမ်ယန်က သဘောတူသည်။
ထို့နောက် သူတို့သည် စစ်ဟယ်ယွမ် ဆီသို့ တည့်တည့်သွားကြသည်။ သူတို့သည် ယခုအခါ မြို့လယ်ခေါင်တွင် ရှိနေကြပြီး၊ စစ်ဟယ်ယွမ် သည် ၎င်းတို့နှင့် မဝေးသောကြောင့် ၁၂ မိနစ်ခန့်အကြာတွင် သူတို့ရောက်ရှိသွားကြသည်။
စစ်ဟယ်ယွမ်အထဲသို့ လမ်းလျှောက်၀င်သွားသောအခါ ထမင်းချက် လောင်ကျန်းသည် လင်ရှောင်းထင်၊ ရှမ့်ကွမ်ယန်နှင့် ကုနင်းတို့ကို နှုတ်ဆက်သည်။
လောင်ကျန်းသည် အသက်လေးဆယ်ကျော်အရွယ် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူသည် ထမင်းချက်ဖြစ်ပြီး မတူညီသော ဟင်းလျာများကို မြည်းစမ်းကြည့်ရန် လိုအပ်သောကြောင့် အနည်းငယ် ၀ဖြိုးသည်။
"သခင်လေးလင်၊ မစ္စကု နဲ့ ရှမ့်ကွမ်လူကြီးမင်းတို့ကို တွေ့ရတာ ဝမ်းသာပါတယ်။" ဟု လောင်ကျန်းက သူတို့အား လေးစားစွာ နှုတ်ဆက်လိုက်သည်။
"ဆရာကြီး ဒါက လောင်ကျန်းပါ၊ သူက အခု ဆရာ့ရဲ့ ထမင်းချက်ဖြစ်မှာပါ" လင်ရှောင်းထင်က ရှမ့်ကွမ်ယန်ကို ပြောသည်။
လောင်ကျန်းသည် ရှမ့်ကွမ်ယန်၏ ထမင်းချက်ဖြစ်သော်လည်း၊ သူသည် ဤ စစ်ဟယ်ယွမ်တွင်မနပေါ။ သူ့မှာ မိသားစုရှိတာကြောင့် မနက် ၇ နာရီမတိုင်ခင် ဒီကိုလာခဲ့ပြီး ရှမ့်ကွမ်ယန် ညစာစားပြီးတာနဲ့ အိမ်ပြန်မှာဖြစ်သည်။
သာမာန်အားဖြင့် သူသည် ရှမ့်ကွမ်ယန် အိမ်မှာမရှိလည်း နေ့တိုင်းလာမှာဖြစ်ပြီး သူ၌ အခြားအရာတစ်ခုခုကိုဖြေရှင်းရန်လိုအပ်ပါက ရှမ့်ကွမ်ယန်ထံမှ ခွင့်တောင်းကာ ထွက်သွားလို့ရသည်။
ကျောက်တုံးကတော့ သူ့မှာ မိသားစုမရှိ၍ ဒီ စစ်ဟယ်ယွမ်မှာသာ နေထိုင်သည်။ လောင်ကျန်း မရှိလျှင် ကျောက်တုံးသည် ရှမ့်ကွမ်ယန်အတွက် ချက်ပြုတ်နိုင်သော်လည်း လောင်ကျန်းလောက်တော့ ဟင်းချက်မကျွမ်းကျင်ပေ။ ကံကောင်းစွာဖြင့် ရှမ့်ကွမ်ယန် သည် ဇီဇာကြောင်သူမဟုတ်ပေ။
"လောင်ကျန်း၊ ငါ့ဆရာက အစားမက်တယ်။ သူက လူလေးယောက်စာလောက်တောင် စားနိုင်တယ်၊ ဒါကြောင့် မင်းသူ့အတွက် အစားအသောက်တွေ များများပြင်ထားမှရမယ်" ဟု လင်ရှောင်းထင်က ပြောသည်။
အဲဒါကိုကြားတော့ လောင်ကျန်း အံ့သြသွားပေမယ့် သူ့မျက်နှာမှာတော့ အံ့ဩပုံမပြပေ။ “ကိစ္စမရှိပါဘူး သခင်လေး။”
