အခန်း (၁၆၄၅-၁၆၅၀)
Vol. 103 Ch. 1645-1650
အခန်း ၁၆၄၅ ငါ့ယောကျာ်းနာမည်က ဘာလဲ
"အမေတို့နှစ်ယောက်မှာ တူညီတဲ့မျက်နှာနဲ့ တူညီတဲ့ အတွေ့အကြုံရှိလို့ပါ။" လို့ ကုနင်းက ပြောသည်။
"ငါ့အသက်အရွယ်နဲ့ ပတ်သက်ပြီး မေးစရာမရှိဘူးလား?" ကျင်းယွင်ယောင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
သူမသည် ယခုအချိန်တွင် ငယ်ရွယ်နုပျိုနေပုံရပြီး သူမသည် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး၏ မိခင်ဖြစ်နေပြီဟု မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ။
ကုနင်းသည် ကျင်းယွင်ယောင်အား သူမသည်ကျင့်ကြံသူဖြစ်ကြောင်း သိသည်ကို ပြောပြရန် အချိန်တန်ပြီဟုထင်လိုက်သည်။
"အင်း အမေက အကြီးတန်း ကျင့်ကြံသူ တစ်ယောက်ဆိုတာ ကျွန်မသိပါတယ်။ ကျင့်ကြံသူတွေက သေမျိုးတွေထက် အသက်ပိုရှည်တယ်လေ။" လို့ ကုနင်းက ပြောသည်။ "အဲ့တာကြောင့် အမေက ကျွန်မမျက်လုံးထဲမှာ အမေ့အသက်အမှန်ထက် အများကြီးငယ်တာကို နားလည်နိုင်တယ်လေ"
"ဘာ? ငါက ကျင့်ကြံသူဆိုတာ မင်းသိလား?" ကျင်းယွင်ယောင် အံ့သြသွားသည်။
"ကျွန်မက ကျင့်ကြံသူမဟုတ်ပေမယ့် ကျင့်ကြံသူရဲ့အငွေ့အသက်ကို ခံစားနိုင်ပါတယ်။" လို့ ကုနင်းက ပြောသည်။ “ရှောင်းထင်လည်း အခုကျင့်ကြံသူပဲ ဒါပေမယ့် ဟိုတလောလေးကမှ သိခဲ့ရတာပါ။ သူက အဆင့်နိမ့်နေသေးတယ်။”
ကျင်းယွင်ယောင်သည် ကုနင်းက ကျင့်ကြံသူ၏အငွေ့အသက်ကို ခံစားနိုင်သည်ဟုဆိုသောကြောင့် အံ့ဩသွားသည်။ လင်ရှောင်းထင်သည် သူမ၏သားဖြစ်သောကြောင့် ကျင့်ကြံသူဖြစ်သည်ကို မအံ့သြပေ။
"ငါဘာလို့ မတော်တဆမှုဖြစ်တာလဲ မင်းသိလား?" ကျင်းယွင်ယောင်က မေးလိုက်သည်။
သူမနိုးလာပြီးနောက် လူ့လောကတွင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို သူမ မေ့သွားခဲ့သည်။ သူမရဲ့ အကိုတစ်၀မ်းကွဲက သူမ၏ အသက်ကို ကယ်တင်ခဲ့ပေမယ့် သူမကြုံတွေ့ခဲ့ရတာတွေကို ပြောပြဖို့ ငြင်းဆိုခဲ့သည်။ သို့ပေမယ့် သူမအား ကျင့်ကြံရေးလောကကို နောက်တစ်ကြိမ်ပြန်မသွားဖို့သာ သတိပေးခဲ့သည်။ မဟုတ်လျှင် သူမသေဆုံးသွားနိုင်သည်ဟု ပြောသည်။
သူမ အပြည့်အဝ ပြန်လည်ကျန်းမာလာပြီးနောက် သူမကိုယ်တိုင် အမှန်တရားကို ရှာဖွေလိုသော်လည်း သူမ၏ အကိုတစ်၀မ်းကွဲ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူမသည် ကောမြို့သို့ပြောင်းခဲ့ပြီး ထိုနေရာတွင် ဘဝသစ်တစ်ခုဖြင့် နေထိုင်ခဲ့သည်။
အခုအချိန်မှာ ကျင့်ကြံရေးလောကကို ပြန်မသွားနိုင်ပေမယ့် အခွင့်အရေးရရင် နောင်တစ်ချိန်မှာ အဲဒီနေရာကို ပြန်သွားဖို့ ဆုံးဖြတ်ထားသည်။
လွန်ခဲ့သည့် ၁၅ နှစ်အတွင်း သူမသည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိရန် အမြဲကြိုးစားခဲ့သည်။
လင်ရှောင်းထင်ကို တွေ့ပြီးနောက်တွင် သူမ အေးဆေးမနေနိုင်တော့ဘဲ မြို့တော်ကို အလည်အပတ်သွားကာ မှတ်ဉာဏ်များ ပြန်လည်ရှာဖွေရန် စိတ်ကူးလိုက်သည်။ သို့သော် မြို့တော်သို့ သွားမည့်အကြောင်း သူမ၏ ဝမ်းကွဲအကိုအား မပြောခဲ့ပေ။ သူမအား တားမည်ဆိုတာကိုသိပေသည်။
"မစ်ရှင်တစ်ခုလုပ်နေတုန်း ချောက်ကမ်းပါးပြိုကျပြီး သူ့မိဘများသေဆုံးသွားတယ်ဆိုတာကိုတော့ ရှောင်းထင် ဆီကနေသိခဲ့ရတယ်။"
"ရှောင်းထင်ရဲ့အဖေက ဆုံးသွားပြီလား?" ကျင်းယွင်ယောင် ရင်ဘတ်ထဲအောင့်သွားသည်။
ခင်ပွန်းဖြစ်သူအကြောင်းကို အခုချိန်မှာ ဘာမှ မမှတ်မိတော့ပေမယ့် ကျင့်ကြံလောကက တားမြစ်ထားတဲ့ လက်ထပ်ဖို့ကို ရွေးချယ်ကတည်းက သူ့ကို လေးလေးနက်နက် ချစ်ခဲ့တာဖြစ်နိုင်သည်။
"ဟုတ်တယ် သူက သေမျိုးလေ" ဟု ကုနင်း က ပြောသည်။
"အင်း ငါ့ယောက်ျားနာမည်က ဘာလဲ?" ကျင်းယွင်ယောင် က မေးသည်။
"လင်ယွင်ဟန်"
"လင်ယွင်ဟန်" ကျင်းယွင်ယောင်က ထပ်ခါတလဲလဲ ရွတ်လိုက်သည်။
"အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ?" ကျင်းယွင်ယောင်က မေးသည်။
"ရှောင်းထင်က ကျင့်ကြံသူဆိုတာ သိလိုက်ရပြီးတော့ သာမန်အားဖြင့် သေမျိုးတွေက ကျင့်ကြံသူ မဖြစ်လာနိုင်တာမလို့ ကျွန်မက သူ့မိဘတွေထဲက တစ်ယောက်က ကျင့်ကြံသူ ဖြစ်ရမယ်ဆိုတဲ့ အတွေးတစ်ခု ဝင်လာခဲ့တယ်။ အဲ့တာနဲ့ စုံစမ်းကြည့်ခဲ့ပြီးတော့ ရှောင်းထင်ရဲ့ အမေက အသက်ရှင်နေသေးတယ်ဆိုတာ သိလိုက်ရတယ်"
“ကျွန်မတို့မှာ အဲဒီမျှော်လင့်ချက်နဲ့ နောက်ထပ်သဲလွန်စတွေကို ဆက်လက်ရှာဖွေနေခဲ့တာ။ ခွန်းလွန်တောင်မှာ ရှောင်းထင်ရဲ့ ကျင့်ကြံရေးအတွက် ကောင်းတဲ့ မှော်အစွမ်းတွေ ရှိတယ်ဆိုတာသိလို့ နောက်ဆုံးအကြိမ်က အဲ့ကိုသွားခဲ့တာပါ။ အဲ့တာအပြင်ကို ရှောင်းထင်ရဲ့ မိဘတွေသေဆုံးသွားတဲ့ နေရာကိုလည်းကျွန်မတို့သွားချင်လို့ပါ။ ကျွန်မတို့ အမြင့်မြတ်ဆုံး နတ်ဘုရားရဲ့ စံအိမ်ကနေ ထွက်လာတဲ့အခါ အမေနဲ့ တွေ့ပြီး အမေ့ဆီက ကျင့်ကြံသူရဲ့အငွေ့အသက်ကို ခံစားလိုက်ရတာပါ"
"ရှောင်းထင်ရဲ့အမေဟာ ကျင့်ကြံရေးလောကမှာ သူ့ရန်သူတွေရဲ့ လုပ်ကြံခံရတာ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယရှိထားတာကြောင့် ကျွန်မတို့သတိထားခဲ့ရတယ်။ သူ့အဖေရဲ့ ရန်သူတွေက ရှောင်းထင်ကို သိသွားပြီး သူ့ကိုလိုက်မဖမ်းစေချင်ဘူးလေ။” လို့ ကုနင်းက ပြောသည်။