ထို့နောက် လင်ရှောင်းထင် သည် ရှမ့်ကွမ်ယန်ကို သူ့အခန်းထဲသို့ ပို့ဆောင်ခဲ့သည်။ ရှမ့်ကွမ်ယန်သည် ဤနေရာတွင် အကြာကြီးနေထိုင်မည်ဖြစ်သော်လည်း လင်ရှောင်းထင်သည် ဤအိမ်၏ပိုင်ရှင်ဖြစ်သည်မို့ ရှမ့်ကွမ်ယန်သည် စစ်ဟယ်ယွမ်၏ သီးခြားခြံဝင်းတစ်ခုတွင်သာ နေခဲ့သည်။
ဤစစ်ဟယ်ယွမ်ရှိ အခန်းတိုင်းသည် သီးခြားခြံတစ်ခုဖြစ်သော်လည်း ၎င်းသည် အလွန်မကြီးပါ။ အခန်းသည် စတုရန်းမီတာ ၆၀ ခန့် ကျယ်ဝန်းပြီး စတုရန်းမီတာ ၄၀ ခန့်ရှိသော အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်းနှင့် စတုရန်းမီတာ ၂၀ ကျော်ရှိသော ဝင်းငယ်တစ်ခုပါရှိသည်။ ခြံထောင့်မှာ သစ်ပင်ကြီးတစ်ပင်သာရှိ၍ စိမ်းလန်းစိုပြေသော အပင်များ ခြံထဲမှာ သိပ်မရှိပေ။ သစ်ပင်အောက်တွင် ရှေးခေတ်သစ်သားကုလားထိုင်တစ်လုံးနှင့် ကျောက်စားပွဲဝိုင်းလေးခု ရှိကာ ၎င်းဘေးတွင် ခုံတန်းရှည် လေးခုချထားသည်။ အိုးကပ်အပင်တွေက သူတို့ပတ်ဝန်းကျင်မှာရှိသည်။
အိပ်ခန်း၏ပုံစံသည်လည်း အထက်တန်းဆန်သည်။ စာအုပ်စင်တစ်ခုနှင့် ညာဘက်တွင် စားပွဲခုံများစွာရှိသည်။ ကွန်ပြူတာတစ်လုံးနှင့် ရှေးဟောင်းပစ္စည်းအချို့ကို စားပွဲပေါ်တွင် တင်ထားသည်။ အထဲမှာ သီးခြားရေချိုးခန်းလည်း ရှိသည်။
"အရမ်းကောင်းတာပဲ!" ရှမ့်ကွမ်ယန်သည် ရိုးရာပုံစံဖြင့် အလှဆင်ထားသည့် သူ၏အိပ်ခန်းကို အလွန်နှစ်သက်သည်။
လင်ရှောင်းထင် သည် ရှမ့်ကွမ်ယန်၏ အကြိုက်ကို အရင်က မေးဖူး၍ သူတောင်းဆိုတဲ့အတိုင်း ဤနေရာတွင် နေရာချပေးထားသည်။
"အော် မင်းဘယ်တော့ထွက်သွားမှာလဲ?" ရှမ့်ကွမ်ယန်က ရုတ်တရက် မေးလိုက်သည်။
“မနက်ဖြန်နေ့လည် ဒါမှမဟုတ် သဘက်ခါလောက်”ဟု လင်ရှောင်းထင် က ပြောသည်။ သူမရှိတဲ့အချိန်မှာ အရာအားလုံး အဆင်ပြေရဲ့လားဆိုတာ စစ်ဆေးရန်အတွက် စစ်စခန်းသို့ ပြန်သွားရမည်။
"ကောင်းပြီ ဒါဆို မင်းဒီည ဒီမှာနေလေ။ မနက်ဖြန် မနက်စောစောဆင်ခြေဖုံးမှာ လေ့ကျင့်ကြမယ်။" ဟု ရှမ့်ကွမ်ယန် က ပြောသည်။
လင်ရှောင်းထင် အနည်းငယ် အံ့အားသင့်သွားကာ အမှန်တကယ်တော့ ထိုသို့မလုပ်ချင်သော်လည်း သူသဘောတူလိုက်သည်။ "ဟုတ်ပြီ ဒါပေမယ့် ခနနေကျရင်တော့ ကျွန်တော့်အဖိုးနဲ့ ထမင်းစားဖို့ အိမ်ပြန်ရအုံးမယ်။ ပြီးရင် နင်နင်းကို အိမ်ပြန်ပို့ရအုံးမှာဆိုတော့ အိမ်ပြန်တော့နောက်ကျလိမ့်မယ်။"
သူသည် ကုနင်းနှင့် ပို၍ သီးသန့်အချိန်ကို ကုန်ဆုံးချင်သော်လည်း ရှမ့်ကွမ်ယန်သည် ၎င်းကို လုံးဝ မစဉ်းစားပေ။
ကုနင်းကလည်း လင်ရှောင်းထင်နဲ့ ခဏတာ နှစ်ယောက်တည်း နေချင်ပေမယ့် သူ့လေ့ကျင့်ရေးက ပိုအရေးကြီးသည်။
***
အခန်း ၁၆၀၂ နှစ်ယောက်တည်းတူတူနေခြင်း
“ပြဿနာမရှိပါဘူး” ရှမ့်ကွမ်ယန်က ပြောသည်။
ရှမ့်ကွမ်ယန်ကို နေရာချပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ထွက်ခွာသွားခဲ့သည်။
ဤ စစ်ဟယ်ယွမ်တွင် ကားဂိုဒေါင် နှစ်ခုရှိသည်။ တစ်ခုက ဖွင့်ထားပြီး နောက်တစ်ခုက ပိတ်ထားသည်။ ကျောက်တုံး မောင်းလာတဲ့ ကားဟာ ဖွင့်ထားတဲ့ ဂိုဒေါင်ကဖြစ်ပြီး ပိတ်ထားတဲ့ ကားဂိုဒေါင်က အလွတ်ဖြစ်သည်။
ပိတ်ထားသော ကားဂိုဒေါင်တွင် ကားရှိမရှိကို မည်သူမျှ မသိသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လင်မိသားစု၏ အိမ်ဟောင်းဆီသို့ မသွားမီ မြို့တော်ကောတွင် သူတို့ဝယ်ခဲ့သော လမ်းကြမ်းမောင်းယာဉ်ကို လျှို့ဝှက်စွာ ထည့်ထားလိုက်သည်။
ကုနင်း က သခင်ကြီးလင်အတွက် ပြင်ဆင်ထားတဲ့ အဝတ်အစားတွေကို ကားနောက်ခန်းမှာ တင်လိုက်သည်။
ကုနင်း သည် လင်ယွမ်ကျန်း၏မိသားစုနှင့် လင်ယွမ်ချန်အတွက် အဝတ်အစားအသစ်များကို ပြင်ဆင်ထားသော်လည်း ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားအတွက် လက်ဆောင်မရှိပါ။ လင်ရှောက်မင်သည်လည်း မြို့တော်မှာ မရှိသလို ကုနင်းကိုလည်း တစ်ခါမှ မမြင်ဖူးတာကြောင့် သူ့ကို လက်ဆောင်ပေးဖို့လည်း မပြင်ဆင်ထားပေ။
သူမသည် လင်ယွမ်ချန်နှင့်တိုက်ရိုက်ပဋိပက္ခမရှိ၍ သူ့အတွက် လက်ဆောင်ပြင်ဆင်ထားသည်။ ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ သူမအပေါ်လုပ်ခဲ့သော ကိစ္စများအတွက် သူ့ကိုအပြစ်တင်စရာမလိုအပ်ပါ။ သူ့ကို မကြိုက်ပေမယ့် သူမ၏ ယဉ်ကျေးမှုကို မေ့ထားလို့တော့ မရပေ။
စစ်ဟယ်ယွမ်မှ ထွက်ခွာသွားသောအခါ လင်ရှောင်းထင်သည် မပျော်မရွှင်ဖြစ်နေသည်။ ကုနင်းက သူ့အတွေးကို နားလည်ပြီး "ရှင်ကျင့်ကြံသူအနေနဲ့ ရှင့်အဆင့်ကို မမြှင့်ချင်ဘူးလား?"