ကျင်းယွင်ယောင်သည် အခြားသော အကြီးတန်း ကျင့်ကြံသူကြောင့် ဒဏ်ရာအပြင်းအထန်ရကြောင်းကို သူမသိသည်။ သူမကိုယ်တိုင်က အကြီးတန်း ကျင့်ကြံသူတစ်ယောက်မို့ သာမန်သေသူတယောက်က သူ့ကို နာကျင်အောင် လုပ်နိုင်စွမ်း မရှိပေ။ ထို့အပြင် သူမ၏ရန်သူမှာ အကြီးတန်း ကျင့်ကြံသူဖြစ်သောကြောင့် သူမ၏ အစ်ကိုဝမ်းကွဲသည် သူမကျင့်ကြံရေးလောကသို့ နောက်တစ်ကြိမ် မပြန်သွားရန် သတိပေးခဲ့ခြင်းလည်း ဖြစ်သည်။
သူမ ဘာကြောင့် ဒီလို နာကျင်ရတဲ့ မတော်တဆမှုမျိုး ကြုံခဲ့ရမှန်း မသိပေမယ့် တစ်စုံတစ်ယောက်ကို ပြသနာရှာမိခဲ့တာ ဖြစ်မယ်ဆိုတာ သူမ သိသည်။ သို့သော် သူမ၏ အစ်ကိုဝမ်းကွဲက သူမထံမှ လျှို့ဝှက်ထားရသည့် အကြောင်းရင်းကို သူမ မသိနိုင်သေးပေ။
ထို့ကြောင့် သူမရန်သူများက သူမအသက်ရှင်နေသေးကြောင်း သိပါက သူမကို လိုက်ဖမ်းနိုင်သည်ဟု သူမထင်ခဲ့သည်။
***
အခန်း ၁၆၄၆ ရှောင်းထင် က အရမ်းထူးချွန်တယ်
ကျင့်ကြံရေးလောကထဲ သေသွားနိုင်တယ်ဟု အစ်ကို၀မ်းကွဲက တော်တော်ပြောတဲ့အတွက် အခုအချိန်မှာ အကြံအစည်တွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားသည်။
ကျင်းမိသားစုထဲက တော်တော်များများက သူမကို သေစေချင်တာကြောင့် သူမ၏ ရန်သူအနေနဲ့ ကျင်းမိသားစုကို အရင်ဆုံး သံသယဖြစ်မိသည်။
ကျင်းယွင်ယောင်သည် သူမ ဘာကြောင့် နာကျင်ဖွယ် မတော်တဆမှုမျိုး ကြုံခဲ့ရသည်ကို အဖြေရှာလုနီးပါး သိခဲ့သော်လည်း ယခုအခါ သူမတွင် သက်သေမရှိသေးပေ။
သူမသည် ကျင့်ကြံရေးလောက၏ စည်းကမ်းကို ချိုးဖျက်ပြီး သေမျိုးနှင့် လက်ထပ်ကာ သားတစ်ယောက်ပင် မွေးဖွားခဲ့သည်။ သူ့မိသားစုကို အရှက်ရစေတဲ့အတွက် သူမမိသားစုက သူမကို သတ်ပစ်ချင်ခဲ့လောက်သည်။ သူမထင်မြင်ချက်က အမှန်ဆိုရင် သူ့မိသားစုက တကယ့်ကို သွေးအေးလွန်းသည်။
သူမသည် စည်းကမ်းဖောက်ဖျက်တဲ့အတွက် အပြစ်ပေးခံသင့်သော်လည်း သေဒဏ်တော့မခံရသင့်ပေ။ အကျဉ်းချလိုက်ပြီး ကျင့်ကြံရေးလောကမှ ထပ်မံထွက်ခွာရန် တားမြစ်သင့်သည် သို့မဟုတ် သူမ၏ ကျင့်ကြံရေးကို ဖယ်ရှားပြီး စည်းမျဉ်းများနှင့်အညီ ကျင့်ကြံရေးလောကမှ နှင်ထုတ်သင့်သည်။ သို့သော်လည်း ကျင်းမိသားစုက သူမနှင့် သူမ၏ခင်ပွန်းကို သတ်ရန် အမိန့်ပေးခဲ့သည်။
အကယ်၍ ကျင်းမိသားစု၏ အမိန့်သာ အမှန်တကယ်ဆိုပါက၊ ကျင်းယွင်ယောင်သည် သူမ၏မိသားစုဖြစ်လျှင်ပင် ၎င်းတို့ကို အလွတ်ပေးမည်မဟုတ်ပေ။
ကျင်းမိသားစုသည် သူမ၏ဘဝနှင့် ပျော်ရွှင်မှုကို ဂရုမစိုက်သောကြောင့် သူမသည် သူတို့အပေါ် စေတနာထားသင့်သည်ဟု မထင်ပေ။ သူ့အစ်ကိုဝမ်းကွဲကသာ သူမ၏ အသက်ကို မကယ်ခဲ့ဘူးဆိုလျှင် သူမသေသွားနိုင်သည်။
ကျင်းမိသားစုကြောင့် ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရပြီး သားဖြစ်သူနှင့်လည်း နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသည်။ အခုချိန်မှာတော့ သူမဟာ သူမမိသားစုအပေါ် မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။ သူမ၏ မိသားစုတွင် သူမသည် အစ်ကို တစ်ဝမ်းကွဲကိုသာ ချစ်ခင်ပါသည်။ ကျင်းမိသားစုမှ အခြားမိသားစုဝင်များအတွက် သူမသည် သူတို့၏ခံစားချက်များကို ဂရုမစိုက်ပါ။
သူမသည် ငယ်စဉ်ကတည်းကပင် နှေးကွေးပြီး တိုးတက်ရန် ခက်ခဲသောကြောင့် သူမ၏ ဖခင်က သူမအား မကြိုက်ခဲ့သလို သူမ၏ မိသားစုဝင်များကလည်း သူမကို လက်ခံရန် ဆန္ဒမရှိခဲ့ပေ။ သူမ၏ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပြီး သူ့အဖေက တခြားမိန်းမနဲ့ အမြန်လက်ထပ်ခဲ့သည်။ သူ၏ဒုတိယဇနီးသည် နောက်ပိုင်းတွင် သားတစ်ဦးနှင့် သမီးတစ်ဦးကို မွေးဖွားခဲ့ပြီး သူတို့တွင် အလားအလာကောင်းများ ရှိသဖြင့် ဖခင်၏မေတ္တာကို ရရှိခဲ့သည်။
ကျင်းယွင်ယောင်သည် သူတို့ဘေးနားက ဆူးပင်တစ်ပင်လိုဖြစ်ပြီး သူမကို အမြဲအနိုင်ကျင့်ခဲ့ပေမယ့် သူတို့အဖေက အဲဒီအကြောင်းကို တစ်ခါမျှ မမေးခဲ့ပေ။ သူမအစ်ကိုဝမ်းကွဲကသာ သူမကို အကာအကွယ်မပေးခဲ့လျှင် သူမအနိုင်ကျင့်ခံရင်း သေသွားနိုင်သည်။ သူမ၏ အစ်ကိုဝမ်းကွဲသည် သူမအား ကာကွယ်စောင့်ရှောက်ပေးခဲ့သော်လည်း ကံမကောင်းစွာပဲ သူသည်အိမ်မှာအမြဲမရှိသောကြောင့် သူမသည် အလွန်ခက်ခဲသောဘဝဖြင့် နေထိုင်ခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ သူမသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူမ၏ အဖေတူအမေကွဲညီမနှင့် မောင််သည် သူမအား ထပ်မံ၍ အနိုင်ကျင့်ရန် မဝံ့ရဲတော့ပေ။ သူမအဖေကလည်း သူမအား အာရုံစိုက်လာသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူမ၏ အဖေသည် သူမကို အသုံးချချင်ရုံသပ်သပ်ပင်ဖြစ်သည်။
ထို့ကြောင့် သူမသည် ရက်စက်ကြမ်းကြုတ်သော မိသားစုမှ မဆိုင်းမတွ စွန့်ခွာသွားရခြင်းဖြစ်သည်။ လင်ယွင်ဟန်နှင့်တွေ့သောအခါတွင် သူမသည် ကျင့်ကြံရေးလောက၏ စည်းမျဉ်းကို ချိုးဖျက်ပြီး သူနှင့်လက်ထပ်ခဲ့သည်။ ဒါက ကျင်းယွင်ယောင် အခုထိ မှတ်မိနေတဲ့အကြောင်းအရာများပင်။
သူ့မိသားစုက သူမကို သတ်ချင်ကြောင်း သက်သေပြရန် ပြတ်သားသော သက်သေ မရှိသော်လည်း ဖြစ်နိုင်ချေ များသည်ဟု သူမထင်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် လက်စားချေခြင်းမပြုမီတွင် သူမ၏မှတ်ဉာဏ်များကို ပြန်လည်ရယူရမည်ဖြစ်သည်။
ကုနင်းသည် ကျင်းယွင်ယောင်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ခံစားသိရှိရပြီး ကျင်းယွင်ယောင်သည် သူမ၏ စိတ်ထဲမှာ အကြံဉာဏ်တစ်ခု ရှိရမည်ကို သူမ သိလိုက်သည်။
ကုနင်းသည် ရာဇ၀တ်ကောင်၏အသွင်အပြင်ကို သိသော်လည်း ထူးဆန်းသောပုံများကို သူမမြင်ခဲ့ရကြောင်း ကျင်းယွင်ယောင်အား မည်သို့ရှင်းပြရမည်ကို မသိသောကြောင့် ချက်ချင်းဘာမှမပြောနိုင်ပေ။
ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်သည်။ သို့သော် သူတို့သည် အချိန်တိုအတွင်း သိခဲ့ကြသောကြောင့် အချိန်မှန်ကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။
ကျင်းယွင်ယောင်သည် ယခုစိတ်မကောင်းဖြစ်နေသောကြောင့် ကုနင်းသည် သူမ တိတ်တိတ်ဆိတ်ဆိတ်နေရန် လိုအပ်သည်ဟု ခံစားမိလိုက်သည်။
ခဏလောက် နှုတ်ဆိတ်နေပြီးနောက်၊ ကျင်းယွင်ယောင်သည် ကုနင်းကို ထပ်မေးပြန်သည်။
"လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှောင်းထင်ရဲ့ ဘဝက ဘယ်လိုလဲ?" သူမနှင့် လင်ရှောင်းထင်သည် ဆက်စပ်နေသောကြောင့် သူ့ကို ဂရုစိုက်သည်။
"ရှောင်းထင်က အရမ်းထူးချွန်ပြီး သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာတယ် ဒါပေမယ့် သူအလုပ်က စစ်သားဆိုတော့ အရမ်းလည်း အန္တရာယ်များပါတယ်" ကုနင်း က ပြောလိုက်သည်။
ကျင်းယွင်ယောင်ကိုပြောပြလျှင် သူမစိတ်ပူသွားမည်ဆိုတာကို ကုနင်းက သိပေမယ့် လျှို့ဝှက်မထားသင့်ဘူးဆိုတာ သူမသိသည်။
"ဗိုလ်ချုပ်လား? အင်း သူအများကြီးဖြတ်သန်းခဲ့ရမှာပဲ။” ဟု ကျင်းယွင်ယောင်ကပြောသည်။ လင်ရှောင်းထင်သည် မယုံနိုင်စရာ ဤဂုဏ်သရေအတွက် သူ့အသက်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စွန့်စားရမည်ဟု သူမသိသောကြောင့် သူမ၏ရင်သွေးအတွက် နာကျင်ရပြန်သည်။
မိဘတိုင်းသည် မိမိကလေးအား ထူးချွန်ထက်မြက်စေလိုကြသော်လည်း မိဘတိုင်းက မိမိကလေးကို ပိုမိုကျန်းမာပြီး ဘေးကင်းစေရန် လိုလားကြသည်။
"လင်မိသားစုမှာ ဘယ်လိုဆွေမျိုးတွေရှိလဲ? ရှောင်းထင်က ငယ်ငယ်လေးထဲက မိဘတွေကို ဆုံးရှုံးခဲ့ရတာဆိုတော့ သူ့မိသားစုက ကောင်းရဲ့လား?" ဟု ကျင်းယွင်ယောင် က မေးသည်။
“သူ့မှာ အဖိုး၊ ဦးလေးနှစ်ယောက်၊ အဒေါ်နှစ်ယောက်နဲ့ သူတို့ကလေးတွေရှိတယ်။ တူတူနေကြတာပါ” လို့ ကုနင်းက ပြောသည်။ “ရှောင်းထင်က သူ့မိဘတွေ ဆုံးပါးသွားပြီးနောက် တခြားသူတွေနဲ့ စကားမပြောပေမယ့် သူ့အဖိုးက သူ့ကို ကောင်းကောင်း ဂရုစိုက်ပါတယ်။ ရှောင်းထင်လည်း သူ့အဖိုးကို အရမ်းချစ်ပြီးအရမ်းလည်း ဂရုစိုက်တယ်”
"အိုး ငါ့ရဲ့ သနားစရာကလေးလေး" ကျင်းယွင်ယောင် ငိုလုမတတ်ပင်။
ဘာပဲဖြစ်ဖြစ် လင်ရှောင်းထင်မှာ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ချစ်ရတဲ့ အဖိုးတစ်ယောက် ရှိနေသေးသည်။
"ဒါနဲ့ လင်မိသားစုက ဘာအလုပ်လုပ်တာလဲ?" ကျင်းယွင်ယောင် ရုတ်တရက် မေးလိုက်သည်။
လင်မိသားစုသည် သာမန်မိသားစုမဖြစ်နိုင်ဟု ရုတ်တရက် အတွေးဝင်လာသည်။
"လင်မိသားစုက မြို့တော်မှာ ကြီးစိုးတဲ့ မိသားစုလေးခုထဲက ထိပ်တန်းမိသားစုပါ" ဟု ကုနင်းက ဆိုသည်။
"ဘာ?" လင်မိသားစုသည် ဤမျှသော မြင့်မားသော လူမှုအဆင့်အတန်းကို ပိုင်ဆိုင်ထားသောကြောင့် ကျင်းယွင်ယောင် အံ့အားသင့်သွားသည်။
…
ကုနင်း နှင့် ကျင်းယွင်ယောင်တို့ လင်မိသားစု၏ အိမ်ဟောင်းသို့ ရောက်သောအခါ ည ၇:၃၀ ခန့်ရှိပြီဖြစ်သည်။ သို့သော် နွေရာသီဖြစ်သောကြောင့် ကောင်းကင်သည် မှောင်နေပြီဖြစ်သည်။
သူတို့သည် လင်မိသားစု၏ အိမ်ဟောင်းသို့ ရောက်သွားသည်နှင့် တပြိုင်နက်၊ ကျင်းယွင်ယောင်သည် ၎င်း၏ ပတ်ဝန်းကျင်ကို အနည်းငယ်ရင်းနှီးနေပုံရသည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း ပတ်ဝန်းကျင်သည် ကြီးကြီးမားမား အပြောင်းအလဲမရှိပေ။
***
အခန်း ၁၆၄၇ လင်မိသားစုရဲ့ အိမ်က ကျားတွင်းမဟုတ်ပါဘူး
လင်မိသားစု၏ အိမ်ဟောင်းတံခါးမှာ လုံခြုံရေးအစောင့်တွေ ရပ်နေပြီး သူတို့အားလုံးသည် ကုနင်းကို သိကြသည်မို့ လုံခြုံရေးစစ်ဆေးမှု မလုပ်တော့ပဲ သူမရောက်သည်နဲ့ တံခါးကိုဖွင့်လိုက်ကြသည်။
သို့သော် ကျင်းယွင်ယောင်သည် ကျယ်ဝန်းသောအိမ်ထဲသို့ သူမဝင်ရောက်လာပြီးနောက် သူမပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပိုပိုပြီးရင်းနှီးလာသလို ခံစားလာရသည်။ တစ်ချိန်တည်းမှာပင် သူမသည် အလွန်စိတ်လှုပ်ရှားနေပြီး ရှေ့သို့ ခြေတစ်လှမ်းပင်မလှမ်းနိုင်တော့ပေ။
ကုနင်းသည် သူမကို နှစ်သိမ့်ပေးသည်။
“အဆင်ပြေပါတယ်။ စိတ်ရှုပ်မခံပါနဲ့။ မျက်နှာဖုံးတပ်ထားလို့ အမေ့ကိုဘယ်သူမှမှတ်မိမှာမဟုတ်ပါဘူး။"
ကျင်းယွင်ယောင် ခေါင်းညိတ်ပြီး သူမနောက်ကို လိုက်သွားသည်။
လင်ယွမ်ချန်သည် လင်ရှောက်ကျားကိုသွားတွေ့စဉ် လင်ယွမ်ကျန်း၏မိသားစုသည်လည်း ယွီမိသားစုအိမ်သို့သွားသောကြောင့် သခင်ကြီးလင်သည် လင်မိသားစု၏အိမ်ဟောင်းတွင် တစ်ယောက်တည်းရှိနေသည်။
လင်ချန်းကျီသည် အိမ်ထဲမှထွက်လာပြီး ကုနင်း လာနေတာကို တွေ့လိုက်ရသည်။
မနှောင့်နှေးဘဲ သခင်ကြီးလင်ကို သတင်းကောင်းပြောပြပြီး သခင်ကြီးလင်က သူ့ကို တံခါးဝမှာ ကြိုဆိုဖို့ အပြင်ကို ထွက်သွားသည်။
ကုနင်း ရှေ့မှာ သခင်ကြီးလင်က သာမန် ကြင်နာတတ်တဲ့ အဖိုးတစ်ယောက်လိုဖြစ်ပြီး ကုနင်းက သူ့ထက် နိမ့်ကျတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။
ကျင်းယွင်ယောင်သည် သခင်ကြီးလင်နှင့် လင်ချန်းကျီကိုတွေ့သောအခါ သူမသည် ထိတ်လန့်ပြီး တောင့်တင်းသွားပြန်သည်။ တစ်ယောက်နဲ့တစ်ယောက် သိတယ်ဆိုတာ သူမ သိပေမယ့် ဘယ်သူတွေလဲဆိုတာတော့ သူမမှတ်မိပါ။ အဲ့တာဟာ သာယာစရာကောင်းသောခံစားချက်တစ်ခုတော့ မဟုတ်ခဲ့ပေ။
"ဟိုင်း အဖိုးလင်... ဦးလေလင်!"