"ကိုယ်မြှင့်ချင်ပါတယ်။ ဒါပေမယ့် မင်းနဲ့လည်း သီးသန့်အချိန်လေးတော့ ရှိချင်တယ်။" လင်ရှောင်းထင်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။ ကုနင်းကိုတွေ့ဖို့က သူ့အတွက် မလွယ်ပေ။
"ကျွန်မလည်း ရှင်နဲ့ အတူတူရှိချင်တာပေါ့။ ဒါပေမယ့် ရှင့်ရဲ့လေ့ကျင့်ရေးက ပိုအရေးကြီးတယ်လေ။ ကျွန်မတို့ ညစာကို စောစောစားပြီး စစ်ဟယ်ယွမ်ဆီကို မပြန်ခင် ချိန်းတွေ့ကြတာပေါ့။” လို့ ကုနင်းက ပြောလိုက်သည်။
“ကောင်းပြီ” လင်ရှောင်းထင် ခေါင်းညိတ်လိုက်သည်။
ကုနင်းက သခင်ကြီးလင် အံ့အားသင့်စေဖို့အတွက် လင်ရှောင်းထင်နဲ့ အတူ သူမပါလိုက်လာမည်ဟု မပြောခဲ့ပေ။
လင်မိသားစု၏ အိမ်ဟောင်းသို့ ရောက်သောအခါ ညနေ ၆ နာရီမထိုးသေးဘဲ သခင်ကြီးလင် သာ အိမ်တွင် ရှိနေသည်။ သူသည် စာဖတ်နေပြီး လင်ချန်းကျီ သတင်းမပို့မီအထိ ကုနင်းပါ လင်ရှောင်းထင်နှင့် အတူပြန်လာသည်ကို မသိပေ။
လင်ရှောင်းထင်နှင့် ကုနင်း နှစ်ဦးစလုံး ပြန်ရောက်ကြောင်းကြားသောအခါ သခင်ကြီးလင် စိတ်လှုပ်ရှားနေသော်လည်း တစ်စုံတစ်ခုကို တွေးလိုက်သည်နှင့် သူ့မျက်နှာမှ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
“သူတို့ ပြန်လာလား မလာဘူးလား ငါဂရုမစိုက်ဘူး။ ညစာအဆင်သင့်မဖြစ်မချင်း ငါ့ကိုမခေါ်နဲ့!" သခင်ကြီးလင် ဒေါသသံနှင့် ပြောသည်။
လင်ချန်းကျီသည် ယခုအချိန်တွင် ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့အား သခင်ကြီးလင် စိတ်ဆိုးနေသေးကြောင်း သူနားလည်လိုက်သည်။
သခင်ကြီးလင်က မထွက်ချင်သောကြောင့် လင်ရှောင်းထင်နှင့် ကုနင်းတို့ကို သူတစ်ယောက်တည်း ကြိုဆိုရသည်။
"သခင်လေးလင်၊ မိန်းကလေးနင်း၊ အိမ်ကနေကြိုဆိုပါတယ်။" လင်ချန်းကျီက လင်ရှောင်းထင်နှင့် ကုနင်းကို ပြုံးပြလိုက်သည်။
"အဘိုးရော ဘယ်မှာလဲ?" လင်ရှောင်းထင်က မေးသည်။
"သခင်ကြီးလင် က အခု စာဖတ်နေပြီ၊ သခင်လေးအိမ်ပြန်ရောက်ကြောင်းလည်းပြောထားပါတယ်။" ဟု လင်ချန်းကျီက ပြောလိုက်သည်။ "ဒါပေမယ့် သူ ထွက်မလာဘူး။"
လင်ရှောင်းထင်နှင့် ကုနင်းတို့ အကြည့်ချင်းဖလှယ်လိုက်သည်။
"ရှင် အဘိုးကို သွားတွေ့လိုက်ပါလား။" ကုနင်းက လင်ရှောင်းထင်ကိုပြောလိုက်သည်။
“ရပါတယ်။ ညစာလည်းစားရတော့မှာပဲ နောက်ကျရင်ထွက်လာမှာပါ။” ဟု သူ့အဖိုးရဲ့ အကြောင်းကို ကောင်းကောင်းသိပြီး မကြာခင်မှာ သူ့အဖိုး ထွက်လာမယ်ဟု သိသည်။
သခင်ကြီးလင်သည် လင်ရှောင်းထင်က သူ့ကို လာတွေ့စေရန်အတွက် ထွက်ကြိုဖို့ ငြင်းဆိုခဲ့သော်လည်း လင်ရှောင်းထင်သည် အချိန်အတော်ကြာအောင် လာမတွေ့ပေ။ လောလောဆယ် အပြင်ထွက်ချင်ပေမယ့် ထွက်လိုက်လျှင် ရှက်ဖို့ကောင်းသည်ဟု ခံစားနေသည်။
ထိုအချိန်တွင် သူသည် စာဖတ်ချင်စိတ်မရှိတော့ဘဲ လင်ရှောင်းထင်တို့အပေါ် စိတ်အနှောင့်အယှက်ဖြစ်မှုကို ထုတ်ဖော်မိတဲ့အတွက် နောင်တရမိသည်။ နောက်တော့ သခင်ကြီးလင်က သူ့အခန်းတံခါးကို အနည်းငယ်ဖွင့်ပြီး သူတို့ပြောနေတာကို ကြားအောင်ကြိုးစားတော့သည်။
…
ယွီယင် အိမ်ပြန်ရောက်သောအခါ ကုနင်း နှင့် လင်ရှောင်းထင်ကိုတွေ့လိုက်ရသည်နှင့် သူမမျက်နှာ ရွှင်မြူးသွားသည်။ "ဟိုင်း ရှောင်းထင်၊ နင်းနင်း!"