ကုနင်း သည် သခင်ကြီးလင်နှင့် လင်ချန်းကျီကို ပြုံးပြနှုတ်ဆက်လိုက်သည်။
“နင်းနင်း အိမ်ကနေကြိုဆိုပါတယ်” ဟု သခင်ကြီးလင်က ခပ်ကျယ်ကျယ် ပြုံးပြလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်။ မမလေးနင်း။” လင်ချန်းကျီက ပြောသည်။
တကယ်တော့ ကုနင်းသည် လင်ချန်းကျီက သူ့ကို အဲဒီလိုခေါ်တဲ့အခါ အနည်းငယ် စိတ်မသက်မသာဖြစ်နေတုန်းပင်။ ဒါပေမယ့် သခင်ကြီးလင် စိတ်မချမ်းမသာဖြစ်မည်ဆိုး၍ လက်ခံထားရသည်။ ဘာပဲဖြစ်ဖြစ် သူမသည် လင်ရှောင်းထင်ကို လက်ထပ်တော့မည်ဖြစ်သည်။
တစ်ဖက်တွင် ကျင်းယွင်ယောင်သည် ကုနင်း၏နောက်တွင် ပုန်းနေသည်။ ကုနင်းသည် သူမစိတ်လှုပ်ရှားနေမှန်းသိသော်လည်း သူမရောက်နေပြီဖြစ်သောကြောင့် တစ်ချိန်လုံးမဖုံးကွယ်ထားနိုင်ပေ။
"အဘိုးလင် ကျွန်မ ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ လာခဲ့တာပါ။ ဒါပေမယ့် လင်မိသားစုရဲ့ မြင့်မားတဲ့ လူမှုအဆင့်အတန်းကို သူမ အံ့သြသွားပြီး အပြင်ကို မထွက်ရဲဘူး" လို့ ကုနင်း က ပြောသည်။
"ဘာလို့လဲ? လင်မိသားစုရဲ့ အိမ်က ကျားတွင်းမဟုတ်ပါဘူး။”
ကုနင်းက ကျင်းယွင်ယောင်ရဲ့လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ကျွန်မကိုယုံကြည်ပါ"
ကျင်းယွင်ယောင် အသက်ပြင်းပြင်းရှူပြီး ကုနင်း၏ နောက်ကနေ ထွက်လာသည်။
"ဒါက အဘိုးလင်ပါ" ကုနင်းသည် သခင်ကြီးလင် ကို ကျင်းယွင်ယောင်နှင့် မိတ်ဆက်ပေးခဲ့သည်။
ကျင်းယွင်ယောင်သည် သခင်ကြီးလင်၏ မျက်လုံးများကို မဆုံရဲဘဲ ခေါင်းညိမ့်လိုက်သည်။
"တွေ့ရတာ ဂုဏ်ယူပါတယ် သခင်ကြီး"
"တွေ့ရတာဝမ်းသာပါတယ်။" သခင်ကြီးလင်သည် သူ့ကို ကြင်နာတတ်ပြီး သက်တောင့်သက်သာ မြင်စေရန် အကောင်းဆုံးကြိုးစားလိုက်သည်။ ကောင်မလေးက ဘာ့ကြောင့် Mask တပ်ထားလဲဆိုတာကို သူနားမလည်ပေ။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း သူမသည် ကုနင်း၏ သူငယ်ချင်းဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်ပြီး မေးခွန်းမထုတ်ခဲ့ပေ။
"အဘိုးလင် ကျွန်မသူငယ်ချင်းက သူ့မျက်နှာမှာ ဒဏ်ရာရှိလို့ အခု သူက mask တပ်ထားရတာပါ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။" ကုနင်း က ချက်ချင်းရှင်းပြသည်။
ဆရာကြီး လင်းက ခေါင်းညိတ်ပြလိုက်သည်။
"ရပါတယ် ကိစ္စမရှိပါဘူး" မိန်းကလေးတိုင်းသည် သူတို့၏အသွင်အပြင်ကို ဂရုစိုက်ကြောင်း သူနားလည်သည်။
"၀င်လာခဲ့လေ!" ထို့နောက် အတူတူ လျှောက်သွားကြသည်။
ကျင်းယွင်ယောင် ရှေ့ကို လှမ်းကြည့်လိုက်တော့ သူမသည် အရာအားလုံးကို ရင်းနှီးနေသလို ခံစားနေသော်လည်း ဘာကိုမှ မမှတ်မိတော့ပေ။
ကုနင်းသည် ရောက်ရောက်ချင်း လင်ယွင်ဟန်၏အခန်းသို့ ချက်ချင်းမသွားနိုင်သဖြင့် သူမသည် သခင်ကြီးလင်နှင့် ခဏတာ တိတ်တဆိတ် စကားစမြည်ပြောခဲ့သည်။
"အဘိုးလင် အိမ်မှာ တစ်ယောက်တည်းလား?" ကုနင်းက မေးသည်။
"ဟုတ်တယ် မင်းဦးလေးယွမ်ချန်က ဆေးရုံသွားတယ် မင်းဦးလေးယွင်ကျန်းနဲ့ အန်တီယင်တို့က ဒီနေ့ ယွီမိသားစုရဲ့အိမ်ကို ပြန်သွားတယ်။ မင်းရဲ့အဒေါ်ယင်ရဲ့တူကို မြို့တော်တက္ကသိုလ်က လက်ခံလိုက်လို့ ဂုဏ်ပြုဖို့ သွားကြတာ။ ဒါပေမယ့် သူ့ရဲ့ စုစုပေါင်းရမှတ်က မင်းထက် အမှတ် ၁၀၀ ကျော်တောင် နိမ့်တယ်။” ဟု သခင်ကြီးလင်က ဆိုသည်။ သူသည် သူ့မျက်နှာပေါ်ရှိ ဂုဏ်ယူမှုကို ဖုံးကွယ်ရန်ပင် စိတ်မ၀င်စား။
သို့သော် ကုနင်းသည် အနည်းငယ် ရှက်သွားသည်။ အမှတ် ၁၀၀ ကျော် ကွာဟမှုက ကြီးမားသော်လည်း မြို့တော်တက္ကသိုလ်မှာ အထက်တန်းကျောင်းသား အနည်းငယ်သာ လက်ခံနိုင်သည်။ ထို့အပြင် သူမသည် ကျောက်စိမ်းမျက်၀န်း၏ အကူအညီဖြင့် အမှတ်အများဆုံးရရှိခဲ့ပြီး အမှန်မှာ တရားမျှတမှုမရှိပေ။
မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောပြီးနောက် သခင်ကြီးလင်သည် "စာအုပ်တွေ ယူမလို့ဆို အခုသွားယူလိုက်လေ" ကုနင်းက ဒီနေ့ အလုပ်ရှုပ်နေသလား မသိသောကြောင့် သခင်ကြီးလင်သည် သူမကို အချိန်အများကြီး မဖြုန်းစေချင်ပေ။
"ဟုတ် အဲ့တာဆို စာအုပ်အရင်သွားယူလိုက်အုံးမယ် နောက်မှ စကားပြောမယ်နော်" တကယ်တော့ သူမ မစောင့်နိုင်တော့ပေ။
"အဘိုးလင် ကျွန်မ သူငယ်ချင်းရော ကျွန်မနဲ့ အပေါ်ထပ်တက်လို့ ရမလား?" ကုနင်းက မေးသည်။
"ရတာပေါ့! တူတူသွားလို့ရတယ်” ဟုသခင်ကြီးလင်က ပြောသည်။
ထို့နောက် ကုနင်းသည် ကျင်းယွင်ယောင်နှင့်အတူ အပေါ်ထပ်သို့တက်သွားသည်။
လင်မိသားစု၏ အိမ်ဟောင်း၏ အပြင်အဆင်သည် ယခင်နှင့် တူညီနေသဖြင့် ကျင်းယွင်ယောင် သည် ယခင်က လင်ယွင်ဟန်နှင့် အတူနေထိုင်ခဲ့သည့် အခန်းကို အလွယ်တကူ ရှာတွေ့သွားသည်။ လင်မိသားစု၏ အိမ်ဟောင်း၏ အစိတ်အပိုင်းများစွာသည် သူမအား ကြည့်ရှုရန် ဆွဲဆောင်နေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုဆွဲဆောင်မှုကို မတွန်းလှန်နိုင်ပေ။
"ဒီအခန်းလား?" ကျင်းယွင်ယောင်က မေးလိုက်သည်။
"ဟုတ်တယ် အထဲ၀င်ကြစို့"
***
အခန်း ၁၆၄၈ သူ့ကို ရင်းနှီးနေသလိုပဲ
ကျင်းယွင်ယောင်သည် အရင်က ဒီမှာနေခဲ့တာ ဖြစ်တဲ့အတွက် သူမကိုယ်တိုင် အခန်းအမှန်ကိုရှာတွေ့နိုင်သည်ကို ကုနင်း မအံ့သြပေ။
ကျင်းယွင်ယောင်သည် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ လျှောက်သွားလိုက်သည်။ အတွင်း၌ အဖြူရောင်အစဖြင့် ဖုံးအုပ်ထားသော်လည်း အရာအားလုံးသည် ယခင်ကကဲ့သို့ အနေအထားအတိုင်း ရှိနေသည်။ ယခင်ကထက် ဘာမှမပြောင်းလဲသွားတဲ့အတွက် ကျင်းယွင်ယောင် အံ့အားသင့်မိသွားသည်။
သူမ လှည့်ပတ်ကြည့်ပြီးနောက် စာရေးစားပွဲဆီသို့ လျှောက်သွားသည်။
"ငါ ဖွင့်ကြည့်လို့ရမလား?" ကျင်းယွင်ယောင်က အဖြူစကို ညွှန်ပြလိုက်သည်။
“ဒါပေါ့” ကုနင်း ခေါင်းညိတ်လိုက်သည်။
"ဒီအံဆွဲကို ငါ ဖွင့်ချင်တယ်" တစ်စုံတစ်ခုက သူမ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်နေသလို ခံစားလိုက်ရသည်။
“ဖွင့်ကြည့်လေ” ကုနင်းက ပြောလိုက်သည်။
အံဆွဲထဲတွင် ဘောပင်၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တစ်ခု ရှိသည်။ ကျင်းယွင်ယောင်သည် မှင်ကျောက်ကို ကောက်ယူလိုက်သည်။
မှင်ကျောက်သည် မှော်အစွမ်းဖြင့် ဖုံးအုပ်ထားပြီး ကုနင်းကလည်း အဲ့တာကို ခံစားနိုင်သည်။ လင်မိသားစု၏အိမ်ဟောင်းတွင် ရှေးဟောင်းပစ္စည်းများစွာရှိသောကြောင့် ၎င်းကို ရှေးဟောင်းပစ္စည်းအဖြစ် ရိုးရိုးရှင်းရှင်း ထင်လိုက်သည်။
မှင်ကျောက်ကို ကိုင်ထားစဉ် ကျင်းယွင်ယောင်၏လက်များသည် တုန်ယင်နေသည်။
“ငါ ဒီမှင်ကျောက်ကို ကျင့်ကြံရေးလောကကနေ ယူလာခဲ့တာ။ ဒါ ငါ့အမေ ထားခဲ့တဲ့ တစ်ခုတည်းသော အရာပဲ။”
"ယွင်ယောင်က လက်ရေးလှရေးရတာ ဝါသနာပါတယ်လို့ ရှောင်းထင်ဆီက ကြားဖူးတယ်။ စာကြောင်းအနည်းငယ်ရေးလို့ရနိုင်မလား?" ကုနင်း က မေးသည်။
“ရပါတယ်” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။
နှစ်များစွာကြာသွားသော်လည်း ဘောပင်၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တို့ကို အသုံးပြု၍ ရနိုင်သေးသည်။
ကုနင်းသည် ကျင်းယွင်ယောင်အတွက် အရာအားလုံးကို ပြင်ဆင်ပေးလိုက်ပြီး ကျင်းယွင်ယောင်သည် စာရွက်တစ်ရွက်ပေါ်တွင် ချရေးလိုက်သည်။ သူမသည် အချစ်ကဗျာတစ်ပုဒ်ကို စာကြောင်းပေါင်းများစွာ ရေးသားခဲ့သည်။
ကုနင်းသည် သူမ၏ လက်ရေးလှရေးပုံသည် ယွင်ယောင်၏ လက်ရေးနှင့် အတိအကျတူကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
"ရှောင်းထင်ရဲ့ မိသားစုဓာတ်ပုံ အယ်ဘမ်နဲ့ ယွင်ယောင်ရဲ့ မှတ်စုစာအုပ်ကို ကျွန်မပြမယ်။ အမေ့ရဲ့အမှတ်တရတွေကို ပြန်ရဖို့အတွက် အထောက်အကူဖြစ်နိုင်တယ်”
ထို့နောက် သူမသည် အယ်လ်ဘမ်နှင့် မှတ်စုစာအုပ် ထားရှိရာနေရာသို့ လျှောက်သွားလိုက်သည်။ သူမသည် ၎င်းတို့ကို ထုတ်၍ ကျင်းယွင်ယောင်အား ပေးလိုက်သည်။
"အမေ အဲ့တာကို ကြည့်နေလိုက်ပါ။ ကျွန်မစာအုပ်ရှာဖို့လုပ်လိုက်အုံးမယ်" စာအုပ်ယူဖို့ အကြောင်းပြချက်နဲ့ ဒီကိုရောက်လာတဲ့အတွက် သူတို့ထွက်သွားတဲ့အခါ တချို့ကိုယူသွားရမည်။
“ဟုတ်ပြီ” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကုနင်းသည် စာအုပ်စင်ဆီသို့ လျှောက်သွားသည်။
ကျင်းယွင်ယောင်သည် မှတ်စုစာအုပ်ကိုဖွင့်လိုက်ပြီး သူမ၏လက်ရေးကို မြင်လိုက်ရသည်။ သူမစာကို ဖတ်နေစဉ်အတွင်း မထိန်းနိုင်တော့ဘဲ ငိုချမိသည်။
မှတ်စုစာအုပ်ကိုဖတ်ပြီးနောက် ကျင်းယွင်ယောင်သည် အယ်လ်ဘမ်ကို လှန်ကြည့်ကာ ဓာတ်ပုံထဲတွင် သူမကိုယ်တိုင်၊ သူမ၏ခင်ပွန်းနှင့် သားဖြစ်သူတို့ကို မြင်လိုက်ရသည့်အခိုက်တွင် သူမမျက်လုံးထဲမှ မျက်ရည်များ ထပ်မံကျလာသည်။
သို့သော် ကုနင်းနှင့် အခြားလူများ မကြားစေလိုသောကြောင့် သူမသည် ကျယ်လောင်စွာ မငိုခဲ့ပေ။
ကုနင်းသည် မကြာမီတွင် ရှေးခေတ်နာမည်ကြီး စာရေးဆရာများ ရေးသားသော စာအုပ်များစွာကို တွေ့ရှိလိုက်ရသည်။
"ကျွန်မတို့ဒီမှာ အကြာကြီးမနေနိုင်ဘူးဆိုပေမယ့် အမေနဲ့အတူ မှတ်စုစာအုပ်နဲ့ အယ်လ်ဘမ်ကို ယူသွားလို့ရပါတယ်"
ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်ကြောင်း သူမသေချာသိသောကြောင့် သူမကို မှတ်စုစာအုပ်နှင့် အယ်လ်ဘမ်ကို ယူဆောင်သွားခွင့်ပြုလိုက်သည်။
ထို့အပြင် ကုနင်းသည် ကျင်းယွင်ယောင်ကို လင်ရှောင်းထင်၏အိမ်တွင်ထားရန်လည်း စီစဉ်ထားသည်။
"ငါယူသွားလို့ရမလား?" ကျင်းယွင်ယောင်က သူ့မှတ်ဉာဏ်တွေကို ပြန်မရသေး၍ ယူသွားဖို့အတွက် စိတ်ပူနေမိသည်။
"ဒါပေါ့ ရပါတယ်" ဟု ကုနင်းကပြောသည်။
ကျင်းယွင်ယောင်သည် ခေါင်းညိတ်လိုက်ပြီး လွယ်အိတ်ထဲ ထည့်လိုက်သည်။
သူတို့ အခန်းထဲက ထွက်လာရင်း ကျင်းယွင်ယောင်သည် နောက်သို့တစ်ချက် တစ်ချက်လှည့်ကြည့်နေသည်။
သခင်ကြီးလင်သည် ကုနင်းကို ဘာစာအုပ်တွေ ယူလဲဆိုတာ မမေးပေ။
ကုနင်းသည် သခင်ကြီးလင်နှင့် အချိန်အတော်ကြာ စကားစမြည်ပြောခဲ့သည် ။
သို့သော် ကုနင်း ထွက်သွားသောအခါ သခင်ကြီးလင်၏ မျက်နှာမှ အပြုံးသည် ပျောက်ကွယ်သွားပြီး အတွေးထဲတွင် နစ်မြောသွားသည်။
"သခင်ကြီးလင် ဘာဖြစ်လို့လဲ?" လင်ချန်းကျီက သခင်ကြီးလင်ကို မေးသည်။
“နင်းနင်းနဲ့ လာတဲ့ ကောင်မလေးကို ရင်းနှီးနေသလိုပဲ” လို့ သခင်ကြီးလင်က ပြောသည်။
"ငါသူ့ကိုသိနေသလိုခံစားရတယ်"
ကံမကောင်းစွာဖြင့် ကျင်းယွင်ယောင်သည် သူမ၏မျက်နှာပေါ်တွင် မျက်နှာဖုံးစွပ်ထားသောကြောင့် သခင်ကြီးလင် သည် သူမ၏မျက်နှာတစ်ခုလုံးကို မမြင်နိုင်ပေ။ သို့သော် သူတို့အရင်က တွေ့ဖူးသည်ဟု ခံစားမိသည်။
သခင်ကြီးလင်သည် အလွန်ထူးဆန်းနေပြီး ထိုမိန်းကလေးသည် မည်သူဖြစ်သည်ကို သိချင်သော်လည်း ကုနင်းကို မေးရန်မှာ မသင့်လျော်ပေ။
"တကယ်လား?" လင်ချန်းကျီ အံ့သြသွားသည်။ တကယ်တော့ သူလည်းကောင်မလေးကို ရင်းနှီးနေသလို ခံစားရသည်။
"သခင်ကြီးလင် ကျွန်တော်လည်း အဲ့လိုပဲ ခံစားရတယ်" လင်ချန်းကျီက ပြောသည်။
***
အခန်း ၁၆၄၉ တစ်ယောက်ထဲ မလှုပ်ရှားပါနဲ့
"မင်းရော သူနဲ့ ရင်းနှီးသလိုခံစားရတာလား?" သခင်ကြီးသည် အံ့သြသွားသည်။ "ငါတို့နှစ်ယောက်လုံး သိတဲ့ ကောင်မလေးများလား?"