"မင်္ဂလာပါ အန်တီယင်။" ကုနင်းနှင့် လင်ရှောင်းထင်က သူမကို ပြုံးပြသည်။
“အန်တီယင်၊ ကျွန်မ အဝတ်အစား အမှတ်တံဆိပ်အသစ်ကို ထောင်ထားတာမကြာသေးဘူး အဲ့တာကြောင့် အားလုံးအတွက် အဝတ်အစားအသစ်တွေ ပြင်ဆင်ထားတယ်။ အမှတ်တံဆိပ်အသစ်ဖြစ်ပေမယ့် အရည်အသွေးကောင်းတာမလို့ အန်တီ ကြိုက်မယ်လို့မျှော်လင့်ပါတယ်။” ဟု ကုနင်း ကပြောပြီး ယွီယင်ကို ပုံးတစ်ခုပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် နင်းနင်း! မင်းကလေ ငါတို့အတွက်ဆို အမြဲ လက်ဆောင်တွေ ယူလာပေးနေတော့တာပဲ။” ဟု ယွီယင်က ရယ်မောကာပြောလိုက်သည်။ “မင်းရဲ့ အဝတ်အစား အမှတ်တံဆိပ်အသစ်အကြောင်း သတင်းကို ငါဖတ်မိတယ်။ ရိုးရိုးသားသားပြောရရင် ကုဖန်းရဲ့ ဒီဇိုင်းတွေကို အရမ်းကြိုက်တယ်။"
ကုနင်းက သူတို့အားလုံးအတွက် လက်ဆောင်တွေရှိတယ် ဆိုတာကြားသော်လည်း သခင်ကြီးလင်က အပြင်ထွက်ဖို့ ခက်နေသည်။
"အိုး အဘိုးရော ဘယ်မှာလဲ သူအိမ်မှာမဟုတ်ဘူးလား။" ယွီယင်က ရုတ်တရက် မေးလိုက်သည်။
"အဖိုးစာဖတ်နေတယ်၊ ညစာ အဆင်သင့်မဖြစ်မချင်း အပြင်ကို မထွက်ဘူးတဲ့။" လို့ လင်ရှောင်းထင်က ပြောသည်။
လင်ရှောင်းထင် သည် ရည်ရွယ်ချက်ရှိရှိ ပြောသည်ကို သူသိသောကြောင့် လင်ရှောင်းထင်ဆီက ထိုစကားကိုကြားရသောအခါ သခင်ကြီးလင်သည် ဒေါသထွက်ပြန်သည်။
“အော် ဟုတ်ပြီ” ယွီယင်က ထူးဆန်းတယ်လို့ ခံစားမိပေမယ့် ဒီအကြောင်းကို ဘာမှ မပြောတော့ပေ။
"ရှောက်ရှီနဲ့ ရှောက်ရွှမ်းရော ဘယ်မှာလဲ?" ယွီယင် က မေးသည်။
ဆောင်းတွင်းအားလပ်ရက်မို့ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် ကျောင်းတက်ရန် မလိုအပ်ပေ။
“သူတို့အပေါ်ထပ်မှာ ဂိမ်းဆော့နေတယ်။ အဲဒါ ကျွန်တော့်အမှားပါ။ သခင်လေးလင်နဲ့ မိန်းကလေးနင်း အိမ်ရောက်နေတယ်ဆိုတာ သူတို့ကိုပြောဖို့မေ့သွားတယ်။” လို့ လင်ချန်းကျီကဝင်ဖြေပေးလိုက်သည်။