“ဖြစ်နိုင်မယ်ထင်တယ်” ဟု လင်ချန်းကျီကဆိုသည်။
"ဘာပဲဖြစ်ဖြစ် သူ့က ဘယ်သူပဲဖြစ်ဖြစ် နင်းနင်းရဲ့ သူငယ်ချင်းဆိုတော့ မကောင်းတဲ့လူတော့ မဟုတ်ပါဘူး" ဟု သခင်ကြီးလင်က ဆိုသည်။ နှစ်ယောက်စလုံးက မိန်းကလေးကို တကယ်သိချင်ကြပေမယ့် အခုချိန်မှာ အဲ့တာက အရေးမကြီးပေ။
…
ကျင်းယွင်ယောင်နှင့် ကုနင်းသည် အိမ်မှ ထွက်သွားပြီးသည်နှင့် ကျင်းယွင်ယောင်သည် မှတ်စုစာအုပ်နှင့် အယ်လ်ဘမ်ကို ထုတ်ကာ ပြန်ကြည့်နေသည်။
ဒါပေမယ့် ကုနင်းက သူမကို ပြောစရာတစ်ခုရှိတာကြောင့် သူမကို အနှောင့်အယှက်ပေးလိုက်ရသည်။
"အမေ အမေ့ကို ရှောင်းထင်ရဲ့အိမ်မှာနေဖို့ စီစဉ်ထားတယ်။ အမေရော ဘယ်လိုထင်လဲ? ရှောင်းထင်အတွက်တော့ စိတ်ပူစရာမလိုပါဘူး။ သူက တော်ရုံ အိမ်ပြန်လာတာ ရှားတယ်။”
ကုနင်းသာ ထိုအိမ်ထဲမှာ မရှိဘူးဆိုလျှင် လင်ရှောင်းထင်သည်လည်း ပုံမှန်အားဖြင့် အဲဒီကို မသွားပေ။
“လက်ရှိအချိန်မှာ အမေ့အကြောင်း သူ့ကို မသိစေချင်ဘူးဆိုရင် ကျွန်မသူ့ကို အသိပေးမှာမဟုတ်ပါဘူး။ တခြားနေရာကို သွားချင်ရင်လည်း ကူညီပေးလို့ရပါတယ်။ အမေက ရှောင်းထင်ရဲ့အမေဖြစ်ပြီး မြို့တော်ကို မသိသေးလို့ ကိုယ်တိုင်တော့ နေဖို့ နေရာမရှာပါနဲ့။ ကျွန်မနေတဲ့ နေရာမှာ တခြား ကျင့်ကြံသူတွေ ရှိလို့ အမေ့ကို မတွေ့သွားစေချင်ဘူး။ အမေရော ရှောင်းထင်ရော ကျွန်မနေတဲ့နေရာကို မသွားသင့်ဘူး။” လို့ ကုနင်းက ဆိုသည်။ သူမသည် ယွင်ယောင်ထံမှ ၎င်းကို ဖုံးကွယ်ရန် စိတ်မ၀င်စားပေ။
လင်ရှောင်းထင်တွင် အိမ်များ၊ စစ်ဟယ်ယွမ်နှင့် သူ့အမည်အောက်တွင် တိုက်ခန်းများ ရှိသော်လည်း သူသည် အိမ်တစ်အိမ်တွင်သာနေထိုင်သည်။
ကျင်းယွင်ယောင် အံ့သြသွားသည်။ "ဘာ? အခု မင်းနေတဲ့ နေရာမှာ ကျင့်ကြံသူတွေ ရှိနေတာလား?"
"ဟုတ်တယ် ကျွန်မဒီရက်ပိုင်းမှာ ကျင့်ကြံသူသူတော်တော်များများနဲ့ တွေ့ဖူးတယ်။ သူတို့ထဲက တချို့ကို အမေသိလောက်တယ်။"
"သူတို့နာမည်တွေကိုသိလား?" ကျင်းယွင်ယောင် က မေးသည်။
“ကျွန်မအခုနေတဲ့ နေရာမှာရှိတဲ့ ကျင့်ကြံသူတွေက မောင်နှမတွေပါ။ သူတို့ရဲ့ နာမည်တွေက ပိုင်လီကျုံးယန်နဲ့ ပိုင်လီကျုံးရွှယ်လို့ခေါ်တယ်”
ကျင်းယွင်ယောင်သည် သေမျိုးကမ္ဘာတွင် သူမကြုံတွေ့ခဲ့ရသည့်အရာများကိုသာ မေ့သွားခဲ့သော်လည်း ကျင့်ကြံရေးလောကတွင် သူမဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေသေးသည်။
“သူတို့က ပိုင်လီမိသားစုဝင်တွေပဲ။ ဘာလို့ အခုသေမျိုးကမ္ဘာထဲရောက်နေတာလဲ?” ကျင်းယွင်ယောင် အံ့သြသွားသည်။
သာမာန်အားဖြင့် ကျင့်ကြံသူများသည် လူ့လောကသို့ မရောက်လာသင့်ပါ။ ကျင့်ကြံသူများကြားတွင် ထိုအရာကို ခွင့်မပြုထားပေ။
"ကျင့်ကြံရေးလောကမှာ ပိုင်လီမိသားစုရဲ့ အခြေအနေက ဘယ်လိုလဲ?" ကုနင်းက မေးသည်။ သူမ သိချင်သည် ။
“သူတို့က ကျင့်ကြံရေးလောကမှာ ကြီးစိုးတဲ့ မိသားစုလေးခုထဲက တစ်ခုပဲ။ ကျန်သုံးခုက သုန်းဖန်းမိသားစု၊ ယင်မိသားစုနဲ့ ကျင်းမိသားစုဖြစ်တယ်” ကုနင်းသည် ကျင့်ကြံရေးလောကကို သိရှိသောကြောင့် ကျင့်ကြံရေးလောကရှိအကြောင်းကို သူမကို ထပ်မံပြောပြလျှင်လည်း ကိစ္စမရှိပေ။
"သုန်းဖန်းမိသားစု ? သုန်းဖန်းကျီယွီက သုန်းဖန်းမိသားစုထဲကလား?" ကုနင်း က မေးသည်။
"သုန်းဖန်းကျီယွီကိုလည်း သိလား?" ကျင်းယွင်ယောင် အံ့သြသွားပြန်သည်။
"ကျွန်မ သူ့ကို အရင်က အကြိမ်နည်းနည်း တွေ့ဖူးပေမယ့် မရင်းနှီးပါဘူး။" ဟု ကုနင်းက ပြောသည်။
"ဟုတ်တယ်။ သုန်းဖန်းကျီယွီက သုန်းဖန်းမိသားစုကနေ ဆင်းသက်လာတာ” ဟု ကျင်းယွင်ယောင်က ပြောသည်။ ဒါက သူမသိသမျှအကုန်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်များက ကျင့်ကြံရေးလောကမှ ထွက်ခွာလာတာကြောင့် ကျန်သည့်အကြောင်းများမသိတော့ပေ။
“အမေနဲ့ မျိုးရိုးတူတဲ့ ကျင့်ကြံသူကိုလည်း ကျွန်မသိတယ်။ သူ့နာမည်က ကျင်းကျီနျဉ်” ဟု ကုနင်း က ပြောသည်။ တကယ်တော့ သူမသည် ကျင်းယွင်ယောင်နဲ့ ကျင်းကျီနျဉ်တို့ဟာ မိသားစုတစ်စုတည်းကဆိုတာ ခံစားချက်ရှိပြီးသားပင်။
"ဘာ? ကျင်းကျီနျဉ်?" ကျင်းယွင်ယောင် အံ့သြသွားသည်။ ကျင်းယွင်ယောင်ရဲ့ တုံ့ပြန်မှုကို မြင်တော့ ကုနင်းသည် သူတို့တစ်ယောက်နဲ့တစ်ယောက် သိနေမှန်း သေချာသွားသည်။
"ကျွန်မ သူ့ကို နှစ်ခါပဲ တွေ့ဖူးတယ်"
"သူ အခုဘယ်မှာလဲ" ကျင်းယွင်ယောင် က မေးသည်။
"သူ့ကို နောက်ဆုံးတွေ့တာ ပြီးခဲ့တဲ့လက...သူက ယွင်ပြည်နယ်ကို သွားမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ သူဘယ်ရောက်နေလဲ မသိဘူး"
"သူ့ကိုပြန်တွေ့ရင် ငါ့အကြောင်းကို လုံးဝမပြောနဲ့နော်။ သူက ငါ့ရဲ့ ဝမ်းကွဲအစ်ကိုကြီးပါ အဲ့ဒီနှစ်တွေတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မသိအောင် အမြဲတားတာ သူပဲ” ဟု ကျင်းယွင်ယောင် ကပြောလိုက်သည်။ သူမ အတော်လေး တုန်လှုပ်နေမိသည်။
ဒါကိုသိလိုက်ရသောအခါ ကုနင်းသည် စိတ်ရှုပ်သွားသည်။
"ဘာလို့လဲ?" ကုနင်း က မေးသည်။
“ကျင့်ကြံရေးလောကထဲ ပြန်ဝင်ရင် သေသွားနိုင်တယ်လို့ ပြောတာပဲ။ ဘာမှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရပြီး တစ်ယောက်ယောက်က ဘာလို့ ငါ့ကို လိုချင်တာလဲ မသိပေမယ့် ကျင့်ကြံရေးလောကနဲ့ ဝေးဝေးနေနေရမှာဘဲ ဒါပေမယ့်လည်း...” ကျင်းယွင်ယောင်သည် အလွန်ဝမ်းနည်းနေပုံရသည်။
"အမေအခု အမေ့ရဲ့ရန်သူကဘယ်သူလဲဆိုတာ သိလား?" ကုနင်း က မေးသည်။
"သံသယတော့ရှိပေမယ့် သက်သေတော့မရှိသေးလို့ အခု ကောက်ချက်ချလို့မရသေးဘူး" လို့ ကျင်းယွင်ယောင် က ပြောသည်။
သူမစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အဖြေတစ်ခုရှိပေမယ့် ခိုင်လုံတဲ့အထောက်အထားမရှာမီ အထိ ကုနင်းကို သူမပြောပြနိုင်သေးပေ။
ကျင်းယွင်ယောင်သည် သူမကို မပြောပြချင်တော့တာကြောင့် ကုနင်းက သူမကို အတင်းအကြပ်မမေးတော့ပေ။ "အမေ ကျွန်မကို တစ်ခုလောက် ကတိပေးလို့ရမလား?"
"ဘာကိုလဲ?" ကျင်းယွင်ယောင်က မေးသည်။
"အမေ့ရဲ့ရန်သူ ဘယ်သူလဲဆိုတာသိရင်တောင် တစ်ယောက်တည်း မလှုပ်ရှားပါနဲ့။ အမေရဲ့မှတ်ဉာဏ်တွေပြန်ရလာပြီဆိုတာနဲ့ ရှောင်းထင်နဲ့ ကျွန်မတို့ကို ပြောပြလို့ရတယ်" ကုနင်းက ကျင်းယွင်ယောင်ကို တောင်းဆိုလိုက်သည်။ ကျင်းယွင်ယောင်ကို ထပ်ပြီး ကြောက်စရာကောင်းတာ ဘာမှ မဖြစ်စေချင်တော့သလို လင်ရှောင်းထင်ကိုလည်း သူ့အမေကို ထပ်ပြီး မဆုံးရှုံးစေချင်ပေ။
ကုနင်းကထပ်ပြောလိုက်သည်။ “ရှောင်းထင်က အခုအချိန်မှာ အဆင့်နိမ့်နေသေးပေမယ့် သူ့မှာ သူ့ကို တိုးတက်အောင်မြင်အောင် ကူညီပေးမယ့် အတွေ့အကြုံကောင်းရှိတဲ့ သီးသန့်ဆရာတစ်ယောက်လည်းရှိတယ်။ သူက အရည်အချင်းရှိတဲ့ ကျင့်ကြံသူဖြစ်ပြီး တစ်ကြိမ်မှာ အဆင့်သုံးဆင့်တက်နိုင်တယ်။ အခုလည်း ချီဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနေတဲ့ ကာလမို့လို့ မကြာခင်မှာပဲ အကြီးတန်း ကျင့်ကြံသူ ဖြစ်လာနိုင်မယ်လို့ ကျွန်မထင်တယ်။”
သူတို့သည် လက်စားချေရန် ဆုံးဖြတ်ထားကြသည်။
***
အခန်း ၁၆၅၀ လင်ရှောင်းထင်၏အိမ်သို့ ပြောင်းရွှေ့ခြင်း
"ဘာ? ရှောင်းထင်က ချီဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းတဲ့ ကာလ (အခြေခံတည်ဆောက်ရေးကာလ) ရောက်နေပြီလား?" ကျင်းယွင်ယောင်သည် အံ့သြသွားသည်။
သူမ မယုံနိုင်ပေ။ ကျင့်ကြံရေးလောကတွင် ထူးချွန်သော ကျင့်ကြံသူများပင်လျှင် တစ်ကြိမ်လျှင် အဆင့်သုံးဆင့်အထိ တက်နိုင်မည်မဟုတ်ပေ။ လင်ရှောင်းထင်သည် အချိန်တိုလေးအတွင်းမှာပင် ထိုသို့လုပ်ဆောင်နိုင်တဲ့အတွက် သူမအံ့အားသင့်သွားသည်။ တစ်ချိန်တည်းမှာပင် ကျင်းယွင်ယောင်သည် သူ့အတွက်လည်း ဂုဏ်ယူမိသည်။ လင်ရှောင်းထင်သည် ယခုအချိန်တွင် ကျင့်ကြံသူဖြစ်သောကြောင့် လာမယ့်အနာဂတ်တွက် အခက်အခဲများစွာရင်ဆိုင်ရပေလိမ့်မည်။
"ဟုတ်တယ်" ကုနင်း ကပြောသည်။
ကျင်းယွင်ယောင်သည် ရုတ်တရက် ဘာပြောရမှန်းမသိဘဲဖြစ်နေ၍ ကုနင်း သည် သူမကို ထိတ်လန့်စရာကောင်းတဲ့ အကြောင်းတွေကို လက်ခံဖို့ အချိန်တစ်ခုပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ကျင်းယွင်ယောင် သည်
"အိုး ရှောင်းထင်က ဘယ်လိုကြောင့် ကျင့်ကြံသူဖြစ်လာတာလဲ?" ဟုမေးသည်။
“ရှောင်းထင်က ညလင်းပုလဲကို ရှာတွေ့သွားပြီး သူ့လက်ထဲမှာ အဲ့တာကို ဆုပ်ကိုင်လိုက်တော့ အဲ့ဟာရဲ့ မှော်အစွမ်းကို စုပ်ယူနိုင်တယ်ဆိုတာကို ရုတ်တရက် သိသွားတာ။ အချိန်ကြာလာတာနဲ့အမျှ မှော်စွမ်းအားတွေကို ပိုပိုပြီးစုပ်ယူလာတော့ သူ့ခန္ဓာကိုယ်က ပြောင်းလဲလာပြီးတော့ မှော်စွမ်းအားတွေ ပျံ့နှံ့လာပြီး ကျင့်ကြံသူဖြစ်လာခဲ့တယ်” ဟု ကုနင်းက ပြောသည်။
တကယ်တော့ လင်ရှောင်းထင်သည် သူမ၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်များကို ပိုမိုစုပ်ယူထားသော်လည်း ၎င်းသည် သူမပြောပြနိုင်သော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
ကျင်းယွင်ယောင်သည် ခေါင်းညိတ်လိုက်သည်။ အကြောင်းမှာ လူတိုင်းသည် ကျင့်ကြံသူဖြစ်လာရန် မတူညီသောအခွင့်အလမ်းအမျိုးမျိုးရှိသောကြောင့်ဖြစ်သည်။
"အမေ ရှောင်းထင် ရဲ့အိမ်ကိုပြောင်းမှာမလား?"
"မင်းအတွက်ရော အဆင်ပြေပါ့မလား?" လင်ရှောင်းထင်သည် သူမနှင့် မဆုံသေးတာကြောင့် ကျင်းယွင်ယောင်က မေးလိုက်သည်။
"ဘာလို့မပြေရမှာလဲ!"
“ကောင်းပါပြီ!” ကျင်းယွင်ယောင်က ပြုံးလိုက်ပြီး ကုနင်းသည် လင်ရှောင်းထင်၏ အိမ်ဆီသို့ မောင်းလိုက်သည်။
"အမေ အခု ဘယ်အဆင့်ရောက်နေပြီလဲ ကျွန်မသိလို့ရမလား?" ကုနင်း က မေးသည်။
"ငါက ချီကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ကာလ (အခြေခံတည်ဆောင်ရေးကာလ)ရဲ့ အဆင့်မြင့်အဆင့်မှာ ရောက်နေပြီ၊ ဒါပေမယ့် အဲဒီအဆင့်မှာပဲ ရပ်နေတာ နှစ်နဲ့ချီနေပါပြီ" ဟု ကျင်းယွင်ယောင်က ပြောသည်။ ကျင့်ကြံရေးလောကမှ နှစ်အတော်ကြာ ထွက်ခွာသွားခဲ့သော်လည်း လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။ သူမကိုသတ်ချင်သောလူသည် အလွန်မြင့်မားသောအဆင့်တွင်ရှိနေသောကြောင့် သူမသည် မိမိကိုယ်ကို မြှင့်တင်ရန်လိုသည်။
သူမသည် ဂျိဒန်အဆင့်ကို ရောက်နိုင်သရွေ့ သူမသည် ထျန်းတောက်မန်ထံမှ အကူအညီနှင့် အထောက်အပံ့များ ရရှိမည်ဖြစ်သည်။
ထျန်းတောက်မန်သည် ကြီးစိုးသော မိသားစုလေးခုထက် ပို၍မြင့်မားသော ရာထူးကို ပိုင်ဆိုင်ထားသောကြောင့် သူမသည် ထိုအချိန်တွင် ဘေးကင်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း သူမသည် လက်မခံနိုင်သော အမှားများကို မပြုလုပ်မှသာ ထျန်းတောက်မန်အနေဖြင့် သူမကို လက်ခံနိုင်မည်ဖြစ်သည်။
အကယ်၍ အကြီးတန်း ကျင့်ကြံသူသည် လက်မခံနိုင်သော အမှားတစ်ခု ပြုလုပ်ပါက ထျန်းတောက်မန်သည် သူတို့ကို သတ်မည်မဟုတ်သော်လည်း ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်ဖြစ်သည်။
ကျင်းယွင်ယောင်သည် ကျင်းမိသားစုက သူမကို သတ်ရန်ကြံစည်သည်ဟု ထင်ပေမယ့် အခုချိန်မှာတော့ သူမအနေဖြင့် တွန်းလှန်နိုင်စွမ်း မရှိသေးပေ။ ကလဲ့စားချေခြင်းကို အောင်မြင်နိုင်စေရန်အတွက် သူမကိုယ့်ကိုယ်ကိုယ် ဆက်လက်တိုးတက်အောင် လုပ်ရပေတော့မည်။
သူမသေသွားမည်ဆိုလျှင်တောင် အကြောင်းတစ်ခုခုကြောင့်သာ သေလိမ့်မည်။ အထူးသဖြင့် သူမမှာ သားတစ်ယောက်ရှိနေပြီဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ သူမသည် အပြည့်အ၀ပြင်ဆင်ပြီးတဲ့အချိန်အထိ လုံးဝသတိထားရမှာ ဖြစ်ပါသည်။
"စိတ်မပူပါနဲ့ ငါတစ်ယောက်တည်း လှုပ်ရှားမှာ မဟုတ်ပါဘူး" ဟု ကျင်းယွင်ယောင်က ပြောလိုက်သည်။
“ကောင်းလိုက်တာ” ကုနင်း စိတ်သက်သာရာရသွားသည်။
"အိုး ရှောင်းထင်မှာ အတွေ့အကြုံရှိတဲ့ သီးသန့် ဆရာတစ်ယောက်ရှိတယ်လို့ မင်းပြောဖူးတယ်နော်။ သူဘယ်သူလဲ? ရှောင်းထင်နဲ့ ငါ့ရဲ့ဆက်ဆံရေးကို သူသိလား?" ကျင်းယွင်ယောင်က မေးသည်။
"အင်း သူက အကြီးတန်း ကျင့်ကြံသူ ဖြစ်ပေမယ့် ကျင့်ကြံရေးလောကသား မဟုတ်တဲ့အတွက် ရှောင်းထင်နဲ့ အမေ့ရဲ့ဆက်ဆံရေးကို သူမသိဘူး။ သူက ခွန်းလွန်ဂိုဏ်းရဲ့ အကြီးတန်းအဖွဲ့ဝင်ဖြစ်ပြီးတော့ သူ့နာမည်က ရှန်းကွမ်းယန် ပါ”
"ရှန်းကွမ်းယန်!" ကျင်းယွင်ယောင် အံ့သြသွားသည်။
"အမေ ရှန်းကွမ်းယန်ကို သိလား?"
"အင်း ငါသူ့အကြောင်းနည်းနည်းတော့ ကြားဖူးတယ်၊ ဒါပေမယ့်တစ်ခါမှတော့ မတွေ့ဖူးဘူး" ကျင်းယွင်ယောင် ကပြောသည်။ “ကျင့်ကြံရေးလောကက တခြားလောကကတွေနဲ့ မခွဲခင်တုန်းက ခွန်းလွန်ဂိုဏ်းက ကွဲပြားတဲ့ ဂိုဏ်းပေါင်းစုံမှာ ထိပ်တန်း ရှေးရိုးစွဲဂိုဏ်းဖြစ်ခဲ့ဖူးပြီးတော့ ရှန်းကွမ်းယန်ဟာ ရှားရှားပါးပါး အကြီးတန်း ကျင့်ကြံသူလေ။ လူ့အဖွဲ့အစည်းက ပိုမိုခေတ်မှီလာတာနဲ့အမျှ မှော်စွမ်းအားက ရှာဖို့ခက်သွားတော့ ကျင့်ကြံသူ နည်းပါးလာရတာ။ ကောင်းကင်ဘုံစစ်ဆေးရေးက ပိုပိုပြီး ခက်ခဲလာတော့ ကျင့်ကြံသူတွေလည်း ရှင်သန်ဖို့ အတွက် အတူတကွစုစည်းခဲ့ကြတယ်။ ချန်လင်တောင်မှာ အဆုံးမရှိ မှော်အစွမ်းရှိတော့ ကျင့်ကြံရေးလောကကို အဲ့နေရာမှာ တည်ထောင်ခဲ့ကြတာ ဒါပေမယ့် သူက လူဦးရေ ထောင်ဂဏန်းရှိတဲ့ မြို့လိုမျိုးကျယ်ပါတယ်"
“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက သေမျိုးကမ္ဘာမှာ တခြား ကျင့်ကြံသူတွေကို မတွေ့ခဲ့ရတော့ ကျင့်ကြံသူတွေဟာ ကျင့်ကြံရေးလောကထဲမှာပဲ ရှိတာလို့ ထင်ခဲ့တာ။ အံ့သြဖို့ကောင်းတာက ရှန်းကွမ်းယန်က အခုထိ အသက်ရှင်နေသေးတာဘဲ!" ကျင်းယွင်ယောင် က ပြောသည်။
“အဘိုးရှန်းကွမ်းက မျှော်စင်ထဲမှာပဲ တစ်ချိန်လုံး နေထိုင်ခဲ့တယ်။ သူ့ကို ကျွန်မတို့ အရသာရှိတဲ့ အစားအစာတွေနဲ့ ဆွဲဆောင်ခဲ့ရတာ။ ရှောင်းထင် ကို သူ့တပည့်အဖြစ်ခံယူဖို့ သူ့ကို ကျွန်မ ဆွဲဆောင်ခဲ့လို့ အဲ့တာကြောင့် သူ ကျွန်မတို့နဲ့အတူ မြို့တော်ကို လိုက်လာခဲ့တယ်” လို့ ကုနင်း က ပြောသည်။
"အခြားနေရာတွေထက် ခွန်းလွန်တောင်မှာ မှော်အစွမ်းတွေ ပိုရှိတယ်၊ ဒါပေမယ့် ခွန်းလွန်ဂိုဏ်းရဲ့နေရာကို အရင်က တစ်ခါမှ မရောက်ဖူးဘူး" ဟာ ကျင်းယွင်ယောင် က ပြောသည်။" ရှန်းကွမ်းယန် အသက်ရှင်နေသေးတာကို သိလိုက်ရလို့ တကယ်ကို အံ့သြမိတယ်။"